အခန်း (၈၀၁-၈၀၂)
Vol. 41 Ch. 801-802
အပိုင်း (၈၀၁) ထိုက်ယန်တောင် ရေလွှမ်းမိုးခံရခြင်း
"အိမ်က ပစ္စည်းတွေ အကုန်ရွှေ့ပြီးသွားပြီလား"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ လင်းယွမ်က သက်ပြင်းချရင်း မေးလိုက်သည်။
တုံယန်က ခေါင်းညိတ်လိုက်သည်။ "အကုန်ရွှေ့ပြီးပါပြီ... ဦးလေးမာတို့ ဝိုင်းကူပြီး ရှောင်မောင်းတောင်မှာ ညီမတို့အတွက် အိမ်ရာဆောက်ပေးထားတယ်... အထဲက အခန်းဖွဲ့စည်းပုံတွေကလည်း ဒီကအတိုင်းပါပဲ... ဒါပေမဲ့ တစ်ခုခု လိုနေသလိုပဲ ကျွန်မ ခံစားနေရတယ်"
တုံယန် အနည်းငယ် ဝမ်းနည်းနေရှာသည်။ သူမသည် ထိုက်ယန်တောင်ပေါ်က နေ့ရက်တွေကို လွမ်းဆွတ်နေဆဲပင်။
လင်းယွမ်က သူမ၏ ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ပေးရင်း "ငါတို့တွေ အတူတူရှိနေသရွေ့... ဘယ်နေရာဖြစ်ဖြစ် အိမ်ပါပဲကွာ" ဟု ပြောလိုက်သည်။
"ရေအောက်ထဲကို ထပ်သွားကြည့်ချင်သေးလား"
တုံယန်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ကောင်းသားပဲ"
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ သွယ်လျသော ခါးလေးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်ကာ အခြားသူများကို ဤနေရာတွင် ခဏစောင့်နေကြရန် မှာကြားလိုက်သည်။
ထို့နောက် သန္ဓေပြောင်းစွမ်းအင်ကို အသက်သွင်း၍ စွမ်းအင်ဒိုင်းကာတစ်ခု ဖန်တီးကာ သူနှင့် တုံယန်ကို လွှမ်းခြုံထားလိုက်ပြီး နှစ်ယောက်သား ရေအောက်သို့ ငုပ်လျှိုးသွားကြလေသည်။
ရေကြီးနေသော ရေပြင်အောက်တွင် ရေစီးကြောင်းများ လည်ပတ်နေပြီး လူသားများ၏ ညစ်ညမ်းစေမှုများ ကင်းကွာနေသည်မှာ ကြာပြီဖြစ်သောကြောင့် ရေက အလွန်ကြည်လင် ဖောက်ထွင်းမြင်နိုင်နေသည်။
ဘေးပတ်ဝန်းကျင်ရှိ ရေအောက်တွင် သန္ဓေပြောင်းငါးများ လွတ်လပ်စွာ ကူးခတ်နေကြသော်လည်း လင်းယွမ်တို့ နှစ်ယောက်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လန့်ဖျပ်ကာ ချက်ချင်း လှည့်ပြေးသွားကြသည်။
လင်းယွမ်၏ လက်ရှိ အစွမ်းအဆင့်အရဆိုလျှင် ရေအောက်ရှိ ဤသန္ဓေပြောင်း သတ္တဝါများသည် သူတို့အတွက် မည်သည့် အန္တရာယ်မှ မပေးနိုင်တော့ပေ။
ယခု ဤသန္ဓေပြောင်းငါးများကို ကြည့်ရသည်မှာ ရေလွှမ်းမိုးမှုကြီး မတိုင်မီက ရေအောက်တွင် တွေ့ရလေ့ရှိသော သာမန်ငါးများနှင့် ဘာမှမကွာခြားတော့ပေ။
လင်းယွမ်က သူ့လက်ကို ဆန့်တန်းပေးပြီး ကိုက်ခိုင်းလျှင်တောင် သူတို့ ကိုက်နိုင်မည် မဟုတ်ချေ။
ရေအောက်တွင် ရေညှိများ ပျံ့နှံ့ပေါက်ရောက်နေပြီး သစ်ပင်အများစုမှာလည်း ခြောက်သွေ့သေဆုံးနေကြပြီ ဖြစ်သည်။
တုံယန်က မနေနိုင်ဘဲ "ဒီသစ်ပင်တွေ အကုန်သေကုန်ပြီပဲ" ဟု ပြောလိုက်သည်။
လင်းယွမ်က ထိုသစ်ပင်များကို စမ်းသပ်ကြည့်ရင်း သက်ပြင်းချကာ "ရေဘေးကြီး စဖြစ်တဲ့အချိန်မှာ သက်ရှိအများစုက သူတို့ရဲ့ ဆင့်ကဲပြောင်းလဲမယ့် လမ်းကြောင်းကို စတင်ရွေးချယ်ခဲ့ကြတာလေ... ဒီသစ်ပင်တွေက တောင်ပေါ်မှာရှိနေပြီး ရေလွှမ်းမိုးမှုနဲ့ တိုက်ရိုက် မထိတွေ့ခဲ့ရတော့... ဆင့်ကဲပြောင်းလဲတဲ့အခါ ရေအောက်မှာ ရှင်သန်နိုင်မယ့် လမ်းကြောင်းဘက်ကို မပြောင်းလဲခဲ့ကြဘူး"
"အခု ရေတွေ တက်လာတဲ့အချိန်မှာ သူတို့က ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲဖို့ ကြိုးစားပေမဲ့ နောက်ကျသွားခဲ့ပြီ... သူတို့အတွက် စောင့်ကြိုနေတဲ့ နိဂုံးကတော့ အခုလို အခြေအနေမျိုးပါပဲ"
တုံယန်က မော့ကြည့်လာပြီး "အစတုန်းက ညီမသာ အစ်ကိုလင်းကို အကြွင်းမဲ့ မယုံကြည်ခဲ့ရင်... အစ်ကိုကလည်း အမှတ် (၇၅) တိုက်ကို လာပြီး ညီမကို ကယ်ခဲ့မှာ မဟုတ်ဘူးမလား" ဟု မေးလိုက်သည်။
လင်းယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ မိန်းကလေးတွေကတော့ အမြဲတမ်း ခံစားလွယ်ကြတာပါပဲလေ။
တကယ်တမ်းတွင်မူ အစပိုင်းက လင်းယွမ်သည် သူ့အတွက် ငါးဖမ်းပေးပြီး အမှတ်များ ရှာဖွေပေးမည့် လူအင်အားကို ဆက်လက်တိုးချဲ့နေခဲ့ခြင်း ဖြစ်သည်။
တုံယန် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... သူက ထိုတိုက်သို့ သွားရောက်ကာ လူကယ်ရန် ရွေးချယ်ခဲ့မည်သာ ဖြစ်သည်။
သို့သော် တုံယန်က မေးလာပြီဖြစ်ရာ လင်းယွမ်က သူမ ကြားချင်သော အဖြေကိုသာ ပေးလိုက်မည်မှာ သဘာဝပင်။
"သေချာတာပေါ့ကွာ"
"ဟီးဟီး"
တုံယန်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
နှစ်ယောက်သား စကားပြောနေရင်းဖြင့် ယခင်က ဈေးဝယ်စင်တာကြီး ရှိခဲ့သော နေရာသို့ ရောက်ရှိလာကြသည်။
တောင်နံရံကို ထွင်းဖောက်ထားသော အခန်းများ ရှိနေသေးသော်လည်း အနီးအနားရှိ မီးဝါးတောများနှင့် ပျဉ်ပြားများ အားလုံးမှာ ပြောင်သလင်းခါနေအောင် ရွှေ့ပြောင်းခံထားရသည်ကို တွေ့လိုက်ရသည်။
နေရောင်ခြည်ဇုန်ရှိ လူနေအိမ်များကိုပင် အကုန်နီးပါး ဖြိုဖျက်သွားကြပြီ ဖြစ်သည်။
အပြင်ဘက်ရှိ မီးဝါးတောမှာလည်း ပြောင်စင်နေအောင် တူးဖော်သွားကြလေပြီ။
လင်းယွမ်က အံ့အားသင့်စွာဖြင့် "ဘယ်လိုလုပ် ဒီလောက် ပြောင်သလင်းခါသွားအောင် တူးသွားကြတာလဲ"
တုံယန်က ချက်ချင်း ပါးစပ်ကိုအုပ်ကာ ခိုးရယ်လိုက်ပြီး "လူတိုင်းက ထိုက်ယန်တောင်က အနှေးနဲ့အမြန် ရေလွှမ်းမခံရမှာပဲလေ... အဲဒီအချိန်ကျရင် ဒီမီးဝါးတွေလည်း ရေနစ်သေကုန်မှာပဲ... ဒီလိုအဖြစ်ခံမယ့်အစား ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲကို ရွှေ့စိုက်လိုက်တာက ပိုကောင်းတယ်လို့ တွေးလိုက်ကြတာပါ"
"ပြီးတော့ အစ်ကိုလင်း မသိလို့နော်... နောက်ဆုံး ရေတွေ တက်လာတဲ့အချိန်မှာ လူတိုင်းက အလောတကြီးနဲ့ ကျောက်တုံးအိမ်တွေကိုတောင် ဖျက်ပြီး သယ်သွားကြသေးတယ်"
"ရှောင်မောင်းတောင်ဘက်မှာက စည်းကမ်း တင်းကျပ်တယ်လေ... ကျောက်တုံးတွေ၊ ဝါးတောတွေ၊ သစ်ပင်တွေကို ဆန္ဒရှိတိုင်း ခုတ်ခွင့် မရှိဘူး"
"ဒါကြောင့် သူတို့က အိမ်ဆောက်ဖို့အတွက် ဒီပစ္စည်းတွေကို ထိုက်ယန်တောင်ကနေ တိုက်ရိုက် သယ်သွားကြတာပဲ"
ထိုအကြောင်းကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သို့သော် ချက်ချင်းပင် သူက "ရှောင်မောင်းတောင်ဘက်မှာ ကိုယ့်သဘောနဲ့ကိုယ် အိမ်မဆောက်ရဘူးလို့ ပြောထားတာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
ဦးလေးမာက ယခင်က လင်းယွမ်နှင့် တိုင်ပင်ခဲ့ဖူးသည်။ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲတွင် တောင်ထိပ်များ သိပ်မများလှဘဲ ရှောင်မောင်းတောင်က အမြင့်ဆုံး တောင်ထွတ်တစ်ခု ဖြစ်နေသည်။
နောက်ဆုံးတွင် လူတိုင်းက ခိုလှုံရေးစခန်း၏ အဆောက်အအုံ အားလုံးကို ရှောင်မောင်းတောင်ပေါ်တွင် တည်ဆောက်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ထိုသို့ဆိုလျှင် ရှောင်မောင်းတောင်၏ အနေအထားသည် သာမန်တောင်တစ်လုံးမျှသာ မဟုတ်တော့ဘဲ သီးခြား နိုင်ငံရေးဆိုင်ရာ အရေးပါမှုပါ ရှိလာမည် ဖြစ်သည်။
ထိုအခြေအနေကြောင့် ရှောင်မောင်းတောင်ပေါ်ရှိ မြေကွက်လပ်များကို လူတိုင်း လုယက်ကြမည်မှာ သဘာဝပင်။ ရှောင်မောင်းတောင်သာ ဖွံ့ဖြိုးတိုးတက်လာလျှင် ခိုလှုံရေးစခန်း၏ အချက်အချာနေရာ ဖြစ်လာမည်ကို မည်သူမဆို သိထားကြသည်။
ထိုအချိန်ရောက်လျှင် ဧရာမ ဈေးဝယ်စင်တာကြီးများနှင့် နေရောင်ခြည်ခန်း အမျိုးမျိုး အစရှိသည်တို့သည် ရှောင်မောင်းတောင်ကို ဗဟိုပြု၍ တည်ဆောက်လာကြမည် ဖြစ်သည်။
ထို့ကြောင့် အစကတည်းက ဦးလေးမာက ရှောင်မောင်းတောင်ပေါ်ရှိ မြေနေရာများကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့် တားမြစ်ရန်နှင့် အရာအားလုံးကို ဆောက်လုပ်ရေးဌာနမှ တစ်စုတစ်စည်းတည်း စီမံကိန်းချ တည်ဆောက်ရန် အကြံပြုခဲ့သည်။
လင်းယွမ်သည်လည်း ထိုအချိန်က ထိုအကြံကို အတည်ပြု သဘောတူခဲ့သည်။
ယခု တုံယန်၏ စကားကို ကြားလိုက်ရသောအခါ လင်းယွမ် အနည်းငယ် အံ့သြသွားမိသည်။
ရှောင်မောင်းတောင်ပေါ်မှာ အိမ်ဆောက်ခွင့် မရှိတော့တာတောင် လူတွေက ဝါးတွေ၊ သစ်သားတွေ၊ ကျောက်တုံးတွေကို ဘာလုပ်ဖို့ သယ်သွားကြတာလဲ။
တုံယန်က ရယ်မောရင်း "ရှောင်မောင်းတောင်မှာ ဆောက်လို့မရပေမဲ့ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲက ရေအနက်က အပြင်ဘက်လောက် မနက်ဘူးလေ... နေရာအများစုမှာ ရေတိမ်တယ်... အထူးသဖြင့် ရှောင်မောင်းတောင် အနီးတဝိုက်က ပထဝီဝင်အနေအထားအရဆိုရင် ပိုသိသာတယ်"
"လူအများစုက ဉာဏ်ပြေးသွားကြပြီး ရှောင်မောင်းတောင်နားမှာ မြေဖို့ပြီး အိမ်တွေဆောက်လိုက်ကြတာ... ဆောက်လုပ်ရေးဌာနကသာ အချိန်မီ တားဆီးမထားဘူးဆိုရင် ရှောင်မောင်းတောင်က နောက်ထပ် တစ်ပတ်လောက်တောင် ကျယ်သွားနိုင်သေးတယ်"
လင်းယွမ်မှာ ပြောစရာစကားပင် ပျောက်ရှသွားသည်။ လူများလာသည်နှင့်အမျှ စီမံခန့်ခွဲရန် ခက်ခဲလာပြီး ဘယ်လို ကွေ့ကောက်နေသော အကြံအစည်မျိုးကိုမဆို တွေးနိုင်သူများ ရှိလာမည်မှာ အမှန်ပင် ဖြစ်သည်။
အစောပိုင်းကတည်းက လင်းယွမ်သည် ထိုက်ယန်တောင်၏ အဆင့်မြင့်အရာရှိများနှင့် ဤကိစ္စကို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ရေပေါ်ကျွန်းများသည် အလေးချိန် လျှော့ချရန်သာ ရနိုင်ပြီး အလေးချိန် တိုးမြှင့်၍ မရပေ။
အကြောင်းမှာ ရေပေါ်ကျွန်း၏ ပေါလောပေါ်နိုင်စွမ်းမှာ ပုံသေဖြစ်နေသောကြောင့် ဖြစ်သည်။ အကယ်၍ အလေးချိန် အလွန်အမင်း တိုးလာပါက မလွဲမသွေ နစ်မြုပ်သွားမည်သာ ဖြစ်သည်။
ထို့ကြောင့် ဤစည်းမျဉ်းကို ချမှတ်ခဲ့ရခြင်း ဖြစ်သည်။
ယခု ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်တွင် လူဦးရေများစွာ တိုးလာသောကြောင့် ဟင်းလင်းပြင်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထို့အတွက်ကြောင့် လီချင်းဟွာက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် ရေအများအပြားကို အထူးတလည် ဖယ်ရှားပေးခဲ့ရသည်။
ဤကိစ္စကိုသာ ကန့်သတ်မထားဘဲ ခိုလှုံရေးစခန်းမှ နေထိုင်သူများကို အပြင်ဘက်မှ ပစ္စည်းအမျိုးမျိုး သယ်ဆောင်လာခွင့် ပြုထားပါက ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သည် အနှေးနဲ့အမြန် ဝန်ပိပြီး ပြိုလဲသွားမည်သာ ဖြစ်သည်။
ယခုအခါ အလေးချိန်လျှော့ချရန်အတွက် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ လုပ်ဆောင်ချက်မှာ နေထိုင်ရန်နှင့် စိုက်ပျိုးရေးဟူသော လုပ်ငန်းနှစ်ခုသာ ရှိတော့သည်။
ထုတ်လုပ်ရေး စက်ကိရိယာများနှင့် စက်ရုံများကဲ့သို့သော စီမံကိန်းများကို တွင်းနက်အရိပ်ရေပေါ်ကျွန်းနှင့် အခြားရေပေါ်ကျွန်းများပေါ်သို့ တိုက်ရိုက် ပြောင်းရွှေ့ခဲ့ရသည်။
ထိုသို့ ပြုလုပ်မှသာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ ဖိအားကို ခွဲဝေလျှော့ချနိုင်မည် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီးနောက် လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "အခု ရေခဲလွှာတွေလည်း အရည်ပျော်သွားပြီဆိုတော့... တွင်းနက်အရိပ်ရေပေါ်ကျွန်း၊ မြူခိုးမြို့တော်နဲ့ တခြားရေပေါ်ကျွန်းတွေရော ရောက်လာကြပြီလား"
တုံယန်က ခေါင်းညိတ်ပြပြီး "ဒီဘက်ကို ဦးတည်ပြီး လာနေကြပါပြီ... ဒါပေမဲ့ ရေပေါ်ကျွန်းတွေရဲ့ ရွေ့လျားနှုန်းက အရမ်းနှေးတော့ ရောက်ဖို့ ရက်အနည်းငယ် ကြာဦးမယ် ထင်တယ်"
"ကွမ်ဖူဘက်က အခြေအနေကရော ဘယ်လိုရှိလဲ" ဟု လင်းယွမ်က မေးလိုက်သည်။
"ရွှေ့ပြောင်းရမယ့်ဟာတွေ အကုန်ရွှေ့ပြောင်းပြီးပါပြီ... ဒါပေမဲ့ ချန်ချုံးတောင်၊ ချန်ဖူတောင် အစရှိတဲ့ တောင်တန်းတွေထဲမှာ ချန်ချုံးတောင် တစ်ခုကလွဲရင် ကျန်တဲ့ တောင်အများစုက လုံးဝ ရေမြုပ်သွားကြပြီ"
"တောင်ထဲမှာ စွမ်းအင်ကျောက်တုံး သယံဇာတတွေ အများကြီး ကျန်နေသေးတယ်... အခုတော့ ရေအောက်မှာပဲ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ လုပ်လို့ရတော့မှာ"
"ဒါနဲ့ စကားစပ်လို့ ပြောရဦးမယ်... ကွမ်ဖူဘက်မှာ ရေအောက်သတ္တုတူးဖော်ရေး ရေပန်းစားတာမျိုး ဖြစ်သွားသေးတယ်"
ရေလွှမ်းမိုးမှုကြီးက ထိုတောင်တန်းများကို ဖုံးလွှမ်းသွားသည်နှင့်အမျှ ထိုက်ယန်တောင်ဘက်မှလည်း ဤတောင်ထွတ်များကို လုံးဝ လက်လွှတ်လိုက်ရပြီး မီယွမ်မိုးသစ်တောကျွန်း၊ တိမ်မြူကျွန်းနှင့် မြေဝါနတ်ဘုရားကျွန်းဟူသော ရေပေါ်ကျွန်းသုံးကျွန်းမှာလည်း ထိုက်ယန်တောင်ရှိရာဘက်သို့ ဖြည်းညင်းစွာ မျောပါလာခဲ့ကြသည်။
ထိုက်ယန်တောင်ဘက်မှ ထိုတောင်များအတွင်းရှိ မြောက်မြားစွာသော စွမ်းအင်ကျောက်တုံးများကို လက်လွှတ်ခဲ့သော်လည်း ခိုလှုံရေးစခန်းရှိ နေထိုင်သူများကမူ လက်မလွှတ်ခဲ့ကြပေ။
သူတို့အတွက်မူ တည်ငြိမ်စွာ သတ္တုတူးဖော်နိုင်ပါက စွမ်းအင်ကျောက်တုံး အမြောက်အမြားကို ရှာဖွေနိုင်မည်ဖြစ်ပြီး ၎င်းမှာ တည်ငြိမ်သော ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
ဤအလုပ်သည် အပြင်ထွက်၍ သန္ဓေပြောင်းသားရဲများကို အမဲလိုက် သတ်ဖြတ်ခြင်းထက် အန္တရာယ် ပိုကင်းသည်။ သိပ်ပြီး စွန့်စားစရာမလိုဘဲ လက်ပါရုံဖြင့် လုပ်ဆောင်နိုင်လေသည်။
ထို့ကြောင့် လူအများအပြားသည် မူလတောင်တန်း သတ္တုတွင်းများအနီးရှိ ရေပြင်ပေါ်သို့ လှေများဖြင့် သွားရောက်ကာ ထိုနေရာတွင် ရေပေါ်စင်မြင့်များ တည်ဆောက်ပြီး ရေအောက် သတ္တုတူးဖော်ရေး လုပ်ငန်းများကို စတင်ခဲ့ကြသည်။
အစပိုင်းတွင် ရေဓာတ် အစွမ်းပိုင်ရှင်များကသာ တိတ်တဆိတ် လုပ်ဆောင်ခဲ့ကြသော်လည်း ထိုရေဓာတ် အစွမ်းပိုင်ရှင်များ ကြီးပွားချမ်းသာလာပြီး တစ်မိသားစုလုံး ရေပေါ်ကျွန်း၏ အချက်အချာကျသော နေရာများသို့ပင် ပြောင်းရွှေ့နိုင်လာကြသောအခါ၊ ထို့အပြင် သင်္ကေတပစ္စည်း အမျိုးမျိုးကို ဝယ်ယူနိုင်ပြီး စွမ်းအင်စုဝေးအဆောက်အအုံ အတွင်းသို့ပင် ဝင်ရောက်လာနိုင်ကြသောအခါမှသာ အခြားလူများလည်း သတိထားမိလာကြတော့သည်။
ထို့နောက် မြေဝါနတ်ဘုရားကျွန်း၊ မီယွမ်မိုးသစ်တောကျွန်း၊ တိမ်မြူကျွန်း အစရှိသော ရေပေါ်ကျွန်း သုံးကျွန်းမှ သာမန် အစွမ်းပိုင်ရှင်များသည်လည်း အုပ်စုများဖွဲ့ကာ ရေအောက် သတ္တုတူးဖော်ရေး လုပ်ငန်းကြီးကို စတင်ခဲ့ကြလေသည်။
ထိုအကြောင်းအရင်းကြောင့်ပင် ယခုအခါ တစ်ခုလုံးသော ထိုက်ယန်တောင် အင်အားစု နယ်မြေအတွင်း ရေကွင်းသင်္ကေတ ကဲ့သို့သော သင်္ကေတကျောက်တုံးများမှာ ဈေးနှုန်းများ အဆမတန် ထိုးတက်သွားခဲ့သည်။ သင်္ကေတကျောက်တုံး ပြုလုပ်တတ်သော ကျွမ်းကျင်သူ အားလုံးသည် တစ်နေ့ကုန် အိမ်ထဲမှမထွက်ဘဲ ရေကွင်းသင်္ကေတ၊ ရေဓာတ်သင်္ကေတ အစရှိသည့် သင်္ကေတကျောက်တုံးများကိုသာ ထွင်းထုနေကြပြီး အလားတူပင် ငွေကြေးများစွာ ဝင်ငွေရရှိနေကြသည်။
အချုပ်အားဖြင့်ဆိုရသော် ယခုအခါ ရေများ တက်လာပြီး လူတိုင်း၏ မူလ အိမ်ရာများကို ရေလွှမ်းမိုးသွားခဲ့ပြီ ဖြစ်သော်လည်း...
သို့သော် လူတိုင်းက ထိုအကြောင်းကြောင့် စိတ်ဓာတ်ကျဆင်းသွားခြင်း မရှိဘဲ ပိုမို ပြင်းထန်သော ရှင်သန်ရေး အသိစိတ်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပုံရသည်။
လင်းယွမ်သည် တုံယန်၏ ရှင်းပြချက်များကို နားထောင်ရင်း ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။
"ဒါလည်း ကောင်းတာပါပဲ... ဘယ်လိုပဲဖြစ်ဖြစ် ရေမြုပ်သွားတဲ့ တောင်ထွတ်တွေထဲမှာ စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိနေသေးတာပဲ... ဒီအတိုင်းထားရင်လည်း အလကားဖြစ်မှာပဲလေ... အခုချိန်က ငါတို့အနေနဲ့ ယာဉ်ပျံပဲဖြစ်ဖြစ်... ကင်းစောင့်စက်ရုပ်တွေပဲဖြစ်ဖြစ်... စခန်းအကာအကွယ်ဒိုင်းတွေပဲဖြစ်ဖြစ်... အကုန်လုံးက စွမ်းအင်ကျောက်တုံး အမြောက်အမြား လိုအပ်နေတဲ့ အချိန်နဲ့ အံကိုက်ဖြစ်နေတာပဲ"
"သူတို့ကိုပဲ တူးခိုင်းလိုက်ကြတာပေါ့"
လင်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
သူ့ဘက်မှ ပေးဆပ်ရမည်မှာလည်း ပစ္စည်းအနည်းငယ်မျှသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူများက စွမ်းအင်ကျောက်တုံးများကို ရောင်းချပြီး ရရှိလာသော အမှတ်များကို နောက်ဆုံးတွင် ထိုက်ယန်တောင်ရှိ ဈေးဝယ်စင်တာကြီးများတွင် ပြန်လည် သုံးစွဲကြမည်သာ ဖြစ်သည်။
ထို့အပြင် ဈေးဝယ်စင်တာများအတွင်းရှိ ပစ္စည်းအများစုမှာ လင်းယွမ်က လဲလှယ်ထားခြင်း ဖြစ်သည်။
သေချာသည်မှာ ယခုအခါ ထိုက်ယန်တောင်ရှိ စက်ကိရိယာအမျိုးမျိုးကို သုတေသနပြု ဖော်ထုတ်လာနိုင်သည်နှင့်အမျှ စက်ရုံများစွာကိုလည်း စတင် ဖွင့်လှစ်နေပြီ ဖြစ်သည်။
ထိုက်ယန်တောင် ဈေးဝယ်စင်တာများရှိ ပစ္စည်းအများအပြားသည် လင်းယွမ်၏ စနစ်မှ လဲလှယ်ရန် မလိုအပ်တော့ဘဲ တိုက်ရိုက် ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
ယခုအခါ ရှုပ်ထွေးသော နည်းပညာသုံး ပစ္စည်းအချို့ကိုသာ လင်းယွမ်က စနစ်အတွင်းမှ လဲလှယ်ပေးရန် လိုအပ်တော့ပြီး အခြားသော ပစ္စည်းများကိုမူ ထိုက်ယန်တောင်က လုံးဝ ဖူလုံစွာ ထုတ်လုပ်နိုင်နေပြီ ဖြစ်သည်။
နှစ်ယောက်သား ရေအောက်တွင် တစ်ပတ်လှည့်လည်ကြည့်ရှုကာ ယခင်က နေထိုင်ခဲ့သော ကျောက်ဂူအခန်းလေးကို အမှတ်ရလွမ်းဆွတ်ပြီးနောက် နောက်ဆုံးတွင် ကိုးဝူမျှော်စင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
တုံကျဲနှင့် အခြားသူများက ဆီးကြိုလိုက်ကြသည်။
"ဆရာလင်း... အခု ရေတွေ ဆက်တက်နေတဲ့ အရှိန်အရဆိုရင် ကိုးဝူမျှော်စင်လည်း အနှေးနဲ့အမြန် ရေလွှမ်းခံရတော့မယ် ထင်တယ်... အဲဒီအချိန်ကျရင် ကျွန်တော်တို့ တကယ်ကို အကုန် ဆုတ်ခွာရတော့မှာ"
ဟန်ပန်းက မနေနိုင်ဘဲ ပြောလိုက်သည်။
သူသည် ဤတစ်ကြိမ်တွင် ကိုးဝူမျှော်စင်၌ တာဝန်ကျသော ခေါင်းဆောင် ဖြစ်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြပြီး "ဆုတ်ခွာရရင်လည်း ဆုတ်ခွာရမှာပေါ့... ထိုက်ယန်တောင် ရေမြုပ်သွားမယ်ဆိုတာလည်း အနှေးနဲ့အမြန် ဖြစ်လာမယ့်ကိစ္စပါပဲ" ဟု ပြောလိုက်သည်။
"စွမ်းအင်စုဝေးအဆောက်အအုံကိုလည်း အကုန် ရွှေ့ပြောင်းပြီးသွားပြီလား"
"ဟုတ်ကဲ့... ရှောင်မောင်းတောင်ဘက်ကို ပြောင်းရွှေ့ပြီးပါပြီ" ဟု ဟန်ပန်းက ပြန်ဖြေသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အဲဒါဆိုလည်း ရပြီ... လာ... ရှောင်မောင်းတောင်ကို သွားကြမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
ဟန်ပန်းက စစ်သင်္ဘောတစ်စင်းကို ရှာလာပြီးနောက် လူအချို့ သင်္ဘောပေါ်သို့ တက်ကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ရှိရာဘက်သို့ စတင် မောင်းနှင်သွားကြသည်။
ရေမိုင်အနည်းငယ်ခန့် မောင်းနှင်သွားပြီးနောက် မူလက အဆုံးအစမရှိ ကျယ်ပြောလှသော ရေပြင်ပေါ်တွင် ငါးဖမ်းလှေများ၊ စစ်သင်္ဘောများ၊ တိုက်ပွဲဝင်သင်္ဘောများ အစရှိသော ရေယာဉ်အများအပြား တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်သည် ယခင်က သမ္မတ ၇ ၏ ဧရာမ ကိုယ်ထည်ကြီးကိုပင် မြင်လိုက်ရသေးသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ် ချက်ချင်း ပြုံးလိုက်မိသည်။
"သူတို့တွေ ဘာလုပ်နေကြတာလဲ"
"ဆရာလင်း... တိုက်ပွဲဝင်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေက ရေပြင်ပေါ်မှာ လေ့ကျင့်ရေးဆင်းနေကြတာပါ... သာမန် ငါးဖမ်းလှေတွေကတော့ သန္ဓေပြောင်းငါးတွေကို ဖမ်းနေကြတာလေ" ဟု ဟန်ပန်းက ရယ်မောရင်း ပြန်ဖြေသည်။
"ဒီရေပြင်ကို ကျော်သွားရင် ကျွန်တော်တို့ ရောက်ပါပြီ"
လင်းယွမ်က မော့ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ရှေ့ဘက်ရှိ ဟင်းလင်းပြင်တွင် အနည်းငယ် ပုံပျက်သွားသည့် အပြောင်းအလဲကို အာရုံခံမိလိုက်သည်။
၎င်းမှာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ ဟင်းလင်းပြင် အကာအရံများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စစ်သင်္ဘောက တဟုန်ထိုး မောင်းနှင်လာခဲ့ပြီး ရှေ့ဘက်ရှိ ပုံပျက်နေသော ဟင်းလင်းပြင်နှင့် ကြုံတွေ့ရသောအခါ မရပ်တန့်ဘဲ ခေါင်းစိုက်ဝင်သွားလေသည်။
ချက်ချင်းပင် မျက်စိရှေ့ရှိ ဟင်းလင်းပြင်တွင် အနည်းငယ် ပုံပျက်သွားသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာပြီး ကျယ်ပြောသော်လည်း ရေကန်တစ်ခုကဲ့သို့ ငြိမ်သက်နေသော ရေပြင်ကြီးက ရှေ့ဘက်တွင် ပေါ်လာသည်။
ရေပြင်ပေါ်တွင် အရွယ်အစားစုံလင်သော သင်္ဘောအများအပြား ရပ်နားထားကြသည်။
ဟန်ပန်းက ရှင်းပြလိုက်သည်။ "ဆရာလင်း... ဒီနေရာက သာမန်ပြည်သူသုံး ဆိပ်ကမ်းပါ... အရပ်ဘက်သုံး သင်္ဘောတွေ အဝင်အထွက်လုပ်ဖို့ အထူးဖွင့်လှစ်ပေးထားတဲ့ ဟင်းလင်းပြင် လမ်းကြောင်းပေါ့"
"တကယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေမျိုးနဲ့ ကြုံလာရင် ဒီဟင်းလင်းပြင် လမ်းကြောင်းကို ချက်ချင်း ပိတ်ပစ်မှာပါ"
"ပြီးတော့ ဒီကနေ ၁၂ မိုင်လောက် ကွာဝေးတဲ့နေရာမှာ နောက်ထပ် စစ်ဘက်သုံး ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုရှိသေးတယ်... အဲဒါက ကျွန်တော်တို့ ထိုက်ယန်တောင်က ရေတပ်သင်္ဘောစုတွေ အထူးအသုံးပြုတဲ့ ဆိပ်ကမ်းပါ"
"ရေတပ်သင်္ဘောစု အထူးဆိပ်ကမ်း စုစုပေါင်း လေးခုရှိပြီး အရပ်လေးမျက်နှာမှာ အသီးသီး တည်ရှိပါတယ်... ရန်သူက ဘယ်အရပ်ကနေပဲ ဝင်တိုက်လာပါစေ... ကျွန်တော်တို့က ထိထိရောက်ရောက် ချက်ချင်း တန်ပြန်တိုက်ခိုက်နိုင်အောင် စီစဉ်ထားတာပါ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "နောက်မှ အားတဲ့အခါ မြေပြင်ကို ကိုယ်တိုင် သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
စကားပြောနေစဉ်အတွင်း စစ်သင်္ဘောက အရပ်ဘက်သုံး ဆိပ်ကမ်းကို ဖြတ်သန်းကာ ရှေ့ဘက်ရှိ ရေတိမ်ပိုင်းသို့ ဝင်ရောက်သွားပြီး အဝေးတစ်နေရာမှ တောင်ထွတ်တစ်ခုသည် ရေကန်မျက်နှာပြင်ပေါ်တွင် မားမားမတ်မတ် ရပ်တည်နေသည်ကို တွေ့လိုက်ရသည်။
အမှောင်ထုထဲတွင် ထိုတောင်ထွတ်သည် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်အတွင်းရှိ လူတိုင်း၏ နှလုံးသားများကို လင်းလက်စေပြီး အားလုံးအတွက် အိမ်အပြန်လမ်းကို လမ်းပြပေးနေသည့် မီးအိမ်တစ်ခုပမာ ဖြစ်နေလေသည်။
ထိုနေရာသည်ကား ရှောင်မောင်းတောင် တည်ရှိရာ နေရာပင် ဖြစ်သည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲတွင် အလင်းရောင် မရှိသောကြောင့် ရှောင်မောင်းတောင်ထိပ်တွင် သန္ဓေပြောင်း နေကြာပန်းများစွာကို စိုက်ပျိုးထားသဖြင့် ဤကဲ့သို့ မီးပြတိုက်ကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရရှိနေခြင်း ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၈၀၂) ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၏ အပြောင်းအလဲများ
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်က သီးခြားဟင်းလင်းပြင်တစ်ခု ဖြစ်သည့်အတွက် ကြယ်များ၏ အလင်းရောင်မရှိဘဲ အမြဲတမ်း အမှောင်ကျနေခဲ့သည်။
အစောပိုင်းတုန်းက ဝူယောင်ပန်းက ရှောင်မောင်းတောင်ပေါ်တွင် ဧဒင်ဥယျာဉ်ကို တည်ထောင်ခဲ့ချိန်၌ အလင်းရောင်ကြောင့် သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ခိုက်မှုကို ခံရမည်စိုးသဖြင့် သန်းခေါင်ယံအချိန်များတွင်ပင် မီးမထွန်းရဲခဲ့ပေ။
သို့သော် ယခုအခါ လင်းယွမ်တို့က ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကို သိမ်းပိုက်လိုက်ပြီး ဤနေရာရှိ အစွမ်းထက် သန္ဓေပြောင်းသတ္တဝါ အများစုကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။
သူတို့က ဤနေရာ၏ ဂေဟစနစ်ကို တိုက်ရိုက်ပြောင်းလဲပစ်လိုက်ပြီး သန္ဓေပြောင်း နေကြာပန်းများကို စိုက်ပျိုးခဲ့ကြသည်။
ရှောင်မောင်းတောင် တစ်တောင်လုံး နေကြာပန်းများ ဖုံးလွှမ်းနေရုံသာမက ရေပြင်ပေါ်သို့ ပေါ်ထွက်နေသော အဆောက်အအုံများပေါ်တွင်ပါ ဖြတ်သန်းသွားလာသူများက နောက်တစ်ခေါက် လာရောက်ရန် အဆင်ပြေစေရန်အတွက် သန္ဓေပြောင်း နေကြာပန်းများကို စိုက်ပျိုးထားခဲ့ကြသည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်တွင် နေမရှိသော်လည်း လူသားများ ဖြတ်သန်းသွားလာဖူးသည့် နေရာတိုင်းတွင် နေရောင်ခြည်များ ရှိနေသည်ဟု ဆိုနိုင်ပေသည်။
အထူးသဖြင့် ရှောင်မောင်းတောင်ပေါ်တွင် သန္ဓေပြောင်း နေကြာပန်း အမြောက်အမြားကို စိုက်ပျိုးထားသောကြောင့် ထိုနေရာက အလင်းရောင်များ တောက်ပနေသော တောင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် တစ်ခုလုံးမှနေ၍ ရှင်းလင်းစွာ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့ အလင်းရောင်များ တောက်ပနေသော ရှောင်မောင်းတောင်က သန္ဓေပြောင်းသတ္တဝါ အမြောက်အမြားကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ ထိုသို့မဟုတ်ခဲ့ပေ။ ရှောင်မောင်းတောင်ပေါ်တွင် ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင်များစွာ ရှိနေပြီး မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းအဆင့်များ မပါလျှင်ပင် မျိုးရိုးဗီဇမျိုးစေ့အဆင့် ပြည့်ဝသူများ အများအပြား ရှိနေသည်။
ဤမျှ များပြားလှသော အစွမ်းပိုင်ရှင်များ စောင့်ကြပ်နေသည့်နေရာကို မည်သည့် အသက်မရှင်ချင်သော သန္ဓေပြောင်းသတ္တဝါကများ ချဉ်းကပ်ရဲမည်နည်း။
အစောပိုင်းတုန်းက လင်းယွမ်က ရှောင်မောင်းတောင်ကို သိမ်းပိုက်ပြီးနောက်တွင် တောင်တစ်တောင်လုံးကို ကြိုတင် ရှင်းလင်းထားခဲ့ပြီး ဖြစ်သည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် တစ်ခုလုံးရှိ သန္ဓေပြောင်းသတ္တဝါများထဲတွင် မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်းသတ္တဝါ အနည်းငယ်မျှသာ ရှိပြီး ၎င်းတို့ကိုလည်း လင်းယွမ်က ဖမ်းဆီးကာ ယဉ်ပါးအောင် သွန်သင်ထားပြီး ဖြစ်သည်။
အချိန်အတော်ကြာ ကြာမြင့်လာသည်နှင့်အမျှ သန္ဓေပြောင်းသတ္တဝါ အသစ်များ စတင် ဆင့်ကဲပြောင်းလဲလာနိုင်သော်လည်း ထိုသန္ဓေပြောင်းသတ္တဝါများက လူသားများ၏ အစွမ်းထက်မှုကို နားလည်သဘောပေါက်နေကြသဖြင့် လူသားများ လှုပ်ရှားသွားလာသည့် နယ်မြေများအနီးသို့ လုံးဝ မချဉ်းကပ်ရဲကြပေ။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ထဲရှိ လူသားများအတွက်မူ ဤနေရာက အလုံခြုံဆုံးသော နေထိုင်ရာ နေရာတစ်ခု ဖြစ်ပေသည်။
လင်းယွမ်တို့၏ စစ်သင်္ဘောက ရေပြင်ကို ဖြတ်သန်းကာ ရှောင်မောင်းတောင်ဆီသို့ ဦးတည် ခုတ်မောင်းသွားလေသည်။
ရှောင်မောင်းတောင်သို့ မရောက်မီမှာပင် လင်းယွမ်က ရှောင်မောင်းတောင် အနီးရှိ ရေပြင်တွင် ရေပေါ်ပေါ်နေသော အဆောက်အအုံ အများအပြားကို တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။
ထိုအဆောက်အအုံ အများစုကို ဝါးများ၊ သစ်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အဝေးမှ ကြည့်လိုက်လျှင် ရေပေါ်မြို့လေးများ တစ်မြို့ပြီးတစ်မြို့ တည်ရှိနေသကဲ့သို့ပင်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "လူတွေကို နေရာချမပေးရသေးဘူးလား... ဘာလို့ ရေပေါ်မှာ နေနေကြတာလဲ" ဟု မေးလိုက်သည်။
တုံယန်က ပြုံးလိုက်ပြီး "အဲဒီလူတွေက နေစရာ မရှိတာ မဟုတ်ပါဘူး... သူတို့က ရှောင်မောင်းတောင်နဲ့ ပိုနီးချင်လို့ ရေပေါ်မှာပဲ အိမ်တွေ တိုက်ရိုက်ဆောက်လိုက်ကြတာပါ"
"သူတို့အတွက် အနီးအနားမှာ နေရာချထားပေးတဲ့ အိမ်တွေ ရှိပါတယ်... ဒါပေမဲ့ တချို့က ဝေးပြီး တချို့က နီးတော့... တချို့လူတွေက အလုပ်ရှုပ်ခံမနေချင်လို့ ဒီနေရာမှာပဲ လှေဆောက်ပြီး အိမ်အဖြစ် နေလိုက်ကြတာပါ"
လင်းယွမ်က ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး အကြောင်းရင်းအမှန်ကို နားလည်သွားသည်။
ဤသည်က ကပ်ဘေးမတိုင်မီက မြို့လယ်ခေါင်မှနေ၍ အပြင်ဘက်သို့ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ပြည်သူများ ကိုယ်တိုင် ဆောက်လုပ်ထားသော အိမ်များနှင့် တူမနေဘူးလော။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး "ဒီလိုအခြေအနေမျိုးကိုလည်း လူလွှတ်ပြီး စီမံခန့်ခွဲခိုင်းရမယ်... ရေပြင်ပေါ်မှာ လူတွေ အများကြီး ပြည့်ကျပ်နေရင် ရှောင်မောင်းတောင်က လှေတွေ ဘယ်လို သွားလာကြမလဲ" ဟု ပြောလိုက်သည်။
တုံယန်က ရယ်မောရင်း "အစ်ကို စိတ်ချပါ... ဒီကိစ္စကို စီမံခန့်ခွဲရေးဌာနက လူတွေ သေချာ စီစဉ်ထားပြီးပါပြီ... အနီးအနားက ရေပြင်မှာ လှေရပ်နားခတွေကို ကောက်ခံနေပြီး ရှောင်မောင်းတောင်မှာလည်း အများပြည်သူ သွားလာဖို့ သီးသန့် လှေတွေ ရှိပါတယ်... အဲဒီလှေတွေကို စီးရင် အခကြေးငွေ ပေးစရာ မလိုပါဘူး"
"ပြီးတော့ တောင်အနောက်ဘက်မှာလည်း လှေရပ်နားခွင့် မပြုတဲ့ နယ်မြေတွေကို သီးသန့် သတ်မှတ်ထားပြီး ညီမတို့ရဲ့ စစ်သင်္ဘောတွေ သွားလာဖို့အတွက် သီးသန့် ထားရှိပါတယ်"
လင်းယွမ်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး "အများပြည်သူသုံးလှေတွေက ဘတ်စ်ကားတွေလိုမျိုးပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်... ရှောင်မောင်းတောင်ကို နေ့စဉ် သွားလာဖို့ သီးသန့် လမ်းကြောင်းတွေ ရှိတယ်... အမှတ်တစ်မှတ်တည်း ပေးရုံနဲ့ ရပြီ... နေ့တိုင်း အသွားအပြန် လှေ (၂၄) စီး ရှိပြီး တစ်နာရီကို တစ်ခေါက် ထွက်တာမို့ အရမ်း အဆင်ပြေပါတယ်" ဟု တုံယန်က ပြုံးရင်း ဖြေသည်။
လင်းယွမ်က မနေနိုင်ဘဲ ဝမ်းသာပီတိ ဖြစ်သွားမိသည်။ တကယ်ပင် ယခုအခါ ထိုက်ယန်တောင်က တရားဝင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီ ဖြစ်ရာ သူ မရှိလျှင်တောင် ကောင်းမွန်စွာ လည်ပတ်နိုင်နေပြီ ဖြစ်သည်။
ယခု ထိုက်ယန်တောင် ခိုလှုံရေးစခန်းအတွက် သူ ဆက်ပြီး ပူပန်နေစရာ မလိုတော့ပေ။ နေ့စဉ်နေ့တိုင်း အမှတ်များစွာ ဝင်ရောက်လာပြီး သူ့အတွက် အမှတ်များ စုဆောင်းပေးကာ ကံစမ်းမဲနှိုက်ရန် အသုံးပြုနိုင်မည် ဖြစ်သည်။
ဤကဲ့သို့သော ခံစားချက်က တကယ်ကို ကြည်နူးစရာ ကောင်းလှသည်။
မကြာမီမှာပင် လှေများက ရှောင်မောင်းတောင်၏ ဆိပ်ကမ်းသို့ ရောက်ရှိသွားပြီး လင်းယွမ်က ဆိပ်ကမ်းရှိ နို့လက်ဖက်ရည်ဆိုင် ရှေ့တွင် ရပ်နေသော ရင်းနှီးသည့် လူအချို့ကို အဝေးမှနေ၍ မြင်လိုက်ရသည်။
"အစ်ကိုလင်း... အဲ့တာ အမမေနဲ့ အမဝမ်တို့ပဲ"
တုံယန်ကလည်း နို့လက်ဖက်ရည်ဆိုင် ရှေ့ရှိ လူများကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းကာ အော်ခေါ်လိုက်သည်။
"အမမေ... အမဝမ်... အမလင်းယာ... အစ်ကိုလင်း ပြန်လာပြီ"
သူမ၏ အော်သံကြောင့် အနီးအနားရှိ လူများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။
လှေပေါ်ရှိ လင်းယွမ်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အသီးသီး ပေါ်လွင်သွားကြသည်။
"အယ်... ကိုလင်းယွမ်ပါလား"
"ဆရာလင်း ပြန်လာပြီဟေ့"
"ဆရာလင်းကို မမြင်ရတာ တစ်လကျော်လောက်တောင် ရှိသွားပြီလို့ ထင်ရတယ်"
"အဲဒီလောက် မကြာပါဘူး... ဒါပေမဲ့ လဝက်လောက်တော့ သေချာပေါက် ရှိနေပြီ... ငါ့ အမျိုးတစ်ယောက် ပြောတာတော့ လဝက်မတိုင်ခင်က ထိုက်ယန်တောင် အစည်းအဝေးပွဲမှာ ဆရာလင်းကို တွေ့ခဲ့ရတယ်တဲ့"
"ဆရာလင်း ပြန်လာတာ ကောင်းပါတယ်... သူ မရှိရင် ငါ့ စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ"
"ဟားဟားဟား... ဆရာလင်းက ငါတို့ ခိုလှုံရေးစခန်းရဲ့ အားထားရာပဲ... သူ မရှိရင် မိုးပြိုကျတော့မလို ခံစားရတယ်"
"ရန်မေတို့လည်း ဆရာလင်းကို လာကြိုကြတာပဲ"
......
ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများ ဆက်တိုက် ထွက်ပေါ်နေပြီး လင်းယွမ်ကို မြင်လိုက်ရသောအခါ လူတိုင်းက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုက်ယန်တောင်က ယနေ့ကဲ့သို့ ကြီးမားလာနိုင်ခြင်းမှာ လင်းယွမ်၏ ကျေးဇူးကြောင့်သာ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသောကြောင့် ဖြစ်သည်။
လင်းယွမ်နောက်သို့ စောစီးစွာ လိုက်ပါခဲ့သူများလေလေ ဤတိုတောင်းလှသော နှစ်နှစ်တာ ကာလအတွင်း ထိုက်ယန်တောင်တွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမားသော အပြောင်းအလဲများကို ပို၍ နားလည်သဘောပေါက်လေလေ ဖြစ်သည်။
လင်းယွမ်အပေါ် ထားရှိသော သူတို့၏ ကျေးဇူးတင်မှုနှင့် သစ္စာစောင့်သိမှုများမှာ နောက်မှ ရောက်လာသူများအတွက် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
လင်းယွမ်က တုံယန်တို့ကို ခေါ်ဆောင်ကာ ဆိပ်ကမ်းသို့ တက်လာပြီး ထိုနို့လက်ဖက်ရည်ဆိုင် ရှေ့သို့ ရောက်ရှိလာသည်။
ရန်မေနှင့် ဆုန့်ဝမ်တို့က မျက်နှာပေါ်တွင် အပြုံးကိုယ်စီဖြင့် ပြေးလာကြသည်။
ရန်မေက လင်းဟုန်ကို ချီထားရသဖြင့် ဆုန့်ဝမ်ထက် ခြေနှစ်လှမ်းခန့် နောက်ကျနေခဲ့သည်။
ဆုန့်ဝမ်က ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ လင်းယွမ်၏ ရင်ခွင်ထဲသို့ တန်းခနဲ ဝင်ရောက်ဖက်တွယ်လိုက်ပြီး သူမ၏ မျက်ဝန်းများ နီရဲလာကာ "အစ်ကိုလင်း... အစ်ကို ပြန်လာပြီပေါ့" ဟု ပြောလိုက်သည်။
သူမက အနည်းငယ် စိတ်လှုပ်ရှားနေပြီး မျက်လုံးထဲတွင် လွမ်းဆွတ်မှုများ အပြည့်အဝ ရှိနေသည်။
လင်းယွမ်လည်း မနေနိုင်ဘဲ သူမ၏ နဖူးလေးကို နမ်းရှိုက်လိုက်ပြီး "လေပေါ်ကျွန်းမှာ ပြဿနာတချို့ ဖြစ်သွားလို့ ငါ ချက်ချင်း ပြန်မလာနိုင်တာပါ... အခု အားတာနဲ့ အမြန်ပြန်လာတာပဲလေ" ဟု ပြောလိုက်သည်။
"ကဲပါ... ကဲပါ... မငိုနဲ့တော့... လူတွေ အများကြီး ကြည့်နေတယ်လေ... မင်းက အခု စိုက်ပျိုးရေးဌာနရဲ့ ဝန်ကြီးဖြစ်နေပြီနော်"
လင်းယွမ်က ညင်သာစွာ ပြုံးရင်း ပြောလိုက်သည်။
ဆုန့်ဝမ်၏ လှပသော မျက်နှာလေးက ချက်ချင်း နီရဲသွားပြီး ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်ရာ လူအများအပြားက သူတို့ဘက်သို့ ကြည့်နေကြသည်ကို တကယ်ပင် မြင်လိုက်ရသည်။
သူမက အမြန် မတ်တတ်ရပ်လိုက်ပြီး အသင့်ပါလာသော နေကာမျက်မှန်ကိုပါ တပ်လိုက်သည်။
ဘေးနားရှိ ရန်မေက ထိုအချိန်မှ ရောက်လာပြီး "မောင်လေး... ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးမလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "အကုန် ဖြေရှင်းပြီးသွားပါပြီ... ကျွန်တော် ဘာမှမဖြစ်ပါဘူး" ဟု ပြုံးရင်း ဖြေသည်။
ထိုသို့ ပြောရင်း ရန်မေ၏ ရင်ခွင်ထဲရှိ ကလေးငယ် လင်းဟုန်လေးကို ကြည့်လိုက်သည်။
လင်းဟုန်လေးက မျက်လုံးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း လင်းယွမ်ကို ရဲရဲဝံ့ဝံ့ အကဲခတ်နေသည်။
လင်းယွမ်ကို မမြင်ရသည်မှာ လဝက်ခန့် ရှိသွားပြီဖြစ်ရာ ကလေးလေးက လင်းယွမ်ကို အနည်းငယ် စိမ်းနေပုံရသည်။
ရန်မေက အလျင်အမြန်ပင် "တုတုလေး... ဒီမှာ ကြည့်ပါဦး ဘယ်သူလဲလို့... ဖေဖေလေ... ဖေဖေ ပြန်လာပြီ... သားလေး ပျော်လား" ဟု ပြောလိုက်သည်။
လင်းယွမ်ကလည်း လက်လှမ်းကာ လင်းဟုန်၏ ပါးပြင်လေးကို ဖွဖွလေး ညှစ်လိုက်ပြီး "တုတုလေး... ဖေဖေ့ကို မှတ်မိသေးလား" ဟု ပြုံးရင်း မေးလိုက်သည်။
ထိုအခါ လင်းဟုန်လေးက "ဝါး" ဟု အသံပြုကာ ချက်ချင်း ငိုချလိုက်ပြီး ပါးစပ်မှလည်း "မေ... မေ..." ဟု အော်ဟစ်နေလေသည်။
ရန်မေက မျက်လုံးပြူးသွားပြီး မျက်နှာပေါ်တွင် အံ့သြဝမ်းသာမှုများ ရောယှက်သွားသည်။
"မောင်လေး... မောင်လေး... ကြားလိုက်လား... ကြားလိုက်လား... တုတု... တုတုလေး အမကို ခေါ်နေတာ... တုတုလေးက မေမေ လို့ ခေါ်လိုက်တယ်"
လင်းယွမ်လည်း အံ့သြဝမ်းသာဖြစ်သွားပြီး "တုတုလေးက စကားပြောတတ်နေပြီလား" ဟု မေးလိုက်သည်။
လဝက်မတိုင်မီက သူ ထိုက်ယန်တောင်မှ ထွက်ခွာလာချိန်တွင် လင်းဟုန်လေးက စကားမပြောတတ်သေးသဖြင့် သူ အလွန် အံ့အားသင့်သွားခြင်း ဖြစ်သည်။
ရန်မေကလည်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် "ဒီရက်ပိုင်းအတွင်းမှာ သူက နားမလည်တဲ့ အသံတွေ ခဏခဏ လုပ်နေတော့... သူ စကားပြောတော့မယ် ဆိုတာကို အမ သိနေတယ်"
"ဒါပေမဲ့ သူက မေမေ လို့ ခေါ်တာကို အမလည်း အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာလေ... အဟင့်ဟင့်... အမက မေမေ ဖြစ်သွားပြီ... သူက အမကို မေမေ လို့ ခေါ်လိုက်ပြီ"
ရန်မေက ဝမ်းသာလွန်းသဖြင့် မျက်ဝန်းများ နီရဲလာပြီး မနေနိုင်ဘဲ ငိုချလိုက်မိသည်။
ကြည်နူးမှု ဟူသော ခံစားချက်တစ်မျိုးက သူမ၏ ရင်ထဲမှ ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာခဲ့သည်။
အကယ်၍ လူတွေ အများကြီး မရှိနေဘူးဆိုလျှင် သူမက လင်းယွမ်ကို ဖက်ပြီး အားရပါးရ ငိုချပစ်ချင်နေမိသည်။
လင်းယွမ်လည်း အံ့သြဝမ်းသာဖြစ်သွားပြီး "ဟားဟားဟား... ဒီကောင်လေးက ပြန်လာလာချင်းပဲ ငါ့ကို အံ့သြသွားအောင် လုပ်တာပဲ... မေမေ လို့ ခေါ်တတ်နေပြီဆိုတော့ မကြာခင် ဖေဖေ လို့ပါ ခေါ်တတ်တော့မှာပေါ့"
ဘေးနားရှိ ဆုန့်ဝမ်ကလည်း အံ့အားသင့်ကာ ဝမ်းသာသွားပြီး လင်းဟုန်လေး အနီးသို့ ချက်ချင်း ပြေးသွားကာ "တုတု... တုတုလေး... ဒေါ်ဒေါ် လို့ မြန်မြန် ခေါ်ကြည့်ပါဦး" ဟု ညင်သာစွာ ပြောလိုက်သည်။
လင်းဟုန်လေးက သူတို့၏ ဝိုင်းအုံမှုကို ခံနေရသဖြင့် အဆက်မပြတ် ဝူးဝူးဝါးဝါး အော်ဟစ်ကာ မေမေ ဟုသာ ဆက်တိုက် ခေါ်နေလေသည်။
သူ၏ မျက်လုံးပြူးကြီးများက လင်းယွမ်ကိုလည်း ခိုးကြည့်နေသေးသည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူ့အတွက် အစိမ်းသက်ဆုံးသူမှာ လင်းယွမ်တစ်ယောက်တည်းသာ ရှိနေပြီး ကျန်သည့် ဆုန့်ဝမ်နှင့် တုံယန်တို့က နေ့တိုင်းလိုလို အိမ်ပြန်လာကြသဖြင့် သူက လုံးဝ မကြောက်ခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လင်းယွမ်က ကလေး၏ အပြုအမူကြောင့် သဘောကျကာ ဟားတိုက် ရယ်မောလိုက်မိသည်။
ဤကောင်လေးက အလွန် ပါးနပ်သော လူလည်လေးတစ်ယောက် ဖြစ်ကြောင်း သိသာလှပေသည်။
ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဉာဏ်နီဉာဏ်နက်တွေ သုံးတတ်နေပြီ ဖြစ်သည်။
မိန်းကလေးများကလည်း လင်းဟုန်လေး၏ မျက်နှာအမူအရာလေးကြောင့် သဘောကျကာ အဆက်မပြတ် ရယ်မောနေကြသည်။
သူတို့အားလုံး နို့လက်ဖက်ရည်ဆိုင် ရှေ့တွင် စကားအနည်းငယ် ပြောပြီးနောက် ရန်မေက "အိမ်ပြန်ရောက်မှ ဆက်ပြောကြတာပေါ့... အော် ဒါနဲ့ လင်းယာက ဟင်းကောင်းတွေ အများကြီး ချက်ထားတယ်နော်" ဟု ပြောလိုက်သည်။
ထိုသို့ ပြောလိုက်မှ ရန်မေက လင်းယာလည်း ပါလာကြောင်း သတိရသွားသည်။
သူမက အလျင်အမြန် ခေါင်းလှည့်ကာ မလှမ်းမကမ်းတွင် ရပ်နေသော လင်းယာကို လှမ်းခေါ်လိုက်ပြီး "လင်းယာ... မြန်မြန် လာခဲ့... အိမ်ပြန်ကြရအောင်" ဟု ပြောလိုက်သည်။
ထိုအခါမှ လင်းယာက လျှောက်လာပြီး သူမ၏ အကြည့်များက မတော်တဆပင် လင်းယွမ်၏ အကြည့်များနှင့် ဆုံမိသွားသည်။
ထို့နောက် သူမ၏ မျက်နှာလေး နီရဲသွားပြီး အကြည့်များကို အမြန်လွှဲဖယ်ကာ ရန်မေ၏ ဘေးသို့ ရောက်လာပြီး "ပင်ပန်းနေပြီလား... ကျွန်မပဲ ချီထားပေးရမလား" ဟု မေးလိုက်သည်။
ရန်မေက ရယ်မောလိုက်ပြီး "ငါက ဘာပဲဖြစ်ဖြစ် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တော့မှာလေ... ဘယ်လိုလုပ် ပန်းနိုင်မှာလဲ" ဟု ဖြေသည်။
သို့သော် ထိုအချိန်တွင် မထင်မှတ်ဘဲ လင်းဟုန်လေးက လက်သေးသေးလေးများကို ဆန့်တန်းကာ လင်းယာကို ချီခိုင်းရင်း အသံကုန် အော်ငိုနေလေတော့သည်။
ပါးစပ်မှလည်း မေမေ ဟုသာ ဆက်တိုက် အော်ဟစ်နေသည်။
ရန်မေက ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ငိုရမလို ရယ်ရမလို ဖြစ်သွားတော့သည်။
လင်းယာလည်း ချက်ချင်း ပါးပြင်များ နီရဲသွားပြီး အလွန် ရှက်ရွံ့စွာဖြင့် "ဒီကလေးက စကားပြောတတ်ကာစမို့လို့ တွေ့တဲ့လူတိုင်းကို မေမေ လို့ လိုက်ခေါ်နေတော့တာပဲ" ဟု ပြောလိုက်သည်။
သူမက ယခုအချိန်တွင် လင်းဟုန်လေးကို သွားချီရန်ပင် အားနာနေမိသည်။
သို့သော် လင်းဟုန်လေးက ရန်မေ၏ ရင်ခွင်ထဲတွင် အဆက်မပြတ် ရုန်းကန်နေပြီး သူမကိုသာ အချီခံချင်နေလေသည်။
ရန်မေက မတတ်သာတော့ဘဲ ကလေးကို လင်းယာလက်ထဲသို့ ထည့်ပေးလိုက်ရင်း "ဟူး... ပုံမှန်ဆိုရင် သားလေးကို နင်ပဲ ထိန်းပေးနေတာလေ... ငါက တခါတလေ အိမ်ပြန်နောက်ကျရင် သူက အိပ်ပျော်နေပြီဆိုတော့ သူ နင်နဲ့ ပိုခင်နေတာလည်း မဆန်းပါဘူး" ဟု ပြောလိုက်သည်။
လင်းယာက ကလေးကို ချီထားလိုက်ပြီး "မဖြစ်နိုင်ပါဘူး... သူက နင့်ရဲ့ နို့ကို သောက်ပြီး ကြီးပြင်းလာတာလေ... သွေးက ရေထက် ပျစ်ပါတယ်... ဘာပဲဖြစ်ဖြစ် သူက နင်နဲ့ပဲ ပိုခင်မှာပါ" ဟု ပြုံးရင်း ပြောသည်။
လင်းယွမ်က ထိုအခြေအနေကို ကြည့်ပြီး "ကြားရတာတော့ ဒီကောင်လေးက မင်းတို့နှစ်ယောက်နဲ့ပဲ ခင်ပြီး ငါနဲ့ မခင်ဘူး ဆိုတဲ့ သဘောလား" ဟု ပြုံးရင်း ပြောလိုက်သည်။
ရန်မေက ခစ်ခနဲ ရယ်မောလိုက်ပြီး "အခု ပြန်လာတုန်း အိမ်မှာ သူ့ကို အချိန်များများ ပေးပြီး ဆော့ပေးလိုက်ပါ... သူ အလိုလို ခင်သွားပါလိမ့်မယ်" ဟု ဖြေသည်။
လင်းယွမ်ကလည်း ပြုံးလိုက်ပြီး "ဒီတစ်ခေါက် ပြန်လာရင်တော့ အချိန်တိုအတွင်း အပြင်ထွက်ဖြစ်မှာ မဟုတ်ဘူး... ခဏလောက်တော့ ကောင်းကောင်း အနားယူဦးမယ်"
"တခြား ရေပေါ်ကျွန်းတွေလည်း မကြာခင် ရောက်လာတော့မှာဆိုတော့... အဲဒီအချိန်ကျရင် ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိသေးတယ်"
မိန်းကလေးများက ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်း ပျော်ရွှင်သွားကြသည်။
သူတို့တစ်အုပ်စုလုံး နို့လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီး အိမ်ပြန်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်မှ လင်းယွမ်က ခေါင်းမော့ကာ နို့လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ဒုတိယထပ်တွင် ဆွဲဆောင်မှုရှိသော ချီပေါင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးချောလေး တစ်ဦးက လက်ရန်းကို မှီကာ သူ့ကို မကျေမနပ် မျက်နှာထားဖြင့် ကြည့်နေသည်။
လင်းယွမ်က သူမ၏ အကြည့်များကို စောစောကတည်းက သတိထားမိခဲ့သော်လည်း တုံ့ပြန်မှု မပေးခဲ့ခြင်းသာ ဖြစ်သည်။
ယခု ထွက်ခွာတော့မည့် အချိန်ရောက်မှသာ သူမနှင့် အကြည့်ချင်း ဆုံလိုက်ခြင်း ဖြစ်သည်။
ထို့နောက် လင်းယွမ်က မျက်နှာလွှဲလိုက်ပြီး မိန်းကလေးများနှင့်အတူ စကားပြော ရယ်မောလျက် အိမ်ဆီသို့ ဆက်လျှောက်သွားလေသည်။
ဒုတိယထပ်ရှိ ချီပေါင်းဝတ် အမျိုးသမီးက နှုတ်ခမ်းကို ဆူလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
ဆိုင်ထဲတွင် နို့လက်ဖက်ရည်ကို မွှေနေသော နို့ဖြူလေးက ပြုံးစိစိဖြင့် "အယ်... ကျွန်မတို့ရဲ့ ဝန်ကြီးကျွမ်း... ဘာလို့ သွားပြီး နှုတ်မဆက်လိုက်တာလဲ" ဟု မေးလိုက်သည်။
ကျွမ်းရှုယွမ်က ခေါင်းလှည့်ကာ သူမကို တစ်ချက် စိုက်ကြည့်လိုက်ပြီး "ဒီကောင်မစုတ်လေး... အရိုက်ခံချင်နေပြီလား" ဟု ပြောလိုက်သည်။
ပိုင်ကျစ်လဲ့က တခစ်ခစ် ရယ်မောလိုက်ပြီး လျှာလေး ထုတ်ပြကာ "ရိုက်လေ... နာသွားရင် အစ်ကိုလင်းဆီ သွားတိုင်မှာပဲ" ဟု ပြောလိုက်သည်။
"တွေ့မယ်... ဒီကောင်မစုတ်လေး... နင် ဆက်ပြောရဲသေးတယ်ပေါ့"
"အာ... အမကျွမ်း... အမ တကယ်ကြီး လုပ်တာလား"
"အို... ဒီကောင်မစုတ်လေး... နင်က ငါ့ရင်ဘတ်ကို လာကိုင်ရဲတယ်ပေါ့"
"ကျွန်မကို အရင်လာလိမ်ဆွဲတာ ဘယ်သူလဲ"
ဆက်ရန်...