အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄)
ဒါရိုက်တာကို သနားမိခြင်း
ရက်အနည်းငယ်ကြာ ပြင်ဆင်ပြီးနောက်တွင် ယဲ့ယီ၏ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သည် စတင်ရိုက်ကူးရန် ဆုံးဖြတ်လိုက်ကြသည်။ ကုစဲ့ ပါဝင်နိုင်စေရန်အတွက် ယဲ့ယီသည် ရုပ်ရှင်ဖွင့်ပွဲအခမ်းအနားကို ပိတ်ရက်တွင် အထူးစီစဉ်ခဲ့သည်။
၎င်းမှာ “ကြယ်ပွင့်မိသားစု” အစီအစဉ် ရိုက်ကူးရေး စတင်ချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် ရုပ်ရှင်အတွက် အခမဲ့ ကြော်ငြာလိုက်သလိုပင်။
လန်ရွှယ်သည် ထိုအကြောင်းကို သိရှိသွားသောအခါ သူမ ရုပ်ရှင်ဖွင့်ပွဲကိုလည်း ပိတ်ရက်တွင် ပြုလုပ်ရန် စီစဉ်လိုက်တော့သည်။
ယခုတစ်ကြိမ်တွင် ရိုက်ကူးရေးကွင်း၌ ရိုက်ကူးခြင်းဖြစ်ရာ ကုရှီချန်းနှင့် ချန်ထျန်မင်းတို့သည် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ပြီးနောက် လုပ်စရာအလုပ်များ ရှိသေးသဖြင့် ရိုက်ကူးရေးအဖွဲ့ထံမှ ထွက်ခွာသွားကြသည်။
သွမ့်ဟွေကျို၏ မိသားစုမှာမူ အနည်းငယ် နေရခက်သော အခြေအနေနှင့် ကြုံတွေ့နေရသည်။ လန်ရွှယ်၏ ရိုက်ကူးရေးအဖွဲ့ဝင်တစ်ဦးအနေဖြင့် သွမ့်ဟွေကျိုသည် သူမ ဘက်သို့ သွားခြင်းမှာ သဘာဝကျသော်လည်း နန်ချင်ဝမ်မှာ ယခုအခါ ယဲ့ယီ၏ မန်နေဂျာ ဖြစ်နေသည်။
သွမ့်ဟွေကျိုက နန်ချင်ဝမ်ကို လန်ရွှယ် ဘက်သို့ လိုက်ခဲ့ရန် ပြောဆိုခဲ့သော်လည်း သူမက ငြင်းဆန်သည်။ နောက်ဆုံးတွင် နန်ချင်ဝမ်သည် သွမ့်ကျားကျားကို ခေါ်ဆောင်၍ ယဲ့ယီ၏ ရိုက်ကူးရေးကွင်းသို့ သွားရောက်ခဲ့ပြီး သွမ့်ဟွေကျိုမှာမူ လန်ရွှယ်၏ဘက်သို့ သွားခဲ့ရသည်။
ဖွင့်ပွဲအခမ်းအနားတွင်
လန်ရွှယ်၏ဘက်တွင် ရုပ်ရှင်ထူးချွန်ဆုရ မင်းသားမင်းသမီးများ အပါအဝင် နာမည်ကြီး အနုပညာရှင်များစွာ ပြည့်နှက်နေသည်။ အခြားသော ဇာတ်ပို့နေရာများတွင်လည်း နာမည်ကြီး ကြယ်ပွင့်များကပင် ပါဝင်သရုပ်ဆောင်ကြသဖြင့် တစ်ဖွဲ့လုံးမှာ ကြယ်ပွင့်များဖြင့် စုံလင်နေတော့၏။
ယဲ့ယီ၏ဘက်မှာမူ အနည်းငယ် သနားစရာကောင်းနေသည်။ အမျိုးသမီးဇာတ်ဆောင် ယဲ့ယီမှာ အင်တာနက်တစ်ခွင်လုံး၏ မုန်းတီးခြင်းကို ခံနေရသည့် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ အမျိုးသားဇာတ်ဆောင် နှစ်ဦးအနက် ကျီချန်ဖန်မှာ ရုပ်ရှင်ထူးချွန်ဆုရ မင်းသားတစ်ဦး ဖြစ်သော်လည်း အနုပညာအလုပ်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သည်။ တုန်မင်ရွှမ်မှာမူ ပို၍ပင် အရေးမပါဘဲ လူမသိသူမသိ အဆင့် (၁၈) လောက်ရှိသော သရုပ်ဆောင်တစ်ဦးသာ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် မှတ်ချက်ကဏ္ဍတွင် ဆူညံသွားတော့သည်။ ယဲ့ယီ၏ ထုတ်လွှင့်မှုမှာ ကြည့်ရှုသူ အများဆုံး ဖြစ်နေသော်လည်း ၎င်းမှာ အင်တာနက်အသုံးပြုသူများက သူမကို ကြိုက်နှစ်သက်၍ မဟုတ်ဘဲ သူမ မည်သို့ အရှက်ကွဲမည်ကို ကြည့်ချင်ကြသောကြောင့်သာ ဖြစ်သည်။
နှစ်ဖက်အဖွဲ့ ကြားတွင် သိသာထင်ရှားသော ကွာခြားချက်မှာ ချက်ချင်းပင် ဖြစ်ပေါ်လာတော့သည်။
[ ကြည်နူးဖွယ်ကောင်းတဲ့ နေ့တစ်နေ့ကို ‘ယဲ့’ဆိုတဲ့ တစ်ယောက်ကို ဝေဖန်တာနဲ့ စတင်လိုက်ရအောင်]
[ရယ်ရလွန်းလို့ သေတော့မယ်။ နှိုင်းယှဉ်စရာရှိလာရင် ထိခိုက်မှုကတော့ ရှိမှာပဲ]
[အိမ်နီးနားချင်း လန်ရွှယ်တို့အဖွဲ့က သရုပ်ဆောင်တွေကို သွားကြည့်ကြပါဦး၊ သူတို့နဲ့ ယှဉ်လိုက်ရင် ဒီဘက်က တကယ့်ကို သနားစရာပဲ]
[ကျွန်မကတော့ တကယ်ပဲ မျှော်လင့်မိပါတယ်။ ကျီချန်ဖန်က မင်းသားကြီးပဲလေ၊ သူ အရင်က ရိုက်ခဲ့တဲ့ ရုပ်ရှင်တွေက တကယ်ကောင်းတာ]
[ဒီလို အခြေအနေမဟန်တဲ့အဖွဲ့က ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကား ထုတ်လုပ်နိုင်လိမ့်မယ်လို့ ငါတော့ မယုံဘူး]
[မျက်နှာ ဖြတ်ရိုက်ခံရမဲ့အချိန်ကို စောင့်နေမယ်]
[ယဲ့ယီ... အနုပညာလောကထဲက ထွက်သွားပေးပါတော့။ အဖျက်မလုပ်ပါနဲ့တော့။ အိမ်မှာပဲ သူဌေးကတော် လုပ်နေတာက မကောင်းဘူးလား]
[မျက်လုံးပြူးကြည့်ရုံပဲ တတ်တဲ့ ယဲ့ယီရဲ့ သရုပ်ဆောင်ချက်နဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်လိုများ သတ္တိရှိနေတာလဲ၊ အရှက်ကွဲမှာကို တကယ်ပဲ မကြောက်ဘူးလားမသိဘူး]
[အကယ်၍ ယဲ့ယီရဲ့ ရုပ်ရှင်က တကယ်ကောင်းမယ်ဆိုရင် ကျွန်တော် လက်ပစ်ကူးရင်း ခေါင်းလျှော်ပြမယ်]
နှစ်ဖက်စလုံး ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြီးနောက် ရိုက်ကူးရေးကို အမြန်ပင် စတင်ခဲ့ကြသည်။
ယဲ့ယီသည် သူမ ပုံမှန် အပျင်းထူတတ်သော အမူအရာကို ပြောင်းလဲလိုက်ပြီး ရိုက်ကူးရေးတွင် အလွန်တည်ကြည်ကာ စည်းကမ်းကြီးသူတစ်ဦး အဖြစ် ရှိနေသည်။
ရိုက်ကူးရေး လုပ်ငန်းစဉ်အတွင်း ယဲ့ယီနှင့် ဒါရိုက်တာတို့သည် ဇာတ်လမ်း၏ အချက်တစ်ခုနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ ကင်မရာဆရာမှာ ပါးနပ်စွာ ကင်မရာကို ထိုသူနှစ်ဦးထံသို့ လှည့်ပေးလိုက်သည်။
ထိုအခန်းမှာ အမျိုးသမီးဇာတ်ဆောင်နှင့် သူမ မောင်ဖြစ်သူတို့က မိခင်အရင်း သေဆုံးသွားကြောင်း သိလိုက်ရသည့် အခန်းဖြစ်သည်။ ဒါရိုက်တာက ယဲ့ယီနှင့် ကုစဲ့တို့ကို တတ်နိုင်သမျှ အလွန်အမင်း ဝမ်းနည်းပူဆွေးသည့်ပုံစံ သရုပ်ဆောင်ရန် တောင်းဆိုသော်လည်း ယဲ့ယီတွင်မူ ကွဲပြားသော အမြင်တစ်ခု ရှိနေခဲ့သည်။
“ဒါရိုက်တာကျောက်... ဒီအခန်းမှာ အမျိုးသမီးဇာတ်ဆောင်နဲ့ မောင်ဖြစ်သူက သိပ်ပြီး ဝမ်းနည်းနေတဲ့ပုံစံ မဖြစ်သင့်ဘူးလို့ ကျွန်မ ထင်တယ်”
ယဲ့ယီက ဒါရိုက်တာထံ လျှောက်လှမ်းသွားရင်း ပြောလိုက်သည်။
ဒါရိုက်တာက ယဲ့ယီကို နားမလည်နိုင်သလို ကြည့်လိုက်သည်။
“ဘာလို့လဲ၊ အမေ သေသွားတာကို ကလေးတွေက ဝမ်းမနည်းဘဲ နေပါ့မလား”
“ဝမ်းမနည်းတာ မဟုတ်ဘူး၊ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်နဲ့ သူမရဲ့ မောင်က သူတို့အမေအရင်းကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ။ ပြီးတော့ သူတို့ကို အရင်ဆုံး စွန့်ပစ်သွားတာကလည်း သူတို့အမေပဲ။ သူတို့အတွက်တော့ အခုအမေက သူစိမ်းတစ်ယောက်နဲ့ မခြားဘူး။ အမေဖြစ်ခဲ့ဖူးလို့ ဝမ်းနည်းမှု အချို့တော့ ရှိမှာ သေချာပေမဲ့ အလွန်အမင်းတော့ မဖြစ်နိုင်ဘူး။ သူတို့က အရမ်းကြီး ပူဆွေးနေမယ်ဆိုရင် အရှိတရားနဲ့ မကိုက်ညီသလို ဖြစ်နေလိမ့်မယ်”
ယဲ့ယီက သူမ အမြင်ကို ရှင်းပြလိုက်သည်။
ယဲ့ယီ၏ စကားကို ကြားပြီးနောက် ဒါရိုက်တာမှာ အလေးအနက် စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။ ဒါဆို မင်းရဲ့ နည်းလမ်းအတိုင်းပဲ ရိုက်ကြတာပေါ့”
[ရယ်ရလွန်းလို့ သေတော့မယ်။ ယဲ့ယီလို စာမတတ်ပေမတတ်က ဒါရိုက်တာကို ဆရာလုပ်ရဲသေးတယ်လား၊ သူ့ကိုယ်သူ တကယ်ပဲ အရေးကြီးတဲ့သူလို့ ထင်နေတာလား ]
[ဒါရိုက်တာက သူ့ကို အလိုလိုက်တာက အလုပ်ရှင်ဖြစ်နေလို့ပဲ။ မဟုတ်ရင် သူက ဒါရိုက်တာထက် ဇာတ်ညွှန်းကို ပိုနားလည်နိုင်ပါ့မလား]
[စကားတောင် မပြောချင်တော့ဘူး။ အာဏာလေး နည်းနည်းရှိတာနဲ့ ဆရာကြီး လုပ်ချင်နေတဲ့ လူမျိုးတွေကို တကယ်မုန်းတယ်]
[ယဲ့ယီရှိနေသရွေ့တော့ ဒီရုပ်ရှင်က အမှိုက်ဖြစ်ဖို့ ကံပါလာပြီးသားပဲ]
[ယဲ့ယီရေ သရုပ်ဆောင်ကောင်းတစ်ယောက်က ဘာလုပ်ရမယ်ဆိုတာကိုရော သိရဲ့လား။ ငါတို့ဆီက ချီးကျူးစကားကြားချင်လို့ တမင်တကာ ဒါရိုက်တာနဲ့ ဇာတ်လမ်းအကြောင်း ဆွေးနွေးပြနေတာ မဟုတ်လား]
[ဒီလို ဆရာလုပ်ချင်တဲ့ အလုပ်ရှင်နဲ့ တွေ့နေရတဲ့ ဒါရိုက်တာကို သုံးစက္ကန့်လောက် ပေးသနားလိုက်ကြရအောင်]
[ယဲ့ယီက ကုရှီချန်းနဲ့ လက်ထပ်ခဲ့လို့ ကံကောင်းသွားတာ၊ မဟုတ်ရင် အနုပညာလောကထဲက အနှင်ခံရတာ ကြာလှပြီ]
လန်ရွှယ်သည် ယဲ့ယီ၏ ရိုက်ကူးရေးကို စောင့်ကြည့်ရန် ဝန်ထမ်းတစ်ဦးကို အထူးစီစဉ်ထားရာ ထိုသူကလည်း ယခုမြင်ကွင်းကို မြင်တွေ့သွားခဲ့သည်။
လန်ရွှယ်သည် ထိုအကြောင်းကို သိရှိသွားသောအခါ သူမသည် တိတ်တဆိတ် ရယ်မောလိုက်သည်။ ဒါရိုက်တာဖြစ်သူက သူမကို ဇာတ်ဝင်ခန်းကို ရှင်းပြနေချိန်တွင် ဘာမှမဖြစ်သလိုဟန်ဖြင့် ဟန်ဆောင်လိုက်သေး၏။
ထိုစဉ် ဒါရိုက်တာက ဇာတ်ညွှန်းထဲမှ အချက်တစ်ခုကို ပြောပြနေရင်း လန်ရွှယ်ကို မေးလိုက်သည်။
“မင်းမှာ တခြားအမြင်ရှိသေးလား၊ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်”
လန်ရွှယ်က ခေါင်းခါပြလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ဒါရိုက်တာရဲ့ အမြင်က အပြည့်အဝ မှန်ကန်နေပြီလို့ ကျွန်မ ထင်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျွန်မက ဇာတ်ညွှန်းအကြောင်းကို ဒါရိုက်တာလောက် မသိနိုင်ပါဘူး။ ကျွန်မ ဒါရိုက်တာရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ပါ့မယ်”
ဒါရိုက်တာက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မှတ်ချက်ကဏ္ဍတွင်လည်း လန်ရွှယ်၏ ပရိသတ်များက သူမကို စတင်ချီးကျူးကြတော့သည်။
[ငါတို့ရဲ့ ရွှယ်အာက တကယ်ကို နှိမ့်ချတတ်တာပဲ၊ အရမ်းလိမ္မာတဲ့ မိန်းကလေးပဲ]
[သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒါရိုက်တာကို ဘယ်လိုလေးစားရမလဲဆိုတာ သိတာက တကယ်ကို အမှတ်ရစေတဲ့ အချက်ပဲ]
[ငါတို့ ရွှယ်အာရဲ့ ဆွဲဆောင်မှုမှာ ထပ်ပြီး နစ်မျောရပြန်တဲ့ နေ့တစ်နေ့ပါပဲ]
လန်ရွှယ်ကို ဝိုင်းဝန်းချီးကျူးနေကြသည့်ကြားမှ အချို့လူများက ယဲ့ယီကို တမင်တကာ ဆွဲထုတ်၍ လန်ရွှယ်နှင့် နှိုင်းယှဉ်ကြပြန်သည်။
[ယဲ့ဆိုတဲ့ တစ်ယောက်ကတော့ သရုပ်ဆောင်ကောင်းတစ်ယောက် က ဘာလုပ်သင့်လဲဆိုတာ ကို လာကြည့်သင့်တယ်]
[ငါတို့ ရွှယ်အာက ဇာတ်ဝင်ခန်းတွေ အများကြီး ရိုက်ဖူးတာတောင် ဇာတ်ညွှန်းကို ဒါရိုက်တာထက် ပိုသိတယ်လို့ မပြောရဲဘူး။ ယဲ့ယီလို ရုပ်ချောရုံသက်သက်က ဒါရိုက်တာကို ဘယ်လိုများ ဆရာလုပ်ရဲတာလဲ။ သူက ဘယ်သူမို့လို့လဲ]
[သရုပ်ဆောင်တာကို ထားလိုက်ဦး၊ စိတ်ဓာတ်ပိုင်းမှာတင် ယဲ့ယီက ရှုံးနေပြီ]
[ဟုတ်တယ်။ ယဲ့ယီက သရုပ်ဆောင်ညံ့တာ တစ်ပိုင်း၊ စိတ်ဓာတ်ကလည်း ညံ့ဖျင်းသေးတယ်။ သူ့လိုလူမျိုးက အနုပညာလောကမှာ ဘာအသုံးကျလို့လဲ]
[ယဲ့ယီ ရှိနေတာက ငါတို့ ရွှယ်အာကို ပိုပြီး တောက်ပလာအောင် လုပ်ပေးဖို့ပဲ ဖြစ်လိမ့်မယ်။ ယဲ့ယီနဲ့ နှိုင်းယှဉ်မှု မရှိရင် ငါတို့ ရွှယ်အာရဲ့ မသိသေးတဲ့ ကောင်းကွက်တွေကို ဒီလောက်ထိ သိလာမှာ မဟုတ်ဘူး]
မှတ်ချက်များမှာ လန်ရွှယ်ကို ချီးကျူးပြီး ယဲ့ယီကို နှိမ့်ချစွာပြောဆိုနေကြ၏။
အစီအစဉ်အဖွဲ့က ထိုရေပန်းစားမှုကို အခွင့်ကောင်းယူကာ ရိုက်ကူးရေး အနားယူချိန်တွင် ဒါရိုက်တာထံသို့ တမင်တကာ သွားရောက် မေးမြန်းသည်။
အစပိုင်းတွင် တင်ဆက်သူက ခုနက ဖြစ်ပျက်ခဲ့သည်ကို တိုက်ရိုက်မပြောဘဲ ယဲ့ယီအပေါ် ထားရှိသည့် ဒါရိုက်တာ၏ အမြင်ကို တမင်တကာ မေးမြန်းခဲ့သည်။
“ဒါရိုက်တာရှင့်... ကျွန်မတို့ရဲ့ ရှောင်ယီက ဘယ်လိုလူမျိုးလို့ ထင်ပါသလဲဆိုတာ ပြောပြပေးလို့ ရမလား”
ဒါရိုက်တာက ပြုံးလိုက်ပြီး ဖြေကြားလိုက်သည်။
“က အလုပ်ရှင်ကောင်း တစ်ယောက်ပါ၊ ပြီးတော့ အလုပ်အပေါ်မှာလည်း အလွန်တည်ကြည်ပြီး တာဝန်ယူမှု ရှိသူပါ”
[ဟားဟား... ဒါက အလုပ်သမားတစ်ယောက်ကို သူ့သူဌေးအကြောင်း မေးသလို ဖြစ်နေတာပဲ။ ဘယ်အလုပ်သမားကမှ သူဌေးရှေ့မှာ သူဌေးကို မကောင်းမပြောဘူး]
ထို့နောက် တင်ဆက်သူက ဆက်မေး၏။
“ဒါရိုက်တာတစ်ယောက်ရဲ့ အမြင်အရ ရှောင်ယီက အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်လို့ ထင်လား”
ဒါရိုက်တာမှ အမှန်အတိုင်း မဖြေမည်ကို စိုးရိမ်သဖြင့် တင်ဆက်သူက ပြုံးလျက် ထပ်လောင်းပြောဆိုခဲ့သည်။
“ဒါရိုက်တာ အမှန်အတိုင်း ဖြေရမယ်နော်။ ရှောင်ယီက အလုပ်ရှင်ဖြစ်နေလို့ မျက်နှာလိုက်လို့ မရဘူးနော်”
ဒါရိုက်တာက မျက်မှောင်ကြုတ်လိုက်ပြီး အမှန်အတိုင်းပင် ဖြေလိုက်သည်။
“ရှောင်ယီက အရမ်းပါရမီပါတဲ့ သရုပ်ဆောင်တစ်ယောက်ပါ၊ ပြီးတော့ အရမ်းလည်း ကြိုးစားတဲ့သူပါဗျ”
ဒါရိုက်တာက အမှန်အတိုင်း ဖြေဆိုခဲ့ခြင်း ဖြစ်သော်လည်း တစ်ယောက်မျှ မယုံကြပေ။ ယဲ့ယီသည် အလုပ်ရှင်ဖြစ်နေသောကြောင့်သာ ဒါရိုက်တာအနေဖြင့် ထိုသို့ပြောခြင်းဖြစ်ရမည်ဟု လူတိုင်းက ခံယူထားကြသည်။
[ဒါက အရမ်း သိသာလွန်းတယ်။ မျက်လုံးပြူးကြည့်ရုံပဲ တတ်တဲ့ ယဲ့ယီရဲ့ သရုပ်ဆောင်ချက်ကို ပါရမီပါတယ်လို့ ခေါ်လို့ရလို့လား]
[အလုပ်သမားက သူဌေးကို ဖားနေတာ... ကြည့်ရတာတင် အတုမှန်း သိသာတယ်]
[ပြောစမ်းပါဦး... မင်းရဲ့ သိက္ခာကို စွန့်ပြီး ဒီလိုပြောဖို့ ယဲ့ယီက ပိုက်ဆံဘယ်လောက်တောင် ပေးထားလို့လဲ]