အခန်း (၂၆)
Vol. 3 Ch. 26
အခန်း ၂၆ နောက်တစ်ကြိမ် ဖိနှိပ်ခြင်းနှင့် လုံးဝ လွှတ်မပေးခြင်း
ဖြောင့်မတ်ပြီး တင်းမာသော ချင်လော့ကို ကြည့်ရင်း လူတိုင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။ သူတို့ရှေ့ရှိ ချင်လော့သည် မဟာချင်အင်ပါယာ၏ ဥပဒေများကို ထိန်းသိမ်းစောင့်ရှောက်နေသော ဖြောင့်မတ်သည့် လူတစ်ဦးနှင့် တူနေလေသည်။
"မင်းကို ငါ့နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်... တကယ်လို့ မင်းက နိုင်ရင် မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်ပြုမယ်... မဟုတ်ရင် မင်း ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတယ်... အဲဒါက သေလမ်းပဲ..."
မည်သို့ပင်ဖြစ်စေ ယနေ့ လင်းရွှမ်ထံမှ ဒြပ်ငါးပါးဝိညာဉ်ခန္ဓာ၏ မူလအဆီအနှစ်ကို ရယူရန် သူ သန္နိဋ္ဌာန်ချထားခဲ့ပြီ ဖြစ်ပေ၏။
ဘုန်း...
ချင်လော့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ နတ်စွမ်းအင်အဆင့် နဝမအလွှာ၏ အားကောင်းသော အငွေ့အသက်က လင်းရွှမ်အပေါ်သို့ ဖိနှိပ်လာခဲ့လေသည်။
လင်းရွှမ် အံ့အားသင့်သွားပြီးနောက် သူ၏ နှလုံးသားထဲတွင် ရူးသွပ်သော ပျော်ရွှင်မှုတစ်ခု ပေါ်ပေါက်လာခဲ့၏။ အကယ်၍ မဟာသူတော်စင်အဆင့်မှ တန်ခိုးကြီးသူများက သူ့ကို တိုက်ခိုက်မည်ဆိုပါက သူ တတ်နိုင်မည် မဟုတ်သော်လည်း ချင်လော့ကိုတော့... သူ လင်းရွှမ်က အနိုင်ကျင့်ခံရမည့်သူ မဟုတ်ကြောင်း ချင်လော့အား ပြသရန် ဆုံးဖြတ်လိုက်လေသည်။
နောက်ဆုံးအကြိမ် ရှုံးနိမ့်မှုက လုံးဝ မတော်တဆမှုတစ်ခုသာ ဖြစ်ပေ၏။
လင်းရွှမ်က မတုံ့ဆိုင်းဘဲ ချက်ချင်း ပြေးထွက်သွားရာ သူ၏ လက်ထဲတွင် အားကောင်းသော သူတော်စင် အငွေ့အသက်များ ထုတ်လွှတ်နေသည့် ကျိုးပဲ့နေသော တိုက်ခိုက်ရေးဓားတစ်လက် ပေါ်လာခဲ့လေသည်။
"သူတော်စင်အဆင့် ရတနာလား..." စုချန်ချန်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ အငွေ့အသက်က ချင်လော့အပေါ်သို့ တင်းကျပ်စွာ စူးစိုက်ထားပြီး အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားပါက ချင်လော့ကို ကယ်တင်ရန် သူ ချက်ချင်း လှုပ်ရှားမည် ဖြစ်ပေသည်။
"ဖိနှိပ်လိုက်စမ်း..." ချင်လော့က ထိုက်ရွှီခေါင်းလောင်းကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး လင်းရွှမ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
သူတော်စင်အဆင့် ရတနာ ဟုတ်လား... ဘယ်သူ့ဆီမှာ မရှိလို့လဲ...
ထို့ပြင် သူ့ဆီမှာ အများကြီး ရှိသေး၏။ ဝိညာဉ်ရိုက်နှက်ကြာပွတ်က သူ၏ လက်ထဲတွင် ပေါ်လာပြီး လင်းရွှမ်ဆီသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်ပေ၏။
ဖြန်း...
ပေါက်ကွဲသံက လင်းရွှမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားရာ သူ့ကို တစ်ခဏမျှ ကြက်သေသေသွားစေခဲ့သည်။
အားနည်းချက်ကို အခွင့်ကောင်းယူပြီး သတ်ပစ်မယ်...
ချင်လော့က သူ၏ ဓားကို ထုတ်ယူကာ နိမိတ်လေးပါးဓားသိုင်း၏ ကောင်းကင်မိုးစက် ရွာသွန်းခြင်းကို ထုတ်ဖော်လိုက်လေသည်။
ကောင်းကင်ထက်မှ ဓားမိုးရေစက်များ ရွာကျလာရာ ၎င်း၏ စွမ်းအားက လူအများအပြားကို တုန်လှုပ်သွားစေခဲ့၏။
ဤသည်ကို မြင်ချိန်၌ ရုတ်တရက် ပေါ်လာသော သူမ၏ မောင်လေးသည် အလွန်အမင်း ပါရမီရှိသူ ဖြစ်ကြောင်း ချင်ကျင်း ဝန်ခံလိုက်ရပေသည်။
"ပြီးပြည့်စုံသောအဆင့် ဓားသိုင်း..."
ဘုန်း... သူတို့နှစ်ခု ဝင်တိုက်မိသွားကြသည်။ ထိုက်ရွှီခေါင်းလောင်းနှင့် ကျိုးပဲ့နေသော ဓားတို့မှာ အင်အား မျှတနေခဲ့၏။ ဝိညာဉ်ရိုက်နှက်ကြာပွတ်က လင်းရွှမ်ကို သတိလက်လွတ်သွားစေခဲ့သည်။ သူ သတိပြန်ဝင်လာချိန်တွင် သူက နောက်ထပ် ဓားတစ်လက်ကို ဆွဲထုတ်ပြီး ချင်လော့နှင့် တိုက်ခိုက်နေပြီ ဖြစ်လေသည်။
ချက်ချင်း ရှုံးနိမ့်သွားခြင်းပင်။
ဝှစ်... ဝှစ်... ဝှစ်...
သူ၏ ရင်ဘတ်ပေါ်တွင် ဒဏ်ရာ အများအပြား ပေါ်လာခဲ့၏။ အကယ်၍ သူသာ သေမျိုးကင်းစင်ရွှေခန္ဓာကျင့်စဉ်ကို မကျင့်ကြံထားခဲ့လျှင် ဤမျှနှင့်တင် သူ့ကို တိုက်ခိုက်နိုင်စွမ်း မရှိဖြစ်သွားစေရန် လုံလောက်နေပေပြီ။
မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်ပြီးနောက် လင်းရွှမ်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ချင်လော့ကို ကြည့်ပြီး ကြမ်းကြုတ်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"အဲဒါက အစပဲ ရှိသေးတယ်... နောက်တစ်ဆင့်မှာ ငါ လင်းရွှမ် ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ မင်းကို ပြပေးမယ်..."
ဝှစ်...
သူ၏ ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည့်အလားပင်။
မျက်တောင်တစ်ခတ်အတွင်း သူက ချင်လော့၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ လက်ထဲတွင် သံမည်းတုံးတစ်ခု ပေါ်လာပြီး ချင်လော့ကို ကြီးမားသော အန္တရာယ် ခံစားချက်တစ်ခု ခံစားလိုက်ရစေခဲ့ပေ၏။
"ဧကရာဇ်ရဲ့ လက်နက် ရောက်လာပြီ... လူသားဧကရာဇ်အလံတကို ဖွင့်လိုက်..." ရှီးဟွမ်၏ အသံက ချင်လော့၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့လေသည်။
"ဒါဆို သူ့မှာ တကယ်ပဲ လျှို့ဝှက်ဖဲချပ် တစ်ခု ရှိနေခဲ့တာလား..."
အတွေးတစ်ခုနှင့်အတူ လူသားဧကရာဇ်အလံ ပွင့်လာခဲ့၏။
ဘုန်း...
သူတို့၏ ပုံရိပ်များက ဝါးတားတား ဖြစ်သွားပြီး မြူခိုးလွှာတစ်ခုအတွင်း ဖုံးလွှမ်းသွားခဲ့သည်။
စူးရှသော အသံတစ်သံက လင်းရွှမ်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့ပေသည်။
"ဟီးဟီးဟီး..."
"မောင်လေး... ဒီမှာ ငါတို့နဲ့အတူ ထာဝရ နေပါလား.."
"လူငယ်လေး... ကျွန်မက လူတွေကို ပြုစုယုယတဲ့ နေရာမှာ အရမ်း တော်တာနော်.."
ချင်လော့နှင့် ပတ်သက်၍မူ လင်းရွှမ်က သူ့ကို မြင်ကွင်းမှ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
"ကျန်တာကို ငါ့လွှဲထားလိုက်..."
ချင်လော့အတွက်မူ ဧကရာဇ်လက်နက်၏ အပိုင်းအစများမှာ သေစေနိုင်သော လက်နက်တစ်ခု ဖြစ်သော်လည်း ထိုတံခါးဝသို့ ရောက်ရှိဖူးသော ရှီးဟွမ်ကဲ့သို့ လူတစ်ဦးအတွက်မူ ၎င်းတို့က ဘာမှ မထူးခြားလှချေ။
ရှီးဟွမ် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အားကောင်းသော ဝိညာဉ်က လင်းရွှမ်ကို ချက်ချင်း ပစ်မှတ်ထားလိုက်ရာ သူ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပေ၏။
သူက အော်ဟစ်လိုက်သည်။ "ချင်လော့... မင်းက တရားမျှတမှု မရှိဘူး... ငါတို့ တစ်ယောက်ချင်း တိုက်ဖို့ သဘောတူထားတာလေ... မင်းက တကယ်ပဲ သူတော်စင်တစ်ယောက်ကို သုံးပြီး ငါ့ကို တိုက်ခိုက်ခိုင်းတာလား..."
လင်းရွှမ်က သူတော်စင် များစွာနှင့် ဆုံတွေ့ဖူးပြီး သူတို့၏ အနှစ်သာရကို အလွန် ရင်းနှီးကျွမ်းဝင်လေသည်။ ဤအခိုက်အတန့်တွင် ရှီးဟွမ်၏ ဝိညာဉ်က သူတော်စင်အဆင့်တွင် ရှိနေပေ၏။
သူတော်စင်တစ်ပါးသာလျှင် သူ့ကို ဤမျှ လွယ်ကူစွာ ဖိနှိပ်နိုင်မည် ဖြစ်လေသည်။
"ဟားဟား" ချင်လော့၏ အေးစက်သော ရယ်မောသံက လင်းရွှမ်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဒါက ငါ့ရဲ့ လက်နက်ပဲလို့ မင်းကို ငါ ပြောနိုင်တယ်... ငါ ချင်လော့က ဖြောင့်မတ်တဲ့သူ တစ်ယောက် မဟုတ်ပေမဲ့ မင်းလို သေခါနီး လူတစ်ယောက်ကိုတော့ လှည့်စားဖို့ထိ အဆင့်မနှိမ့်သေးဘူး..."
ဘုန်း...
လင်းရွှမ် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချခံလိုက်ရပြီး မြူဆွယ်သော အသံတစ်ခုက သူ၏ နားထဲတွင် ပဲ့တင်ထပ်လာကာ အဆိပ်ပြင်းသော အမျိုးသမီးများက သူ၏ ဝိညာဉ်နှင့် အဆီအနှစ်များကို အဆက်မပြတ် ဝါးမြိုနေသည်ကို သူ မြင်တွေ့လိုက်ရသည့်အလားပင်။
သူ၏ လက်ထဲရှိ ဧကရာဇ်လက်နက် အပိုင်းအစက သူ၏ ဆုပ်ကိုင်မှုမှ လွတ်ကျသွားပြီး ရှီးဟွမ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့လေသည်။
လင်းရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ ဧကရာဇ်အမွေအနှစ်ကို ရရှိထားသူ တစ်ဦးအနေဖြင့် ဧကရာဇ်လက်နက်၏ အပိုင်းအစလေးတစ်ခုကပင် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူ သဘာဝကျကျ သိရှိထားပေသည်။
သူတော်စင်တစ်ပါးက ဧကရာဇ်လက်နက် အပိုင်းအစကို သူ၏ လက်ထဲမှ ဤမျှ လွယ်ကူစွာ ယူဆောင်သွားနိုင်သည်မှာ မယုံကြည်နိုင်စရာပင်။
"ဒီအထဲမှာ တကယ်ပဲ အားကောင်းတဲ့ တိုက်ခိုက်မှုတစ်ခု ရှိနေတာပဲ..." ရှီးဟွမ်၏ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာခဲ့၏။
"နောက်ပြီး ဒီဧကရာဇ်လက်နက် အပိုင်းအစက..."
ရှီးဟွမ်က သူမ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်ရာ တုန်ယင်နေသော ဧကရာဇ်လက်နက် အပိုင်းအစက ချက်ချင်း ငြိမ်သက်သွားခဲ့လေသည်။
"မဆိုးဘူး... မဆိုးဘူး... နတ်စွမ်းအင်အဆင့်လေးက ဧကရာဇ်လက်နက်ကို ထိန်းချုပ်နိုင်ရုံသာမက သူ့ဘာသာ ပေါက်ကွဲသွားအောင်တောင် ခြယ်လှယ်နိုင်တယ်... ကံမကောင်းစွာနဲ့ပဲ မင်းက ငါနဲ့ လာတွေ့နေတာကိုး..."
ရှီးဟွမ်၏ စကားများက လင်းရွှမ်ကို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေခဲ့၏။
ဖူး...
သူက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူ၏ အသက်ရှူနှုန်းက ချက်ချင်း အားနည်းသွားကာ တက်ကြွမှု ကင်းမဲ့သွားခဲ့လေသည်။
၎င်းက ဧကရာဇ်လက်နက်၏ အပိုင်းအစများမျှသာ မဟုတ်ချေ။ ၎င်းက ဧကရာဇ်လက်နက်၏ အဓိက အစိတ်အပိုင်း ဖြစ်ပေသည်။
ဤသည်မှာ သူ ထိန်းချုပ်ထားသော တားမြစ်ထားသည့် အရာဖြစ်ပြီး သူတော်စင်တစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော လက်နက်တစ်ခု ဖြစ်လေသည်။
"ဒီအရာက ငါ့ရဲ့ မဟာတာအိုနဲ့ တော်တော်လေး ကိုက်ညီတယ်..." ရှီးဟွမ်က စကားပြောနေစဉ် ချင်လော့ကို ညှို့ငင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"မင်းဟာပဲ... မင်းဟာပဲ ယူလိုက်တော့..." ချင်လော့က ရက်ရောစွာ ပြောဆိုလိုက်သည်။
၎င်းက သေးငယ်သော အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်လေသည်။ ထို့ပြင်...
မင်းပိုင်တဲ့အရာက ငါပိုင်တာပဲ... မင်းမှာရှိတဲ့အရာ အားလုံးက ငါ့ဟာပဲလေ... မင်းဆီမှာ လုံခြုံအောင် ထားထားတာ ဘာများ မှားနေလို့လဲ...
ဘန်း..
ချင်လော့က လင်းရွှမ်ကို နင်းထားလိုက်ပြီး လူသားဧကရာဇ်အလံကို ရုပ်သိမ်းလိုက်ရာ လင်းရွှမ် ဖိနှိပ်ခံထားရသည်ကို လူတိုင်း မြင်တွေ့လိုက်ရလေသည်။
"ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်... ကံမကောင်းစွာနဲ့ပဲ မင်းက အရည်အချင်း မပြည့်မီဘူး..."
ချင်လော့က ဓားရှည်တစ်လက်ကို လင်းရွှမ်၏ လည်ပင်းပေါ်တွင် တင်ထားလိုက်၏။ ဤအခိုက်အတန့်တွင် လင်းရွှမ်သည် အလွန်အမင်း အရှက်ခွဲခံရသလို ခံစားလိုက်ရလေသည်။
[အလွန်အမင်း အရှက်ခွဲခံရမှု...လင်းရွှမ် ကံကြမ္မာတန်ဖိုး အမှတ် ၁၀၀,၀၀၀ ဆုံးရှုံးသွားပြီး ပိုင်ရှင် ရရှိလာသော ကံကြမ္မာတန်ဖိုး အမှတ် ၁၀၀,၀၀၀...]
ဝိုး... ကံကြမ္မာသားတော်လို့ ခေါ်တာ အံ့သြစရာ မဟုတ်ဘူး... သူ့ရဲ့ ကံကြမ္မာတန်ဖိုးက အရှိန်အဟုန်နဲ့ ထိုးကျနေတာပဲ...
ဝှစ်...
လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ခြံဝင်းအတွင်းတွင် ပေါ်လာခဲ့၏။
သူက စုချန်ချန်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောဆိုလိုက်သည်။ "ကျွန်တော်က ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက လီချန်ပါ... သူတော်စင်စုကို ဂါရဝပြုပါတယ်..."
"လင်းရွှမ်က ကျွန်တော်တို့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေရဲ့ ဆက်ခံသူပါ... သူတော်စင်စုက ကျွန်တော်တို့ရဲ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေကို မျက်နှာသာ ပေးနိုင်မလား..."
"အနာဂတ်မှာ ကျွန်တော်တို့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ရက်ရောတဲ့ လက်ဆောင်တွေနဲ့ သေချာပေါက် ရောက်လာပါ့မယ်..."
စုချန်ချန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားခဲ့၏။ "အရာအားလုံးက ငါ့မြေးအပေါ်မှာပဲ မူတည်တယ်..."
လီချန်၏ အကြည့်ကလည်း ချင်လော့ဆီသို့ ရွေ့လျားသွားပြီး သူက ချင်လော့ကို ပြောဆိုလိုက်သည်။ "နဝမမင်းသားကို ကြိုဆိုပါတယ်... အရှင်မင်းသား... ကျေးဇူးပြုပြီး သနားညှာတာပေးပါ... ကျွန်တော်တို့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် အရှင်မင်းသားကို သေချာပေါက် ဖြေရှင်းချက်ပေးပါမယ်"
ချင်လော့က လှောင်ပြောင်လိုက်၏။ "ဒီကောင်က ခုနကတင် ငါ့ကို သတ်မလို့ လုပ်နေတာ... ရှင်းပြမယ် ဟုတ်လား... ဘာကို ရှင်းပြမှာလဲ..."
ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေနှင့် ထိုက်ရွှီမြင့်မြတ်နယ်မြေ နှစ်ခုစလုံးမှာ မြင့်မြတ်နယ်မြေများ ဖြစ်ကြသော်လည်း ၎င်းတို့ကြားတွင် ကြီးမားသော ကွာခြားချက် ရှိလေသည်။ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေတွင် သူတော်စင်ဘုရင်အဆင့်မှ တန်ခိုးကြီးသူတစ်ဦး ရှိပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေတွင်မူ မရှိချေ။
ချင်လော့သည် ယခင်က ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ လူများနှင့် ဆက်ဆံဖူးသော်လည်း လင်းရွှမ်သည် ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေ၏ မျိုးဆက်တစ်ဦး ဖြစ်လိမ့်မည်ဟု သူ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။
ဒါဆို သူက မြို့တော်မှာ ဘာလုပ်နေတာလဲ... နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ... ကြည့်ရတာ သူက တစ်ခုခုတော့ ကြံစည်နေပုံပဲ...
"ပြီးတော့..." ချင်လော့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့၏။
"ဂိုဏ်းက... တပည့်က ငါနဲ့ လာပူးပေါင်းတယ် ဟုတ်လား... မဟာချင်အင်ပါယာရဲ့ နတ်ဆိုးနှိမ်နင်းရေးဌာနကိုးးး... ကျွတ်ကျွတ်... ဒီထဲမှာ ပူးပေါင်းကြံစည်မှု တစ်ခုခုတော့ သေချာပေါက် ပါဝင်နေလိမ့်မယ်..."
"အင်ပါယာရဲ့ မင်းသားတစ်ပါးအနေနဲ့ ဒီကိစ္စကို ငါ သေချာ စုံစမ်းစစ်ဆေးမယ်..."
"ဒါကြောင့် သူ့ကို လွှတ်ပေးလို့ မရဘူး..."
ချင်လော့ စကားပြောပြီးသည်နှင့် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
"မဟာချင် နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ဒုတိယတပ်မှူးချုပ် ချူဟန် ရောက်လာပါပြီ..."
အားကောင်းသော အငွေ့အသက်တစ်ခု ကျဆင်းလာပြီး လုချန်နှင့် ချူဟန်တို့က အပြင်ဘက်မှ ဝင်ရောက်လာခဲ့ကြ၏။
ချူဟန်က အရင်ဆုံး စုချန်ချန်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောဆိုလိုက်သည်။ "ချူဟန်က သူတော်စင်စုကို ဂါရဝပြုပါတယ်..."
ထို့နောက် သူ၏ အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားပြီး သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။"လင်းရွှမ်က ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေရဲ့ တပည့်တစ်ယောက်အနေနဲ့... သူတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားကို ဖုံးကွယ်ပြီး ငါတို့ နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်လာတယ်... ဒီကိစ္စက သေချာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်..."
"တပ်မှူးကြီး လု... လင်းရွှမ်ကို ခေါ်သွားလိုက်..."
"ဟုတ်ကဲ့ပါ အရှင်..." လုချန်က ချင်လော့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။
ဒါက လူတစ်ယောက်ကို တရားဝင် နည်းလမ်းနဲ့ အာမခံထုတ်ယူတာလား...
"ဟားး ဟားး''
ချင်လော့က ရယ်မောလိုက်၏။ "လင်းရွှမ်... မင်းရဲ့ ကျောထောက်နောက်ခံက ငါ့လောက်နီးပါးလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."
"တစ်ခဏလောက် ငါတောင် ဘယ်သူက တကယ့် ဇာတ်လိုက်လဲ ဆိုတာ မပြောနိုင်တော့ဘူး..."
သူက လင်းရွှမ်၏ လည်ပင်းပေါ်တွင် ဓားကို တင်ထားဆဲဖြစ်ပြီး လွှတ်ပေးမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။ သူက လုချန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါ့ဓားအောက်က လူကို မင်း ခေါ်သွားလို့ မရဘူး..."