ခင်များကို အလကားနေရင်း ပိုက်ဆံရအောင် ကူညီပေးနေတာ
Vol. 30 Ch. 296
အသံက အတော်လေးကို ခပ်သွက်သွက် ထုနေသည်။
အစ်ကိုလုံမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး ဖုန်းကိုင်၍ တံခါးပေါက်ဝသို့ ဦးတည်လိုက်၏။
တံခါးပေါက် အပြင်ဘက်တွင် လက်နက်ကိုင် ရဲအရာရှိ အများအပြား ရောက်ရှိလို့နေသည်။
“ ဆရာတို့ပါလား … ကျေးဇူးပြုပြီး အထဲဝင်ကြပါဦး ….” အစ်ကိုလုံက ပြုံးလျက် ကြိုဆိုလိုက်သည်။
“ ကျုပ်တို့ မဝင်တော့ပါဘူး ….” ခေါင်းဆောင်ရဲအရာရှိက ပြောလိုက်ပြီး “ ခင်များ ဖုန်းထဲမှာ လူသတ်သမား ဘယ်သူဆိုတာ သိတယ်လို့ ပြောခဲ့တယ်နော်… ခင်များက ဘယ်လိုလုပ် သိတာ ….”
“ ဆရာတို့ … ခဏလေး စောင့်ပေးပါဦး ….”
“ ဒေါက်တာချန် … အခု ရဲတွေ ဒီရောက်လာပြီ … လူသတ်သမား ဘယ်သူဆိုတာ ငါ့ပြောတော့ …..” အစ်ကိုလုံက စခရင်သို့ ကြည့်ပြီး ပြောလိုက်သည်။
“ လူသတ်သမားက ကျုပ်တို့ ရှေ့တည့်တည့်မှာပဲ ….” ချန်ယွီ့က မနှေးမမြန်လေသံဖြင့် ဆိုလိုက်ပြီး “ ခင်များကလွဲပြီး တစ်ခြားလူ မဟုတ်ဘူး ….”
“ ငါလား ….”
အစ်ကိုလုံမှာ ချက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး သူ၏ အမူအရာမှာ တစ္ဆေတစ်ကောင် မြင်တွေ့လိုက်ရသည့်နှယ် ပြောင်းလဲသွားခဲ့သည်။
သဲလွန်စ စုဆောင်းဖို့ ရောက်ရှိလာသည့် ရဲအရာရှိများလည်း ထိုစကားကြောင့် ရှော့ခ်ရသွားခဲ့ကြ၏။
ချက်ချင်းပဲ သူတို့လက်များက လက်နက်အပေါ်သို့ အသင့် ရောက်ရှိသွားခဲ့ကြသည်။
“ ချန်ယွီ့ … မင်းငါ့ကို လာနောက်နေတာလား ….”
“ တကယ်လို့ ငါက လူသတ်သမားဆိုရင် ဘာကိစ္စ ငါ့ကိုယ်ငါ သတင်းပေးရမှာလဲကွ ….”
အစ်ကိုလုံသည် သူ၏ ဒေါသကို မျိုသိပ်ရင်း ပြောလိုက်ပြီး “ ပေါက်ကရတွေ လျှောက်လုပ်မနေနဲ့တော့ … ရဲအရာရှိကြီးတွေက အလုပ်များတယ် … သူတို့အချိန်တွေကို မဖြုန်းနဲ့ ….”
“ ကျုပ် နောက်နေတာ မဟုတ်ဘူး … တကယ်ပဲ ခင်များက လူသတ်သမား ….”
“ ရှော့ခ်ရဖို့ကောင်းတယ်ဟုတ် ….”
ချန်ယွီ့ နှာမှုတ်လိုက်သည်။
“ ယီးပဲ ချန်ယွီ့ ….”
“ ငါမလုပ်ခဲ့ဘူးကွ ….” အစ်ကိုလုံ အံကြိတ်ရင်း ပြောလိုက်ပြီး “ ငါ မလုပ်ခဲ့ဘူး … ဘယ်ကမှန်း မသိတဲ့ ချီးထုပ်တွေ ငါ့ခေါင်းပေါ် လာတင်ဖို့ မကြိုးစားနဲ့ ….”
ရဲအရာရှိများလည်း မရေမရာ ဖြစ်နေကြသည်။ မည်သူကမျှတော့ ကိုယ့်ကိုယ်ကို သတင်းပေးရလောက်သည်အထိ တုံးအလိမ့်မည် မထင်ပေ။
သို့သော် တစ်စုံတစ်ယောက်က အစ်ကိုလုံကို လူသတ်သမားတဲ့လော …
အခုက ဘာတွေ ဖြစ်နေတာလဲ ….
Prank လုပ်နေတာများလား ….
“ မနေ့ညတုန်းက ခင်များရဲ့ အရင်လက်အောက်ငယ်သားတစ်ယောက်ဆီ ငွေသွားတောင်းခဲ့တယ်မလား ….” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲဆိုလိုက်သည်။
“ ဟုတ်တယ် … ငါသွားခဲ့တယ် …..”
သူ့နာမည် ဖြူစင်ကြောင်း သက်သေပြရန်အတွက် အစ်ကိုလုံသည် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကို ကိုယ့်ဘက်က ဦးအောင် ရှင်းပြလိုက်သည်။
ယမန်နေ့ညတုန်းက သူ လမ်းသလားနေစဉ် ဇိမ်ခံကားတစ်စင်းက clubhouse ဝင်ပေါက်ဝ၌ ထိုးရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဝတ်စုံပြည့်နှင့် သားနားစွာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ကားပေါ်က ဆင်းလာသည်။
ထိုလူကတော့ သူ့ အရင် လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသူကလွဲ၍ အခြားသူ မဟုတ်ပေ။ အစ်ကိုလုံ၏ ယာဉ်မောင်း ဖြစ်၏။
သူတို့တွေ နောက်ဆုံး တွေ့ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး … ယခုအချိန်တွင်တော့ ဒရိုင်ဘာလုပ်ခဲ့ဖူးသူက ဇိမ်ခံကားကြီး စီးလို့နေသည်။
အစ်ကိုလုံမှာ အခြားသူများ ဟန့်တားသည်ကိုပင် ဂရုမစိုက်တော့ဘဲ clubhouse ထဲသို့ ပြေးဝင်သွားခဲ့၏။ ကောင်းစားနေသည့် သူ့လက်အောက်ငယ်သား၏ အခြေအနေကို အခွင့်ကောင်းယူချင်သည်။
အကယ်၍ ယွမ်သောင်းဂဏန်းလောက် မရလျှင်ပင် ယွမ်ရာဂဏန်း အနည်းငယ်လောက်ဆိုလျှင်လည်း အဆင်ပြေ၏။
“ အဲ့ ခွေးမသား ….”
“ ဒင်းက ငါ့ကို ယွမ်နှစ်သောင်း ပစ်ပေါက်ပြီး ဘီယာ ဆယ်ဖာကုန်အောင် သောက်ဆိုပဲ ….”
အစ်ကိုလုံက သူ့ဒရိုင်ဘာကို ကျိန်ဆဲလိုက်သည်။
ဘီယာဆယ်ဖာ။ ဘီယာပုလင်း စုစုပေါင်း ၁၂၀ ရှိသည်။ အကုန်သောက်ရမည်ဆိုပါက သူ ချက်ချင်း ဂန့်သွားနိုင်သည်။
“ နောက်ဆုံးတော့လည်း ခင်များ ယွမ်နှစ်သောင်း ရခဲ့တာပဲမလား ….” ချန်ယွီ့ ပြောလိုက်သည်။
“ ငါ့ အသက်နဲ့ ရင်းပြီး ရခဲ့တာကွ ….”
အစ်ကိုလုံက ဒေါသတကြီးနှင့် တံတွေးထွေးလိုက်ပြီး “ အဲ့ခွေးမသားတွေက ငါ့ကို မျောက်စသလို ဝိုင်းစကြတယ် …. တစ်ဝက်လောက် သောက်ပြီးတော့ ငါ့အစာအိမ်တောင် အန်ထုတ်လုနီးပါးပဲ ….”
“ ပိုက်ဆံတွေကို မြေပေါ် ပြန့်ကျဲပြီး ငါ့ကို လှောင်ရယ်တဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ် ….”
“ ငါ ခါးကုန်းပြီး ပိုက်ဆံကောက်တာကို သူတို့က မကျေနပ်ဘူး … ဒူးထောက်ပြီးတော့မှ ပိုက်ဆံ ကောက်ခိုင်းတယ် …”
“ အဲ့နောက် ဘာဆက်ဖြစ်လဲ ….” ချန်ယွီ့ မေးလိုက်သည်။
“ ငါ အိမ်ပြန်ပြီး အိပ်တယ်လေ … မနက်မိုးလင်းတဲ့အထိ ငါ အိပ်နေခဲ့တာပဲ …”
“ ကွမ်းယွီနတ်မင်းကို တိုင်တည်ပြီး ငါ့နာမည် တစ်လုံး ဖန်တီးပါ့မယ်ဆိုပြီး ကျိန်တယ် ….”
“ ထမင်းစားပြီးတော့ ဘဏ်ကိုသွား ၊ ငွေသွားထုတ် ၊ အိမ်ပြန်လာတော့ ပြန်အိပ်တယ် ၊ ဒါပဲ ….”
“ နိုးပြီး ခဏကြာတော့ မင်းရဲ့ လိုက်စထွင်းကို ကြည့်တယ် ….”
သူ့စကားဆုံးတော့ အစ်ကိုလုံ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ပြုံးလိုက်၏။
“ ဆရာတို့ .. ငါ ပြောသွားခဲ့တာ အကုန်အမှန်တွေပါ …. မင်းတို့ သွားပြီး စုံစမ်းကြည့်လို့ရတယ် … ငါက တကယ့်ကို လူသတ်သမား မဟုတ်တာပါ ….”
“ ခင်များ ငွေရပြီးတော့ အိမ်ပြန်မလာခဲ့ဘူး ….” ချန်ယွီ့ တည့်တိုးပဲ ပြောလိုက်သည်။
“ အဲ့တုန်းက ခင်များ အတော်လေး မူးနေခဲ့တာ … ခြေထောက် သုံးလေးလှမ်းလျှောက်ပြီးတော့ အသိစိတ် မရှိတော့ဘူး ….”
“ ခင်များလက်ထဲ ကိုင်ထားတဲ့ ပိုက်ဆံတွေကြည့်ပြီး … အရင်ဆယ်နှစ်တုန်းက ခင်များ နေခဲ့တဲ့ နေရာကို ပြန်သွားခဲ့တယ် …”
“ ဗီလာတစ်လုံးကို တွေ့တော့ ခင်များ ဝင်သွားခဲ့တယ် …”
“ အဲ့တာက ခင်များရဲ့ အရင်အိမ် … ဒါပေမယ့် အခုတော့ တစ်ခြားတစ်ယောက်ရဲ့ အိမ် ဖြစ်နေပြီ …..”
“ ခင်များက တံခါးခေါက်တော့ မရင်းနှီးတဲ့ အမျိုးသမီး တစ်ယောက်က ခင်များရဲ့ ရှေ့မှာ ပေါ်လာတယ် ….”
“ ခင်များကတော့ အဲ့တုန်းက ခင်များရဲ့ ရည်းစားအထင်နဲ့ သူ့ကို ဘာစကားမှမပြောဘဲ ဧည့်ခန်းထဲ ခေါ်သွားတယ် …”
“ အမျိုးသမီးကလည်း သူတော့ လူမိုက်တစ်ယောက်နဲ့ တိုးပြီ ထင်ပြီး ရှိသမျှအားနဲ့ အသားကုန် ရုန်းတယ် … အဲ့မှာ မတော်တဆ ခင်များရဲ့ မျက်နှာကို လက်သည်းနဲ့ ခြစ်မိသွားခဲ့တယ် ….”
“ ခင်များရဲ့ ခန္ဓာကိုယ် မသိစိတ်က အရင် ဆယ်နှစ်ကာလကို ရောက်နေတာ …. တစ်ယောက်ယောက်က ခင်များကို မရိုမသေ လုပ်ရဲရင် ရက်ရက်စက်စက် ပြန်ပြီး လက်စားချေမှာပဲ … အမျိုးသမီးက ခင်များရဲ့ နှလုံးသားထဲမှာ ပုန်းဝပ်နေတဲ့ ရက်စက်မှုသားကောင်ကို နှိုးဆွပေးသလို ဖြစ်သွားခဲ့တယ် …”
“ ခင်များက ဆေးလိပ်ပြာခွက်ကို ကောက်ကိုင်ပြီး အမျိုးသမီးရဲ့ ဦးခေါင်းကို သေသွားတဲ့အထိ ထုနှက်ခဲ့တယ် …”
“ သူ့ကို သတ်ပြီးတဲ့နောက်မှာ ခင်များ အတော်လေး မောဟိုက်လို့ ပင်ပန်းသွားခဲ့ပြီး ချွေးတွေလည်း အတော်ထွက်နေပြီ … ခင်များ အရင်တုန်းက ပင်ပန်းလာရင် ချွေးထုတ်ခန်း သွားပြီး အနားယူတတ်တာကို မှတ်မိတော့ ဒယိမ်းဒယိုင်နဲ့ပဲ ဗီလာထဲက ထွက်ခွာသွားခဲ့တယ် ….”
“ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ခင်များ လမ်းဘေးမှာ အိပ်ပျော်သွားခဲ့တယ် ….”
“ အေးစက်တဲ့ လေပြင်းကြောင့် ခင်များ နိုးလာတဲ့အထိပဲ ….”
“ ခင်များခေါင်းကလည်း နည်းနည်းကြည်လာတော့ အိမ်ပြန်လာပြီး ဆက်အိပ်တယ် ….”
“ အဓိပ္ပာယ်မရှိတာ … ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး … ငါ ဘယ်သူ့ကို မသတ်ခဲ့ဘူး …..”
အစ်ကိုလုံ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
“ အခင်းနေရာမှာ ခင်များရဲ့ လက်ဗွေရာတွေ ချန်ထားခဲ့တယ် … ရဲတွေ လက်ဗွေရာ တိုက်စစ်ပြီးသွားရင် ချက်ချင်း သိသွားမှာပဲ ….”
“ သူ့ကို ဖမ်းလိုက် ….”
ချန်ယွီ့ စကားဆုံးသည်နှင့် ရဲအရာရှိ အများအပြားက အစ်ကိုလုံပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
သံလက်ထိပ်၏ အေးစက်သည့် ခံစားချက်က အစ်ကိုလုံ၏ လက်ပေါ် ကျရောက်လာခဲ့၏။
လိုက်စထွင်းလည်း ထိုနေရာတွင် အဆုံးသတ်သွားခဲ့လေသည်။
“ ဒါပဲလား ….”
“ လိုက်စထွင်းက အဆုံးသတ်သွားပြီ … အစ်ကိုလုံလည်း ဖမ်းခံလိုက်ရပြီ ….”
“ ဟားဟား …. အဓိပ္ပာယ် နှစ်ခွနဲ့ … စကားလုံးတွေရဲ့ နောက်ကွယ်မှာ အံ့ဩဖို့ကောင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေတာပဲ ….”
“ ရဲတပ်ဖွဲ့ကလည်း နှေးလွန်းပါတယ် … ဘာလို့ အစ်ကိုလုံကို ချက်ချင်း မဖမ်းလိုက်ကြလဲ မသိဘူး ….”
“ တစ်ခုခု ဖုံးကွယ်ထားတာ ရှိရမယ် ….”
“ ဒေါက်တာချန်က လိမ်ညာခဲ့တယ်ဆိုပေမယ့် အဖြူရောင် မုသားလေးပါပဲ …. တကယ်လို့ အဲ့လိုသာ မပြောခဲ့ဘူးဆိုရင် သူကလည်း သူ့ကိုယ်သူ သတင်းပေးမှာမှ မဟုတ်တာ ….”
ကွန်းမန့်ခန်းထဲ၌ လင်ကွင်းသံ၊ ဗုံသံ၊ မီးရှူးမီးပန်း ဖောက်သံတို့ ပြည့်နှက်နေသည်။
လက်မထောင်ပြသည့် အီမိုဂျီ အများအပြား ထွက်ပေါ်လာပြီး ချန်ယွီ့ကို ချီးမွမ်းနေကြသည်။
“ အားလုံးပဲ … နားလည်မှု မလွဲကြပါနဲ့ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒေသခံ ရဲတပ်ဖွဲ့က မနှေးပါဘူး ….”
“ အစ်ကိုလုံက မနေ့မနက်ခင်း အစောပိုင်းလောက်မှာ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ် … သေသွားတဲ့လူရဲ့ ခင်ပွန်းက အလုပ်ခရီးကနေ အိမ်ကို ပြန်ရောက်လာတာ ဘယ်နှနာရီမှ မကြာသေးဘူး …”
“ သူ့မိန်းမ အသတ်ခံလိုက်ရတာကို မြင်တော့ ချက်ချင်းပဲ ရဲကို ဖုန်းဆက်လိုက်တယ် …”
“ အာဏာပိုင်တွေကလည်း စုံစမ်း စစ်ဆေးနေကြပြီ … အစ်ကိုလုံက ငါ့ဆီ မရောက်လာခဲ့ဘူးဆိုရင်တောင် သူက ဖမ်းခံရဦးမှာပဲ ….”
“ ဒေါက်တာတစ်ယောက်ဖြစ်တဲ့ ငါက လူကို ဘာလို့ လိမ်ရမှာ ….”
ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့် တစ်ချို့က ချန်ယွီ့၏ မျက်လုံးရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
တကယ်လို့ ချန်ယွီ့က အစ်ကိုလုံကို မလိမ်ညာခဲ့ဘူးဆိုရင် အိပ်နေရင်းတောင် ပိုက်ဆံရှာနိုင်မယ် ဆိုတာကရော ဘာကို ပြောချင်တာလဲ …..
“ အစ်ကိုလုံက ဘီယာတွေ အများကြီး သောက်ခဲ့တော့ သူ့ဦးနှောက်ကို သိစိတ်က မထိန်းချုပ်နိုင်တော့ဘူး ….”
“ သူ လူတစ်ယောက်ကို သတ်ခဲ့မိမှန်း ကိုယ့်ကိုယ်ကိုတောင် မသိခဲ့ဘူး ….”
“ သူ့ကို အေးဆေး အိပ်နေရင်း ငွေရှာနိုင်မယ်လို့ ပြောတာ ညာနေတာ မဟုတ်ဘူး ….”
“ သူ သေသွားခဲ့ရင် အုတ်ဂူထဲ လဲနေရမှာပဲလေ ….”
“ တစ်ခြားလူတွေက သူ့ကို အရိုအသေပေးဖို့ သင်္ချိုင်းငွေတွေ မီးရှို့ပေးကြလိမ့်မယ် … အဲ့တာ အေးဆေး အိပ်နေရင်း ငွေဝင်နေတာပဲ မဟုတ်လား …”
ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ရှင်းပြလိုက်သည်။
ကြည့်ရှုသူများမှာ စက္ကန့်အနည်းငယ်မျှ ကြက်သေသေသွားခဲ့ကြပြီး ကျယ်လောင်စွာ ရယ်မောလာခဲ့ကြ၏။
ဆိုတော့ အေးဆေး အိပ်နေရင်းတောင် ငွေဝင်မယ်ဆိုတာက အဲ့သဘောကို ပြောချင်နေတာကိုး …
အဲ့တာလည်း စီးပွားရေးပဲလေ … တန်ကြေးက နည်းနည်းလေး သနားဖို့ကောင်းတယ်ဆိုပေမယ့်ပေါ့ …..
ဤသို့ဖြင့် ဒုတိယအကြိမ် တိုင်ပင်ဆွေးနွေးမှုက လူတိုင်း မျှော်လင့်မထားသည့် နည်းလမ်းဖြင့် အဆုံးသတ်သွားခဲ့သည်။
ချန်ယွီ့ ဘာမျှ မပြောနိုင်သေးခင်မှာပဲ တတိယ လူနာက ဝင်ရောက်လို့လာလေချေပြီ။