ရဲများနှင့် ထိပ်တိုက်တွေ့ခြင်း (၁)
Vol. 5 Ch. 49
ဝမ်ရှန်းအနေဖြင့် ဤကဲ့သို့သော လှုပ်ရှားရန် အခွင့်အရေးမျိုးမှာ ရှားပါးလှသည်၊၊
ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို အစွမ်းကုန် အသုံးချလိုက်ရာ မကြာမီမှာပင် အငြိုးကြီးဝိညဉ်၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်သည့် နက်ရှိုင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်၊၊
သူ၏ ဓားချက်များမှာ ပိုမိုချောမွေ့လာပြီး ခြေလှမ်းများမှာလည်း ပို၍ ခန့်မှန်းရခက်လာသည်၊၊
၎င်းသည် ဓားပညာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်၏၊၊
ကျိုးရင်လောင်သည် လီမိသားစုကို ခေါ်ထုတ်သွားပြီ ဖြစ်သည်၊၊ သူတို့သည် ရဲကို ဖုန်းဆက်ခြင်း၊ အော်ဟစ်ခြင်းများဖြင့် အိမ်တော်အတွင်း ပို၍ ရှုပ်ထွေးစေလေသည်၊၊
ထိုအချိန်တွင် လီရှီရှန်းမှာမူ တိုက်ပွဲကို ကြည့်ရန် အနီးအနားတွင် ရပ်နေဆဲ ဖြစ်သည်၊၊ သူသည် အငြိုးကြီးဝိညဉ်၏ ကြောက်မက်ဖွယ် ပုံသဏ္ဌာန်အောက်တွင် သူကိုယ်တိုင် ငှားရမ်းခဲ့သော လုံခြုံရေးဝန်ထမ်းလူငယ်ကို မြင်တွေ့နိုင်ရန် ကြိုးစားနေပုံရသည်၊၊
အငြိုးကြီးဝိညဉ်သည် ဒေါသတကြီး ဟိန်းဟောက်နေသည်၊၊ ၎င်း၏ လက်သီးချက် တစ်ချက်မှာ အလှပြကျောက်တုံးများကို ဖုန်မှုန့်ဖြစ်အောင် ချေဖျက်နိုင်ပြီး အလှစိုက်ပင်များမှာလည်း ၎င်း၏ ခန္ဓာကိုယ်ကြီးအတွက် အတားအဆီးမဖြစ်ပေ၊၊ မိနစ်ဝက်မပြည့်မီမှာပင် အချိန်ယူပြင်ဆင်ထားသော ရင်ပြင်တစ်ခုလုံးမှာ အမှိုက်ပုံကဲ့သို့ ဖြစ်သွားပြီး မြေပြင်တွင် ကျင်းများ ပျံ့နှံ့သွားတော့သည်၊၊
သို့သော်လည်း ထိုသတ္တဝါကြီးမှာ မည်မျှပင် ဖျက်ဆီးပါစေ ဝမ်ရှန်း၏ အဝတ်အစားကိုပင် မထိနိုင်ဘဲ အစစ်အမှန် အန္တရာယ်လည်း မပေးနိုင်သေးပေ၊၊
ကျိုးရင်လောင်သည် ဝင်ရောက်ကူညီရန် စဉ်းစားခဲ့သော်လည်း သူသည် ဝမ်ရှန်းအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်ကို သိနေသည်၊၊ ဘေးကနေ ကြည့်နေသူအနေနှင့်ပင် ဓားအစီအရင်ထဲရှိ ဝမ်ရှန်း၏ လှုပ်ရှားမှုများကို သူ လိုက်မကြည့်နိုင်တော့ပေ၊၊
ကျိုးရင်လောင်၏ စိတ်ထဲတွင် ခါးသီးသော ခံစားချက်တစ်ခု ပေါ်လာသည်၊၊ စောစောက အားနည်းသော အကြေးခွံစိမ်း အငြိုးကြီးဝိညဉ်က သူ့ကို ဒဏ်ရာရစေခဲ့သည်၊၊ သို့သော် ဝမ်ရှန်းကတော့ ဤမျှ အစွမ်းထက်သော အငြိုးကြီးဝိညဉ်ကို ရင်ဆိုင်နေနိုင်သည်၊၊ သူတို့နှစ်ဦးစလုံးမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသော်လည်း ဘာလို့ ဒီလောက်တောင် စွမ်းအားကွာခြားနေရတာလဲ…၊၊
သူ၏ အတွေးများကို ဖယ်ထုတ်ကာ လှမ်းမေးလိုက်သည်၊၊
“ဂျူနီယာညီလေးဝမ်၊ ငါ ဘာကူညီပေးရမလဲ”
တိုက်ပွဲအလယ်တွင် ဝမ်ရှန်းက ခေတ္တစဉ်းစားပြီးနောက် အော်ပြောလိုက်သည်၊၊
“ဆရာဦးလေးထားခဲ့တဲ့ အဆောင်စာရွက်တွေ”
“ရပြီ” ကျိုးရင်လောင်က ချက်ချင်း လှည့်ပြောလိုက်သည်၊၊
“အလှူရှင်လီ၊ ကျေးဇူးပြုပြီး ဆရာဦးလေးထားခဲ့တဲ့ အဆောင်စာရွက်တွေကို ယူပေးပါ”
လီရှီရှန်းမှာ အတော်ပင် တည်ငြိမ်မှု ရှိသည်၊၊ သူက နောက်လှည့်ပြီး “ဘာရပ်ကြည့်နေကြတာလဲ၊ အိမ်ပတ်ပတ်လည်မှာ ကပ်ထားတဲ့ အဆောင်စာရွက်တွေ အကုန်ခွာပြီး ယူခဲ့ကြ၊၊ ရဲနဲ့ လူနာတင်ကားကိုလည်း ခေါ်ခိုင်းလိုက်”
ရဲ ခေါ်မလို့လား၊၊ ကျိုးရင်လောင် ခေတ္တ တွေဝေသွားသော်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို ချက်ချင်း ဖယ်ရှားလိုက်သည်၊၊ အခြေအနေက အသည်းအသန်ဖြစ်နေသဖြင့် ငြင်းခုံနေရန် အချိန်မရှိပေ၊၊ ထို့ကြောင့် သူသည် မီတာနှစ်ဆယ်အကွာရှိ တိုက်ပွဲကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်၊၊
ယခုအခါ ဝမ်ရှန်းသည် အာရုံကို ခွဲခြားထားနိုင်ပြီ ဖြစ်သည်၊၊ အငြိုးကြီးဝိညဉ်၏ တိုက်ခိုက်မှုများကို သေချာခွဲခြမ်းစိတ်ဖြာပြီးနောက် ရှောင်တိမ်းရန် မခက်ခဲတော့ပေ၊၊ ထို့ကြောင့် ထိုသတ္တဝါကို မည်သို့ အမြန်ဆုံး အဆုံးသတ်ရမည်ကို သူ စဉ်းစားနေ၏၊၊
သူသည် တစ္ဆေနှင်ဂါထာများကို သုံးပြီး ၎င်း၏ ဝိညာဉ်စွမ်းအင်ကို လျှော့ချရန်၊ ဓားအစီအရင်ဖြင့် ၎င်း၏ လှုပ်ရှားမှုကို ပိတ်ဆို့ရန်နှင့် ထို့နောက်တွင် အကြီးအကဲများပြုလုပ်ထားသော တစ္ဆေနှင်အဆောင်စာရွက်များကို သုံးရန် စီစဉ်လိုက်သည်၊၊
ဝမ်ရှန်းသည် ဘေးဘက်မှ လေချွန်သံတစ်ခုကို ကြားလိုက်ရသဖြင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်၊၊ အဆောင်စာရွက်များဖြင့် ပတ်ထားသော ကျောက်ခဲလေးအချို့ သူ့ထံသို့ လွင့်လာသည်ကို သူ မြင်လိုက်ရသည်၊၊
သူသည် ချက်ချင်း လှည့်ကာ သူ၏ ဓားရှည်ကို မြှောက်ပြီး အငြိုးကြီးဝိညဉ်၏ လက်သည်းများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်လိုက်သည်၊၊
ကျယ်လောင်သော ထိခိုက်သံတစ်ခု ထွက်ပေါ်လာသည်၊၊ ဝမ်ရှန်းသည် မြေပြင်ပေါ်တွင် လျှောတိုက်ပါသွားသော်လည်း အဆောင်စာရွက်ပတ်ထားသော ကျောက်ခဲအချို့မှာ ဝိညာဉ်ဆိုး၏ ခေါင်းနှင့် ကျောကုန်းကို ထိမှန်သွားသဖြင့် ၎င်း၏ တိုက်ခိုက်မှုကို ခေတ္တရပ်တန့်သွားစေသည်၊၊
အခွင့်အရေးကို အရယူကာ ကျိုးရင်လောင်သည် အင်းစာရွက်ထဲတွင် ထည့်သွင်းထားသော ဝိညာဉ်အာရုံကို ချက်ချင်း အသက်သွင်းလိုက်သည်၊၊ အဆောင်သုံးရွက်သည် ပွင့်ထွက်သွားပြီး အငြိုးကြီးဝိညဉ်၏ ကျောကုန်းတွင် မြဲမြံစွာ ကပ်သွားတော့သည်၊၊
အငြိုးကြီးဝိညဉ်လည်း ရပ်တန့်သွားပြီး တုန်ရီနေစဉ် တရှူးရှူးမြည်သံများ ပဲ့တင်ထပ်နေသည်၊၊ ၎င်းသည် ဟိန်းဟောက်ရင်း ချွန်ထက်သော လက်သည်းများကို မြှောက်လိုက်သည်၊၊
အဆောင်များက အလုပ်ဖြစ်ခဲ့သည်၊၊ ၎င်းတို့သည် အကြေးခွံနီ အငြိုးကြီးဝိညဉ်ကို လောင်ကျွမ်းစေခဲ့သည်၊၊ သို့သော်လည်း ဝိညာဉ်စွမ်းအားကြောင့် အဆောင်များသည် မကြာမီ အရည်ပျော်သွားပြီး ပြာပုံသုံးခုအဖြစ် ပျက်စီးလွင့်စင်သွားတော့သည်၊၊
“အလုပ်ဖြစ်တယ်”
ကျိုးရင်လောင်သည် ခေတ္တမျှ စိတ်တက်ကြွသွားသော်လည်း သူ၏ အပြုံးမှာ မကြာမီ ပျောက်ကွယ်သွားသည်၊၊
အငြိုးကြီးဝိညဉ်က ခေါင်းလှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်၊၊ ထို့နောက် ငါးမီတာ၊ ခြောက်မီတာခန့် အကွာအဝေးမှ ဒေါသတကြီး ခုန်အုပ်လိုက်သည်၊၊ ကျိုးရင်လောင်သည် သူ၏ ဓားကို ဆုပ်ကိုင်ကာ အသက်ကို ခပ်ပြင်းပြင်းရှူရင်း လျင်မြန်စွာ နောက်ဆုတ်လိုက်သည်၊၊
ကျိုးရင်လောင် နောက်ဆုတ်သွားသည်နှင့် လီမိသားစုဝင်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်၊၊ နှစ်ဦး၊ သုံးဦးခန့်မှာ ကြောက်လန့်လွန်းသဖြင့် လဲကျလုနီးပါး ဖြစ်သွားသည်၊၊ အဝေးမှ ကြည့်နေသူများမှာမူ လှည့်၍ အဓိကတံခါးကြီးဆီသို့ တစ်ချိုးတည်းထွက်ပြေးကြလေ၏၊၊
ရှုပ်ထွေးမှုများကြားတွင် ထပ်ခိုးရှေ့၌ ဓားအလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာသည်၊၊ ဝမ်ရှန်းက မကောင်းဆိုးဝါး တစ္ဆေနှင်ဂါထာကို လျင်မြန်စွာ ရွတ်ဆိုလိုက်စဉ် ဓားချက်အချို့က ဝိညာဉ်ဆိုး၏ လက်မောင်းနှင့် ကျောကုန်းကို ထိမှန်သွားသည်၊၊
ယခုအခါ ဝမ်ရှန်းကို ပြန်၍အာရုံစိုက်သွားသည့် အငြိုးကြီဂဝိညဉ်ကသူ့ထံသို့ ခုန်အုပ်လိုက်သည်၊၊ တုံ့ပြန်မှုအနေဖြင့် ဝမ်ရှန်းသည် သူ၏ ခုနှစ်စင်ကြယ်ခြေလှမ်း ကို အသုံးပြုကာ ဂါထာမန္တန်များကို ရွတ်ဆိုရင်း အငြိုးကြီးဝိညဉ်၏ဘေးပတ်လည်တွင် ကပြနေသကဲ့သို့ လှုပ်ရှားနေသည်၊၊
ကျိုးရင်လောင်သည် တိုက်ပွဲတွင် ပါဝင်ရန် အလွန်ပင် အားနည်းနေသည်မှာ သိသာလှသည်၊၊ သို့သော်လည်း သူသည် ဒီအတိုင်း ရပ်ကြည့်မနေချင်ပေ၊၊ ထို့ကြောင့် သူသည် ပိုမိုရိုးရှင်းသော နည်းလမ်းများဖြင့် ကူညီရန် ကြိုးစားလိုက်၏၊၊
“သတိထားဦး ဂျူနီယာညီလေးဝမ်၊၊ ငါ အဆောင်တွေနဲ့ ထပ်ပစ်ပေးမယ်”
သူသည် လုံဟူရှန်းတောင်မှ ရှီချန်ကျန်း သို့မဟုတ် မော်ရှန်းတောင်မှ လျှိုယွမ်ကျိတို့ကို မတွေးမိဘဲ မနေနိုင်ပေ၊၊ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ ဝမ်ရှန်းနှင့်အတူ ရှိနေပါက ဤအငြိုးကြီးဝိညဉ်ကို အောင်မြင်စွာ နှိမ်နင်းပြီးလောက်ပြီ ဖြစ်သည်၊၊
မိမိကိုယ်ကိုယ် အသုံးမကျသလို ခံစားရသဖြင့် ကျိုးရင်လောင်သည် သက်ပြင်းအသာချလိုက်မိ၏၊၊ သို့သော်လည်း သူသည် စိတ်ကို ချက်ချင်း ပြန်လည်စုစည်းလိုက်သည်၊၊ ယခုအချိန်သည် မိမိကိုယ်ကိုယ် အားငယ်နေရမည့် အချိန်မဟုတ်ပေ၊၊
ဝမ်ရှန်းသည် အကြေးခွံနီ ဝိညာဉ်ဆိုးကို ကျိုးရင်လောင် ပစ်မှတ်ထားရန် လွယ်ကူစေရန် ဝိုင်းပတ်၍ မျှားခေါ်သွားသည်၊၊ ကျိုးရင်လောင်က မကြာမီမှာပင် အင်းစာရွက်ပတ်ထားသော ကျောက်ခဲနှစ်လုံးဖြင့် အငြိုးကြီးဝိညဉ်၏ ကျောကုန်းကို ထိမှန်အောင် ပစ်နိုင်ခဲ့ရာ တရှူးရှူးမြည်ကာ တုန်ရီသွားစေသည်၊၊
၎င်း ခေတ္တအားနည်းသွားသည့် အခွင့်အရေးကို အရယူကာ ဝမ်ရှန်းသည် ပြင်းထန်သော တိုက်စစ်ကို ဆင်နွှဲလိုက်သည်၊၊ သူသည် အငြိုးကြီးဝိညဉ်ကို ဓားပုံရိပ်ယောင် ၂၁ ခုဖြင့် ဝိုင်းရံထားရင်း ၎င်း၏ ဘေးပတ်လည်တွင် လှုပ်ရှားလိုက်သည်၊၊ ထို့နောက် ဓားပုံရိပ်ယောင်များက အငြိုးကြီးဝိညဉ်ထံ တိုးဝင်သွားရာ သွေးကဲ့သို့သော မြူခိုးများ ပန်းထွက်လာစေသည်၊၊
ဤသတ္တဝါမှာ တကယ်ပင် ခံနိုင်ရည်စွမ်းမြင့်လှသည်၊၊
ဝမ်ရှန်းသည် တိုက်စစ်ကို ဆက်လက်ထိန်းသိမ်းထားရင်း အသက်ကို ခပ်သွက်သွက် ရှူလိုက်ပြီး သူ၏ အစစ်မှန်ချီသုံးစွဲမှုကို ထိန်းညှိထားသည်၊၊ ဤမိစ္ဆာကောင်ကို ရိုးရိုးနည်းလမ်းဖြင့် သတ်ရန် မဖြစ်နိုင်ပုံရသဖြင့် ၎င်း၏ အင်အားကုန်ခမ်းသွားအောင် လုပ်ဆောင်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိပေ၊၊
သူတို့၏ တိုက်ပွဲမှာ လီရှီရှန်း၏ ထပ်ခိုးရှေ့မှသည် အနောက်ဘက်ဆောင်သို့၊ ထိုမှတစ်ဆင့် အဓိကတံခါးကြီးဆီသို့ ရောက်ရှိသွားသည်၊၊ မကြာသေးမီကမှ မော်ရှန်းတောင်တွင် လေ့ကျင့်ရုံသာ တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ အစစ်အမှန် သေရေးရှင်ရေးတိုက်ပွဲကို ဆင်နွှဲနေရခြင်း ဖြစ်သည်၊၊
သို့သော်လည်း ဝမ်ရှန်း နောင်တမရပေ၊၊ အကယ်၍ သူသည် လုံခြုံရေးဝတ်စုံဝတ်ထားသော မိစ္ဆာကျင့်ကြံသူနှင့် လွန်ခဲ့သော နာရီဝက်က ရင်ဆိုင်ခဲ့ရသည့်ကို ပြန်ရောက်သွားလျှင်ပင် ထိုလူကို ချက်ချင်း သတ်မိမည်မဟုတ်ပေ၊၊ ထိုအစား သူသည် ထိုလူကို လှုပ်ရှားမရအောင် လုပ်ပြီး ကျင့်ကြံမှုကို ဖျက်ဆီးပစ်မည့် နည်းလမ်းကိုသာ ရွေးချယ်မိပေလိမ့်မည်၊၊ အဆုံးစွန်ထိ ရွေးချယ်စရာ မရှိတော့မှသာ သူသည် သတ်ဖြတ်ခြင်းကို ပြုလုပ်လိုသည်၊၊
မျက်မှောက်ခေတ် အခြေအနေအရ သူရဲကောင်းဆန်သော လုပ်ရပ်များနှင့် မိစ္ဆာနှိမ်နင်းခြင်းများမှာ ခက်ခဲလှသော်လည်း အခွင့်အရေး ရလာပါက ဝမ်ရှန်းသည် လက်လွတ်ခံမည်မဟုတ်ပေ၊၊ နှစ်ပေါင်းများစွာ သူရဲကောင်းစိတ်ဓာတ်များ သွန်သင်ပေးခဲ့သော သူ၏ ဆရာကို စိတ်ပျက်အောင် သူ မလုပ်နိုင်ပေ၊၊
ဆယ်မိနစ်ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက်တွင် ဝမ်ရှန်းနှင့် အငြိုးကြီးဝိညာဉ်တို့သည် လီအိမ်တော်၏ လှပသော ဥယျာဉ်တစ်ဝက်ခန့်ကို ဖျက်ဆီးမိသွားကြသည်၊၊ သို့သော် အနည်းဆုံးတော့ ဝမ်ရှန်းသည် အငြိုးကြီးဝိညဉ်ကို တန်ဖိုးကြီးလှသော အဓိကအဆောက်အဦးနှင့် ဝေးရာသို့ မျှားခေါ်နိုင်ခဲ့သဖြင့် လီမိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုများကို ရှောင်ရှားပေးနိုင်ခဲ့သည်၊၊ သူတို့သည် စောစောကမှ တစ္ဆေနှင်ခကို ရယူထားကြသည် မဟုတ်ပါလား၊၊ သူတို့၏ ဝန်ဆောင်မှုမှာ အပြစ်ပြောစရာ မရှိစေရပေ၊၊
အငြိုးကြီးဝိညဉ်က ပိုမိုကြမ်းတမ်းလာသည်နှင့်အမျှ ဝမ်ရှန်း၏ ဓားသိုင်းပညာမှာ ပို၍ပင် နတ်ဘုရားဆန်လာသည်၊၊ သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်ကိုပင် ယခုကဲ့သို့ ပြည့်စုံအောင် မလုပ်ဆောင်နိုင်ခဲ့ဖူးပေ၊၊ ဝမ်ရှန်း၏ စိတ်ထဲတွင် နားလည်မှုအသစ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်၊၊
သူသည် အေးချမ်းသော နေရာတစ်ခုတွင် တရားထိုင်ကာ ဓားတာအိုကို နက်နက်ရှိုင်းရှိုင်း လေ့လာချင်သော်လည်း ယခုအချိန်တွင် ခေတ္တမျှ ရပ်တန့်လိုက်ပါက အငြိုးကြီးဝိညဉ်၏ လက်ချက်ဖြင့် အသက်ပျောက်သွားနိုင်သည်၊၊ ထို့အပြင် ၎င်းကို လွှတ်ထားလိုက်ပါက အနီးနားရှိ အရပ်သားများမှာလည်း ထိခိုက်ခံစားရမည်မှာ အမှန်ပင်၊၊
အငြိုးကြီးဝိညဉ်ကို ထိပ်တိုက်ရင်ဆိုင်ရခြင်းက ဝမ်ရှန်းအပေါ် ကြီးမားသော ဖိအားကို ဖြစ်စေသည်၊၊ အမှန်အတိုင်းဆိုလျှင် သူ၏ အစစ်မှန်ချီနှင့် ဝိညာဉ်အာရုံတို့ကိုသာ သုံးပြီး တိုက်ခိုက်ပါက သူသည် ပြိုင်ဘက် မဟုတ်ပေ၊၊ သူသည် သူ၏ ပြောင်မြောက်လှသော ဓားအစီအရင်ကိုသာ အမှီပြုပြီး တိုက်ပွဲကို ဆက်လက်ထိန်းထားနိုင်ခြင်း ဖြစ်သည်၊၊