← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇)

ရိုက်ကွင်းသို့ လာရောက်အားပေးခြင်း တိုက်ပွဲ

နောက်တစ်နေ့ နံနက်စောစောတွင် နံနက်စာ စားသောက်ပြီးနောက် ယဲ့ယီ ကုစဲ့ကို ခေါ်ဆောင်ကာ ရိုက်ကွင်းသို့ ထွက်လာသည်။

ယဲ့ယီနှင့် ကုစဲ့တို့ ရိုက်ကွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တုန်မင်ရွှမ်က သူတို့ကို လှမ်းမြင်သွားပြီး လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ မမယဲ့”

ယဲ့ယီကလည်း ယဉ်ကျေးပျူငှာစွာပင် ပြန်ပြောလိုက်၏။

“မင်္ဂလာပါ”

တုန်မင်ရွှမ်က ရင်းနှီးကျွမ်းဝင်သည့်ဟန်ဖြင့် ယဲ့ယီကို စကားလာပြောသည်။

“မမယဲ့ ရဲ့ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ အခုဆို အဲဒီအခန်းကို ကျွန်တော် သေသေချာချာ နားလည်သွားပြီ”

ယဲ့ယီကတော့ ထွေထွေထူးထူး မစဉ်းစားမိဘဲပြန်ပြောလိုက်သည်။

“အရမ်းကြီး အားနာမနေပါနဲ့။ နောက်လည်း နားမလည်တာရှိရင် လာမေးလို့ ရပါတယ်။ အဓိကက ဒီဇာတ်ကောင်ကို ကောင်းကောင်း သရုပ်ဖော်နိုင်ဖို့ပါပဲ”

တုန်မင်ရွှမ်က ပါးချိုင့်လေးနှစ်ဖက် ပေါ်အောင် ပြုံးလိုက်ရင်း ဆိုသည်။

“ဒါဆိုရင်တော့ နောက်လည်း မမယဲ့ကို ဒုက္ခပေးရဦးမှာပဲ”

ကုစဲ့ ကတော့ မကျေမနပ်ဖြင့် ယဲ့ယီ၏ အင်္ကျီထောင့်ကို ဆွဲလိုက်ပြီး တုန်မင်ရွှမ်ရှေ့တွင် တမင်တကာပင် ပြောလိုက်သည်။

“မေမေ၊ ဖေဖေက ခဏနေရင် ရိုက်ကွင်းကို လာကြည့်မယ်လို့ ပြောထားတယ်”

ယဲ့ယီ စကားမပြောရသေးမီမှာပင် တုန်မင်ရွှမ်က အရင်ဦးအောင် ဝင်ပြောလာသည်။

“ဥက္ကဌကုပါ လာမှာလား၊ တကယ့်ကို ဝမ်းသာစရာပဲ။ ကျွန်တော်က ဥက္ကဌကုကို အမြဲတမ်း အားကျနေတာ။ တစ်နေ့မှာ သူ့ကို လူကိုယ်တိုင် တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ကုစဲ့ကတော့ နှုတ်ခမ်းလေး စူပုတ်ပုတ်ဖြင့်။

‘ဒီလူကတော့ တကယ်ကို စိတ်အနှောင့်အယှက် ပေးတာပဲ’

ကုရှီချန်းကို အားကျမိသည် ဆိုသော တုန်မင်ရွှမ်၏ စကားကို ယဲ့ယီ မအံ့သြမိပေ။ အမျိုးသားအတော်များများက ကုရှီချန်းကို အားကျကြသည်မှာ ထုံးစံပင်။ အသက် ၃၀ မပြည့်သေးခင်မှာပင် ကုကော်ပိုရေးရှင်းကို ဤမျှ ကြီးမားသည့် အတိုင်းအတာအထိ ချဲ့ထွင်နိုင်ခဲ့သည်ကို ကြည့်လျှင် ကုရှီချန်း၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ထူးချွန်ကြောင်း သိသာလှသည်။

တုန်မင်ရွှမ်နှင့် မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် ယဲ့ယီသည် အလုပ်ထဲသို့ အာရုံအပြည့်အဝ နှစ်မြှုပ်လိုက်သည်။ ကုစဲ့မှာ မနက်ဖြန် ကျောင်းတက်ရတော့မည် ဖြစ်သောကြောင့် ယနေ့တွင် သူ၏ အခန်းများကို များများပြီးအောင် ရိုက်ကူးထားရန် လိုအပ်သည်။

ကုစဲ့ ကျောင်းစတက်သည်နှင့် ယဲ့ယီအနေဖြင့် ဟိုဟိုဒီဒီ သွားစရာမလိုတော့ဘဲ ရိုက်ကွင်းမှာပင် အာရုံစိုက်ပြီး နေထိုင်နိုင်တော့မည် ဖြစ်သည်။

ကုစဲ့ ရှိနေစဉ်တွင်၊ သူမအနေဖြင့် အိမ်သို့ပြန်ရန် အတတ်နိုင်ဆုံး ကြိုးစားရပေလိမ့်မည်။ သို့မဟုတ်ပါက ကုရှီချန်းက သူမအား ကလေးကို သေချာဂရုမစိုက်ဘူးဟု ထပ်မံ ပြစ်တင်ကြိမ်းမောင်းမည်ကို သူမ စိုးရိမ်မိသည်။

ယနေ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်လည်း ထုံးစံအတိုင်းပင် စည်ကားနေသည်။ ယဲ့ယီ၏ လူကြိုက်များမှုမှာ လန်ရွှယ်ကို ဆက်လက် ဖိနှိပ်ထားဆဲပင်။ ၎င်းမှာ ရှောင်လွှဲ၍မရသည့် အချက်ပင် ဖြစ်သည်။ ယဲ့ယီတွင် သူမကို မုန်းတီးသည့် အစွန်းရောက် ပရိသတ်များစွာ ရှိထားသည် မဟုတ်လော။

ရိုက်ကူးရေး စတင်ပြီး မကြာမီမှာပင် လန်ရွှယ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ယဲ့ယီထက် လူကြည့်များမှု ကျော်တက်သွားသည်။

[အားလုံးပဲ လန်ရွှယ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကို သွားကြည့်ကြဦး၊ သူ့ခင်ပွန်းက ရိုက်ကွင်းကို လာအားပေးနေတယ်ဟေ့]

အင်တာနက် အသုံးပြုသူ များမှာ လန်ရွှယ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ အုံအုံကြွကြွ စုပြုံသွားကြသည်။

လန်ရွှယ်သည် ချန်ဟောင်ယုနှင့်အတူ ရိုက်ကွင်းအဝင်ဝတွင် စောင့်ဆိုင်းနေသည်။ မကြာမီမှာပင် ဇိမ်ခံကားတန်းကြီး ဆိုက်ရောက်လာတော့သည်။

[ဟာ... မာစီးတီးကားကြီးပါလား]

[ဘုရားရေ... ငါတော့ ကံကောင်းပြီ။ တစ်ခါတည်းနဲ့ ဇိမ်ခံကားတွေ အများကြီး မြင်ရတာပဲ]

[သူဌေးကြီးတွေဆိုတော့လည်း ပြင်ဆင်မှုက ကြည့်ဦးလေ]

[‘မနာလိုလိုက်တာ’ ဆိုတဲ့ စကားကိုတောင် ထပ်မပြောချင်တော့ဘူး]

[တစ်သက်မှာ တစ်ခါလောက်တော့ အဲဒီလို ဇိမ်ခံကားမျိုး စီးဖူးချင်လိုက်တာ၊ တစ်နေ့ သုံးနပ်ပဲ စားရမယ်ဆိုရင်တောင် ကျေနပ်ပါတယ်]

ကားများ ရပ်တန့်သွားပြီးနောက် ရှေ့ဆုံးမှ မာစီးတီးကားပေါ်မှ ချန်ထျန်မင်း ဆင်းလာသည်။

ချန်ဟောင်ယုက ပြေးသွားပြီး ချန်ထျန်မင်း၏ ခြေထောက်ကို ဖက်ကာ ဆိုလိုက်သည်။

“ဖေဖေ၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့”

ချန်ထျန်မင်းက ချန်ဟောင်ယု၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်ပြီးနောက် လန်ရွှယ်ကို အချစ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ရာ လန်ရွှယ်ကလည်း ပြုံး၍ ပြန်ကြည့်လိုက်သည်။

[အား... သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ]

[ကြည့်ဦး၊ အဲဒီ အကြည့်တွေက ဘယ်လောက်တောင် ချစ်ဖို့ကောင်းသလဲဆိုတာ ဘယ်သူ ခံစားမိလဲ]

[လန်ရွှယ်ရဲ့ ခင်ပွန်းက သူ့ကို တကယ်ချစ်တာ၊ ဟိုတစ်ယောက်လိုမျိုး ခင်ပွန်းဖြစ်သူက တစ်ခါမှ လာမကြည့်တာမျိုး မဟုတ်ဘူး]

[ငါတော့ အချစ်ကို ပြန်ပြီး ယုံကြည်သွားပြီ]

နောက်က ဇိမ်ခံကားများထဲမှ လူများ ဆင်းလာကြရာ သူတို့အားလုံးသည် စားဖိုမှူးများ ဖြစ်ပုံရသည်။

လန်ရွှယ် ချန်ထျန်မင်းကို ရိုက်ကွင်းထဲသို့ ခေါ် ဆောင်သွားသည်။

လန်ရွှယ်က ဒါရိုက်တာ၏ နားသို့ တစ်စုံတစ်ခု ကပ်ပြောလိုက်ရာ ဒါရိုက်တာက ချက်ချင်းပင် ကြေညာလိုက်သည်။

“အားလုံးပဲ လုပ်လက်စတွေကို ခဏရပ်ပြီး ဒီကို လာကြပါဦး”

မကြာမီမှာပင် အားလုံး စုရုံးရောက်ရှိလာကြသည်။

ချန်ထျန်မင်း ရှေ့သို့တက်ကာ ပြုံးလျက် ပြောလိုက်သည်

“အားလုံးပဲ ပင်ပန်းနေကြပြီ။ ကျွန်တော် အားလုံးအတွက် မုန့်လေးတွေ ပြင်ဆင်လာပါတယ်”

ပြောပြီးသည်နှင့် ဝန်ထမ်းများကို အချက်ပြကာ လူတိုင်းကို မုန့်များ ဝေငှပေးလိုက်သည်။

မုန့်များ ဝေပြီးသွားသောအခါ ချန်ထျန်မင်းက ဆက်ပြောသည်။

“ကျွန်တော် ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူး ရှစ်ယောက်ကို ခေါ်လာပေးတယ်။ ဒီနေ့တော့ ခင်ဗျားတို့ ကြိုက်တာ စားနိုင်ပါတယ်”

ဝန်ထမ်းများ အားလုံးကလည်း ဝိုင်းဝန်း လက်ခုပ်တီးကာ အားပေးကြတော့သည်။

မှတ်ချက်များမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လော ရိုက်နေသည်။

[ဘုရားရေ၊ ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးတောင်လား၊ တကယ်မိုက်တယ်]

[ဒီရိုက်ကွင်းက လူတွေကတော့ ကံကောင်းလိုက်တာ။ ငါလည်း အဲဒီမှာ အရန်သရုပ်ဆောင် သွားလုပ်ချင်လိုက်တာ]

[ဘေးက ရိုက်ကွင်းက လူတွေတော့ မနာလိုဖြစ်ကြတော့မှာပဲ]

[ဒီတစ်ခေါက်တော့ လန်ရွှယ်ပဲ အနိုင်ရတယ်လို့ ငါ ကြေညာလိုက်ပြီ]

ချန်ထျန်မင်းက စားဖိုမှူးများကို ဟင်းချက်ခိုင်းရုံသာမက အားလုံးနှင့်အတူ သီချင်းဆို၊ ကခုန်စေရာ ရိုက်ကွင်းတစ်ခုလုံး ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။

ကုကော်ပိုရေးရှင်းတွင် ယနေ့အတွက် အလုပ်ကိစ္စများ ပြီးစီးသွားသောအခါ ကုရှီချန်းကလည်း ရိုက်ကွင်းသို့ သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် ၎င်းမှာ သူ၏ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ဘာလုပ်သင့်သည်ကို ကြိုတင် စဉ်းစားလိုက်သည်။

ကုရှီချန်းက သူ၏ဖုန်းကို ဖွင့်ကာ ယဲ့ယီ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်ကြည့်လိုက်ရာ ချန်ထျန်မင်းက လန်ရွှယ်၏ ရိုက်ကွင်းသို့ လာရောက်အားပေးသည့် အကြောင်းကို မှတ်ချက်များတွင် ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။ သူလည်း ထိုလင့်ခ်များအတိုင်း လိုက်ကြည့်လိုက်သည်။

ခဏမျှ ကြည့်ပြီးနောက် သူသည် ဘာတွေ ပြင်ဆင်သင့်သည်ကို ခန့်မှန်းမိသွားသည်။

ကုရှီချန်းသည် ရိုက်ကွင်းအဝင်ဝသို့ ရောက်ရှိလာသောအခါ ယဲ့ယီ၏ တိုက်ရိုက်ထုတ်လွှင့်ခန်း လူကြည့်နှုန်းမှာ လန်ရွှယ်ကို ထပ်မံ ကျော်တက်သွားပြန်သည်။

[ဟေး... ဥက္ကဌကုလည်း ရောက်လာပြီဟေ့၊ သူတို့ တကယ်ကို ထိပ်တိုက်ရင်ဆိုင်နေကြတာပဲ]

[ဒါက တကယ်ကို ရင်ခုန်ဖို့ ကောင်းတာပဲ။ ငါတော့ ဒါမျိုးကြည့်ရတာ အရမ်းကြိုက်တာ]

[အာဏာရှင်ဆန်တဲ့ ဥက္ကဌကြီး နှစ်ယောက်ရဲ့ ပြိုင်ပွဲပဲ၊ ဟားဟားဟား]

[ဥက္ကဌကုက သတင်းကြားကြားချင်း ချက်ချင်း အားပေးဖို့ ရောက်လာတာလား]

ယဲ့ယီ အပြင်သို့ ထွက်လာချိန်တွင် ကားပေါ်မှ ဆင်းလာသည့် ကုရှီချန်းကို မြင်လိုက်ရသည်။ သူ့နောက်မှ ဇိမ်ခံကားတန်းကြီးကို မြင်လိုက်ရသည့်အခါ သူမ၏ နဖူးပေါ်မှ အကြောများမှာ ထောင်တက်လာတော့သည်။

ကုရှီချန်း ဆင်းလာပြီးနောက် နောက်က ဇိမ်ခံကားများထဲမှ စားဖိုမှူးများနှင့် ဝန်ထမ်းအုပ်စုကြီး တစ်စုလုံး ထွက်လာကြသည်။

ကုရှီချန်းသည် ဤအရာအားလုံးကို အထူးတလည် ပြင်ဆင်လာခြင်း ဖြစ်သည်။ ယဲ့ယီကို မရှုံးနိမ့်စေရန်အတွက် သူသည် စားဖိုမှူး တစ်ယောက်ကိုပင် ပို၍ ခေါ်လာခဲ့သေးသည်။

ချန်ထျန်မင်း လုပ်ဆောင်ခဲ့သည်များကို ပြန်သတိရကာ ကုရှီချန်းက သူ၏ စိတ်ခံစားမှုကို ပြင်ဆင်လိုက်ပြီး ယဲ့ယီကို အချစ်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ယဲ့ယီအနေဖြင့် သေချာပေါက် စိတ်လှုပ်ရှားသွားလိမ့်မည်ဟု ကုရှီချန်း ထင်နေသော်လည်း၊ သူမ၏ စိတ်ထဲတွင်မူ ဤသို့ ရေရွတ်နေလေ၏။

[သူ ဘာတွေ ထပ်ပြီး ရူးကြောင်ကြောင် လုပ်နေပြန်ပြီလဲ။ ငါ့ကို တမင်တကာ လာပြီး စိတ်အနှောင့်အယှက် ပေးနေတာလား]

ကုရှီချန်း၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားသည်။ သူသည် စေတနာနှင့် ဤမိန်းမကို လာရောက်အားပေးခြင်း ဖြစ်သော်လည်း၊ သူမကတော့ သူ့ကို ရူးကြောင်ကြောင် လုပ်နေသည်ဟု ပြစ်တင်ကျိန်းမောင်းနေလေ၏။

ကုရှီချန်းက ယဲ့ယီကို ဆက်မကြည့်ချင်တော့ဘဲ စားဖိုမှူးများကို ခေါ်ကာ အတွင်းထဲသို့ တန်းဝင်ရန် ကြံလိုက်သည်။

ထိုစဉ် ယဲ့ယီက လမ်းပိတ်လိုက်ပြီး မေးလိုက်သည်။

“ရှင် ဒီလူတွေ အကုန်လုံးကို အထဲခေါ်သွားဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်”

ကုရှီချန်းက ခေါင်းညိတ်လိုက်သည်။

“သူတို့တွေက နာမည်ကြီး စားသောက်ဆိုင်တွေက စားဖိုမှူးတွေချည်းပဲ”

ယဲ့ယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဘယ်လို စားဖိုမှူးပဲဖြစ်ဖြစ် ကျွန်မ စိတ်မဝင်စားဘူး။ သူတို့ကို ပြန်လွှတ်လိုက်”

ကုရှီချန်း ဇဝေဇဝါ ဖြစ်သွားသည်။

“ဘာဖြစ်လို့လဲ”

ယဲ့ယီက ပြတ်သားစွာ ပြောလိုက်သည်။

“ရိုက်ကူးရေး အချိန်က ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ ရှင် သိရဲ့လား၊ စက္ကန့်တိုင်းကို ရိုက်ကူးရေးအတွက်ပဲ အသုံးချရမှာ၊ ဒီလို အရေးမပါတဲ့ ကိစ္စတွေအတွက် မဟုတ်ဘူး”

ယဲ့ယီ၏ ကြမ်းတမ်းသည့် လေသံကြောင့် ကုရှီချန်းမှာ အကြောင်းပြချက်မရှိဘဲ စိတ်မကောင်း ဖြစ်သွားသည်။

‘ဘေးက ရိုက်ကူးရေးအဖွဲ့က ဒီလို မဟုတ်ပါဘူး။တည်တည်တံ့တံ့နဲ့ ပြတ်သားနေတဲ့ ယဲ့ယီက တကယ်ကို ကြောက်စရာကောင်းပါလား’

[ယဲ့ယီ ဘာတွေ လုပ်နေတာလဲ။ ဥက္ကဌကုက အဝေးကြီးကနေ လာအားပေးတာကို သူက အထဲတောင် အဝင်မခံဘူး]

[ယဲ့ယီ၊ အရမ်း တစ်ကိုယ်ကောင်း မဆန်ပါနဲ့။ ရိုက်ကူးရေးအဖွဲ့ကို အခုလို ပြုစုတာ ဘာမှားလို့လဲ]

[တကယ်တော့ ယဲ့ယီ ပြောတာလည်း အဓိပ္ပာယ်ရှိတယ်။ ရိုက်ကူးရေး အချိန်ဇယားက တကယ်ကို ကျပ်နေတာ အချိန်မဖြုန်းသင့်ဘူး]

[ကောင်းကောင်း အနားယူဖို့ မလိုအပ်ဘူးလား။ ယဲ့ယီမှာ လူတွေကို အနားမယူခိုင်းဖို့ ဘာအခွင့်အရေး ရှိလို့လဲ]

[အဲဒီ ယဲ့ယီ ဆိုတဲ့ မိန်းမက သူ့အကျိုးအမြတ် တစ်ခုပဲ ကြည့်တာ။ လန်ရွှယ်တို့ အဖွဲ့ကို ကြည့်ဦး၊ ဘယ်လောက် အဆင်ပြေလဲ။ ယဲ့ယီနဲ့ အတူအလုပ်လုပ်ရတဲ့သူတွေကတော့ တကယ်ကို ကံဆိုးတာပဲ]

[ပါတီပွဲတွေ ဘာတွေက ရိုက်ကူးရေး ပြီးမှ လုပ်လို့ရတာပဲ။ အလုပ်လုပ်နေတုန်းမှာတော့ အလုပ်ကိုပဲ အာရုံစိုက်သင့်တယ်]

[ယဲ့ပေါင် က ရိုက်ကူးရေးအပေါ် တာဝန်ယူမှု ရှိနေတာပါ၊ ဟုတ်ပြီလား]

[ဥက္ကဌကုရဲ့ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာလေးကို ငါ တစ်ယောက်တည်းပဲ သတိထားမိတာလား]

All Chapters