အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆)
ကျွန်မကတော့ အတော်လေး သဘောကျတယ်
ကုစဲ့မှာ ယဲ့ယီ၏ ကျွေးမွေးမှုအောက်တွင် တစိမ့်စိမ့်နှင့် ဆက်လက် စားသောက်နေခဲ့သည်။ သူ လုံးဝ ထပ်မစားနိုင်တော့သည့် အချိန်ရောက်မှသာ ကုရှီချန်းက နောက်ဆုံးတွင် ဝင်ပြောပေးတော့သည်။
“တော်ပြီ၊ မစားနဲ့တော့။ ညဘက် အစားတွေ အများကြီးစားရင် အစာမကြေ ဖြစ်တတ်တယ်”
ကုစဲ့ သူ့အဖေကို အလွန်အမင်း ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ အကယ်၍ သူသာ ထပ်စားမိပါက သူ့ဝမ်းဗိုက်ကလေးမှာ ပေါက်ထွက်သွားနိုင်သည်။
ယဲ့ယီမှာလည်း သူ့ကို ကျွေးနေသည်ကို ရပ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ ထိုစဉ် သူမ ဖုန်းမှ မြည်လာသည်။ ဖုန်းကို ဖွင့်ကြည့်လိုက်သည့်အခါ တုန်မင်ရွှမ်က သူမထံသို့ စာတစ်စောင် ပေးပို့ထားသည်ကို တွေ့လိုက်ရသည်။
တုန်မင်ရွှမ် “အစ်မရှောင်ယီ... အခု အားလားဟင်၊ ဇာတ်လမ်းထဲမှာ ကျွန်တော် သိပ်နားမလည်တဲ့ အပိုင်းတစ်ခု ရှိနေလို့ အစ်မနဲ့ ဆွေးနွေးချင်လို့ပါ”
ယဲ့ယီ အားကြောင်း ပြန်စာပို့လိုက်ရာ တုန်မင်ရွှမ် ချက်ချင်းပင် အသံဖြင့် ခေါ်ဆိုမှုကို ပြုလုပ်လာသည်။
ယဲ့ယီ ဖုန်းပြောရန်အတွက် ဘေးသို့ ခဏထွက်သွားသည်။
ယဲ့ယီ ထမင်းစားပွဲမှ ထွက်သွားသည်နှင့် ကုရှီချန်း ကုစဲ့ကို ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ မေးလိုက်သည်။
“ကဲ... ပြောပါဦး၊ ဘာတွေဖြစ်နေတာလဲ”
ကုစဲ့ တစ်ယောက် ဗိုက်ဆာသည် ဟူသော စကားကို ကုရှီချန်း တစ်စက်ကလေးမျှပင် မယုံကြည်ပေ။ ထိုကလေးငယ်မှာ အစားစားနေစဉ် တစ်ချိန်လုံး ငြင်းဆန်လိုသည့် အမူအရာများ ပြသနေခဲ့သည်ကို ယဲ့ယီတစ်ယောက်သာ သတိမထားမိခဲ့ခြင်း ဖြစ်သည်။
ကုစဲ့သည် အနည်းငယ် ကားထွက်နေသော သူ့ဗိုက်ကလေးကို ပွတ်သပ်ရင်း စိတ်ကောက်သလိုဖြင့် ပြောလိုက်သည်။
“ဒါတွေက ဖေဖေ့အတွက်ကြောင့် လုပ်နေရတာ မဟုတ်ဘူးလား”
“ငါ့အတွက်ကြောင့် ဟုတ်လား”
ကုရှီချန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ဤကိစ္စက သူနှင့် ဘာများပက်သက်နေသနည်း။
ကုစဲ့က နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
“ဖေဖေ့မိန်းမကို တခြားလူက လုယူတော့မယ်လေ”
“ငါ့မိန်းမ”
ကုရှီချန်းမှာ အစပိုင်းတွင် ချက်ချင်း သဘောမပေါက်ခဲ့ပေ။ ခေတ္တမျှ ကြာပြီးမှသာ ကုစဲ့က ယဲ့ယီကို ဆိုလိုခြင်းဖြစ်မှန်း သူ သိလိုက်ရသည်။
ကုရှီချန်း က မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ”
ကုရှီချန်း မေးလာသည်ကို မြင်သောအခါ ကုစဲ့က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြောပြတော့သည်။
“သားတို့ ရိုက်ကူးရေးကွင်းမှာ ရှိတုန်းက လူအချို့က မေမေ့ရဲ့ WeChat ကို အပ်ချင်နေကြတာ၊ ပြီးတော့ သူနဲ့ ဇာတ်လမ်းအကြောင်းကိုလည်း ဆွေးနွေးချင်နေတာ “
ကုရှီချန်း၏ မျက်မှောင်ကြုတ်မှုမှာ ပို၍ နက်ရှိုင်းလာခဲ့သည်။ ယဲ့ယီ ဖုန်းကိုင်လိုက်စဉ်က ဇာတ်လမ်းအချို့အကြောင်း ပြောနေသည်ကို သူ ခုနလေးတင် ကြားလိုက်ရသလိုပင်။
သူနှင့် ယဲ့ယီတို့မှာ ကွာရှင်းတော့မည် ဖြစ်သော်လည်း မကွာရှင်းရသေးသရွေ့ ယဲ့ယီမှာ သူ့ဇနီး ဖြစ်နေသေး၏။ ယဲ့ယီအနေဖြင့် အခြားအမျိုးသားများနှင့် ခပ်ခွာခွာနေရန် သတိပေးဖို့ လိုအပ်နေပြီဟု သူ ခံစားလိုက်ရသည်။
ကုရှီချန်းက ဘာမှပြန်မပြောသည်ကို မြင်သောအခါ ကုစဲ့က ဆက်ပြောပြန်သည်။
“ဖေဖေ... မေမေ့ကို တခြားသူ လုသွားမှာကို မစိုးရိမ်ဘူးလား”
ကုရှီချန်းမှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ သူ အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်နေမိသည်ဟု ထင်ရသည်။ သို့သော်လည်း ၎င်းမှာ သူ့ပိုင်ဆိုင်လိုစိတ်ကြောင့်သာ ဖြစ်ပြီး ယဲ့ယီမှာ သူ၏ ဇနီးဖြစ်နေသောကြောင့်သာ စိုးရိမ်ခြင်းဖြစ်သည်ဟု ကုရှီချန်း ယုံကြည်ထားသည်။
သူတို့နှစ်ဦး ကွာရှင်းပြီးသွားပါက သူတို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ ရှိတော့မည် မဟုတ်ပေ။ ကွာရှင်းမည့်အကြောင်းကို တွေးမိသောအခါ ကုရှီချန်းက ကုစဲ့ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။
နောက်ပိုင်းတွင် ကုစဲ့မှာ ယဲ့ယီအပေါ် အလွန်အမင်း မှီခိုအားထားလာပုံရသည်။ ၎င်းမှာ ကောင်းသော လက္ခဏာမဟုတ်ပေ။ အချိန်တန်သည့်အခါ ယဲ့ယီက ဤအချက်ကို အကြောင်းပြချက်ပေး၍ ကွာရှင်းရန် ငြင်းဆန်မည်ကို သူ စိုးရိမ်မိသည်။
ကုရှီချန်းသည် ကုစဲ့ကို သတိပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
“ကုစဲ့... သူ မင်းအပေါ် အရင်က ဘယ်လိုတွေ လုပ်ခဲ့ဖူးလဲဆိုတာ မမေ့နဲ့ဦး။ ဒီအစီအစဉ် ပြီးတာနဲ့ အဖေ သူ့ကို ကွာရှင်းမှာ။ အဲ့ဒီအချိန်ကျရင် သူ့ဟန်ဆောင်မှုတွေအောက်မှာ မင်း တွေဝေမသွားဖို့ အဖေမျှော်လင့်ပါတယ်”
ကုစဲ့ ခေါင်းငုံ့သွားသည်။ အတိတ်ကာလက ယဲ့ယီမှာ သူ့အပေါ် အမှန်တကယ်ပင် ဆိုးသွမ်းခဲ့သော်လည်း ယခုအခါတွင်မူ သူမက သူ့အပေါ် အတော်လေး ကောင်းမွန်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ ယဲ့ယီသာ ဤအတိုင်း ဆက်ရှိနေမည်ဆိုလျှင် သူ အတိတ်ကို မေ့ပစ်ပေးနိုင်သည်။ သူသည် မိသားစုဝင်များအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် အတူတူ နေထိုင်ကြသည်ကိုသာ ဆန္ဒရှိပြီး မိခင်မရှိသော ကလေးဟု အခေါ်ခံရမည်ကို သူ မလိုလားပေ။
ကုရှီချန်းက ကုစဲ့၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ကွာရှင်းပြီးရင် အဖေနောက်ထပ် အိမ်ထောင်မပြုတော့ဘူး။ မင်းကို ဘယ်သူမှ ထပ်ပြီး နာကျင်အောင် မလုပ်စေရဘူး”
“ဖေဖေ... ဒါပေမဲ့ အခု သူက တကယ်ကို ကောင်းနေပြီလို့ သား ထင်တယ်”
ကုစဲ့က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ ယခုလက်ရှိ ယဲ့ယီမှာ အပြင်ပန်းတွင် စကားပြော ကြမ်းသော်လည်း သူမ စိတ်ထဲတွင်မူ သူ့ကို အမြဲတမ်း ချီးကျူးနေတတ်သည်။ ယဲ့ယီမှာ သူ့အပေါ် အမှန်တကယ် ကောင်းမွန်သည်ဟု ကုစဲ့ခံစားနေရသည်။
ကုရှီချန်း မျက်ဝန်းများမှာ မှောင်မိုက်သွားခဲ့သည်။ အကယ်၍ ယဲ့ယီသာ ဤအတိုင်း ရှိနေမည်ဆိုပါက သူမနှင့်အတူ ဘဝလက်ကျန်ကို ဖြတ်သန်းရန် သူ ဝန်လေးနေမည် မဟုတ်ပေ။
သို့သော် ယဲ့ယီသည် ယခင်က ကုစဲ့အပေါ် လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များမှာ လွန်လွန်းလှသည်။ အကယ်၍ သူသာ ယဲ့ယီကို လွယ်လွယ်နှင့် ခွင့်လွှတ်လိုက်ပါက သူ၏ ညီအစ်ကိုကောင်းကို မျက်နှာပြရဲတော့မည် မဟုတ်ပေ။
“အဖေ မင်းအတွက် အစာကြေဆေး သွားယူပေးမယ်”
ကုရှီချန်းသည် ကုစဲ့နှင့် ဆက်လက် ဆွေးနွေးခြင်း မပြုတော့ဘဲ ဆေးသွားရှာရန်အတွက် ထရပ်လိုက်တော့သည်။
ကုစဲ့သည်လည်း ကုရှီချန်းက ဤမေးခွန်းကို ရှောင်လွှဲနေမှန်း သိသည်။ ကုရှီချန်းက ယဲ့ယီကို ကွာရှင်းရန် ဇွတ်အတင်း ပြုလုပ်နေရခြင်းမှာ သူ့ကြောင့် ဖြစ်သည်ကို သူ နားလည်ထားသည်။
သို့သော် သူသည် ကုရှီချန်းကိုလည်း ပျော်ရွှင်စေချင်သည်။ ကုရှီချန်းသည် ယဲ့ယီကို သေချာပေါက် နှစ်သက်နေပြီး အရင်က သူမ လုပ်ခဲ့သည့် ကိစ္စများကြောင့်သာ ကွာရှင်းရန် ဇွတ်လုပ်နေခြင်း ဖြစ်သည်ဟု ကုစဲ့ ခံစားမိသည်။
ကုစဲ့၏ ဦးနှောက်လေးမှာ အလျင်အမြန်ပင် အလုပ်လုပ်လိုက်ပြီးနောက်တွင် သူ့ဖခင်အား ချစ်ခြင်းမေတ္တာ ပြန်လည်ရရှိစေရန် သေချာပေါက် ကူညီပေးရမည်ဟု ဆုံးဖြတ်လိုက်၏။
စာအုပ်များထဲတွင် ‘အတိတ်ကို အတိတ်မှာပဲ ထားခဲ့သင့်ပြီး ၎င်းကို ဆွဲမထားသင့်’ဟု ဆိုကြသည်။ ကုစဲ့သည် သူတို့ကို ကွာရှင်းခွင့် မပေးရန် ဆုံးဖြတ်လိုက်၏။ သို့မဟုတ်ပါက သူသည် မိခင်မရှိသော ကလေး ဖြစ်သွားပေတော့မည်။
ကုရှီချန်းက အစာကြေဆေးနှင့်အတူ ပြန်ရောက်လာသည့်အခါ ကုစဲ့မှာ ယခင်ကကဲ့သို့ နွမ်းနယ်နေခြင်း မရှိတော့ဘဲ စိတ်ဓာတ်များ ပြန်လည် တက်ကြွနေသည်ကို တွေ့လိုက်ရသည်။
ကုရှီချန်း သူ့ကို ဆေးတိုက်လိုက်သည်။ ကုစဲ့က ဆေးကို ပါးစပ်ထဲ ထည့်ရန်ဟန်ပြင်နေစဉ် ယဲ့ယီ ပြန်ရောက်လာခဲ့သည်။
ကုစဲ့လက်ထဲမှ ဆေးလုံးများကို ကြည့်ကာ ယဲ့ယီက နားမလည်နိုင်စွာ မေးလိုက်သည်။
“သား နေမကောင်းလို့လား”
ယဲ့ယီမှ ဤဆေးမှာ မည်သည့်ဆေးဝါးမှန်း ကောင်းကောင်း မမြင်နိုင်ခင်မှာပင် ကုစဲ့က ဆေးကို သူ့ပါးစပ်ထဲသို့ အမြန်ပင် ပစ်ထည့်လိုက်သည်။
ကုစဲ့၏ အပြုအမူကို ကြည့်ကာ ကုရှီချန်း မနေနိုင်ဘဲ ထရယ်မိသည်။
’ ဒီကလေးက ရှက်နေတာပဲ’
သားဖြစ်သူ၏ မျက်နှာကို ဆယ်ပေးရန်အတွက် ကုရှီချန်းမှာ မဟုတ်မမှန် လိမ်ပြောလိုက်ရတော့သည်။
“သူ ခုနက နည်းနည်း ချောင်းဆိုးနေလို့လေ၊ အအေးမိချင်နေတာ ထင်တယ်”
ကုစဲ့ကလည်း ချက်ချင်းပင် ချောင်း အနည်းငယ် ဟန်ဆောင်ဆိုးပြကာ ပူးပေါင်းဆောင်ရွက်ပေးသည်။
ယဲ့ယီ ကုစဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ဘာလို့ ရုတ်တရက်ကြီး အအေးမိရတာလဲ၊ ဖျားနေတာလား”
ကုရှီချန်း သူ့မဟုတ်မမှန် စကားများကို ဆက်ပြောပြန်သည်။
“ကားထဲမှာတုန်းက ပြတင်းပေါက် ဖွင့်ထားမိလို့ အအေးပတ်သွားတာ ဖြစ်မှာပါ။ ဖျားတော့ မဖျားပါဘူး။ ဆေးသောက်ပြီး တစ်ညလောက် အိပ်လိုက်ရင် သက်သာသွားမှာပါ”
ယဲ့ယီကလည်း ထပ်မံ၍ သံသယမဝင်တော့ဘဲ ကုစဲ့ကို အမြန်သွားနားရန်သာ ပြောလိုက်တော့သည်။
ကုစဲ့ အခန်းထဲသို့ ပြန်သွားပြီးနောက်တွင် ကုရှီချန်းက ချောင်းတစ်ချက် ခပ်ဖွဖွဆိုးကာ စကားစလိုက်သည်။
“ဒီနေ့ ရိုက်ကူးရေးက ဘယ်လိုလဲ”
ယဲ့ယီက သူမ လက်ဖက်ရည်ခွက်ကို မ ကာ ရေတစ်ငုံ သောက်လိုက်သည်။
“အဆင်ပြေပါတယ်။ လူသစ်တွေ များပေမဲ့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေက အတော်လေး ကောင်းကြပါတယ်”
ကုရှီချန်းက အမှတ်မထင်သလိုဖြင့် မေးလိုက်သည်။
“ခုနက ဖုန်းဆက်တဲ့သူကလည်း ရိုက်ကူးရေးအဖွဲ့က သရုပ်ဆောင်ပဲလား”
ယဲ့ယီက ခေါင်းညိတ်ပြလိုက်သည်။
“အင်း... လူသစ်လေးပါ။ သူက အတော်လေး ထက်မြက်ပြီး အရမ်းလည်း ကြိုးစားတယ်”
ယဲ့ယီ၏ လေသံမှာ တုန်မင်ရွှမ်ကို ချီးကျူးစကားများဖြင့် ပြည့်နှက်နေခဲ့သည်။
ကုရှီချန်းက အနည်းငယ် မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။
“မင်းတို့ ရိုက်ကူးရေးအဖွဲ့က သရုပ်ဆောင်တွေက ဘာလို့ ညဘက်မှ ဖုန်းဆက်ရတာကို အဲ့ဒီလောက်တောင် ကြိုက်နေကြတာလဲ”
‘ပြီးခဲ့တဲ့အကြိမ်က ကျီချန်ဖန်၊ အခုလည်း နောက်ထပ် လူသစ်တစ်ယောက် ထပ်လာပြန်ပြီ’
ယဲ့ယီက ဂရုမစိုက်သလိုပင် ပြောလိုက်သည်။
“ကျွန်မက ဇာတ်ညွှန်းရေးဆရာ ဖြစ်နေတော့လည်း မတတ်နိုင်ဘူးလေ။ လူသစ်လေးတွေက အခုလို ကြိုးကြိုးစားစား လုပ်ကြတာ ကောင်းတဲ့ အချက်ပဲ။ ကျွန်မကတော့ အဲ့ဒီလို ကြိုးစားတဲ့ လူသစ်လေးတွေကို အတော်လေး သဘောကျတယ်”
ကုရှီချန်းကမူ “သဘောကျတယ်” ဆိုသည့် စကားလုံးကိုသာ မှတ်သားလိုက်မိပြီး သူ့မျက်နှာမှာ အတော်လေး ပျက်ယွင်းသွားသည်။
“မင်း ဘယ်သူ့ကို သဘောကျကျ ငါ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ငါတို့ မကွာရှင်းရသေးဘူးဆိုတာကိုတော့ မမေ့နဲ့။ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေဦး”
ထိုသို့ပြောပြီးနောက် ကုရှီချန််သည် ယဲ့ယီကို ပြန်ပြောခွင့်ပင် မပေးတော့ဘဲ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်သွားတော့သည်။
ယဲ့ယီမှာမူ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။
“နေဦး... သူ ဘာတွေ လာပြောနေတာလဲ၊ ငါက ဘယ်သူ့ကို သဘောကျလို့လဲ”
သူမအနေဖြင့် တစ်စုံတစ်ခု မှားယွင်းပြောဆိုခဲ့သည်ဟု မထင်ပေ။ အလုပ်ရှင်တစ်ယောက်အနေဖြင့် ကြိုးစားသော ဝန်ထမ်းကို သဘောကျခြင်းမှာ သဘာဝကျသည်မဟုတ်လော။
’ဘယ်သူဌေးက ကြိုးစားတဲ့ ဝန်ထမ်းကို သဘောမကျဘဲ နေမှာလဲ’
ကုရှီချန်းမှာ အတော်လေး ကျိုးကြောင်းမဲ့သူ တစ်ဦးဟု ယဲ့ယီ ခံစားလိုက်ရသည်။ သူမကို မေးခွန်းအချို့ မေးပြီးနောက်တွင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရန် လာပြောနေသည်မှာ တခြားလူသာဆိုလျှင် သူမဘက်က ဖောက်ပြန်နေသည်ဟု ထင်သွားနိုင်လောက်သည်။
ကုရှီချန်းမှာ အခန်းထဲ ပြန်ရောက်ပြီးနောက်တွင် ချက်ချင်း အိပ်မပျော်နိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်က ယဲ့ယီ၏ WeChat ကို အပ်ခဲ့သည်ဆိုသည့် အချက်ကို တွေးမိရုံနှင့်ပင် သူ အကြောင်းပြချက်မရှိ စိတ်တိုနေမိသည်။
နောက်ဆုံးတွင် သူသည် မနက်ဖြန်၌ ရိုက်ကူးရေးကွင်းသို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုလူမှာ မည်သူဖြစ်ကြောင်း သူ အတော်လေး သိချင်နေမိ၏။