ပျောက်သွားတဲ့ သားကို အကြောင်းပြုပြီး စလိုက်တဲ့ စီးပွားရေးတစ်ခု
Vol. 30 Ch. 291
ကြည့်ရှုသူများက မေးမြန်းလာခဲ့ကြ၏။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က မြို့ငယ်လေး တစ်ခုမှာ သူ့ရဲ့အိုင်ဒီကို သုံးပြီး ဆင်းကဒ်တစ်ခု အသစ် ဖွင့်ခဲ့တာကို ရဲတွေကနေတစ်ဆင့် သိခဲ့ရိုးမှန်မယ်ဆိုရင် သစ်ထုတ်တဲ့ စက်ရုံကို ဝန်းရံပိတ်စို့ခဲ့တာလည်း သူ့အတွက်ပဲ ဖြစ်ရမယ် … မှန်တယ်မလား ….
“ အဲ့တစ်ခုတော့ မဟုတ်ဘူး … ဒါပေမယ့် နောက်တစ်ခုကတော့ ဟုတ်တယ် …”
ချန်ယွီ့ ခါးသက်စွာ ပြုံးလျက် ဆိုလိုက်ပြီး “ သူ့ကို ရှာဖွေဖို့အတွက် သူ့မိဘတွေက စုဆောင်းထားတဲ့ ငွေတွေအကုန်လုံးကို အသုံးပြုခဲ့ကြတယ် … သူတို့မှာ ကျန်တော့တဲ့ ပိုက်ဆံက အမြန်ရထား လက်မှတ်လေးနှစ်စောင် ဝယ်ဖို့တောင် မကျန်တော့ဘူး ….”
“ ဈေးအပေါဆုံး ဘက်စ်ကားကို စီးပြီး မြို့မှာ သားဖြစ်သူကို သွားရှာဖို့ပဲ တတ်နိုင်ခဲ့တယ် ….”
“ သူ့မိဘတွေ ထွက်လာခဲ့တာနဲ့ တစ်ပြိုင်နက် ဒေသခံ အာဏာပိုင်တွေက ဝရမ်းပြေးတစ်ဦး သစ်ထုတ်လုပ်ရေး စက်ရုံမှာ ထွက်ပေါ်လာတယ်ဆိုပြီး သတင်းရရှိခဲ့တယ် ….”
“ အခုပြောနေတာက တကယ့် ဝရမ်းပြေးအစစ်ကိုနော် ….”
“ သူ့လက်ထဲမှာ အသက်သုံးချောင်း သေကြေခဲ့ပြီးပြီ …” ချန်ယွီ့က သူ့လက်ချောင်းများကို မြှောက်ရင်း ပြောလိုက်သည်။ “ ရဲတွေ လိုက်ဖမ်းတဲ့ လက်ထဲကနေလည်း နှစ်ကြိမ် ထွက်ပြေးဖူးတယ် ….”
“ ပြီးတော့ သူ့ကိုယ်ပေါ်မှာ လက်နက်သယ်ဆောင်ထားနိုင်ချေ ရာခိုင်နှုန်းကလည်း အတော်လေးများတယ် ….”
ကြည့်ရှုသူများမှာ ပြောစရာစကား ကင်းမဲ့သွားခဲ့ကြသည်။
ရဲတပ်ဖွဲ့က သစ်ထုတ်လုပ်ရေးစက်ရုံကို ရဟတ်ယာဉ်တွေပါ ခေါ်ပြီး ဝန်းရံထားခဲ့ကြသည်မှာ မထူးဆန်းတော့ချေ။
သူတို့က တကယ့် ဝရမ်းပြေး အစစ်အမှန်ကို ဖမ်းဖို့ လုပ်နေခဲ့ကြတာ ဖြစ်၏။ အတုအယောင် တစ်ယောက်ကို မဟုတ်ပေ။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ့အင်္ကျီလက်နှင့် မျက်ရည်များကို သုတ်လိုက်၏။ သူ့မျက်နှာထက်တွင်တော့ အပြစ်ရှိစိတ်တို့က ပြည့်နှက်လို့နေသည်။
“ သူတို့က တကယ့် ဝရမ်းပြေး အစစ်ကို ဖမ်းဖို့အတွက် ရောက်လာခဲ့တယ်ဆိုရင်လည်း ဘာကြောင့် ငါ့ကို ထွက်သွားခွင့် ပြုခဲ့သေးလဲ ….”
စိတ်ပိုင်းဆိုင်ရာ ဖိအား မရှိတော့သည်နှင့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ စိတ်သည် စတင်ကြည်လင်လာသည်။
ဤအရာကတစ်ဆင့် အရာတော်တော်များများကို ရှာတွေ့နိုင်သည်။
ရဲတပ်ဖွဲ့က သစ်ထုတ်လုပ်ရေး စက်ရုံကို ဝိုင်းရံထား၏။ ဝရမ်းပြေးကို မတွေ့မီ မည်သူ့ကိုမျှ ထွက်သွားခွင့် မပြုသင့်ပေ။
ထိုစဉ်က သူစိတ်ကူးယဉ်ခဲ့သည်မှာတော့ အကယ်၍ သူ့ကိုယ်သူ ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့မည်ဆိုလျှင် ထွက်ပြေးရန် အခွင့်အရေး ယူနိုင်လိမ့်မည်ဟူ၍ပင်။
ယခု ပြန်စဉ်းစားကြည့်လိုက်တော့မှ ထိုစဉ်အချိန်က သူ အတော်လေးကို ရိုးအခဲ့လေသည်။
“ မင်းကို မမြင်ခင်ကတည်းကနေ ရဲတပ်ဖွဲ့က ဝရမ်းပြေး ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာ သိထားပြီးသား … မင်းက ဝရမ်းပြေးမှ မဟုတ်တာ ….”
“ ပြီးတော့ မင်းက ဒဏ်ရာရထားသေးတယ် … ဒီတော့ မင်းကို ထွက်သွားခွင့်ပြုတာ ပုံမှန်ပဲလေ ….
ပြုံးလျက် ချန်ယွီ့ ထပ်ပြီး ဖြည့်စွက်ပြောလိုက်သေး၏။ “ ရဲအရာရှိတွေ အများကြီးက သစ်ထုတ်လုပ်ရေး စက်ရုံကို ပိတ်စို့ထားပြီး ဝရမ်းပြေး လွတ်သွားမှာကို စိုးရိမ်တဲ့အတွက် ရဟတ်ယာဉ်ပါ ခေါ်ထားသေးတယ်လို့ မင်းပြောခဲ့တယ်နော်…."
“ မင်းကတော့ မင်းကိုယ်မင်း ဒဏ်ရာရအောင် လုပ်လိုက်တာနဲ့ ထွက်ပြေးလို့ရပြီဆိုပြီး ကိုယ့်ကိုယ်ကို ထင်နေတယ် … ဒါပေမယ့် မင်းရဲ့ အဲ့ဒီ ဉာဏ်ကောင်းမှုက မင်းမိဘတွေကို ဆေးရုံရောက်သွားစေတဲ့အထိ ဖြစ်သွားစေလိမ့်မယ်ဆိုတာ မင်းနည်းနည်းလေး သိခဲ့သင့်ဖို့ ကောင်းတယ် ……”
သူ့ကို ကောင်တီဆေးရုံသို့ ဆေးကုသရန် လိုက်ပို့ပေးသည့် ဒရိုင်ဘာကလည်း တကယ့်ကို အားမကိုးရသည့်လူပင်။
သူက တောင်တန်းဧရိယာထဲ သုံးဘီးတွဲကို မောင်းနှင်ရင်း သတိပြုမိလိုက်သည့် အချိန်၌ ကားနောက်တွဲရှိ ဒဏ်ရာရနေသည့်လူမှာ မရှိတော့ပေ။
သစ်ထုတ်လုပ်ရေး စက်ရုံပိုင်ရှင်ထံ သူ ဖုန်းဆက်လိုက်သည့် အချိန်၌ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက စက်ရုံသို့ ရောက်လာခဲ့ကြ၏။
သူတို့၏ တောင်းဆိုမှုအတွက် အာဏာပိုင်များထံသို့လည်း ဆက်သွယ်ခဲ့ကြသည်။
“ သက်ဆိုင်ရာ အချက်အလက်တွေကနေတစ်ဆင့် မင်းရဲ့အထောက်အထားက အလျင်အမြန်ပဲ ဖော်ထုတ်ခံလိုက်ရတယ် …”
“ မင်းကို လိုက်ပို့ပေးတဲ့ ဒရိုင်ဘာကလည်း သူ မင်းကို ဘယ်နားလေးမှာ ပျောက်သွားခဲ့လဲဆိုတာ မသိလိုက်ဘူး ….”
“ သူကတော့ သူမောင်းတာ အရမ်းမြန်လို့ မင်းကို နောက်ပြုတ်ကျ ကျန်စေခဲ့တယ်ပဲ ထင်နေတာ ….”
“ တောင်တန်းဧရိယာက မသေးဘူး … အာဏာပိုင်တွေက ချက်ချင်းပဲ အကူအညီတွေခေါ်ပြီး မင်း ရှိမယ့်နေရာကို လိုက်ရှာကြတယ် …”
“ မင်းက ဒဏ်ရာရထားတဲ့လူ … သူတို့တွေ ထင်နေတာက မင်း တစ်နေရာရာမှာ လဲပြီး အော်ဟစ် အကူအညီ တောင်းနေမယ်ပေါ့ ….”
“ ဒါပေမယ့် ရက်အတော်ကြာအောင် ရှာဖွေပြီးတာတောင် သူတို့တွေ မင်းကို ရှာလို့မတွေ့ကြဘူး …. ဒီလိုနဲ့ အခြေအနေတွေက လေးနက်ပြင်းထန်လာတယ် ….”
“ ဒေသခံ နေထိုင်သူတွေ ပြောတဲ့အတိုင်းဆိုရင် … တောထဲမှာ မြေခွေးတွေ၊ ဝက်ဝံတွေ မကြာခဏ ပေါ်လာတတ်ကြတယ် ….”
“ မင်းမိဘတွေမှာ အဲ့စကားကြားတော့ တစ်ပိုင်းသေသွားလုနီးပါးပဲ … သားရိုင်းတစ်ကောင်ကောင်က မင်းကို စားသွားမှာကို သူတို့ စိုးရိမ်နေကြတာ … ဒါကြောင့်မို့ သူတို့တွေ ဒူးထောက်ပြီး ရဲအရာရှိတွေကို ရှာဖွေပေးတာ လက်မလျှော့ဖို့ တောင်းပန်ခဲ့တယ် ….”
“ မင်း ရှင်နေတယ်ဆိုရင်လည်း လူကို တွေ့ချင်တယ် … သေသွားတယ်ဆိုရင်လည်း အလောင်းကို တွေ့ချင်တယ် … “
“ အာဏာပိုင်တွေကလည်း မင်း အန္တရာယ်ရှိနေမှာကို စိုးရိမ်တော့ ကူညီပေးတဲ့ တပ်ဖွဲ့ထဲ အင်အားတိုးပြီး မင်းကို လိုက်ရှာကြတယ် ….”
“ အဲ့ဒီအချိန်တုန်းက မင်းက အကြောက်လွန်နေတဲ့ ငှက်ကလေးတစ်ကောင်လိုမျိုး ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ တစ်နေရာမှာ ပုန်းနေခဲ့တယ်လေ ….”
“ ရဲတွေက အင်အား ရာနဲ့ချီ စေလွှတ်ခဲ့တယ်ဆိုပေမယ့် မင်းရဲ့ ခြေရာလက်ရာ တစ်ခုလေးတောင် မမြင်တွေ့ခဲ့ကြဘူး ….”
“ တစ်လကြာပြီးတဲ့နောက်မှာ အာဏာပိုင်တွေကလည်း မင်း ဒီလောက်ဆို သေပြီဆိုပြီး မင်းမိဘတွေနဲ့ တိုင်ပင်ပြီးတော့မှ လက်လျှော့လိုက်ကြတော့တယ် … “
“ မင်းမိဘတွေကလည်း ရဲအရာရှိတွေ အများကြီးက မင်းကို ရှာဖွေဖို့အတွက် တောထဲမှာ ဆူးခြစ်ခံရတာ ၊ ကျောက်တုံးညှပ်ခံရတာတွေ အများကြီးကို မြင်တွေ့ခဲ့ရတော့ သူတို့ဆက်ပြီး ရှာဖွေနေရင် လူတွေ အများကြီး ဆက်ပြီး ဒဏ်ရာရနေလိမ့်မယ်လို့ ခံစားမိကြတယ် … အဲ့လိုနဲ့ သူတို့လည်း တစ်ခြားရွေးချယ်စရာ မရှိတဲ့အဆုံး လက်လျှော့လိုက်ကြရတော့တယ် ….”
“ မင်း သေပြီလို့ သူတို့တွေ ယုံကြည်လိုက်ကြပြီးတော့ အိမ်ကို ပြန်ပြီး မင်းရဲ့ ဈာပနာကို ကျင်းပကြတယ် ….”
“ သူတို့ အိမ်ပြန်ရောက်ပြီး နှစ်ရက်ကြာတော့ လူတစ်ယောက်က မင်းရဲ့ အိုင်ဒီနဲ့ ဖုန်းကို တစ်နေရာမှာ ကောက်တွေ့ခဲ့တယ် ….”
“ အာဏာပိုင်တွေကလည်း မင်းရှိတဲ့ အဲ့နေရာ တစ်ဝှိုက်ကို ရှာဖွေခဲ့ပေမယ့် မင်းကိုတော့ ရှာမတွေ့ခဲ့ကြဘူး ….”
“ ရှာဖွေကယ်ဆယ်ရေး အဆုံးသတ်ပြီးလို့ မကြာခင်မှာပဲ မင်းရဲ့ဖုန်းနဲ့ အိုင်ဒီက ရုတ်တရက် ပေါ်လာတာက မင်း မသေဘူးဆိုတာကို သက်သေပြနေတယ် ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများသည် သူတို့သား ဘာကြောင့် အိမ်က ထွက်ပြေးသွားရလဲဆိုတာကို လုံးဝ နားမလည်နိုင်ချေ။
သူတို့သားက ဘယ်သူ့ကိုမှလည်း မသတ်ခဲ့ပေ။ ထို့ကြောင့် ယခုလို ထွက်ပြေးသွားဖို့ မလိုချေ။
ထို့ကြောင့် သူတို့သားကို ဆက်ပြီး ရှာဖွေကြ၏။
ထိုနေ့ကစပြီး [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများသည် စက်ရုံအလုပ်ကို ထွက်လိုက်ကြသည်။
တစ်ဖန်ထပ်ပြီး ၊ သူတို့သားကို ရှာဖွေမည့် ခရီးစဉ်အပေါ် ခြေချကြတော့၏။
သူတို့သားက မြို့ငယ်ကနေ ထွက်ပြီး မြို့ကြီးတစ်ခုကို ပြောင်းရွေ့သွားပြီ ထင်တာနဲ့ ချက်ချင်းပဲ အဲ့မြို့သို့ ရောက်သွားခဲ့ကြသည်။
“ မင်းကို ရှာနေရင်းနဲ့ မင်းမိဘတွေက သူတို့ ရှိသမျှ ပိုက်ဆံတွေ အကုန် ကုန်သွားခဲ့တယ် …”
“ မြို့ထဲမှာက လူတွေအများကြီး … နေရာတိုင်းမှာလည်း ပိုက်ဆံသုံးဖို့လိုတယ် … အဲ့လိုနဲ့ မင်းမိဘတွေ စပြီး မုန့်ဖုတ်ရောင်းတယ် ….”
“ အရည်အသွေးကောင်းတာကြောင့်ရယ် ၊ ဈေးတန်တာကြောင့်ရယ်၊ ထူးကဲတဲ့ အရသာကြောင့်ရယ် ၊ ငွေတွေက အမြန်ဝင်လာတယ် …”
“ သူတို့တွေက သားဖြစ်သူကို လိုက်ရှာနေကြမှန်း သိတော့ ဆိုင်ကို လာဝယ်နေကြ ဖောက်သည်တစ်ဦးက ဆိုင်တစ်ဆိုင် ဖွင့်ဖို့ အကြံပေးတယ် ….”
“ မင်းရဲ့ နာမည်က နည်းနည်းလေးလည်း ထူးခြားတော့ မင်းနာမည်ကို သုံးပြီး ဆိုင်နာမည် ထားလိုက်တာက ပျောက်နေတဲ့လူကို ကြော်ငြာရာလည်း ရောက်တယ် ….”
“ မင်းကို မသိတဲ့လူတွေကလည်း ဆိုင်နာမည်ကို မြင်တာနဲ့ မင်းရဲ့နာမည်ကို သိသွားကြလိမ့်မယ် …”
“ လူသတင်းလူချင်းဆောင်ရင်း တစ်နေ့တော့ မင်းရဲ့နားထဲ ရောက်သွားကောင်း ရောက်သွားနိုင်တယ် …”
“ တကယ်လို့ မင်း တစ်နေ့ ဆိုင်ရှေ့ကနေ ဖြတ်လျှောက်မိလို့ ထူးဆန်းပြီး အထဲဝင်လာခဲ့ရင် မင်းမိဘတွေနဲ့လည်း တွေ့ကောင်းတွေ့နိုင်တာပဲလေ ….”
ကြည့်ရှုသူ တော်တော်များမှာ မျက်ရည်ဝဲနေမိကြ၏။
နွမ်းပါးတဲ့ မိဘတွေ …
သူတို့သားဖြစ်သူ တစ်နေ့ သူတို့ဆီ ပြန်ရောက်လာနိုင်ဖို့အတွက် မိဘတွေဘက်က သူတို့ တတ်နိုင်တဲ့ အရာမှန်သမျှကို ပြုလုပ်ခဲ့တယ် …
ဇာတိကနေ ထွက်လာခဲ့ပြီး သူစိမ်းဆန်တဲ့ မြို့ကြီးပြကြီးကိုလည်း သားဖြစ်သူကို ရှာဖွေဖို့အတွက်နဲ့ ရောက်လာခဲ့ကြတယ် …
ပေါင်မုန့်ဆိုင် ဖွင့်ဖြစ်တာတောင် သူတို့သားကြောင့်ပဲ ….
“ ငါ စောနကတော့ သူ့ကို သနားနေတာ … ဒါပေမယ့် အခုတော့ မသိတတ်ရကောင်းလားဆိုပြီး ဆဲဆိုလာချင်သလိုပဲ …”
“ တကယ်လို့ သူသာ မိဘစကားနားထောင်ပြီး ရဲစခန်း လိုက်သွားလိုက်ရင် ဒီလို နားလည်မှုလွဲတာလည်း ဘယ်တုန်းကမှ ဖြစ်လာခဲ့မှာ မဟုတ်ဘူး … သူ့မိဘတွေလည်း နှစ်ပေါင်းများစွာ ဒုက္ခရောက်ရမှာ မဟုတ်ဘူး ….”
“ ဒီကောင်သာ ငါ့သားဆိုလို့ကတော့ သူ ထွက်ပြေးသွားတဲ့နေ့ကစပြီး ဒီလိုကောင်မျိုးကို မရှိဘူးပဲ မှတ်လိုက်မယ် ….”
“ မင်းအဲ့လိုပြောလို့တော့ ဘယ်ရမှာ … အဲ့တုန်းက သူ့အဆက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ … သေရမှာနဲ့ ထောင်ကျမှာကို ကြောက်တာ ထုံးစံပါပဲ …”
ကြည့်ရှုသူများ တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချမိကြသည်။
စောနတုန်းကတော့ ရှည်လျားလှသည့် ၁၂ နှစ်ကာလပတ်လုံး ဒုက္ခများစွာ ရောက်ခဲ့ရသည့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မကြာခင် သက်တောင့်သက်သာ ဖြစ်သည့် ဘဝနှင့် နေထိုင်နိုင်တော့မည်ကို သိလိုက်ရတော့ အဆိုးထဲက အကောင်းဟု ယူဆမိကြသည်။
သူ့မိဘများကလည်း ဘီလီယမ်နာများ ဖြစ်နေကြသည်။ သူ ပြန်ရောက်သွားသည်နှင့် ချက်ချင်းပဲ ချမ်းသာသည့် လူတစ်ယောက် ဖြစ်လာမည်မှာ မလွဲမသွေပင်။
ယခုကျတော့မှပဲ ဘီလီယမ်နာ တစ်ယောက်ဖြစ်ဖို့ရာအတွက် သူတို့တွေ မည်မျှ ခါးသီးသည့် ဒုက္ခများကို ရင်ဆိုင်ခဲ့ရလဲဆိုတာ ကြည့်ရှုသူတွေ နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။
၎င်းတို့၏ အတွေ့အကြုံများကို စာအုပ်များ ၊ ဒါမှမဟုတ် တီဗွီရုပ်ရှင်စီးရီးများ ရိုက်လို့ရ၏။
“ ဆိုတော့ ….” ချန်ယွီ့ တည်ငြိမ်သည့် လေသံဖြင့် မေးလိုက်၏။ “ မင်း ငါ့ကို ဆက်ပြီး ပြောစေချင်သေးလား ….”
“ ကြည့်ရှုသူတွေ ငါ့ကို ဘယ်လိုပဲ ဆဲနေကြပါစေ ၊ ငါနဲ့ ထိုက်တန်ပါတယ် …”
“ ငါသိချင်တာက … ဒီနှစ်တွေတစ်လျှောက်လုံး ငါ့မိဘတွေ ငါ့ကို ရှာဖို့အတွက်နဲ့ ဘယ်လို ဒုက္ခတွေ ရောက်ခဲ့ရလဲဆိုတာပဲ …..”
“ ငါ ပြန်ရောက်သွားတဲ့အချိန်ကျရင် ကျိန်းသေပေါက် လူသစ်၊ စိတ်သစ်နဲ့ သူတို့အပေါ်မှာ သိတတ်တဲ့ သားကောင်းတစ်ယောက် ဖြစ်စေရမယ် ….”
ခေါင်းညိတ်လျက် … ချန်ယွီ့ စကားဆက်ပြောလိုက်သည်။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက ဖောက်သည်၏ အကြံပေးစကားကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားခဲ့ကြ၏။
ရက်အနည်းငယ်ကြာ တိုင်ပင်ဆွေးနွေးပြီးနောက် သူတို့တွေ အနီးနားရှိ ဆိုင်တစ်ဆိုင်ကို ဝယ်ယူလိုက်ကြပြီး သူတို့သားနာမည်ကို ဆိုင်နာမည်ထားလိုက်သည်။
နောက်ပိုင်း စီးပွားရေးလုပ်ငန်းတိုးချဲ့မှုများ အားလုံးက သားဖြစ်သူကို ရှာဖွေဖို့အတွက်ချည်းသာ ဖြစ်၏။