အကျဉ်းသားဟောင်းတစ်ဦး၏ ဘဝ
Vol. 30 Ch. 294
လီချန်ကျွင်း ရှင်းပြသည်ကို နားထောင်ပြီးနောက် အသင်းဝင်များက စခရင်ကို တစ်ဖန်ပြန်ကြည့်လိုက်ကြသည်။
ထင်မှတ်ထားသည့်အတိုင်းပဲ အသုံးမပြုဘဲ ကြမ်းပြင်ပေါ် အသစ်အတိုင်း ပစ်ထားသည်များက တူများ ဖြစ်လို့နေသည်။ များပြားလှသည့် ပလတ်စတစ်ဇွန်းများကိုတော့ အသုံးပြုပြီး ပတ်ပတ်လည်တွင် လွင့်ပစ်ထားသည်ကို မြင်နေရသည်။
ချန်ယွီ့ လက်မောင်းပိုက်လျက် ညင်သာစွာ ပြုံးရင်း စခရင်ကို ကြည့်လိုက်၏။
အဘိုးကြီးကလည်း အလားတူ ချန်ယွီ့ကို ပြန်ကြည့်နေသည်။
နှစ်ဦးလုံး မည်သူမျှ စကားမဆိုကြချေ။
နှစ်မိနစ် ကြာသွားပြီးနောက် ချန်ယွီ့ စကားစလိုက်၏။ “ ခင်များ ယွမ် တစ်သောင်းသုံးပြီး ဒီအကောင့် ဝယ်လိုက်တာက ကျုပ်နဲ့ စကားပြောဖို့ အခွင့်အရေး ရချင်ရုံသပ်သပ်ထက် မပိုဘူးပဲ ….”
“ အခု … ကျုပ်နဲ့ စကားပြောလို့ရပြီ …. ခင်များက ကျုပ် ခင်များရဲ့ လျှို့ဝှက်ချက်တွေကို ဖော်မှာ ကြောက်နေတာလား … မဟုတ်ဘူးဆိုရင် ဘာပြောရမှန်း မသိဘူး ဖြစ်နေတာလား ….”
ဤစကားက ကြည့်ရှုသူအများအပြားကို ရှော့ခ်ရသွားစေခဲ့သည်။
အဘိုးကြီးရဲ့ အွန်လိုင်းနာမည်က ဒီလောက် ထူးဆန်းနေတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ ငွေပေးပြီး အကောင့်ဝယ်ထားတာကိုး ….
ချန်ယွီ့လိုက်စထွင်းတွင် ယခင်ကလည်း ကြည့်ရှုသူ အများအပြားနှင့် တိုင်ပင်ဆွေးနွေးခဲ့ဖူးသည်။ သို့သော် ငွေသုံး၍ အခွင့်အရေးကို ရယူသည် တစ်စုံတစ်ယောက်နှင့် ကြုံတွေ့ဖူးသည်ကတော့ ပထမဆုံးအကြိမ်ပင်။
ဤအဘိုးကြီးတွင် ဇာတ်လမ်းတစ်ခုခုတော့ ရှိကိုရှိရမည်။ မဟုတ်လည်း အရေးတကြီး အကူအညီ လိုအပ်နေသည့်လူ ဖြစ်ရမည်။
မဟုတ်ဘူးဆိုပါက ယွမ်တစ်သောင်းသုံးပြီး ဒေါက်တာချန်နှင့် တိုင်ပင်ဆွေးနွေးနိုင်မည့် အခွင့်အရေးကို ဝယ်ယူခဲ့မှာ မဟုတ်ချေ။
“ ဒေါက်တာချန်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ …. မင်းဆီကနေ ဘာမှကို ဖုံးကွယ်ထားလို့ မရတာပဲ ….”
အဘိုးကြီးက ရယ်မောလိုက်သည်။ “ စောနတုန်းက တိုင်ပင်ဆွေးနွေးမှုက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ် … စိတ်လှုပ်ရှားဖို့ ကောင်းလွန်းလို့ ငါ့အသက်တောင် ထွက်လုနီးပါးပဲ …. အဲ့တာနဲ့ မနေနိုင်ဘဲ ယွမ် တစ်သောင်းသုံးပြီး မင်းနဲ့ စကားပြောနိုင်မယ့် အခွင့်အရေးကို ဝယ်လိုက်တယ် ….”
“ ခင်များရဲ့ နေ့ရက်တွေက တကယ်လည်း ကြိုးအစွန်းနဲ့ နီးလာနေပြီ ….”
ချန်ယွီ့၏ လေသံထဲတွင် လှောင်ပြောင်မှု တစ်ချို့ကို သယ်ဆောင်ထားလျက် ရှိသည်။
“ ထောင်ထဲက ထွက်လာပြီးတဲ့နောက်မှာ ကမ္ဘာကြီး တစ်ခုလုံးက အကြီးအကျယ် ပြောင်းလဲသွားတယ်လို့ ခင်များ ခံစားနေရတယ်မလား ….”
“ ဒီလောကကြီးက ခင်များနဲ့ သက်ဆိုင်တဲ့ လောကကြီး မဟုတ်တော့ဘူးလို့ တွေးနေမိတယ်မလား …..”
အဘိုးကြီးမှာ ကြက်သေသေသွားခဲ့၏။ ရှုပ်ထွေးသည့် အမူအရာ တစ်ချို့က သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
“ မင်းပြောတာ အတိအကျကို မှန်တယ် … ကမ္ဘာကြီးက ပြောင်းလဲတာ သိပ်မြန်လွန်းတယ် ….”
“ ငါ အဲ့ထဲကို ဆယ်နှစ်လောက်ပဲ သွားခဲ့တာ ပြန်ထွက်လာတော့ ရှေးဦးလူသားတစ်ယောက်လို ဖြစ်သွားခဲ့ပြီ ….”
“ သူတောင်းစား သေးသေးလေး တစ်ယောက်လိုမျိုး လက်ရှိ လူ့အသိုင်းအဝိုင်းကြီးက ငါ မထိတွေ့နိုင်တဲ့ တစ်စုံတစ်ရာလိုမျိုးပဲ ….”
ချန်ယွီ့ နောက်ကွယ်ရှီ စကားအဓိပ္ပာယ်ကို ကြားတော့ ကြည့်ရှုသူများမှာ အံ့အားသင့်ကုန်ကြသည်။
“ ငါ သူ့မျက်နှာကို ကြည့်ပြီး ရာဇဝတ်သား တစ်ယောက်များလားလို့ ထင်နေတာ တကယ်လည်း ဟုတ်နေတာပဲ ….”
“ ကွမ်းယွီကို ကိုးကွယ်ပြီး ဒီလောက်ခက်ထန်နေတာ မဆန်းတော့ပါဘူး …. ဆိုတော့ သူက လူမိုက်လောက ဘော့စ်ကိုး …..”
“ ထောင်ဆယ်နှစ် …. အတော်လေး ကြီးလေးတဲ့ ပြစ်မှုပဲ ….”
“ ရုပ်ပိုင်းဆိုင်ရာ မပြိုလဲရင်တောင် စိတ်ပိုင်းဆိုင်ရာကတော့ အတော်လေး လဲပြိုသွားလောက်တယ် ….”
သူ့ကြည့်ရှုသူများ၏ ကွန်းမန့်များကို ဖတ်ရင်း ချန်ယွီ့ ရေခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်မော့လိုက်သည်။
“ စောနကလူနာ သူတောင်းစားလိုမျိုး ဘဝနဲ့ ၁၂ နှစ်လောက် နေထိုင်ခဲ့ရတာကို မြင်တော့ ခင်များရဲ့ ဖိစီးနေတဲ့ စိတ်တွေကလည်း အတိုင်းအတာ တစ်ခုလောက်အထိ ပြေလျော့သွားခဲ့တယ်မလား …..”
“ ပြေလျော့သွားတာထက်ကို ပိုတယ် … လုံးဝ စိတ်ကျေနပ်ဖို့ကောင်းတယ် ….” အဘိုးကြီးက အတုအယောင် ပြုံး၍ “ အဲ့တုန်းက ငါဆိုတဲ့ကောင်က အကြည့်တစ်ချက်နဲ့တင် လူတိုင်းကို ကြောက်လန့်သွားစေတဲ့အထိ နာမည်ကြီးခဲ့တဲ့ကောင် ….”
“ ငါ ဘယ်နေရာကိုပဲသွားသွား ငါ့ဘေးနားမှာ လမ်းထိပ်ကနေ တန်းစီခိုင်းလိုက်ရင် လမ်းဆုံးထိ ပြည့်နှက်သွားလောက်မယ့် မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတယ် ….”
“ ငါ အပြင်ထွက်ပြီး တစ်ခုခု သွားစားတိုင်းလည်း စားသောက်ဆိုင် မန်နေဂျာ ၊ မဟုတ်ရင် ပိုင်ရှင်ကိုယ်တိုင်ကလာပြီး ငါ့ကို စီးကရက်လာကမ်းပေးပြီး တို့စ်လာလုပ်ပေးရတယ် ….”
“ သူတို့တွေ အကုန်လုံး ငါ စိတ်ဘဝင်ကျစေမယ့် ချီးကျူး မြှောက်ပင့်စကားတွေကို ပြောကြတယ် ….”
“ အဲ့ကောင်ပဲ … ၊ မဟုတ်သေးဘူး … အဲ့ဒီ မျိုးမစစ်လေးကပဲ ငါ့ကို ပြဿနာ ရှာရဲခဲ့တာ ….”
ထိုစဉ်အချိန်က မျက်နှာပျက်ခဲ့ရသည့် မြင်ကွင်းကို မြင်ယောင်မိတိုင်း သူ့မှာ ဒေါသထွက်နေမိဆဲပင်။
“ ဧကန္တ သူက …. အဲ့ဒီ လူမိုက် ……”
“ ငိုးပဲ … ဒါကြီးကတော့ သောက်ရမ်း ဒရာမာ ဆန်လွန်းသွားပြီ ….”
“ ဒီလောက် တိုက်ဆိုင်တာမျိုးတော့ မရှိနိုင်လောက်ပါဘူး ဟုတ်တယ်မလား ….”
“ ငါတို့က သူ့အတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးခဲ့တာလေ … ဘာလို့ ဒေါက်တာချန်ဆီ ဆက်သွယ်လာတာလဲ ….”
“ ကြားတဲ့အတိုင်းပဲလေ … ငွေပေးပြီး အခွင့်အရေးကို ဝယ်ခဲ့တာပါဆိုနေ ….”
“ ဒါ ဘယ်လို ဇာတ်လမ်းကြီးလဲ …. သူ့ကို ရိုက်ခဲ့တဲ့ကောင်ကျတော့ ထောင်ထဲ မသွားရဘဲ နစ်နာသူကကျတော့ ထောင်ဆယ်နှစ် ကျသွားခဲ့တယ် ….”
“ သူ့လို လူစားမျိုးက ထောင်ထဲသွားရတာ ပုံမှန်ပါပဲ … မရောက်သွားမှဘဲ ထူးဆန်းနေလိမ့်မယ် ….”
လူမိုက်ခေါင်းဆောင် တစ်ဦး ဖြစ်လာဖို့ရာအတွက် ဒုစရိုက်မျိုးစုံကို ကျူးလွန်ခဲ့ရမည်မှာ သဘာဝပင်။ အကယ်၍ သူတို့က မည်သည့် မတရားမှုကိုမျှ မပြုလုပ်ဘူးဆိုလျှင် ၎င်းတို့၏ ကြီးစိုးမှုကို မည်သို့ ပြသနိုင်မည်နည်း။
သူ၏ ကြွယ်ဝမှုနဲ့ ကျော်စောမှုတို့က အခြားသူများကို အနိုင်ကျင့်ပြီး ရရှိလာခဲ့သည့် အရာဖြစ်သည်။
ဤသို့သော လူစားမျိုး ထောင်ကျသွားသည်ကို ဆယ်နှ မပြောနှင့်၊ နှစ်တစ်ရာဆိုလျှင်ပင် အခြားသူကို အပြစ်မတင်ဘဲ မိမိကိုယ်ကိုသာ အပြစ်တင်သင့်သည်။
“ လူတိုင်းက အမှန်တရားကို မြတ်နိုးတဲ့လူတွေ ဖြစ်နေကြတော့ ငါ စိတ်ချပါပြီ ….”
ချန်ယွီ့ စိတ်ကျေနပ်စွာ ပြုံးလိုက်၏။
ပြီးနောက် ဤလူမိုက်ခေါင်းဆောင်က ဘာကြောင့် ထောင်ဆယ်နှစ် ကျသွားရလဲဆိုတာကို ရှင်းပြပေးသည်။
လူမိုက်ခေါင်းဆောင်၏ နာမည်ပြောင်က အစ်ကိုလုံ ဖြစ်ပြီး တစ်ခါက သူ့ပိုင်နက်အတွင်း အရက်စက်ဆုံးဖြစ်ခဲ့သူ တစ်ဦးပင်။
ရက်စက်ကြမ်းကြုတ်လွန်း၍ သူ့အမည်ကြားရုံမျှနှင့် ကလေးသူငယ်များကို ညဘက် အငိုတိတ်သွားစေသည်အထိကို မကောင်းသတင်းဖြင့် ကျော်ကြားလှ၏။
အကောင်းနှင့် အဆိုးက ပြုသည့်အတိုင်း ဖြစ်ပေါ်စေပြီး သူ၏ မောက်မာကြီးစိုးမှုသည်လည်း ကြာရှည်မခံခဲ့ပေ။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်] ထွက်ပြေးသွားပြီး ၂ နှစ်အကြာတွင် အစ်ကိုလုံသည် အာဏာပိုင်များ၏ အမှတ်မထင် ချေမှုန်းခြင်းကို ခံလိုက်ရသည်.
သူ တစ်ဦးတည်းတင်မက။ သူ့ဂိုဏ်း၏ ကျောရိုးများပင် ထောင်သွင်း အကျဉ်းချခံလိုက်ရသည်။ ၎င်းတို့အကုန်လုံး နှစ်အနည်းငယ်မှ ဆယ်နှစ်အထိ ကိုယ်စီ ပြစ်ဒဏ်ပေးခံလိုက်ရလေသည်။
“ အစ်ကိုလုံ … ကျုပ် ပြောတာ မှန်တယ်မလား …..”
“ ထောင်ဆယ်နှစ် ကျခံလိုက်ရတာက ခင်များမှာ ရှိသမျှ အရာအားလုံးကို ဆုံးရှုံးသွားစေခဲ့တယ် … အဲ့တာက ဒီရဲ့ လူ့အဖွဲ့အစည်းကြီးကို တစ်ဖန်ပြန်ပြီး နားလည်မှု အသစ် ရသွားခဲ့စေဖို့ တွန်းအား အသစ်တစ်ခုဆိုလည်း ဟုတ်တယ် ….”
“ ခေတ်က အရင်တုန်းကလို မဟုတ်တော့ဘူး … အရင် ခင်များ လူမိုက်ခေါင်းဆောင် လုပ်တဲ့ခေတ်တုန်းကဆိုရင် ခင်များတို့ လူမိုက်ခေါင်းဆောင်တွေက လူ့အဖွဲ့အစည်းကြီးကို လက်တစ်ဖက်တည်းနဲ့ ထိန်းချုပ်နိုင်တယ် ….”
ချန်ယွီ့ သူ့အထောက်အထား ထုတ်ဖော်လိုက်သည်ကို အစ်ကိုလုံ အံ့အားမသင့်သွားခဲ့ပေ။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ တိုင်ပင်ဆွေးနွေးမှုကို ကြည့်ရှုပြီးနောက် ချန်ယွီ့က အတိတ်နှင့် အနာဂတ်ကို ခန့်မှန်းတွက်ချက်နိုင်သူ ဖြစ်ကြောင်း အစ်ကိုလုံ သိထားပြီး ဖြစ်သည်။
ထို့ကြောင့် … သူ့နာမည်ပြောင်ကို သိနေသည်က မထူးဆန်းတော့ပေ။
“ မင်းမှန်တယ် … ခေတ်ကာလတွေက တကယ်ကို ပြောင်းလဲသွားခဲ့ပြီ …..”
“ ဒီခုခေတ်က ရန်ဖြစ်သတ်ပုတ်နေရတော့မယ့်ခေတ် မဟုတ်တော့ဘူး ….”
“ ငါ ထောင်က ထွက်လာပြီး မကြာခင်မှာပဲ မနက်စာ ထွက်စားတာ ပိုက်ဆံ မေ့လာခဲ့တယ် … ဆိုင်ရှင်က ငါ့ကို ဆွဲထားပြီး လုံးဝ လွှတ်မပေးဘူး ….”
“ အရင်တုန်းကဆို အကြည့်တစ်ချက်နဲ့တင် လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်စေခဲ့တဲ့ငါက … အခုတော့ မဖြစ်နိုင်တော့ဘူး ….”
“ သူတို့ကို ငါ့အရင် အတိတ်တုန်းက ဂုဏ်သတင်းတွေအကြောင်း ပြောပြရင်တောင် မကြောက်ကြတော့ဘူး …. ရဲကို ဖုန်းဆက်ပြီးတောင် ဖမ်းခိုင်းလိုက်ကြသေးတယ် ….”
ထောင်က ထွက်လာခဲ့ပြီးနောက် အစ်ကိုလုံသည် လက်ရှိ လူမှုအသိုင်းအဝိုင်းကြီး၌ သူ့အတွက် ရှင်သန်ရ နေရာတစ်ခု မရှိတော့သည်ကို ရှော့ခ်ရစွာ တွေ့ရှိလိုက်ရသည်။
အကယ်၍ သူသာ ပြဿနာ တစ်ခုခု ရှာချင်သည်ဆိုပါက ဖြတ်သွားဖြတ်လာ တစ်ဒါဇင်လောက်က သူ့အား ဓာတ်ပုံနှင့် ဗွီဒီယိုများ ရိုက်ကြ၏။
နောက်ပိုင်းတွင် ကိုယ်ပိုင် သတင်းမီဒီယာ ချာနယ်များ ရှိနေကြောင်းကို သူ သိရှိလိုက်ရသည်။
အသေးအမွှား ကိစ္စလေးတစ်ခုပင်လျှင် ဗွီဒီယိုရိုက်၍ လိုင်းပေါ်တင်လိုက်မည်ဆိုပါက ချက်ချင်းပဲ မရေမတွက်နိုင်သည့် လူများ၏ အာရုံကို ဆွဲဆောင်သွားလိမ့်မည်။
“ အရင်က ကိစ္စတွေ အကြောင်း မပြောနဲ့တော့ … ငါလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ထောင်ဆယ်နှစ်ကျပြီး ပေးဆပ်ခဲ့ပြီးပြီ ….”
ဤတစ်ကြိမ်တွင်တော့ အစ်ကိုလုံသည် ပိုက်ဆံသုံး၍ ချန်ယွီ့နှင့် တိုင်ပင်ဆွေးနွေးရန် အခွင့်အရေးကို ရယူခဲ့သည်က ချန်ယွီ့ထံမှ အကူအညီတစ်ခု တောင်းဆိုချင်၍ပင်။
“ ညီကိုတို့ … ဒါက ဒေါက်တာချန်ရဲ့ စိတ်ကျန်းမာရေး အသိပညာပေး လိုက်စထွင်းလား … ဒါမှမဟုတ် ဆုတောင်းပြည့် ရေကန်ကြီးလား …..”
“ မင်းက လူဖြစ်ဖြစ် ၊ တစ္ဆေဖြစ်ဖြစ် ဒေါက်တာချန်ကိုသာ လာရှာလှည့် ….”
“ ဒီလူက ဒေါက်တာချန်ကို အကူအညီတောင်းချင်နေတယ်ဆိုတော့ ဘယ်လို comeback ပြန်လုပ်ရင် ကောင်းမလဲဆိုတဲ့ နည်းများလား ….”
“ ငါ့ဖျင်ကြီးပဲ comeback လိုက်ပါလား … ဒီလိုကောင်စားမျိုးကို လူတိုင်း ဖိနပ်နဲ့ နင်းသွားသင့်တာ … သူ့ကို မြင်တဲ့ ဘယ်သူမဆို ခြေထောက်နဲ့ ငယ်ထိပ်ကို ဆောင့်နင်းသွားသင့်တယ် ….”
“ လူတိုင်းပဲ မပူကြပါနဲ့ …. လူဆိုးတော်တော်များများကိုလည်း ဒေါက်တာချန် ထောင်ထဲ ပို့ပေးပြီးသွားပြီ ….”
“ ယုတ္တိရှိတယ် … ဒီလူအိုကြီးဆိုလည်း ခြွင်းချက် ဖြစ်မှာ မဟုတ်ဘူး ….”
အစ်ကိုလုံ၏ မျက်နှာမှာ နက်မှောင်သွားခဲ့ပြီး သူ့ညာဘက်လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိလိုက်သည်။
အကယ်၍ လွန်ခဲ့သော ဆယ်နှစ်အချိန်က ဖြစ်ခဲ့မည်ဆိုပါက တစ်ယောက်ယောက်က သူ့ကို လှောင်ပြောင်ဝံ့လျှင် သူ၏ မရေမတွက်နိုင်သည့် လက်အောက်ငယ်သားများက ထိုလူကို သူ့အမိန့်တစ်ချက်နှင့် အပိုင်းပိုင်း ပြုလုပ်ပြီးလောက်ချေပြီ။
ယခုအချိန်၌ စကားတစ်ခွန်းက အစ်ကိုလုံ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။
ရေတိမ်မှာဆိုရင် နဂါးတစ်ကောင်ကတောင် ပုစွန်တစ်ကောင်ရဲ့ ကျီစယ်တာကို ခံရမယ် … သစ်ပင်မဲ့တဲ့ ဟာလာဟင်းလင်း ကွင်းပြင်မှာဆိုရင် ကျားတစ်ကောင်ကတောင် ခွေးအနိုင်ကျင့်တာကို ခံရလိမ့်မယ် ….
လွန်ခဲ့သော ဆယ်နှစ်ကျော်က သူ့ကို စိန်ခေါ်ဝံ့သူများသည် နေရာမှာတင် သေလျှင်သေ၊ မသေလျှင် သူတို့မိသားစုဝင်များကို ဆုံးရှုံးပြီး ဘဝပျက်ကြတာ များသည်။
ခေတ်ကာလတို့က အမှန်တကယ် ပြောင်းလဲသွားခဲ့လေပြီ။ မည်သူကမျှ သူ့ကို အမှုမထားကြတော့ပေ။
ဤ သိမ်ဖျင်းသည့် အင်တာနက် အသုံးပြုသူ တစ်သိုက်ကသာလျှင် သူ့ကို လှောင်ပြောင်ဝံ့ကြသည်မဟုတ်ဘဲ ၊ သူ၏ ယခင် လက်အောက် ငယ်သားများကပင်လျှင် သူ့အား အလေးအနက် မထားကြတော့ပေ …..