မိုက်လိုက်တဲ့ သမီး ၊ ဒါကို ပိုက်ဆံခိုးတယ် ခေါ်တယ်
Vol. 30 Ch. 299
‘ မွေးစားအဖေ’ ဆိုသည့် စကားလုံးကို ကြားတော့ ကြည့်ရှုသူ တော်တော်များများမှာ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့ကြသည်။
မွေးစား အဖေဆိုပါလား …
ဒါ ကိုယ့်ကိုယ်ကို ဖျက်စီးပစ်လိုက်တာနဲ့ အတူတူပဲ မဟုတ်လား ….
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ချန်ယွီ့ လိုက်စထွင်းထဲသို့ မဆင်မခြင် ဝင်ရောက်လာခဲ့ပြီး သူမ၏ အစွန်းရောက် အမျိုးသမီး ဝါဒီများအား ဖြန့်ကျက်ခဲ့သည်။
များမကြာမီ သူမ၏ ကျောင်းသားများကို အနိုင်ကျင့်သည့် မကောင်းသည့် ကိစ္စရပ်များက ချန်ယွီ့၏ ဖော်ထုတ်ခြင်းကို ခံလိုက်ရ၏။
အဆိုပါ အတင်းအဖျင်း ကိစ္စရပ်ကို မဖြေရှင်းနိုင်သေးခင်မှာပဲ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည် သူမ၏ မွေးစားအဖေထံမှ ဖုန်းဝင်လာခဲ့၏။
“ ငါ တစ်ခုလောက် မေးချင်လို့ပါ … ဟိုလို ဆက်ဆံရေးမျိုးနဲ့ မွေးစားအဖေလား ….”
“ အိုးဟိုး … မင်းက ပိုက်ဆံ ဘယ်လိုရှာရမလဲတော့ သိနေတာပဲ …”
“ ငါလည်း သူ့ကို တစ်ညလောက် ခေါ်ချင်တာ ဘယ်ဈေးရှိလဲ မသိဘူး ….”
“ မွေးစားဖေဖေ … ကျေးဇူးပြုပြီး မလိမ္မာတဲ့ သမီးကို အပြစ်ပေးပါ ….”
“ သင့်တင့်လျောက်ပတ်တဲ့ လူဘယ်လောက်များများကများ သူတို့ရဲ့ မွေးစားမိဘတွေကို အသိအမှတ်ပြုကြလို့လဲ ….”
“ ငါ့အဖေမှာဆို မွေးစားသား သုံးယောက်နဲ့ မွေးစားသမီး တစ်ယောက် ရှိတယ် ….”
“ ငါ့နောက်ကလိုက်ဆို … ၊ ကြောင်သူတော် ….”
“ အရင်တုန်းကတော့ ဒီစကားလုံးက ဒီစကားလုံးပဲ … အခုတော့ မတူတဲ့ အဓိပ္ပာယ်တွေနဲ့ ဖြစ်ကုန်ပြီ ….”
‘ မွေးစားအဖေ’ဆိုသည့် စကားလုံးက စနောက် ကျီစယ်သည့် ကွန်းမန့်အများအပြားကို ဆွဲဆောင်သွားခဲ့သည်။
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က စခရင်ကို မျက်လုံးထောင့်ကပ်၍ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အဆုတ်များ ပေါက်ကွဲထွက်တော့မည့်နှယ် ခံစားလိုက်ရသည်။
“ မွေးစား … ဦးလေးကောင်း … ကျွန်မ ဒီမှာ ကိစ္စလေး ရှိနေသေးလို့ ဖုန်းအရင် ချလိုက်တော့မယ် … “
ထိုသို့ပြောပြီးနောက် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည် တုံ့ဆိုင်းခြင်း မရှိ ဖုန်းချလိုက်၏။
“ နင်တို့ လောက်ကောင်တွေက ပိုးကောင်တွေထက်တောင် ရွံဖို့ကောင်းသေးတယ် … နင်တို့ ဦးနှောက်ထဲမှာ အဲ့ဒီ ညစ်ညမ်းတာတွေနဲ့ ပြည့်နေလိုက်ကြ ….”
“ ဦးလေးကောင်းနဲ့ ငါ့အဖေက သူငယ်ချင်းကောင်းတွေ … သူက နင်တို့ ထင်နေသလို မဟုတ်ဘူး ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည် ကြည့်ရှုသူများကို ညစ်ညမ်းသည့် အတွေးများနှင့် ပြည့်နှက်နေရကောင်းလားဟု ကျိန်ဆဲလိုက်ပြီး သူမနှင့် မွေးစားအဖေ ဖြစ်သူ၏ ဆက်ဆံရေးကို ရှင်းပြလိုက်သည်။
“ အားလုံးပဲ …” ချန်ယွီ့ ပြုံးလျက် “ ငါတို့က အခု သင့်တင့်လျောက်ပတ်တဲ့ လိုက်စထွင်းထဲကို ရောက်နေတာလေ … အဲ့လို အောက်တန်းကျတဲ့ အရာတွေ မပြောကြပါနဲ့ …”
“ သူနဲ့ သူ့မွေးစားအဖေရဲ့ ပတ်သက်မှုက တကယ်လည်း မင်းတို့ ထင်နေသလို မဟုတ်ဘူး ….”
“ ဒီလူနာရဲ့ မိသားစုမှာ အားကောင်းတဲ့ ကျောထောက်နောက်ခံတွေ ရှိတယ် …”
“ သူ့အဖေက စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးပဲ … သူ့ပိုင်ဆိုင်မှုတွေကလည်း ယွမ် မီလီယမ် သန်းရာနဲ့ချီတယ် ….”
“ နှစ်တွေ အများကြီးကြာအောင် မမောနိုင် မပမ်းနိုင်နဲ့ကုမ္ပဏီကို ဝိတ်လျော့အောင် ကူညီပေးခဲ့တယ် …”
“ သူ့ကိုယ်ပေါ် ဝိတ်တစ်ချို့ တင်ခံပြီး ကုမ္ပဏီကို သေးသွယ်သွားအောင်လည်း ကူညီပေးတတ်သေးတယ် …”
ကြည့်ရှုသူများမှာ အံ့အားသင့်ကုန်ကြသည်။
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ ဖခင်က ကြီးမားသည့် ကော်ပိုရေးရှင်းကြီး တစ်ခု၏ စီအီးအို ဖြစ်ပြီး ယွမ်သန်း ရာနှင့်ချီ ချမ်းသာသည်။
ချန်ယွီ့က သူသည် မမောနိုင် ၊ မပမ်းနိုင်နှင့် ကုမ္ပဏီကို ဝိတ်တစ်ချို့ လျော့အောင် ကူညီပေးသည်ဟု ဆိုချိန်၌ ယင်းက ကုမ္ပဏီ၏ ဘဏ္ဍာငွေများ အလွဲသုံးစား လုပ်ခြင်းကို သွယ်ဝိုက်၍ ဆိုလိုနေခြင်း မဟုတ်လော။
ချန်ယွီ့က [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ရဲ့ မိသားစု အခြေအနေကို ရှင်းပြနေရုံသပ်သပ်ပဲလား … ဒါမှမဟုတ် သူမ အဖေရဲ့ ပြစ်မှုတွေကို တင်ပြနေတာလား …
“ ပေါက်ကရတွေ … ငါ့အဖေက အဲ့လို လူစားမျိုး မဟုတ်ဘူး …”
“ ငါ့အဖေက ကုမ္ပဏီရဲ့ တာဝန်ခံပဲ … သူ့မိသားစုဆီကနေ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ယူမှာ မဟုတ်ဘူး ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ချန်ယွီ့ကို ရန်သူတော်ကြီး တစ်ယောက်နှယ် မုန်းတီးစွာ ကြည့်လိုက်သည်။
“ သေချာလို့လား ….” ချန်ယွီ့ ညင်သာစွာပြုံးပြီး မေးလိုက်သည်။
“ ဒါပေါ့ … သေချာတာပေါ့ ….”
“ တကယ်လို့ ငါ့မိသားစုသာ အဲ့လောက် ပိုက်ဆံတွေ အများကြီး ရှိနေရင် ငါ နိုင်ငံခြား ထွက်လာတဲ့အချိန် နိုင်ငံခြားငွေတွေ သိန်းဂဏန်းလောက်ပဲ ယူလာခဲ့ပါ့မလား … “ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က တုံ့ဆိုင်းခြင်း မရှိ၊ ဆိုလိုက်ပြီး “ အဲ့ဒီအစား သန်းနဲ့ချီပြီး ထည့်ပေးလိုက်ပြီပေါ့ …”
“ အခု ငါ ငှားထားတဲ့ အိမ်ကို ကြည့်စမ်း … ဒီတိုင်း သာမန် အိမ်လေးတစ်လုံးပဲ ….”
“ တကယ်လို့ ငါ့မိသားစုသာ ချမ်းသာတယ်ဆိုရင် အစကတည်းကရင် ဗီလာအကြီးကြီးနဲ့ နေပြီးနေပြီ ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]မှာ ဒေါသထွက်လွန်း၍ ရူးလုမတတ် ဖြစ်လာသည်။
သူမက ချန်ယွီ့ကို ရွှံ့နွံထဲ ဆွဲထည့်ရင်း အာရုံစူးစိုက်ခံရမှု တစ်ချို့ လိုချင်ရုံမျှ ဖြစ်သည်။ ချန်ယွီ့ကို စွန်းထင်းစေပြီးသည်နှင့် သူမသည်လည်း အမျိုးသမီး ဝါဒီများ၏ စစ်မှန်သည့် ခေါင်းဆောင် တစ်ဦး ဖြစ်လာမည်။
လူတွေ အများကြီးက သူမအပေါ် ပို၍ အာရုံစူးစိုက်လာလေ၊ သူမ ရရှိမည့် စီးပွားရေး အကျိုးအမြတ်က ပိုကြီးမားလေ ဖြစ်၏။
အကယ်၍ သူမ၏ မိသားစုတွင်သာ ထိုမျှ ငွေပမာဏ အများအပြား ရှိနေမည်ဆိုပါက အရူးတစ်ယောက်သာလျှင် ထိုမျှ ရှုပ်ထွေးသည့် ကိစ္စများကို ပြုလုပ်ပေလိမ့်မည်။
သူမ နိုင်ငံထဲ ရှိနေတုန်းကတော့ ပိုက်ဆံ ချို့တဲ့သည်ဟု မခံစားရပေ။ သူမ တစ်ခုခု လိုချင်တာ ရှိတိုင်း မိဘများကို ပြောလိုက်သည်နှင့် မိဘများက ချက်ချင်း ဝယ်ပေးကြ၏။
နိုင်ငံခြားသို့ ရောက်လာမှပဲ ငွေမရှိသည့် ဘဝအခြေအနေကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူမအမေက အပတ်တိုင်း ဘဏ်အကောင့်ထဲသို့ ဒေါ်လာနှစ်ထောင် လွှဲပေးလေ့ ရှိသည်။ တကယ်တော့ ထိုငွေပမာဏက တစ်ပတ်တာ သုံးဖို့ လုံလောက်လေသည်။
သို့သော်လည်းပဲ သူမက လက်ဖွာခြင်းနှင့် နေသားကျနေပြီး ပိုက်ဆံကို စနစ်တကျနှင့် မှန်မှန်ကန်ကန် မသုံးစွဲတတ်တော့ချေ။ ထို့ပြင် ဝင်ငွေမရှိဘဲ သုံးဖို့၊ ဖြုန်းဖို့လောက်သာ သိသည့် အနုပညာရှင် ကောင်လေး တစ်ဦးနှင့်လည်း ချစ်ကြိုက်နေသေး၏။ သူမ၏ အခြေအနေမှာ ပို၍ ပို၍ ခက်ခဲလာရသည်။
ကံကောင်းစွာဖြင့် နည်းလမ်းတစ်ခုခုကတော့ အမြဲတစေ ရှိနေသောကြောင့်ပင်။
ယင်းကတော့ လိုက်စထွင်းများမှတစ်ဆင့် ဝင်ငွေစီးကြောင်းတစ်ခု ဖန်တီးခြင်း။
သူမ ရူးမိုက်တာတွေ ပိုလုပ်ပြလေလေ၊ လူတွေက သူမကို အာရုံစိုက်မှု အများအပြား ပေးလေ ဖြစ်ပြီး အကယ်၍ သူမ၏ လွှမ်းမိုးမှုက ပိုမို ကြီးမားလာမည်ဆိုပါက စပွန်ဆာများက သူမထံ ရောက်လာကြလိမ့်မည်။
“ ဟားဟား … မင်းဘက်က အဲ့လောက် သေချာနေတယ်ဆိုရင်လည်း မင်းပြောသွားတာတွေက အမှန်ပါဆိုတာ အတည်ပြုရဲလား ….”
“ ငါမင်းကို နိုင်ငံခြား ဘဏ်တစ်ခုရဲ့ အကောင့်နဲ့ လျှို့ဝှက်နံပါတ်ကို သီးသန့်မက်ဆေ့ချ် ပို့ပေးမယ် …”
“ မင်း ဖုန်းဆက်ပြီး မေးကြည့်လို့ရတယ် ….”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ခေါင်းငုံ့ပြီး သူ့ ကီးကုတ်ဖြင့် စာရိုက်လိုက်သည်။ ပြီးနောက် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ထံသို့ သီးသန့် မက်ဆေ့ချ်ပို့လိုက်၏။
နောက် တစ်စက္ကန့်၌ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]ထံ မက်ဆေ့ချ်ဝင်လာသည်။
နံပါတ်နှင့် ဘဏ်အမည်ကို မြင်တော့ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ နှလုံးခုန်သံမှာ စတင် မြန်ဆန်လာသည်။
ဧကန္တ …. သူမရဲ့ အဖေက တကယ်ပဲ အဲ့လို လူစားမျိုး ဖြစ်နေတာများလား ….
သူမရဲ့ မိသားစုမှာ တကယ်ပဲ အဲ့လောက် ပိုက်ဆံအများကြီး ရှိနေတာလား ….
စဉ်းစားကြည့်ပြီးနောက် သိချင်စိတ် ပြင်းပြမှုက စိုးရိမ်စိတ်ကို အနိုင်ယူသွားခဲ့သည်။
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည် စက္ကူနှင့် ဖောင်တိန်ထုတ်ပြီး အကောင့်နံပါတ်နှင့် လျှို့ဝှက်နံပါတ်ကို ရေးမှတ်ထားလိုက်၏။ ပြီးနောက် ဖုန်းထုတ်ပြီး ကွန်ပျူတာ စခရင်ရှေ့က ထွက်ခွာသွားခဲ့သည်။
“ ဝိုး ….”
ခေတ္တကြာပြီးနောက် [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]၏ အံ့အားတကြီး အော်မြည်သံက စခရင် အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။
“ ကျေးဇူးပဲ ဒေါက်တာချန် … နင်ပြောလို့သာ အမှန်အတိုင်း သိရတာ …”
“ ငါချမ်းသာတယ် … ငါချမ်းသာတယ်ဟေ့ ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ကွန်ပျူတာစခရင်ရှေ့သို့ ပြန်ရောက်လာပြီး ဗလုံးဗထွေးတွေ ပြောရင်း ကျေးဇူးတင်နေလျက် ရှိတော့၏။
“ မိုက်လိုက်တဲ့ သမီး … မင်း ရူးနေတာလား … အဲ့တာ မင်းပိုက်ဆံတွေလို့ ထင်နေလား … အဲ့တာ ခိုးထားတဲ့ ပိုက်ဆံတွေ ….”
“ မင်းအဖေက မင်းကြောင့် ထောင်ကျတော့မယ် … ဒါကို မင်းက ပျော်နေတယ်ပေါ့လေ ….”
“ ယွမ်သန်းရာဂဏန်းလောက်က သေမိန့်ပေးဖို့ လုံလောက်နေပြီ ….”
“ လိုး … ငါ ရယ်သေ ….”
“ ရှေ့နေ့လော့ ဘယ်မှာလဲ … ရှေ့နေလော့ … မြန်မြန်ထွက်လာပြီး ဒီ သောက်ရူးမကို ပြည်သူ့ရန်ပုံငွေတွေ အလွဲသုံးစားလုပ်တာက ဘယ်လို ပြစ်မှုလဲ ပြောပြလိုက်စမ်းပါ ….”
“ နိုင်ငံအပေါ် သိတတ်တဲ့ သမီးလေးက ဖခင်ရဲ့ ငွေအလွဲသုံးစားမှုကို ဖော်ထုတ်လိုက်ခြင်း … ဆိုရှယ် ခရစ်ဒစ် အမှတ်တွေကတော့ အပြည့်ရတော့မှာပဲ ….”
“ ငါရောက်လာပြီ … ငါရောက်လာပြီ … မင်းတို့ရဲ့ ရှေ့နေလော့ ရောက်လာပြီ ….”
သူ့ ပရိသတ်များ၏ တောင်းဆိုမှုကြောင့် ရှေ့နေလော့က အထူးကွန်းမန့် ဆယ်ခုကျော်လောက်ကို ရေးသား ပေးပို့လာခဲ့သည်။
ရန်ပုံငွေ အလွဲသုံးစားလုပ်မှုနှင့် စပ်လျဉ်း၍ အသေးစိတ် ဖော်ပြခဲ့၏။
ယွမ်တစ်သိန်းနှင့် အထက် အလွဲသုံးစားလုပ်မှုက ထောင်ဆယ်နှစ် ၊ သို့မဟုတ် တစ်သက်တစ်ကျွန်း ကျခံရနိုင်သည်။
အကယ်၍ ငွေပမာဏက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် များပြားနေမည်ဆိုလျှင် … ကျူးလွန်သူက သေဒဏ်ပေးခံရမှာ ဖြစ်၏။ သူ့ ပိုင်ဆိုင်မှု အကုန်လုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခံရမည်။
‘ သေဒဏ်’ ဆိုသည့် စကားလုံးကို မြင်တော့ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည် ရေခဲရေ အေးအေး တစ်ပုံးနှင့် လောင်းချခံလိုက်ရသည့်နှယ် တစ်ကိုယ်လုံး အေးစက်သွားခဲ့တော့သည်။
သူဌေး သမီး တစ်ဦး ဖြစ်ရသည့် ဝမ်းသာမှုတို့က ကြက်ပျောက် ငှက်ပျောက် ပျောက်ရှသွားခဲ့ပြီး ခန္ဓာကိုယ်တစ်လုံး အရိုးခိုက်လုမတတ် တုန်ယင်လာသည်။
“ ချန်ယွီ့ … နင် ငါ့ကို လှည့်စားခဲ့တယ် ….”
[ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။
“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ … ဆရာဝန်တစ်ယောက်က လူနာကို ထိခိုက်စေတယ်ဆိုတာ ဘယ်မှာရှိလို့ ….”
ရိုးသားစစ်မှန်သည့် အပြုံးတစ်ခုက ချန်ယွီ့ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့သည်။
“ မင်းတို့ မိသားစုက မချမ်းသာပါဘူးလို့ မင်းပဲ ပြောခဲ့တာလေ …. ငါ ညာနေတာကို သက်သေပြဖို့အတွက် ငါက မင်းအဖေရဲ့ နိုင်ငံခြားက လျှို့ဝှက်အကောင့်ကို ပြလိုက်ရုံလေးတင်ပါပဲ….”
“ ဒါကို လှည့်စားတယ်လို့ ခေါ်လို့ ဘယ်ရမှာ … ဒါက ငါ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြရုံသပ်သပ်ပဲ ….”
ချန်ယွီ့၏ အပြစ်ကင်းစင်သည့် လေသံနှင့် စကားပြောပုံက ကြည့်ရှုသူများကို ရယ်မောသွားစေခဲ့လေသည်။
“ နောက်ဒုတိယကတော့ ကြည့်ရှုသူတွေက မင်းနဲ့ မင်းရဲ့ မွေးစားအဖေအပေါ် အထင်လွဲမှုတွေ ရှိနေကြတယ် ….”
“ ငါက ကြည့်ရှုသူတွေကို ထိန်းသိမ်းပြီး မင်းတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ဖြူစင်ကြောင်း သက်သေပြဖို့ လုပ်ခဲ့ရုံလေးတင်ပါပဲ ….”
“ မင်းရဲ့ ပရိသတ်တွေကိုလည်း မင်းမိသားစုက ငွေမရှားတဲ့အကြောင်း ရှင်းပြပေးခဲ့တယ် ….”
“ ငါ ရှင်းပြတာက ဘာပြဿနာ ရှိနေလို့လဲ …”
ချန်ယွီ့ မေးခွန်းထုတ်လိုက်၏။
ဤတစ်ကြိမ်တွင်တော့ ချန်ယွီ့၏ ပရိသတ်များသာမက ၊ [ပုစွန်ဦးနှောက်နဲ့ အမျိုးသားကို ထိုးမယ့် သံလက်သီး ]သည်ပင် ဆွံ့အသွားခဲ့ရတော့သည်။
ချန်ယွီ့၏ စကားလုံးများက ယုတ္တိကျနေပြီး ငြင်းဆန်ဖို့ မဖြစ်နိုင်သည်အထိပင်။
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ကြည့်ရင်း ချန်ယွီ့က ညင်သာစွာ ပြုံးလျက် မေးလိုက်၏။ “ မင်းအခု စိတ်ပိုင်းဆိုင်ရာ ကုသမှု လိုအပ်သွားပြီလား …”