အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀)
အီစိမ့်နေတဲ့ အချစ်စကားလုံးများ
ကိုယ်လက်သန့်စင်ပြီးနောက် ယဲ့ယီသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း လတ်တလော ထူးခြားသည့် သတင်းထူးသတင်းဦးများ ရှိမရှိ ကြည့်ရန် လူမှုကွန်ရက်ကို ဖွင့်လိုက်သည်။ သို့သော် အက်ပ်ကို ဖွင့်လိုက်သည်နှင့် သူမ၏ဖုန်းမှာ ဟန်းသွားတော့သည်။ အတော်ကြာအောင် စောင့်ဆိုင်းပြီးမှသာ အကောင့်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။
သူမ၏ သီးသန့်မက်ဆေ့ချ်များနှင့် မှတ်ချက်များမှာ တစ်ဖန်ပြန်၍ 99+ ဖြစ်နေပြန်ပြီး စောင့်ကြည့်သူအရေအတွက်မှာလည်း နောက်ထပ် နှစ်ဆခန့် တိုးပွားလာသည်ကို ယဲ့ယီ တွေ့လိုက်ရသည်။
“ဒီတစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်တာက အကျိုးသက်ရောက်မှု ဒီလောက်တောင် ကောင်းတာလား”
ယဲ့ယီသည် တိုးတိုးလေးရေရွတ်ရင်း သူမကို tagတွဲတင်ထားသည့်နေရာများကို နှိပ်ကြည့်လိုက်ရာ အားလုံးမှာ ပို့စ်တစ်ခုတည်းအောက်တွင် စုပြုံနေကြသည်ကို တွေ့ရသည်။
အောက်သို့ ဆက်လက်ကြည့်ရှုလိုက်သောအခါ ကုရှီချန်းအမည်ရှိ အကောင့်တစ်ခုကလည်း သူမကို tagတွဲတင်ထားသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ကုရှီချန်းကိုယ်တိုင် ဖြစ်နိုင်လိမ့်မည်ဟု သူမ မထင်ပေ။ အင်တာနက်အသုံးပြုသူတစ်ဦးဦးက နောက်ပြောင်ထားခြင်းသာ ဖြစ်ရမည်ဟု တွေးမိသော်လည်း သိချင်စိတ်ကို မထိန်းနိုင်ဘဲ နှိပ်ကြည့်လိုက်မိသည်။
ထိုအခါမှသာ ကုရှီချန်း တင်ထားသည့် အီစိမ့်နေသော အချစ်စကားလုံးများကို တွေ့ရှိသွားပြီး ယဲ့ယီမှာ ဆွံ့အသွားတော့သည်။
‘ဒါက တကယ်ပဲ အာဏာရှင်ဆန်တဲ့ ဥက္ကဌကြီးတစ်ယောက် တင်ရမဲ့အရာလား‘
ရှက်စရာကောင်းလွန်းသဖြင့် သူမ၏ ခြေချောင်းလေးများမှာ ကွေးညွတ်ကုန်ပြီး ကြမ်းပြင်ကိုတောင် တူးဆွမိတော့မတတ် ခံစားလိုက်ရသည်။
ယဲ့ယီသည် လူမှုကွန်ရက်ကို ဆက်လက်ကြည့်ရှုနေရင်း ကုရှီချန်း၏ အေးစက်သော မျက်နှာထားကို တွေးမိသွားပြီး မအောင့်နိုင်ဘဲ အော်ဟစ်ရယ်မောမိတော့သည်။
ကုရှီချန်းအနေဖြင့် ဤပို့စ်ကို တင်နေချိန်တွင် မည်သို့သော မျက်နှာပေးမျိုး ရှိနေမည်ကို စဉ်းစားရန်ပင် ခက်ခဲလှသည်။ အေးစက်လှသည့် ဥက္ကဌကုက ကွယ်ရာတွင် အီစိမ့်နေသည့် အချစ်စကားလုံးများကို လေ့လာနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤကဲ့သို့ ကွာခြားလွန်းလှသည့် ပုံစံကြောင့် ယဲ့ယီမှာ ခဏတာ လက်ခံနိုင်ရန် ခက်ခဲနေခဲ့သည်။
ထို့နောက် ယဲ့ယီသည် ယနေ့အတွက် ရေပန်းစားနေသည့် ရှာဖွေမှုများကို စစ်ဆေးလိုက်သည်။ ကုရှီချန်းတစ်ယောက်တည်းကပင် ထိပ်တန်းနေရာ နှစ်နေရာကို ယူထားလေသည်။ အီစိမ့်နေသည့် စကားလုံးများအပြင် ယဲ့ယီက သူ့ကို ရိုက်ကွင်းအပြင်ဘက်တွင် တားဆီးခဲ့စဉ်က သူ ပြသခဲ့သည့် သနားစဖွယ်ရာ မျက်နှာပေးလေးမှာလည်း ရုပ်ပြောင်အီမိုဂျီများအဖြစ် ပြန့်နှံ့နေပြီ ဖြစ်သည်။
ယဲ့ယီသည် ထိုအီမိုဂျီများကို ချက်ချင်းပင် သိမ်းဆည်းလိုက်သည်။ ကုရှီချန်း၏ ယခုကဲ့သို့ ချစ်စရာကောင်းသော အခိုက်အတန့်မျိုးမှာ ရှားပါးလှသဖြင့် သူမ သိမ်းထားရပေမည်။
သို့သော်လည်း ကုရှီချန်းက သူမကို ကူညီရန် ဤမျှအထိ ကြိုးစားပေးထားသဖြင့် သူမဘက်မှလည်း ပူးပေါင်းဆောင်ရွက်ပေးသင့်သည်ဟု ယဲ့ယီ ခံစားလိုက်ရသည်။ သူမသည် ချက်ချင်းပင် စာသားတစ်ခုကို ရေးသားလိုက်ပြီး တင်လိုက်တော့သည်။ ပို့စ်တင်ပြီးသည်နှင့် လူမှုကွန်ရက်ပေါ်တွင် မည်မျှပင် ရုန်းရင်းဆန်ခတ် ဖြစ်ကျန်ခဲ့သည်ကို ဂရုမစိုက်တော့ဘဲ တန်း၍ အိပ်လိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ ကုရှီချန်းသည် ရုံးအလုပ်များကို ကိုင်တွယ်နေစဉ် ဖုန်းမှ ရုတ်တရက် ထွက်ပေါ်လာသည့် အသိပေးချက် အသံကြောင့် အတွေးများပြတ်တောက်သွားသည်။
ကုရှီချန်းသည် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ လူမှုကွန်ရက်မှ အသိပေးချက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အထူးစောင့်ကြည့်ထားသူ ထံမှ အပ်ဒိတ်တစ်ခုခု တက်လာကြောင်း အသိပေးသံမှလွဲ၍ အခြားအရာများကို ‘Do Not Disturb’ အဖြစ် သတ်မှတ်ထားလေ၏။
ကုရှီချန်း၏ တစ်ဦးတည်းသော အထူးစောင့်ကြည့်ခံရသူမှာ ယဲ့ယီပင် ဖြစ်သည်။
ကုရှီချန်း အက်ပ်ကို ဖွင့်လိုက်သည့်အခါ ယဲ့ယီက သူ၏ပို့စ်ကို ပြန်လည်မျှဝေ ထားပြီး သူ့ကို ပြန်လည် တုံ့ပြန်ထားသည်ကို တွေ့လိုက်ရသည်။
ယဲ့ယီ V : @ကုရှီချန်း V ကျွန်မရဲ့ နှလုံးသားက ဝက်ဆီတွေနဲ့ အရမ်းထူထူထဲထဲ ဖုံးအုပ်ခံထားရသလိုပဲ။ ရှင်တစ်ယောက်တည်းကလွဲလို့ တခြားဘယ်သူ့ကိုမှ ထပ်ပြီး လက်ခံလို့ မရတော့ဘူး။
အောက်ရှိ အင်တာနက်အသုံးပြုသူများမှာ ရယ်ရလွန်းသဖြင့် ရူးမတတ် ဖြစ်နေကြသည်။
အိုနီချန် ဒါမီရို : ဒါကတော့ ငါ့ကို သတ်နေတာပဲ။ သူတို့နှစ်ယောက်စလုံးက အီစိမ့်နေတဲ့ စကားလုံးတွေကို သဘောကျသွားကြတာလား။
အာရီကတို ရှီယန်ယန်ဆန် : ရယ်ရလွန်းလို့ သေတော့မယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ အတူတူနေတဲ့သူတွေက ပုံစံတူကြတာပဲ။ စောင်တစ်ထည်တည်းအောက်မှာ မတူညီတဲ့သူ နှစ်ယောက် ရှိမနေနိုင်ဘူးဆိုတာ ဒါကို ပြောတာပဲ။
ချက်ချင်း ချမ်းသာချင်သူ : ဒီလို အီစိမ့်နေတဲ့ စကားလုံးတွေက ငါတို့ကို ရင်နာအောင် လုပ်နေတာလား။ နည်းနည်းလေးတောင် ခံနိုင်ရည် မရှိတော့ဘူး။
ပေကျင်း အထက်တန်းလွှာရဲ့ လရောင်ဖြူ : ဥက္ကဌကု တင်တဲ့ ပို့စ်က ယဲ့ယီရဲ့ အတင်းအကြပ် ခိုင်းစေမှုကြောင့် ဖြစ်ရမယ်လို့ ငါ ထင်တယ်။
၁.၅ မီတာ သံမဏိအမျိုးသမီး : @ပေကျင်း အထက်တန်းလွှာရဲ့ လရောင်ဖြူ ဒါကတော့ အမြဲတမ်း မှန်ချင်မှ မှန်မှာပါ။ ဥက္ကဌကုကိုယ်တိုင်က ဒီလို စကားလုံးတွေကို သဘောကျနေတာလည်း ဖြစ်နိုင်တာပဲ။ အာဏာရှင် ဥက္ကဌကြီးတွေရဲ့ အတွေးကို ငါတို့ ဘယ်လိုမှ မှန်းလို့မရနိုင်ဘူး။
သူတို့နှစ်ဦး၏ အတွဲအမည်မှာလည်း တရားဝင် ‘အီစိမ့်အတွဲ’ ဟု ပြောင်းလဲသွားခဲ့သည်။
ဤကဲ့သို့ အပြန်အလှန် တုံ့ပြန်မှုများကြောင့် ပရိသတ်အများအပြားကို ထပ်မံ ဆွဲဆောင်နိုင်ခဲ့၏။
ကုရှီချန်းသည် ယဲ့ယီ၏ ပို့စ်ကို ကြည့်ရင်း မသိမသာ ပြုံးလိုက်မိသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
‘နှလုံးသားက ဝက်ဆီဖုံးနေသည်’ ဆိုသည့် ဖော်ပြချက်မှာ အနည်းငယ် ထူးဆန်းနေသလိုပင်။
ကုရှီချန်းသည် ထိုထူးဆန်းသော ခံစားချက်ကို လျစ်လျူရှုလိုက်သည်။ ယခုမူ ယဲ့ယီသည် သူ့ကို သေချာပေါက် ချစ်နေဆဲဖြစ်ပြီး မာနကြီးနေခြင်းသာ ဖြစ်ကြောင်း သူ အသေအချာ သိသွားပြီဖြစ်သည်။ ထိုသို့ဆိုလျှင် ကုစဲ့၏ အကြံပြုချက်ကို လက်ခံရန်မှာလည်း ဖြစ်နိုင်သည့်ကိစ္စပင်။ ယဲ့ယီအနေဖြင့် ကုစဲ့ကို ထပ်ပြီး နာကျင်အောင် မလုပ်သရွေ့ ၊ ကုစဲ့ဘက်ကလည်း ယဲ့ယီကို ယခုကဲ့သို့ သဘောကျနေသရွေ့ သူ့အနေဖြင့် အနည်းငယ် အလျှော့ပေးပြီး သူမနှင့်အတူ ဆက်လက် နေထိုင်သွားနိုင်သည်။
စဉ်းစားပြီးနောက် ကုရှီချန်းသည် ယဲ့ယီနှင့် ဤကိစ္စကို သေသေချာချာ ဆွေးနွေးရန် အခွင့်အရေးတစ်ခု ရှာဖို့ ဆုံးဖြတ်လိုက်သည်။
နှစ်ရက်ကြာပြီးနောက် ကုရှီချန်းသည် ရိုက်ကွင်းသို့ ထပ်မံရောက်ရှိလာသည်။ သို့သော် ယခင်အကြိမ်က သင်ခန်းစာကို မှတ်သွားပြီ ဖြစ်သောကြောင့် ယခုတစ်ခေါက်တွင်မူ သူသည် အလွန်ပင် ရိုးရိုးရှင်းရှင်းနှင့် ဟိတ်ဟန်မထုတ်ဘဲ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။
ရိုက်ကွင်းသို့ ရောက်သောအခါ ကုရှီချန်းသည် ယဲ့ယီနှင့် သီးသန့်စကားပြောရန် ကြိုးစားသော်လည်း အခွင့်အရေး လုံးဝမရှိသည်ကို တွေ့လိုက်ရသည်။ ယဲ့ယီမှာ ပတ်ချာလည် ချာချာလည်အောင် အလုပ်များနေသဖြင့် သူ့ကို အရေးတယူ လုပ်ရန်ပင် အချိန်မရှိပေ။
ကုရှီချန်းသည် မိမိဘာသာ ထိုင်ခုံတစ်ခု ရှာထိုင်ကာ အလေးအနက် အလုပ်လုပ်နေသော ယဲ့ယီကိုသာ ကြည့်နေရတော့သည်။
ယဲ့ယီသည် အလုပ်ထဲသို့ စိတ်ရောက်သွားလျှင် အလွန်ပင် တည်ကြည်လေးနက်သွားတတ်ရာ ပုံမှန်အချိန်နှင့် လုံးဝ ကွဲပြားခြားနားလှသည်။ လက်ရှိ ယဲ့ယီမှာ ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်ဟု ကုရှီချန်း ခံစားလိုက်ရ၏။
ယဲ့ယီမှာ သူမ၏ အခန်းများကို ရိုက်ကူးနေရုံသာမကဘဲ အနားယူချိန်များတွင်လည်း အခြားသူများကို လမ်းညွှန်ပြသပေးနေခဲ့သည်။
ရိုက်ကွင်းပေါ်ရှိ လူများမှာ ကုရှီချန်း ရောက်လာခြင်းကြောင့် အနည်းငယ် အံ့သြသွားကြသော်လည်း သူတို့၏ အလုပ်များကိုသာ ဆက်လက် ကြိုးစားလုပ်ကိုင်နေကြသည်။ သို့သော် အမျိုးသမီးငယ် အချို့ကမူ ကုရှီချန်း ရှိရာဘက်သို့ မကြာခဏ ခိုးကြည့်နေကြသည်။
မင်းသမီးတစ်ဦးမှာ ရိုက်ကူးရေးလုပ်နေစဉ် ကုရှီချန်းဘက်သို့ ခဏခဏ လှည့်ကြည့်နေသဖြင့် အာရုံမစိုက်နိုင်ဘဲ အကြိမ်ကြိမ် အမှားမှားအယွင်းယွင်း ဖြစ်နေတော့၏။
နောက်ဆုံးတွင် ယဲ့ယီ စိတ်မရှည်တော့ဘဲ သူမကို တိုက်ရိုက်ပင် ခေါ်ယူ အပြစ်တင်လိုက်သည်။
“လီအန်နာ၊ ဒါက မင်းရဲ့ သရုပ်ဆောင်မှုအပေါ် ထားတဲ့ စိတ်ဓာတ်လား.. ဒီနေ့ မရိုက်နိုင်ဘူးဆိုရင်လည်း ထွက်သွားလိုက်တော့။ ရိုက်ကူးရေးအဖွဲ့ရဲ့ အချိန်တွေကို ဒီမှာ လာမဖြုန်းနဲ့”
အမည်အဖော်ခံရသည့် လီအန်နာမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး ခေါင်းငုံ့ကာ အမှားကို ဝန်ခံလိုက်သည်။
“တောင်းပန်ပါတယ် အစ်မယဲ့။ ကျွန်မ အာရုံမများသင့်ပါဘူး။ နောက်တစ်ခါ ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်”
ယဲ့ယီ၏ မျက်နှာမှာ အေးစက်နေဆဲပင်။
“ငါ မင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေး ပေးမယ်။ အခုတစ်ခေါက်မှ မအောင်မြင်ရင်တော့ အားလုံးရဲ့ အချိန်တွေကို လာမဖြုန်းနဲ့တော့”
လီအန်နာက ကပျာကယာ ခေါင်းငြိမ့်ပြလိုက်ပြီး ကုရှီချန်းဘက်သို့ ထပ်မကြည့်ရဲတော့ပေ။ ယခုတစ်ကြိမ်တွင်မူ တစ်ခါတည်းနှင့် အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့သည်။
လီအန်နာကို နမူနာအဖြစ် မြင်လိုက်ရသောအခါ ကုရှီချန်းကို ခိုးကြည့်နေကြသည့် အခြားမင်းသမီးများလည်း အာရုံမပျံ့လွင့်ရဲကြတော့ပေ။
ယဲ့ယီသည် ကုရှီချန်းရှိရာသို့ လျှောက်လာပြီး မကျေမနပ် ပြောလိုက်သည်။
“ကြည့်စမ်း၊ ရှင် ရောက်လာလို့ ရိုက်ကူးရေးတောင် နှောင့်နှေးသွားရပြီ”
ကုရှီချန်းမှာလည်း ဘာမှမတတ်နိုင်ပေ။ လူများ သူ့ကို ဝိုင်းကြည့်နေကြသည်ကို သူဘာလုပ်နိုင်မည်နည်း။ အမှန်တကယ်ပင် အလွန်အမင်း ချောမောနေခြင်းမှာလည်း ဒုက္ခတစ်မျိုးပင် ဖြစ်သည်။
ထိုအချိန်တွင် ဒါရိုက်တာ ရောက်လာပြီး ကုရှီချန်းကို ပြုံး၍ ပြောလိုက်သည်။
“ဥက္ကဌကု စိတ်ထဲ မထားပါနဲ့နော်။ ရှောင်ယီက အလုပ်နဲ့ ပတ်သက်ရင် အမြဲတမ်း အလေးအနက်ထားတတ်ပြီး အချိန် တစ်စက္ကန့်လေးတောင် အဖြုန်းမခံချင်လို့ပါ”
ကုရှီချန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ယဲ့ယီ၏ ခင်ပွန်းဖြစ်ပါလျက်နဲ့ ဒါရိုက်တာ၏ စကားလုံးများမှာ သူ့ကို တမင်တကာ လူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံနေသလို ခံစားလိုက်ရသည်။
အကယ်၍ ဒါရိုက်တာသာ ကုရှီချန်း တွေးနေသည်ကို သိခဲ့ပါက သူသည် မတရား စွပ်စွဲခံရသည်ဟု အော်ဟစ်မိပေလိမ့်မည်။ သူသည် ဇနီးမောင်နှံနှစ်ဦးကြား ပဋိပက္ခမဖြစ်စေရန်သာ ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။
ကုရှီချန်း ဒါရိုက်တာကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် စိတ်မဆိုးပါဘူး။ ရှောင်ယီက ဘယ်အရာမဆို အမြဲတမ်း အလေးအနက်ထားတတ်တာ ကျွန်တော် သိပါတယ်”
ယဲ့ယီမှာမူ ဘေးမှနေ၍ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ကုရှီချန်း၏ သရုပ်ဆောင်မှုက တကယ်ပင် မဆိုးလှပေ။
[ငါတို့အကြောင်း မသိတဲ့သူတွေဆိုရင် တကယ် ချစ်နေကြတယ်လို့ ထင်ကုန်တော့မှာပဲ။ ဥက္ကဌကု တော့ တကယ်ကို စိတ်ညစ်နေရရှာမှာပဲ]
ယဲ့ယီ၏ စိတ်ရင်းကို ကြားလိုက်ရသဖြင့် ကုရှီချန်း၏ စိတ်အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးသွားသည်။
ဒါရိုက်တာက ပြုံး၍ ဆက်ပြောသည်။
“ရှောင်ယီက တကယ်ကို ထူးချွန်တာပါ။ ဇာတ်ညွှန်းလည်း ရေးနိုင်သလို သရုပ်ဆောင်တာလည်း တကယ်ကို ကောင်းပါတယ်။ ဥက္ကဌကုကတော့ တကယ်ကို ကံကောင်းတာပဲ”
ရက်အနည်းငယ် ရိုက်ကူးပြီးနောက်တွင် ဒါရိုက်တာသည် ယဲ့ယီကို အမှန်တကယ်ပင် အထင်ကြီး လေးစားသွားခဲ့သည်။ ဤကဲ့သို့သော အလုပ်ရှင်မျိုးနှင့် လက်တွဲရခြင်းမှာ သူ့ကံကောင်းမှုဟုပင် ခံစားနေရသည်။
ကုရှီချန်း၏ ရှေ့တွင် ဒါရိုက်တာက သူမကို ချီးကျူးနေသဖြင့် ယဲ့ယီမှာ အကြောင်းပြချက်မရှိ ရှက်သလို ခံစားလိုက်ရသည်။ ဆန့်ကျင်ဘက်အားဖြင့် ကုရှီချန်းကမူ ဒါရိုက်တာက သူ့ကို ချီးကျူးနေသကဲ့သို့ပင် ဂုဏ်ယူဝင့်ကြွားသော အမူအရာမျိုး ဖြစ်နေတော့၏။