← Chapters

ပြင်းထန်သော တိုက်ပွဲ (၃)

Vol. 5 Ch. 48

ပြင်းထန်သော တိုက်ပွဲ (၃)

Vol. 5 Ch. 48

“မင်းတို့ကို ငါသတ်မယ်၊၊ နေမထွက်ခင် မင်းတို့အားလုံး သေရမယ်”

ကျန်းက အော်ဟစ်လိုက်သည်၊၊ သူ၏ အသံမှာ အက်ရှနက်ရှိုင်းကာ တုန်ရီနေသည့် အသံများ ရောပြွမ်းနေပြီး လူ၏ကျောရိုးထဲအထိ စိမ့်တက်သွားစေနိုင်သော အေးစက်လှသည့် ကြီးမားသည့် အငြိုးအတေးများ ပါဝင်နေသည်၊၊

ထူထပ်သော မီးခိုးငွေ့များထဲမှ ဝမ်ရှန်းပင် စိတ်မသက်မသာဖြစ်စေသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသောကြောင့် သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူသည် ဓားဖြင့် ရှေ့သို့ တိုးဝင်တိုက်ခိုက်ချင်သော်လည်း သူ၏ ဝိညာဉ်အာရုံက ထိုမီးခိုးငွေ့များထဲတွင် ထူးဆန်းသောအရာ တစ်ခုခု ရှိနေသည်ကို သိရှိနေသည်၊၊

“စီနီယာအစ်ကိုကျိုး၊၊ အလှူရှင်လီကို အပြင်ခေါ်သွားလိုက်ပါ၊၊ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် လီမိသားစုကို ဒီနေရာနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေခိုင်းလိုက်ပါ”

ဝမ်ရှန်းက ညွှန်ကြားလိုက်သည်၊၊

တံခါးဝသို့ ရောက်ခါစ ကျိုးရင်လောင်သည် ချက်ချင်းပင် ခေါင်းငြိမ့်သဘောတူလိုက်သည်၊၊ သူသည် တံခါးကို ကန်ဖွင့်ကာ လီရှီရှန်းကို ကျောပိုးပြီး အပြင်သို့ အပြေးထွက်သွားတော့သည်၊၊

ဝမ်ရှန်းသည် သူ၏ဓားကို ဝှေ့ယမ်းကာ လုံခြုံရေးဝန်ထမ်းလူငယ်ထံသို့ ဓားစွမ်းအင်လှိုင်းသုံးခု ပစ်လွှတ်လိုက်သော်လည်း ထူထပ်သော မီးခိုးငွေ့များက ၎င်းတို့ကို လုံးဝ ကာကွယ်လိုက်၏၊၊

ထိုမီးခိုးငွေ့များက ဘာဖြင့် ပြုလုပ်ထားသည်ကို သူ အတိအကျ မသိသော်လည်း ၎င်းမှာ အဆိပ်အတောက်ဖြစ်စေသည်မှာ သိသာလှသည်၊၊ မီးခိုးငွေ့များ ပြန့်နှံ့သွားသည့် နေရာတိုင်းတွင် သစ်သားကြမ်းပြင်များမှာ လျင်မြန်စွာ ပျက်စီးသွားခဲ့သည်၊၊

ထောင့်စွန်းရှိ အစိမ်းရောင် အလင်းတန်းများမှာ မီးခိုးငွေ့များထဲသို့ စုပ်ယူခြင်း ခံနေရစဉ် အရပ်မျက်နှာ အနှံ့မှ လေများ တိုက်ခတ်လာပြီး သန်းခေါင်ယံအချိန်၏ မှောင်မိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ထိုနေရာသို့ စုစည်းလာသလို ဖြစ်နေသည်၊၊

ဝမ်ရှန်းသည် အသက်ကို ညင်သာစွာရှူလိုက်သည်၊၊ သူ၏ ရန်သူသည် အတော်လေး အစွမ်းထက်ကြောင်း သူ သဘောပေါက်သွားပြီ ဖြစ်သည်၊၊ သူ အခွင့်အရေး ရတုန်းက ထိုမိစ္ဆာကျင့်ကြံသူကို မသတ်ခဲ့မိခြင်းက သူ နောင်တမရပေ၊၊ ထိုစဉ်က ကျိုးရင်လောင်မှာ အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်၊၊ သူသည် အသက်ကို ကယ်ဆယ်ခြင်းထက် သတ်ဖြတ်ခြင်းကို ဦးစားပေးမည့် သွေးဆာနေသူ တစ်ယောက်မဟုတ်ပေ၊၊

ထို့အပြင် ပြိုင်ဘက်ကို အစွမ်းမဲ့သွားအောင် လုပ်လိုက်လျှင် လုံလောက်ပြီဟု သူ ထင်ခဲ့သော်လည်း ထိုလူက ယခုကဲ့သို့ ရက်စက်ပြီး ရူးသွပ်သောနည်းလမ်းကို သုံးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ၊၊

သူ့ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းမှာ ကြောက်စရာကောင်းလှသော်လည်း သေချာခွဲခြမ်းစိတ်ဖြာကြည့်လျှင် အတော်ပင် ရိုးရှင်းသည်၊၊

ထိုလူသည် မိမိကိုယ်ကိုယ် အငြိုးကြီးဝိညဉ်ထံ ယဇ်ပူဇော်နေခြင်း ဖြစ်သည်၊၊ ထိုဝိညာဉ်ကို သူ၏ ဝိညာဉ်အာရုံနှင့် အသက်စွမ်းအားများကို ဝါးမြိုခွင့်ပြုလိုက်သည်၊၊ အပြန်အလှန်အားဖြင့် ထိုဝိညာဉ်က သူ၏ ကျင့်ကြံခြင်း၊ သက်တမ်းတစ်ဝက်ခန့်ကို ရင်းပြီး လျင်မြန်စွာ အစွမ်းထက်လာမည် ဖြစ်သည်၊၊

မည်မျှအထိ နက်ရှိုင်းသော အမုန်းတရားက ထိုသူ့ကို ယခုကဲ့သို့ ပြင်းထန်သည့် လုပ်ရပ်မျိုး လုပ်စေခဲ့သနည်း၊၊

ဝမ်ရှန်းသည် အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်၊၊

ထူထပ်သော မီးခိုးငွေ့များမှာ အတွင်းဘက်သို့ ကျုံ့ဝင်သွားပြီး စိတ်မသက်မသာ ဖြစ်စေသော ဝိညာဉ်စွမ်းအားလှိုင်းနှုန်းများကို အရပ်မျက်နှာ အနှံ့သို့ ပေးပို့နေသည်၊၊ ၎င်း၏ ပြင်းအားကို ကြည့်ခြင်းအားဖြင့် အတွင်းတွင် ဖြစ်ပေါ်လာသော အငြိုးကြီးဝိညဉ်သည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ကျော်လွန်သွားပြီသည်မှာ သေချာသည်၊၊ အနည်းဆုံးတော့ ၎င်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းကျင့်ကြံသူတစ်ယောက်ကဲ့သို့ အစွမ်းထက်နေ၏၊၊

“ဂျူနီယာညီလေးဝမ်၊ အခုလောလောဆယ် နောက်ဆုတ်လိုက်ဦး”

အပြင်ဘက်မှ ကျိုးရင်လောင်က အော်ပြောလိုက်သည်၊၊

ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ရှန်းသည် ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်သည်၊၊

မြစိမ်းရောင် မီးခိုးငွေ့များထဲမှ အေးစက်ကာ ခြိမ်းခြောက်နေသည့် မျက်လုံးတစ်စုံက ဝမ်ရှန်းကို ဝါးမြိုတော့မည့်အလား စိုက်ကြည့်နေသည်၊၊

“စစ်မှန်သော ကြယ်ငါးစင်းအလင်းက အမှောင်ထုကို ထွန်းလင်းစေသတည်း”

ဝမ်ရှန်းက ရွတ်ဆိုလိုက်သည်၊၊

ဤတစ်ကြိမ်တွင် သူသည် သူ၏ ဝိညာဉ်အာရုံကို ပိုမိုတိကျစွာ ထိန်းချုပ်လိုက်သည်၊၊ အပ်ကဲ့သို့ စူးရှသော စွမ်းအားမျှင်များက ဝိညာဉ်ထံသို့ ထိုးဖောက်သွားသည်၊၊ အငြိုးကြီးဝိညဉ်က တီးတိုးဟိန်းဟောက်လိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်၊၊ ၎င်းသည် ထူထပ်သော မီးခိုးငွေ့များ ကြားထဲမှ တဖြည်းဖြည်း မြင်သာလာသည်၊၊

ထိုအငြိုးကြီးဝိညာဉ်က တကယ်ကို ကြောက်စရာကောင်းသည်၊၊

ရန်လိုသောဝိညာဉ်ဆိုးနှင့် အငြိုးကြီးသော ဝိညဉ်များမှာ ကွာခြားမှု ရှိသည်၊၊ အငြိုးကြီးသော ဝိညဉ်များသည် သေဆုံးချိန်တွင် ပေါက်ကွဲထွက်လာသော ကြီးမားသည့် အမုန်းတရားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်၊၊ ရန်လိုသောဝိညာဉ်ဆိုးများမှာမူ ကျင့်ကြံသူများက လေလွင့်ဝိညာဉ်များကို အချင်းချင်း ဝါးမြိုခိုင်းပြီး သန့်စင်ဖန်တီးထားခြင်း ဖြစ်သည်၊၊

ထိုသို့သော အတတ်ပညာကို ကျင့်ကြံသူ ကိုးဆယ်ကိုးရာခိုင်နှုန်းမှာ မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်၊၊ သူတို့သည် အခြားသူများကို ထိခိုက်အောင်လုပ်ရန်အတွက်သာ ထိုအရာများကို သန့်စင်ဖန်တီးကြခြင်း ဖြစ်သည်၊၊

ကောင်းကင်နှင့် မြေကြီး၏ ကမ္ဘာဦးချီများ ပြန်လည်ရောက်ရှိလာသည်မှာ နှစ်နှစ်၊ သုံးနှစ်ခန့်သာ ရှိသေးသည်၊၊ ထို့ကြောင့် ကျင့်ကြံသူအများစုမှာ နက်ရှိုင်းသော ကျင့်ကြံခြင်းအဆင့်များသို့ မရောက်ရှိကြသေးပေ၊၊ သို့သော် မိစ္ဆာကျင့်ကြံသူများသည် ယုတ်ညံ့သောပစ္စည်းများနှင့် အမှောင်အတတ်ပညာများကို အသုံးပြုကာ ကြီးမားသော စွမ်းအားများကို လျင်မြန်စွာ ရရှိနိုင်ကြ၏၊၊

ဝမ်ရှန်းသည် စောစောက လုံခြုံရေးဝန်ထမ်းနှင့် တိုက်ခိုက်စဉ်က ထိုလူမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သာသာမျှသာ ရှိသေးသည်ကို သိနိုင်သည်၊၊ သို့သော်လည်း ထိုလူ ခေါ်ယူခဲ့သော အကြေးခွံစိမ်း အငြိုးကြီးဝိညဉ်သည် ကျိုးရင်လောင်ကိုပင် အခက်တွေ့စေခဲ့သည်၊၊

ယခု မီးခိုးငွေ့များထဲတွင် ဖြစ်ပေါ်လာသော အငြိုးကြီးဝိညဉ်သည်လည်း အားနည်းသူ မဟုတ်သည်မှာ ထင်ရှားလှသည်၊၊

ဝမ်ရှန်း တံခါးဝသို့ ရောက်သည့် အချိန်တွင် မီးခိုးငွေ့ အများစုမှာ စုပ်ယူခြင်း ခံလိုက်ရပြီး ပုံစံအပြည့်အစုံ ပေါ်လာပြီ ဖြစ်သည်၊၊ သုံးမီတာကျော် မြင့်မားသော အကြေးခွံနီ ဝိညဉ်ဆိုးကြီးသည် အခန်းထဲတွင် ပျံဝဲနေပြီး ဝမ်ရှန်းကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည်၊၊

၎င်း၏ ခေါင်းပေါ်တွင် ကုလားအုတ်ကဲ့သို့ အဖုအထစ်များ ထွက်နေပြီး ဦးခေါင်းခွံ ပုံရိပ်ယောင်များက ၎င်း၏ ဘေးပတ်လည်တွင် ပျံဝဲနေသည်၊၊ ၎င်း၏ အရေပြားမှာ နီရဲသော အကြေးခွံလေးများဖြင့် ဖုံးလွှမ်းနေပြီး ထွားကြိုင်းသော လက်မောင်းများတွင် နောက်ပြန်လှည့်နေသော ချွန်ထက်သည့် ဆူးချွန်များ ထွက်နေသည်၊၊ ၎င်းသည် သဘာဝချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသကဲ့သို့ ရှိနေသည်၊၊

ထိုအငြိုးကြီးဝိညာဉ်၊၊ ဤသို့ဖြစ်လာရန် လေလွင့်ဝိညာဉ်ဘယ်လောက်များ ပူဇော်ခဲ့ရလဲ…၊၊

ဝမ်ရှန်း၏ စိတ်မှာ တည်ငြိမ်နေဆဲဖြစ်သည်။ အထူးတလည် ဒေါသထွက်မနေဘဲ နောက်ထပ် လှုပ်ရှားရမည့် အစီအစဉ်ကိုသာ ဆုံးဖြတ်နေသည်၊၊

ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူသည် တံခါးဘောင်မှ အင်းစာရွက် အချို့ကို ဆွဲယူကာ သူ့ကိုယ်ပေါ်တွင် ကပ်လိုက်သည်၊၊

အပြင်ဘက်တွင် လီမိသားစု၏ ထိတ်လန့်တကြား အသံများကို သူ ကြားနေရသည်၊၊ အချက်ပေးသံကြောင့် နိုးလာကြသော သူတို့သည် ယခုအခါ ထပ်ခိုးဆီသို့ ပြေးလာနေကြသည်၊၊

ဝမ်ရှန်းသည် ခေါင်းမလှည့်ကြည့်ဘဲ “နောက်ဆုတ်ကြ၊ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြ”

ထိုအချိန်တွင် ထပ်ခိုးထဲရှိ အငြိုးကြီးဝိညဉ်သည် နောက်ဆုံး မီးခိုးငွေ့များကို စုပ်ယူပြီးသွားပြီ ဖြစ်သည်၊၊ ၎င်းသည် နားကွဲမတတ် ဟိန်းဟောက်လိုက်သည်၊၊ ကောင်းကင်တွင် တိမ်မည်းများ လိပ်တက်လာပြီး ကြယ်များနှင့် လမင်းကို ဖုံးလွှမ်းသွားတော့၏၊၊

လီအိမ်တော်တစ်ခုလုံးတွင် မီးများ လင်းထိန်လာပြီး ထပ်ခိုးကို ရှင်းလင်းစွာ မြင်နေရသည်၊၊ အငြိုးကြီးဝိညဉ်က နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ ပြေးလာသော လီမိသားစုဝင်များ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် အိမ်မက်ဆိုးတစ်ခုအဖြစ် စွဲထင်သွားတော့၏၊၊

ဝမ်ရှန်းသည် သူ၏ ဘယ်ဘက်လက်ကို နောက်ကျောတွင် ထားလိုက်သည်၊၊ ညာဘက်လက်ဖြင့် သူ၏ ဓားရှည်ကို မြဲမြဲကိုင်ကာ ဝိညာဉ်ဆိုးထံ တည့်တည့်ချိန်လိုက်ပြီး ဓားဦးကို အနည်းငယ် နှိမ့်ထားလိုက်သည်၊၊

သူသည် ခြေဖျားဖြင့် အသာအယာ ထိလိုက်ရုံဖြင့် လေထဲတွင် လွင့်မျောလာသော မိုးမခရွက်ကဲ့သို့ နောက်သို့ လွင့်ဆုတ်သွားသည်၊၊

ထို့နောက် အပေါ်ထပ်မှ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်၊၊ အငြိုးကြီးဝိညဉ်သည် အနီရောင်သစ်သားတံခါးကို ဖောက်ထွက်ကာ ခြံဝင်းထဲရောက်လာသည်၊၊

အပြင်ဘက်ရှိ ပြင်းထန်သော အလင်းရောင်က ထိုသတ္တဝါကို ရှင်းလင်းစွာ မြင်စေသည်၊၊ ၎င်း၏ ရွံရှာဖွယ်ကောင်းသော အစွယ်များ၊ ချွန်ထက်ပြီး ရက်စက်သော ဆူးချွန်များမှာ မြင်ရုံနှင့်တင် လီမိသားစုဝင်များကို ထိတ်လန့်တကြား လဲကျသွားစေသည်၊၊

“စီနီယာအစ်ကိုကျိုး၊ သူတို့ကို ဒီကနေ ခေါ်သွားပါ”

ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်၊၊ သူသည် ရှေ့သို့ တိုးဝင်ကာ ဓားပုံရိပ်ယောင်များကို အစီအရင်အတိုင်း ဖြန့်ကျက်လိုက်သည်၊၊

သူသည် အကြေးခွံနီ အငြိုးကြီးဝိညဉ်ကိုပြင်းထန်စွာ ခုတ်ပိုင်းလိုက်သော်လည်း ၎င်းသည် အကြေးခွံစိမ်း အငြိုးကြီးဝိညဉ်ထက် များစွာ ပိုမိုအစွမ်းထက်နေသည်၊၊ အနက်ရှိုင်းဆုံးနားစွင့်သူဓားသည် အပေါ်ယံ အစင်းရာလေးများသာ ပေးနိုင်ပြီး သူ၏ ဓားစွမ်းအင်မှာလည်း ထူထပ်သော အကြေးခွံများကို မဖောက်နိုင်သလောက်ပင် ဖြစ်နေသည်၊၊

အငြိုးကြီးဝိညဉ်၏ အတွင်းတွင် မိစ္ဆာကျင့်ကြံသူရှိနေပြီး သူ သန့်စင်ထားသော ဤသတ္တဝါမှာ မရေမတွက်နိုင်သော လေလွင့်ဝိညာဉ်များ၏ စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရာ ကိုင်တွယ်ရမလွယ်ကူလှပေ၊၊

ဝမ်ရှန်းသည် ထိပ်တိုက် မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်၊၊ ခုနှစ်စင်ကြယ်၏ တည်နေရာများအတိုင်း သူသည် လေထဲရှိ သစ်ရွက်ကဲ့သို့ ခန့်မှန်းရခက်စွာ လှုပ်ရှားရင်း ဝိညာဉ်ဆိုး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသည်၊၊

ဤကဲ့သို့သော မိစ္ဆာအတတ်ပညာမှာ ကြာရှည်ခံနိုင်မည် မဟုတ်ပေ၊၊

သူ၏ စီနီယာအစ်မ၏ တာအိုစည်းချက်များရှိရာတွင် မကြာခဏနေထိုင်ခဲ့ဖူးသဖြင့် လောကရှိ အရာအားလုံးသည် မျှခြေရှိရမည်ဟူသော သဘောတရားကို ဝမ်ရှန်း နားလည်ထား၏၊၊ အကယ်၍ ဤမိစ္ဆာအတတ်ပညာသာ သဘာဝတရားကို အမှန်တကယ် ဆန့်ကျင်နိုင်ပါက မိစ္ဆာကျင့်ကြံသူများ၏ တာအိုအမွေအနှစ်များသည် ကျင့်ကြံခြင်းလောက၌ စောစီးစွာပင် ဗြောင်းဆန်နေလောက်ပြီဖြစ်သည်၊၊

အငြိုးကြီးဝိညဉ်သည် ဝမ်ရှန်းနောက်သို့ မရပ်မနား လိုက်လံတိုက်ခိုက်နေ၏၊၊ သို့သော် ဝမ်ရှန်း၏ ခြေလှမ်းများမှာ ပြောင်မြောက်လှသည်၊၊ တိုက်ခိုက်မှုတိုင်းမှာ သူ့ကို အန္တရာယ်ဖြစ်စေတော့မည့်ပုံ ပေါ်သော်လည်း သူသည် အမြဲတမ်း ဒဏ်ရာမရဘဲ ရှောင်တိမ်းနိုင်သည်၊၊ တစ်ဖက်တွင်လည်း သူသည် အားနည်းချက်ကို ရှာဖွေရန် ဓားကို အမြဲ ဝှေ့ယမ်းနေသည်၊၊

ထပ်ခိုးရှေ့ရှိ ကွင်းပြင်ကျဉ်းလေးတွင် ဓားသမားတစ်ယောက်နှင့် အငြိုးကြီးဝိညဉ်တို့သည် သေရေးရှင်ရေးတိုက်ပွဲကို ဆင်နွှဲနေလေသည်၊၊

All Chapters