အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃)
အကွက်ဆင်ခြင်း
နျင်ရှ တစ်ညလုံး အိပ်ရေးပျက်ခံ ကြိုးစားအားထုတ်ပြီးနောက်တွင် ဇာတ်ညွှန်းမှာ နောက်ဆုံးတွင် ပြီးစီးသွားသည်။
ဇာတ်ညွှန်းအဆင်သင့်ဖြစ်သည်နှင့် နျင်ရှ လန်ရွှယ်အား ချန်ဟောင်ယုကို ခေါ်ဆောင်၍ ရိုက်ကူးရေးကွင်းသို့ လာရောက်ကာ သရုပ်ဆောင်မှုကို စမ်းသပ်စစ်ဆေးရန် ပြောကြားသည်။
ချန်ဟောင်ယု၏ သရုပ်ဆောင်မှုကို ကြည့်ပြီးနောက် နျင်ရှ အလွန်မျက်နှာပျက်သွားသည်။ သူမ ဖန်တီးထားသော ဇာတ်ကောင်မှာ ထိုကလေးကြောင့် ပျက်စီးသွားပြီဟု ခံစားလိုက်ရသည်။
စင်စစ်အားဖြင့် အခြားသူများက ဇာတ်ကောင်ကို သက်ဝင်လှုပ်ရှားအောင် ဖန်တီးကြသော်လည်း ချန်ဟောင်ယုကမူ ဇာတ်ကောင်ကို အသေသတ်လိုက်ခြင်း ဖြစ်လေသည်။ နျင်ရှ ရေးသားခဲ့သော ဇာတ်ကောင်မှာ မူလက တက်ကြွလန်းဆန်းပြီး ချစ်စဖွယ်ကောင်းသော ကောင်လေးတစ်ဦး ဖြစ်သော်လည်း ချန်ဟောင်ယုကမူ ဆိုးသွမ်းပြီး အကျိုးအကြောင်းမရှိ ဂျီကျတတ်သော ကလေးတစ်ဦးအဖြစ်သာ သရုပ်ဆောင်သည်။
နျင်ရှသည် လန်ရွှယ်ကို ကြည့်လိုက်သော်လည်း စကားပြောရန် ဝန်လေးနေခဲ့သည်။
ချန်ဟောင်ယုကမူ သူကိုယ်သူ သရုပ်ဆောင်ကောင်းသည်ဟု အမှန်တကယ် ထင်မှတ်နေပြီး လန်ရွှယ်ထံသို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်လှမ်းလာကာ မေးလိုက်သည်။
“သားတော်တယ်မလား”
လန်ရွှယ်မှာ အော်ရယ်လိုက်ချင်သော်လည်း လူအများရှေ့တွင် ဖြစ်၍ မိခင်အရင်းကဲ့သို့ ကြင်နာတတ်သော မိထွေးပုံစံကို ထိန်းသိမ်းထားရသည်။ သူမက စိတ်ရှုပ်ထွေးနေသလို ဟန်ဆောင်ကာ ပြောလိုက်သည်။
“ဟောင်ယု... ခုနက သား သရုပ်ဆောင်တာ နည်းနည်းတော့ လွဲနေသေးတယ်ကွယ်။ အဲ့ဒီက အစ်ကိုကြီးကို သားကို သင်ပေးခိုင်းလိုက်မယ်လေ”
ထိုသို့ ပြောရင်း အရန်သရုပ်ဆောင် ကလေးများထဲမှ ကောင်လေးတစ်ယောက်ကို ညွှန်ပြလိုက်သည်။
ထိုကောင်လေးမှာ သူ့အရည်အချင်းကို ပြသခွင့်ရသည့် အခွင့်အရေးဟု ထင်မှတ်ကာ ရှေ့သို့တိုးလာပြီး ၊ လူတိုင်းကို အရိုအသေပေးပြီးနောက် ချန်ဟောင်ယု ခုနက သရုပ်ဆောင်ခဲ့သည့် အခန်းကိုပင် ပြန်လည် သရုပ်ပြလိုက်သည်။
ထိုကောင်လေး၏ သရုပ်ဆောင်မှု ပြီးဆုံးသွားသည့်အခါ နျင်ရှ မနေနိုင်ဘဲ လက်ခုပ်တီး၍ ချီးကျူးလိုက်သည်။
“သားလေး... အရမ်းတော်တာပဲ”
ထိုကောင်လေးမှာ ရှက်ပြုံးလေး ပြုံးလိုက်သည်။
လူတိုင်းက ထိုကောင်လေးကို အထင်ကြီး လေးစားစွာဖြင့် ကြည့်နေကြသည်။
မိမိ၏ တောက်ပြောင်နေသော နေရာကို အလုခံလိုက်ရသည်ဟု မြင်လိုက်ရသောအခါ ချန်ဟောင်ယု ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။
“သူ့သရုပ်ဆောင်ချက်က ဘာကောင်းလို့လဲ၊ ခင်ဗျားတို့ မျက်လုံးတွေ ဘာဖြစ်နေကြတာလဲ”
လူတိုင်း၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွားသော်လည်း ချန်ဟောင်ယု၏ အဆင့်အတန်းကြောင့် ဘာမှမပြောဘဲ နေလိုက်ကြသည်။
လန်ရွှယ် အတွင်းစိတ်ထဲ၌ လှောင်ပြုံး ပြုံးလိုက်မိသည်။ ထင်ထားသည့်အတိုင်းပင် သူမ လက်ဖျားလေးတောင် မလှုပ်လိုက်ရဘဲ ထိုကလေးမိုက်မှာ လူတိုင်းကို သူဘာသာသူ ရန်သူဖြစ်အောင် လုပ်နေလေသည်။ ချန်ထျန်မင်း သူ့ကို အဖိုးတန် ရတနာလေးတစ်ခုအဖြစ် ဆက်ပြီး ဆက်ဆံနေလိမ့်မည်ဟု သူမ မယုံကြည်ပေ။
လန်ရွှယ်က ချန်ဟောင်ယု၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ဟောင်ယု... ကိုယ့်ရဲ့ အားနည်းချက်ကို ဝန်ခံရဲတဲ့ သတ္တိရှိရမယ်လေ။ ကောင်းကောင်း မရိုက်နိုင်သေးရင်လည်း ရပါတယ်၊ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လေ့ကျင့်လိုက်ရင် ရသွားမှာပါ”
ချန်ဟောင်ယုမှာ ပို၍ ဒေါသထွက်သွားကာ လန်ရွှယ်ကို တွန်းထုတ်လိုက်သည်။
“မိန်းမယုတ်ကြီး၊ သားကမှ အတော်ဆုံးပဲ”
လန်ရွှယ်က ထိုအခွင့်အရေးကို အသုံးချကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ဘေးကလူတစ်ယောက်က သူမကို အမြန်ပင် ဆွဲထူလိုက်သည်။
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ဝင်ပြောလာတော့သည်။
“ဒီကလေး ဘာဖြစ်နေတာလဲ၊ မင်းအမေပြောတာ ဘာမှားလို့လဲ၊ မင်းကိုယ်တိုင်လည်း မလုပ်နိုင်ဘဲနဲ့ သူများ တော်တာကိုကျတော့ အသိအမှတ်မပြုချင်ဘူး။ မင်းအမေက ဒေါက်ဖိနပ်စီးထားတာလေ၊ မင်းတွန်းလိုက်လို့ ခြေကျင်းဝတ် လည်သွားရင် ဘယ်လိုလုပ်မလဲ၊ တကယ့်ကို စိတ်ပုပ်တဲ့ ကလေး”
လန်ရွှယ်က နားလည်ပေးဟန်ဖြင့် ပြောလိုက်သည်။
“ဟောင်ယုက ငယ်သေးတာရယ်၊ မိသားစုက အလိုလိုက်ထားတာရယ်ကြောင့်ပါ။ သူ တမင်လုပ်တာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား ဟောင်ယု “
ချန်ဟောင်ယု လန်ရွှယ်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ အော်ပြောလိုက်သည်။
“ဒီမိန်းမကြီးကို သေစေချင်တာ”
“ကလေးတစ်ယောက်က ဘယ်လိုတောင် ရက်စက်တတ်ရတာလဲ၊ သူက မင်းအမေပဲလေ”
ဘေးပတ်ဝန်းကျင်မှ လူများက ချန်ဟောင်ယုကို ပို၍ပင် ရွံရှာမုန်းတီးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ချန်ဟောင်ယု လန်ရွှယ်ကို ဆက်၍ စိုက်ကြည့်နေဆဲပင်။
“သားအမေက သေသွားတာ ကြာလှပြီ။ ဒီမိန်းမယုတ်က သားအမေကို သတ်ခဲ့တာလို့ အဘွား က ပြောတယ်”
ချန်ဟောင်ယု၏ အဘွား ဖြစ်သူမှာ လန်ရွှယ်ကို အမှန်တကယ်ပင် အပုပ်ချခဲ့ခြင်း ဖြစ်သည်။ ချန်ဟောင်ယု၏ မိခင်အရင်းမှာ လန်ရွှယ်နှင့် ချန်ထျန်မင်းတို့ မသိကျွမ်းခင်ကတည်းက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်၍ သူမ သေဆုံးမှုမှာ လန်ရွှယ်နှင့် လုံးဝမသက်ဆိုင်ပေ။
ထို့အပြင် လန်ရွှယ်နှင့် ချန်ထျန်မင်းတို့မှာ သူ့မိခင်ကွယ်လွန်ပြီး သုံးနှစ်အကြာမှ လက်ထပ်ခဲ့ကြခြင်းဖြစ်ကာ သူမသည် ချန်မိသားစုထဲသို့ တရားဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
အများပြည်သူကလည်း ထိုအချက်အလက်များကို သိရှိထားကြသဖြင့် လူတိုင်း ချန်ဟောင်ယုကို ပို၍ပင် မုန်းတီးသွားကြသည်။ သူတို့မျက်လုံးထဲတွင် သူသည် အကျိုးအကြောင်းမရှိသော ဆိုးသွမ်းသည့် ကလေးတစ်ဦးသာ ဖြစ်သည်။
သို့သော်လည်း ချန်ဟောင်ယုမှာ သရုပ်ဆောင်ချက်ကို ဆက်လက် စမ်းသပ်ရဦးမည် ဖြစ်သည်။ သို့မဟုတ်ပါက ရိုက်ကူးရေး တရားဝင် စတင်သည့်အခါ သူလေ့ကျင့်ရန် အချိန် ပိုနည်းသွားမည် ဖြစ်သည်။
လူတိုင်းက ထို “ဘိုးတော်လေး” ကို ကောင်လေးထံမှ သင်ယူရန် ဝိုင်းဝန်းချော့မော့ရပြန်သည်။ အစပိုင်းတွင် ချန်ဟောင်ယုက ငြင်းဆန်နေသော်လည်း လူတိုင်းက သူ့ကို ကောင်းကင်အထိရောက်အောင် မြှောက်ပင့်ပေးကြမှသာ ဝန်လေးစွာ သဘောတူလိုက်သည်။
ထိုကောင်လေးမှာလည်း စိတ်သဘောထားပြည့်ဝစွာ ချန်ဟောင်ယုကို သရုပ်ဆောင်ပုံများ သေသေချာချာ သင်ပြပေးခဲ့သည်။ ချန်ဟောင်ယုမှာ စိတ်မပါသော်လည်း လူတိုင်း၏ ချီးကျူးမှုများကြားတွင် လိုက်ပါလုပ်ဆောင်ရင်း တော်တော်များများကို သင်ယူနိုင်ခဲ့သည်။
အရာအားလုံး ပြီးဆုံးသွားသည့်အခါ လန်ရွှယ်က ပြုံးလျက် ချန်ဟောင်ယုကို ပြောလိုက်သည်။
“ဟောင်ယု... သရုပ်ဆောင်သင်ပေးတဲ့ အစ်ကိုကြီးကို ကျေးဇူးတင်စကား အမြန်ပြောလိုက်ဦးလေ”
ချန်ဟောင်ယုက ထိုကောင်လေးကို မထီမဲ့မြင်ကြည့်ကာ အထင်သေးလွန်းသော လေသံဖြင့် ပြောလိုက်သည်။
“သူ ဒီလို သားကို သင်ပေးခွင့်ရတာကိုက ကံကောင်းလွန်းနေပါပြီ”
ထိုကောင်လေး၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ ထိုကဲ့သို့ အစော်ကားခံရသည်ကို မည်သူမျှ သည်းခံနိုင်မည်မဟုတ်ပေ။
ချန်ဟောင်ယု စကားပြောနေစဉ် လန်ရွှယ်က ဘေးပတ်ဝန်းကျင်မှ လူများကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် လူတိုင်းက သူ့ကို အလွန်အမင်း ရွံရှာနေကြပြီ ဖြစ်သည်။
“ဟောင်ယု... တစ်ယောက်ယောက်က မင်းကို သင်ပေးရင် ကျေးဇူးတင်ရမယ်လေ။ ဒါက အခြေခံ ယဉ်ကျေးမှုပဲ”
လန်ရွှယ်က ပြုံးလျက်ပင် ပြောလိုက်ပြန်သည်။
ချန်ဟောင်ယုက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
“ဒါဆိုလည်း ဖေဖေ့ကို သူ့အတွက် ပိုက်ဆံပေးခိုင်းလိုက်မယ်လေ”
ချန်ဟောင်ယုမှာ ငယ်ရွယ်သေးသော်လည်း ချန်ထျန်မင်း၏ သွန်သင်မှုအောက်တွင် ပြဿနာမှန်သမျှကို ပိုက်ဆံဖြင့် ဖြေရှင်းရန် သင်ယူထားပြီး ဖြစ်သည်။ ယခုအခါ အရာအားလုံးကို ပိုက်ဆံဖြင့် ဖြေရှင်းနိုင်သည်ဟု သူ ယုံကြည်နေပြီ ဖြစ်သည်။
ထိုကောင်လေး၏ မျက်လုံးများမှာ နီမြန်းလာကာ တိုးတိုးလေး ပြောလိုက်သည်။
“အစ်ကို က မင်းကို ကူညီချင်ရုံတင်ပါ၊ ပိုက်ဆံလိုချင်လို့ မဟုတ်ပါဘူး”
ချန်ဟောင်ယုက ထိုကောင်လေးကို နားမလည်နိုင်သလို ကြည့်လိုက်သည်။
“ပိုက်ဆံအတွက် မဟုတ်ရင် မင်းက ဒီကို ဘာလာလုပ်တာလဲ။ ဒါမှမဟုတ် မင်းတို့အိမ်ကလည်း ကုမ္ပဏီပိုင်လို့လား”
ထိုကောင်လေးမှာ ငိုချလိုက်ရာ ကျန်ရှိနေသော လူများမှာလည်း ပို၍ မျက်မှောင်ကြုတ်သွားကြသည်။
ချန်ဟောင်ယုကမူ ဤအခြေအနေကို လုံးဝ သတိမမူမိဘဲ ဆက်ပြောပြန်သည်။
“မင်းတို့အိမ်မှာ အပန်းဖြေအိမ်အကြီးကြီး ရှိလား၊ မင်းတို့ကလေးထိန်း ချက်တဲ့ ထမင်းကရော စားလို့ကောင်းလား၊ ငါ့အိမ်ကတော့ အကြီးကြီးပဲ၊ ပြီးတော့ ကလေးထိန်း ချက်တဲ့ ထမင်းကလည်း အရမ်းကောင်းတာ...”
ချန်ဟောင်ယုက ဆက်လက်၍ ပေါက်ကရများ ပြောဆိုချင်နေသေးသော်လည်း ဒါရိုက်တာမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။
“တော်လောက်ပြီ... ဒီနေ့အတွက် စမ်းသပ်မှုက ဒီလောက်ပဲ။ အားလုံး ပြန်ပြီး ပြင်ဆင်ထားကြ။ ရိုက်ကူးမဲ့ရက်ကို နောက်မှ အကြောင်းကြားမယ်”
ဒါရိုက်တာခင်မျာ ချန်ဟောင်ယု၏ စကားကို ထပ်နားထောင်နေရလျှင် သူ အမှန်တကယ်ပင် လက်ပါမိတော့မည်ဟု ခံစားနေရသည်။
ထိုနေရာရှိ လူအားလုံးမှာ ထွက်သွားချင်နေသည်မှာ ကြာလှပြီဖြစ်ရာ ဒါရိုက်တာ၏ စကားကို ကြားသည်နှင့် အမြန်ပင် ထွက်ခွာသွားကြသည်။ ထိုကောင်လေး၏ မိဘများလည်း ရောက်ရှိလာသည်။
ချန်ဟောင်ယု သည် ထိုကောင်လေး၏ မိဘများကို မြင်လိုက်ရသောအခါ တဟားဟား ရယ်မောလိုက်တော့သည်။
“အော်... မင်းအဖေက သူဌေးမှ မဟုတ်ပဲ”
ထိုကောင်လေး၏ ဖခင်မှာ မျက်မှောင်ကြုတ်ကာ ချန်ဟောင်ယုကို မကျေမနပ် ကြည့်လိုက်သည်။
“မင်းက ဘယ်သူ့ကလေးလဲ၊ အရမ်း ရိုင်းတာပဲ”
ယခုအခါ လူတိုင်းနီးပါး ထွက်သွားကြပြီဖြစ်၍ လန်ရွှယ်မှာ ဟန်ဆောင်မနေတော့ဘဲ ဘေးတွင်ရပ်ကာ ချန်ဟောင်ယုကိုသာ ကြည့်နေတော့သည်။
ချန်ဟောင်ယုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ခင်ဗျားကမှ ယဉ်ကျေးမှုမရှိတာ၊ ကျွန်တော့်အဖေက ဘယ်သူလဲဆိုတာ ခင်ဗျားသိလား၊ ကျွန်တော့်အဖေက ချန်လုပ်ငန်းစုရဲ့ ဥက္ကဌကြီးဗျ”
ထိုကောင်လေး၏ ဖခင်က ချန်ဟောင်ယု ကို အထင်သေးစွာ ကြည့်လိုက်သည်။
“မင်းလား၊ ဘယ်လို ဥက္ကဌကြီးက ဒီလောက် ယဉ်ကျေးမှုမရှိတဲ့ ကလေးမျိုးကို မွေးထားတာလဲ”
ထိုအချိန်တွင် လန်ရွှယ်က ဝင်ပြောလိုက်သည်။
“သူက ချန်လုပ်ငန်းစု ဥက္ကဌရဲ့ သားအရင်းဆိုတာ ဟုတ်ပါတယ်ရှင်”
ချန်ဟောင်ယုက ကောင်လေး၏ ဖခင်ကို ဝင့်ကြွားစွာ ကြည့်လိုက်သည်။
“ဟွန်း... ကြောက်သွားပြီလား”
ထိုကောင်လေး၏ ဖခင်မှာ တစ်ခုခု ထပ်ပြောချင်သော်လည်း ဘေးရှိ ဇနီးဖြစ်သူက သူ့အင်္ကျီစကို ဆွဲကာ စကားမဆက်ရန် အချက်ပြလိုက်သည်။
ထိုမိသားစု သုံးယောက် ထွက်ခွာသွားပြီးနောက် သူတို့ ပြောဆိုသံများကို ခပ်သဲ့သဲ့ ကြားနေရသေးသည်။
“ချမ်းသာတဲ့ မိသားစုတွေက ကလေးကို ဒီလိုပဲ သင်ပေးကြတာလား၊ အရမ်း ရိုင်းတာပဲ...”
“တိုးတိုးပြောပါ၊ သူတို့ ကြားသွားဦးမယ်”
လန်ရွှယ် သူမ၏ နှုတ်ခမ်းကို တွန့်လိုက်မိသည်။ လူတိုင်းက ချန်ဟောင်ယုကို မုန်းလေ သူမ ပိုပျော်လေဖြစ်သည်။ သူမ ဤကလေးဆိုးကို အနှေးနှင့်အမြန် ကန်ထုတ်ပစ်နိုင်ပေလိမ့်မည်။
မိသားစု သုံးယောက် ထွက်သွားသည်ကို မြင်သောအခါ ချန်ဟောင်ယုက လန်ရွှယ်ကို မေးလိုက်သည်။
“အခု ပြန်လို့ရပြီလား”
လန်ရွှယ်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ရတာပေါ့... သွားကြစို့”