အခန်း ၅၉
Vol. 6 Ch. 59
အခန်း (၅၉)
အဖေတို့ မကွာရှင်းလို့ မရဘူးလား
ကလေးငယ်တစ်ယောက်အတွက် ဤသည်မှာ နားလည်ရအလွယ်ကူဆုံးပင်ဖြစ်သည်။ မိမိနှစ်သက်သည့်အရာများကို အခြားသူများနှင့် ခွဲဝေခံစားရန် မည်သည့်ကလေးကမျှ အလိုမရှိကြပေ။
ကုစဲ့က ဆက်လက်၍ သတိကြီးစွာ မေးမြန်းလိုက်သည်။
“ဒါဆို အခုကျတော့ ဘာလို့ သားအပေါ် ဒီလောက်တောင် ကောင်းနေရတာလဲ”
ကောင်လေးတွင် မေးခွန်းများစွာ ရှိနေသော်လည်း ယဲ့ယီကမူ အလေးအနက်ပင် ပြန်လည်ဖြေကြားပေးခဲ့သည်။
“ဘာလို့လဲဆိုတော့ ငါ မင်းအဖေကို မချစ်တော့လို့ပဲ။ ငါ့အမြင်မှာတော့ မင်းက မင်းအဖေထက် ပိုချောတယ်၊ ဒါကြောင့် အခု မင်းကို ပိုသဘောကျသွားတာ”
ယဲ့ယီမှာ တည်ကြည်သောမျက်နှာထားဖြင့် အဓိပ္ပာယ်မရှိသည်များကို လျှောက်ပြောနေခြင်းဖြစ်သော်လည်း ကုစဲ့ကမူ သူမပြောသည်ကို အဟုတ်မှတ်၍ ယုံကြည်သွားတော့သည်။
ကုစဲ့သည် မိမိကိုယ်ကိုယ် ဖခင်ဖြစ်သူထက် ပို၍ရုပ်ရည် ချောမောသည်ဟု ခံစားလိုက်ရသော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်နေဆဲပင် ဖြစ်သည်။
“ဒါဆို မေမေက သားအပေါ် အမြဲတမ်း ကောင်းနေမှာလား”
ယဲ့ယီ အရင်လို ပြန်ဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။ ယဲ့ယီ ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ဇာတ်ကောင်စရိုက် ပျက်မသွားစေရန် တမင်တကာပင် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“မကွာရှင်းခင်အထိတော့ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကို ငါ အတတ်နိုင်ဆုံး ကျေပွန်အောင် လုပ်ပေးပါ့မယ်”
[အမေသာ မင်းရဲ့ အုပ်ထိန်းခွင့်ကို ရမယ်ဆိုရင်တော့ မင်းကို အမေနဲ့အတူ ခေါ်ထားဖို့ ဝန်မလေးပါဘူး။ ဒီလောက်ထိ ချစ်စရာကောင်းတဲ့ သားတစ်ယောက်ကို အလကားရလိုက်တာက ငါ့အတွက်တော့ အကြီးအကျယ် အမြတ်ထွက်တာပဲ။]
ယဲ့ယီ၏ စိတ်ရင်းကို ကြားလိုက်ရမှသာ ကုစဲ့မှာ နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။ ယခုဆိုလျှင် သူသည် ဖခင်ဖြစ်သူနှင့် ကွာရှင်းရမည့်အရေးကို အလေးအနက် ဆွေးနွေးနိုင်ပြီဖြစ်သည်။
ကုစဲ့က ရှေ့သို့တိုးကာ ယဲ့ယီ၏လက်ကို ဆွဲလိုက်ပြီး အနည်းငယ် မာန်ပါပါဖြင့် ပြော၏။
“သား အခု ရိုက်ကူးရေး ပြန်လုပ်လို့ရပြီ”
ယဲ့ယီကလည်း သူမ လက်ကို အသာအယာ အဆွဲခံလိုက်သည်။ သူမ၏ မျက်နှာမှာ တည်ငြိမ်အေးစက်နေသော်လည်း စိတ်ထဲတွင်မူ အတိုင်းမသိ ပျော်ရွှင်နေတော့သည်။
ထို့နောက်တွင် ရိုက်ကူးရေးမှာ အတော်လေး အဆင်ပြေချောမွေ့သွားသည်။ ကုစဲ့၏ အခန်းများ ရောက်လာသည့်အခါ လူတိုင်း သူ့ကို စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြသည်။
မိမိ၏ ဘေးကင်းလုံခြုံမှုအတွက် ဂရုမစိုက်ဘဲ ကယ်တင်ပေးခဲ့သည့် ယဲ့ယီ၏ပုံရိပ်ကို ပြန်လည်အမှတ်ရရင်း ကုစဲ့သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားကာ မျက်ရည်များ ကျလာခဲ့တော့သည်။
“ရပ် ...ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်”
ဒါရိုက်တာက ကုစဲ့ကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်သည်။
ကုစဲ့က သူ၏မျက်ရည်များကို သုတ်လိုက်ပြီး ယဲ့ယီကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။ယဲ့ယီကမူ တည်ငြိမ်စွာဖြင့်ပင် ချီးကျူးလိုက်သည်။
“မဆိုးပါဘူး”
သို့သော် ယဲ့ယီတစ်ယောက် စိတ်ထဲတွင် မည်မျှပင် ဂုဏ်ယူနေသည်ကို ကုစဲ့တစ်ဦးတည်းသာ သိရှိလေသည်။
[ငါ့သားကတော့ တကယ်ကို အတော်ဆုံးပဲ။ သူ့ကို နမ်းတောင် နမ်းလိုက်ချင်သေးတယ်။ မဖြစ်ဘူး၊ ငါ စိတ်ကို ထိန်းရမယ်]
မျက်စိတစ်မှိတ်အတွင်းမှာပင် ညစာစားချိန်သို့ ရောက်ရှိလာသည်။ ယဲ့ယီက ကုရှီချန်း စောစောက ပို့ပေးထားသည့် နို့လက်ဖက်ရည်များကို ဝေငှပေးရန် ဝန်ထမ်းများကို ညွှန်ကြားလိုက်သည်။
အပူချိန်ထိန်းသေတ္တာများကြောင့် နို့လက်ဖက်ရည်များမှာ ခုလေးတင် ဖျော်ထားသည့်အတိုင်းပင် လတ်ဆတ်နေဆဲဖြစ်သည်။
ကျီချန်ဖန် နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ပြုံး၍ ပြောလိုက်သည်။
“ရှောင်ယီ၊ ဥက္ကဌကုက နို့လက်ဖက်ရည်တွေ ပို့ပေးတာတောင် ဘာလို့ မျက်နှာ လာမပြတာလဲ”
ယဲ့ယီက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ရိုက်ကူးရေးကို ထိခိုက်မှာ စိုးလို့ ကျွန်မက အဝင်မခံလိုက်တာပါ”
တုန်မင်ရွှမ်ကလည်း နို့လက်ဖက်ရည်ခွက်ကို ကိုင်ကာ လျှောက်လာသည် ။
“ကျွန်တော်ကတော့ ဥက္ကဌကုကို တွေ့ရမယ်လို့ ထင်နေတာ။ နှမြောစရာပဲ”
ကျီချန်ဖန်က သူ၏ပုခုံးကို ပုတ်ကာစနောက်လိုက်သည်။
“မင်းလို အနုပညာလောကထဲက ကလေးက ဥက္ကဌကုကို ဘာလို့ တွေ့ချင်နေရတာလဲ”
တုန်မင်ရွှမ်၏ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်မှာ အလွန်ပင် ကောင်းမွန်လှရာ နှစ်ရက် မပြည့်သေးခင်မှာပင် ရိုက်ကူးရေးအဖွဲ့ရှိ လူတိုင်းနှင့် ရင်းနှီးသွားခဲ့သည်။
“ဥက္ကဌကုက ကျွန်တော်တို့လို လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်ပဲလေ။ သူနဲ့တွေ့ရင် အမှတ်တရ လက်မှတ်တောင် တောင်းချင်နေတာ”
တုမ်မင်ရွှမ်က အားကျသည့်ဟန်ဖြင့် ပြောလိုက်သည်။
ကျီချန်ဖန်က ပြုံးပြီး သူ၏ခေါင်းကို ပုတ်ကာ ဆိုသည်။
“ရည်မှန်းချက်ကြီးလှချည်လား”
ယဲ့ယီကလည်း ပြုံးလျက်ပင် တုန်မင်ရွှမ်၏ ပုခုံးကို ပုတ်ကာ ကတိပေးလိုက်သည်။
“စိတ်မပူပါနဲ့၊ နောင်တစ်ချိန်မှာ မင်းရဲ့ စံပြပုဂ္ဂိုလ်နဲ့ လူကိုယ်တိုင် တွေ့ဆုံနိုင်ဖို့ ငါ သေချာပေါက် စီစဉ်ပေးပါ့မယ်”
တုန်မင်ရွှမ်က စိတ်လှုပ်ရှားသည့်ဟန်ဖြင့် ကျေးဇူးတင်လိုက်သည်။
“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် မမယဲ့။ ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်”
တုန်မင်ရွှမ်၏ စကားကြောင့် လူတိုင်းမှာ ရယ်မောပျော်ရွှင်သွားကြပြီး ရိုက်ကူးရေးကြောင့် ပင်ပန်းနွမ်းနယ်နေသမျှမှာလည်း လွင့်စင်သွားတော့သည်။
နောက်ထပ် အခန်းအချို့ကို ရိုက်ကူးပြီးနောက် မှောင်စပြုလာသဖြင့် ယဲ့ယီက ကားဆရာကို ခေါ်ကာ ကုစဲ့ကို အိမ်သို့ ပြန်ပို့ခိုင်းလိုက်သည်။
မည်သို့ပင်ဖြစ်စေ ကုစဲ့သည် မနက်ဖြန်တွင် ကျောင်းပြန်တက်ရတော့မည် မဟုတ်လော။
ယဲ့ယီသည် အားလုံးနှင့်အတူ ညနက်သည်အထိ အလုပ်လုပ်ခဲ့ပြီးနောက် ရိုက်ကွင်းအနီးရှိ ငှားရမ်းထားသည့် အိမ်တွင်ပင် တည်းခိုလိုက်တော့သည်။
ရိုက်ကူးရေးအဖွဲ့တွင် လူသစ်များသာ အများစုဖြစ်သော်လည်း လူသစ်ဖြစ်ရခြင်းမှာ အားသာချက်ရှိသည်။အနည်းဆုံးတော့ မာန်မာနကြီးသည့် သရုပ်ဆောင်မျိုး မရှိပေ။ လူတိုင်းမှာ ပေါင်းသင်းရလွယ်ကူပြီး ဇာတ်ညွှန်းအပေါ် အလေးအနက်ထားကြကာ နားမလည်သည်များကို ဒါရိုက်တာ သို့မဟုတ် ယဲ့ယီကို အမြဲတမ်း လာရောက်မေးမြန်းလေ့ရှိသည်။
ပြင်ပလူများက အို၊နာ၊ကျိုး၊ကန်းဟု မြင်ကြသည့် ဤရိုက်ကူးရေးအဖွဲ့မှာ တကယ်တမ်းတွင်မူ အလွန်ပင် စည်းလုံးညီညွတ်လှသည်။
ရိုက်ကွင်းပေါ်မှ နေ့စဉ်ဘဝ အချို့ကိုလည်း ‘ကြယ်ပွင့်မိသားစု’ အစီအစဉ်အတွက် ရိုက်ကူးထားခဲ့သည်။ အွန်လိုင်းပေါ်မှ ဝေဖန်မှုများမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည် ။လူအများစုက ဤရုပ်ရှင်အပေါ် မျှော်လင့်ချက် သိပ်မထားကြသေးသော်လည်း သူတို့၏ ကြိုးစားအားထုတ်မှုကြောင့် အင်တာနက်အသုံးပြုသူအချို့၏ စိတ်ကို ဖမ်းစားနိုင်ခဲ့သည်။
ကုစဲ့ အိမ်သို့ ရောက်ရှိချိန်တွင် ကုရှီချန်းမှာလည်း အလုပ်မှ ပြန်ရောက်ကာစ ရှိသေးသည်။
ကုစဲ့ ချက်ချင်းပင် ရှေ့သို့တိုးကာ ကုရှီချန်း၏ လက်ကို ဆွဲလိုက်သည်။
ကုရှီချန်းမှာ ကုစဲ့၏ ရုတ်တရက် အပြုအမှုကြောင့် အံ့သြသွားရသည်။ သူသည် ကုစဲ့အပေါ် အမြဲတမ်း တင်းတင်းကြပ်ကြပ် ရှိတတ်ပြီး ကုမ္ပဏီတွင်သာ အချိန်ကုန်လေ့ရှိသဖြင့် ကုစဲ့အနေဖြင့် ယခုကဲ့သို့ လာရောက်ကပ်သည်မှာ ရှားပါးလှသည်။
ကုရှီချန်းက ကုစဲ့၏ခေါင်းကို ပွတ်သပ်ပေးကာ မေးလိုက်သည်။
“သား ပင်ပန်းနေပြီလား”
ကုစဲ့ ခေါင်းခါပြကာ ပြန်ဖြေသည်။
“မပင်ပန်းပါဘူး။ မေမေနဲ့အတူ ရိုက်ရတာ ပျော်ဖို့ကောင်းတယ်”
ကုစဲ့သည် ယဲ့ယီနှင့်အတူ ရိုက်ကူးခဲ့ကြောင်း ပြောလာသဖြင့် ကုရှီချန်းမှာ ထူးဆန်းစွာပင် မနာလိုဖြစ်မိသည်။ ယနေ့ သူသည် ရိုက်ကွင်းသို့ ရောက်ခဲ့သော်လည်း ယဲ့ယီက ဝင်ခွင့်မပေးဘဲ နှင်ထုတ်ခဲ့သည် မဟုတ်လော။မျှော်လင့်ထားသည့်အတိုင်းပင် ယဲ့ယီသည် ကုစဲ့ ကို ပို၍ သဘောကျနေဆဲ ဖြစ်သည်။
ကုစဲ့ က ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သတိကြီးစွာဖြင့် ဆိုသည်။
“ဖေဖေ၊ သားဖေဖေနဲ့ ဆွေးနွေးစရာ ရှိတယ်”
ကုရှီချန်းက ကုစဲ့ကို နားမလည်သလို ကြည့်ကာ စာကြည့်ခန်းသို့ ခေါ်သွားခဲ့သည်။
စာကြည့်ခန်းထဲသို့ ရောက်သောအခါ ကုရှီချန်းက ကုစဲ့ကိုကြည့်ကာ မေးလိုက်သည်။
“အဖေနဲ့ဘာဆွေးနွေးချင်လို့လဲ”
ကုစဲ့က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“အဖေ၊ အဖေနဲ့ မေမေ မကွာရှင်းလို့ မရဘူးလားဟင်”
“ဒါကို ပြီးခဲ့တဲ့တစ်ခေါက်က ဆွေးနွေးပြီးသား မဟုတ်ဘူးလား”
ကုစဲ့သည် ဤကိစ္စကို ထပ်မံ ပြောဆိုလာသဖြင့် ကုရှီချန်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။
“အဖေ၊ သား အတိတ်က ကိစ္စတွေကို ဂရုမစိုက်တော့ဘူး။ သားတို့ မိသားစု အတူတူ နေနိုင်ဖို့ပဲ လိုချင်တာ”
ကုစဲ့က အလေးအနက် ပြောလိုက်သည်။
ကုရှီချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
“သူ မင်းကို တစ်ခုခု ပြောလိုက်လို့လား”
ကုစဲ့က ခေါင်းကို သွက်သွက်ခါယမ်းကာ ပြောလိုက်သည်။
“ဟင့်အင်း၊ သားဘာသာ စဉ်းစားမိတာပါ။ အဖေ၊ သား သူ့ကို တကယ်သဘောကျတယ်၊ ပြီးတော့ သူက သားအပေါ် အမြဲတမ်း ကောင်းသွားပါ့မယ်လို့လည်း ကတိပေးထားတယ်။သား သူ့ကို ယုံကြည်တယ်”
ကုရှီချန်း ဘာမှ ပြန်မပြောပေ။
ကုစဲ့ က ဆက်ပြောသည်။
“ပြီးတော့ အဖေလည်း မေမေ့ကို သဘောကျနေတာ မဟုတ်ဘူးလား”
ကုရှီချန်း၏ နားရွက်များမှာ ချက်ချင်းပင် နီရဲသွားပြီး ရှက်စိတ်ကြောင့် ဒေါသထွက်ဟန်ဖြင့် ငေါက်လိုက်သည်။
“ဘယ်သူက ငါ သူ့ကို သဘောကျတယ်ပြောလို့လဲ”
ကုစဲ့ကပြန်ချေပသည်။
‘အဖေ ရှင်းပြမနေပါနဲ့၊သား နားလည်ပါတယ်’ ဆိုသော မျက်နှာပေးလေးဖြင့် လေးလေးနက်နက် ဆက်ပြောသည်။
“မေမေကတော့ သားက အဖေ့ထက် ပိုချောလို့ သားကိုပဲ သဘောကျတယ်လို့ ပြောပေမဲ့၊ သား အဖေ့အတွက် ကောင်းကြောင်းလေးတွေ ပြောပေးပါ့မယ်”
“မင်းက ငါ့ထက် ပိုချောတယ် ဟုတ်လား”
ကုရှီချန်းက ကုစဲ့ကို မည်သို့မျှ အဓိပ္ပာယ်ဖော်မရသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ကုစဲ့က မာန်တက်စွာ ခေါင်းမော့ပြန်ဖြေသည်။
“ဟုတ်တယ်၊ မေမေက ပြောတာ... သားက အဖေ့ထက် ပိုချောတယ်တဲ့”
ကုရှီချန်းက နှာခေါင်းရှုံ့လိုက်ပြီး မေး၏။
“မင်းလို ကလေးလေးက ဘယ်နားက ချောနေလို့လဲ”
“အဖေက သားကို မနာလိုဖြစ်နေတာပဲ၊ ဒါပေမဲ့ သားနားလည်ပေးနိုင်ပါတယ်”
ထိုသို့ပြောပြီးနောက် ကုစဲ့က ‘ကြည့်စမ်း၊သား ဘယ်လောက်တောင် နားလည်မှု ရှိသလဲ’ ဆိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ကုရှီချန်းမှာမူ ဒေါသထွက်ရမလို၊ ရယ်ရမလို ဖြစ်သွားကာ ပြန်ပြောလိုက်သည်။
“ငါက မင်းကို မနာလို ဖြစ်တယ် ဟုတ်လား”
ကုရှီချန်းသည် ဤစကားကို သူကြားဖူးသမျှထဲတွင် အရယ်ရဆုံးသော စကားဟု ခံစားလိုက်ရသည်။
ကုစဲ့က ဖခင်ဖြစ်သူအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်ကာ ဆို၏။
“စိတ်မပူပါနဲ့ အဖေ။ အဖေက သားထက် နည်းနည်းလေးပဲ ရုပ်ဆိုးတာဆိုတော့ မေမေက အဖေ့ကို သဘောကျဦးမှာပါ”
ကုရှီချန်းတစ်ယောက် ကိုယ့်နဖူးကို ပွတ်ရင်း အမိန့်ပေးလိုက်သည်။
“အခန်းထဲ ပြန်ပြီး အိပ်တော့။ ကွာရှင်းမဲ့ကိစ္စကို အဖေ သေသေချာချာ ထပ်စဉ်းစားပါ့မယ်”
ကုစဲ့ သည်လည်း လိမ္မာစွာ အခန်းထဲသို့ ပြန်၍ အိပ်လိုက်တော့သည်။
ကုစဲ့ ထွက်သွားပြီးနောက် ယဲ့ယီသည် ကုစဲ့မှာ မိမိထက် ပို၍ ချောသည်ဟု ပြောခဲ့သည့်အကြောင်းကို ပြန်တွေးမိပြီး စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ထိုမိန်းမ၏ မျက်လုံးများ သေချာပေါက် ပြဿနာရှိနေရမည်။
’ကလေးတစ်ယောက်က သူ့ထက် ဘယ်လိုလုပ်ပြီး ချောနိုင်မှာလဲ’
သို့သော် သူ၏ အတွေးများကို ပြန်လည် သတိပြုမိလိုက်သောအခါ ကုရှီချန်းမှာ အလုပ်ဖိအားများလွန်းသဖြင့် ကလေးတစ်ယောက်နှင့်ပင် ပြိုင်ဆိုင်နေမိပြီဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်လိုက်မိသည်။