အခန်း (၈၁၁-၈၁၂)
Vol. 41 Ch. 811-812
အပိုင်း(၈၁၁) ဆွဲငင်အား တွန်းကန်မှု
တွင်းနက်အရိပ်ရေပေါ်ကျွန်းက နေထိုင်ရန် အမှန်တကယ် မသင့်တော်ပေ။ ထိုနေရာတွင် အလင်းရောင် မရှိဘဲ နေရာတိုင်း၌ အမှောင်ဓာတ် စွမ်းအင်များ ပြည့်နှက်နေပြီး ပြောင်ရှင်းနေသော ကျောက်တုံးများသာ ရှိကာ အမည်မသိ အပင်အနည်းငယ်မျှသာ ကျောက်ကြားများတွင် ခက်ခဲစွာ ရှင်သန်နေကြသည်။
ထိုနေရာ၌ အလင်းရောင်ရှိသော တစ်ခုတည်းသော နေရာမှာ ဖန်ဆန်းမြို့လေးပင် ဖြစ်သည်။
သို့သော် ဖန်ဆန်းမြို့လေးကလည်း အကာအကွယ်ကို အားပြုထားရပြီး သန္ဓေပြောင်း နေကြာပန်းများကို စိုက်ပျိုးထားမှသာ အလင်းရောင် ရရှိခြင်း ဖြစ်သည်။
အကယ်၍ အမှောင်ဓာတ် စွမ်းအင်များကို တားဆီးထားသည့် စွမ်းအင် အကာအကွယ်သာ မရှိပါက သန္ဓေပြောင်း နေကြာပန်းများပင် ဖြစ်စေကာမူ အမှောင်ထု၏ ဝါးမျိုခြင်းကို ချက်ချင်းခံရပြီး အဆုံးတွင် ညှိုးနွမ်းသွားမည် ဖြစ်သည်။
သန္ဓေပြောင်း သတ္တဝါများကို မွေးမြူရာတွင်မူ အလင်းရောင် ကြီးကြီးမားမား မလိုအပ်ဘဲ နေ့စဉ် အစာကျွေးရန်သာ လိုအပ်သည်။
သားသတ်ရုံကိုမူ ဖန်ဆန်းမြို့လေး အတွင်း၌ တည်ဆောက်နိုင်ပြီး ဤသို့ မွေးမြူခြင်းနှင့် သတ်ဖြတ်ခြင်းက လုပ်ငန်းစဉ် တစ်ဆက်တည်း ဖြစ်ပေါ်လာစေနိုင်သည်။
ထို့အပြင် ဤလုပ်ငန်းများသည် လူများ စုဝေးနေသော ရှောင်မောင်းတောင်တွင် ထားရှိရန် မသင့်တော်ဘဲ လူနှင့် တိရစ္ဆာန် ခွဲခြားထားခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
သေချာပေါက် ဤကိစ္စတွင် ထောက်ပံ့ရေး ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေး ကဲ့သို့သော ကိစ္စရပ်များ ပါဝင်ပတ်သက်နေမည် ဖြစ်သည်။
သို့သော် ကျွန်းနှစ်ကျွန်းက ကပ်လျက် ရှိနေသောကြောင့် သိပ်ပြီး အခက်အခဲ မရှိလှပေ။
လင်းယွမ်က တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အစီအစဉ်များနှင့် ပတ်သက်၍ တွေးတောနေစဉ် ရုတ်တရက် လူရိပ်တစ်ခုက အလျင်အမြန် ပျံသန်းလာသည်။
လင်းယွမ် မော့ကြည့်သောအခါ ဝူယင် ဖြစ်နေသည်။
"ဆရာလင်း... တွင်းနက်အရိပ်ရေပေါ်ကျွန်းက ကူးလာလို့ မရတော့ဘူး" ဝူယင်က မျက်နှာထား တင်းမာစွာဖြင့် ပြောသည်။
လင်းယွမ်က အံ့အားသင့်စွာဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးသည်။
"ဘာကြောင့်မှန်းတော့ မသိဘူး... တွင်းနက်အရိပ်ရေပေါ်ကျွန်းက ဒီဘက်ကို ချဉ်းကပ်လာတိုင်း ပြင်းထန်တဲ့ တွန်းကန်မှုတွေ ဖြစ်ပေါ်နေတယ်... လောလောဆယ် ၄ မိုင်ခန့် အကွာမှာပဲ ရပ်ထားရတယ်"
လင်းယွမ်သည် ထိုစကားကို ကြားသောအခါ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး "ငါ သွားကြည့်မယ်" ဟု ချက်ချင်း ပြောသည်။
ထို့နောက် သူက လေထဲသို့ ပျံတက်သွားပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်း ပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
သူက တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ ပိုင်ရှင် ဖြစ်ပြီး ဦးနှောက်အမြူတေသည် သူ၏ လက်ထဲတွင် ရှိနေသောကြောင့် ကျွန်း၏ အခြေအနေကို သဘာဝကျကျ ခံစားသိရှိနိုင်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် တွင်းနက်အရိပ်ရေပေါ်ကျွန်းနှင့် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ကြားတွင် အားကောင်းသော တွန်းကန်အား တစ်ခု ရှိနေကြောင်း သူ အမှန်တကယ် ခံစားသိရှိရသည်။
လင်းယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ချောက်ကမ်းပါး အောက်ခြေသို့ တိုက်ရိုက် ပျံသန်းသွားကာ ထို အရိပ်နဂါးကို ရှာတွေ့ခဲ့သည်။
အရိပ်နဂါးသည် ဤကျွန်း၏ နှလုံးအမြူတေကို သန့်စင်ထားပြီး ကျွန်း၏ လှုပ်ရှားမှုကို ထိန်းချုပ်ထားသည်။
လင်းယွမ်က ၎င်းနှင့် စိတ်စွမ်းအင်ဖြင့် အပြန်အလှန် ဆက်သွယ်ပြီးနောက် ဘာဖြစ်နေသည်ကို တဖြည်းဖြည်း နားလည်သွားသည်။
"ဒီရေပေါ်ကျွန်းတွေက အသက်ရှင်စဉ်တုန်းက ကြယ်စင်သားရဲ အဆင့်ရှိတဲ့ သတ္တဝါတွေ ဖြစ်ကြပြီး... သူတို့ခန္ဓာကိုယ်ထဲက နှလုံးအမြူတေတွေက အားကောင်းတဲ့ သံလိုက်စက်ကွင်းတွေကို ဖြစ်ပေါ်စေခဲ့တာပဲ"
"မတူညီတဲ့ အရည်အသွေးရှိတဲ့ ရေပေါ်ကျွန်း နှစ်ခုရဲ့ သံလိုက်စက်ကွင်းတွေက အချင်းချင်း မပေါင်းစပ်နိုင်တဲ့အတွက် တွန်းကန်မှုတွေ ဖြစ်ပေါ်လာတာ"
"ဒါက ဆွဲငင်အား စက်ကွင်းတွေရဲ့ တွန်းကန်မှု ဖြစ်ပြီး... သူတို့ကို အတင်းအကျပ် ပေါင်းစည်းခိုင်းဖို့ နည်းလမ်း မရှိဘူး"
ရေပေါ်ကျွန်းများက ကိုယ်ပိုင် ဆွဲငင်အား ပါရှိသော သံလိုက်တုံး နှစ်တုံးနှင့် တူပြီး အချင်းချင်း ထိတွေ့မိသောအခါ တွန်းကန်မှု ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း လင်းယွမ် ရှင်းလင်းစွာ သဘောပေါက်သွားသည်။
ဤအချက်က လင်းယွမ်အား ကြယ်စင်သားရဲ အဆင့်နှင့် ပတ်သက်၍ နက်ရှိုင်းသော နားလည်မှု တစ်ခုကို ထပ်မံ ရရှိစေသည်။
"ကြယ်စင်သားရဲတွေက ဒီလောက် ခန္ဓာကိုယ် ကြီးမားနေပေမဲ့ ဂြိုဟ်ရဲ့ ဆွဲငင်အားကနေ လွတ်မြောက်နိုင်ပြီး ကိုယ်ပိုင် အလေးချိန်ကို ဂရုမစိုက်ဘဲ အာကာသထဲအထိ ပျံသန်းနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး"
"ဒီဆွဲငင်အား စက်ကွင်းက အဓိက သော့ချက်ပဲ"
ဝူယင်က ဘေးမှနေ၍ "ဆရာလင်း... အခု ဘယ်လို လုပ်ကြမလဲ" ဟု မေးသည်။
လင်းယွမ်က "ကိစ္စမရှိဘူး... ၄ မိုင်လောက်ဆိုတော့ အရမ်းကြီး မဝေးပါဘူး... တွင်းနက်အရိပ်ရေပေါ်ကျွန်းကို အဲဒီဘက်မှာပဲ ခဏ ရပ်ထားလိုက်" ဟု ပြန်ဖြေသည်။
"တွင်းနက်အရိပ်ရေပေါ်ကျွန်းက စီမံခန့်ခွဲရေး အဖွဲ့ဝင်တွေ အကုန်လုံးကို ဒီကို လာခဲ့ဖို့ ပြောလိုက်ပါ... ဒါနဲ့ ဟန်ပန်း"
"ဗျာ"
"ဆိပ်ကမ်းမှာ လှေတွေ စီစဉ်ပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းဘက်က လူတွေကို သွားကြိုလိုက်... လာပြီး လေ့လာလည်ပတ်ချင်တဲ့သူတွေ ရှိရင်လည်း အကုန် လာလို့ရတယ်"
"ဟုတ်ကဲ့ပါ ဆရာလင်း"
လင်းယွမ်က အလျင်အမြန် စီစဉ်ညွှန်ကြားသည်။ အမှန်တကယ်တော့ ဤရေပေါ်ကျွန်းများနှင့် ပတ်သက်၍ လင်းယွမ်တွင် ကြိုတင် စဉ်းစားပြင်ဆင်ထားမှုများ ရှိပြီးသား ဖြစ်ကာ အစည်းအဝေး ကျင်းပချိန်ရောက်လျှင် တစ်ပြိုင်နက်တည်း ကြေညာမည် ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ သင်္ဘောတစ်စင်း လျင်မြန်စွာ မောင်းနှင်လာသည်။
၄ မိုင်ခန့် အကွာအဝေးသည် အမြန်လှေဖြင့် အရှိန်ပြင်းပြင်း မောင်းနှင်ပါက မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်သည်။
အမြန်လှေပေါ်တွင် ဟန်ရှန်းမန်... ကျန်းဖန်... ထန်ရှင်းအန်... ကျိုးဟွေး... နဲ့ရှင်း နှင့် လီဟောင် စသည့် ခေါင်းဆောင်ပိုင်းများက ကိုးဝူမျှော်စင် ရှိရာဘက်သို့ လှမ်းကြည့်နေကြသည်။
ကျိုးဟွေးက မနေနိုင်ဘဲ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုရင်း "ခေါင်းဆောင်ဟန်... ခေါင်းဆောင်ကျန်း... ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကလည်း ရေပေါ်ကျွန်းတစ်ခုလို့ ပြောတာ မဟုတ်ဘူးလား... ဘာလို့ မတွေ့ရတာလဲ" ဟု မေးသည်။
ဟန်ရှန်းမန် ပြန်မဖြေရသေးမီ ကျန်းဖန်က ပြုံးလျက် "ရှင်းမြွေမိစ္ဆာ ဟင်းလင်းပြင် ရေပေါ်ကျွန်းက ဟင်းလင်းပြင် အမျိုးအစား ရေပေါ်ကျွန်းလေ... သူက ဟင်းလင်းပြင်ထဲမှာ ပုန်းကွယ်နေတာ... ထိုက်ယန်တောင် ဘေးက ဟင်းလင်းပြင် နေရာကို သေချာ ကြည့်ကြည့်လိုက်" ဟု ပြောသည်။
သူ၏ ညွှန်ပြမှုကြောင့် ထန်ရှင်းအန် တို့က ထိုဘက်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့သွားကြသည်။
မျှော်လင့်ထားသည့်အတိုင်း သေးငယ်သော ထိုက်ယန်တောင် ဘေးတွင် ပုံမှန်မဟုတ်သော ဟင်းလင်းပြင် တစ်နေရာ ရှိနေသည်။ သာမန် မျက်စိဖြင့် ရုတ်တရက် ကြည့်လျှင် မည်သည့် အပြောင်းအလဲမျှ မရှိသော်လည်း သေချာစွာ စူးစိုက်ကြည့်ပါက ထိုဟင်းလင်းပြင်တွင် လိမ်ကောက်နေသော ခံစားချက်အချို့ ရှိနေသည်ကို မြင်တွေ့နိုင်သည်။
ဟန်ရှန်းမန်က သက်ပြင်းချရင်း "ရေတွေ ဒီလောက်ထိ တက်လာမယ်လို့ ထင်မထားဘူး... ထိုက်ယန်တောင်က ကိုးဝူမျှော်စင် အထိတောင် ရေမြုပ်သွားပြီ" ဟု ပြောသည်။
ကျန်းဖန်က "ဖန်ဆန်းတောင် တောင်မှ ရေမြုပ်သွားသေးတာပဲ... ထိုက်ယန်တောင်ဘက်မှာလည်း ရေမတက်ဘဲ မနေနိုင်ပါဘူး" ဟု ပြောသည်။
ထန်ရှင်းအန်နှင့် ကျိုးဟွေးတို့မှာ မူလက ပေါင်ရှန်းတောင် ခိုလှုံရေးစခန်းမှ စီမံခန့်ခွဲရေး အထက်တန်းစားများ ဖြစ်ကြပြီး ၎င်းတို့အနက် ထန်ရှင်းအန်မှာ ပေါင်ရှန်းတောင်၏ အုပ်ချုပ်ရေး ကိစ္စရပ်များကို အဓိက တာဝန်ယူခဲ့ရသော အုပ်ချုပ်ရေး အရည်အချင်းရှိသူ တစ်ဦး ဖြစ်သည်။
ကျိုးဟွေးမှာမူ ပေါင်ရှန်းတောင်မှ ထိတ်တန်းအစွမ်းပိုင်ရှင် တစ်ဦး ဖြစ်သည်။ ထိုစဉ်က ချန်ယွင်တောက်၏ ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ကို စွန့်စားကာ ပေါင်ရှန်းတောင်မှ ထွက်ပြေးပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းသို့ လာရောက် သတင်းပေးခဲ့သူမှာ သူပင် ဖြစ်သည်။
ယခုအခါ ချန်ယွင်တောက် သေဆုံးသွားပြီ ဖြစ်သဖြင့် ၎င်းတို့အားလုံး ထိုက်ယန်တောင် ထံသို့ ခိုလှုံလာကြပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။
နဲ့ရှင်းနှင့် (ရဲအရာရှိ) လီဟောင်တို့သည် တစ်ချိန်က ဖန်ဆန်းကျွန်း ခိုလှုံရေးစခန်းမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ နောင်တွင် လီဟောင် နိုးထလာသော အစွမ်းမှာ သိပ်မစွမ်းလှသောကြောင့် လက်အောက်ငယ်သားများက သူ့ကို တဖြည်းဖြည်း မကျေမနပ် ဖြစ်လာကြသည်။
မတတ်သာသည့် အဆုံးတွင် သူသည် နဲ့ရှင်းမှတစ်ဆင့် ဖန်ဆန်းကျွန်းမှ နေထိုင်သူများကို ဦးဆောင်ကာ လင်းယွမ်ထံသို့ လာရောက် ခိုလှုံခဲ့ခြင်း ဖြစ်သည်။
နဲ့ရှင်းမှာမူ လင်းယွမ် အစောပိုင်းက တွေ့ဆုံခဲ့ရသော ဖန်ဆန်းကျွန်း၏ ပထမဆုံး အဖွဲ့ဝင် ကောင်မလေး ဖြစ်သည်။
ဤ နဲ့ရှင်း၏ အစွမ်းမှာလည်း အတော်အတန် ရှားပါးသော လေဓာတ် စွမ်းရည် ဖြစ်သည်။
ယခုအခါ သူမသည် တွင်းနက်အရိပ်ရေပေါ်ကျွန်းတွင် အလယ်အလတ်မှ အထက်တန်းအဆင့် ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ဤနေရာတွင် ရှိနေသော သူများမှာ ယခုလက်ရှိ တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အဓိက ခေါင်းဆောင်ပိုင်းများပင် ဖြစ်သည်။
သေချာပေါက် ကျန်းဖန်၏ နောက်တွင် ဝမ်ရှောင်... ဝမ်ဖန်း နှင့် ကောက်ယွီချန် တို့ သုံးဦးလည်း လိုက်ပါလာကြသည်။
ဤသုံးဦးမှာ ကျန်းဖန်၏ အစောဆုံး အဖွဲ့ငယ်လေး ဖြစ်ပြီး အစကတည်းက ကျန်းဖန်နောက်သို့ လိုက်ပါလာခဲ့ကြကာ ယခုအခါတွင် တွင်းနက်အရိပ်ရေပေါ်ကျွန်း၏ အဓိကကျသော ပုဂ္ဂိုလ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ ဖြစ်သည်။
"အစ်ကိုဖန်... ဒီတစ်ခေါက် ပြန်လာတာ ကျွန်မတို့ ရှောင်မောင်းတောင်မှာ ပြန်နေဖို့ လျှောက်ထားလို့ ရနိုင်မလား" ဝမ်ဖန်းက မနေနိုင်ဘဲ မေးသည်။
ကျန်သူများကလည်း မျှော်လင့်ချက် အရိပ်အယောင်များကို အသီးသီး ပြသလာကြသည်။
တွင်းနက်အရိပ်ရေပေါ်ကျွန်းသည် အမှန်တကယ်ပင် ပျင်းစရာ ကောင်းလွန်းလှသည်။ ဖန်ဆန်းမြို့လေးမှလွဲ၍ ကျန်နေရာတိုင်းမှာ အမှောင်အတိ ကျနေသည်။
ဖန်ဆန်းမြို့လေး အတွင်း၌လည်း ပြောင်ရှင်းနေသော ကျောက်တုံးများမှလွဲ၍ ရှုခင်းဆိုလျှင်လည်း ရှုခင်းမရှိ... ကျင့်ကြံရန် အရင်းအမြစ်များ ဆိုလျှင်လည်း အရင်းအမြစ် မရှိပေ။
အမှန်စင်စစ် ၎င်းမှာ ပြည်နှင်ဒဏ်ပေးခံရသော နေရာတစ်ခုနှင့် တူနေပြီး ဤသူများ အနေဖြင့်လည်း တွင်းနက်အရိပ်ရေပေါ်ကျွန်းတွင် တစ်သက်လုံး ပိတ်မိနေရန် သဘာဝကျကျ မလိုလားကြပေ။
မည်သို့ပင်ဆိုစေ နှိုင်းယှဉ်ကြည့်လျှင် ရှောင်မောင်းတောင် ဘက်တွင် ခေတ်သစ် လူ့အဖွဲ့အစည်း၌ ရှိသော အရာဝတ္ထုမျိုးစုံ ရှိနေရုံသာမက ၎င်းတို့ ကျင့်ကြံရန်အတွက် ထောက်ပံ့ပေးနိုင်သော စွမ်းအင်စုဝေးအဆောက်အအုံ ကဲ့သို့သော အရင်းအမြစ်များလည်း ရှိနေသည်။
မည်သူက ဤကဲ့သို့သော နေရာမျိုးတွင် မနေချင်ဘဲ ရှိမည်နည်း။
ကျန်းဖန်က ပြုံးလျက် "စိတ်ချပါ... ဒီတစ်ခေါက် တတိယအကြိမ်မြောက် ထိုက်ယန်တောင် အစည်းအဝေးကို လာတက်တာဆိုတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ကျွန်တော် တင်ပြပေးမှာပါ... အထက်လူကြီးတွေလည်း သေချာပေါက် စဉ်းစားပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။
ဟန်ရှန်းမန်ကလည်း ခေါင်းညိတ်ပြကာ "သွားကြရအောင်... တွင်းနက်အရိပ်ရေပေါ်ကျွန်းရဲ့ အခက်အခဲတွေကို ကိုလင်းယွမ်က မျက်မြင်ကိုယ်တွေ့ သိထားပြီးသားပါ... သူ အစီအစဉ် ချပေးမှာပါ" ဟု ပြောသည်။
လူအုပ်စုက တဖြည်းဖြည်း နီးကပ်လာသော ထိုက်ယန်တောင်ကို ကြည့်လိုက်ကြပြီးနောက် အသီးသီး လေထဲသို့ ပျံတက်သွားကာ တောင်ထိပ်ရှိ ကိုးဝူမျှော်စင် ရှိရာသို့ ပျံသန်းသွားကြသည်။
ကိုးဝူမျှော်စင် အပြင်ဘက်တွင် လင်းယွမ်က ပျံသန်းလာသော လူများကို ကြည့်ကာ အပြုံးတစ်ခု ပေါ်လာသည်။
ဟန်ရှန်းမန်နှင့် ကျန်းဖန်တို့ အုပ်စုသည် အဆောင် အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး နှုတ်ဆက်ကြသည်။
"ကိုလင်းယွမ်... မတွေ့ရတာ ကြာပြီနော်"
"အစ်ကိုလင်း"
"ဆရာလင်း"
လင်းယွမ်က ပြုံးလျက် တစ်ယောက်ချင်းစီကို ပြန်လည် တုံ့ပြန်လိုက်ပြီး "အားလုံးပဲ... မတွေ့ရတာ လဝက်ကျော်လောက် ရှိနေပြီ မဟုတ်လား" ဟု စကားစသည်။
ဟန်ရှန်းမန်က သက်ပြင်းချကာ "တစ်လတောင် ရှိသွားပြီ... ပြီးခဲ့တဲ့ လဝက်က ကျွန်မ တာဝန်ကျနေလို့" ဟု ပြောသည်။
ကျန်းဖန်က ပြုံးလျက် "အစ်ကိုလင်း... အခု ရှောင်မောင်းတောင် တည်ဆောက်ရေးက ဘယ်လို အခြေအနေ ရှိနေပြီလဲ... ထိုက်ယန်တောင်က အခု ရေမြုပ်သွားပြီဆိုတော့ ကျွန်တော်တို့ အစည်းအဝေး လုပ်ရင် ရှောင်မောင်းတောင်မှာပဲ လုပ်ရတော့မှာလား" ဟု မေးသည်။
လင်းယွမ်က ကျန်းဖန်ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသော်လည်း မျက်နှာပေါ်တွင် ပြုံးလျက် "ဟုတ်တယ်... လက်ရှိမှာ ပစ္စည်းတွေ အားလုံးကို ရှောင်မောင်းတောင်ကို ရွှေ့ပြောင်းပြီးသွားပြီ... ဒါနဲ့ ကျန်းဖန်... ခဏနေရင် မင်း ငါနဲ့ လိုက်ခဲ့ဦး... မင်းနဲ့ သီးသန့် ဆွေးနွေးစရာ ကိစ္စလေး ရှိလို့" ဟု ပြောသည်။
ကျန်းဖန် အံ့အားသင့်သွားပြီး အခြားသူများကလည်း အလိုအလျောက် ကျန်းဖန်ကို တစ်ချက် ကြည့်လိုက်ကြသည်။
ထန်ရှင်းအန်နှင့် ကျိုးဟွေး အပါအဝင် အချို့က အားကျသည့် အရိပ်အယောင်များ ပြသလာကြသည်။
ဆရာလင်းက ကျန်းဖန်ကို အထူး တန်ဖိုးထားသည်ဟု ၎င်းတို့ ယူဆလိုက်ကြသည်။
ဟန်ရှန်းမန်မှာမူ အနည်းငယ် စပ်စုချင်စိတ် ဖြစ်မိသည်။ သူမက အားကျသည်ဟု မခံစားရသော်လည်း လင်းယွမ်တွင် ကျန်းဖန်နှင့် တကယ်တမ်း ဆွေးနွေးစရာ ကိစ္စ ရှိနေသည်ဟု သူမ၏ အလိုအလျောက် သိစိတ်က ပြောပြနေသည်။
လူအုပ်စုက အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် လင်းယွမ်က ၎င်းတို့ကို ခေါ်ဆောင်ကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်သွားသည်။
ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် နေရာအနှံ့ စိုက်ပျိုးထားသော သန္ဓေပြောင်း နေကြာပန်းများ ရှိသည့် ဆိပ်ကမ်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။
သန္ဓေပြောင်း နေကြာပန်းများ၏ အလင်းရောင်အောက်တွင် ရှောင်မောင်းတောင် ဆိပ်ကမ်းသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။
အဝေးရှိ ရေမျက်နှာပြင်ပေါ်တွင်လည်း အထပ်မြင့် အဆောက်အအုံကြီးများ ပြည့်နှက်နေပြီး တစ်ဝက်က ရေအောက်တွင် ရှိကာ ကျန်တစ်ဝက်က ရေပေါ်တွင် ရှိနေသဖြင့် အလွန် ထူးဆန်းနေသည်။
တောင်ပေါ် တစ်ခွင်လုံး ပြည့်နှက်နေသော သန္ဓေပြောင်း နေကြာပန်းများက တစ်တောင်လုံးကို အလင်းရောင်များ ဖြာထွက်နေသည့် ရွှေတောင်ကြီး တစ်လုံးကဲ့သို့ ထွန်းလင်းတောက်ပနေစေသည်။
"ဟာ... လှလိုက်တာ" ဝမ်ဖန်းက မနေနိုင်ဘဲ အံ့သြတကြီး ရေရွတ်သည်။
လူအုပ်ကြီးထဲတွင် ဝူယင်နှင့် ကျန်းဖန်တို့သာ ရှောင်မောင်းတောင်သို့ ရောက်ဖူးပြီး ဟန်ရှန်းမန် ပင်လျှင် တစ်ခါမှ မရောက်ဖူးပေ။
ထို့အပြင် ဝူယင်နှင့် ကျန်းဖန်တို့ ပင်လျှင် ရှောင်မောင်းတောင်ကို အစောပိုင်း တည်ဆောက်ရေး ကာလက တစ်ကြိမ်သာ လာဖူးခဲ့ပြီး ထိုစဉ်က ဤနေရာတွင် သန္ဓေပြောင်း နေကြာပန်းများ ဤမျှလောက် မများပြားသေးပေ။
ထိုအချိန်က ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် တစ်ခုလုံးတွင် အလင်းရောင် မရှိခဲ့ပေ။
သို့ဖြစ်ရာ ယခုကဲ့သို့ ရှောင်မောင်းတောင်၏ လှပခမ်းနားနေသော အသွင်အပြင်ကို မြင်တွေ့ရသောအခါ ၎င်းတို့ ရောက်ဖူးသည်ဆိုလျှင်ပင် အံ့သြတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ဟိုဘက်ရှိ နဲ့ရှင်းကလည်း မနေနိုင်ဘဲ ဝမ်းသာအားရဖြင့် "ဆရာလင်း... ဟို အလင်းရောင်တွေ ထွက်နေတဲ့ တောင်က ရှောင်မောင်းတောင်လား" ဟု မေးသည်။
လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ကာ "ဟုတ်တယ်... အဲဒါ ရှောင်မောင်းတောင်ပဲ... လောလောဆယ် ထိုက်ယန်တောင်က အဆောက်အအုံတွေ အကုန်လုံးကို အဲဒီဘက် ပြောင်းရွှေ့ပြီးသွားပြီ" ဟု ဖြေသည်။
"အဲဒီဘက်က ပတ်ဝန်းကျင် အခြေအနေကို ငါ လိုက်ပြမယ်... ပြီးမှ လူလွှတ်ပြီး နေရာအနှံ့ လိုက်ပို့ခိုင်းလိုက်မယ်... ဒီရက်ပိုင်း အစည်းအဝေး လုပ်ရင်လည်း ဒီမှာပဲ ကျင်းပမှာ"
"ဒါ့အပြင် အားလုံးအတွက် နေစရာ နေရာလည်း စီစဉ်ပေးထားတယ်... သွားကြရအောင်"
လူအုပ်ကြီးသည် လင်းယွမ်နောက်သို့ တစ်လျှောက်လုံး လိုက်ပါလာပြီး ရှောင်မောင်းတောင်ကို စတင် လည်ပတ်ကြသည်။
အစည်းအဝေး ခန်းမကြီးမှစ၍ ဌာနအသီးသီးရှိ အဆောက်အအုံများ... အပန်းဖြေ ရင်ပြင်... လူနေအိမ်ရာများ... ထို့နောက် ဂေဟစနစ် ဥယျာဉ် ကဲ့သို့သော နေရာများသို့ သွားရောက်ကြသည်။
ဟန်ရှန်းမန်... ကျန်းဖန် နှင့် အခြားသူများမှာ ကြည့်လေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာကြသည်။
သံသယဖြစ်ဖွယ် မရှိပေ။ ရှောင်မောင်းတောင်တွင် အသစ် တည်ဆောက်ထားသော ခိုလှုံရေးစခန်း၏ အဓိက နယ်မြေမှာ ယခင် ထိုက်ယန်တောင် ဘက်ထက် များစွာ ပိုကောင်းမွန်နေသည်။
ရှောင်မောင်းတောင်သို့ ပထမဆုံးအကြိမ် ရောက်လာသော ထန်ရှင်းအန်... ကျိုးဟွေး... လီဟောင် နှင့် နဲ့ရှင်း တို့ လေးဦး အဖို့မူ ပို၍ပင် အံ့အားသင့် မှင်သက်သွားကြသည်။
"ဒါ... ဒါက ကပ်ဘေးကျပြီးနောက်ပိုင်း ကမ္ဘာကြီး ဟုတ်သေးရဲ့လား"
"ကပ်ဘေး မဖြစ်ခင် အချိန်ကို ပြန်ရောက်သွားသလို ဘာလို့ ခံစားနေရတာလဲ"
"ဘက်စုံသုံး အဆောက်အအုံကြီးတွေလည်း ရှိသေးတယ်... ပြီးတော့ စူပါမားကတ်လည်း ရှိတယ်... အဲဒီထဲက ပစ္စည်းတွေက အမှန်တကယ် များလွန်းတယ်"
"အမလေး... လက်ဖက်ရည်ဆိုင်တောင် ရှိသေးတယ်"
"ဟာ... ဒီအပန်းဖြေ ရင်ပြင်မှာ ဆိုင်ခန်းတွေ အများကြီးပဲ... လူတွေလည်း တော်တော် များတာပဲ"
လူအုပ်စုမှာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းမှ ချက်ချင်း ပြောင်းရွှေ့လာချင်စိတ် ပေါက်သွားကြသည်။
မည်သူက ဤကဲ့သို့သော နေရာမျိုးတွင် မနေချင်ဘဲ ရှိမည်နည်း။
လင်းယွမ်က ပြုံးလျက် "ဒီလိုလုပ်... ဘယ်လိုပဲဖြစ်ဖြစ် အစည်းအဝေးက မနက်ဖြန်မှ စမှာဆိုတော့ မင်းတို့ဘာသာမင်းတို့ လျှောက်လည်ကြဦးပေါ့" ဟု ပြောသည်။
"ကျေးဇူးတင်ပါတယ် ဆရာလင်း" နဲ့ရှင်းနှင့် ဝမ်ဖန်းတို့က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
အမျိုးသား အနည်းငယ်မှာ တည်ငြိမ်သော်လည်း ဤအချိန်၌ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။
ဟန်ရှန်းမန်ကလည်း အပြုံးလေးဖြင့် လင်းယွမ်ကို နှုတ်ဆက်ကာ မုန့်ယိုယို... လော်ဟုန်မြန် တို့ကို သွားရောက် ရှာဖွေလေသည်။
ကျန်းဖန်က ဝမ်ဖန်းကို ဈေးဝယ်စင်တာ သို့ ခေါ်သွားရန် ရည်ရွယ်ထားသော်လည်း လင်းယွမ်က လှမ်းခေါ်လိုက်သည်။
"ကျန်းဖန်... မင်း ခဏစောင့်ဦး... မင်းကို ငါ ပြောစရာရှိတယ်"
ကျန်းဖန်သည် ထိုစကားကို ကြားသောအခါ အမြန် ရပ်တန့်လိုက်ပြီး ဝမ်ဖန်းတို့ သုံးဦးကို ကြည့်ကာ "မင်းတို့အရင် လျှောက်လည်ကြနှင့်လေ" ဟု ပြောသည်။
ဝမ်ဖန်းက လိမ္မာစွာ ခေါင်းညိတ်ပြပြီး ဝမ်ရှောင်နှင့် ကောက်ယွီချန် တို့ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အသီးသီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ဈေးဝယ်စင်တာ ထဲသို့ ဝင်ရောက် လည်ပတ်ကြသည်။
ထိုအခါမှ ကျန်းဖန်က လင်းယွမ်ကို ကြည့်ကာ "အစ်ကိုလင်း... ဘာကိစ္စ ရှိလို့လဲ" ဟု မေးသည်။
လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "မင်းနဲ့ ဝမ်ဖန်း... ဘယ်အဆင့်ထိ ရောက်နေပြီလဲ" ဟု မေးသည်။
"အင်း... ကျွန်တော်တို့က ရှောင်မောင်းတောင်ကို ပြောင်းရွှေ့ပြီးရင် ကိစ္စကို အဆုံးအဖြတ် ပေးလိုက်ဖို့ စဉ်းစားထားတယ်"
ဆက်ရန်...
အပိုင်း (၈၁၂) လင်ယွီရုံ၏ ရည်မှန်းချက်
ကျန်းဖန်၏ စကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်က ချက်ချင်း သက်ပြင်းချလိုက်သည်။
အိမ်ထောင်ပြုရမယ့် အခြေအနေအထိတောင် ရောက်နေပြီလား...
သူက တစ်ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ... အစ်ကိုလင်း"
လင်းယွမ်၏ မျက်နှာအမူအရာ မမှန်သည်ကို မြင်လိုက်ရသဖြင့် ကျန်းဖန်က အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ဘာမှမထိမ်ချန်တော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
"ငါ့ဆီမှာ ဝမ်လီလီရဲ့ သတင်းရှိတယ်"
"ဘာ"
ကျန်းဖန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်အိမ်များ ကျုံ့ဝင်သွားကာ မယုံကြည်နိုင်ဖြစ်သွားသည်။
သူက လင်းယွမ်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်လိုက်သည်။ "အစ်ကိုလင်း... အစ်ကို... အစ်ကို နောက်တစ်ခေါက်လောက် ပြန်ပြောပြပါဦး... နောက်တစ်ခေါက်လောက် ထပ်ပြောပြပါဦး"
လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ "မင်း စိတ်မလှုပ်ရှားပါနဲ့ဦး... ငါ ရေပေါ်ကျွန်းမှာ လုတရုံနဲ့ လျန်မင်ရှုတို့ကို တွေ့ခဲ့တယ်... သူတို့နှစ်ယောက်က ဝမ်လီလီ အသက်ရှင်နေသေးတယ်လို့ ငါ့ကို ပြောတယ်"
"အသက်ရှင်နေသေးတယ်... သူ အသက်ရှင်နေသေးတယ်ပေါ့... တော်သေးတာပေါ့... တော်သေးတာပေါ့ဗျာ... ဟားဟားဟား"
ကျန်းဖန်မှာ ဝမ်းသာလွန်း၍ ဟားတိုက်ရယ်မောလိုက်ပြီး မျက်ရည်များက တားဆီးမရအောင် စီးကျလာလေသည်။
သူက မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး ကြမ်းပြင်ကို ထုကာ ရယ်မောနေတော့သည်။
ထို့နောက် သူက ခေါင်းမော့ကာ မေးလိုက်သည်။ "အစ်ကိုလင်း... သူ ဘယ်မှာလဲ... လီလီ ဘယ်နေရာမှာ ရှိနေတာလဲ... ကျွန်တော် သူ့ကို သွားရှာရမယ်"
လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။ "သူက အရင်တုန်းက လေပေါ်ကျွန်းမှာ ရှိနေခဲ့တာ... ဒါပေမဲ့ လုတရုံပြောတာက သူက မင်းကို အမြဲတမ်း စိတ်ပူနေခဲ့တာတဲ့... အဲဒါကြောင့် ကောင်းကင်ယံက သန္ဓေပြောင်း သတ္တဝါတွေရဲ့ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ မင်းကိုရှာဖို့ အဲဒီလေပေါ်ကျွန်းကနေ ထွက်သွားခဲ့တယ်"
"အခုလောလောဆယ်တော့ သူ ဘယ်ရောက်နေလဲဆိုတာ ငါလည်း မသိဘူး"
ကျန်းဖန် ချက်ချင်း ကြောင်အမ်းသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူ... သူ ဘာလို့ ဒီလောက်တောင် မိုက်ရူးရဲရတာလဲ... ကျွန်တော်... အစ်ကိုလင်း... ကျွန်တော် သူ့ကို သွားရှာချင်တယ်... ကျွန်တော် သူ့ကို သွားရှာရမယ်"
"သူ ကျွန်တော့်ကို ဘယ်နေရာတွေများ သွားရှာနေမလဲ... ကျွန်တော် သူ့ကို သွားရှာရမယ်"
ကျန်းဖန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင် ဝမ်ရှောင်... ဝမ်ဖန်းနှင့် ကောင်းယွီချန်တို့က အပန်းဖြေရင်ပြင်ရှိ ဈေးဝယ်စင်တာထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဝမ်ဖန်းက ကျန်းဖန်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသဖြင့် စပ်စုချင်စိတ်ဖြင့် လှမ်းမေးလိုက်သည်။ "အစ်ကိုဖန်... အစ်ကိုက ဘယ်သူ့ကို သွားရှာမလို့လဲ"
ချက်ချင်းပင် စိတ်လှုပ်ရှားနေသော ကျန်းဖန်မှာ နေရာတွင်ပင် ရုတ်တရက် တောင့်တင်းသွားတော့သည်။
သူက တစ်ခဏမျှ နောက်သို့လှည့်မကြည့်ရဲဘဲ မျက်နှာမှာလည်း တဖြည်းဖြည်း ဖြူရော်လာသည်။
ဝမ်ဖန်းက သူတို့ဆီသို့ လျှောက်လာရင်း အဝတ်အိတ်တစ်လုံးကို ကမ်းပေးကာ ပြောလိုက်သည်။ "ဆရာလင်း... ကျွန်မတို့ သစ်သီးတချို့ ဝယ်လာတယ်... ဂေဟစနစ်ဥယျာဉ်ကနေ ခူးလာတဲ့ ဘလူးဘယ်ရီသီး အသစ်လေးတွေတဲ့... ဈေးဝယ်အိတ်တောင် လက်ဆောင်ပေးလိုက်သေးတယ်... ဆရာတို့လည်း မြည်းကြည့်ကြပါဦး"
ထိုသို့ပြောရင်း သူမက စက္ကူဗူးဖြင့် ထည့်ထားသော ဘလူးဘယ်ရီသီးများကို ထုတ်ယူကာ လင်းယွမ်နှင့် ကျန်းဖန်တို့ထံ ကမ်းပေးလိုက်သည်။
ကျန်းဖန်က ခေါင်းငုံ့ထားပြီး သူမကို မကြည့်ရဲပေ။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရင်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူက ဘလူးဘယ်ရီသီးကို လှမ်းယူကာ တစ်ကိုက် ကိုက်စားလိုက်ရာ အမှန်တကယ်ပင် ချိုမြိန်နေသည်။
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "ကျေးဇူးပါပဲ"
"ဆရာကလည်း အားနာနေပြန်ပါပြီ... ဆရာသာ မရှိရင် ကျွန်မတို့တွေ အပြင်မှာ ဒုက္ခရောက်နေကြတုန်းပဲ ဖြစ်မှာ"
"ကျွန်မတို့ကသာ ဆရာ့ကို ကျေးဇူးတင်ရမှာပါ" ဟု ဝမ်ဖန်းက ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူမက ကျန်းဖန်ထံသို့ ဘလူးဘယ်ရီသီး တစ်လုံးကို ထပ်ကမ်းပေးလိုက်သည်။ "အစ်ကိုဖန်... အစ်ကိုလည်း စားကြည့်"
ကျန်းဖန်က ခေါင်းငုံ့ထားဆဲဖြစ်ပြီး လှုပ်ရှားခြင်း မရှိပေ။
ဝမ်ဖန်းက အနည်းငယ် ထူးဆန်းသွားပြီး ခါးကိုကိုင်းကာ သူ၏မျက်နှာကို အောက်ဘက်မှနေ၍ မော့ကြည့်လိုက်သည်။
ထိုသို့ ကြည့်လိုက်ချိန်တွင် သူမ ချက်ချင်း လန့်သွားသည်။
"အစ်ကိုဖန်... အစ်ကို... အစ်ကို"
သူမက ကျန်းဖန်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် ပင့်ကိုင်လိုက်ရာ ကျန်းဖန်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေပြီး နာကျင်မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။
"အစ်ကိုဖန်... အစ်ကို... အစ်ကို ဘာလို့ ငိုနေတာလဲ"
ဝမ်ဖန်းမှာ ချက်ချင်း စိုးရိမ်ပူပန်သွားပြီး အလျင်အမြန် ဂရုတစိုက် မေးမြန်းလိုက်သည်။
ကျန်းဖန်၏ နှုတ်ခမ်းများက လှုပ်ရွနေသော်လည်း ဘာပြောရမှန်း မသိဖြစ်နေသည်။
သူနှင့် ဝမ်ဖန်းတို့သည် အိမ်ထောင်ပြုမည့် အဆင့်အထိပင် ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချိန်တွင် အရာအားလုံးကို စွန့်ပစ်ပြီး ဝမ်လီလီကို သွားရှာမည်ဆိုပါက ဝမ်ဖန်းကို ဘယ်လို လုပ်ရမည်နည်း။
တစ်ခဏမျှ သူ၏စိတ်များ အလွန်ရှုပ်ထွေးသွားပြီး ဘာလုပ်ရမှန်း လုံးဝ မသိတော့ပေ။
ထိုအချိန်တွင် ဝမ်ရှောင်ကလည်း အပြေးအလွှား ရောက်လာပြီး ဤဘက်မှ အခြေအနေကို တစ်ချက် ကြည့်လိုက်ရာ လင်းယွမ်က ကျန်းဖန်အား ပြင်းပြင်းထန်ထန် တစ်ခုခု ပြောလိုက်သည်ဟု ထင်သွားသည်။
သူက အလျင်အမြန် မေးလိုက်သည်။ "ဆရာလင်း... ဘာကိစ္စ ဖြစ်လို့လဲ"
လင်းယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။ "ဟူး... ကျန်းဖန်... မင်းဘာသာမင်း ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားလိုက်ပါဦး"
ထိုသို့ပြောပြီးနောက် လင်းယွမ်က လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ဤကဲ့သို့သော ကိစ္စမျိုးတွင် သူလည်း ဘာမှ မတတ်နိုင်ပေ။
သူ သိပ်မဝေးခင်မှာပင် ဝမ်ဖန်း၏ ငိုကြွေးသံနှင့် ဝမ်ရှောင်၏ ကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။
ကျန်းဖန်က အဖြစ်အပျက်များကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီး ဝမ်လီလီကို သွားရှာရန် ရည်ရွယ်လိုက်ပုံရသည်။
ဤလုပ်ရပ်က ဝမ်ဖန်း၏ နှလုံးသားကို နာကျင်စေမည်မှာ သေချာလှပြီး အစ်ကိုဖြစ်သူ ဝမ်ရှောင်မှာလည်း သဘာဝကျကျပင် ဒေါသထွက်နေပေလိမ့်မည်။
သို့သော် ဤကိစ္စတွင် ပြင်ပလူများ ဝင်ပါ၍ မရနိုင်ဘဲ သူတို့ဘာသာသူတို့သာ ဖြေရှင်းရမည်ဖြစ်ကြောင်း လင်းယွမ် သိထားသည်။
သူက မိမိနှင့် လင်းယာတို့၏ ဆက်ဆံရေးကို ပြန်လည်တွေးမိသွားပြီး အနည်းငယ် ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါက ကျန်းဖန် မဟုတ်သလို... လင်းယာကလည်း ဝမ်ဖန်း မဟုတ်ဘူး... အမမေကလည်း ဝမ်လီလီ မဟုတ်ဘူး"
"ငါတို့က မတူဘူး"
လင်းယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ညနေစောင်း အချိန်တွင် မြူခိုးမြို့တော် ရေပေါ်ကျွန်းသည်လည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် တွင်းနက်အရိပ်ရေပေါ်ကျွန်း ကဲ့သို့ပင် ဆွဲငင်အား တွန်းကန်မှုကြောင့် ရေပေါ်ကျွန်းသည် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင် ရေပေါ်ကျွန်း အနီးသို့ ကပ်၍ မရနိုင်ပေ။
ထို့ကြောင့် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်နှင့် လေးမိုင်ခန့် အကွာအဝေးတွင် ရပ်တန့်လိုက်ရပြီး တွင်းနက်အရိပ်ရေပေါ်ကျွန်းနှင့် ယှဉ်တွဲလျက် ရှိနေသည်။
ထို့နောက် မြူခိုးမြို့တော် ရေပေါ်ကျွန်းမှ လင်ယွီရုံ... ကျင်းဖုန်းနှင့် တိချွမ်ခူးတို့ သုံးဦးသည် ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်များကို ခေါ်ဆောင်ကာ လင်းယွမ်နှင့် တွေ့ဆုံရန် ရှောင်မောင်းတောင်သို့ အသီးသီး ရောက်လာကြသည်။
"ကျွန်တော်မျိုးတို့ သခင့်ကို ဂါရဝပြုပါတယ်"
"သခင့်ကို အရိုအသေ ပေးပါတယ်"
လင်ယွီရုံ... တိချွမ်ခူးနှင့် ကျင်းဖုန်းတို့သည် ရှေးခေတ်လူများကဲ့သို့ ဝတ်စားဆင်ယင်ထားဆဲဖြစ်ပြီး အရိုအသေပေးရာတွင်ပင် လက်အုပ်ချီသည့် ပုံစံမျိုး ဖြစ်နေသောကြောင့် ခေတ်သစ်လူများနှင့် လုံးဝကို သဟဇာတ မဖြစ်ပေ။
သူတို့သုံးဦး၏ လွှမ်းမိုးမှုအောက်တွင် မြူခိုးမြို့တော် တစ်ခုလုံးမှာ လူတန်းစားခွဲခြားမှု အနည်းငယ် ရှိနေသည့်ပုံပေါ်ပြီး ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်နှင့် ရေခဲချပ်ဝတ်စစ်သည် တပ်ဖွဲ့၏ လက်ဝဲ၊ လက်ယာ တပ်မှူးတို့ကလည်း ရှေ့သို့ထွက်ကာ ဒူးတစ်ဖက်ထောက်၍ လင်းယွမ်ကို နှုတ်ဆက်ကြသည်။
လင်းယွမ်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "အားလုံး ထကြပါ"
လူအများက အလျင်အမြန် ထရပ်လိုက်ကြပြီး လင်းယွမ်က မေးလိုက်သည်။ "အခုတလော မြူခိုးမြို့တော်မှာ အရေးကြီးတဲ့ကိစ္စ တစ်ခုခုများ ဖြစ်ခဲ့သေးလား"
လင်ယွီရုံက ပြောလိုက်သည်။ "မရှိပါဘူး... မကြာသေးခင်က သခင့်ရဲ့ အမိန့်အတိုင်း မြူခိုးမြို့တော်မှာ ရေခဲဓာတ် သန္ဓေပြောင်း သတ္တဝါတွေကို အင်တိုက်အားတိုက် မွေးမြူနေသလို ဆောင်းရာသီမှာ ပေါက်ရောက်နိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်ပျိုးနေပါတယ်"
မြူခိုးမြို့တော်သည် ရေခဲဓာတ်ရှိသော ကျွန်းတစ်ကျွန်း ဖြစ်သောကြောင့် အမှန်တကယ်တွင် ရှင်သန်နေထိုင်ရန် သိပ်မသင့်တော်ပေ။
သို့သော် မြက်တစ်ပင်မျှ မပေါက်သော တွင်းနက်အရိပ်ရေပေါ်ကျွန်း ကဲ့သို့သော ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လျှင် အအေးဒဏ်ခံနိုင်သော အပင်အချို့ကို စိုက်ပျိုးနိုင်သေးသည်။
ထို့အပြင် ထူးခြားသော ရေခဲဓာတ် ပတ်ဝန်းကျင်ကလည်း မြူခိုးမြို့တော်အား ရေခဲဓာတ် သန္ဓေပြောင်း သတ္တဝါအချို့ကို သီးသန့် မွေးမြူနိုင်စေသည်။
အစွမ်းပိုင်ရှင်များ အတွက်တော့ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ရေခဲဓာတ် သွေးသလင်းကျောက်များဖြင့် စုစည်းနိုင်ရုံသာမက ရေခဲဓာတ် သန္ဓေပြောင်း သတ္တဝါများ၏ သွေးအဆီအနှစ်ဖြင့်လည်း စုစည်း သန့်စင်ထုတ်ယူနိုင်သည်။
ရေခဲဓာတ် သွေးသလင်းကျောက်များ၏ စွမ်းအင်သန့်စင်မှုမှာ မြင့်မားသော်လည်း ဈေးနှုန်းကတော့ အလွန် ကြီးမြင့်လှသည်။
အဘယ်ကြောင့်ဆိုသော် ထိုသွေးသလင်းကျောက်များသည် ရေခဲဓာတ် ရေပေါ်ကျွန်း၏ နှလုံးသားခန်းမဆောင်ထဲမှ အဆီအနှစ်များ ဖြစ်ပြီး ပမာဏက သတ်မှတ်ထားသောကြောင့် သုံးလိုက်သည်နှင့်အမျှ လျော့နည်းသွားမည် ဖြစ်သည်။
သို့သော် ရေခဲဓာတ် သန္ဓေပြောင်း သတ္တဝါများ၏ သွေးအဆီအနှစ်မှာမူ မတူညီပေ။ ရေခဲဓာတ် သန္ဓေပြောင်း သတ္တဝါများကို အမြောက်အမြား မွေးမြူထားနိုင်သမျှ ကာလပတ်လုံး သွေးအဆီအနှစ်များကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။
လင်းယွမ်တို့သည်လည်း ထိုကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အရေးမျိုးကို သဘာဝကျကျပင် လက်လွတ်ခံမည် မဟုတ်ပေ။
အမှန်တကယ်တွင် ရေခဲဓာတ် သန္ဓေပြောင်း သတ္တဝါများသာမက အခြား ကျွန်းများပေါ်တွင်လည်း အခြားသော ဓာတ်အမျိုးမျိုးရှိသည့် သန္ဓေပြောင်း သတ္တဝါများကို အသီးသီး မွေးမြူထားကြသည်။
ထိုသန္ဓေပြောင်း သတ္တဝါများသည် သွေးအဆီအနှစ်များ ထောက်ပံ့ပေးနိုင်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ထုတ်ယူနိုင်ရုံသာမက ၎င်းတို့၏ အသားများကိုလည်း စားသုံးနိုင်သောကြောင့် ခိုလှုံရေးစခန်းမှ နေထိုင်သူများ၏ ပရိုတင်းနှင့် အဆီဓာတ် လိုအပ်ချက် ပြဿနာကိုပါ ဖြေရှင်းပေးနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို ထိုက်ယန်တောင် ခိုလှုံရေးစခန်းက အမြဲတမ်း တက်ကြွစွာ ကြိုးပမ်းလုပ်ဆောင်နေခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအရာများကသာ ခိုလှုံရေးစခန်းမှ နေထိုင်သူများ၏ ရှင်သန်ရေး စီမံကိန်းကြီးနှင့် သက်ဆိုင်နေသော ပြဿနာများ ဖြစ်သောကြောင့်ပင်။
လင်းယွမ်က လူအများနှင့် အချိန်အနည်းငယ်မျှ စကားပြောဆိုပြီးနောက် သူတို့ကို လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်သည်။
လင်ယွီရုံတို့အဖွဲ့သည် ခေါင်းဆောင်စံအိမ်မှ ထွက်ခွာလာပြီးနောက် ရှောင်မောင်းတောင်တစ်ဝိုက်သို့ လမ်းလျှောက် ထွက်လာခဲ့ကြသည်။
စည်ကားနေသော မြို့ငယ်လေးတစ်မြို့နှင့် တူသည့် ရှောင်မောင်းတောင်ကို ကြည့်ရင်း ကျင်းဖုန်းက မနေနိုင်ဘဲ ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်သည်။ "ဒီကပ်ဘေးကြီး ကျရောက်ခဲ့တာ နှစ်နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဆရာလင်းတို့က ယဉ်ကျေးမှု စည်းကမ်းရှိတဲ့ လူမှုပတ်ဝန်းကျင် ဂေဟစနစ်တစ်ခုကို ပြန်လည် တည်ဆောက်နိုင်ခဲ့တာ တကယ်ကို အံ့သြစရာကောင်းတာပဲ"
ဘေးနားရှိ တိချွမ်ခူးကလည်း ခေါင်းညိတ်လိုက်သည်။ "အရင်တုန်းက ငါတို့ခေတ်မှာ ကပ်ဘေးကြီး ဆိုက်ရောက်တာနဲ့ လူသားတွေက အသည်းအသန် ရုန်းကန်ခဲ့ရပြီး ဆယ်စုနှစ်ချီ ကြာမှသာ အနည်းငယ် တည်ငြိမ်တဲ့ ပြန့်ကျဲနေတဲ့ အုပ်စုလိုက် နေထိုင်မှု စနစ်တစ်ခုကို ရရှိခဲ့တာ"
"အခုခေတ်က အရင်ခေတ်နဲ့ မတူတော့ဘူး... မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်လွန်သွားကြပြီပဲ"
သူတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားစွာ တွေးတောနေကြသည်။
လင်ယွီရုံကမူ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဒီအရာတွေက သာမန်လူတွေ အတွက်တော့ ကောင်းတဲ့ကိစ္စ ဖြစ်ပေမယ့် ငါတို့အတွက်တော့ အဲဒီလို မဟုတ်နိုင်ဘူး"
"အမ်... ဘာဖြစ်လို့လဲ" ဟု တိချွမ်ခူးက သံသယဖြင့် မေးလိုက်သည်။
လင်ယွီရုံက ပြန်ဖြေသည်။ "သာမန်လူတွေက ဘဝတစ်သက်တာလုံး သာမန်ကာလျှံကာနဲ့ အချိန်ဖြုန်းနေကြပြီး လုံခြုံတည်ငြိမ်တဲ့ ရှင်သန်နေထိုင်ခွင့် ပတ်ဝန်းကျင်လေး ရတာနဲ့တင် ကျေးဇူးတင်နေကြမှာပဲ"
"ဒါပေမဲ့ ငါတို့က ဒီလူတွေနဲ့ မတူအောင် ကံတရားက သတ်မှတ်ပြီးသားပဲ... ငါတို့ရဲ့ ရည်မှန်းချက်က ကြယ်တာရာတွေရှိတဲ့ ကောင်းကင်ယံပဲ"
"ဆရာလင်းကလည်း နတ်ဘုရားအဆင့်အတန်းမျိုး ဖြစ်လာမယ့်သူဆိုတာ သေချာတယ်"
"အဲဒီအချိန်ရောက်ရင် ငါတို့ကျင်လည်မယ့်ကမ္ဘာက အာကာသဟင်းလင်းပြင်ထဲမှာပဲ ရှိနေမှာ... ဒီလောက်သေးငယ်တဲ့ ဂြိုဟ်လေးပေါ်မှာ မဟုတ်ဘူး"
"ဒီနေရာက ငါတို့အတွက်တော့ ငါတို့ကို ချုပ်နှောင်ထားမယ့် သံကြိုးတွေပဲ ဖြစ်လာလိမ့်မယ်"
တိချွမ်ခူးနှင့် ကျင်းဖုန်းတို့မှာ မနေနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။
အချိန်အတော်ကြာမှသာ တိချွမ်ခူးက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "နတ်ဘုရားအဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လောက်လွယ်လို့လဲ... လင်ယွီရုံ... မင်းနဲ့ငါက အဲဒီခေတ်ကနေ ဖြတ်သန်းလာခဲ့ကြတာပဲ... နတ်ဘုရားအဆင့်ကို ရောက်နိုင်တဲ့သူက လက်ချိုးရေလို့ရတဲ့ အထိ နည်းတာ မင်းလည်း သိမှာပဲ"
ကျင်းဖုန်းကလည်း သက်ပြင်းချကာ ပြောလိုက်သည်။ "နတ်ဘုရားအဆင့်သာ ရောက်နိုင်မယ်ဆိုရင် အစောကတည်းက ရောက်နေပြီပေါ့... ငါတောင် အခုအချိန်အထိ အသက်လုပြီး ရုန်းကန်နေရဦးမလား"
တိချွမ်ခူးက ထပ်ပြောလိုက်သည်။ "ဒီခေတ်သစ်မှာဆိုရင် ထူးခြားတဲ့ ပါရမီရှင်တွေ... အံ့မခန်း စွမ်းရည်ရှိသူတွေ ပေါ်ထွက်လာမှာပဲ... နှမြောစရာကောင်းတာက ငါဒီလို အရိုးဆွေးကြီးနဲ့ဆို သူတို့ကို မှီနိုင်တော့မှာ မဟုတ်ဘူး"
ကျင်းဖုန်းက ပြောလိုက်သည်။ "ဆရာလင်းက ပါရမီရှင်တစ်ယောက်ပဲ... သူက အဲဒီအဆင့်ကို ရောက်နိုင်ကောင်း ရောက်နိုင်လိမ့်မယ်... ဒါပေမဲ့ ငါကတော့... ဟူး"
သူက ခါးသီးစွာ ပြုံးလိုက်သည်။ လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက သူသည် နတ်ဘုရားအဆင့်ကို မချိုးဖောက်နိုင်ခဲ့ဘဲ ဤဂြိုဟ်ပေါ်မှ ထွက်ခွာနိုင်ခြင်း မရှိခဲ့ရာ အသက်ရှည်ဆေးနည်းဟု ဆိုသော အရာများကို အားကိုး၍ ယနေ့တိုင် အသက်ဆက် နေရခြင်း ဖြစ်သည်။
ဤဘဝတွင်ရော နတ်ဘုရားအဆင့်ကို မည်သို့ ချိုးဖောက်နိုင်မည်နည်း။
လင်ယွီရုံ၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားပြီး အော်ဟစ်လိုက်သည်။ "ရှင်တို့က ရှင်တို့စိတ်ထဲကနေကို ကိုယ့်ကိုယ်ကိုယ် မလုပ်နိုင်ဘူးလို့ ထင်နေမှတော့... နတ်ဘုရားအဆင့်ကို ချိုးဖောက်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့"
"ကျွန်မ ဒီနေ့အထိ အိပ်စက်ဖို့ ရွေးချယ်ခဲ့တာက... ရေလွှမ်းမိုးမှု ကျရောက်မယ့် အစောပိုင်းကာလမှာ ကမ္ဘာမြေရဲ့ ဝိညာဉ်စွမ်းအင်တွေ ပေါက်ကွဲထွက်လာမယ့် အချိန်ကို စောင့်ဆိုင်းဖို့ပဲ"
"ဒီကာလကမှ အစွမ်းပိုင်ရှင်တွေ အတွက် ရွှေရောင်လွှမ်းတဲ့ ခေတ်ကာလပဲ"
"အရင်တုန်းက ကောင်းကင်ယံက နတ်ဘုရားတွေဆိုတာ... အစောပိုင်းကာလ ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေပြီး သယံဇာတတွေ ပေါများနေတာကို အားကိုးပြီးမှ... နတ်ဘုရားအဆင့်ကို အလွယ်တကူ ကျော်ဖြတ်ပြီး ကောင်းကင်ဘုံကို ရောက်သွားကြတာ မဟုတ်ဘူးလား"
"သူတို့ လုပ်နိုင်မှတော့... အဲဒီ မှော်ပညာ ကွယ်ပျောက်တဲ့ ခေတ်မှာ မွေးဖွားလာခဲ့တဲ့ ကျွန်မတို့တွေလည်း... ဝိညာဉ်စွမ်းအင် အထွတ်အထိပ် ရောက်တဲ့ခေတ်ကို ပြန်ရောက်လာရင်... ဒုတိယဘဝတစ်ခုကို ရှင်သန်နိုင်စွမ်း မရှိဘူးလို့ မပြောနိုင်ဘူးလေ"
"စောင့်ကြည့်နေလိုက်... ကျွန်မရဲ့ နောက်ထပ် စိတ်ဝိညာဉ် အပိုင်းအစကို ရှာတွေ့အောင် ရှာမယ်... ပြီးရင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို အမြန်ဆုံး တက်ရောက်ပြီး... နတ်ဘုရားအဆင့်ကို တက်လှမ်းပြမယ်"
သူမက အင်္ကျီလက်ကို တစ်ချက်ခါလိုက်ပြီး လေထဲသို့ ပျံတက်သွားကာ မြူခိုးမြို့တော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ ရှောင်မောင်းတောင် ကဲ့သို့သော သာယာလှပသည့် လောကီကမ္ဘာတွင် ဆက်လက် မနေထိုင်လိုတော့ပေ။
သူမအတွက်တော့ ဤအဘိုးကြီးများ၏ စိတ်ပျက်အားငယ်ဖွယ် စကားများသည် သူမ၏ ကျင့်ကြံခြင်း နှလုံးသားကိုသာ ထိခိုက်စေလိမ့်မည် ဖြစ်သည်။
သူမသည် ဤအဘိုးကြီးများနှင့် အတူနေပြီး စိတ်ကူးယဉ် ဝမ်းနည်းနေရန် ပျင်းရိလှသည်။
ဤသို့ အချိန်ဖြုန်းနေမည့်အစား သူမ၏ စိတ်ဝိညာဉ် အပိုင်းအစကို နိုးထလာစေမည့် နောက်တစ်ယောက်ကိုလိုက်ရှာလျှင် သူမ ရှာတွေ့နေလောက်ပြီ ဖြစ်သည်။
တိချွမ်ခူးနှင့် ကျင်းဖုန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မနေနိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်မိကြသည်။
ကျင်းဖုန်းက အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "ငါတို့ရဲ့ ဒီရေခဲနတ်သမီးလေးက စိတ်ကူးယဉ်ပြီး မာနကြီးတာပဲ"
တိချွမ်ခူးက ပြောလိုက်သည်။ "သူက မှော်ပညာ ကွယ်ပျောက်တဲ့ ခေတ်မှာတောင် နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူဆိုတော့... ဒီအတိုင်း လက်လျှော့လိုက်ဖို့ဆိုတာ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ"
ကျင်းဖုန်းက ခေါင်းခါယမ်းလိုက်သည်။ "အဲဒီလောက် ဘယ်လွယ်ပါ့မလဲ... အခု ငါတို့က အသက်ရှည်နည်းကို အားကိုးပြီး ဒီနေ့အထိ အသက်ရှင်နေနိုင်ခဲ့ပေမယ့်... ပြန်ကျင့်ကြံချင်တယ်ဆိုရင် အရင်ဆုံး ခွဲထွက်သွားတဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကို ပြန်ရှာပြီး စုစည်းရဦးမှာ"
"အဲဒီလိုလုပ်နိုင်မှသာ ငါတို့ရဲ့ အထွတ်အထိပ် စွမ်းအားတွေကို အမြန်ဆုံး ပြန်ရဖို့ အကူအညီဖြစ်မှာ"
"ငါတို့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကို နိုးထလာစေမယ့်သူ ရှိမရှိဆိုတာကို အရင်မပြောနဲ့ဦး... ကံကောင်းထောက်မစွာနဲ့ တစ်ယောက်ယောက်က ငါတို့ရဲ့ မျိုးရိုးဗီဇ အပိုင်းအစကို နိုးထလာစေခဲ့ရင်တောင်... တစ်ဖက်လူမှာ ပြန်ခုခံနိုင်တဲ့ စွမ်းရည် မရှိဘူးလို့ ဘယ်သူသိနိုင်မှာလဲ"
"ဒါ့အပြင် စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုနှစ်ခုလောက်နဲ့တော့ ငါတို့ကို အထွတ်အထိပ် အခြေအနေကို ပြန်ရောက်စေနိုင်မှာ မဟုတ်ဘူးလေ"
တိချွမ်ခူးက ပြောလိုက်သည်။ "ဟူး... အောင်မြင်တာလည်း အသက်ရှည်ဆေးနည်းကြောင့်ပဲ... မအောင်မြင်တာလည်း အသက်ရှည်ဆေးနည်းကြောင့်ပဲပေါ့ကွာ"
ကျင်းဖုန်းလည်း မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ထဲတွင် လုပ်ချင်သော်လည်း အင်အားမရှိတော့သည့် ခံစားချက်မျိုးကို ပြင်းပြစွာ ခံစားလိုက်ရသည်။
ဆက်ရန်...