သတ်ပွဲ
Vol. 5 Ch. 266
ရုတ်တရက် ဘန်နီက ပူခနဲခံစားလိုက်ရတယ်။ သူ့လက်တွေကို ငုံကြည့်လိုက်ချိန်မှာတော့ လက်နှစ်ဖက်လုံးက လက်ချောင်းတွေဟာ လက်ကောက်ဝတ်ကနေ တအိအိပြုတ်ကျသွားခဲ့ပါပြီ။ အဲဒီနောက် သွေးတွေပန်းထွက်လာခဲ့တယ်။
“အား.....” ချက်ချင်း အားအင်လျော့ကျသွားသလိုမျိုး ခံစားချက်ကြောင့် ဘန်နီဒူးထောက်ကျသွားခဲ့တယ်။ သူ့နောက်မှာတော့ သွေးစွန်းထားတဲ့ ဒေါက်တာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဘီယန်ကာက လေထဲမျောလွင့်နေရင်း ခံစားချက်မဲ့စွာ စိုက်ကြည့်နေတယ်။
“ဘီယန်ကာ... ငါတို့တွေရဲ့သားကောင်ကို ခဏလေးနဲ့ သေခွင့်ပေးလိုက်လို့ မဖြစ်ဘူးမဟုတ်လား။ ပြန်ကုပေးလိုက်ပါဦး”
ဆယ်ဗီရဲ့စကားသံက ခြံဝင်းအနှံပြန့်နှံလာခဲ့တယ်။ နက်ဆန်လည်း မြေပြင်ကိုလက်နဲ့ထောက်ကာ အားယူပြီးကြည့်လိုက်ပါတယ်။ အဖြူရောင်သူနာပြုဝတ်စုံကို ဝတ်ဆင်ထားတဲ့ဆယ်ဗီရဲ့နောက်မှာ သိမ်းငှက်တောင်ပံတွေရှိနေပြီး ရှေ့ကိုတစ်လှမ်းလှမ်းလိုက်တဲ့ အခါတိုင်းမှာ လှေကားထစ်တစ်ခုပေါ်ကိုတက်လိုက်သလိုမျိုး သူ့ခန္ဓာကိုယ်က လေထုထဲမြင့်တက်လာနေတယ်။
“အင်နာနာ...” နက်ဆန်သိလိုက်ရပြီ။ ဆယ်ဗီနောက်တစ်ခါ ထပ်သေပြီး အဲဒီတိုက်ပွဲရူး နတ်ဘုရားမထွက်လာပြန်ပါပြီ။
အခုဆိုရင် ဘန်နီရဲ့ဂါထာပျက်ပြယ်သွားပြီးတဲ့နောက် သူတို့တွေ လွတ်မြောက်နေသင့်ပြီဖြစ်ပေမဲ့ နက်ဆန်အပါအဝင်ဘယ်သူမှ လှုပ်ရှားလို့မရဘူးဖြစ်နေတယ်။ ကြီးမားတဲ့ ဖိအားကြီးတစ်ခုက သူတို့ကိုချုပ်နှောင်ထားပြီး နေရာကနေရွေ့လို့မရဘူး။
“မိုးမြေအရှင်မ အမိန့်အတိုင်းပါပဲ။” ဘီယန်ကာဆီကနေ စကားသံ ထွက်ပေါ်လာပြီးတဲ့နောက် သူ့လက်ထဲမှာ ဆေးခန်းသုံးချုပ်ရိုးအပ်နဲ့ ချည်မျှင်တွေပေါ်လာပြီး ဘန်နီရဲ့လက်တွေကို ပြန်ဆက်ပေးတာ်။
“မ... မ... မဟုတ်ဘူး....” ဒါပေမဲ့ ဘန်နီဆီကနေ ကြောက်ရွံစွာ အော်ဟစ်နေသံ ထွက်ပေါ်လာတယ်။ သူ့လက်ခုံက လက်ကောက်ဝတ်နဲ့ ပြန်တွဲပေးထားပေမဲ့ နေရာလွဲနေတယ်။ လက်တွေရဲ့ ပင်မသွေးလွှတ်ကြောရှိသင့်တဲ့နေရာဟာ လက်ဖဝါးပြင်ဖြစ်သင့်ပေမဲ့ လက်ခုံနဲ့တွဲချည်ခြင်းခံထားရတယ်။ ဒါကြောင့် လက်ခုံက တဖြည်းဖြည်းဖောင်းကားလာနေပြီး အချိန်မရွေးထပေါက်တော့မလိုပါပဲ။
“ ဆူညံ့သံတွေကို ငါမကြားချင်ဘူး....” ဆယ်ဗီဆီကနေပြီး နောက်တစ်ခါ စကားသံထွက်လာချိန်မှာတော့ ဘန်နီ့အသံ မကြားရတော့ဘူး။ အကြောင်းက ဘီယန်ကာဟာ ဘန်နီရဲ့ နှုဆ်ခမ်းကိုပါ ချုပ်ပစ်လိုက်လို့။
“အခုလို ငြိမ်ငြိမ်လေးနေနေမှ ပြီးပြည့်စုံတဲ့ လူသားသဲအိတ် ဖြစ်နေမှာမဟုတ်လား။” ဆယ်ဗီက ရယ်မောလိုက်ပြီး ဘန်နီ့ ခေါင်းကဆံပင်ကိုဆောင့်ဆွဲကာ ခြေထောက်နှစ်ဖက်မြေပြင်နဲ့ လွတ်တဲ့အထိ ဆွဲမြှောက်တယ်။ ဘန်နီရဲ့ခြေထောက်နှစ်ဖက်က ရုန်းကနေနေပေမဲ့ အလကားပါပဲ။ ဆယ်ဗီက ရန်လိုစွာနဲ့သူ့ကို ကြည့်လိုက်ချိန်မှာ ကြောက်လွန်းတဲ့အတွက်တစ်ကိုယ်လုံး တုန်ခါသွားပြီး ဝါကျင်ကျင်အရည်တွေပေါင်ကြားမှာ စိုစွတ်သွားတယ်။
“ရွံစရာကောင်းလိုက်တာ....”
ဘုန်း....
ဆယ်ဗီက သူ့ညာလက်သီးကိုဆုပ်ပြီး ဘန်နီရဲ့ဝမ်းဗိုက်ကို ထိုးနှက်လိုက်တယ်။ ဘန်နီမျက်ဖြူဆိုက်ပြီး ချက်ချင်း သတိလစ်သွားတယ်။
“သူ့ကို ပြန်သတိရအောင်လုပ်စမ်း....” ဆယ်ဗီက အမိန့်ပေးပြန်တယ်။
“အမိန့်အတိုင်းပါ...” ဘီယန်ကာက သတိလစ်သွားတဲ့ ဘန်နီရဲ့ဘယ် ရင်ဘတ်နေရာကို လက်နဲ့ထိလိုက်တယ်။ သူ့လက်တွေက အသားကို ရေပြင်လိုဖောက်ဝင်သွားပြီး ရှော့ခ်ရမှုကြောင့်ရပ်တန့်သွားခဲ့တဲ့ ဘန်နီရဲ့နှလုံးသားကို နှိပ်နယ်ပြီး အတင်းပြန်ခုန်စေတယ်။
“ဟား....” ဘန်နီသတိပြန်ရလာပြီး အသက်ကိုပြင်းပြင်းရှုတယ်။
ဆယ်ဗီကလည်း နောက်တစ်ခါထပ်ပြီး ဗိုက်ကို ထိုးနှက်လိုက်ပြန်တယ်။ ဘန်နီထပ်သတိလစ်သွားတယ်။ ဒီလိုဖြစ်စဥ်မျိုးက အကြိမ်ဒါဇင်ပေါင်းများစွာ ဖြစ်နေခဲ့တာ။
“တတိယသခင်လေး... ကျွန်မတို့ပြေးမှဖြစ်မယ်။” ဟာ့ပါက ရုတ်တရက် သတိဝင်လာပြီး ဒီရေဂိုရဲ့လက်ကိုဆွဲကာ ပြေးဖို့ကြိုးစားတယ်။ ဘန်နီလို ရှေးအယ်ဒါတစ်ယောက်တောင် ခုခံဖို့အခွင့်အရေးမရတဲ့ အရာတစ်ခုရဲ့ရှေ့မှာ သူတို့အခွင့်အရေး မရှိတော့ဘူး။
ထူးဆန်းစွာနဲ့နက်ဆန်တို့လူအုပ်အပေါ် သက်ရောက်နေတဲ့ဖိအားက သူတို့အပေါ်မှာရှိမနေတဲ့အတွက် တစ်ခဏအတွင်းမှာပဲ ခြေလှမ်း နှစ်ဆယ်လောက်အကွာကိုရောက်သွားပြီ။
“ဒါနဲ့... နင်တို့တွေကို ထွက်သွားလို့ရပြီလို့ ငါပြောလိုက်လို့လား။”
ဆယ်ဗီရဲ့စကားသံကြောင့် ဟာ့ပါရော ဒီရေဂိုတို့ပါ သေမိန့်ချခံရတဲ့ အကျဥ်းသားတွေလိုမျိုး ခံစားလိုက်ရတယ်။ ဒီရေဂိုက နောက်ကို တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တော့ ဘန်နီရဲ့ခန္ဓာကိုယ်က လုံးဝစုတ်ပြတ်သတ်နေပြီဖြစ်ပြီး ဆယ်ဗီက မကစားချင်တော့တဲ့ အရုပ်တစ်ရုပ်ကိုပစ်ချသလိုမျိုး မြေပြင်ပေါ်ကို ပစ်ချလိုက်တယ်။
ဘန်နီရဲ့ခန္ဓာကိုယ်က လုံးဝလှုပ်ရှားခြင်းမရှိ။သူ့မျက်လုံးတွေထဲမှာ အတိုင်းအဆမဲ့တဲ့ကြောက်ရွံမှုကိုမြင်နေနိုင်သေးပြီး ပါးစပ်ကို ပြန်မပိတ်နိုင်တော့ဘူး။ သူသေသွားပြီ။
“သခင်လေး... ကျွန်မနောက်မှာနေ....” ဟာ့ပါက သူ့လက်သီးကို ဆုပ်လိုက်တယ်။ ရေသူမလက်စွပ်ရဲ့ရေလှိုင်းတွေက သူ့ကို လွှမ်းခြုံသွားပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ဝမ်းဗိုက်အတွင်းက စူးရှတဲ့ခံစားချက်ကိုရလိုက်ပြီး ပါးစပ်ထဲကနေ သွေးတွေ ပန်းထွက်လာပါတော့တယ်။
“လှလိုက်တဲ့ကျောက်ကပ်လေးတွေ... မိုးမြေအရှင်မရေ၊ ကျွန်မစိတ်မထိန်းနိုင်တော့ဘူး....” ဘီယန်ကာက ဟာပါ့ရဲ့နောက်မှာပေါ်လာပြီး ရေသူမရဲ့လှိုင်းတွေဟာ သွေးရောင်ပြောင်းသွားခဲ့ပြီ။
“မင်း... မင်းတို့တွေ.... “ ဒီရေဂိုလည်း သူ့မျက်စိရှေ့က ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေကြောင့် ဖင်ထိုင်လျက် လဲကျသွားတယ်။ ဒါပေမဲ့ သုံးခွမှိန်းကိုအားပြုပြီး ကုန်းရုန်းထ ပြေးဖို့ကြိုးစားတာပေါ့။
ဒါပေမဲ့ သူပြေးလို့မရတော့ဘူး။ တစ်ယောက်ယောက်က သူ့ပခုံးကို ဖမ်းဆွဲထားပြီးပြီမလို့လေ။
“မင်း... ဒီအရှင်မနဲ့ တစ်ညတာအချိန်ဖြုန်းချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။” ဒီရေဂိုက နောက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်တော့ လှပပေမဲ့အေးစက်မောက်မာတဲ့ဆယ်ဗီရဲ့ မျက်နှာကိုမြင်လိုက်ရပြီ။ ပြုံးချင်းရယ်ခြင်းမရှိ၊ ခက်ထန်ပြီး လူသားဆန်မှုကင်းမဲ့တဲ့ပုံစံမျိုး။
ဖျောက်... ဖျောက်... ဖျောက်....
“အွတ်.....”
ဆယ်ဗီက ဒီရေဂိုရဲ့လက်ချောင်းတွေကို တစ်ချောင်းချင်းလှန်ချိုး ပစ်လိုက်တယ်။ ဒီရေဂိုက အစပိုင်းအော်ပေမဲ့ ဘီယန်ကာက အလိုက်တသိပဲ လျှာကိုဆွဲထုတ်ပြီး ဖြတ်ပစ်လိုက်တယ်။ လက်ချောင်း အားလုံးကျိုးပဲ့သွားချိန်မှာတော့ ဆယ်ဗီက လက်ကောက်ဝတ်ကိုချိုးချတယ်၊ အဲဒီနောက်တံတောင်ဆစ်၊ ပခုံးအဆစ်။ လက်တစ်ဖက်လုံးကုန်သွားချိန်မှာ နောက်တစ်ဖက်ကို ဆက်ချိုးတယ်။
နာကျင်မှုကြောင့်သတိလစ်သွားရင် ဘီယန်ကာက ချက်ချင်း သတိရအောင်လုပ်ပေးတယ်။ ထွက်ပြေးလို့မရ၊ အော်လို့မရတဲ့ အနေအထားမျိုးနဲ့ လောကငရဲကို အရှင်လတ်လတ်ခံစားရတာပဲ။ နောက်ဆုံး ဒီရေဂိုရဲ့တစ်ကိုယ်လုံးမှာ ချိုးစရာအရိုးဆိုလို့ လည်ပင်းရိုးပဲ ကျန်တော့တယ်။
ဝူးဝူး....
မသေချင်တဲ့ ဒီရေဂိုက ခေါင်းကိုခါယမ်းပြနေပေမဲ့ ဆယ်ဗီကတော့ သူ့ခေါင်းပေါ်ကို လက်တင်နေပြီးပြီ...
“နင့်မှာ ရွေးချယ်စရာရှိသေးတယ်ထင်နေတာလား။ မရဏဘုံကို ရောက်ရင် ငါ့ညီမအက်ရှီဂယ်ကို နှုတ်ဆက်လိုက်ဦး။”
ဂျွတ်....
အဲဒီနောက်တော့ မုန့်ကျိုးလိမ်လိုမျိုးတွန့်လိမ်နေတဲ့ ဒီရေဂိုရဲ့ ခန္ဓာကိုယ်က မြေပေါ်ကိုပုံလျက်သား ပစ်ချခံလိုက်ရတော့တယ်။
...
“အင်နာနာ... ခင်ဗျား....” နက်ဆန်က သူ့ရှေ့မှာရှိနေတဲ့ဆယ်ဗီကို မယုံနိုင်စွာနဲ့ကြည့်လိုက်တယ်။ ဆယ်ဗီရဲ့တစ်ကိုယ်လုံးမှာ သွေးတွေနဲ့ရွဲနစ်နေပြီး သူ့ကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။
“လူသား..နင်က လူမဆန်တဲ့အလုပ်တွေလုပ်ခဲ့တဲ့ လူနှစ်ယောက်ကို ငါအပြစ်ပေးတာ မသင့်တော်ဘူးလို့ထင်နေတာလား။ နင့်မှာ ငါ့ကို မေးခွန်းထုတ်ပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား။”
“အဲဒီလိုမဟုတ်ပါဘူး... ဒါပေမဲ့....”
“လူသား... ဒီကိစ္စတွေအားလုံးက မင်းငါ့ကို မကာကွယ်နိုင်လို့ ဖြစ်လာတာတွေချည်းပဲ။” ဆယ်ဗီ (အင်နာနာ)က နက်ဆန်ရဲ့မေးကို လက်နဲ့ဖမ်းဆုပ်လိုက်ပြီး သူနဲ့အကြည့်ချင်းဆုံအောင်လုပ်တယ်။ နက်ဆန်က အင်နာနာနဲ့အကြည့်ချင်းမဆုံချင်တဲ့အတွက် မျက်လုံးကို ပိတ်ထားဖို့လုပ်ပေမဲ့ ပါးရိုက်တာခံလိုက်ရပြီ။
ဖြန်း...
“သူရဲဘောကြောင်တဲ့ကောင်....” အင်နာနာရဲ့မှတ်ချက်ကြောင့် နက်ဆန်ရဲ့နှလုံးသားထဲမှာ ဆိုးဆိုးဝါးဝါးခံစားချက်တစ်ခု ဝင်ရောက်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ထူးခြားမှုတစ်ခုကို သူစပြီးသတိထားမိလာတယ်။ အင်နာနာက ဘာကြောင့် “ငါ့ကို မကာကွယ်နိုင်လို့ဖြစ်လာတာ။” ဆိုပြီးပြောရတာလဲ။ အရင်ကဆိုရင် “နင်သူ့ကို မကာကွယ်နိုင်လို့”ဆိုပြီး ပြောနေကျမဟုတ်လား။
ပြီးတော့ သူ့ကိုသတ်ဖို့ မလုပ်ခဲ့ပြန်ဘူး။
“ငါ့ရဲ့တခြားတစ်ဖက်ခြမ်းသာ နင့်ကိုချစ်မနေခဲ့ရင် ငါနင့်ကို တစ်စစီလုပ်ပစ်... ပြီး... လောက်ပြီ...” ဆယ်ဗီက နက်ဆန်ကို စကားပြောနေရင်းကနေ ငိုက်ကျသွားတယ်။ ဒါကြောင့် နက်ဆန်လည်း ဆယ်ဗီရဲ့ခန္ဓာကိုယ်ကို ထိန်းထားပေးလိုက်ရတာပေါ့။ သတိဝင်လာတဲ့အချိန်ရောက်တော့ ဆယ်ဗီအိပ်ပျော်နေပါပြီ။
“.....” နက်ဆန်က ပတ်ဝန်းကျင်က အပျက်အစီးတွေကို ကြည့်လိုက်တယ်။ တခြားသူတွေကတော့ သေဆုံးသွားတဲ့ ဘန်နီရဲ့ဒီရေဂိုတို့ကို လစ်လျူရှုထားလိုက်ပြီး စံအိမ်ပြိုကျမှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့ ခရစ်စတိုဖာနဲ့ဖီအိုနာတို့ကို ကူညီဖို့လုပ်နေပါတယ်။
ရှားလော့ခ်ကတော့ ဖုန်းတစ်ခါထပ်ခေါ်လိုက်ပြီး နက်ဆန့်အနားကို ရောက်လာပြန်ပါတယ်။ သူက နက်ဆန့်ပခုံးကိုပုတ်လိုက်ပြီး...
“သူ့အတွက်လည်း အချိန်သိပ်မကျန်တော့ဘူးမဟုတ်လား။” လို့ မေးလိုက်တယ်။ နက်ဆန်က တိတ်တဆိတ် ခေါင်းညိတ်ပြတော့ ရှားလော့ခ်လည်း သက်ပြင်းချတယ်။
“ငါ နင်တို့ကိစ္စတွေကိုသိပ်နားမလည်ပေမဲ့ ဆယ်ဗီကနေ အင်နာနာ အဖြစ်ပြောင်းသွားတာက သိပ်ဆိုးတဲ့ကိစ္စမဟုတ်ဘူးလို့ ခံစားနေရတုန်းပဲ။ နောက်ဆုံးတော့လည်း ဆယ်ဗီဆိုတာက အင်နာနာဖန်တီးထားတဲ့ သိစိတ်လေးတစ်ခုပဲလေ။”
“ခင်ဗျားက ဘာသိလို့လဲ....” နက်ဆန်က ဆယ်ဗီကိုပွေ့ချီလိုက်ပြီး ရှားလော့ခ်နားကနေဖြတ်သွားတယ်။ ရှားလော့ခ်ကတော့ ဒီအတွက် စိတ်မဆိုးခဲ့ဘူး။ သူက လက်ကိုပိုက်ထားလိုက်ရင်း ပြောလိုက်တယ်။
“ကောင်လေး... တစ်နေ့ကျရင် မင်းချစ်တဲ့သူက သူအစစ်လား၊ ဒါမှမဟုတ် သူဖန်တီးထားတဲ့ မျက်နှာဖုံးတစ်ခုကိုလားဆိုတာ ရွေးချယ်ဖို့အချိန်ရောက်လာလိမ့်မယ်။”
“.....” နက်ဆန့်ရဲ့ခန္ဓာကိုယ်က တောင့်တောင့်ကြီး ဖြစ်ကျန်နေရစ်တယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ သက်ပြင်းချလိုက်ပြီး “အိုလီရာနာ၊ မော်လီ... အိမ်ပြန်ကြစို့။” သူ့အစေခံတွေကို သူ့အရိပ်ထဲ ပြန်ခေါ်ကာ ခြံဝင်းထဲကနေ ထွက်သွားပါတော့တယ်။
.....
နက်ဆန်တို့ထွက်သွားပြီးတဲ့အထိ ရှားလော့ခ်ကခြံဝင်းထဲမှာ ဆက်ရှိနေခဲ့တယ်။ EUOC တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး အခင်းကိုစတင်ရှင်းပါတယ်။ မကြာခင်မှာပဲ အယ်မာနဲ့အတူ သုတေသနဌာနမှူး ဂျော်ဒန်လည်းအတူရောက်လာတယ်။
ဆိုးဆိုးဝါးဝါးပုံစံနဲ့ သေနေသူနှစ်ယောက်ကိုမြင်တဲ့အခါမှာတော့ အယ်မာက မျက်နှာကို လက်ကိုင်ပုဝါနဲ့အုပ်လိုက်ပြီး အကြည့်လွှဲ လိုက်ပါပြီ။
“ဆိုးဝါးလိုက်တာ... တော်တော်ရက်စက်တဲ့သူပဲ။”
“မဟာရေကြီးမှုကြီးတုန်းက လူသားတွေကို မျိုးသုဥ်းလုနီးပါး သတ်ဖြတ်ခဲ့တဲ့သူဆိုတဲ့အတိုင်းပဲ။ အစစ်အမှန်အယ်ဒါတွေတောင် သူ့ကိုမဆန့်ကျင်နိုင်ဘူးပဲ။”
ဂျော်ဒန်ကတော့ ဂျင်းဘောင်းဘီအိတ်ထဲ လက်နှိုက်ထားရင်း အလောင်းနှစ်လောင်းရဲ့အခြေအနေကို စူးစမ်းရင်းပြောတယ်။ ရှားလော့ခ်ကတော့ မဟာရေကြီးမှုကြီးဆိုတဲ့စကားကြောင့် မျက်ခုံးပင့်လိုက်ပါပြီ။
“EUOCက ငါတို့မသိတဲ့အရာတွေ တော်တော်များများကို သတိထားတာပဲ။”
“ဒါပေါ့၊ ငါတို့တွေက နတ်ဘုရားတွေကို ဆန့်ကျင်ဖို့အတွက် ကြိုးစားနေတာလေ။ အင်နာနာက ပါသီနွန်ခေါင်းဆောင် မဟုတ်ပေမဲ့ ရှေးဦးနတ်ဘုရားမတစ်ပါးပဲ။ လေ့လာရမှာ ငါတို့တာဝန်ပဲ။”
ဂျော်ဒန်က ပြောပြောဆိုဆိုနဲ့ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ဆေးပညာအဖွဲ့ကို အမိန့်ပေးလိုက်ပါပြီ။ “ဒီလူသေတွေကို ငါ့စမ်းသပ်ခန်းထဲ ယူလာခဲ့။”