အခန်း (၂၃၀-၂၃၁)
Vol. 14 Ch. 230-231
အပိုင်း (၂၃၀) လူသားတို့၏ မူလသဘာဝသည် ကြက်တူရွေးကဲ့သို့ အတုခိုးတတ်ခြင်း ဖြစ်သည်။
နှစ်ရက်တာ အချိန်အတွင်းတွင် ဖန်ကျန်းရီသည် နောက်ဆက်တွဲ ကိစ္စရပ်အချို့ကို အလျင်အမြန် စီစဉ်ခဲ့သည်။
ထိုနှစ်ရက်အတွင်း မြို့ဝန်လျိုရွှန်းအား လူပုံလယ်တွင် ခေါင်းဖြတ်သတ်မည့် သတင်းကို မြို့နေလူထု တစ်ရပ်လုံး ထံသို့ ကြေညာခဲ့ပြီးဖြစ်၏။
ယခုအချိန်တွင် မြို့အတွင်းရှိ လူအများစုသည် မြို့ပြင်သို့ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
မြို့တံခါးရဲတိုက်ပေါ်တွင် လျိုရွှန်းနှင့် ဒုတိယမြို့ဝန်တို့သည် ဆံပင်များ ဖရိုဖရဲဖြင့် သစ်သားလည်ပင်းကြိုးများ တပ်ဆင်ကာ ခံတပ်ရိုးပေါ်တွင် ဖိနှိပ်ခံထားရ၏။
ဖန်ကျန်းရီက ရှဲ့ရှန်းကို အရာရှိလုပ်ခွင့်ရရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ပေးခဲ့သော်ငြား ရှဲ့ရှန်းက ယဉ်ကျေးစွာဖြင့် ငြင်းပယ်ခဲ့သည်။
အရာရှိဝတ်စုံကို တစ်ကြိမ် ဝတ်ဆင်ခွင့်ရခဲ့သည်မှာပဲ ကျေနပ်စရာကောင်းနေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တောက်ယွမ်ခရိုင်တွင် နေထိုင်ရသည်က အစိုးရအရာရှိ လုပ်ရသည်ထက် အများကြီး ပို၍ ပေါ့ပါးပျော်ရွှင်စရာ ကောင်း၏။
ဖန်ကျန်းရီသည် အခြားသူများ မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် သူ၏ မျက်နှာကို အနည်းငယ် ညစ်ပတ်အောင် တမင်တကာ လုပ်ထားပြီး ဖာထေးရာများ ပြည့်နှက်နေသော ဘောင်းဘီတစ်ထည်ကို လဲလှယ် ဝတ်ဆင်ထားသည်။
ဤအချိန်တွင် သူသည် အာဏာပိုင် ဓားကို ကိုင်ဆောင်ထားပြီး ခြေတစ်ဖက်ကို ခံတပ်ရိုး ပေါ်တွင် တင်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေသည်။
အဝေးတွင် နျဲ့ကျန်းက မျက်နှာထား တင်းမာစွာဖြင့် ဤဘက်ရှိ အခြေအနေကို စောင့်ကြည့်နေ၏။
ဖန်ကျန်းရီက ကိစ္စရပ်များကို ဤမျှ ကြီးကျယ်သွားအောင် လုပ်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ၊ တစ်မြို့လုံးနီးပါးရှိ လူအားလုံးကို ခေါ်ဆောင်လာခဲ့သည်။
ယခုကဲ့သို့ လူများစွာ စုဝေးနေချိန်တွင် မတော်တဆမှုများ ဖြစ်ပေါ်ရန် အလွန် လွယ်ကူသောကြောင့် ပြဿနာဖြစ်မည်ကို စိုးရိမ်သဖြင့် အစိုးရစစ်တပ် အများအပြားကို ခေါ်ဆောင်ကာ ကာကွယ်ရေးအတွက် ထပ်မံ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ဖန်ကျန်းရီ၏ ခြေထောက်အနီးရှိ ဒုတိယမြို့ဝန်က ရူးသွပ်မတတ် အော်ဟစ်နေသည်။ "ခင်ဗျား ကျုပ်ကို သတ်လို့ မရဘူး။ ခင်ဗျား ကျုပ်ကို သတ်လို့ မရဘူး။ ဖန်ကျန်းရီ …. တရားရေးဌာနက စစ်ဆေးမှု မရှိဘဲနဲ့ ခင်ဗျား ကျုပ်ကို သတ်လို့ မရသေးဘူး။"
ဖန်ကျန်းရီက ဓားကို ဆွဲထုတ်လိုက်ပြီး ရင်ဘတ်ထဲမှ အဝတ်စတစ်စကို ထုတ်ကာ ဓားသွားကို သုတ်လိုက်သည်။
လူမသတ်ဖူးသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိ၏။
အရင်တစ်ခေါက် မြေအောက်ခန်းထဲတွင် ပင်နီဆီလင် စမ်းသပ်စဉ်ကတော့ မပါဝင်ချေ၊ သူက ထိုအရာကို ဆေးဘက်ဆိုင်ရာ မတော်တဆမှုတစ်ခုအနေဖြင့်သာ မှတ်ယူထားသောကြောင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး အနည်းငယ်မှ မရှိခဲ့ပေ။
ထို့အပြင် ထိုသေဒဏ်ကျအကျဉ်းသားများသည် ရိုးရိုးရှင်းရှင်း ခေါင်းဖြတ်ခံရုံဖြင့် သေဆုံးသွားခြင်း မဟုတ်ဘဲ မသေခင် ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကို ခံစားခဲ့ရသည်။
သူ့လက်ထဲတွင် သေဆုံးသွားခြင်းကလည်း မြန်မြန်ဆန်ဆန် ပြီးဆုံးသွားသဖြင့် အမြတ်ထွက်သည်ဟု ဆိုနိုင်၏။
ပထမဆုံးအကြိမ် လူသတ်ခဲ့ခြင်းမှာ ဟန်ကျန်းပြည်နယ်တွင် ဖြစ်ပြီး ဒေသခံ အရာရှိငယ်တစ်ဦးက သူ၏ လက်အောက်ရှိ ငယ်ရွယ်သော သူတောင်းစားလေးများကို အကြောင်းမဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့စဉ်က ဖြစ်သည်။
ထိုအချိန်က သူသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး အကျိုးဆက်များကို ဂရုမစိုက်ဘဲ ဓားဆွဲထုတ်ကာ လူသတ်ခဲ့ခြင်း ဖြစ်၏။
ထို့နောက်ပိုင်းတွင် ဤကဲ့သို့သော ကိစ္စရပ်များကို ကျန်းပြောင်က ကိုယ်စား လုပ်ဆောင်ပေးခဲ့ပြီး သူကိုယ်တိုင် ဘယ်သောအခါမှ မလုပ်ဆောင်ခဲ့တော့ချေ။
ဒုတိယမြို့ဝန်၏ အော်ဟစ်သံကို ကြားချိန်မှာတော့ ဖန်ကျန်းရီက တည်ကြည်စွာ ပြောလိုက်သည်။ "ဆက်အော်မနေနဲ့တော့၊ ကျုပ်လက်ထဲမှာ အာဏာပိုင်ဓားရှိတယ်၊ ခင်ဗျားကို သတ်ဖို့ စစ်ဆေးနေစရာ လိုသေးလို့လား။"
"အဟွတ်၊ အဟွတ်၊ အဟွတ်အဟွတ်။"
လျိုရွှန်းသည် ဖန်ကျန်းရီ စကားပြောသံကို ကြားချိန်မှာတော့ အသေအလဲ အော်ဟစ်လာပြန်သည်။
စိတ်ထဲတွင်လည်း ရူးသွပ်မတတ် ဟစ်အော်နေ၏၊ ဓားက အတုကြီး။ ဓားက အတုကြီး။
ဖန်ကျန်းရီက သူတို့နှစ်ယောက်ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ "အခု ကပ်ဘေးအခြေအနေက အရမ်း ဆိုးရွားနေတယ်။ ကျုပ်မှာ အချိန်ဆွဲနေဖို့ အချိန်မရှိဘူး၊ ဒီနေ့ ခင်ဗျားတို့နှစ်ယောက်ကို လူပုံလယ်မှာ သတ်လိုက်တာက တစ်ကမ္ဘာလုံးကို ကြေညာလိုက်တာပဲ။
တစ်ချက်က တခြား အရာရှိတွေကို ခြိမ်းခြောက်ဖို့၊ နှစ်ချက်က ဒေသခံပြည်သူတွေရဲ့ စိတ်ဓာတ်ကို တည်ငြိမ်စေဖို့ပဲ။"
ပြောပြီးနောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
ဤအချိန်တွင် မြို့ရိုးအောက်တွင် လူအုပ်ကြီးက ပြည့်နှက်နေပြီး မရေမတွက်နိုင်သော မျက်နှာများက မျှော်လင့်ချက်များ ဖြင့် မြို့ရိုးပေါ်သို့ မော့ကြည့်နေကြသည်။
မြို့ဝန်ကို လူပုံလယ်တွင် ခေါင်းဖြတ်သတ်ခြင်းဆိုသည်မှာ တစ်သက်တွင် တစ်ကြိမ် မြင်ရခဲသော ကိစ္စဖြစ်သည်။ လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ မည်သူမှ မကြားဖူးကြပေ။
ဤကဲ့သို့သော ပွဲမျိုးကို မည်သူက မကြည့်ချင်ဘဲ နေမည်နည်း။
ဖန်ကျန်းရီက အရာရှိဝတ်စုံ၏ အောက်နားကို ဆွဲတင်ကာ ခါးတွင် ထိုးထည့်လိုက်ရာ ဖာထေးရာများ ပြည့်နှက်နေသော ဘောင်းဘီ ပေါ်လာခဲ့သည်။
လျိုရွှန်းက ဘေးတိုက်လှမ်းကြည့်လိုက်ရာ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့၏။
ဒီခွေးကောင် ဖန်ကျန်းရီ။ ငါ့လို ဘောင်းဘီကို ဝတ်ထားတယ်။ ချီးတဲ့မှ … ဖာထေးထားတဲ့ နေရာတောင် အတူတူပဲ။
ဖန်ကျန်းရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မိဘပြည်သူ ညီအစ်ကို မောင်နှမတို့…. ကျုပ်က ကျန်းကျန်ပြည်နယ်ရဲ့ ဒုမြို့ဝန် ဖန်ကျန်းရီပါ။ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ခံယူပြီး ကယ်ဆယ်ရေးလုပ်ဖို့ ဒီကို လာခဲ့တာပါ။
ဒီနှစ်ယောက်က ကျန်းကျန်မြို့ဝန်နဲ့ ဒုတိယမြို့ဝန်ပဲ။ သူတို့နှစ်ယောက် ဘာအပြစ်တွေ ကျူးလွန်ခဲ့လဲဆိုတာ ခင်ဗျားတို့ သိကြလား။
ကျန်းကျန်မြို့ရဲ့ ဆန်ဈေးတွေက မြင့်တက်နေတယ်၊ မြို့ပြင်က ဒုက္ခသည်တွေက ရေလိုကျဲတဲ့ ဆန်ပြုတ်ကို သောက်ပြီး ငိုကြွေးနေရတယ်။ အရိုးတွေက လမ်းမတွေပေါ်မှာ ပြည့်နှက်နေပြီး ပြည်သူတွေရဲ့ မကျေနပ်မှုတွေက ဆူပွက်နေတယ်။ ဒါတွေအားလုံးက ဒီလူယုတ်မာ နှစ်ယောက် ကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲ။
အခုလက်ရှိ အရှင်မင်းကြီးက ထာဝရ ဧကရာဇ်မင်းမြတ်ပဲ။ အရှင်မင်းကြီးက ကရုဏာတရား ပြည့်ဝပြီး ပြည်သူတွေကို အရမ်း သနားတယ်။"
ဒါကြောင့် ဒေသခံ စပါးကျီတွေကို ဖွင့်ပြီး ကယ်ဆယ်ရေးလုပ်ဖို့၊ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင်လုပ်ဖို့ အမိန့်ပေးခဲ့တယ်။ မြို့တော်မှာရှိတဲ့ ပြည်သူတွေနဲ့ အရာရှိတွေကလည်း ဒုက္ခသည်တွေအတွက် ဆန်တွေ စုဆောင်းပေးဖို့ အစွမ်းကုန် ကြိုးစားနေကြတယ်။
ဒါပေမဲ့ ဒီလူနှစ်ယောက်က စပါးကျီထဲက ဆန်တွေကို အလွဲသုံးစားလုပ်ပြီး မှောင်ခိုရောင်းဝယ်ခဲ့ကြတယ်။ ဆန်ဟောင်းနဲ့ ဆန်သစ်ကို လဲလှယ်ပြီး သူတို့ရဲ့ အကျိုးအမြတ်က အံ့မခန်းလောက်အောင် များပြားလှတယ်။
ဆန်တင်းပေါင်း သောင်းနဲ့ချီပြီး ကျန်းကျန်ပြည်သူတွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတာကို သူတို့နှစ်ယောက်တည်း ကပဲ ဝါးမျိုသွားကြတယ်။
အခု ခင်ဗျားတို့က ရေအနက် ၊ မီးပူထဲမှာ နေထိုင်နေရတယ်၊ အစားမဝ၊ အဝတ်မလုံဘူး၊ မြို့ပြင်မှာတောင် ငတ်သေနေကြတယ်။ သူတို့နှစ်ယောက်ကတော့ အိမ်မှာ မိန်းမလှလေးတွေနဲ့ ဇိမ်ကျကျ စားသောက် နေကြတယ်။
ခင်ဗျားတို့ ကျုပ်ကို ပြောပြကြစမ်း၊ သူတို့ သေသင့်သလား။"
"သေသင့်တယ်။ သေသင့်တယ်။ သေသင့်တယ်။"
"သူ့ကို သတ်လိုက်။ သူ့ကို သတ်လိုက်။"
အောက်ဘက်မှ ပြည်သူများက ဒေါသတကြီးဖြင့် တောင်ပြိုမိုးပျံမတတ် အော်ဟစ်လိုက်ကြသည်။
ဤလူများသည် ဘာမှ နားမလည်ကြသော်ငြား ဆန်ဈေးကြီးမြင့်မှုကိုတော့ လူတိုင်းက အလွန် မုန်းတီးကြ၏။
မိမိတို့၏ အသက်ကို လိုချင်နေသော ဤအရာရှိဆိုးများကို အရိုးထဲထိအောင် မုန်းတီးနေကြပြီ ဖြစ်သည်။
လျိုရွှန်းနှင့် ဒုတိယမြို့ဝန်တို့သည် လူများကို ဖိနှိပ်နိုင်လောက်သော အရှိန်အဝါကို ရင်ဆိုင်ရချိန်မှာတော့ စကားမပြောရဲတော့ဘဲ မျက်နှာဖြူရော်ကာ ခေါင်းငုံ့ထားကြ၏။
မိမိတို့၏ မျက်စိအောက်ရှိ မြို့ရိုးအုတ်ခဲများကို ကြောင်တောင်တောင် ကြည့်နေကြသည်။
ထို့နောက် ဖန်ကျန်းရီသည် ခံစားချက်ကို အနည်းငယ် ပြင်ဆင်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်ကာ ခေါင်းငုံ့လိုက်ချိန်မှာတော့ မျက်လုံးများတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီ ဖြစ်၏။
အောက်ဘက်ရှိ ပြည်သူများအား ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "မိဘပြည်သူ ညီအစ်ကို မောင်နှမတို့၊ ကျုပ်... နောက်ကျသွားပြီ။"
အဝေးမှ နျဲ့ကျန်းသည် ဖန်ကျန်းရီ၏ အသံကို သဲ့သဲ့ကြားရပြီး မျက်နှာထား တင်းမာသွားခဲ့သည်။
စိတ်ထဲတွင်လည်း ပွစိပွစိ ပြောနေမိ၏။ စပြီ၊ သူ လူတွေကို ထပ်ပြီး လှည့်စားနေပြန်ပြီ။
"ကျုပ် ဖန်ကျန်းရီက ကျန်းကျန်ပြည်နယ်ရဲ့ တရားသူကြီးတစ်ယောက် ဖြစ်နေပါလျက်နဲ့ ပြည်သူတွေရဲ့ လက်ထဲမှာ ဆန်မရှိဘူးဆိုတာ ကျုပ်ရဲ့ တာဝန်လွတ်ကင်းလို့ မရပါဘူး။
ဒီ တရားလက်လွတ်ဖြစ်နေတဲ့ အဂတိလိုက်စားတဲ့ အရာရှိတွေက ဆန်မရှိတဲ့ ပြည်သူတွေကို မြို့ပြင်မှာ ရေလိုကျဲတဲ့ ဆန်ပြုတ်ကို သောက်ခိုင်းပြီး အခွန်အသစ်တွေ ထပ်ကောက်တယ်။ ရက်ရက်စက်စက် အမြတ်ထုတ်နေကြတယ်။
ခင်ဗျားတို့က မူလကတည်းက ဆင်းရဲဒုက္ခရောက်နေတာကို သူတို့က မိဘပြည်သူ ညီအစ်ကို မောင်နှမတွေရဲ့ ဒဏ်ရာပေါ်ကို ဆားထပ်သိပ်နေကြတာပဲ။
တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။
ကျုပ် ဖန်ကျန်းရီက ဒီအပြစ်သားတွေ ကိုယ်စား မိဘပြည်သူ ညီအစ်ကို မောင်နှမတွေကို တောင်းပန်ပါတယ်။"
ပြောရင်းနှင့် အာဏာပိုင် ဓားကို ယူကာ မိမိ၏ ဆံပင်တစ်စုကို ဖြတ်ချလိုက်၏။
ပတ်ဝန်းကျင်ရှိ ပြည်သူများအားလုံးသည် အလွန်အမင်း တုန်လှုပ်သွားကြသည်။
ဒါက ပြည်သူတွေအတွက် အမှန်တကယ် ရပ်တည်ပေးတဲ့ အရာရှိကောင်းပဲ။ ဒီနေ့တော့ တရားမျှတတဲ့ အရာရှိကြီးကို တကယ် ပြန်တွေ့လိုက်ရပြီ။
"မြို့ဝန်ဖန် … ဒါ တရားမျှတတဲ့ မြို့ဝန်ကြီးပဲ။" မည်သူက အော်ဟစ်လိုက်မှန်း မသိချေ။
လူအများအပြားကလည်း လိုက်လံအော်ဟစ်ကြရာ ချက်ချင်းဆိုသလို တရားမျှတသော မြို့ဝန်ကြီး ဟူသော အော်ဟစ်သံများ လေးဘက်လေးတန်မှ ထွက်ပေါ်လာခဲ့၏။
ဖန်ကျန်းရီက သံသယဖြင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
ဟင် … မဟုတ်သေးပါဘူး၊ ဒီနေ့ ငါ လူမငှားထားပါဘူး။
လျိုရွှန်းသည် ထိုစကားများကို ကြားပြီးနောက် သွေးမျက်ရည်များပင် ကျလုမတတ် ဖြစ်သွားခဲ့သည်။
တစ်ကိုယ်လုံး အပြင်းအထန် ရုန်းကန်နေသဖြင့် သစ်သားလည်ပင်းကြိုးသည် ခွမ်ခွမ်ခွမ် ဟု အသံမြည်နေ၏။
အနောက်ဘက်တွင် ရဲမက်များက သူ့ကို အသေအလဲ ဖိထားသောကြောင့်သာ တော်သေးတော့သည်။
ဖန်ကျန်းရီ … မင်း ငါပြောတဲ့စကားတွေကို လိုက်ပြောနေတယ်။ မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး။
အခြေအနေကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီသည် အရှိန်ယူကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဒီသူခိုးနှစ်ယောက်က ဥပဒေကို မျက်ကွယ်ပြုတယ်။ ပြည်သူတွေကို လျစ်လျူရှုတယ်။ အရှက်မရှိဘူး။ အပြစ်တွေ ကြီးမားလှတယ်။
မင်းတို့က ပြည်သူတွေအပေါ် သံမဏိလို ခက်ထန်တဲ့ စိတ်ထားရှိမှတော့ ကျုပ်ကလည်း... ကျုပ်ကလည်း သံမဏိလို ခက်ထန်တဲ့ စိတ်ထားရှိတယ်ဆိုတာကို အပြစ်မတင်နဲ့တော့။"
လျိုရွှန်း၏ ပါးစပ်မှ အသံဩဩများ ဆက်တိုက် ထွက်ပေါ်လာ၏။
"အဟွတ်၊ အဟွတ်၊ အဟွတ်။"
လိုက်ပြောနေတုန်းပဲ... လိုက်ပြောနေတုန်းပဲ။ ငါ မုန်းလိုက်တာ။
ဖန်ကျန်းရီက ပြောပြီးနောက် အာဏာပိုင်ဓားကို မြင့်မြင့်မြှောက်ကာ မျက်လုံးများကို မှိတ်၍ တွန့်ဆုတ်ခြင်းမရှိဘဲ လျိုရွှန်း၏ လည်ပင်းဆီသို့ ခုတ်ချလိုက်တော့သည်။
ရွှီးခနဲ အသံတစ်သံ ကြားလိုက်ရပြီး တစ်ကွင်းလုံး တိတ်ဆိတ်သွားခဲ့၏။
အပိုင်း (၂၃၁) အိမ်ရှေ့စံမင်းသား ရောက်ရှိလာခြင်း။
"အား"
မြို့ရိုးပေါ်တွင် လျိုရွှန်း၏ အော်ဟစ်ညည်းတွားသံများသာ အဆက်မပြတ် ထွက်ပေါ်လျက်ရှိ၏။
အောက်ဘက်ရှိ ပြည်သူပြည်သားများမှာ ကြက်သေ,သေလျက် ကြည့်ရှုနေကြသည်။
ဖန်ကျန်းရီသည် ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ စိတ်ကူးထားသကဲ့သို့ သွေးများ ပန်းထွက်လာသည့် အခြေအနေမျိုး ဖြစ်မလာခဲ့ချေ။ လျိုရွှန်း၏ လည်ပင်းတွင် ဓားခုတ်ခံရသည့် ဒဏ်ရာတစ်ချက်သာ ပေါ်လာပြီး သွေးများ တသွင်သွင် စီးကျလျက်ရှိသည်။
လက်ထဲရှိ ဧကရာဇ်ပေးသနားထားသော ဓားမြှောင်မှာ နှစ်ပိုင်း ကျိုးပဲ့သွားခဲ့၏။
ဖန်ကျန်းရီ၏ ခေါင်းတစ်ခုလုံး ချွေးစေးများ ပျံကျလာပြီး ကျိုးသွားသော ဓားကို ကောက်ကိုင်လိုက်သည်။
သောက်ကျိုးနည်း။ ဒီစုတ်ပြတ်နေတဲ့ ပစ္စည်းရဲ့ အရည်အသွေးက ဒီလောက်ထိ ဆိုးရွားနေရသလား။
အောက်ဘက်ရှိ ပြည်သူများသည် ပါးစပ်အဟောင်းသားနှင့် ပွဲကြည့်ရန် စောင့်ဆိုင်းနေချိန်မှာတော့ ရုတ်တရက် လျိုရွှန်းသည် တဟားဟား ရယ်မောလာခဲ့သည်။ ထို့နောက် ဖန်ကျန်းရီဘက်သို့ ခေါင်းလှည့်လာပြီး သူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေ၏။
ဘေးဘက်ရှိ လက်ထောက်မြို့ဝန်က ထိုအခြေအနေကို မြင်ချိန်မှာတော့ ချက်ချင်းပင် ရူးသွပ်သကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား … ကောင်းကင်ဘုံက မျက်စိရှိတယ်။ ကောင်းကင်ဘုံက မျက်စိရှိတယ်။"
"ဒီ ဖန်ကျန်းရီက လူကောင်းကို မှားသတ်နေတာ။ ကောင်းကင်ဘုံက မျက်စိဖွင့်ကြည့်နေပြီ။ ခင်ဗျားတို့ မြင်ကြရဲ့လား။"
"အမိအဖ ညီအစ်ကို မောင်နှမတို့…သူကမှ လူဆိုး လူယုတ်မာပဲ။ သူ ခင်ဗျားတို့ကို လိမ်ညာနေတာ။ ဒီလူ့ရဲ့ လှည့်စားမှုကို မခံကြပါနဲ့။"
ဖန်ကျန်းရီသည် မျက်မှောင်ကြုတ်သွားပြီး လက်ထောက်မြို့ဝန်၏ နံရိုးကို အားကုန်လွှဲကန်ပစ်လိုက်၏။
အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားတော့သည်။
အောက်ဘက်ရှိ ပြည်သူအများအပြားမှာ ထိုကဲ့သို့ အော်ဟစ်လိုက်သံကို ကြားချိန်မှာတော့ အမှန်တကယ် သံသယဝင်သွားကြပြီး အပေါ်ဘက်သို့ လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုလာကြ၏။
လူအုပ်ကြီးကြားထဲတွင် တီးတိုးပြောဆိုသံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။
ပြည်သူများသည် အယူသီးရုံသာမက အကန်းယုံလည်း ယုံတတ်ကြသည်။ ဤအတိုင်း ဆက်သွားနေပါက ပြဿနာတက်ပေတော့မည်။
ဖန်ကျန်းရီ၏ မျက်နှာသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ဘေးနားရှိ ရုံးတော်အစောင့်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။ "ဓားယူခဲ့။"
စကားမဆုံးသေးခင်မှာပဲ အောက်ဘက် လူအုပ်ကြီးထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"ကောင်းကင်ဘုံက မျက်စိရှိတယ်။ ဒီလူယုတ်မာ နှစ်ကောင်က ကျုပ်တို့ရဲ့ စားနပ်ရိက္ခာတွေကို ခိုးယူသွားတာ။ သူတို့ကို သက်သက်သာသာ သေခွင့် မပေးနိုင်ဘူး။"
ထို့နောက် ဆက်တိုက်ဆိုသလို အလားတူ အော်ဟစ်သံ ဆယ်သံကျော်ခန့် ထွက်ပေါ်လာခဲ့သည်။
ဖန်ကျန်းရီသည် မူလက ကိုယ်ကိုစောင်း၍ ဓားကို ယူရန် ပြင်လိုက်ခြင်း ဖြစ်၏။
သို့ပေမည့် ထိုအော်ဟစ်သံများကို ကြားချိန်မှာတော့ မြို့ရိုးပစ်စင်အနီးသို့ အလျင်အမြန် ကပ်သွားကာ အောက်ဘက်သို့ အဆက်မပြတ် ငုံ့ကြည့်လိုက်သည်။
ရုတ်တရက်။
လူအုပ်ကြီးထဲတွင် ဖုန်တလူးလူး ဖြစ်နေသော လူငယ်လေးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုလူငယ်လေးသည် သွားဖြူဖြူ နှစ်တန်းကို ပေါ်လွင်အောင် သူ့ကို ပြုံးပြနေ၏။
ထိုလူငယ်လေး၏ ဘေးနားတွင်တော့ ရင်းနှီးနေသည့် လူဆယ်ယောက်ခန့် ပါလာခဲ့သည်။
ဖန်ကျန်းရီသည် လူငယ်လေးအား ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိ၏။
အိမ်ရှေ့စံမင်းသား….။ သူပါ ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ငါ့ကို ပြဿနာရှာဖို့ ရောက်လာတာလား။ အမိန့်တော်ကို လိမ်လည်ပြီးတာနဲ့ ဒီနေရာကို ရောက်လာတာလား။ ငါ့ခေါင်းပေါ်ကို ပြဿနာတွေ ထပ်ပုံချတော့မှာပဲ။
သို့သော်လည်း ရောက်လာမှတော့လည်း ဒီအတိုင်းပဲ ထားလိုက်တော့မည်။
သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားပြီးနောက် ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။
ကျိုးသွားသော ဓားကို ဆက်လက် ကောက်ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မှန်တယ်။ ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ။
ဒီလူယုတ်မာ နှစ်ကောင်ရဲ့ ပြစ်မှုတွေကို ကောင်းကင်ဘုံကတောင် ကြည့်မနေနိုင်တော့ဘူး။ ဒါကြောင့် ဒီမြို့ဝန်က ဒီနေ့ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ပေးမယ်။"
ထိုသို့ပြောဆိုရင်း ကျိုးနေသော ဓားကို ဆွဲကိုင်ကာ လက်ထောက်မြို့ဝန်၏ ခေါင်းပေါ်သို့ ဒိုင်းဒိုင်းမြည်အောင် ထုရိုက်ချလိုက်တော့၏။
လက်ထောက်မြို့ဝန်သည် အဆက်မပြတ် အော်ဟစ်ညည်းတွားနေပြီး သူ၏ အသံမှာ အဝေးကြီးအထိ ပျံ့နှံ့သွားခဲ့သည်။
မည်မျှကြာအောင် ထုရိုက်လိုက်မိသည်၊ အချက်ပေါင်း မည်မျှ ရိုက်လိုက်မိသည်ကိုပင် မသိတော့ချေ။
လက်ထောက်မြို့ဝန်မှာ အားအင်အပြည့်ဖြင့် အော်ဟစ်ညည်းတွားနေဆဲ ဖြစ်သည်။ သို့သော်ငြား သူ၏ ခေါင်းပေါ်တွင် ထုရိုက်ခံရမှုကြောင့် သေးငယ်သော ဒဏ်ရာအများအပြား ရရှိသွားပြီး သွေးများ မျက်နှာတစ်ပြင်လုံး သို့ စီးကျလာကာ သွေးလူသားတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့၏။
ဤကဲ့သို့ သနားစရာကောင်းလှသော အခြေအနေကို မြင်တွေ့ရသူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။
အောက်ဘက်ရှိ ပြည်သူများမှာတော့ ကြည့်ရှုနေရင်း စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်အားရသွားကြ၏။
အမှန်တကယ်ပဲ။ ကောင်းကင်ဘုံက သူတို့ကို အပြစ်ပေးချင်လို့ပဲ ဖြစ်ရမည်။ သို့မဟုတ်ပါက အဘယ့်ကြောင့် ဤမျှ ညှဉ်းပန်းနှိပ်စက်ခံရမည်နည်း။
လက်ထောက်မြို့ဝန်မှာ အထုအထောင်းခံရမှုကြောင့် ခေါင်းများ ပြင်းထန်စွာ ကိုက်ခဲလာပြီး ဦးနှောက်ပါ ရှုပ်ထွေးသွားကာ ငိုယိုအော်ဟစ်လိုက်သည်။ "ကျုပ်ကို သတ်လိုက်ပါ။ ခင်ဗျား ကျုပ်ကို သတ်လိုက်ပါတော့။ ကျုပ်က အပြစ်ကြီးလွန်းပါတယ်။ ကောင်းကင်ဘုံက ညှဉ်းပန်းချင်တာ လျိုရွှန်းကိုပါ။ ကျုပ်ကို မဟုတ်ပါဘူး။ မြို့ဝန်ဖန် … ကျုပ်ကို သက်သာအောင် လုပ်ပေးပါတော့။"
ဖန်ကျန်းရီသည် ထိုစကားကို ကြားချိန်မှာတော့ ကျိုးနေသော ဓားကို လွှင့်ပစ်လိုက်သည်။ "ဓားယူခဲ့စမ်း။"
ရုံးတော်အစောင့် ပေးလာသော ဓားကို လှမ်းယူလိုက်ပြီးနောက် ဖန်ကျန်းရီသည် လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် ဓားဖြင့် နှစ်ချက်ခန့် ချိန်ရွယ်လိုက်ပြီး မျက်လုံးကိုမှိတ်ကာ လက်ထောက်မြို့ဝန်၏ လည်ပင်းဆီသို့ ခုတ်ချလိုက်တော့သည်။
ဤတစ်ချက်တည်းဖြင့်ပင် လူ့ခေါင်းကြီးမှာ အောက်သို့ လိမ့်ကျသွားခဲ့၏။
ဘေးနားရှိ လူများမှာ လက်ထောက်မြို့ဝန်၏ အလောင်းကို အဖြူရောင် ပိတ်စဖြင့် အလျင်အမြန် လာရောက် ဖုံးအုပ်ပေးကြသည်။
ဖန်ကျန်းရီသည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဓားကိုကိုင်ကာ လျိုရွှန်းဆီသို့ လျှောက်သွားခဲ့၏။
ယခုအချိန်တွင် လျိုရွှန်း၏ လည်ပင်းမှ ဒဏ်ရာမှာ သွေးများ ဆက်တိုက် စီးကျနေဆဲဖြစ်ပြီး သူ၏ တစ်ကိုယ်လုံး မှာလည်း အနည်းငယ် တုန်ယင်၍ သတိလစ်ချင်နေပြီဖြစ်သည်။
ဖန်ကျန်းရီသည် သူ့အား ကြည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်၏။ "စိတ်ချပါ။ ဒီမြို့ဝန်က လူတွေကို ညှဉ်းပန်း နှိပ်စက်ရတာ မကြိုက်ဘူး။ ခင်ဗျားကို သက်သက်သာသာလေး အဆုံးသတ်ပေးပါ့မယ်။
နောက်ဆုံးအကြိမ် ထပ်မေးမယ်။ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ဘယ်သူလဲ။ စက္ကူနဲ့ စုတ်တံ အဆင်သင့် ပြင်ထားပြီးပြီ။ ခင်ဗျား ဖြေချင်တယ်ဆိုရင် ခေါင်းညိတ်ပြလိုက်။"
လျိုရွှန်းသည် မျက်လုံးကို မှိတ်လိုက်ပြီး ခေါင်းကို ရှေ့သို့ တိုးပေးလိုက်၏။
ဖန်ကျန်းရီသည် ဓားကို မြှောက်ပြီး မျက်လုံးကိုမှိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ .. ခင်ဗျားကလည်း သတ္တိရှိတဲ့ ယောက်ျားတစ်ယောက်ပါပဲ။ သွားပေတော့။"
ထပ်မံ၍ ခုတ်ချလိုက်ပြန်၏။
လျိုရွှန်း၏ ခေါင်းကြီးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ဖန်ကျန်းရီက အမိန့်ပေးလိုက်၏။ "သူတို့ရဲ့ အလောင်းတွေကို သေသေချာချာ သိမ်းဆည်းပြီး မြှုပ်နှံလိုက်ကြ။"
ဖန်ကျန်းရီသည် အမိန့်ပေးပြီးနောက် မြို့ရိုးပစ်စင်အနီးသို့ ဆက်လျှောက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "အပြစ်ရှိသူတွေ ပြစ်ဒဏ်ခံရပြီ။
ဒီမြို့ဝန် ပြောစရာ စကား နည်းနည်း ရှိသေးတယ်။ ဘာလို့ လူယုတ်မာ အရာရှိတွေကို လူပုံအလယ်မှာ ကွပ်မျက်ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြည်သူတွေကို မြက်ပင်လေးတွေလို သဘောထားပြီး လူ့အသက်ကို အရေးမပါတဲ့ အရာလို သတ်မှတ်ထားကြလို့ပဲ။ သူတို့ကို သတ်ဖြတ်ရတာက နန်းတော်က ခင်ဗျားတို့ကို အမြဲတမ်း သတိရ ဂရုစိုက်နေတယ်ဆိုတာ အားလုံး နားလည်သွားအောင်လို့ပဲ။
ဘုရင်မင်းမြတ်က ကျန်းကျန်ရဲ့ ဘေးအန္တရာယ် အခြေအနေကို အလေးထားတဲ့အတွက် ကျုပ်ကို စေလွှတ်ခဲ့ရုံ သာမက အိမ်ရှေ့စံမင်းသားကိုယ်တိုင် ကျန်းလင်ကို ကြွချီလာခဲ့တယ်။ အိမ်ရှေ့စံမင်းသား ရောက်လာပြီဖြစ်လို့ ကျန်းကျန်မှာ ငြိမ်းချမ်းသွားပြီ။ အိမ်ရှေ့စံမင်းသား ရောက်လာပြီမို့ တရားမျှတမှုဆိုတာ ရှိလာပြီ။
ကျုပ် ခင်ဗျားတို့ကို ကတိပေးတယ်။ မနက်ဖြန်ကစပြီး မြို့ပြင်က ဆန်ပြုတ်တဲတွေမှာ ဆန်ပြုတ်တွေက တစ်နေ့ထက် တစ်နေ့ ပိုပြီး ပြစ်လာစေရမယ်။"
အိမ်ရှေ့စံမင်းသားကိုယ်တိုင် ကျန်းကျန်သို့ ကြွချီလာကြောင်း ကြားချိန်မှာတော့ မြို့တစ်မြို့လုံးရှိ လူအုပ်ကြီးသည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ချလိုက်ကြပြီး ပါးစပ်မှလည်း ကျယ်လောင်စွာ အော်ဟစ် လိုက်ကြသည်။ "အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ။"
လီယွမ်ကျောက်နှင့်အတူ လိုက်ပါလာသော သတင်းထောက်များပင် ဒူးထောက်ချလိုက်ကြပြီး လီယွမ်ကျောက် သည် လူအုပ်ထဲတွင် ရောနှောကာ ထိုင်ချလိုက်၏။
အဝေးတစ်နေရာမှ နျဲ့ကျန်းမှာ ထိုစကားကို ကြားပြီး ကြောက်လန့်တုန်လှုပ်သွားကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိသည်။
အိမ်ရှေ့စံမင်းသား ရောက်လာတာလား။ ဘယ်မှာလဲ။ ဖန်ကျန်းရီက ဘာလို့ ငါ့ကို မပြောခဲ့ရတာလဲ။
ကိစ္စရပ်များ အခြေခံအားဖြင့် ပြီးဆုံးသွားကြောင်းမြင်ချိန်မှာတော့ ဖန်ကျန်းရီသည် လက်ကို ဝှေ့ယမ်းလိုက်၏။ "ဒီနေ့ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားပြီ။ အားလုံး ပြန်ကြတော့။ နောက်နောင် ရက်တွေမှာ ပိုပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။"
စကားသံအဆုံးတွင် ဖန်ကျန်းရီသည် မြို့ရိုးကို မှီကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားခဲ့သည်။
အော်ဟစ်ပြောဆိုရသည်မှာ ခွန်အားကို အလွန်အမင်း ကုန်ခမ်းစေသည့်အပြင် လူနှစ်ယောက်ကို ဆက်တိုက် ခုတ်သတ်လိုက်ရသောကြောင့် အမှန်အတိုင်း ပြောရလျှင် စိတ်ထဲတွင် အနည်းငယ် ပျို့အန်ချင်လာ၏။
ဤလူနှစ်ယောက်သည် သွယ်ဝိုက်သော နည်းလမ်းဖြင့် လူရာပေါင်းများစွာကို သေဆုံးစေခဲ့သည် ဖြစ်သောကြောင့် သူတို့ကို သတ်ဖြတ်လိုက်ရခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး သိပ်မရှိလှပေ။
သို့ဆိုလျှင်တောင် ဤကဲ့သို့သောအလုပ်ကို ကိုယ်တိုင် မလုပ်သင့်သည်မှာ အမှန်ပင် ဖြစ်သည်။ ကျန်းပြောင်ကို ကိုယ်စား လုပ်ခိုင်းသင့်၏။
ခေတ္တမျှ အနားယူပြီးနောက် ဖန်ကျန်းရီသည် ချက်ချင်း မတ်တပ်ထရပ်ကာ မြို့အောက်သို့ ပြေးဆင်းသွားခဲ့သည်။
ယခုအချိန်တွင် မြို့တံခါးအပြင်ဘက်ရှိ ပြည်သူများသည် စစ်သားများ၏ စစ်ဆေးမှုအောက်တွင် မြို့ထဲသို့ စနစ်တကျ ဝင်ရောက်လာကြသည်။ ဖန်ကျန်းရီသည် ဘေးတစ်ဖက်တွင် စောင့်ဆိုင်းနေပြီး မြို့ပြင်ရှိ လူအုပ်ကြီးထဲသို့ အဆက်မပြတ် မျက်လုံးဝေ့ကြည့်ရှာဖွေနေ၏။
အချိန်အတော်ကြာပြီးနောက် ရင်းနှီးနေသည့် ထိုကျောပြင်ကို ထပ်မံ မြင်တွေ့လိုက်ရသည်။
ထိုသူက လက်လှမ်းပြကာ သူ့ကို အော်ခေါ်လိုက်၏။ "ဖန်ကြီး။"
ဖန်ကျန်းရီကလည်း လက်ဝှေ့ယမ်းကာ ပြန်လည် တုံ့ပြန်လိုက်သည်။
လီယွမ်ကျောက်၏ အနောက်ဘက်ရှိ ရှန်ရီနှင့် သတင်းထောက်အဖွဲ့များမှာလည်း ပြုံးရွှင်နေသော မျက်နှာလေးများ အသီးသီး ပေါ်လွင်နေကြ၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "သွားရအောင် … ကျုပ်တို့ စကားပြောဖို့ နေရာပြောင်းကြတာပေါ့။"
ဖန်ကျန်းရီသည် လူအုပ်ကြီးကို ဦးဆောင်ကာ ရုံးတော်သို့ ရောက်ရှိလာခဲ့သည်။ အလုပ်ခန်းထဲသို့ ရောက်သောအခါ လူအားလုံးကို လူစုခွဲလိုက်ပြီးနောက် လီယွမ်ကျောက်ကို ပြုံးကာ မေးလိုက်သည်။ "အိမ်ရှေ့စံမင်းသား … ဘယ်လိုလုပ် ရောက်လာတာလဲ။"
လီယွမ်ကျောက်က တဟားဟား ရယ်မောလိုက်၏။ "ဖန်ကြီး … ခင်ဗျား တကယ် တော်တာပဲ။ ဘယ်နေရာရောက်ရောက် ဒီလောက်ကြီးမားတဲ့ အခမ်းအနားမျိုးကို ဖန်တီးနိုင်တယ်ပေါ့။ မြို့ဝန်ကိုတောင် သတ်ရဲတယ်ပေါ့လေ။"
သတင်းထောက်များအားလုံးသည်လည်း ဖန်ကျန်းရီအား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ ကျန်းကျန်သို့ ရောက်သည်နှင့် လူကို အံ့အားသင့်စေမည့် ဤမျှကြီးမားသော ဇာတ်ကွက်ကြီးကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
လက်များပင် ယားယံလာပြီး သတင်းဆောင်းပါးများ ရေးသားချင်လာကြ၏။ သို့သော်ငြား သတင်းစာတိုက်က ဤနေရာတွင် မရှိသည်က ခက်ပေသည်။
ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို ဆွဲခေါ်ကာ ထောင့်တစ်နေရာသို့ သွားလိုက်၏။ "အိမ်ရှေ့စံမင်းသား ဘယ်လိုလုပ် ရောက်လာတာလဲ။ ပြီးတော့ သတင်းစာတိုက်က လူတွေကိုပါ ခေါ်လာသေးတယ်။ ဒီလူတွေက အလုပ်ကိစ္စနဲ့ ခရီးထွက်လာတာလား။ ဒါမှမဟုတ် ခွင့်ယူထားကြတာလား။"
"ခွင့်ယူထားတာ။"
ဒါဆိုရင် တော်သေးတာပေါ့။ ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်၏။
"ပြန်ရောက်ရင် သူတို့ နားထားတဲ့ အလုပ်ချိန်တွေကို ပြန်ဆပ်ခိုင်းရမယ်။"
"အို... ကျုပ် သူတို့ကို ပြောပြီးသွားပြီ။"
လီယွမ်ကျောက်သည် ယခုအချိန်တွင် လုံးဝ စိတ်အေးသွားပြီ ဖြစ်၏။ ပင်ပန်းနွမ်းနယ်မှုများက တစ်လှိုင်းပြီး တစ်လှိုင်း ရိုက်ခတ်လာကာ သူ၏ မျက်ခွံများမှာလည်း ပိုမို လေးလံလာသည်။ ဖန်ကျန်းရီကို ကြည့်၍ မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။ "ဖန်ကြီး... ကျုပ်တို့ကို အရင်ဆုံး ထမင်းစားဖို့နဲ့ အိပ်ဖို့နေရာလေး ရှာပေးပါအုံး။ ကျုပ် အိပ်ရာနိုးမှပဲ ခင်ဗျားကို ဆက်ပြောပြတော့မယ်။ ဒီဆယ်ရက်ကျော်လုံး ကောင်းကောင်း မအိပ်ရသေးဘူး။ စားပြီး ချက်ချင်း အိပ်ချင်နေပြီ။
ခင်ဗျား အမိန့်တော်ကို လက်ခံရရှိပြီးပြီမလား။ ကျုပ် အမိန့်တော်ကို လိမ်လည်ထားတဲ့ ကိစ္စကို သူတို့ မသိကြသေးဘူး။ သတိလက်လွတ် မပြောမိစေနဲ့နော်။"
ဖန်ကျန်းရီသည် ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ။ ကျုပ်နောက်ကို လိုက်ခဲ့ကြ။ ခင်ဗျားတို့ကို အေးအေးချမ်းချမ်း အိပ်လို့ရမယ့် နေရာတစ်ခုကို ခေါ်သွားပေးမယ်။"