အခန်း (၂၇)
Vol. 3 Ch. 27
အခန်း ၂၇ စိတ်ထဲမှာ မိန်းမမရှိရင် ဓားဆွဲထုတ်ရတာ နတ်ဘုရားတစ်ပါးလိုပဲ
"နဝမမင်းသား... နတ်ဆိုးနှိမ်နင်းရေးဌာနက ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်... ဒါက အရှင်မင်းကြီး ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုပါ... အရှင်မင်းသားက မင်းသားတစ်ပါး ဖြစ်ရင်တောင် ကျွန်တော်တို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်လို့ မရပါဘူး..." လုချန်က လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး အမှားမလုပ်မိပါစေနဲ့ အရှင်မင်းသား... မဟုတ်ရင် နတ်ဆိုးနှိမ်နင်းရေးဌာနက ဒီကိစ္စကို အရှင်မင်းကြီးဆီ သတင်းပို့ပြီး အရှင်မင်းကြီးကိုပဲ ဖြေရှင်းခိုင်းဖို့ကလွဲပြီး ရွေးချယ်စရာ ရှိမှာ မဟုတ်တော့ပါဘူး..."
"ကောင်းပြီလေ..."
လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ချင်လော့က လူသားဧကရာဇ်အလံကို ဆင့်ခေါ်လိုက်ရာ ၎င်းက လင်းရွှမ်ကို လွှမ်းခြုံသွားခဲ့ပေသည်။
ချင်လော့က ဤမျှ ရက်စက်ပြီး နတ်ဆိုးနှိမ်နင်းရေးဌာနကို အခွင့်အရေးပင် မပေးလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။
ထို့ပြင် နတ်ဆိုးနှိမ်နင်းရေးဌာန၏ လုပ်ရပ်များက လုံးလုံးလျားလျား ကျိုးကြောင်းဆီလျော်ပေ၏။
ချူဟန်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူက စုချန်ချန်ကို ကြည့်ကာ ပြောဆိုလိုက်၏။ "သူတော်စင်စု... နဝမမင်းသားရဲ့ လုပ်ရပ်တွေက စည်းမျဉ်းတွေကို ချိုးဖောက်နေပါတယ်..."
"ဒီကိစ္စက ကျွန်တော်တို့ နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိပါတယ်..."
စုချန်ချန်က လှောင်ပြောင်လိုက်သည်။ "စည်းမျဉ်းတွေ ဟုတ်လား... မင်းက ငါ့ကို စည်းမျဉ်းတွေအကြောင်း လာပြောနေတာလား..."
"မင်းတို့ ဘာတွေးနေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့... တကယ်လို့ မင်းတို့ လူကို လိုချင်တယ်ဆိုရင် မင်းတို့ရဲ့ နတ်ဆိုးနှိမ်နင်းရေးဌာန တပ်မှူးချုပ်ကို ဒီကို လွှတ်လိုက်..."
"ဒုတိယတပ်မှူးချုပ် တစ်ယောက်တည်းဖြစ်တဲ့ မင်းက အရည်အချင်း မပြည့်မီဘူး..."
ချင်လော့က အကျိုးဆက်များကို မကြောက်ရွံ့ပါက စုချန်ချန်ကကော အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
ယခုအခါ သူ၏ မိသားစုတွင် ချင်လော့ တစ်ဦးတည်းသာ ရှိတော့သည်။ မိသားစုတစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်ရာ သူက အခြား မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေစရာ မလိုတော့ချေ။
စုချန်ချန်က ဤမျှ အာခံလိမ့်မည်ဟု ချူဟန် မမျှော်လင့်ထားခဲ့ချေ။
ဤသည်က သူ့ကို အနည်းငယ် နေရခက်သွားစေခဲ့၏။ ရိုးရိုးသားသားပြောရလျှင် သူတို့၏ နတ်ဆိုးနှိမ်နင်းရေးဌာနသည် အတိတ်က တစ်ကြိမ်မျှ မအောင်မမြင် ဖြစ်ခဲ့ဖူးခြင်း မရှိချေ။
သို့သော် သူတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသလောက်ဖြစ်သော ဤလူနှစ်ဦးနှင့် ကြုံတွေ့ရချိန်၌ ၎င်းက မာကျောသော ကျောက်တုံးတစ်တုံးကို ဝင်တိုက်မိသကဲ့သို့ ဖြစ်နေပေသည်။
"သူ့ရဲ့ မူလအဆီအနှစ်ကို စုပ်ယူလိုက်..." ချင်လော့က ရှီးဟွမ်ကို လေးနက်သော အသံဖြင့် ညွှန်ကြားလိုက်၏။
လင်းရွှမ်ကို လုံးဝ အရှက်ခွဲရန် ရည်ရွယ်ထားခဲ့သော်လည်း လင်းရွှမ်က နတ်ဆိုးနှိမ်နင်းရေးဌာန၏ ဒုတိယတပ်မှူးချုပ်ကို ခေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
နောက်ဆိုရင် ပိုပြီး တန်ခိုးကြီးမားတဲ့သူကို သူတို့ ခေါ်ထုတ်လာနိုင်တယ် မဟုတ်ဘူးလား...
ဒါဆို ငါတို့ လင်းရွှမ်ကို နောက်ထပ် အခွင့်အရေးတွေ ထပ်ပေးလို့ မဖြစ်တော့ဘူး... သူ့ကို အကုန် စုပ်ယူပစ်ရမယ်...
ဇာတ်လိုက်က အခက်အခဲများအားလုံးကို ကျော်ဖြတ်ပြီး အမြဲတမ်း အခြေအနေကို ပြန်လည်ပြောင်းလဲနိုင်စွမ်း ရှိလေသည်။ ၎င်းကို ယနေ့ ချင်လော့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပေ၏။
"ကောင်းပြီ..." ချင်လော့ ဘာလုပ်ချင်သည်ကို ရှီးဟွမ်က သဘာဝကျကျပင် နားလည်လေသည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ စွမ်းအားတစ်ခုက လင်းရွှမ်၏ ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့၏။
လင်းရွှမ်၏ မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ "မင်း ဘာလုပ်နေတာလဲ... ငါ့ကို ဘာလုပ်ချင်နေတာလဲ..."
"မလုပ်နဲ့... အား..." လင်းရွှမ်၏ နာကျင်စွာ အော်ဟစ်သံများက လူသားဧကရာဇ်အလံမှတစ်ဆင့် အပြင်ဘက်သို့ ရောက်ရှိလာပုံရလေသည်။
ဆက်၍ စောင့်ဆိုင်းနေ၍မရတော့ကြောင်း ချင်ကျင်း သိရှိလိုက်၏။
သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး စုချန်ချန်နှင့် ချင်လော့တို့ရှိရာဘက်သို့ အဆောင်တစ်ခုကို ထုတ်ပြလိုက်သည်။
"ဒါက အရှင်မင်းကြီး ပေးသနားထားတဲ့ ဆောင်ပဲ... ဒီအဆောင်ကို မြင်ရတာက အရှင်မင်းကြီး ကိုယ်တိုင် ရောက်နေတာနဲ့ အတူတူပဲ..."
"ချင်လော့... လင်းရွှမ်ကို လွှတ်ပေးဖို့ မင်းကို ငါ အမိန့်ပေးတယ်..."
ဘုန်း...
အဆောင်က 'ဘုန်း' ခနဲ ပေါက်ကွဲသွားပြီး ခြံဝင်း၏ အလယ်ဗဟိုတွင် မျက်နှာသွင်ပြင်များကို သဲသဲကွဲကွဲ မမြင်ရသော ခမ်းနားကြီးကျယ်သည့် မျက်နှာတစ်ခု ပေါ်လာခဲ့လေသည်။
လူအများအပြား မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်ကြ၏။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."
ထိုဝါးတားတား မျက်နှာသည် အချိန်တိုအတွင်းမှာပင် ချင်ဧကရာဇ်၏ အစစ်အမှန် မျက်နှာအဖြစ်သို့ ခိုင်မာသွားမည် ဖြစ်ပေသည်။
ယခုအခါ ချင်ဧကရာဇ်က ဤနေရာကို သတိပြုမိသွားပြီဖြစ်ပြီး ဤအဆောင်၏ စွမ်းအားကို အသုံးပြု၍ ဤနေရာသို့ပင် ဆင်းသက်လာနိုင်လေသည်။
ဝှစ်ခနဲ အသံနှင့်အတူ ချင်လော့က ပြန်လည်ပေါ်လာသော်လည်း လင်းရွှမ် မပါလာခဲ့ချေ။ သူက ခမ်းနားကြီးကျယ်သော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ကျင်းကို ကြည့်လိုက်၏။
"လင်းရွှမ်လို လူသေးလူမွှားလေး တစ်ယောက်အတွက် ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို ဖြုန်းတီးပစ်ရတယ်လို့... ကျွတ်ကျွတ်..." ချင်လော့က သက်ပြင်းချလိုက်သည်။
ဤအဆောင်မှာ သူတော်စင်အဆင့် ရတနာတစ်ခုထက် အများကြီး ပို၍ တန်ဖိုးရှိပေသည်။
ဤသည်မှာ ချင်ဧကရာဇ်က ချင်ကျင်းအတွက် ချန်ထားပေးခဲ့သော အသက်ကယ် ပစ္စည်းတစ်ခု ဖြစ်ရမည်ပင်။ သို့သော် ချင်ကျင်းက ၎င်းကို သူမ၏ ကိုယ်ပိုင် အသက်ကို ကာကွယ်ရန် အသုံးမပြုဘဲ လင်းရွှမ်ကို ကာကွယ်ရန်အတွက် အသုံးပြုခဲ့လေသည်။
"ထင်တဲ့အတိုင်းပဲ ကံကြမ္မာသားတော်မှာ ရှိတဲ့ ကံကြမ္မာက ကောင်းကင်ကိုဆန့်ကျင်နေတာပဲ..." ချင်လော့က သူ့ဘာသာ စိတ်ထဲမှ တွေးလိုက်၏။
ချင်ကျင်း အလွန်အမင်း စိတ်ပျက်သွားသော်လည်း သူမက တစ်စုံတစ်ယောက်ကို ကျေးဇူးကြွေး တင်နေခဲ့ပြီး ၎င်းကို ပြန်ဆပ်ရမည် ဖြစ်လေသည်။ အထူးသဖြင့် သူမက ကျေးဇူးဆပ်ရန် သီးသန့် ရောက်လာခဲ့ခြင်းဖြစ်ပြီး ချင်လော့၏ အရှက်ခွဲခြင်းကို ခံခဲ့ရသောကြောင့်ပင်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် သူမက အနည်းငယ် ဆင်ခြင်တုံတရားမဲ့နေခဲ့၏။
လင်းရွှမ်... ရှင် အသက်ရှင်ရမယ်...
မဟုတ်ရင် ချင်ကျင်းရဲ့ မျက်နှာက ဘယ်မှာ သွားထားရမလဲ...
ချင်လော့နှင့် ပတ်သက်၍မူ သူမက ချင်လော့ကို ကြည့်လိုက်ချိန်၌ သူမ၏ မျက်လုံးများတွင် ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ အနာဂတ်တွင် အချိန်အများကြီး ရှိသေးပြီး သူမကို စော်ကားရခြင်း၏ အကျိုးဆက်များက ဘာလဲဆိုတာကို ချင်လော့ သိအောင် သူမ လုပ်ပေးမည် ဖြစ်လေသည်။
မြို့တော်တွင်၊ သို့မဟုတ် မဟာချင်အင်ပါယာ တစ်ခုလုံးတွင်ပင် ချင်လော့ကို ခြေတစ်လှမ်း လှမ်းရန် မဖြစ်နိုင်အောင် သူမ လုပ်ဆောင်မည် ဖြစ်ပေ၏။
"ချင်လော့... မင်းက အရှင်မင်းကြီးကို ဖီဆန်ရဲတာလား..." ချင်ကျင်းက ချင်လော့အား ဟစ်အော်လိုက်သည်။
တကယ်တော့ ချင်လော့က ချင်ဧကရာဇ်ကို ဖီဆန်မည်ကို သူမ မျှော်လင့်နေခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ချင်ဧကရာဇ်က ချင်လော့ကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဖြစ်ပြီး ချင်လော့က မသေလျှင်တောင်မှ ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။
"သေချာတာပေါ့... ငါ မရဲပါဘူး..." ချင်လော့က အရူးတစ်ယောက် မဟုတ်ချေ။ သူ၏ မာနထောင်လွှားမှုက မင်းသားတစ်ပါးဟူသော သူ၏ အဆင့်အတန်းမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေသည်။
သူ၏အနောက်ရှိ မျက်မြင်မရသော ကျောထောက်နောက်ခံကို ဆန့်ကျင်ရန်အတွက် သူ ရူးသွပ်နေမှသာ ဖြစ်မည်ပင်။
သူက ချင်ကျင်းကို ကြည့်ကာ အနည်းငယ် ပြုံးရင်း ပြောဆိုလိုက်၏။ "ကောင်းပြီလေ ငါ့ရဲ့ ချစ်လှစွာသော အစ်မတော်... ဒီနေ့ မင်းရဲ့ မျက်နှာကြောင့် လင်းရွှမ်ရဲ့ အသက်ကို ငါ ချမ်းသာပေးလိုက်မယ်..."
မင်း နိုင်တယ်...
ချင်လော့ စကားပြောပြီးသည်နှင့် ချင်လော့၏ နားထဲတွင် ရှီးဟွမ်၏ အသံ ပဲ့တင်ထပ်လာခဲ့လေသည်။
"ပြီးပြီ..."
"မလုပ်နဲ့..." လင်းရွှမ်က ဟိန်းဟောက်လိုက်ပြီး သူ၏ အမူအရာက ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့၏။
[လင်းရွှမ်သည် သူ၏ ဒြပ်ငါးပါးဝိညာဉ်ခန္ဓာနှင့် သူ၏ ကံကြမ္မာတန်ဖိုး အားလုံးကို ဆုံးရှုံးသွားပါသည်။ ပိုင်ရှင်က ဗီလိန်မှတ် ၂၂၈,၀၀၀ ကို ရရှိပါသည်...]
[သတိပေးချက် - လင်းရွှမ်သည် သူ၏ ကံကြမ္မာသားတော် အဆင့်အတန်းကို မဆုံးရှုံးသေးပါ... ကောင်းကင်တာအိုက သူ့အတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ချန်ထားပေးခဲ့ပါသည်။ မမျှော်လင့်ထားသော ဆုချီးမြှင့်မှုတစ်ခုကို ရရှိရန်အတွက် ကံကြမ္မာသားတော်ကို အမြန်ဆုံး သတ်ဖြတ်ပါ...]
"ဟင်... မမျှော်လင့်ထားတဲ့ ဆုချီးမြှင့်မှုတစ်ခု ရှိတယ်ပေါ့..." ချင်လော့၏ နှလုံးသား လှုပ်ရှားသွားခဲ့၏။ ရှီးဟွမ်ကို လင်းရွှမ်အား သတ်ခိုင်းရန် ပြင်လိုက်ချိန်မှာပင် ကောင်းကင်ထက်ရှိ ပုံရိပ်ယောင် မျက်နှာကြီးက မျက်လုံးဖွင့်လာတော့မည်ကို သူ မြင်တွေ့လိုက်ရလေသည်။
သူ စောင့်ကြည့်ခံနေရသည်ဟု သူ ခံစားလိုက်ရ၏။
ရှီးဟွမ်၏ အသံကလည်း သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဒုက္ခပဲ... သူက ငါ့ရဲ့ ကိုယ်ပိုင်အမှတ်အသားကို သိသွားနိုင်တယ်..."
ဝှစ်ခနဲ အသံနှင့်အတူ ချင်လော့က လူသားဧကရာဇ်အလံကို မတုံ့ဆိုင်းဘဲ ချက်ချင်း သိမ်းဆည်းလိုက်ပေသည်။
ဘန်း... သူက လင်းရွှမ်ကို ချင်ကျင်း၏ ခြေရင်းသို့ ပစ်ချလိုက်၏။
"လင်းရွှမ်... မင်းသမီးက မင်းအသက်အတွက် တောင်းပန်နေလို့ ဒီနေ့ မင်းအသက်ကို ချမ်းသာပေးမယ်လို့ ငါ ကတိပေးတယ်..."
"ထွက်သွားစမ်း..."
"အား..." လင်းရွှမ်က နာကျင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ကျင့်ကြံမှုအဆင့်က အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားခဲ့၏။ ၎င်းက နတ်စွမ်းအင်အဆင့် ၁ အထိ ကျဆင်းသွားခဲ့လေပြီ။
ပြီးတော့ အောက်ကို ဆက်ကျနေတဲ့ အလားအလာ ရှိနေသေးတယ်...
"ချင်လော့... ငါ မင်းကို သတ်မယ်..." လင်းရွှမ်က ဟိန်းဟောက်လိုက်ပြီး မတ်တတ်ရပ်ကာ သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် တည့်မတ်စွာ လဲကျသွားခဲ့လေသည်။
သို့သော် သူက အေးစက်သော မြေပြင်ပေါ်သို့ ပြုတ်ကျမသွားဘဲ ချင်ကျင်း၏ ရင်ခွင်ထဲသို့ ကျဆင်းသွားခဲ့၏။
သူမက လင်းရွှမ်၏ ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်က လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီး သူ၏ ဒဏ်ရာများက အလွန် ပြင်းထန်နေကြောင်း တွေ့ရှိလိုက်ရပေသည်။
ဒါက ဘာလဲ...
"သူမရဲ့ ခန္ဓာကိုယ် မူလအဆီအနှစ်တွေ အတင်းအကျပ် ဖယ်ရှားခံလိုက်ရတယ်... သူမရဲ့ ပါရမီတွေ ရုပ်သိမ်းခံလိုက်ရပြီ..." လုချန်က မှုန်ကုပ်နေသော အမူအရာဖြင့် ပြောဆိုလိုက်သည်။
ချင်ကျင်း၏ မျက်လုံးများ ချက်ချင်း နီရဲသွားခဲ့၏။ သူမက အနည်းငယ် ကြမ်းကြုတ်သော အမူအရာဖြင့် ချင်လော့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ချင်လော့... ရှင်ဘယ်လောက်တောင် ရဲတင်းနေတာလဲ..."
ချင်လော့က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ "သူ့အသက်ကို ချမ်းသာပေးမယ်လို့ပဲ ငါ ပြောခဲ့တာ... သူ့ကို ဒုက္ခိတ မလုပ်ဘူးလို့ ငါ မပြောခဲ့ပါဘူး..."
"သူက ငါ့ကို အကြိမ်ကြိမ် တိုက်ခိုက်ရဲတယ်... ငါ့ရဲ့ ကိုယ်လုပ်တော်ကို တပ်မက်ရဲတယ်ပေါ့... ငါ ချင်လော့ဆိုမှာ မင်းသားတစ်ပါးမှာ ဂုဏ်သိက္ခာ မရှိဘူးလို့ မင်း ထင်နေတာလား..."
"ဒီနေ့ မင်းက တခြားသူတွေဘက်ကနေ တမင်တကာ ရပ်တည်ပေးနေတာလား... ဒါမှမဟုတ် မင်းက ဒီလင်းရွှမ်နဲ့ ဖောက်ပြန်နေတာလား... ယောက်ျားတစ်ယောက်အတွက် မင်းက ငါတို့ရဲ့ မောင်နှမ ဆက်ဆံရေးကို လျစ်လျူရှုနေတာပဲ..."
"မင်းကို ငါ မျက်နှာပေးပြီးပြီ... သူ့ကို ခေါ်သွားလိုက်တော့... ငါ့ရဲ့ ချင်လော့ စံအိမ်မှာ မင်းကို ကြိုဆိုမှာ မဟုတ်ဘူး..."
"သွားတော့..."
ကောင်းကင်ထက်ရှိ မျက်နှာကြီးက မျက်လုံးများ ဖွင့်လာပြီး ဗလာနတ္ထိအတွင်းသို့ မပျောက်ကွယ်သွားမီ ချင်လော့ကို တစ်ချက်ကြည့်သွားသကဲ့သို့ ပုံပေါ်လေသည်။
ဖူး...
ချင်လော့က သက်ပြင်းချလိုက်၏။ မြို့တော်က အလွန်အမင်း အန္တရာယ်များလွန်းသည်ဟု သူ ခံစားရပေသည်။ ဤနေရာတွင် အရေးကြီးသော ပုဂ္ဂိုလ်များ အလွန်များပြားလွန်းလှသည်။ အပြင်ဘက်မှာ သူ၏ စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ နည်းလမ်းရှာသင့်ပေသည်။
"ကောင်းပြီလေ ချင်လော့... ကောင်းတယ်... ရှင် တော်တော် ကောင်းတာပဲ..." ချင်ကျင်းက ချင်လော့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် လင်းရွှမ်ကို ပွေ့ချီကာ လှည့်ထွက်သွားခဲ့လေသည်။
ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေမှ လီချန်က ချင်လော့ကို အလွန် အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း သူက မည်သည့် ကြမ်းတမ်းသော စကားမျှ မဆိုဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့၏။
ချူဟန်က ချင်လော့၏ မျက်နှာကို သူ၏ စိတ်ထဲတွင် မှတ်သားထားရန် ကြိုးစားနေသည့်အလား ချင်လော့ကို စူးစိုက်ကြည့်လိုက်သည်။
သူက မာနကြီးသော လူအများအပြားကို မြင်ဖူးသော်လည်း ဤမျှ မာနကြီးသော မင်းသားတစ်ပါးကို မည်သည့်အခါကမျှ မမြင်ဖူးခဲ့ချေ။
"သူက ကြီးကြီးမားမား တစ်ခုခု ဖြစ်လာဖို့ မဖြစ်နိုင်ပါဘူး..." ထွက်သွားပြီးနောက် ချူဟန်က မှတ်ချက်ချလိုက်၏။
သူတို့အားလုံး ထွက်သွားပြီးချိန်၌ မင်းသားစံအိမ်၏ အိမ်တော်ထိန်းအသစ်က ရှေ့ထွက်လာပြီး တိုးတိတ်သော အသံဖြင့် မေးမြန်းလိုက်သည်။ "အရှင်မင်းသား... အခမ်းအနားကို ဆက်လုပ်ရမလား..."
အခမ်းအနားဆိုသည်မှာ ကိုယ်လုပ်တော် ယူသည့် အခမ်းအနားကို သဘာဝကျကျ ရည်ညွှန်းခြင်းပင် ဖြစ်လေသည်။
ချင်လော့က ကုချင်းရွှဲ့ကို တစ်ချက်ကြည့်လိုက်ရာ သူမက တုန်ယင်သွားပြီး ချင်လော့ကို အတင်း ပြုံးပြလိုက်၏။
သူမက ချင်လော့ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့ပေသည်။
"သူမက ဘယ်လို အခမ်းအနားမျိုးနဲ့ ထိုက်တန်လို့လဲ..."
ချင်လော့က လှည့်လိုက်ပြီး သူ၏ ဓားဖြင့် တစ်ချက်တည်း ထိုးသွင်းလိုက်ရာ ခွပ်ခနဲ အသံနှင့်အတူ ကုချင်းရွှဲ့၏ နှလုံးကို ဖောက်ထွင်းသွားခဲ့လေသည်။
"ဘာလို့လဲ..." ကုချင်းရွှဲ့က ချင်လော့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
"ဘာလို့လဲဆိုတော့ အဲဒါက ညစ်ပတ်တယ်လို့ ငါ ထင်လို့ပဲ..."
အရေးမကြီးပါဘူး... သူက ကူးပြောင်းလာပြီးသားပဲ... ဇာတ်လိုက်ရဲ့ ဖိနပ်အဟောင်းကို သူက ဘာလို့ ကောက်စွပ်ရမှာလဲ... သူ့မှာ အဲဒီလို အထူး ဝါသနာတွေ မရှိပါဘူး...
ထို့ပြင် သူ၏ဘေးတွင် နေထိုင်သော ဤအမျိုးသမီးက တစ်နေ့နေ့တွင် သူ့ကို နောက်ကျော ဓားထိုးကောင်း ထိုးနိုင်ပေသည်။
နောက်ထပ် အရေးကြီးသည့်အချက်မှာ ကံကြမ္မာတန်ဖိုးပင် ဖြစ်လေသည်။
သူ အဲဒါကို လိုအပ်တယ်လေ... ပမာဏ နည်းနည်းလေး ဆိုရင်တောင်မှ အဲဒါက တစ်ခုခုတော့ ဖြစ်နေတုန်းပဲ မဟုတ်ဘူးလား...
[စိတ်ထဲမှာ မိန်းမမရှိရင် ဓားဆွဲထုတ်ရတာ နတ်ဘုရားတစ်ပါးလိုပဲ... သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ကံကြမ္မာသမီးတော်ကို သတ်ဖြတ်လိုက်သည့်အတွက် ဆုချီးမြှင့်မှု ရရှိပါသည် - ဓားဆန္ဒမူလပုံစံ နားလည်သဘောပေါက်မှု]
[ကုချင်းရွှဲ့ အသတ်ခံလိုက်ရပြီး ကံကြမ္မာတန်ဖိုး အားလုံးကို ဆုံးရှုံးသွားပါသည်။ ပိုင်ရှင် ရရှိလာသော ကံကြမ္မာတန်ဖိုး အမှတ် ၈,၈၀၀...]