အခန်း ၅၈
Vol. 6 Ch. 58
အခန်း (၅၈)
ဘာလို့ သားကို အရင်တုန်းက ဒီလောက်ထိ မုန်းခဲ့ရတာလဲ
တစ်စုံတစ်ယောက်က ကုရှီချန်း၏ သနားစဖွယ် မျက်နှာပေးလေးကို တိုက်ရိုက် ပုံဖမ်းရိုက်လိုက်ပြီး ဟာသပုံရုပ်ပြောင် Memeတစ်ခုအဖြစ် ဖန်တီးလိုက်ကြသည်။ ဤပုံရိပ်မှာ ကုရှီချန်း၏ ပုံမှန်ရှိရင်းစွဲ ပုံစံနှင့် အလွန်ကွာခြားလွန်းလှသဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မမျှော်လင့်ဘဲ ရေပန်းစားသွားတော့သည်။
အမှန်စင်စစ် ကုရှီချန်းမှာမူ ဤအကြောင်းကို လက်ရှိတွင် မသိရှိသေးပေ။ သူသည် ရိုက်ကွင်းအဝင်ဝတွင် ယဲ့ယီကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်နေဆဲပင် ဖြစ်သည်။
“သူတို့တွေ ဝင်လို့မရဘူးဆိုရင်တောင် ငါကတော့ ဝင်လို့ရတယ် မဟုတ်လား၊ ကုစဲ့ သရုပ်ဆောင်နေတာ ဘယ်လိုရှိလဲဆိုတာ သွားကြည့်မလို့ပါ”
ကုရှီချန်းက သူ့ကိုယ်သူအတွက် အတော်လေး ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်တစ်ခုကို ပေးလိုက်သည်။
ယဲ့ယီက ခေတ္တစဉ်းစားပြီးနောက် ကုရှီချန်း၏ တောင်းဆိုချက်ကို ရက်ရက်စက်စက်ပင် ငြင်းပယ်လိုက်သည်။
“ရှင် အထဲဝင်သွားရင် ကုစဲ့ရဲ့ သရုပ်ဆောင်ချက်ကို ထိခိုက်လိမ့်မယ်။ သူက မနက်ဖြန် ကျောင်းပြန်တက်ရတော့မှာ၊ ဒီနေ့ ရိုက်စရာ အခန်းတွေကလည်း အများကြီးဆိုတော့ ဘယ်လိုနှောင့်နှေးမှုမျိုးမှ ရှိလို့မဖြစ်ဘူး”
ယခု ကုရှီချန်းမှာ ပြောစရာ စကားလုံး ရှာမရတော့ပေ။
နောက်ဆုံးတွင် ကုရှီချန်းမှာ ပြင်ဆင်လာသည့် နို့လက်ဖက်ရည်များကို ယဲ့ယီ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ယာဉ်တန်းနှင့်အတူ ပြန်လှည့်ထွက်သွားရတော့သည်။
ယဲ့ယီက ထိုနွားနို့လက်ဖက်ရည်များကို ဝန်ထမ်းများအား ဝေမျှပေးခဲ့ပြီး ထို့အပြင် အချိန်ကုန်သက်သာစေရန် ထမင်းစားချိန်မှသာ အားလုံးကို ဝေငှပေးရန် မှာကြားလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ အင်တာနက်အသုံးပြုသူများ၏ ထင်မြင်ချက်များမှာလည်း အမျိုးမျိုး ကွဲပြားနေကြသည်။
[ယဲ့ယီက တကယ်ကို ကျေးဇူးကန်းတာပဲ။ ဥက္ကဌကုက သူ့သားကို ခဏဝင်ကြည့်တာ ဘယ်လောက်တောင် အချိန်ကုန်သွားမှာမို့လို့လဲ၊ သူက ဘာတွေ ဟန်ဆောင်နေတာလဲ]
[ဘာပဲဖြစ်ဖြစ် ဥက္ကဌကုက သနားဖို့ကောင်းတယ်လို့ ငါ ခံစားရတယ်။ သူက သူ့မိန်းမကို အားပေးဖို့ သေသေချာချာ ပြင်ဆင်လာတာကို နောက်ဆုံးကျတော့ အထဲတောင် အဝင်မခံဘူး]
[တကယ်တော့ ယဲ့ယီက ဒီရုပ်ရှင်အပေါ် တော်တော်လေး တာဝန်ယူမှု ရှိတာပါ။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်ကတော့ ချီးကျူးဖို့ ကောင်းပါတယ်]
[ငါ့ကိုမေးရင်တော့ ယဲ့ယီက အရမ်းတွန့်တိုတာပဲ။ ခဏလောက် အနားယူတာက ဘယ်လောက်များ အချိန်ကုန်သွားမှာမို့လို့လဲ၊ ဒါ့အပြင် အားလုံးကလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေကြတာပဲ နည်းနည်းပါးပါး အနားယူသင့်တာပေါ့]
[အင်း... သူတို့က ရိုက်တာ တစ်ရက်ပဲ ရှိသေးတာလေ။ အခုကတည်းက အနားယူဖို့ဆိုတာ အစောကြီး ရှိသေးတယ် မဟုတ်လား]
[ယဲ့ယီရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်ကြောင့်ပဲ ဒီရုပ်ရှင် ထွက်လာရင် ငါ သေချာပေါက် သွားကြည့်မယ်]
အင်တာနက်အသုံးပြုသူများ၏ အမြင်များမှာ ကွဲပြားနေကြသော်လည်း အများစုကမူ ယဲ့ယီသည် ဤရုပ်ရှင်အပေါ် အမှန်တကယ်ပင် အလေးအနက် ထားကြောင်း ခံစားမိကြသဖြင့် သူမအပေါ် ထားရှိသည့် သဘောထားမှာ အနည်းငယ် ပြောင်းလဲလာကြသည်။
ကုရှီချန်း ကုမ္ပဏီသို့ ပြန်ရောက်သောအခါ အတော်ကြာ စဉ်းစားပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ပို့စ်တစ်ခု တင်ရန် ဆုံးဖြတ်လိုက်သည်။ ဘာအကြောင်းပဲရှိရှိ သူနှင့် ယဲ့ယီမှာ မိသားစု ဖြစ်နေသေးသဖြင့် သူမဘက်မှ သင့်တော်သလို ကာကွယ်ပေးရန်မှာ မှန်ကန်သည့် လုပ်ရပ်ပင် ဖြစ်သည်။
ကုရှီချန်းသည် လူတွေ ပုံမှန်အားဖြင့် မည်သို့ ပို့စ်တင်တတ်ကြသည်ကို အွန်လိုင်းတွင် ရှာဖွေကြည့်ခဲ့ပြီး ထို့နောက် သူ၏ လက်ထောက်ထံမှ အကြံဉာဏ် တောင်းခံကာ စာသားတစ်ခု ရေးသား၍ တင်လိုက်လေသည်။
ကုရှီချန်း V : @ယဲ့ယီ အလုပ်ကို အလေးအနက်ထားပြီး လုပ်နေတဲ့ မင်းက အလှဆုံးပါပဲ။ ဆက်ပြီး ကြိုးစားပါ၊ မင်းက အကောင်းဆုံးပါပဲ။ မင်းရဲ့ နောက်ကွယ်က အမျိုးသားတစ်ယောက်အဖြစ် ထာဝရ ရှိနေပေးပါရစေ။မင်း ပင်ပန်းတဲ့အခါ နောက်ကို လှည့်ကြည့်လိုက်ပါ ၊ငါ အမြဲတမ်း ရှိနေမှာပါ။
ထိုစာသားနှင့်အတူ ယဲ့ယီ၏ လှပသော ဓာတ်ပုံတစ်ပုံကိုလည်း ပူးတွဲ တင်လိုက်သည်။
ကုရှီချန်း၏ ပို့စ် တက်လာပြီးနောက် လူမှုကွန်ရက် စာမျက်နှာမှာ ပျက်ကျလုနီးပါး ဖြစ်သွားလေသည်။
ပထမတွင် အင်တာနက်အသုံးပြုသူများက တစ်စုံတစ်ယောက်က တမင်တကာ နောက်ပြောင်နေခြင်း ဖြစ်ရမည်ဟု ထင်ခဲ့ကြသော်လည်း အကောင့်မှာ ‘ကုကော်ပိုရေးရှင်း ဥက္ကဌ’ဟု အတည်ပြုထားသည်ကို တွေ့လိုက်ရသောအခါ အားလုံး ပါးစပ်ပိတ်သွားကြတော့သည်။ အင်တာနက်အသုံးပြုသူ တော်တော်များများက ကုရှီချန်း၏ အကောင့်မှာ ဟက်ခ်ခံလိုက်ရသလားဟုပင် တွေးတောမိကြသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ချိုမြိန်လွန်းသည့် အချစ်စာသားများမှာ ကုရှီချန်းကဲ့သို့ အာဏာရှင်ဆန်သည့် ဥက္ကဌကြီးတစ်ဦးမှ ထွက်လာမည့်စကားမျိုး မဟုတ်ပေ။
အမှန်စင်စစ် ဤစကားလုံးများမှာ ကုရှီချန်း ကိုယ်တိုင် ရေးသားခြင်း မဟုတ်ဘဲ လက်ထောက်၏ ပြင်းပြင်းထန်ထန် အကြံပြုချက်ကြောင့် ရေးသားခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် ကုရှီချန်းမှာ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ ဤစကားလုံးများမှာ အလွန်ပင် ရှက်စရာကောင်းသည်ဟု သူ ခံစားရသော်လည်း ထိုအချိန်တွင် လက်ထောက်က ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သည်။
“ဒီလို အရေးအသားမျိုးက အခု အင်တာနက်မှာ အရမ်း ခေတ်စားနေတာ။ ဒါမျိုး တင်လိုက်ရင် သေချာပေါက် လူပြောများသွားလိမ့်မယ်”
အမှန်တကယ်ပင် ကုရှီချန်း၏ ပို့စ်မှာ လူပြောအလွန်များသွားခဲ့သည်။
သူ့ပို့စ်အောက်ရှိ မှတ်ချက်များမှာ ချက်ချင်းပင် တစ်သောင်းကျော်သွားတော့သည်။
အပျင်းမကြီးဘဲ အလုပ်ခိုးလုပ်သူ : ကူညီကြပါဦး၊ ဥက္ကဌကုက ဒီလို အီစိမ့်နေတဲ့ စာသားတွေကို ဘယ်လိုများ တင်လိုက်တာလဲ။ ဥက္ကဋ္ဌကု ခင်ဗျားရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာနဲ့ ဘာတွေ လုပ်နေတာလဲ
ထိပ်မပြောင်သော သူရဲကောင်း : ဘုရားရေ၊ ဒါ ငါ့မှတ်ဉာဏ်ထဲက အာဏာရှင် ဥက္ကဌကြီး ဟုတ်သေးရဲ့လား ဒါမှမဟုတ် ငါ့ရဲ့ အင်တာနက်လိုင်းက အရမ်းနှေးနေလို့ ခေတ်နောက်ကျ ကျန်ခဲ့တာလား
ကမ္ဘာ့အဆင့်မီ ရဲရင့်သော သံမဏိမိန်းကလေးစိတ်ထား - နက်တီဇင် : ခေတ်တွေက အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာပဲ။ အခုပဲ လူမှုကွန်ရက်ကို ဖွင့်လိုက်တာ ဟိုအရင်နှစ်တွေဆီ ပြန်ရောက်သွားသလိုပဲ။ သခင်လေးလုံ ခင်ဗျား ရှိသေးလား။
ရှုံးနိမ့်ခြင်းမရှိသည့် အေးစက်စက် အာဏာရှင် သခင်လေးလုံ : @ကမ္ဘာ့အဆင့်မီ ရဲရင့်သော သံမဏိမိန်းကလေးစိတ်ထား-နက်တီဇင် , ကောင်မ ငါ ရှိသေးတယ်ဟဲ့။
ငန်းသားစားသည့် ဖားသူငယ် : မင်းတို့တွေ သူတို့ကို တွဲကြတော့မှာလား။ မင်းတို့ မလုပ်ရင် ငါ အရင်စလုပ်တော့မယ်နော်…
မေယန်ယန်ဆန်း : ဥက္ကဌကုနဲ့ ယဲ့ယီတို့ ကွာရှင်းတော့မယ်လို့ ဘယ်သူပြောတာလဲ။ ပါးရိုက်မခံချင်ရင် မြန်မြန် ထွက်လာခဲ့ကြ။
လူကောင်သေးသေးလေး : ဒါက သေချာပေါက် အတုပဲ ဖြစ်ရမယ်။ ဘယ်လို အာဏာရှင် ဥက္ကဌကြီးက ဒီလို စကားတွေ ပြောမှာလဲ။
လူအချို့က ကုရှီချန်း ကိုယ်တိုင် တင်ခြင်းဖြစ်ကြောင်း မယုံကြည်ကြသော်လည်း ကုရှီချန်းနှင့် ယဲ့ယီတို့ကို တွဲအားပေးသည့် ပရိသတ်များမှာမူ မဆုံးနိုင်အောင်ပင် များပြားလာသည်။
တစ်စုံတစ်ယောက်ကဆိုလျှင် သူတို့နှစ်ဦးအတွက် အထူးသီးသန့် ဖန်တီးထားသည့် ခေါင်းစဉ် တစ်ခုပင် ဖန်တီးလိုက်သေးသည်။
ထို့ပြင် ကုရှီချန်းနှင့် ယဲ့ယီတို့၏ အတွဲအမည် မှာ ပို၍ပင် ထူးခြားလှသည်။ ကုရှီချန်း တင်ခဲ့သည့် ပို့စ်နှင့် ပေါင်းစပ်ပြီး ပရိသတ်များက သူတို့ကို အလွန်ပင် သင့်လျော်သည့် အမည်တစ်ခု ပေးလိုက်ကြသည်။
‘ယဲ့ယီနှင့် သူမ၏ နောက်ကွယ်က အမျိုးသား’
ဤအတွဲအမည်မှာ အတော်လေးကို ကောင်းမွန်လှသည်။
ကုရှီချန်းနှင့် ယဲ့ယီတို့ အတွဲ၏ လူကြိုက်များမှု ပေါက်သွားသည်နှင့်အမျှ ယဲ့ယီ၏ လူမှုကွန်ရက်ပေါ်ရှိ စောင့်ကြည့်သူအရေအတွက်မှာလည်း နှစ်ဆတိုး၍ များပြားလာတော့သည်။
ယဲ့ယီမှာ ကုရှီချန်းက သူမအတွက် ပရိသတ် အများအပြား ရရှိအောင် ကူညီပေးခဲ့သည်ကို လုံးဝ မသိရှိဘဲ ရိုက်ကူးရေးတွင်သာ အလေးအနက် အာရုံစိုက်နေဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လန်ရွှယ်၏ ရိုက်ကူးရေးအဖွဲ့မှာ ဟိတ်ဟန်အပြည့်ဖြင့် အောင်ပွဲခံနေခြင်းကြောင့် အင်တာနက်အသုံးပြုသူအချို့၏ ဝေဖန်ခြင်းကို ခံလိုက်ရသဖြင့် လန်ရွှယ်တို့မှာ နောက်ထပ် ဟိတ်ဟန် အကြီးအကျယ် မထုတ်ရဲတော့ပေ။
ယဲ့ယီတို့ဘက်တွင်မူ အရေးကြီးသည့် အခန်းတစ်ခုသို့ ရောက်ရှိလာသည်။
ပထွေးအဖြစ် သရုပ်ဆောင်သည့် ကျီချန်ဖန်က အရက်သောက်ပြီး အိမ်ပြန်လာကာ မောင်လေးအဖြစ် သရုပ်ဆောင်သည့် ကုစဲ့ကို အရက်ပုလင်းနှင့် ရိုက်ရန် ကြိုးစားခဲ့သည်။ ဇာတ်ကောင် ယဲ့ယီက အချိန်ပိုင်းအလုပ်မှ အိမ်သို့ ပြန်ရောက်လာပြီး မောင်လေးကို ကာကွယ်ရန် ချက်ချင်း ပြေးဝင်လာသည်။ သူမက မောင်လေးကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် အရက်ပုလင်းမှာ ယဲ့ယီ၏ ကျောပေါ်သို့ ကျကွဲသွားသည်။ မောင်လေးမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ငိုယိုကာ ယဲ့ယီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ နောက်အခန်းတွင် မောင်နှမနှစ်ဦး အခန်းထဲတွင် ရင်ဖွင့်စကားပြောကြပြီး မောင်လေးမှာ ယဲ့ယီ၏ ရင်ခွင်ထဲတွင် စိတ်လှုပ်ရှားစွာ ဆက်တိုက် ငိုကြွေးနေရမည် ဖြစ်သည်။
အရက်သမား ပထွေးတစ်ယောက်၏ ပုံရိပ်ကို ဤနေရာတွင် ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်သကဲ့သို့ မောင်နှမနှစ်ဦး အပြန်အလှန် မှီခိုအားထားနေကြသည့် ခံစားချက်ကိုလည်း ဖော်ကျူးရမည် ဖြစ်သည်။ သရုပ်ဆောင်အားလုံးသည် ၎င်းတို့၏ ဇာတ်ကောင်များထဲသို့ အပြည့်အဝ စီးမျောဝင်ရောက်ရန် လိုအပ်သည်။
ယဲ့ယီနှင့် ကျီချန်ဖန်တို့အတွက် ပြဿနာ မရှိသော်လည်း ကုစဲ့၏ အလှည့်ရောက်သောအခါ သူသည် ယဲ့ယီကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေပြီး ဇာတ်ဝင်ခန်းထဲသို့ စိတ်မရောက်နိုင် ဖြစ်နေသည်။
အားလုံးက ကုစဲ့ အရမ်း စိတ်လှုပ်ရှားနေသည်ဟု ထင်ကြသဖြင့် စိတ်လျှော့ထားရန်နှင့် ဆက်လက် ရိုက်ကူးရန် အားပေးကြသော်လည်း ကုစဲ့မှာ ဇာတ်ဝင်ခန်းထဲသို့ မဝင်နိုင်သေးပေ။
ယဲ့ယီကလည်း ကုစဲ့၏ အခြေအနေမှာ အနည်းငယ် မူမမှန်ကြောင်း သတိထားမိသဖြင့် ဒါရိုက်တာကို အခြားအခန်းများ အရင်ရိုက်ရန် ပြောဆိုကာ ကုစဲ့ကို သီးသန့် ခေါ်ထုတ်သွားတော့သည်။
ကုစဲ့က ခေါင်းငုံ့ထားပြီး ယဲ့ယီကို မကြည့်ရဲပေ။
ယဲ့ယီက သူ့ကိုကြည့်ရန် ငုံ့လိုက်ပြီး မေးလိုက်သည်။
“နားမလည်တာ တစ်ခုခု ရှိလို့လား”
ကုစဲ့ စကားမပြောပေ။ စောစောက အခန်းကို ရိုက်နေစဉ်တွင် သူသည် အတိတ်က ကိစ္စရပ်များကို ရုတ်တရက် သတိရသွားခြင်း ဖြစ်သည်။ ယခင်က ယဲ့ယီမှာလည်း ရုပ်ရှင်ထဲက ပထွေးကဲ့သို့ပင် ဖြစ်ပြီး သူ့ကို အချိန်မရွေး ရိုက်နှက် ဆဲဆိုနေတတ်သည်။
အတူတူ ကုန်ဆုံးခဲ့သည့် အချိန်တောအတွင်း ကုစဲ့အနေဖြင့် အတိတ်က ကိစ္စများကို ဂရုမစိုက်တော့ရန် စဉ်းစားခဲ့သော်လည်း ယခုမူ သူ မသေချာတော့ပေ။ ကုရှီချန်း အရင်က ပြောခဲ့သည့် စကားမှာ မှန်ကန်နေမလားဟုပင် သူ ရုတ်တရက် ခံစားလိုက်ရသည်။
‘အကယ်၍ ယဲ့ယီက အခု ဟန်ဆောင်နေတာဆိုရင်ရော’
ကုစဲ့ စကားမပြောသည်ကို မြင်သောအခါ ယဲ့ယီက စိတ်မဆိုးဘဲ စိတ်ရှည်လက်ရှည် ဆက်မေးသည်။
“တစ်ခုခု မှားနေရင် ပြောလို့ရပါတယ်။ အမေ သားကို ကူညီနိုင်မလားလို့ပါ”
ထိုအခါမှသာ ကုစဲ့က ခေါင်းမော့လာပြီး သူ၏ မျက်လုံးများမှာ နီရဲနေတော့သည်။
“ဘာလို့ အရင်တုန်းက သားကို အဲဒီလောက်တောင် မုန်းခဲ့တာလဲ”
ဤမေးခွန်းက ယဲ့ယီကို အခက်တွေ့သွားစေသည်။ သူမအနေဖြင့် ကုစဲ့ကို တစ်ခါမှ မမုန်းခဲ့ဖူးသော်လည်း ဤအရာကို ရှင်းပြရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။
ယဲ့ယီက သက်ပြင်းတစ်ချက်ချကာ တစ်ခုခုကို လုပ်ကြံဖန်တီး၍ ပြောလိုက်ရတော့သည်။
“ဘာလို့လဲဆိုတော့ အဲဒီတုန်းက မင်းရဲ့ အဖေက မင်းကိုပဲ ချစ်ပြီး ငါ့ကို မချစ်တော့မှာ စိုးရိမ်ခဲ့လို့ပါ”