ကပ္ပတိန် … ခင်များကို ဒေါက်တာချန် သင်ပေးထားတာမလား
Vol. 30 Ch. 293
ရှေ့နေလော့က ထပ်ပြီးလည်း ဖြည့်စွက်ပြောလိုက်သေးသည်။ အကယ်၍ တရားခံကို နှစ် ၂၀ အတွင်း ဖမ်းမိခြင်း မရှိခဲ့ဘူးဆိုပါက အာဏာပိုင်များမှာ တရားစွဲပိုင်ခွင့်ကို ဆက်ပြီး တိုးမြင့်ဖို့ စဉ်းစားပေးနိုင်သည်ဆိုပင်။
“ ရှင်းပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ရှေ့နေလော့ … အခြေအနေကတော့ သူပြောပြတဲ့အတိုင်းပဲ … စောနက လူနာက တစ်ယောက်ယောက်ကို ဒဏ်ရာရစေခဲ့တယ်ဆိုပေမယ့် အပေါ်ယံ အနာတရလောက်ပဲ … အသေးမွှား ထိခိုက်ဒဏ်ရာလို့တောင် သတ်မှတ်စရာ မရှိဘူး … ဒါကြောင့်မို့ အများဆုံး ၁၅ ရက်လောက်ပဲ ထိန်းသိမ်းပိုင်ခွင့် ရှိမှာ …”
“ လူမိုက်ကလည်း ဘာပဲဆိုဆို သူ့သိက္ခာကျမှာစိုးတော့ ဖြစ်တဲ့ကိစ္စကို ဖုံးကွယ်ထားခဲ့တယ် ….”
“ ဆိုတော့ … တရားစွဲနိုင်တဲ့ ကာလက ကျော်သွားခဲ့တော့ ဘာအပြစ်ပေးမှုမှ ခံယူစရာ မလိုတော့ဘူး …..”
“ ဒုတိယကတော့ … လူနာက သူ လူသတ်ခဲ့မိပြီလို့ ကိုယ့်ကိုယ်ကို ထင်နေရင် ပါဝင်ပတ်သက်ခဲ့တဲ့ သူ့တခြား သူငယ်ချင်းတွေလည်း အဲ့လိုအတွေးမျိုး ဝင်မိသင့်တယ် ….”
“ ဒါပေမယ့် အဲ့ဒီညမှာတင်ပဲ သူ့သူငယ်ချင်းတွေ အကုန်လုံးက ကျေးလက်ဘက်ကို ပြေးပြီး ပုန်းအောင်တာ … ဒါမှမဟုတ် မြို့ထဲကနေ ထွက်သွားကုန်ကြတယ် ….”
“ တစ်ယောက်မှ အဲ့ဒီ ဧရိယာထဲမှာ မရှိကြတော့ဘူး … ဒီတော့လည်း လူနာရဲ့ မိဘတွေက သူတို့သားကို တစ်ကမ္ဘာလုံး အနှံ့ လိုက်ရှာနေတာကို မသိကြဘူး ….”
နောက်ပိုင်းတွင်တော့ ထိုသူများလည်း သူတို့တွေ လူသတ်သည့် ကိစ္စကို မှားယွင်းမှတ်ယူမိခဲ့ကြောင်းကို ဖြည်းဖြည်းချင်း သိသွားခဲ့ကြသည်။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကသာလျှင် သူ့ကိုယ်သူ လူသတ်သမားအဖြစ် ပုံဖော်ရင်း မိမိ၏ ကိုယ်ပိုင် ကမ္ဘာအတွင်း၌ နစ်မြုပ်နေခဲ့သည်။
ပရိသတ်တစ်ဦးက ကွန်းမန့် ပေးပို့လာခဲ့၏။
ဒီလောက်နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာတောင် အဲ့ဒီ ဆန်ကုန်မြေလေးတွေက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ရဲ့ မိဘတွေရဲ့ သားပျောက်ကြော်ငြာကို တစ်ခါလေးတောင် မမြင်တွေ့မိကြဘူးလား ….
“ သူတို့တွေ့တယ် … ဒါပေမယ့် ဘာမှ မပြောရဲခဲ့ကြဘူး ….” ချန်ယွီ့ ပြောလိုက်သည်။
“ လူနာရဲ့ မိဘတွေက သူတို့ကို အစကတည်းက အမြင်မကြည်ကြဘူးလေ … အဲ့တာကို သူတို့တွေက သားဖြစ်သူကို လူမိုက်ရဲ့ခေါင်းကို ဘီယာသွားလောင်းခိုင်းတာ သိရင် သူတို့တွေ သေချာပေါက် လက်စားချေခံရမှာပေါ့ ….”
“ အဲ့ဒီအချိန်မှာ လူနာရဲ့ မိဘတွေက ဘီလီယမ်နာတွေ ဖြစ်နေကြပြီ … သူတို့တွေကတော့ လူ့အသိုင်းအဝိုင်းရဲ့ အောက်ခြေနားလေးမှာ ရုန်းကန်နေကြရတုန်းပဲ ….”
“ တကယ်လို့ လူနာရဲ့ မိဘတွေကသာ သူတို့ကို သွားပြီး ဇယားရှုပ်ချင်တယ်ဆိုရင် စကားလေးတစ်ခွန်း ပြောဖို့ပဲ လိုတယ် ….”
ကြည့်ရှုသူများမှာ ဦးနှောက်မီးလင်းသွားခဲ့ကြ၏။
အကယ်၍ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများနေရာတွင် ဝင်ပြီး စဉ်းစားကြည့်မည်ဆိုပါက သူတို့သည်လည်း ထိုလူများကို ကျိန်းသေပေါက် ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ချေ။
ထို အသုံးမကျသည့်ကောင်များက ပေါက်တတ်ကရများ မစေခိုင်းခဲ့ဘူးဆိုလျှင် ယခုလို ရှုပ်ထွေးသည့် ကိစ္စများ ပေါ်ပေါက်လာမှာ မဟုတ်ချေ။
သူတို့သားက မှားသည်။ သို့သော် ၎င်းတို့လည်း အပြစ်မကင်းကြပေ။
“ အဲ့ဒီအချိန်မှာ သူငယ်ချင်းဖြစ်သူတွေကလည်း အသက် ၂၈ ၊ ၂၉ တွေဖြစ်နေကြပြီ …” ချန်ယွီ့ စကားဆက်ပြော၏။ “ လက်ထပ်ပြီးတော့ အိမ်ထောင်ကျတဲ့လူကကျ … ကလေးတွေ ရှိတဲ့လူက ရှိနဲ့ ….”
“ သူတို့တွေ ပြဿနာ မရှာရဲကြဘူး … ဒါကြောင့်မို့လည်း သူတို့ကြားက လျှို့ဝှက်ချက် တစ်ခုအနေနဲ့ ထိန်းသိမ်းထားခဲ့ကြတာပဲ ….”
ဒုတိယ မေးခွန်းကို ဖြေဆိုပြီးနောက် ချန်ယွီ့က မေးခွန်းနောက်တစ်ခုသို့ သွားလိုက်သည်။
သူ တတိယမေးခွန်းကို ဖြေလိုက်၏။
အကယ်၍ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သာ ယနေ့ သူနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိဘူးဆိုပါက သူသည် နဂိုအတိုင်းပဲ ဆက်လက် ထွက်ပြေးနေဦးမှာ ဖြစ်သည်။
၁၈ နှစ်ပြည့်ပြီးနောက်မှပဲ သူ့သတ္တိများကို စုစည်း၍ ရဲစခန်းသို့ သွား၍ သူ့အပြစ်များကို ဝန်ခံလိမ့်မည်။
ထိုအချိန်၌ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက ကွယ်လွန်သွားခဲ့ကြလေပြီ။
သူ့မိဘများ ချန်ရစ်ထားခဲ့သည့် အမွေများကို ဆက်ခံလိုက်ရသော်လည်းပဲ သူ့စိတ်ထဲတွင်တော့ တစ်စက်မျှ ပျော်ရွှင်မနေခဲ့ပေ။
ပို၍ပင် နာကျင်နေခဲ့ရ၏။
သူ့မိဘများက မသေမီ ရန်ပုံငွေ တစ်ခု ဖွဲ့စည်းပြီး ၎င်းအား စီမံရန်အတွက် ကျွမ်းကျင်သူများ ငှားယမ်းခဲ့သည်။
ရန်ပုံငွေ အဖွဲ့တွင် ရည်ရွယ်ချက် နှစ်ခုတည်းသာ ရှိသည်။ ပထမက သူတို့သားကို ဆက်လက်ရှာဖွေပေးဖို့ဖြစ်ပြီး ဒုတိယကတော့ စုံတွဲ ပိုင်ဆိုင်သည့် အမွေများကို သူတို့သားထံ ဆက်ခံစေဖို့ပင်။
အကယ်၍ နှစ် ၃၀ အတွင်း သားဖြစ်သူကို မရှာဖွေနိုင်ခဲ့ဘူးဆိုပါက …
ရန်ပုံငွေ အကုန်လုံးကို နိုင်ငံတော် အစိုးရသို့ ပေးအပ်လိုက်ရမည်။
ကြည့်ရှုသူများမှာ တိတ်ဆိတ်သွားခဲ့ကြ၏။
ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် အထူးကွန်းမန့်တစ်ခုက တိတ်ဆိတ်နေမှုကို ချိုးဖျက်လာသည်။
“ ဒေါက်တာချန် … မင်းပြောသွားခဲ့တာ တကယ်လို့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က မင်းနဲ့ တိုင်ပင်မဆွေးနွေးခဲ့ဘူးဆိုရင် ၁၈ နှစ်ကြာပြီးတဲ့နောက်မှာမှ အမှန်တရားကို သိရှိသွားမယ် …”
“ အဲ့ဒီအချိန်မှာ သူ့မိဘတွေက သေဆုံးသွားခဲ့ကြပြီ … ဆိုတော့ သူ့မိဘတွေက နောက် ငါးနှစ်ကနေ ဆယ်နှစ်လောက်အထိပဲ အသက်ရှင်နိုင်တော့မယ်ဆိုတဲ့ သဘောပေါ့နော်….”
“ ဒါတွေ အကုန်လုံးက ကျိုးကြောင်းဆီလျော်မှုရှိတဲ့ ခန့်မှန်း တွက်ချက်မှုတွေပါပဲ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် အနာဂတ်က ငါ ခန့်မှန်းတဲ့အတိုင်း အတိအကျ ဖြစ်လာမလား ဆိုတာကတော့ …. အရာအားလုံးက ဖြစ်နိုင်ချေ ရှိတယ်လို့ပဲ ပြောနိုင်တယ် ….”
သူ့စကားဆုံးသည့်နောက် မရေမတွက်နိုင်သည့် ကွန်းမန့်များက ချန်ယွီ့၏ ကွန်းမန့်ခန်းထဲတွင် ထွက်ပေါ်လာသည်။
“ ဒါကို Happy ending လို့ သတ်မှတ်လိုက်လို့ရတယ်မလား ….”
“ ဆိုပါတော့ … ဒါပေမယ့် ငါ့စိတ်ထဲ တစ်ခုခုတော့ လိုနေသလားလို့လေ …”
“ လိုနေတာက လူမိုက် … သူ့မှာ အကြောင်းပြချက် မရှိ ရိုက်နှက်ခံလိုက်ရပြီး မတရားမှုကိုလည်း ဆယ်နှစ်ကျော်ကြာအောင် သည်းခံခဲ့ရတယ် … ဘယ်လိုတောင် ကံဆိုးလိုက်လဲ …..”
“ အတိတ်တုန်းက အခြားသူတွေနဲ့ ရန်ဖြစ်ဖို့ကျတော့ ဘယ်လိုတွေများ ဇရှိခဲ့လဲ မသိပါဘူးကွာ ….”
“ သူ့စိတ်ထဲမှာတော့ ဆယ်နှစ်ကျော်အောင် အကျဉ်းချခံခဲ့ရတာပဲ ….”
“ အဲ့လိုဆိုကြေးဆို သူက ပလိန်းကြီး သနားဖို့ကောင်းနေတာပဲ ….”
လူတစ်ချို့က လူမိုက်အကြောင်း ရေးသားလာတာကို မြင်တော့ ကြည့်ရှုသူများက သူ၏ ကံဆိုးမှုအတွက် ရယ်မောမိလိုက်ကြသည်။
၎င်း၏ ဂုဏ်သိက္ခာအတွက် တစ်မိနစ်မျှ ငြိမ်သက်ပေးလိုက်ကြ၏။
နာမည်ကြီး ဒေသခံ လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီးက သူ့ငယ်သား နှစ်ယောက်ကို လမ်းဘေးဆိုင်တစ်ဆိုင်သို့ ခေါ်လာပြီး အရက်သောက်၏။
တစ်ချို့သော အကြောင်းအရင်းများကြောင့် ဘီယာများ လောင်းခံလိုက်ရပြီး ခေါင်းကိုလည်း ဘီယာပုလင်းနှင့် ရိုက်ခွဲခံခဲ့ရသေးသည်။
ဘာတွေ ဖြစ်နေလဲ မသိသေးခင် လက်အောက်ငယ်သား နှစ်ယောက်လုံးက အမှောက်သိပ်ခံလိုက်ရ၏။
သွေးဆူလွယ်သည့် လူငယ်များ သူ့အား စိတ်လိုက်မာန်ပါလုပ်၍ အသေသတ်သွားမှာကို စိုးရိမ်သည့်အတွက် ၊ အခြားရွေးချယ်စရာ မရှိပါဘဲ အော်ဟစ် အကူအညီ တောင်းလိုက်ရလေသည်။
ပြီးသည့်နောက် မြေပေါ်လဲပြီး သေချင်ယောင် ဆောင်လိုက်၏။
ကံဆိုးမှုနှင့် အရှက်ရမှုမျိုးစုံ ထိုလူမိုက်ထံ ဆက်တိုက်ဖြစ်ပေါ်ခဲ့၏။ ထို အရှက်ကွဲမှုကိုလည်း ကြိတ်မှိတ်သည်းခံရုံမျှသာ တတ်နိုင်ပြီး ပြန်လည် လက်စားချေနိုင်ခြင်းလည်း မရှိခဲ့ပေ။
“ ငါ လူတိုင်း သိချင်နေလောက်မယ့် မေးခွန်းတွေကို ဖြေပေးပြီးသွားပြီနော် ….” ချန်ယွီ့ စားပွဲကိုခေါက်၍ ပြောလိုက်ပြီး “ အခု အဓိက ကိစ္စကို ပြန်သွားကြမယ် ….”
“ ကဲ … နောက်လူနာတစ်ယောက်ကို ဖိတ်ခေါ်လိုက်ကြရအောင် …”
သူ့စကားဆုံးသည်နှင့် စခရင်ထက်တွင် ဆံပင်တို့ ကျိုးတဲ့ကျဲတဲမျှသာ ကျန်ရစ်ပြီး မျက်နှာတွင် အမာရွတ်နှင့် အမျိုးသား တစ်ဦး ပေါ်လာသည်။
အိမ်မှာပဲ ရှိနေသင့်သည့် အဘိုးကြီး တစ်ဦး ဖြစ်၏။
သို့သော် သူရှိနေသည့် မြင်ကွင်းနေရာကတော့ အိမ်မဆန်လှပေ။
ဖိချေထားသည့် သံဗူးများ ၊ ကွာစေ့များ၊ မြေပဲခွံများက ကြမ်းပြင်တွင် ပြန့်ကျဲနေပြီး ၎င်း၏ နောက်ဘက်တွင်လည်း ကွမ်းယွီနတ်မင်းကို ကိုးကွယ်ရန် ပြုလုပ်ထားသည့် စင်အသေး တစ်စင်လည်း ရှိသည်။
“ ဦးလေးကြီး … ခင်များအဲ့လောက်ထိ ဟာသလုပ်စရာလိုလို့လား …. ဘာလို့ နာမည်ကို ထူးထူးခြားခြားတွေ ပေးထားရတာလဲ ….”
“ သတ္တိကောင်းတဲ့ ကျွဲက အခက်အခဲတွေကို မကြောက်ဘူးဆိုပဲ … ဟူးရေး …..”
“ ငါသာ ဒီလူကြီးရဲ့ ရုပ်ကို မမြင်ခဲ့ဘူးဆိုရင် သူ့နာမည်ကို ကြည့်ပြီး ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်လို့ အထင်မှားသွားနိုင်တယ် ….”
“ အဲ့လောက်ကြီးလည်း အံ့ဩစရာ မလိုပါဘူးကွာ … အမျိုးသားတိုင်းမှာ ကလေးဆန်တဲ့ အသည်းနှလုံးကတော့ ရှိစမြဲပါပဲ ….”
“ ဒီအန်ကယ်ကြီး ရုပ်ဘယ်လောက်ရင့်တယ်ဆိုတာကို မမြင်နဲ့ … သူ့စိတ်အသက်က ဆယ်နှစ် ၊ ဒါမှမဟုတ် နှစ် ၂၀ လောက်ပဲ ရှိရင် ရှိဦးမှာ ….”
စိတ်ကျန်းမာရေး ဆေးခန်းအတွင်းတွင်တော့ .. ထိုလူ၏ မျက်နှာကို ကြည့်ရင်း ချန်ယွီ့၏ မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခုက ဖြစ်ပေါ်လာသည်။
“ အိုး အိုး ….”
ဆယ်ကီလိုမီတာကျော်အကွာ၊ ဟန်ကျိုးမြို့ ရာဇဝတ်မှု စုံစမ်းရေး ရုံးခန်း၌။
“ ကပ္ပတိန် ….” အသင်းသားတစ်ဦးက စခရင်ကို လက်ညှိုးညွှန်ပြလိုက်ပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ ဒေါက်တာချန်ရဲ့ ဒီလူနာမှာ ပြဿနာ တစ်ချို့ရှိနေလောက်တယ် မှန်တယ်မလား ….”
လီချန်ကျွင်းက လက်ထဲရှိ စီးကရက်တိုကို ဖိချေလိုက်ပြီး စခရင်ပေါ်ရှိ အမျိုးသားကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“ သူက ထောင်ထဲက လွတ်လာတဲ့ အကျဉ်းသားပဲ ….” လီချန်ကျွင်းက ခိုင်မာစွာ ဆိုလိုက်ပြီး “ သူ ထောင်ထဲမှာ အတော်ကြာကြာ နေခဲ့ရလောက်တယ် ….”
“ ကပ္ပတိန်က ဘယ်လိုလုပ်ပြီး အတိအကျ ပြောနိုင်နေရတာ …. မဟုတ်မှလွဲရော ဒေါက်တာချန်ဆီက သင်ထားတာများလား ….”
“ ဒေါက်တာချန်ကတောင် ဘာမှမပြောရသေးတာ ကပ္ပတိန်က ဘယ်လိုလုပ်ပြီး ကြိုသိနေတာ ….” နောက်ရှိ အသင်းသားကလည်း မေးမြန်းလိုက်သည်။
“ ကြမ်းပြင်ကို သေချာကြည့်လိုက် ….”
လီချန်ကျွင်းက လက်ဆန့်တန်းပြီး စခရင်ကို တို့၍ အသင်းဝင်တစ်ချို့ကို အနီးကပ် သေချာကြည့်ဖို့ လက်ဟန်ပြလိုက်သည်။
အခန်း၏ ကြမ်းပြင်က ညစ်ပတ်နေသည်။ ကွာစေ့များ၊ မြေပဲခွံများနှင့် အပြင်စာမှာစားထားသည့် ဘူးခွံများကို လက်လွှတ်စပယ် လွင့်ပစ်ထားသည်။
အသင်းသားများက အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။
အခန်းက ညစ်ပတ်နေသည်။ သို့သော် ဤအဘိုးကြီးက ထောင်ထွက်တစ်ယောက်ပါဟု သက်သေပြလောက်နိုင်စရာ မရှိပေ။
“ မင်းတို့ကို အတွေ့အကြုံ မရှိတဲ့ကောင်တွေလို့ ထပ်ခါတလဲလဲ ပြောနေတာ အခု မင်းတို့ နားလည်ပြီလား ….” လီချန်ကျွင်းက နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး “ ဒီလောက် မြင်သာနေတာကိုတောင် မင်းတို့ကောင်တွေ မပြောနိုင်ကြဘူး …..”
“ သူက အပြင်စာတွေ မှာစားထားတယ် … ဒါပေမယ့် တူကိုကျတော့ မထိထားဘူး … ဇွန်းချည်း သပ်သပ် စားသွားတာ ….”
“ မှတ်ထား … ထောင်ထဲမှာ တူတွေ ပေးမကိုင်ဘူး ….”
“ ထောင်သားတွေက ပလတ်စတစ် ဇွန်းနဲ့ပဲ ထမင်းစားလို့ရတယ် … ဘာလို့ဆိုတော့ တူတွေက တစ်ခါတစ်လေ လက်နက်ဖြစ်လာနိုင်လို့ပဲ ….”
“ မင်းတို့ အထဲကို ၂ နှစ် ၃ နှစ်လောက် ဝင်သွားရင်တော့ အဲ့ဒီ အကျင့်ကို ထွက်လာပြီးတာနဲ့ မကြာခင် ဖျက်နိုင်လိမ့်မယ် …”
“ နှစ်ရှည်အကျဉ်းသားတွေလောက်ပဲ ဒီလိုမျိုး ခိုင်မာတဲ့ အကျင့်ကို မဖျောက်ဖျက်နိုင်မှာ ….”