အခန်း (၈၁၃-၈၁၄)
Vol. 41 Ch. 813-814
အပိုင်း(၈၁၃) စုဝေးခြင်း
ညနေစောင်းအချိန်၌ ကွမ်ဖူရှိ ရေပေါ်ကျွန်းအချို့သည် တစ်ကျွန်းပြီးတစ်ကျွန်း ဆိုက်ရောက်လာကြ၏။
မီယွမ်မိုးသစ်တောကျွန်း၊ မြေဝါနတ်ဘုရားကျွန်းနှင့် တိမ်မြူကျွန်းတို့သည် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်အနီးတွင် တစ်ကျွန်းပြီးတစ်ကျွန်း ဝန်းရံလာကြသည်။
ဤသို့ဖြင့် ရေပေါ်ကျွန်းငါးကျွန်းသည် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကို စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းရံကာ နေရာယူလိုက်ကြပြီ ဖြစ်သည်။
ကျွန်းတစ်ကျွန်းနှင့်တစ်ကျွန်း အနည်းဆုံး ၄ မိုင်ခန့် ကွာဝေးပြီး စက်ဝိုင်းဗဟိုချက်ရှိ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်နှင့်လည်း ၄ မိုင်ခန့် ကွာဝေးလေသည်။
ထိုရေပေါ်ကျွန်းများ စုဝေးရောက်ရှိလာသည်နှင့်အမျှ လီချင်းဟွာ၊ ကျောက်ခိုင်၊ တင်းယန်၊ ဖုန်းကျန့်ကုန်း၊ ကျန်းယွီကျန်းနှင့် အခြားသူများသည် လှေများအသီးသီးစီးကာ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သို့ လာရောက်၍ လင်းယွမ်နှင့် တွေ့ဆုံကြ၏။
လင်းယွမ်က သူတို့နှင့် အချိန်ကြာမြင့်စွာ စကားပြောဆိုခဲ့ပြီး ရေပေါ်ကျွန်းများ၏ အခြေအနေများကို လေ့လာမေးမြန်းကာ သူတို့တင်ပြလာသော အစည်းအဝေးမှတ်တမ်းများကိုလည်း လက်ခံရယူခဲ့သည်။
ကျွန်းတစ်ကျွန်းစီ၏ လိုအပ်ချက်များနှင့် နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်များကို သူ အကြမ်းဖျင်း သိရှိနားလည်သွားခဲ့ပြီ ဖြစ်၏။
ကိစ္စအဝဝ ပြီးစီးသွားချိန်တွင်မူ ညဉ့်နက် ၂ နာရီကျော်နေပြီ ဖြစ်သည်။
ကံကောင်းသည်မှာ လူတိုင်းက အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် ညလုံးပေါက် အလုပ်လုပ်ရုံမျှဖြင့် ပင်ပန်းနွမ်းနယ်သွားမည် မဟုတ်ပေ။
ထို့အပြင် ရှောင်မောင်းတောင်ပေါ်တွင် သန္ဓေပြောင်း နေကြာပန်းများက အချိန်ပြည့် ပွင့်လန်းနေသဖြင့် ဤနေရာ၌ ညဟူ၍မရှိဘဲ အမြဲတမ်း နေ့ဘက်ကဲ့သို့ ဖြစ်နေသောကြောင့် အချိန်ကုန်လွန်သွားသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။
"ဟုတ်ပြီ... ဒီနေ့ ပြန်ရောက်ရင် ခင်ဗျားတို့ရဲ့ စီမံကိန်းတွေကို သေချာပြင်ဆင်ထားကြ... မနက်ဖြန် အစည်းအဝေးကျရင် အကုန်လုံး အတူတူ ဆွေးနွေးကြတာပေါ့"
"ဟုတ်ကဲ့ပါ... ဆရာလင်း"
"ကျွန်တော်တို့ အရင်ပြန်နှင့်ပါရစေ... ဆရာလင်း"
"နောက်မှ တွေ့ကြတာပေါ့... ဆရာလင်း"
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားကြပြီး နောက်ဆုံးတွင် တင်းယန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ကာ အခြားသူများအားလုံး ထွက်ခွာသွားကြသည်။
လင်းယွမ်က ဆွဲဆောင်မှုရှိလှသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့် တင်းယန်ကို ကြည့်ကာ ပြုံးလိုက်ပြီး "ဒီတလော တော်တော်လေး ပင်ပန်းသွားပြီထင်တယ်"
တင်းယန်က နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး "ပင်ပန်းတယ်လို့ မရှိပါဘူး... သူတို့ လုပ်နိုင်တာကို ကျွန်မလည်း လုပ်နိုင်တာပဲ"
"ဒါနဲ့ ကိစ္စတစ်ခုကိုတော့ ရှင် အာရုံစိုက်ထားဖို့ လိုမယ်ထင်တယ်"
"ဘာကိစ္စလဲ"
"မြေဝါနတ်ဘုရားကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေလေ... အဲဒီရေပေါ်ကျွန်းရဲ့ အမြူတေနှစ်ခုလုံးက အခုလောလောဆယ် ကျွန်မတို့လက်ထဲမှာ မရှိသေးဘူး"
"ဒီတစ်ကြိမ် မြေဝါနတ်ဘုရားကျွန်းကို ဒီအထိ ရွှေ့ပြောင်းလာနိုင်တာက တိမ်မြူကျွန်းနဲ့ မီယွမ်မိုးသစ်တောကျွန်းတို့က အင်အားသုံးပြီး ရေပေါ်ကျွန်းနှစ်ခုကို တစ်လမ်းလုံး ဆွဲခေါ်လာပေးလို့သာ တော်တော့တယ်"
ထိုစကားကို ကြားသောအခါ လင်းယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားပြီး "မြေမိခင်ဂိုဏ်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေ ဘယ်ရောက်နေလဲဆိုတာကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်"
"ဒါပေမဲ့ အခုထိတော့ ဘာသဲလွန်စမှ မရသေးဘူး"
တင်းယန်က ရှင်းပြသည်။ "ကျွန်မလည်း အဲဒီကိစ္စကို စောင့်ကြည့်နေတာ... မီယွမ်မိုးသစ်တောကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကို ဖေးယွမ်ဟူက ရှင့်ဆီ အပ်ပြီးပြီလေ... အခု အဲဒီကျွန်းနှစ်ကျွန်းရဲ့ အမြူတေတွေက ကျောက်ခိုင်ဆီမှာ ရှိနေတယ်... ဒါပေမဲ့ ကျန်းယွီကျန်းတို့အဖွဲ့က တိမ်မြူကျွန်းကို စွန့်လွှတ်ပြီး ကွမ်ဖူကနေ ထွက်ပြေးဖို့ ကြံရွယ်ကတည်းက အဲဒီလူက သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားတာပဲ"
"မြေဝါနတ်ဘုရားကျွန်းရဲ့ နှလုံးအမြူတေနဲ့ ဦးနှောက်အမြူတေကတော့ မြေမိခင်ဂိုဏ်းက အစွမ်းထက်သူ နှစ်ယောက်လက်ထဲမှာ ရှိနေတယ်"
"အဲဒီထဲက တစ်ယောက်နာမည်က ရှီလျန်ဟိုင် တဲ့... သူက မြေမိခင်ဂိုဏ်း မြေသြဇာဌာနရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး မြေဝါနတ်ဘုရားကျွန်းရဲ့ နှလုံးအမြူတေကို သန့်စင်ထားသူပေါ့"
"နောက်တစ်ယောက်က ကွမ်မောက်ချိုင် တဲ့... သူက မြေမိခင်ဂိုဏ်း ကြွယ်ဝမှုအသင်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး မြေဝါနတ်ဘုရားကျွန်းရဲ့ ဦးနှောက်အမြူတေကို သန့်စင်ထားတာ"
"အခုတော့ အဲဒီနှစ်ယောက်လုံး ထွက်ပြေးသွားကြပြီ... ဘယ်ရောက်နေမှန်း မသိရသေးဘူး"
လင်းယွမ်က ခေါင်းအသာညိတ်လိုက်၏။ ဤသတင်းကို သူ ကျန်းယွီကျန်းထံမှ ကြားဖူးပြီးသား ဖြစ်သည်။
မြေဝါနတ်ဘုရားကျွန်းမှ လူများ၏ လှုပ်ရှားမှုက အလွန်မြန်ဆန်လှသည်။ ယခင်က သူ ကွမ်ဖူစစ်တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့စဉ်က ထိုလူစုသည် သတင်းရသည်နှင့် ကြိုတင်ထွက်ပြေးသွားခဲ့ကြသည်။
ယခုကဲ့သို့ ရေပြင်ကျယ်ကြီး ဖုံးလွှမ်းနေချိန်တွင် ထိုလူနှစ်ယောက်ကို ရှာဖွေရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။
လင်းယွမ်က ပြန်ပြောလိုက်သည်။ "လောစရာ မလိုပါဘူး... မြေဝါနတ်ဘုရားကျွန်းက ငါတို့လက်ထဲမှာ ရှိနေသရွေ့ အဆင်ပြေပါတယ်... ဒီလူနှစ်ယောက်က မြေဝါနတ်ဘုရားကျွန်းကို တည်ဆောက်နိုင်ခဲ့တယ်ဆိုတော့ သူတို့က သာမန်လူတွေတော့ သေချာပေါက် မဟုတ်ဘူး"
"သူတို့ အနှေးနဲ့အမြန်တော့ ပြန်ပေါ်လာကြမှာပါ"
ဤစကားကို တင်းယန်လည်း လုံးဝလက်ခံသဖြင့် အသာအယာ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ဒါတွေ ထားလိုက်ပါတော့... အိမ်ပြန်ကြရအောင်... အားလုံးက မင်းကို သတိရနေကြပြီ"
လင်းယွမ်က ပြုံးရင်း သူမ၏ ခါးသွယ်သွယ်လေးကို ဖက်လိုက်၏။
တင်းယန်က မေးလိုက်သည်။ "တခြားသူတွေကို ကျွန်မ စိတ်မဝင်စားဘူး... ရှင် ကျွန်မကိုရော လွမ်းရဲ့လား ဆိုတာပဲ သိချင်တာ"
လင်းယွမ်က သူမကို အားနှင့်ပွေ့ချီလိုက်ရာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များမှာ တင်းကြပ်စွာ ပူးကပ်သွားသည်။ လင်းယွမ်၏ ဝင်သက်ထွက်သက်များက သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး "မင်း ဘယ်လိုထင်လို့လဲ"
တင်းယန်၏ အသက်ရှူသံများလည်း ချက်ချင်း ပြင်းပြလာလေသည်။
သူမက အလိုက်သင့်ပင် လင်းယွမ်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်ပြီး "အိမ်မပြန်နဲ့ဦးလေ"
လင်းယွမ်လည်း ချက်ချင်း သဘောပေါက်သွားကာ သူမ၏ တင်ပါးလေးကို ပင့်မချီလိုက်သည်။
တင်းယန်၏ ရှည်လျားပြီး အားမာန်ပါသော ပေါင်တံနှစ်ဖက်က သူ၏ခါးကို ချက်ချင်း ရစ်ပတ်သွား၏။
သူတို့နှစ်ဦးသည် အနမ်းများဖလှယ်ရင်း ခေါင်းဆောင်စံအိမ်၏ နားနေခန်းဆီသို့ ဦးတည်သွားကြလေတော့သည်။
ညဉ့်နက်ပိုင်းရောက်မှသာ လင်းယွမ်နှင့် တင်းယန်တို့ အိမ်သို့ ပြန်ရောက်လာကြသည်။
ထိုအချိန်တွင် အိမ်ရှိလူများအားလုံး အိပ်ရာဝင်နေကြပြီ ဖြစ်သည်။
လင်းယွမ်က မည်သူ့ကိုမျှ မနှောင့်ယှက်တော့ဘဲ တင်းယန်၏ အခန်းထဲတွင်သာ အိပ်လိုက်၏။
တစ်နာရီပင် မပြည့်သေးသော နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မှုအပြီးတွင် လင်းယွမ်၏ ဇီဝနာရီက သူ့ကို အလိုအလျောက် နှိုးလိုက်သည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ နောက်တစ်နေ့ နံနက် ခုနစ်နာရီ ထိုးနေပြီ ဖြစ်၏။
လင်းယွမ်က အိပ်မောကျနေသေးသော တင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
သူမ၏ ဖြူမွတ်နေသော လက်မောင်းလေးများကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး စောင်ခြုံထဲမှ ထွက်လာခဲ့သည်။
တင်းယန်က မျက်လုံးပွင့်လာသော်လည်း အိပ်ရာမှ မထသေးဘဲ လက်မောင်းတစ်ဖက်ကို ထောက်ကာ ခေါင်းကိုမှီရင်း လင်းယွမ်၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကြီးကို ငေးမောကြည့်နေ၏။
လင်းယွမ်က ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး "ကိုယ် မင်းကို နှိုးလိုက်မိသလို ဖြစ်သွားလား"
တင်းယန်က ခေါင်းခါလိုက်ပြီး "ကျွန်မလည်း မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရောက်နေတဲ့ အစွမ်းထက်သူတစ်ယောက်ပါနော်...အားပြန်ပြည့်တဲ့နှုန်းက မြန်ပါတယ်"
သူမက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်ဖြစ်ရာ ခွန်အားပြန်လည်ပြည့်ဖြိုးမှု မြန်ဆန်သည်မှာ သဘာဝပင်။
လင်းယွမ်က ပြုံးလျက် "ဒီနေ့ နံနက် ကိုးနာရီဆိုရင် ထိုက်ယန်တောင်ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကြီးကို တရားဝင် စတင်တော့မှာ... အခု အချိန်လည်း သိပ်မစောတော့ဘူး... မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ထမင်းစားလိုက်ရင် သွားရမယ့်အချိန်နဲ့ ကွက်တိပဲ"
တင်းယန်က ပြုံး၍ ခေါင်းညိတ်ပြကာ အိပ်ရာမှ ထလိုက်သည်။
အိပ်ခန်းထဲမှ ထွက်လာသောအခါ ရန်မေနှင့် လင်းယာတို့က မီးဖိုချောင်ထဲတွင် အလုပ်များနေကြပြီး အရသာရှိလှသော နံနက်စာများကို တစ်ပွဲပြီးတစ်ပွဲ သယ်ထုတ်လာကြသည်။
ပူပူနွေးနွေး ပေါက်စီ၊ ဖက်ထုပ်ကြော်၊ ဆန်ပြုတ်၊ ပလာတာနှင့် အီကြာကွေးတို့ အစုံအလင် ပါဝင်၏။
တုံယန်နှင့် ဆုန့်ဝမ်တို့ကမူ အိပ်ခန်းထဲတွင် အသီးသီး မိတ်ကပ်လိမ်းခြယ် ပြင်ဆင်နေကြဆဲ ဖြစ်သည်။
လင်းဟုန်လေးကတော့ ဧည့်ခန်းထဲတွင် သုံးဘီးစက်ဘီးလေးကို စီးကာ ဟိုဘက်ဒီဘက် ပတ်မောင်းနေလေသည်။
"မောင်လေး... နိုးပြီလား... တင်းယန်ရော နိုးပြီလား... ထမင်းစားဖို့ ပြင်ရအောင်လေ"
မီးဖိုချောင်ထဲမှ ရန်မေက ခေါင်းပြူကြည့်လိုက်ရာ လင်းယွမ်ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။
လင်းယွမ်က ပြုံးပြီး "အကုန်နိုးပြီဗျ... မနေ့က ရေပေါ်ကျွန်းက လူတွေနဲ့ အစည်းအဝေးလုပ်နေတာမို့ အရမ်းနောက်ကျမှ ပြန်ရောက်လာတာ... အမတို့ကိုများ အနှောင့်အယှက် ဖြစ်သွားသေးလား"
ရန်မေက ရယ်မောရင်း "မောင်လေး ဘယ်အချိန် ပြန်ရောက်လာလဲဆိုတာ အမတောင် မသိလိုက်ဘူး... ဘာပဲဖြစ်ဖြစ် အမကိုတော့ မနှောင့်ယှက်မိပါဘူး"
လင်းယွမ်က ရှေ့သို့တိုးကာ သူမ၏ နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး "ညကျရင် အမအခန်းကို လာခဲ့မယ်နော်"
ရန်မေ၏ လှပသော မျက်နှာလေးမှာ ရဲတက်သွားပြီး "နေပါ... တုတုက အမအခန်းထဲမှာ အိပ်နေတာ... အမကို အဖော်လာလုပ်ပေးစရာ မလိုပါဘူး... တခြားညီမလေးတွေဆီပဲ သွားပါ"
လင်းယွမ်မှာ ချက်ချင်း စကားဆွံ့အသွားသည်။ ဤသည်မှာ ကလေးရလာတော့ ယောက်ျားကို မေ့သွားခြင်းမျိုး မဟုတ်ပါလော။
ရန်မေက သူ့ပုံစံကိုမြင်တော့ "ခစ်" ခနဲ ရယ်မောလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။ "မောင်လေး အိမ်မပြန်လာတာ ကြာပြီပဲ... သူတို့ကိုလည်း အဖော်လုပ်ပေးသင့်တာပေါ့"
"အမမှာက ကလေးအဖော်ရှိပေမဲ့ သူတို့က ညဘက်ဆို တစ်ယောက်တည်းတွေချည်းပဲလေ"
"မောင်လေး... မျက်နှာလိုက်လို့ မရဘူးနော်... ကြားလား"
လင်းယွမ်မှာ ရင်ထဲတွင် ကြည်နူးသွားပြီး "အမက တော်တော် သဘောထားကြီးတာပဲ"
ရန်မေက သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး "ဘယ်သူက ရှင့်ကို ဒီလောက် မိန်းမတွေ ဝိုင်းဝိုင်းလည်နေအောင် နေခိုင်းလို့လဲ... ကျွန်မသာ အနစ်နာမခံရင် ဒီအိမ်က ရှုပ်ပွသွားတော့မှာပေါ့"
လင်းယွမ်မှာ ချက်ချင်း မျက်နှာပူသွားပြီး ရန်မေ၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။
သူမက အမှန်တကယ် စိတ်ဆိုးနေခြင်း မဟုတ်ကြောင်း တွေ့ရမှသာ သူ ပြုံးနိုင်တော့၏။
ထို့နောက် မီးဖိုချောင်ထဲမှ ဟင်းပွဲများကို အတူတကွ ကူသယ်ပေးကြသည်။ အချိန်ပြည့် လင်းယွမ်နှင့် ရန်မေတို့ ရယ်မောစကားပြောနေကြပြီး လင်းယာက တစ်ခါတစ်ရံ ဝင်ရောက်စကားထောက်ကာ ရန်မေနှင့် စကားပြောသော်လည်း လင်းယွမ်ကိုမူ စကားပြောခဲလှသည်။
လင်းယွမ်ကလည်း သူမ၏ သဘောထားကို သဘာဝကျကျ နားလည်ထားသဖြင့် သူမကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ရင်းနှီးခြင်း မပြုခဲ့ပေ။
ရန်မေ ဟင်းပွဲများ သယ်ယူသွားချိန်တွင်သာ လင်းယာ၏ အနောက်သို့ တိတ်တဆိတ် သွားကာ သူမ၏ တင်ပါးကို လက်ဖြင့် တစ်ချက်လှမ်းဆွဲလိုက်သည်။
လင်းယာမှာ ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားပြီး ဖြူဝင်းနေသော ပါးပြင်လေးများမှာ စက္ကန့်ပိုင်းအတွင်း ရဲရဲနီသွားလေတော့သည်။
ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ပေါ်လာကာ လင်းယွမ်ကို အလျင်အမြန် တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဟင်းပွဲကိုကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။
ဤကဲ့သို့သော ကြည်စယ်သော အသေးအဖွဲလေးများက လင်းယွမ်ကို ထူးခြားဆန်းသစ်မှုနှင့် စိတ်ဝင်စားမှုကို အတိုင်းထက်အလွန် ခံစားရစေသည်။
တိတ်တဆိတ် ခိုးဝှက်လုပ်ရသည့် ဤခံစားချက်မျိုးက လူကို အမြဲတမ်း တစ်မူထူးခြားသော စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်စွမ်းရှိသည်။
နံနက်စာ စားပြီးနောက် လင်းယာမှလွဲ၍ ကျန်မိန်းကလေးများအားလုံးသည် လင်းယွမ်နှင့်အတူ အစည်းအဝေးတက်ရန် ခေါင်းဆောင်စံအိမ်သို့ ထွက်လာခဲ့ကြသည်။
"ဒါနဲ့... ကျွန်မတို့ရဲ့ ဒီတစ်ခေါက် အစည်းအဝေးကြီးကို ထိုက်ယန်တောင် အစည်းအဝေး လို့ ခေါ်တာ နည်းနည်းတော့ အဆင်မပြေဘူးမလား"
လမ်းလျှောက်လာရင်း တုံယန်က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ဆုန့်ဝမ်က "ဘာဖြစ်လို့လဲ"
"ထိုက်ယန်တောင်ကြီးက ရေလွှမ်းမိုးခံလိုက်ရပြီလေ... အခုက ရှောင်မောင်းတောင် ရောက်နေတာဆိုတော့ ရှောင်မောင်းတောင် အစည်းအဝေး လို့ နာမည်ပြောင်းသင့်တယ်လို့ ထင်တယ်"
"ဖူး... ဟားဟားဟား... ကြားရတာ နည်းနည်းတော့ တာအိုဘုန်းကြီးတွေရဲ့ အစည်းအဝေးနဲ့ တူမနေဘူးလား"
တုံယန်လည်း "ဟီးဟီး" ဟု ရယ်မောနေသည်။ သူတို့နှစ်ယောက်က အသက်အရွယ်ချင်းလည်း တူသဖြင့် ရယ်စရာအချက်များစွာကို အချင်းချင်း နားလည်နိုင်ကြသည်။
ဘေးနားရှိ လင်းယွမ်လည်း သဘောကျသွားပြီး ပြုံးလျက် "အခုချိန်မှာ ထိုက်ယန်တောင်က တောင်တစ်တောင် မဟုတ်တော့ပါဘူး... ဒါက ကျွန်တော်တို့ အင်အားစုရဲ့ သင်္ကေတတစ်ခုပါ"
"ထိုက်ယန်တောင်က မရှိတော့ပေမဲ့ ထိုက်ယန်တောင်ရဲ့ စိတ်ဓာတ်တွေကတော့ ရှိနေတုန်းပါပဲ... ငါတို့ရဲ့ ထိုက်ယန်တောင် အလံတော် အပါအဝင် ဒါတွေအားလုံးက အဲဒီရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ"
"ဒါကို စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဒါမှမဟုတ် အဖွဲ့အစည်း ယဉ်ကျေးမှုတစ်ခုလို မင်းတို့ နားလည်ထားလို့ ရပါတယ်"
တုံယန်နှင့် ဆုန့်ဝမ်တို့က ကြားသောအခါ ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ဘေးနားရှိ တင်းယန်ကလည်း ပြုံးလျက် ဝင်ပြောသည်။ "ကျွန်မတို့ ခိုလှုံရေးစခန်းက အထက်လူကြီး အများစုက ထိုက်ယန်တောင်ကနေ လာကြတာလေ... သူတို့က ကျွန်မတို့နဲ့ အစောဆုံး ပူးပေါင်းခဲ့တဲ့သူတွေပဲ... ဒီဂုဏ်ပုဒ်က ဂုဏ်ယူစရာတစ်ခုဖြစ်သလို အလွယ်တကူ ပြောင်းလဲသွားမှာလည်း မဟုတ်ဘူး"
"အခု ထိုက်ယန်တောင် မရှိတော့ပေမဲ့ ထိုက်ယန်တောင်သား ဖြစ်ခဲ့ဖူးသူတိုင်းကတော့ သူတို့ရဲ့ ထိုက်ယန်တောင်သားဟောင်း ဆိုတဲ့ ဂုဏ်ပုဒ်အတွက် ဂုဏ်ယူနေကြဦးမှာပါပဲ"
"ဒါက အဖွဲ့အစည်းတစ်ခုရဲ့ စည်းလုံးညီညွတ်မှု အားတစ်ရပ်ဖြစ်လို့ စွန့်ပစ်လိုက်လို့ မရပါဘူး"
လင်းယွမ်က ခေါင်းညိတ်ပြုံးလိုက်ပြီး "တင်းယန်ပြောတာ မှန်တယ်... ထိုက်ယန်တောင်က ငါတို့ စတင်ထမြောက်ခဲ့တဲ့ နေရာဖြစ်လို့ မေ့ပစ်လို့ မရဘူး... ထိုက်ယန်တောင်ကြီး ရေလွှမ်းခံရရင်တောင်မှ ငါတို့တွေ ရှိနေသရွေ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကတော့ ထာဝရ ရှိနေမှာပါ"
"ဆရာလင်း ပြောတာ ယုတ္တိရှိတယ်"
သူတို့စကားပြောနေစဉ်မှာပင် ရန်ဆန်းမင်၊ လီချင်းဟွာနှင့် အခြားသူများ နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရသည်။
လူတိုင်းက အချင်းချင်း နံနက်ခင်း နှုတ်ဆက်လိုက်ကြပြီး ရန်ဆန်းမင်က ပြုံးလျက် "ဆရာလင်းရဲ့ ခုနက စကားတွေက ကျွန်တော့်ကိုပါ တော်တော်လေး ခံစားရစေတယ်"
"အရင်တုန်းက တိုက်ကြီးထဲမှာ ပိတ်မိနေခဲ့တဲ့ ကျွန်တော်တို့တွေ နောက်ဆုံးမှာ ဒီလိုအခြေအနေမျိုးအထိ ရောက်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"
"ဟုတ်ပါတယ်... ကျွန်တော်တို့က အောက်ခြေကနေ တက်လာခဲ့တာ... ထိုက်ယန်တောင်ကြီး ရေလွှမ်းခံရပေမဲ့ ကျွန်တော်တို့ကတော့ ဒီရေလှိုင်းလုံးကြီးတွေအောက်မှာ နစ်မြုပ်သွားမှာ မဟုတ်ပါဘူး"
"ပြောတာ သိပ်ကောင်းတယ်"
အားလုံးက အတိတ်က အဖြစ်အပျက်များကို ပြန်လည်အောက်မေ့ရင်း အရင်က ကြုံတွေ့ခဲ့ရသော အခက်အခဲများအကြောင်း စကားစမြည် ပြောဆိုနေကြ၏။
မကြာမီမှာပင် လူအားလုံး ခေါင်းဆောင်စံအိမ်၏ အစည်းအဝေးခန်းမကြီးဆီသို့ ရောက်ရှိသွားကြသည်။
ဤနေရာရှိ အစည်းအဝေးခန်းမကြီးမှာ အထူးပြုပြင်မွမ်းမံထားခြင်းဖြစ်ပြီး လူငါးရာကျော် ဝင်ဆံ့သော ထိုင်ခုံများ ရှိသည်။
ထိုက်ယန်တောင်မှ အလယ်အလတ်နှင့် အဆင့်မြင့် အရာရှိများအားလုံး လာရောက် အစည်းအဝေးတက်ရန် လုံလောက်လေသည်။
လင်းယွမ်တို့ ဝင်လာပြီးနောက်တွင် လူအများအပြားလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီ ဖြစ်သည်။
သားသတ်ရုံမှ ချိုင်ကြည်၊ လက်နက်စက်ရုံမှ ချီတယ်လုံ၊ ယန်ချုံကျွင်း၊ ကင်းလှည့်တပ်ဖွဲ့မှ ချိုးရင်ယွဲ့၊ ချိုးကုံရုံ စသည့် ရင်းနှီးကျွမ်းဝင်သော မျက်နှာများအားလုံး နေရာယူထားကြပြီ ဖြစ်၏။
ရှေ့ဆုံးတန်းတွင် လီချင်းဟွာ၊ လီဟန်ကျုံး၊ မာကောချိုင်၊ တင်းယန်၊ ဟန်ရှန်းမန်၊ ကျွမ်းရှုယွမ်၊ ဖုချီပေါ်၊ ရန်ဆန်းမင်၊ ရှီဟိုင်ကျူး၊ ထူလုံ စသည့် ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှ အဓိက အဆင့်မြင့် တာဝန်ရှိသူများ ထိုင်နေကြသည်။
ဤပုဂ္ဂိုလ်များသည် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ရှိ ထိပ်တန်းအစွမ်းထက်သူများ ဖြစ်ကြသလို ဌာနအသီးသီး၏ တာဝန်ခံများ သို့မဟုတ် အဓိက အရေးပါသူများလည်း ဖြစ်ကြသည်။
လင်းယွမ်က သဘာပတိနေရာတွင် ထိုင်လျက် လူတိုင်းကို မျက်နှာမူထားပြီး ကြီးမားကျယ်ဝန်းလှသော အစည်းအဝေးခန်းမကြီးထဲရှိ ရင်းနှီးကျွမ်းဝင်သော မျက်နှာများကို ကြည့်ကာ သူ့ရင်ထဲတွင် ပြောပြ၍မရနိုင်သော ကြည်နူးမှုမျိုးကို ခံစားနေရသည်။
ဤခရီးတစ်လျှောက်တွင် သူတို့သည် အရာများစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ရပြီး အချို့က အသက်စတေးခဲ့ရကာ အချို့က မသန်မစွမ်း ဖြစ်သွားခဲ့ပြီး အချို့မှာ အကျင့်ပျက်ခြစားသွားကြသလို အချို့မှာလည်း နောက်ချန်ရစ်ခဲ့ကြရသည်။
သို့သော် ကံကောင်းသည်မှာ နောက်ဆုံးတွင် မိတ်ဆွေဟောင်းများစွာ သူ့အနား၌ ရှိနေသေးခြင်းပင် ဖြစ်၏။
အောက်ဖက်ရှိ လူများကလည်း အချင်းချင်း ဆွေးနွေးပြောဆိုနေကြသဖြင့် အစည်းအဝေးခန်းမကြီး တစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်နေသည်။
ရင်းနှီးသူများက စကားစမြည် ပြောဆိုနေကြပြီး မရင်းနှီးသူများကလည်း အချင်းချင်း မိတ်ဆက်နေကြရာ အစည်းအဝေး မစတင်ရသေးသော်လည်း တစ်ခန်းလုံး တက်ကြွလှုပ်ရှားနေပြီ ဖြစ်သည်။
မလှမ်းမကမ်းတွင်လည်း ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်နေကြပြီး အစည်းအဝေးပြီးဆုံးသွားပါက ထိုက်ယန်တောင် နံနက်ခင်းသတင်းစာ တစ်စောင် ထုတ်ဝေသွားမည် ဖြစ်သည်။
ဤသည်မှာ ကျွမ်းရှုယွမ် တွေးမိခဲ့သော ထပ်တိုးလုပ်ငန်းတိုးချဲ့သည့် စီးပွားရေးနည်းလမ်းတစ်ခုဖြစ်ပြီး လင်းယွမ်ထံသို့ အထူးတလည် တင်ပြတောင်းဆိုပြီးနောက် ခွင့်ပြုချက်ရရှိထားခြင်း ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း(၈၁၄) ထိုက်ယန်တောင် တတိယအကြိမ် အစည်းအဝေး
လင်းယွမ်က ထပ်ခါတလဲလဲ စဉ်းစားပြီးနောက် သတင်းစာဆိုသည့်အရာက တကယ်ကို လုပ်ဆောင်သင့်သည်ဟု ခံစားလိုက်ရသည်။
အခြေခံလူတန်းစား ခိုလှုံရေးစခန်း နေထိုင်သူများအတွက် ထိုက်ယန်တောင် အထက်ပိုင်း၏ မူဝါဒများကို ချက်ချင်း သိရှိနိုင်မှသာ ထိုမူဝါဒများနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်မည်ဖြစ်သည်။
စစ်ဆေးရေးဌာနက ထိုက်ယန်တောင်၏ အကြီးဆုံးသော ထောက်လှမ်းရေးဌာနဖြစ်ရာ ဤကိစ္စကို လုပ်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်ပေသည်။
"ချလပ်... ချလပ်" ဟူသော ဓာတ်ပုံရိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကျွမ်းရှုယွမ်က အပြုံးလေး ဆင်မြန်းကာ သေသပ်လှပသော ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လှုပ်ရှားမှုတိုင်းတွင် ကျက်သရေရှိမှုနှင့် ယုံကြည်မှုအပြည့်ရှိသော အငွေ့အသက်များ လွှမ်းခြုံနေသည်။
သူမက မီးရောင်များအောက်တွင် ရရှိသော ဤအာဏာ၏ အရသာကို အလွန် နှစ်သက်သဘောကျနေသည်။
ခေါင်းမော့၍ ထိပ်ဆုံးခုံတွင် ထိုင်နေသော လင်းယွမ်ကို ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းထဲတွင် ရူးသွပ်စွဲလမ်းသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ထိုအမျိုးသားက သူမကို အမှန်တကယ်ပင် ရူးသွပ်မတတ် ချစ်မိစေခဲ့သည်။
သူ၏ လူကိုသာမက သူ ရယူထားသော နေရာကိုပါ ချစ်မိခြင်းဖြစ်သည်။
လင်းယွမ်က ကျွမ်းရှုယွမ်၏ အကြည့်ကို သတိမထားမိဘဲ ဘေးနားရှိ နည်းပညာဝန်ထမ်းများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
နောက်ကွယ်မှ နည်းပညာဝန်ထမ်းက သူ့ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ထိုအခါမှ လင်းယွမ်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စားပွဲပေါ်ရှိ မိုက်ခရိုဖုန်းကို ခေါက်လိုက်သည်။
"ဟယ်လို... ဟယ်လို"
အသံချဲ့စက်မှ လျှပ်စစ်စီးသံများနှင့်အတူ လင်းယွမ်၏ အသံက အစည်းအဝေးခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အစည်းအဝေးခန်းမအတွင်း တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
"လူစုံပြီလား"
အောက်ဘက်ရှိ အဒေါ်ကြီးလီက တက်ရောက်သူစာရင်းကို ကြည့်လိုက်ပြီး ပြုံးကာ ပြန်ဖြေသည်။ "အကုန်စုံပါပြီ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီ... ထိုက်ယန်တောင် တတိယအကြိမ် အစည်းအဝေးကို တရားဝင် စတင်ကြောင်း ကျွန်တော် ကြေညာတယ်"
ချက်ချင်းပင် အောက်ဘက်မှ လက်ခုပ်သံများ ဆူညံသွားပြီး လူတိုင်းက အစည်းအဝေးစားပွဲဆီသို့ လှမ်းကြည့်လိုက်ကြသည်။
လင်းယွမ်က စကားစလိုက်ပြီး ရယ်မောကာ ပြောသည်။ "ပြီးခဲ့တဲ့ ထိုက်ယန်တောင် အစည်းအဝေးတုန်းက ကျွန်တော် စစ်တပ်ကို သွားပြီး ပြဿနာရှာတဲ့ အချိန်တုန်းကပေါ့"
"အချိန်တွေ ပြောင်းလဲသွားပြီ... နှစ်ဝက်တောင် မပြည့်သေးဘူး... အခုတော့ စစ်တပ်ကလည်း ကျွန်တော်တို့ ထိုက်ယန်တောင်နဲ့ ပူးပေါင်းလာပြီး ကျွန်တော်တို့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ"
လူအများက ချက်ချင်းပင် ရယ်မောလိုက်ကြသည်။
ရှေ့တန်းတွင် ထိုင်နေသော ဖုန်းကျန့်ကုန်းနှင့် ကျန်းယွီကျန်းတို့၏ မျက်နှာများ နီရဲသွားကြပြီး အနည်းငယ် အနေရခက်သွားကြသည်။
လင်းယွမ်က ဆက်ပြောသည်။ "ဒီကိစ္စတွေကို ကျွန်တော် ပြောရတာက... ပြီးခဲ့တာတွေက ပြီးသွားပြီဆိုတာကို အားလုံးကို သိစေချင်လို့ပါ"
"အခု ဆောင်းရာသီ ကုန်လွန်ပြီး ရေခဲနဲ့ နှင်းတွေ အရည်ပျော်နေပြီ... ဆောင်းရာသီက ဒီလောက်အထိ အချိန်ကြာမြင့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး... ဒီနှင်းတွေ ကျနေခဲ့တာ တစ်နှစ်နီးပါးလောက် ရှိသွားပြီ"
"အားလုံးက ဒီအခြေအနေကို တောင့်ခံနိုင်ခဲ့တာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး... ကျွန်တော်တို့ ထိုက်ယန်တောင်က ဘယ်သူ့ကိုမှ ရှင်းလင်းဖျက်ဆီးချင်တာ မဟုတ်ပါဘူး... ဒီကပ်ဘေးကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ဆက်လက် အသက်ရှင်သန်ချင်ရုံ သက်သက်ပါပဲ"
"ဒါပေမဲ့ ဒီလောက် မျှော်လင့်ချက်လေးကိုတောင် ကျွန်တော်တို့ကို မပေးဘူးဆိုရင်တော့... ကျွန်တော်တို့က တိုက်ပွဲဝင်ရမှာပဲ... အသက်နဲ့ရင်းပြီး တိုက်ခိုက်ရမှာပဲ"
"လောလောဆယ်မှာ ရေခဲတွေ အရည်ပျော်ပြီး ဆောင်းရာသီ ကုန်ဆုံးသွားပြီ... ထိုက်ယန်တောင် တစ်ခုလုံးလည်း ရေလွှမ်းမိုးခံလိုက်ရပြီ... ဒါပေမဲ့ ကျွန်တော်တို့ကတော့ အသက်ရှင်နေဆဲပဲ"
"ကျွန်တော်တို့ရဲ့ အိမ်က အရင်ဆုံး တောင်ထိပ်တချို့ကနေ အခုဆိုရင် ရေပေါ်ကျွန်း ခြောက်ကျွန်းအထိ တိုးချဲ့လာနိုင်ခဲ့ပြီ"
"ရေပေါ်ကျွန်းတွေအပြင် ကောင်းကင်ယံက လေပေါ်ကျွန်း သုံးကျွန်းကိုလည်း ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်... ဒါတွေအားလုံးက ကျွန်တော်တို့ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတာပါ"
"ဒီကျွန်းတွေကပဲ ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ကျွန်တော်တို့ ရှင်သန်ရပ်တည်နိုင်မယ့် အခြေခံအုတ်မြစ်တွေ ဖြစ်တယ်"
"ဒါပေမဲ့လည်း... မိတ်ဆွေတို့"
လင်းယွမ်၏ အသံက လေးနက်သွားသဖြင့် လူအများ၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ ထို့နောက် လင်းယွမ် ဆက်ပြောသည်ကို ကြားလိုက်ရသည်။ "တစ်ချို့လူတွေက ကျွန်တော်တို့ရဲ့ နယ်မြေကို ကျူးကျော်ချင်နေကြတယ်... ကျွန်တော်တို့ရဲ့ အိမ်ရာကို ဝင်ရောက်တိုက်ခိုက်ချင်နေကြတယ်"
"ခိုက်ရီနည်းပညာကုမ္ပဏီနဲ့ မုန်ယာကုမ္ပဏီ... ဒီ ယွီကျိုးပြည်နယ်က လာတဲ့ အင်အားကြီး အဖွဲ့အစည်းနှစ်ခုက ကိုယ့်နယ်မြေကို သေချာ ဖွံ့ဖြိုးအောင်မလုပ်ဘဲ ကျွန်တော်တို့ဆီကိုတောင် လက်လှမ်းလာကြပြီ"
"လင်ကျောင်းမြို့ ကောင်းကင်ယံက လေပေါ်ကျွန်း ငါးကျွန်း... အသက်ရှင်နေထိုင်ဖို့ အသင့်တော်ဆုံး ကျွန်းတချို့ကို အစတုန်းက သူတို့ သိမ်းပိုက်ထားခဲ့တာ"
"အခု ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြန်လုယူနိုင်ခဲ့ပေမဲ့ သူတို့က လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး"
"ဒါကြောင့် ကျွန်တော်တို့က စိတ်အေးလက်အေး နေလို့မရသေးဘူး"
"လူဆိုတာ အဝေးကို ကြိုမတွေးထားရင် အနီးကပ်ပြဿနာတွေနဲ့ ကြုံရတတ်တယ် ဆိုတဲ့အတိုင်းပါပဲ... ဒီကုမ္ပဏီနှစ်ခုက အင်အားကြီးမားလွန်းတော့ သူတို့လက်ထဲ ရောက်နေတဲ့ အသားတုံး မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားတာကို ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး"
"သူတို့ဆီကနေ လှုပ်ရှားမှုတွေ သေချာပေါက် ထပ်ရှိလာဦးမှာပဲ... ကျွန်တော်တို့ ပေါ့ဆနေလို့ မဖြစ်ဘူး"
လူအများ၏ မျက်နှာများမှာ လေးနက်တည်ကြည်သွားကြပြီး လက်ရှိ ထိုက်ယန်တောင်၏ အဓိက ရန်သူကြီးမှာ မည်သူဖြစ်ကြောင်း နားလည်သွားကြသည်။
ယွီကျိုးပြည်နယ်မှ အင်အားကြီး အဖွဲ့အစည်းနှစ်ခုသည် ကွမ်ဖူ စစ်တပ်ထက်ပင် စောစီးစွာ လေယာဉ်ပျံများနှင့် စစ်သင်္ဘောများကို တီထွင်ထုတ်လုပ်နိုင်ခဲ့သော အကြီးစား ခိုလှုံရေးစခန်းကြီးများ ဖြစ်ကြသည်။
လင်းယွမ်က အသံဩဩဖြင့် ဆက်ပြောသည်။ "သေချာတာပေါ့... ရန်သူကို သတိထားရမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ အဓိက အခြေခံကိုလည်း မေ့ထားလို့ မရဘူး"
"ကျွန်တော်တို့ရဲ့ အခြေခံက ဘာလဲ"
"ဖွံ့ဖြိုးတိုးတက်ရေးပဲ"
"ထိုက်ယန်တောင်က အခု ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကို ပြောင်းရွှေ့လာခဲ့ပြီ... ကျွန်တော်တို့ရဲ့ နယ်မြေက ကျယ်ဝန်းလာပြီး လူဦးရေလည်း များလာပြီ... ဒါက ကျွန်တော်တို့ လုပ်စရာတွေ ပိုများလာတယ် ဆိုတဲ့သဘောပဲ"
"အခု ကျွန်တော်တို့က အစကနေ ပြန်လည် တည်ဆောက်ရမယ့် အချိန်အခါ ဖြစ်တဲ့အတွက် ဌာနအားလုံးက ပေါ့ဆနေလို့ မရဘူး"
"ဒါဆိုရင် နောက်ပိုင်းအချိန်တွေကိုတော့ သက်ဆိုင်ရာ ဌာနခေါင်းဆောင်တွေဆီ လွှဲပေးလိုက်မယ်... အားလုံး ရှေ့ထွက်လာပြီး ကိုယ်ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်... ခင်ဗျားတို့ရဲ့ ရှေ့ဆက်လုပ်မယ့် အစီအစဉ်တွေနဲ့ အဆင့်လိုက် အောင်မြင်မှုတွေကို တင်ပြပေးကြပါ"
"ပထမဆုံးအနေနဲ့ ဆောက်လုပ်ရေးဌာနက စတင်ပေးပါ... ဦးလေးမာ"
ထိုစကားကို ကြားသောအခါ မာကောချိုင်က အလျင်အမြန် မတ်တတ်ရပ်ကာ ရှေ့သို့ ထွက်လာပြီး လင်းယွမ်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူ၏ လက်ထဲတွင် အချက်အလက်များ ပါဝင်သော စာရွက်စာတမ်း အထပ်လိုက်ကို ကိုင်ဆောင်ထားရာ ၎င်းတို့မှာ ကြိုတင်ပြင်ဆင်ထားသော အစီရင်ခံစာများပင် ဖြစ်သည်။
"အဟမ်း အဟမ်း... လုပ်ဖော်ကိုင်ဖက်များ အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က ဆောက်လုပ်ရေးဌာနက မာကောချိုင်ပါ"
"ဒီနှစ်မှာ မျက်နှာသစ်တွေ အများကြီး ပါလာတော့ ကျွန်တော့်လို အရိုးဆွေးကြီးက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ လိုအပ်ဦးမယ်ထင်တယ်"
သူက ရယ်မောရင်း မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။ ဤနေရာတွင် ရှိနေသူများထဲတွင် မျက်နှာဟောင်းဖြစ်စေ၊ မျက်နှာသစ်ဖြစ်စေ သူ့ကို မသိသူ မည်သို့ရှိနိုင်မည်နည်း။
အောက်ခြေအဆင့်မှ တက်လာခါစ အလယ်အလတ် ခေါင်းဆောင်ပိုင်းများပင်လျှင် မာကောချိုင်ဟူသော ပုဂ္ဂိုလ်ကို ကောင်းကောင်း သိထားကြသည်။
လေပေါ်ကျွန်းမှ အသစ်ဝင်ရောက်လာသူ အချို့သာ သူ့ကို မသိကြသေးခြင်းဖြစ်သည်။
မာကောချိုင်က စကားပိုတွေ သိပ်မပြောတော့ဘဲ သူ့ကိုယ်သူ လျင်မြန်သွက်လက်စွာ မိတ်ဆက်ပြီးနောက် ဆောက်လုပ်ရေးဌာန၏ ယခုလောလောဆယ် လုပ်ငန်းဆောင်ရွက်မှု အောင်မြင်မှုများကို စတင် တင်ပြလေသည်။
"ကျွန်တော်တို့ ဆောက်လုပ်ရေးဌာနရဲ့ အဓိက စီမံကိန်းက ရှောင်မောင်းတောင် ပြောင်းရွှေ့ရေး... လေပေါ်ကျွန်း အခြေစိုက်စခန်း ပြန်လည်တည်ဆောက်ရေးနဲ့ ရေပေါ်ကျွန်း အခြေစိုက်စခန်း ပြန်လည်တည်ဆောက်ရေး ဆိုတဲ့ အပိုင်းကြီး သုံးပိုင်း ရှိပါတယ်"
"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအထဲမှာ လေပေါ်ကျွန်း အခြေစိုက်စခန်းနဲ့ ရေပေါ်ကျွန်း အခြေစိုက်စခန်းတွေက သိပ်မခက်ပါဘူး... လုပ်ငန်းခွင် အကြီးမားဆုံးကတော့ အားလုံးလည်း မြင်တဲ့အတိုင်းပါပဲ"
"အဲဒါကတော့ ရှောင်မောင်းတောင်ကို မွမ်းမံတည်ဆောက်ခြင်းပါပဲ"
"အားလုံးလည်း တစ်ခေါက်လောက်တော့ သွားရောက်လေ့လာပြီးကြပြီလို့ ယုံကြည်ပါတယ်... ကျွန်တော်တို့ ဆောက်လုပ်ရေးဌာနက တင်ပြလိုက်တဲ့ ဒီအဖြေလွှာကို အားလုံး ကျေနပ်မှု ရှိ၊ မရှိတော့ မသိဘူးပေါ့ဗျာ"
"ရိုးရိုးသားသား ပြောရရင် လုပ်ငန်းအချိန်က နည်းနည်းတိုတောင်းလွန်းတော့ ကျွန်တော်ကိုယ်တိုင်တောင် သိပ်ပြီး အားမရသေးဘူး"
"ရှေ့ဆက်လုပ်ရမယ့် ကျွန်တော်တို့ရဲ့ အဓိက လုပ်ငန်းစဉ်က အခြေခံ အဆောက်အအုံ တည်ဆောက်ရေးပိုင်းပဲ ဖြစ်ပါတယ်"
"အခု ရေပေါ်ကျွန်း ခြောက်ကျွန်းကို စုစည်းလိုက်တဲ့အတွက် တစ်ကျွန်းနဲ့တစ်ကျွန်း အဆက်အသွယ် ရရှိဖို့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့က မလွဲမသွေ လုပ်ရမယ့် ကိစ္စပါပဲ"
"ကျွန်တော်တို့က ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်ကို ဗဟိုပြုပြီး တခြား ရေပေါ်ကျွန်းတွေကို ဆက်သွယ်နိုင်မယ့် ရေပေါ်တံတား ငါးစင်း တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်"
"ဒုတိယအချက်အနေနဲ့ ရေပေါ်ကျွန်း ငါးကျွန်းရဲ့ စီမံကိန်းအတွက် အစီအစဉ်သစ်တွေ ထွက်ပေါ်လာပါပြီ... အားလုံးကလည်း အကြံဉာဏ်တချို့ ပေးနိုင်ပါတယ်"
"အဲဒီအထဲမှာ အမှောင်ဓာတ် ရေပေါ်ကျွန်းဖြစ်တဲ့ တွင်းနက်အရိပ်ရေပေါ်ကျွန်းအပိုင်းကိုတော့... မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် အဓိကထား အသုံးပြုနိုင်ခြေရှိပါတယ်... အမှောင်ဓာတ် ပတ်ဝန်းကျင်မှာဆိုရင် သန္ဓေပြောင်း သတ္တဝါတွေက လွတ်မြောက်ဖို့ မလွယ်ကူတဲ့အပြင် စုစည်းပြီး မွေးမြူဖို့နဲ့ သတ်ဖြတ်ဖို့ ပိုလွယ်ကူပါတယ်... အဲဒီမှာ ထိုက်ယန်တောင် မွေးမြူရေးခြံနဲ့ ထိုက်ယန်တောင် သားသတ်ရုံကို တည်ဆောက်သွားမှာပါ"
"ဒါ့အပြင် အခြေစိုက်စခန်း တစ်ခုကိုလည်း တည်ဆောက်ဖို့ လိုအပ်ပါသေးတယ်... တပ်ဖွဲ့တစ်ခုလုံး အခြေချနိုင်ဖို့ပါ... အမှောင်ဓာတ် အစွမ်းပိုင်ရှင်တွေအနေနဲ့ ဦးစားပေး စာရင်းပေးသွင်းနိုင်ပါတယ်"
"ရေခဲဓာတ် ရေပေါ်ကျွန်းဖြစ်တဲ့ မြူရေခဲမြို့တော်မှာတော့ ရေခဲဓာတ် သန္ဓေပြောင်း မိစ္ဆာတွေ မွေးမြူရေးကို အဓိကထား ဖွံ့ဖြိုးစေမှာပါ..."
ဦးလေးမာ၏ အစီရင်ခံစာက တတ်နိုင်သမျှ အကျဉ်းချုံးထားသော်လည်း ပါဝင်သည့် စီမံကိန်းများက အလွန်များပြားလွန်းသဖြင့် သူက လိုရင်းတိုရှင်း ပြောခဲ့လျှင်ပင် ပြီးဆုံးရန် နှစ်နာရီကြာမြင့်ခဲ့သေးသည်။
ဦးလေးမာ ပြောဆိုပြီးစီးသွားသောအခါ နောက်ဆက်တွဲအနေဖြင့် စိုက်ပျိုးရေးဌာနမှ အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့က အလုပ်အစီရင်ခံရန် တက်လာကြသည်။
ယခုအကြိမ် အစည်းအဝေးက ယခင်နှစ်ကြိမ်ထက် ပိုမို ခမ်းနားကြီးကျယ်ပြီး ကြာချိန်ကလည်း အလွန်ပင် ကြာမြင့်လှသည်။
အစည်းအဝေးကြီး တစ်ခုလုံးကို သုံးရက်တိတိ ကျင်းပခဲ့ရသည်။
ဤသုံးရက်တာကာလအတွင်း အစည်းအဝေးတွင် ထိုက်ယန်တောင်၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ စိုက်ပျိုးရေး၊ သိပ္ပံသုတေသနနှင့် ဆေးဘက်ဆိုင်ရာစသည့် ကဏ္ဍအသီးသီးကို စနစ်တကျ ပြန်လည်သုံးသပ်ခဲ့ကြသည်။
ခိုလှုံရေးစခန်း တစ်ခုလုံးရှိ ဌာနအသီးသီး၏ တာဝန်ဝတ္တရားများကိုလည်း ပိုမို ရှင်းလင်းပြတ်သားစွာ ခွဲဝေ သတ်မှတ်နိုင်ခဲ့သည်။
ခိုလှုံရေးစခန်းကလည်း ရင့်ကျက်တည်ငြိမ်သော လူမှုအဖွဲ့အစည်း စနစ်တစ်ခုအဖြစ် ပိုမို ပီပြင်လာခဲ့သည်။
လင်းယွမ်၏ နေရာက သမ္မတတစ်ဦးကဲ့သို့ ဖြစ်လာပြီး အခြားသော ဌာနအသီးသီးကလည်း ၎င်းတို့၏ လုပ်ငန်းတာဝန်များအလိုက် ခိုလှုံရေးစခန်း တစ်ခုလုံး လည်ပတ်နိုင်စေရန် အာမခံချက် ပေးထားကြသည်။
သုံးရက်တိတိ ကြာမြင့်ပြီးနောက်မှသာ အစည်းအဝေး ပြီးဆုံးသွားလေသည်။
စစ်ဆေးရေးဌာန၏ သတင်းစာကို ထုတ်ဝေလိုက်သည်နှင့်တပြိုင်နက် သာမန် ပြည်သူလူထုက အထက်ပိုင်း၏ မူဝါဒ အပြောင်းအလဲများကို အမြန်ဆုံး သိရှိနိုင်ရန် အလုအယက် ဝယ်ယူကြလေသည်။
ဖုန်းကျန့်က မြေဝါနတ်ဘုရားကျွန်းပေါ်ရှိ နေထိုင်သူ တစ်ဦးဖြစ်သည်။ အစောပိုင်းက သူသည် ချန်ချုံးတောင်ပေါ်တွင် ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် စစ်တပ်၏ ထိန်းချုပ်မှုကို ခံရကာ စစ်တပ်ပိုင် နယ်မြေတွင် နေထိုင်ခဲ့ရသည်။
နောက်ပိုင်းတွင် လင်းယွမ်က ကွမ်ဖူကို သိမ်းပိုက်လိုက်ပြီးနောက် ချန်ချုံးတောင်နှင့် အခြားနေရာများမှ နေထိုင်သူ အားလုံးကို မြေဝါနတ်ဘုရားကျွန်းနှင့် မီယွမ်မိုးသစ်တောကျွန်းတို့သို့ ပို့ဆောင်ခဲ့သည်။ ထိုသို့ဖြင့် သူတို့၏ သီးခြား စုဖွဲ့နေထိုင်မှုများကို ဖျက်သိမ်းကာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းဟူသော အဖွဲ့အစည်းကြီးထဲသို့ ပြန်လည် ပေါင်းစည်းစေခဲ့သည်။
ဖုန်းကျန့်သည် ထိုလူစုထဲမှ တစ်ဦးဖြစ်သည်။ သူက ကံမကောင်းလှပေ။ သန္ဓေပြောင်းအစွမ်းကို စောစီးစွာ နိုးထလာခဲ့သော်လည်း သူရရှိသော အစွမ်းက အလွန် သာမန်သာ ဖြစ်နေသည်။
သူက သာမန်ထက် သာမန်ဖြစ်လွန်းလှသော ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် တစ်ဦးမျှသာ ဖြစ်သည်။
မိသားစု စားဝတ်နေရေးအတွက် ခွန်အားသုံးပြီး အလုပ်ကြမ်းလုပ်ခြင်းဖြင့်သာ ထောက်ပံ့နိုင်ခဲ့သည်။
သို့သော် သူက အခြားသူများထက်တော့ ကံကောင်းပါသေးသည်။ သူ၏ ဇနီးနှင့် ကလေးများက ဒီရေလွှမ်းမိုးမှုကြီးထဲတွင် အဆက်အသွယ် မပြတ်ခဲ့ပေ။
သို့သော် ထိုအချက်ကပင် သူ့အတွက် ကြီးမားသော ဘဝရပ်တည်မှု ဖိအားကို ဖြစ်စေခဲ့သည်။
အခြားသူများက တစ်ယောက်တည်း စားရုံဖြင့် မိသားစုတစ်ခုလုံး ဗိုက်ဝနေချိန်တွင် သူကမူ မိသားစုအတွက် လုံလောက်သော အစားအသောက်များ ထောက်ပံ့နိုင်ရန် ချွေတာသုံးစွဲနေရသည်။
ယခုအကြိမ်တွင် မြေဝါနတ်ဘုရားကျွန်းနှင့်အတူ ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်သို့ ရောက်ရှိလာခဲ့သည်။
ရှောင်မောင်းတောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့လိုက်ရချိန်တွင် သူ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။
ဒုတိယနေ့တွင် သူက ဇနီးနှင့် ကလေးများကို ခေါ်ဆောင်ကာ ထိုနေရာသို့ တစ်ပတ် လှည့်လည်ကြည့်ရှုခဲ့သည်။
ထိုအချိန်က သမီးဖြစ်သူက ဤနေရာတွင် လာရောက်နေထိုင်၍ ရ၊ မရ သူ့ကို မေးမြန်းခဲ့သည်။
ဖုန်းကျန့်ကလည်း ချက်ချင်း သွားရောက် စုံစမ်းခဲ့ပြီး ဤနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် မည်သည့် စည်းကမ်းချက်များ လိုအပ်သည်ကို မေးမြန်းခဲ့သည်။
သို့သော် စုံစမ်းကြည့်မှသာ လက်ရှိအချိန်တွင် ရှင်းမြွေမိစ္ဆာဟင်းလင်းပြင်၌ တင်းကျပ်သော ကန့်သတ်ထိန်းချုပ်မှုများ ရှိနေပြီး လူအသစ် ဝင်ရောက်မှုကို တားမြစ်ထားကာ မူဝါဒသစ်များ ထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် ဖုန်းကျန့်က ထိုက်ယန်တောင် အစည်းအဝေး ပြီးဆုံးချိန်အထိ စောင့်ဆိုင်းရန်အတွက် ဤနေရာသို့ နေ့တိုင်းနီးပါး လာရောက်စောင့်ကြည့်ကာ မူဝါဒသစ်များတွင် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုခဲ့သည်။
"သတင်းစာ... သတင်းစာလာပြီ"
"ထိုက်ယန်တောင် နေ့စဉ်သတင်းစာ ပထမဆုံးအကြိမ်... သုံးရက်ကြာ ကျင်းပခဲ့တဲ့ ထိုက်ယန်တောင် အစည်းအဝေးကြီး ပြီးဆုံးပြီ... မူဝါဒသစ်တွေ အများကြီး ထွက်ပေါ်လာပြီ... အမြန် လာကြည့်ကြပါဗျို့"
ရှောင်မောင်းတောင်၏ အပန်းဖြေရင်ပြင်တွင် လမ်းလျှောက်နေစဉ် ဖုန်းကျန့်က ထိုအော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
သူ ချက်ချင်း အံ့သြသွားပြီး အသံလာရာဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
သို့သော် လူအုပ်ကြီးက ထိုနေရာသို့ ပြေးသွားကြပြီး သတင်းစာရောင်းနေသော ကလေးကို ဝိုင်းရံထားကြသည်ကို တွေ့လိုက်ရသည်။
ဖုန်းကျန့်လည်း အမြန်ပြေးသွားရာ ဘေးပတ်ဝန်းကျင်မှ လူများက အလုအယက် မေးမြန်းနေကြသည်ကို ကြားလိုက်ရသည်။
"ထိုက်ယန်တောင် နေ့စဉ်သတင်းစာ... ဟေ့ကောင်လေး... မင်းရဲ့ ထိုက်ယန်တောင် သတင်းစာက အစစ်ရော ဟုတ်ရဲ့လား"
"အစစ်ပေါ့ဗျ... ဒါ စစ်ဆေးရေးဌာနက စိစစ်ပြီးမှ ထုတ်ဝေတဲ့ တရားဝင် သတင်းစာပါ... ဒီအပေါ်က သတင်းတွေက ရာခိုင်နှုန်းပြည့် အမှန်တွေချည်းပဲ... ခင်ဗျား ကြည့်လေ... ဓာတ်ပုံတွေတောင် ပါသေးတယ်"
သတင်းစာရောင်းသည့် ကောင်လေးက ချက်ချင်းပင် သတင်းစာကို ဖြန့်ကာ လူအများရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
"ဟေ့... ဖြည်းဖြည်း... ဖြည်းဖြည်း... ငါ သေချာ မမြင်ရသေးဘူး"
"ဟီး... ခင်ဗျားတို့ကို သေချာ ကြည့်ခိုင်းလိုက်ရင် ကျွန်တော်က ဘယ်လိုလုပ် ရောင်းရတော့မလဲ"
"ဓာတ်ပုံ ပါ၊ မပါလောက်ပဲ ကြည့်လို့ရမယ်"
"ဟယ်... တကယ်ပဲ ပါတာကိုး... ဒါက... ဒါက ဆရာလင်းယွမ်ပဲ"
"ဌာနမှူးကျွမ်းလည်း ပါတယ်"
"ဒါ ဆောက်လုပ်ရေးဌာနက ဌာနမှူးမာ မဟုတ်လား"
"ငါ ခေါင်းဆောင် လီချင်းဟွာကို တွေ့လိုက်တယ်"
"ကောင်လေး... ငါ့ကို တစ်စောင်ပေး"
"ငါလည်း တစ်စောင်ယူမယ်"
"ငါလည်း ယူမယ်... ငါလည်း ယူမယ်"
လူအများက သတင်းစာကို အလုအယက် ဝယ်ယူကြလေသည်။
ဖုန်းကျန့်လည်း အမှတ်များ အသုံးပြုကာ သတင်းစာတစ်စောင်ကို အလျင်အမြန် ဝယ်ယူလိုက်ပြီး ထိုနေရာတွင်ပင် ရပ်ကာ သတင်းစာပေါ်ရှိ အကြောင်းအရာများကို အသေအချာ ဖတ်ရှုနေလေသည်။
ဖတ်ရင်းဖတ်ရင်း သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။
"စီမံခန့်ခွဲရေးဌာနက မူဝါဒသစ် ထုတ်လိုက်ပြီ... လူတိုင်းက ရေပေါ်ကျွန်းကနေ ဒီဘက်ကို ပြောင်းလာလို့ ရသွားပြီ"
"အမှတ်တွေ လုံလုံလောက်လောက် ရှိတာနဲ့တင် အိမ်ထောင်စုအလိုက် ပြောင်းရွှေ့နိုင်ပြီ"
ဖုန်းကျန့် အလွန် ဝမ်းသာသွားသည်။ သို့သော် ချက်ချင်းပင် အချက်တစ်ချက်ကို ရုတ်တရက် သတိရသွားသည်။
"အိမ်ထောင်စုအလိုက် ပြောင်းရွှေ့ဖို့ လိုအပ်တဲ့ အမှတ်က နည်းမှာ မဟုတ်ဘူး... ငါ အမြန်ဆုံး အမှတ်တွေ စုဆောင်းမှ ရမယ်"
သူက သတင်းစာပေါ်ရှိ အကြောင်းအရာများကို နောက်တစ်ခေါက် ထပ်ဖတ်လိုက်ရာ ဖတ်လေလေ မျက်လုံးများ ပိုမို အရောင်တောက်လာလေလေ ဖြစ်သည်။
ဤသတင်းစာပေါ်ရှိ မူဝါဒသတင်း အမျိုးမျိုးက သူ့ရင်ထဲတွင် တဖြည်းဖြည်း ပိုမို စိတ်လှုပ်ရှားလာစေသည်။
ဤမူဝါဒများထဲတွင် သတင်းအချက်အလက်များစွာ ပါဝင်နေသည်။
ဤသတင်းအချက်အလက်များကပင် သူ ဘဝပြောင်းလဲနိုင်မည့် အခွင့်အရေးများ ဖြစ်ပေသည်။
ဆက်ရန်...