သူ လက်ရှိ ကျေးဇူးအတင်ရဆုံး ပုဂ္ဂိုလ်
Vol. 30 Ch. 292
“ စီးပွားရေးက အဆင်ပြေတယ် … ဒါပေမယ့် သူတို့တွေမှာ ဝမ်းမသာနိုင်ကြဘူး ….”
“ သူတို့တွေ အဲ့ဆိုင်ကို ဖွင့်ခဲ့တာက မင်း ကိုယ့်ရဲ့ အိမ်ပြန်လမ်းကို ရှာတွေ့နိုင်စေဖို့ပဲ ….”
“ တစ်နှစ်ကြာပြီးတဲ့နောက်မှာ မင်းရဲ့ မိဘတွေက မင်း တစ်ခြား မြို့တစ်မြို့ကို ထွက်သွားလောက်ပြီ အထင်နဲ့ အဲ့ဆိုင်ကို ဆွေမျိုးတွေနဲ့ လွှဲထားခဲ့လိုက်တယ် ….”
“ သူတို့နှစ်ယောက်ကတော့ နောက် စီရင်စု မြို့တစ်မြို့ကို သွားပြီး နောက်ထပ် ဆိုင်ခွဲတစ်ခု ထပ်ဖွင့်တယ် ….”
“ သူတို့မှာ ဆိုင်ခွဲ အသစ်ဖွင့်ဖို့ လုံလောက်တဲ့ ပိုက်ဆံရှိလာတိုင်း ဆိုင်ခွဲ အသစ်ဖွင့်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ် ….”
“ သူတို့က မင်းနာမည်နဲ့ ပေါင်မုန့်ဆိုင်ကို တစ်နိုင်ငံလုံးအနှံ့ ဖွင့်ဖို့ ကြိုးစားနေကြတာ ….”
“ ဒီနည်းလမ်းနဲ့ မင်း အိမ်ကို စောစော ပြန်လာနိုင်မယ်လို့ သူတို့တွေ မျှော်လင့်နေကြတယ် ….”
“ အခြေအနေ အမျိုးမျိုးအောက်မှာ မင်းမိဘတွေရဲ့ ပေါင်မုန့်ဆိုင်က အင်တာနက် နာမည်ကြီး ဘရန်း တစ်ခု ဖြစ်လာခဲ့တယ် ….”
“ စီးပွားရေးက ကြီးသထက် ကြီးမားလာခဲ့ပြီး သူတို့လက်ထဲရှိတဲ့ ငွေတွေကလည်း အများကြီး ပွားလာတယ် … မကြာခင် တစ်နိုင်ငံလုံးအနှံ့ ဆိုင်ခွဲတွေတောင် ဖွင့်လှစ်လို့ရတော့မယ် ….”
“ မင်းရဲ့ ပုံကို သတင်းမီဒီယာချာနယ်တွေနဲ့ အဓိက သတင်းစာတိုက်ကြီးတွေမှာ ကြော်ငြာထည့်ဖို့အတွက်တောင် လုံလောက်တဲ့ ပိုက်ဆံပမာဏ သူတို့မှာ ရှိလာပြီ ….”
“ ဒါပေမယ့် သူတို့တွေ ထင်မှတ်မထားခဲ့တာကတော့ … မင်းရဲ့ သွင်ပန်း သဏ္ဌာန်က ဆယ့်နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့တာပဲ ….”
“ တကယ်လို့ မင်းက ကိုယ့်နာမည်နဲ့ ကိုယ်ဘယ်သူဘယ်ဝါပါဆိုတာကို မပြောပြဘူးဆိုရင် မင်းမိဘတွေကိုယ်၌တောင် မင်းကို လမ်းမှာတွေ့ရင် မှတ်မိနိုင်ကြမှာ မဟုတ်ဘူး ….”
ဤစကားကြားတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် လက်မြှောက်ပြီး သူ့မျက်နှာသူ ထိတွေ့ကြည့်လိုက်သည်။
သူ့မိဘများ မမှတ်မိရုံမျှမက၊ တစ်ခါတစ်ရံ သူပင် သူ့ကိုယ်သူ ဘယ်သူဆိုတာ မမှတ်မိတော့ချေ။
တစ်ချိန်က သူသည် အရပ်အမောင်းကောင်းကောင်းနှင့် တောင့်ဖြောင့်ခဲ့၏။ သို့သော် ၁၂ နှစ်ကြာ ထွက်ပြေးပြီးနောက် လူက တုတ်ချောင်းတစ်ချောင်းလို ဖြစ်လာသည်။
အန္တရာယ်များသည့် အခြေအနေတစ်ချို့ကြောင့်လည်း သူ့မျက်နှာထက်တွင် အမာရွတ်များစွာ ဖြစ်ပေါ်လာခဲ့သည်။
အမှိုက်သရိုက်တွေ စားသောက်ပြီး ကြုံရာနေရာတွင် အိပ်စက်ရသည့်အတွက် လူကလည်း ရှိရင်းစွဲ အရွယ်ထက် ပိုပြီး အိုစာလာသည်။
သူ့ကိုယ်သူ အသက် သုံးဆယ်အရွယ်ပါဟု ပြောလျှင် မည်သူကမျှ ယုံကြည်ပေးနိုင်ကြမှာ မဟုတ်ချေ။
ထိုစဉ်အချိန်က ဓာတ်ပုံကိုကြည့်ပြီး လက်ရှိသူ့သွင်ပြင်ကို မည်သို့မျှ ဆက်စပ်ကြည့်နိုင်ကြမှာ မဟုတ်ပေ။
“ မင်းက နေ့တိုင်းနေ့ အကြောက်တရားနဲ့ ရှင်သန်ခဲ့ရတယ်ဆိုရင် မင်းမိဘတွေကလည်း မင်းအောက် လုံးဝ မလျော့ဘူး … သူတို့တွေ မင်းကို နေ့နေ့ညည သတိရနေကြတယ် …..”
“ အထူးသဖြင့် မင်းရဲ့ အဖေပဲ … ဒီနှစ်တွေတစ်လျှောက်လုံး စီးပွားရေးတွေတစ်ဖက်နဲ့ မင်းကိုလိုက်ရှာရင်း တောက်လျှောက် အလုပ်တွေများနေရတယ် … သူ့ကျန်းမာရေး အခြေအနေကလည်း တစ်ဖြည်းဖြည်းနဲ့ ချို့ယွင်းလာပြီ …”
“ နောက်ဆုံး ကင်ဆာဖြစ်လာတဲ့အထိပဲ ….”
“ သူတို့ အသက်မသေခင်အချိန်လေးမှာ မင်းကို ရှာတွေ့ဖို့အတွက် မင်းမိဘတွေက ကမ္ဘာ့အဆင့်မြင့် ထိပ်တန်းဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ကြတာပဲ ….”
“ သူတို့တွေ Mayo Clinic ကိုသွားပြီး ကင်ဆာကို မြန်နိုင်သမျှ မြန်မြန် ကုသမယ် … နှစ်အနည်းငယ် ပိုနေနိုင်ပြီး မင်း သူတို့ဆီ ပြန်ရောက်လာတဲ့အချိန်ကို စောင့်ဆိုင်းကြမယ် ….”
မျက်ရည်ကျနေသည့် အီမိုဂျီများစွာက ကွန်းမန့်ခန်းထဲတွင် အများအပြား ထွက်ပေါ်လို့လာသည်။
“ အဲ့တုန်းက လမ်းခွဲခဲ့တာက တစ်သက်လုံး နှုတ်ဆက်ထွက်ခွာမှုတစ်ခု ဖြစ်ခဲ့မှာကို မလိုချင်ခဲ့ကြဘူး …” ချန်ယွီ့ သက်ပြင်းချလိုက်သည်။
“ ရွှတ် ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး တရှိုက်ရှိုက်နှင့် ငိုကြွေးနေလျက် ရှိ၏။
“ မင်းရဲ့ ဘဝမှာ မျက်ရည်တွေ ခမ်းလောက်တဲ့အထိ ကြိမ်ဖန်များစွာ ငိုကြွေးခဲ့ပြီးပြီ … ငါပြောတာ မှန်တယ်မလား ….” ချန်ယွီ့ ပြောလိုက်သည်။
“ ပြန်သွား … မင်းမိဘတွေဆီ ပြန်သွား ….”
“ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေက အတိတ်မှာ ကျန်ရစ်ခဲ့ပြီ … ကျန်ရစ်နေသေးတဲ့ ပစ္စုပ္ပန် အချိန်ကိုပဲ တန်ဖိုးထားပါ ….”
ဤစကားကြားတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် တရှိုက်ရှိုက် ငိုညည်းရင်း ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။
ထို့နောက် ကျောက်တုံးတစ်တုံးကို ဖုန်းမှီအဖြစ် အသုံးပြု၍ ဖုန်းစခရင်ရှေ့တွင် သုံးကြိမ်တိုင်တိုင် ဝပ်ချလိုက်သည်။
“ ကျေးဇူးပြုပြီး ငါ့ကို ပိုက်ဆံ နည်းနည်းလောက် ချေးပေးကြပါ … ငါ နိုင်ငံတကာ ဖုန်းခေါ်ဆိုနိုင်မယ့် roaming service ယူချင်တယ် …”
“ ငါ နောက်ထပ် တစ်မိနစ်လေးတောင် မစောင့်ချင်တော့ဘူး …”
“ ငါ့မိဘတွေဆီ ချက်ချင်း ဖုန်းခေါ်ပြီး သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ချင်တယ် …”
ပြောရင်းဖြင့် စခရင်သို့ ဆက်တိုက် ဝပ်ချနေလျက် ရှိသည်။
စိတ်ရင်းလေးနက်မှုအပြည့်ဖြင့် အကူအညီ တောင်းနေကြောင်းကို မည်သူမဆို မြင်တွေ့နိုင်သည်။
“ ဝီးဝေါ် … ဝီးဝေါ် … ဝီးဝေါ် …..”
သိပ်မဝေးသည့် တစ်နေရာမှ ရဲကား အချက်ပေးသံများ ထွက်ပေါ်လာခဲ့သည်။
“ မင်း အခုလိုမျိုး တောင်းဆိုစရာ မလိုဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းကို ကူညီပေးမယ့်လူတွေကို အဲ့ကို ရောက်လာနေပြီ …. "
“ သူတို့တွေက မင်းမိဘတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကူညီပေးလိမ့်မယ် … မင်းရဲ့ နေထိုင်စားသောက်ဖို့ ပြဿနာကိုလည်း ဖြေရှင်းပေးလိမ့်မယ် …”
သူ့စကားဆုံးသည်နှင့် ရဲကားနှစ်စင်းက အလှမ်းသိပ်မဝေးသည့် တစ်နေရာမှ ချဉ်းကပ်ရောက်ရှိလာခဲ့သည်။
ရဲကားက ရပ်တန့်သွားခဲ့ပြီး ယူနီဖောင်းနှင့် ရဲအရာရှိ အများအပြား အပြင်သို့ ထွက်လာသည်။
သက်ကြီးပိုင်း ရဲသားတစ်ဦးက စခရင်ကို ကြည့်ပြီး ခါးသက်စွာ ပြုံးလျက် “ ရှဟိုပါ …. မင်းရဲ့ အခြေအနေကို ငါတို့ သိထားပြီးပြီ ….”
“ ငါတို့ရဲ့ ရဲဒေတာဘေ့စ်ထဲမှာ မင်းနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှတ်တမ်းတွေ တစ်ခုမှ မရှိဘူး ….”
“ ဒေါက်တာချန်က မင်းကို မညာဘူး … မင်းက တကယ်လည်း ဝရမ်းပြေး ရာဇဝတ်သား မဟုတ်တာ …..”
“ ငါတို့နဲ့ လိုက်ခဲ့ပြီး ဒီညတော့ စခန်းမှာပဲ အိပ်လိုက်ပါ … မနက်ဖြန်ကျရင် မင်းကို အိမ်ပြန်ပို့ပေးပါ့မယ် ….”
“ မင်းမိဘတွေကိုတော့ တစ်ယောက်ယောက်က ကူညီပြီး ဆက်သွယ်ပေးလိမ့်မယ် ….”
တကယ့်လက်တွေ့ဘဝက အမှန်တကယ်ကို အံ့အားသင့်ဖို့ အကောင်းဆုံး အရာတစ်ခုပင်။ ရှဟိုပါ အကြောက်ရွံ့ဆုံး ဖြစ်သည့် ရဲအရာရှိများက ယခုအချိန်တွင်တော့ သူ ကျေးဇူးတင်ရဆုံး လူများထဲက တစ်ဦး ဖြစ်လို့လာလေပြီ။
သူ ထွက်ပြေးနေသည့် နှစ်ကာလများအတွင်း ၊ ကလေးကစားစရာ ရဲကားအချက်ပေးသံကို ကြားလျှင်ပင် တစ်ကိုယ်လုံးရှိ မွေးညှင်းများ ထောင်ထသည်အထိ ကြောက်ရွံ့မိခဲ့သည်။ ရဲကားအစစ်ကို မြင်တွေ့ဖို့ဆိုသည်မှာတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ယခုအချိန်အခိုက်အတန့်တွင်တော့ ယူနီဖောင်းနှင့် ရဲအရာရှိများက သူ့အတွက်တော့ ဘုရားသခင်က စေလွှတ်ပေးလိုက်သည့် ကယ်တင်ရှင်ကြီးများနှင့် တူနေသည်။
မဟုတ်သေး။
ဤနေရာတွင် စစ်မှန်သည့် ဘုရားသခင်က ချန်ယွီ့ပင်။
အကယ်၍ သူသာ ချန်ယွီ့လိုက်စထွင်းထဲသို့ ဝင်ရောက်ပြီး ချန်ယွီ့နှင့် စကားပြောဖို့ကို မရွေးချယ်ခဲ့မိဘူးဆိုပါက သူ့တစ်သက်လုံး ထွက်ပြေးတိမ်းရှောင်နေမိလောက်လေသည်။
“ ငါ မိဘတွေဆီ ပြန်ရောက်တဲ့အချိန်ကျရင် ကျိန်းသေပေါက် လူကောင်း ဖြစ်အောင် နေပါမယ် … ငါ့တစ်သက်လုံး မကောင်းတဲ့အရာတွေ လုံးဝ မလုပ်တော့ဘူး ….”
“ ဒေါက်တာချန် … ဒီကျေးဇူးတရားကို ငါ ပြန်ဆပ်ပါ့မယ် ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က စိတ်ရင်းအပြည့်ဖြင့် စကားဆိုလိုက်၏။
“ မင်းငါ့ကို ပြန်ဆပ်ချင်တယ်ဆိုရင်တော့ … အဲ့ဒီ စိတ်ကို မင်းမိဘတွေအပေါ်မှာပဲ သုံးလိုက်ပါ ….”
“ သူတို့က အသက်ကြီးနေပြီ …” ချန်ယွီ့က အဓိပ္ပာယ်ပါပါ ဆိုလိုက်ပြီး “ ငါ ဘာပြောချင်လဲ မင်း သဘောပေါက်တယ်မလား ….”
“ နားလည်ပါတယ် … နားလည်ပါတယ် ….”
သူ့မိဘများက အသက်ငါးဆယ်အရွယ် ရှိနေပြီ ဖြစ်၏။ နောက်ပြီး သူတို့တွင် သူနှင့် အတူနေရဖို့ အချိန်သိပ်မကျန်ကြတော့ချေ။
ချန်ယွီ့က သူ့တွင် တင်ကျန်ထားသည့် အကြွေးကို သူ့မိဘများ၏ လက်ကျန်အချိန်တွင် အတူအဖော်ပြုပေးရင်း ပြန်ပေးဆပ်စေချင်သည်။ ငယ်ရွယ်သည့် ရဲသားနှစ်ဦးက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကို တွဲပေးပြီး ရဲကားထဲသို့ ခေါ်ဆောင်သွားကြသည်။
သက်ကြီးပိုင်း ရဲသားက ဖုန်းကို ကောက်ယူပြီး ပြုံးလျက် မေးလိုက်၏။ “ ဒေါက်တာချန် … ငါလည်း မင်းရဲ့ လိုက်စထွင်းတွေကို ကြည့်ဖူးတယ် … မင်းပြောတာ သူက ထင်ယောင်ထင်မှား ဝေဒနာကို ခံစားနေရတယ်ဆိုပြီးတော့နော် … အဲ့ရောဂါက ကုသလို့ ရလား …”
“ ရောဂါရဲ့ ဇစ်မြစ်ကို နားလည်သွားခဲ့ရင် သူ့ရောဂါလည်း သက်သာသလောက် ဖြစ်နေပါပြီ … သူ့မိဘတွေနဲ့ ပြန်တွေ့တဲ့အချိန်ကျရင် ရောဂါကလည်း ဆေးသောက်စရာတောင် မလိုဘဲ သူ့အလိုလို ပျောက်သွားလိမ့်မယ် ….”
“ ဆွေမျိုးသားချင်းသံယောဇဉ်က ကုသဖို့အတွက် အကောင်းဆုံး ဆေးဝါးတစ်ခွက်ပဲ ….”
ချန်ယွီ့က ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ နားလည်ပြီ … ကျေးဇူးတင်ပါတယ် ဒေါက်တာချန် ….”
သက်ကြီးပိုင်း ရဲသားက လူတိုင်းကို နှုတ်ဆက်ကြောင်း လက်ဝှေ့ယမ်းပြပြီး ခေါ်ဆိုမှုကို ရပ်တန့်လိုက်သည်။ ပြီးနောက် ဖုန်းကို ပိတ်လိုက်၏။
“ကဲ … နောက်လူနာတစ်ယောက်ကို …………….. ”
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါဦး … ငါတို့မှာ မေးစရာတွေ အများကြီး ကျန်နေသေးတယ် … နောက်တစ်ခုကို မစသေးပါနဲ့ဦးလား ….”
ချန်ယွီ့ စကားမဆုံးခင်မှာပဲ ကွန်းမန့်အများအပြား တက်လာပြီး မေးခွန်းမြောက်များစွာကို မြင်တွေ့လိုက်ရသည်။
တကယ်လို့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည်သာ ချန်ယွီ့နှင့် ဆက်သွယ်ချိတ်ဆက်ပြီး စကားပြောဆိုနိုင်ခြင်း မရှိခဲ့ဘူးဆိုပါက သူ့ကံကြမ္မာသည် မည်သို့ ဖြစ်ပျက်သွားလိမ့်မည်နည်း။
သူ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာကို သိလိုက်ရသည့်အချိန်တွင် သူ့မိဘများက သူ ပုံမှန်တွဲနေကြ သူငယ်ချင်းများထံ အဘယ်ကြောင့် သွားရောက်မေးမြန်း မစပ်စုရသနည်း။
သူက မည်သူ့ကိုမျှ မသတ်ခဲ့သော်ငြားလည်း ရန်ပွဲတွင်တော့ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်နေဆဲပင်။
ယခုအချိန် ခေါ်ဆောင်သွားခံရတော့ သူက အပြစ်ပေးခံရမည်လား။
“ လူတိုင်းက မေးခွန်းတွေ အများကြီး မေးနေကြတာပဲ … ငါ မေးခွန်းနည်းနည်းကိုယူပြီး ဖြေပေးမယ် …”
“ အရင်ဆုံး … သူ အပြစ်ပေးမခံရဘူး … ဘာလို့ဆို တရားစွဲ အပြစ်ပေးနိုင်တဲ့ ကာလက ကျော်သွားခဲ့ပြီ ….”
ချန်ယွီ့ စကားဆုံးသည်နှင့် ရှေ့နေလော့ဆိုသည့် စိတ်ကြင်နာနွေးထွေးသည့် ပရိသတ်တစ်ဦးက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
သူက ကြည့်ရှုသူများက အပြစ်ပေးပိုင်ခွင့်ကာလက မည်သည်မည်ဝါ ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ ရန်ပွဲရဲ့ ရလဒ်မှာ ပုံစံ နှစ်မျိုးပဲ ရှိတယ် … ရာဇဝတ်မှုနဲ့ ပြည်သူ့လုံခြုံရေးကို ထိခိုက်စေတဲ့ အမှု …”
“ ပြည်သူ့လုံခြုံရေးကို ထိခိုက်စေတဲ့အမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကတော့ တရားစွဲပြီး အပြစ်ပေး စီရင်ပိုင်ခွင့် ခြောက်လ ရှိတယ် … တကယ်လို့ ခြောက်လအတွင်း ဘယ်သူကမှ အမှုလာမဖွင့်ဘူးဆိုရင် အာဏာပိုင်တွေကလည်း ကျူးလွန်သူကို အရေးယူမှာ မဟုတ်တော့ဘူး ….”
“ တကယ်လို့ ရာဇဝတ်မှု ဖြစ်ခဲ့မယ်ဆိုရင်တော့ တရားဆွဲပိုင်ခွင့် သက်တမ်းက ပြစ်မှုအတွက် ပြစ်ဒဏ်ရဲ့ အများဆုံး ကိန်းဂဏန်းအပေါ်မှာပဲ မူတည်တယ် ….”
“ တကယ်လို့ အသေးအမွှား ရန်ပွဲလေးပဲဆိုရင်တော့ … တစ်နှစ်ကနေ သုံးနှစ် …. ၊ ဆိုတော့ တရားစွဲပိုင်ခွင့်က သုံးနှစ်ရှိတယ် ….”
“ တကယ်လို့ အခြေအနေက ပြင်းထန်မယ် … လူသတ်မှုလိုမျိုးဆိုရင်တော့ အများဆုံး သက်တမ်းကာလက နှစ် ၂၀ ပဲ ….”