← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အခန်း (၅၅)

အစားအစာ ကျွေးမွေးခြင်း

တင်ဆက်သူသည် ပြုံးလိုက်ပြီး နောက်ဆုံးတွင် စောနက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာထံသို့ ခေါင်းစဉ် ပြန်လှည့်လာခဲ့သည်။

“ခုနလေးတင် ဒါရိုက်တာနဲ့ ရှောင်ယီတို့ အနည်းငယ် အငြင်းပွားခဲ့ကြတယ် မဟုတ်လားရှင့်”

ဒါရိုက်တာသည် တင်ဆက်သူမှ ယဲ့ယီနှင့် ဇာတ်လမ်းအကြောင်း ဆွေးနွေးခဲ့သည်ကို ဆိုလိုခြင်းဖြစ်မှန်း သိရှိလိုက်သည်။ သူသည် ထိုအရာကို အငြင်းပွားမှုတစ်ခုဟု မယူဆသော်လည်း ခေါင်းညိတ်ပြလိုက်သည်။

တင်ဆက်သူ၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာကာ မေးလိုက်သည်။

“ဘာကြောင့် ရှောင်ယီရဲ့ အမြင်ကို အခုလို နားထောင်ပေးခဲ့တာလဲရှင့်၊ သူက ဒါရိုက်တာရဲ့ အလုပ်ရှင်ဖြစ်နေလို့လား”

ဒါရိုက်တာက အနည်းငယ် မကျေမနပ် ပြောလိုက်သည်။

“လုံးဝမဟုတ်ပါဘူး။ သူ့အမြင်ကို ကျွန်တော် လက်ခံခဲ့တာက ဒီဇာတ်ကွက်အပေါ် သူ့ နားလည်မှုက ကျွန်တော့်ထက် ပိုပြီး လေးနက်နေလို့ပါပဲ”

[ဆက်ကြည့်လို့ မရတော့ဘူး၊ ဒါက အရမ်းကို အတုကြီး ဖြစ်လွန်းတယ်]

[အလုပ်ရှင်ကို ဖားချင်ရင်တောင် သင့်တော်တဲ့ အကြောင်းပြချက်လေးတော့ ရှာပါဦး။ သရုပ်ဆောင်တစ်ယောက်ရဲ့ ဇာတ်လမ်းအပေါ် နားလည်မှုက ဒါရိုက်တာထက် ပိုလေးနက်တယ်တဲ့လား။ တခြားသူဆိုရင် ဖြစ်နိုင်ပေမဲ့ ယဲ့ယီသာဆိုရင်တော့ တစ်စက်ကလေးတောင် မယုံဘူး]

တင်ဆက်သူသည်လည်း ဒါရိုက်တာ၏ စကားကို သဘာဝကျကျပင် မယုံကြည်ဘဲ သရော်သံ ခပ်ပါပါဖြင့် ဆိုလိုက်သည်။

“သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ကျွန်မတို့ ရှောင်ယီက ဒါရိုက်တာဖြစ်တဲ့ ရှင်ထက်တောင် ဇာတ်လမ်းကို ပိုပြီး လေးလေးနက်နက် နားလည်နေလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူးရှင်”

ဒါရိုက်တာမှာ တင်ဆက်သူ၏ စကားထဲမှ ယဲ့ယီကို သရော်ထားသည်ကို သတိမမူမိဘဲ ဆက်လက် ပြောဆိုလိုက်သည်။

“သူ့နားလည်မှုက ကျွန်တော့်ထက် ပိုလေးနက်တာ အမှန်ပါပဲ။ သူ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် ဒီလိုပုံစံ ရိုက်ကူးတာက ပိုပြီးတော့ အရှိတရားနဲ့ နီးစပ်တယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်။ ထင်ထားတဲ့အတိုင်းပဲ... ဇာတ်ညွှန်းရေးဆရာရဲ့ နားလည်မှုက အလေးနက်ဆုံးပါပဲ”

စကား၏ ပထမပိုင်းကို ကြားလိုက်ရချိန်တွင် တင်ဆက်သူသည် ဒါရိုက်တာက ယဲ့ယီကို တမင်တကာ မြှောက်ပင့်နေခြင်း ဖြစ်သည်ဟု မှတ်ယူကာ အထင်သေးနေခဲ့သည်။ သို့သော် ဒုတိယပိုင်းကို ကြားလိုက်ရချိန်တွင် သူမ မျက်လုံးများမှာ ပြူးကျသွားကာ အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်ဟစ်မိတော့သည်။

“ရှင်..ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာက ယဲ့ယီ ဟုတ်လား”

ဒါရိုက်တာက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်ပြလိုက်သည်။

“အံ့သြသွားတယ် မဟုတ်လား၊ ကျွန်တော်လည်း အစက အရမ်း အံ့သြသွားတာ။ ရှောင်ယီက ဒီလိုကောင်းမွန်တဲ့ ဇာတ်ညွှန်းမျိုးကို ရေးနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ကို ထင်မထားခဲ့ဘူး”

တင်ဆက်သူမှာ ဇာတ်ညွှန်း မည်မျှကောင်းသည်ဆိုသည်ထက် ယဲ့ယီက ဇာတ်ညွှန်း အမှန်တကယ် ရေးနိုင်သည်ဆိုသည့် အချက်ကြောင့်သာ အံ့အားသင့်နေရခြင်း ဖြစ်သည်။

တင်ဆက်သူသာမက မှတ်ချက်ကဏ္ဍမှ အင်တာနက်အသုံးပြုသူများလည်း ဆွံ့အသွားကြသည်။

[ဒါက ဘယ်လို ကွက်ကျော်ရိုက်လိုက်တာလဲ၊ ယဲ့ယီက ဇာတ်ညွှန်းတွေတောင် ရေးတတ်တာလား]

[ငါ နားကြားမှားတာ ဖြစ်ရမယ်။ ဒါ တကယ်ပဲလား]

[ဘုရားရေ... ငါ ကျောင်းခဏသွားတက်နေတုန်းမှာပဲ ယဲ့ယီက ဇာတ်ညွှန်းတွေတောင် ရေးတတ်နေပြီလား]

[ဇာတ်ညွှန်း ကောင်းမကောင်းကို ခဏထားဦး၊ သူက သည်းထိတ်ရင်ဖို ဇာတ်ညွှန်းမျိုးကို ရေးနိုင်တယ်ဆိုတာကိုက တကယ်ကို အထင်ကြီးစရာပဲ]

[ခုနက ငါ အော်ဟစ်ဝေဖန်ခဲ့တာတွေအတွက် အမှန်တရားကို လက်ခံလိုက်ပါပြီ။ ဇာတ်ညွှန်းရေးဆရာဆိုတာ ဇာတ်လမ်းကို အသိဆုံးလူ ဖြစ်တာကိုး]

[ယဲ့ယီက ငါတို့မသိအောင် တိတ်တဆိတ် တိုးတက်နေခဲ့တာပဲ။ ရုတ်တရက် ဒီရုပ်ရှင်ကို စိတ်ဝင်စားလာပြီ]

လန်ရွှယ်၏ ပရိသတ်များကမူ မကျေမနပ်ဖြင့် လှောင်ပြောင်နေကြဆဲပင်။

[အတင်းအကျပ် ချီးကျူးနေတာတွေကို ရပ်လိုက်ကြပါဦး။ ယဲ့ယီက ဇာတ်ညွှန်းရေးဆရာ ကိုယ်တိုင် လုပ်နေရတာက ဘယ်ဇာတ်ညွှန်းရေးဆရာမှ သူနဲ့ လက်တွဲဖို့ သဘောမတူလို့လေ]

[ဟုတ်တယ်။ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အရည်အသွေးက ဇာတ်ညွှန်းအပေါ် ခုနစ်ဆယ်ရာခိုင်နှုန်းလောက် မူတည်နေတာ။ ယဲ့ယီလို အပျော်တမ်းတစ်ယောက်က ဘယ်လိုလုပ်ပြီး ဇာတ်ညွှန်းကောင်းတာမျိုး ရေးနိုင်မှာလဲ]

[အပျော်တမ်းသမားက ဇာတ်ညွှန်းကောင်း ရေးနိုင်တယ်ဆိုရင် ပညာရှင် ဇာတ်ညွှန်းရေးဆရာတွေ ဘယ်လို လုပ်ကိုင်စားသောက်ကြတော့မလဲ]

တင်ဆက်သူသည် နောက်ထပ် ပေါက်ကရ မေးခွန်းအချို့ကို ထပ်မေးပြီးနောက် လူတွေ့မေးမြန်းခန်းကို အမြန်ပင် အဆုံးသတ်လိုက်တော့သည်။ သူမကိုယ်တိုင်လည်း ယဲ့ယီမှာ ဇာတ်ညွှန်းရေးဆရာ ဖြစ်သည်ဆိုသည့် အချက်ကို ပြန်လည် ဆင်ခြင်ရန် လိုအပ်နေသည်။

ယဲ့ယီ ဘက်တွင်မူ တစ်နေ့တာလုံးမှာ ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့သည်။ ကျီချန်ဖန်မှာ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်သဖြင့် သူ့သရုပ်ဆောင်မှုမှာ သံသယဖြစ်ဖွယ်မရှိအောင် ကောင်းမွန်သည်။ တုန်မင်ရွှမ်သည်လည်း သူ၏ ဇာတ်ကောင်အပေါ် လေးလေးနက်နက် နားလည်ထားသူဖြစ်ရာ လိုအပ်ချက်များ ရှိသော်လည်း အနည်းငယ် လမ်းပြပေးလိုက်ရုံဖြင့် အလွယ်တကူ သဘောပေါက်သွားတတ်သည်။

ကုစဲ့မှာ ပါရမီရှင်ကလေးတစ်ဦးပီပီ အတော်လေး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ ယဲ့ယီ ဘက်တွင်လည်း သူမ ယခင်ဘဝက ရရှိခဲ့သော ဆုတံဆိပ်များမှာ အလကားရခဲ့ခြင်း မဟုတ်သည့်အပြင် ဤဇာတ်လမ်းမှာ သူမကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သဖြင့် သရုပ်ဆောင်ခြင်းတွင် လုံးဝ ပြဿနာမရှိပေ။

လန်ရွှယ် ဘက်တွင်လည်း အရာအားလုံး အဆင်ပြေနေသော်လည်း ချန်ဟောင်ယု အလှည့်ရောက်သည့်အခါတွင် ပြဿနာ စတော့သည်။ ထိုသခင်လေးမှာ ထုံးစံအတိုင်း ဂျီကျပြန်ရာ တစ်ဖွဲ့လုံးက ဝိုင်းဝန်းချော့မော့ပြီးမှသာ ဝန်လေးစွာ ရိုက်ကူးရေး ပြီးဆုံးသွားသည်။

သို့သော် ဝန်ထမ်းများ၏ မျက်နှာမှာ မကောင်းကြဘဲ ချန်ဟောင်ယုကို ပို၍ပင် မုန်းတီးသွားကြသည်။ မှတ်ချက်များထဲတွင်လည်း ကဲ့ရဲ့ပြစ်တင်မှုအချို့ ရှိသော်လည်း လန်ရွှယ်၏ ဖန်များက ချန်ဟောင်ယုမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်ခြင်းဖြစ်ပြီး စိတ်လှုပ်ရှားနေသဖြင့် အမှားအယွင်းလုပ်မိသည်ဟု ဆိုကာ ကာကွယ်ပေးခဲ့ကြသည်။

တစ်နေ့တာသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ညနေစောင်းသို့ ရောက်ရှိလာသည်။ ထိုနေ့အတွက် ရိုက်ကူးရေးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရိုက်ကူးရေးကွင်းမှ ထွက်ခွာတော့မည့်အချိန်တွင် ယဲ့ယီသည် ထောင့်တစ်နေရာ၌ ထိုင်နေသော တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူမ အနားသို့ လျှောက်သွားလိုက်သည့်အခါ ၎င်းမှာ တုန်မင်ရွှမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ယီ နားမလည်နိုင်စွာ မေးလိုက်သည်။

“ရိုက်ကူးရေး ပြီးပြီလေ။ မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ”

တုန်မင်ရွှမ် ဇာတ်လမ်းထဲတွင် အာရုံရောက်နေသဖြင့် ယဲ့ယီ အနားသို့ ရောက်လာသည်ကို သတိမထားမိခဲ့ပေ။ ရုတ်တရက် ယဲ့ယီ၏ အသံကို ကြားလိုက်ရသဖြင့် သူသည် လန့်ဖျပ်သွားပြီး ထခုန်မိရာ သူ့ရင်ခွင်ထဲမှ ဇာတ်ညွှန်းစာအုပ်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ယဲ့ယီ ဇာတ်ညွှန်းကို ကောက်ယူပြီး တုန်မင်ရွှမ်ထံသို့ ကမ်းပေးလိုက်သည်။

“ဇာတ်လမ်းကို လေ့လာနေတာလား”

တုန်မင်ရွှမ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် အပြည့်အဝ နားမလည်သေးဘူးလို့ ခံစားရတဲ့ အပိုင်းအချို့ ရှိနေလို့ ဇာတ်ညွှန်းကို ထိုင်လေ့လာနေတာပါ။ အချိန်တွေ ဒီလောက် ကုန်သွားတာကိုတောင် မသိလိုက်ဘူး”

ယဲ့ယီသည် ထိုကဲ့သို့ တက်ကြွထက်သန်သော မျိုးဆက်သစ်လူငယ်များကို အမြဲပင် တန်ဖိုးထားတတ်သူ ဖြစ်သည်။ သူမက လက်လှမ်း၍ တုန်မင်ရွှမ်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

“အရင်ဆုံး ပြန်ပြီး နားလိုက်ပါဦး။ ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး နားမလည်တာရှိရင် အစ်မကို မေးလို့ ရပါတယ်”

တုန်မင်ရွှမ် အံ့သြတကြီးဖြင့် ယဲ့ယီကို ကြည့်လိုက်သည်။

“တကယ်လား”

ယဲ့ယီက ခေါင်းညိတ်ပြလိုက်သည်။

“အစ်မက ဇာတ်ညွှန်းရေးဆရာဆိုတော့ အချို့နေရာတွေကို မင်းထက်စာရင် ပိုပြီး လေးလေးနက်နက် နားလည်ထားတာမျိုး ရှိမှာပါ”

တုန်မင်ရွှမ်က ယဲ့ယီကို ပြုံးပြလိုက်ပြီး ချက်ချင်းပင် သူ၏ ဖုန်းကို ထုတ်လိုက်သည်။

“ဒါဆိုရင် အစ်မရှောင်ယီ... ကျွန်တော် အစ်မရဲ့ WeChat ကို အပ်ထားလို့ ရမလား၊၊ ဒါမှ ဆက်သွယ်ရတာ ပိုလွယ်မှာမို့လို့ပါ။”

ယဲ့ယီ ဝန်မလေးဘဲ သူမ ဖုန်းကို ထုတ်ကာ တုန်မင်ရွှမ်ကို WeChat စကန်ဖတ်ခွင့် ပေးလိုက်သည်။ ထိုမြင်ကွင်းကို ကုစဲ့က မြင်သွားသည်။

ကုစဲ့သည် ချက်ချင်းပင် ယဲ့ယီ၏ ဘေးသို့ ပြေးလာပြီး သူမ လက်ကို ဆွဲလိုက်သည်။

ယဲ့ယီ၏ WeChat ကို အပ်ပြီးနောက် တုန်မင်ရွှမ်သည် ချက်ချင်းပင် သူ့ဇာတ်ညွှန်းစာအုပ်ကို ထုတ်ကာ နေရာတစ်ခုကို ညွှန်ပြလျက် မေးမြန်းလိုက်သည်။

“အစ်မရှောင်ယီ... ဒီနေရာကို အစ်မ ဘယ်လို ထင်လဲ”

သူ စကားမဆုံးခင်မှာပင် ကုစဲ့က အရင်ဦးအောင် ပြောလိုက်သည်။

“မေမေ... သား ဗိုက်ဆာပြီ”

ကုစဲ့ ဗိုက်ဆာသည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် ယဲ့ယီမှာ အိမ်သို့ ချက်ချင်း ပြန်သွားချင်စိတ် ပေါက်သွားတော့သည်။ သူမ ချစ်လှစွာသော သားလေး ဗိုက်ဟောင်းလောင်း ဖြစ်နေမည်ကို သူမ အလိုမရှိပေ။

“မင်းမှာ မေးစရာရှိရင် WeChat ကနေ မေးလိုက်နော်။ အစ်မ အခု သားလေးကို ထမင်းကျွေးဖို့ အိမ်ပြန်လိုက်ဦးမယ်”

ထိုသို့ ပြောပြီးနောက် သူမသည် ကုစဲ့ကို ခေါ်ကာ ထွက်သွားတော့သည်။

တုန်မင်ရွှမ်မှာမူ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။

တုန်မင်ရွှမ်က နားမလည်နိုင်သလိုဖြင့် ရေရွတ်မိသည်။

“ခုနလေးတင် ငါတို့ ထမင်းဘူးတွေ စားထားကြတာ မဟုတ်ဘူးလား”

ယဲ့ယီသည် ရိုက်ကူးရေးကွင်းမှ ထွက်လာသည်နှင့် ဂိတ်ပေါက်တွင် သူတို့ကို စောင့်ကြိုနေသော ကုရှီချန်းကို တွေ့လိုက်ရသည်။

ကားပေါ်ရောက်ပြီးနောက် ကုရှီချန်းက တစ်ခုခု မပြောမီမှာပင် ယဲ့ယီက စတင်ပြောလိုက်သည်။

“မြန်မြန်မောင်းဦး၊ ရှင့်သား ဗိုက်ဆာနေပြီတဲ့”

[မြန်မြန်၊ မြန်မြန်။ ငါ့ရဲ့ ချစ်သားလေး ဗိုက်ဆာပြီး ပိန်သွားရင် ဘယ်လိုလုပ်မလဲ]

ကုရှီချန်းက ကုစဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ မှတ်မိသလောက် သူတို့ ခုနလေးတင် ထမင်းဘူး စားထားကြသည် မဟုတ်လော။

ကုစဲ့မှာမူ ကုရှီချန်း အကြည့်အောက်တွင် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်နေမိသည်။

‘သူက ယဲ့ယီရဲ့ အနားကို သူစိမ်းအမျိုးသားတွေ ကပ်မလာအောင် တားဆီးပေးနေတာလေ၊ မဟုတ်ဘူးလား’

ကုရှီချန်းသည်လည်း သားဖြစ်သူ၏ အကြံကို မဖော်ထုတ်ချင်သဖြင့် အိမ်သို့ မြန်မြန်ပင် မောင်းနှင်ခဲ့သည်။

အိမ်ပြန်ရောက်သည်နှင့် ယဲ့ယီ မီးဖိုချောင်ထဲတွင် ကုစဲ့အတွက် အရသာရှိသော အစားအစာများကို ချက်ချင်း ပြင်ဆင်ခိုင်းတော့သည်။

နာရီဝက်ခန့်အကြာတွင် ကုစဲ့သည် သူ့ရှေ့ရှိ အစားအစာပုံကြီးကို ကြည့်ကာ ဆွံ့အသွားရသည်။

ယဲ့ယီ ကုစဲ့၏ ပန်းကန်ထဲသို့ အသားတစ်ဖဲ့ ထည့်ပေးလိုက်သည်။

“ရော့... အများကြီးစားနော်။ ငါ မင်းကို ညှဉ်းပန်းနှိပ်စက်နေတယ်လို့ သူများတွေ အပြောမခံနိုင်ဘူး”

[ချစ်သားလေး မြန်မြန်စား။ အသားများများစားမှ အရပ်ရှည်မှာ]

ယဲ့ယီ အကြည့်အောက်တွင် ကုစဲ့မှာ ထိုအသားကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

ယဲ့ယီက ကုစဲ့၏ ပန်းကန်ထဲသို့ အစားအစာများ ထည့်ပေးနေရင်း တစ်ယောက်တည်း ရေရွတ်နေမိသည်။

“ထူးဆန်းလိုက်တာ... ငါက ဘာလို့ ဗိုက်မဆာတာလဲ၊ ကလေးတွေရဲ့ အစာခြေစနစ်က ပိုကောင်းလို့လား မသိဘူး”

ကုရှီချန်းမှာ ယဲ့ယီတစ်ယောက် ကုစဲ့ကို အဆက်မပြတ် ကျွေးမွေးနေသည်ကို ပြုံးပြုံးကြီး ကြည့်နေပြီး သားဖြစ်သူထံမှ လာနေသော အကူအညီတောင်းသည့် အကြည့်များကိုမူ လုံးဝ လျစ်လျူရှုထားလေ၏။

All Chapters