← Chapters

အခန်း (၂၃၂-၂၃၃)

Vol. 14 Ch. 232-233

အခန်း (၂၃၂-၂၃၃)

Vol. 14 Ch. 232-233

အပိုင်း (၂၃၂) ယုတ်မာသော ကုန်သည် ဖန်ကျန်းရီ။

အပျော်စီးသင်္ဘောပေါ်တွင်။

လီယွမ်ကျောက်နှင့် အခြားသူများသည် အရသာရှိသော အစားအစာအမျိုးမျိုးကို အငမ်းမရ စားသောက်နေကြ၏။

ဆယ်ရက်ကျော်ကြာ နေ့ရောညပါ ခရီးနှင်လာခဲ့ရပြီး မြင်းပေါ်တွင် ဆောင့်တက်ဆောင့်ကျ စီးနင်းခဲ့ရမှုကြောင့် လူများကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့သည်။ အိပ်ရာနိုးလာပြီးနောက် ရေလှိုင်းများကဲ့သို့ ကြီးမားသော ဆာလောင်မှုဒဏ်ကို ခံစားလိုက်ရသည်။

ဖန်ကျန်းရီက လူများကို အရသာရှိသော အစားအသောက် တစ်စားပွဲစာ ပြင်ဆင်ခိုင်းလိုက်ချိန်တွင် အားလုံးမှာ ချက်ချင်းပင် အင်္ကျီလက်ကို ပင့်တင်ကာ စတင်စားသောက်ကြတော့၏။

လီယွမ်ကျောက် တစ်ဝက်ခန့် စားပြီးချိန်မှာတော့ ဖန်ကျန်းရီက တူကိုကိုင်ကာ ဟင်းခွက်ထဲတွင် ရွေးချယ် ကလော်ထုတ်နေသည်ကို မြင်လိုက်ရသည်။

သူသည် မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "ဖန်ကြီး… ခင်ဗျားက ဘာလို့ ဟိုရွေးဒီရွေး လုပ်နေရတာလဲ။ ပြီးတော့ ဒီရက်ပိုင်း မတွေ့ရတဲ့အချိန်အတွင်းမှာ ပိုတောင် ဝလာသေးတယ်။"

"ခင်ဗျား ကျန်းကျန်ကို ရောက်သွားရင် ကောင်းကောင်း စားရအိပ်ရမှာ မဟုတ်ဘူးလို့ ကျုပ်က ထင်နေခဲ့တာ။"

ဖန်ကျန်းရီသည် တူကိုချလိုက်ပြီး အနေရခက်စွာ ပြုံးကာ သက်ပြင်းချလျက် ပြောလိုက်သည်။ "ကျုပ်လည်း ဒီလိုမျိုး မဖြစ်ချင်ပါဘူး။

"ဒါပေမဲ့ ဒီ လျိုရွှန်းက တကယ်ကို အော့နှလုံးနာစရာ ကောင်းတယ်။ ကျုပ် ရာထူးစယူတာနဲ့ သူက အရသာရှိတဲ့ အစားအစာတွေ၊ လှပတဲ့ မိန်းမပျိုလေးတွေနဲ့ ကျုပ်ကို ပျက်စီးအောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျုပ်က ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို တွေးလိုက်မိတာနဲ့ ခေါင်းထဲမှာ ရှင်းလင်းသွားပြီး သူနဲ့ ဟန်ဆောင်ပန်ဆောင် ပူးပေါင်းပေးခဲ့တာပေါ့။ ဒါပေမဲ့ လျိုရွှန်းနဲ့ ဟန်ဆောင်ပန်ဆောင် လုပ်နေရတဲ့ ဒီအချိန်အတွင်းမှာ အကျင့်ဆိုးတွေ စွဲကပ်သွားတာပါ။"

တကယ်ပဲ ဖန်ကြီးပါလား။ အရင်အတိုင်း တစ်ပုံစံတည်းပဲ။

လီယွမ်ကျောက်သည် တဟားဟားဖြင့် ရူးကြောင်ကြောင် ရယ်မောလိုက်ပြီးနောက် ခေါင်းငုံ့ကာ ဆက်လက် စားသောက်နေ၏။

ဖန်ကျန်းရီသည် သူ၏ အနားသို့ ကပ်သွားကာ တီးတိုးမေးလိုက်သည်။ "ဘုရင်မင်းမြတ်ဘက်ကိုတော့ ခင်ဗျား ဘယ်လို ဖြေရှင်းခဲ့သလဲ။"

"ခမည်းတော်က သေချာပေါက် သိသွားလောက်ပါပြီ။ ကျုပ် သူ့အတွက် စာတစ်စောင် ထားခဲ့တယ်။ နောက်နှစ်ရက်နေရင် တစ်ယောက်ယောက်က လိုက်ရှာဖို့ ရောက်လာလောက်တယ်။

တစ်ယောက်ယောက်က လာရှာရင် ခင်ဗျားက ကျုပ် မြို့တော်ကို ပြန်သွားပြီလို့ပဲ ပြောလိုက်။ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ပြန်မသွားချင်သေးဘူး။ အများကြီး အားထုတ်ပြီးမှ ဒီနေရာကို ရောက်လာခဲ့ရတာ။ နှစ်ရက်လောက် နေပြီးတာနဲ့ ကျုပ်ကို မောင်းထုတ်ချင်နေတာလား။ မဖြစ်နိုင်ဘူး။"

ဖန်ကျန်းရီသည် အနည်းငယ် တုံ့ဆိုင်းသွား၏။

လီယွမ်ကျောက်ကို ဤကိစ္စတွင် ပါဝင်ပတ်သက်စေမည်ဆိုပါက ပြဿနာများစွာ ထပ်မံ ဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်မိသည်။ သို့သော်ငြား ဘုရင်မင်းမြတ်၏ လူများကို တိုက်ရိုက် ခေါ်ဆောင်သွားခိုင်းရန်ဆိုသည်မှာလည်း သိပ်ပြီး မသင့်တော်လှပေ။ ယင်းက သူ၏ အလုပ်လုပ်ပုံလည်း မဟုတ်ချေ။

ထို့ကြောင့် ဆက်လက်၍ ဖျောင်းဖျပြောဆိုရုံသာ တတ်နိုင်တော့သည်။ "အိမ်ရှေ့စံမင်းသား … သတင်းစာတိုက်နဲ့ ပန်းရှန်းရပ်ကွက်က ခင်ဗျားကို အားထားနေရတုန်းပဲလေ။ ခင်ဗျားသာ မရှိရင် နန်းတော်က တခြား သတင်းစာ တွေက အခွင့်ကောင်းယူပြီး ဝင်မလာနိုင်ဘူးလား။

ပြီးတော့ ခင်ဗျားက သတင်းစာတိုက်မှာ မရှိရင် ဘာပြဿနာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး။ ပြန်ရောက်မှ အဲဒါတွေကို ပြန်ရှင်းနေရရင် ဒုက္ခရောက်လိမ့်မယ်။"

လီယွမ်ကျောက်သည် ပါးစပ်ထဲတွင် သိုးသားတုံးကြီး တစ်တုံးကို ဝါးနေပြီး ပါးနှစ်ဖက်မှာ ဖောင်းကားနေကာ ပါးစပ်တစ်ပြင်လုံး ဆီများ ပေကျံနေ၏။

ဖန်ကျန်းရီအား မျက်စောင်းထိုးကြည့်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျား ကျုပ်ကို မောင်းထုတ်နေတာလား။ ခင်ဗျား ပြဿနာကို ကြောက်နေတာလား။ မြို့ဝန်ကိုတောင် ခင်ဗျား သတ်ရဲသေးတာပဲ။ ကျုပ် ဒီမှာ ရှိနေတာကို ခင်ဗျား ကြောက်နေတာလား။

နောက်ပြီးတော့ သတင်းစာတိုက်ကို ခင်ဗျားက ဖန်တီးခဲ့တာလေ။ ကျုပ်က အခြေခံအားဖြင့် ဘာမှ သိပ်မလုပ်ရဘူး။ ကျုပ် ရှိနေတာနဲ့ မရှိတာနဲ့ သိပ်မကွာပါဘူး။

ကျုပ် ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ပြန်မသွားဘူး။ ကျုပ်သာ လူတွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရရင်၊ နောက်နောင် ခင်ဗျား ကျုပ်ရဲ့ ညီမလေးကို တွေ့ဖို့ မစဉ်းစားနဲ့။"

လီယွမ်ကျောက်သည် ပါးစပ်မှ ပြောဆိုနေသော်ငြား စိတ်ထဲတွင်တော့ အေးစက်စွာ ရယ်မောနေ၏။

မြောင်ဟန်က ခမည်းတော်ဆီမှာ အသနားခံပေးဖို့ မကြာခဏ သွားရောက်ခဲ့ပေမဲ့ အခြေအနေက သိပ်ဟန်ပုံ မရဘူး။ ကျုပ် ပြန်သွားသွား၊ မပြန်သွားသွား ခင်ဗျား သူ့ကို တွေ့ခွင့်ရတော့မှာ မဟုတ်ဘူး။

ဟမ့်။

ဖန်ကျန်းရီသည် လေအေးတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

ဒီလူ အခု အရမ်းကို လည်ဝယ်နေပြီပဲ။ သောက်ကျိုးနည်း .. ငါ့ကိုတောင် ခြိမ်းခြောက်တတ်နေပြီ။

ဖန်ကျန်းရီက ပြောလိုက်၏။ "ကောင်းပြီ။ ဒါဆိုလည်း ခင်ဗျား ဒီမှာပဲ နေလိုက်တော့။ အားလုံးကို ကျုပ်ရဲ့ အစီအစဉ်အတိုင်း လိုက်နာရမယ်။ နောက်နောင် ကျန်းပြောင်ကို ခင်ဗျားရဲ့ ဘေးနားမှာ အကာအကွယ်ပေးဖို့ ထားလိုက်မယ်။"

"လုံခြုံရေး ပြဿနာကို စိုးရိမ်နေရရင် ခင်ဗျားက ဘာလို့ မြို့ပြင်က ပြည်သူတွေကို ကျုပ် ရောက်နေပြီလို့ သွားပြောရတာလဲ။ အပိုအလုပ်တွေ လုပ်နေတာပဲ။"

ဖန်ကျန်းရီက တဟားဟား ရယ်မောကာ ပြောလိုက်၏။ "ဘယ်လိုလုပ် အပိုအလုပ် ဖြစ်ရမှာလဲ။ မနက်ဖြန် ခင်ဗျား ကျုပ်နဲ့အတူ ရုံးတော်ကို လိုက်ခဲ့။ ဒေသခံတွေကို အမိန့်ပြန်တမ်း ထုတ်ပြန်တဲ့အခါ ခင်ဗျားက တံဆိပ်တုံး နှိပ်ပေးရမယ်။"

ပြဿနာတစ်ခုကို ကျောပိုးရတာလည်း ပိုးရတာပဲ၊ နှစ်ခုကို ပိုးရတာလည်း ပိုးရတာပဲ။ ကျုပ်အတွက် အန္တရာယ်နည်းနည်းလောက် ဝေမျှခံစားပေးပြီးမှ ပြန်သွား။

လီယွမ်ကျောက်သည် ဖန်ကျန်းရီအား အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဆက်လက် စားသောက် နေတော့သည်။

ဖန်ကျန်းရီသည် ရှန်ရီနှင့် အခြားသူများ ဆက်လက် စားသောက်နေသည်ကို မြင်ချိန်မှာတော့ မတ်တပ်ထရပ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "ညီအစ်ကိုတို့ … စားတာ သင့်တင့်ရုံလောက်ဆို ရပြီ။ ခဏနေရင် နောက်တစ်ပွဲ ရှိသေးတယ်။ ခင်ဗျားတို့ကို ကောင်းကောင်းလေးတွေ စားဖို့ ခေါ်သွားပေးမယ်။

ဒီတစ်ခေါက် အိမ်ရှေ့စံမင်းသားက ခင်ဗျားတို့ကို အဖွဲ့လိုက် စည်းလုံးညီညွတ်ရေးအတွက် ခေါ်လာတာ။ အစိုးရစရိတ်နဲ့ ခရီးထွက်လာတယ်လို့ သဘောထားလိုက်ကြ။ အများကြီး တွေးမနေကြနဲ့။ အားလပ်ချိန်ရရင် အပြင်ထွက်ပြီး လေ့လာစူးစမ်းကြ။ ပြန်ရောက်ရင်လည်း ရေးစရာ သတင်းဆောင်းပါးတွေ ရလာလိမ့်မယ်။

စားသောက်စရိတ်ကိုတော့ ဒီမြို့ဝန်က တာဝန်ယူပေးမယ်။ ဗိုက်ဆာရင်၊ ပင်ပန်းရင် သင်္ဘောပေါ် ပြန်လာပြီး နားကြ။ ဒါက ခင်ဗျားတို့ရဲ့ ယာယီ နေရာချထားရေးစခန်းပဲ။

ခဏနေရင် ညဘက် မြို့ထဲမှာ ဖုန်းဟွာ (လေပန်းချီစံအိမ်) ဖွင့်ပွဲရှိတယ်။ ဉာဏ်မျက်စိပွင့်သွားအောင် ခင်ဗျားတို့ကို ဒီမြို့ဝန် ခေါ်သွားပေးမယ်။ အဲဒီရောက်ရင် စားချင်တာစား၊ ဆော့ချင်တာဆော့။ အားလုံး လွတ်လွတ်လပ်လပ် သောင်းကျန်းကြပေတော့။"

လီယွမ်ကျောက်သည် ထိုစကားကို ကြားသည်နှင့် ပါးစပ်မှ ဝါးနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။

ဖန်ကျန်းရီ၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်၏။ "ဖန်ကြီး … ဒီ ဖုန်းဟွာစံအိမ်က ခင်ဗျား ဖွင့်ထားတာ မဟုတ်လား။ နှင်းလမင်းစံအိမ်နဲ့ ဘာပတ်သက်မှု ရှိလဲ။"

"ရောက်သွားရင် အိမ်ရှေ့စံမင်းသား သိသွားပါလိမ့်မယ်။ အဲဒီကို သွားတာက တခြား ကိစ္စမရှိပါဘူး။ စားသောက် ပျော်ပါးဖို့ပါပဲ။"

လီယွမ်ကျောက်သည် ရုတ်တရက် အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ခင်ဗျားသာ အောက်ခြေက သတင်းထောက်တွေကို နေ့တိုင်း အပျော်အပါး ခေါ်သွားနေရင် ပြန်ရောက်တဲ့အခါ အလုပ်လုပ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး။

လူတွေရဲ့ စိတ်ဓာတ်တွေ ပျက်ပြားသွားရင် အဖွဲ့အစည်းကို ဦးဆောင်ရတာ မလွယ်တော့ဘူးနော်။

ကျုပ်တို့ လူသစ်စုဆောင်းဖို့ကလည်း မလွယ်ဘူးလေ။ ကျုပ် မထွက်လာခင်တုန်းက သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လူ အနည်းငယ်တောင် သတင်းစာတိုက်ကို အလုပ်လာလျှောက်တာ မတွေ့ခဲ့ရဘူး။"

ဖန်ကျန်းရီသည် နှုတ်ခမ်းကိုမဲ့ကာ ပြုံးလိုက်၏။ "သူတို့က ခင်ဗျားနဲ့အတူ ဆယ်ရက်ကျော်လောက် ပင်ပန်းခဲ့ရတာလေ။ လူတွေကို အနားမပေးတော့ဘူးလား။

သူတို့ကို ကောင်းကောင်း ကစားပါစေ။ ဒါမှ ပြန်ရောက်ရင် အလုပ် ကောင်းကောင်း လုပ်နိုင်မှာပေါ့။ အိမ်ရှေ့စံမင်းသား တခြားကိစ္စတွေကို စိုးရိမ်မနေပါနဲ့။ ကျုပ် ခင်ဗျားကို သင်ပေးမယ်။"

ပြန်ရောက်သွားတဲ့အခါ အလုပ်ကို ကောင်းကောင်း မလုပ်တဲ့သူ၊ အိမ်စောစောပြန်ဖို့ချည်းပဲ တွေးနေတဲ့သူ ရှိလာရင် သူ့ကို စောစော အလုပ်ဆင်းခိုင်းလိုက်။ တခြားလူတွေကိုတော့ အချိန်ပို ဆက်လုပ်ခိုင်း။

အချိန်ကြာလာရင် အားလုံးက သူ့ကို ဝိုင်းပြီး ဖယ်ကြဉ်ကြလိမ့်မယ်။ နောက်ဆို ဘယ်သူက အချိန်ပို မဆင်းရဲဘဲ နေမလဲဆိုတာ ကြည့်ကြသေးတာပေါ့။

အကယ်လို့ သူတို့က ပူးပေါင်းပြီး ပုံမှန်အချိန်အတိုင်း အလုပ်ဆင်းချင်လာတယ်ဆိုရင် ဦးဆောင်တဲ့သူကို ဆွဲထုတ်လာခဲ့။ ပြီးတော့ လူအားလုံးရဲ့ ရှေ့မှာတင် အခန်းထဲခေါ်ပြီး သီးသန့် စကားပြော။ သူ့ကို လစာနဲ့ ဆုကြေးငွေ တိုးပေးလိုက်။

နောက်ပြီးတော့ အလုပ်ကြိုးစားမှု ဂုဏ်ပြုဆု၊ အချိန်ပြည့် တက်ရောက်မှုဆု ဆိုတာမျိုးတွေ ဖန်တီးလိုက်။ ဘယ်သူက အချိန်ပို အများဆုံးဆင်းလဲ၊ သူ့ကို ပေးလိုက်။

အချိန်ပိုလုပ်တာကို ဂုဏ်ယူစရာတစ်ခုအဖြစ် သတ်မှတ်တဲ့ သတင်းစာတိုက် ယဉ်ကျေးမှုတစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးရမယ်။

နောက်ပိုင်း ဝင်လာမယ့် ဝန်ထမ်းသစ်တွေကို သတင်းစာတိုက် ယဉ်ကျေးမှုအကြောင်း ဖြန့်ဝေပေး။ ပြီးတော့ သတင်းထောက်ဟောင်းတွေကို ခေါ်ပြီး သူတို့ကို ပုံပြင်တွေ ပြောပြခိုင်း။ အစတုန်းက ဘာမှ မရှိခဲ့ပေမဲ့ အခု အလုပ်ကြိုးစားလိုက်တာ အိမ်၊ မြင်းကောင်း၊ မိန်းမ အကုန်လုံး ရလာပြီ ဆိုတဲ့အကြောင်း ပြောပြခိုင်းလိုက်။

ခင်ဗျားပဲ စဉ်းစားကြည့်။ သူတို့ စိတ်လှုပ်ရှား မသွားဘူးလား။ အဲဒီနောက် ဝန်ထမ်းသစ်တွေကို အပင်ပန်းဆုံးနဲ့ အကြမ်းတမ်းဆုံး နေရာတွေမှာ ပစ်ထားလိုက်။ ခြောက်လ၊ တစ်နှစ်လောက် ကြာတဲ့အထိ ပုန်ကန်ချင်စိတ် မရှိဘဲ ကျန်ရစ်နေတဲ့သူတွေကို အုပ်ချုပ်ရေးအဆင့် နေရာပေးပြီး ဝန်ထမ်းသစ်တွေကို ဆက်ပြီး လေ့ကျင့် သင်ကြားခိုင်းလို့ ရပြီ။

ဒီလိုမျိုး လုပ်လိုက်ရင် အချိန်မှန် အလုပ်ဆင်းချင်သေးတယ်လို့ တောင်းဆိုလာတဲ့သူဟာ လူရော ဟုတ်သေးရဲ့လား။ သူ့မှာ မျက်နှာ ရှိသေးရဲ့လား။ ကျုပ်တို့ ဝယ်ပေးထားတဲ့ မွေ့ရာတွေနဲ့ တန်ပါ့မလား။

အိမ်ရှေ့စံမင်းသား။ ဒါက စီမံအုပ်ချုပ်မှု နည်းလမ်းပဲ။ နောက်ထပ် နှစ်နှစ်ထောင် ကြာရင်တောင် ခေတ်နောက်ကျသွားမှာ မဟုတ်ဘူးလို့ ကျုပ် ရဲရဲဝံ့ဝံ့ အာမခံရဲတယ်။"

လီယွမ်ကျောက်မှာ ထိုစကားများကို ကြားပြီး ချွေးစေးများပင် စီးကျလာကာ ဖန်ကျန်းရီအား အံ့အားသင့် ဒေါသထွက်စွာဖြင့် တစ်ချက် ကြည့်လိုက်၏။ ပြီးနောက် အသံကိုနှိမ့်ကာ ပြောလိုက်သည်။ "ကျုပ်က သူတို့ကို သေချာ အလုပ်လုပ်စေချင်ရုံ သက်သက်ပါ။ ခင်ဗျား ဒီလိုမျိုး လုပ်လိုက်ရင် အောက်ခြေက လူတွေ အကုန်လုံး ပင်ပန်းလွန်းလို့ သေကုန်ကြမှာပေါ့။"

ဖန်ကျန်းရီသည် မျက်နှာကို တည်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "ညီအစ်ကိုတို့… ကျုပ် ခင်ဗျားတို့အပေါ် ကောင်းရဲ့လား။"

"ကောင်းပါတယ်။" သတင်းထောက်များသည် တစ်ခဲနက် ပြန်လည် ဖြေကြားလိုက်ကြပြီး သူတို့၏ မျက်နှာများမှာ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေကြသည်။

ဖန်ကျန်းရီသည် ကျေနပ်စွာ ပြုံးလိုက်ပြီး ဆက်လက်၍ တီးတိုးပြောလိုက်၏။

"အလုပ် ကောင်းကောင်းလုပ်ရင် သူတို့ကို ငွေပိုပေးလို့ ရတာပဲလေ။ မလုပ်နိုင်ရင် ထွက်သွားလို့ ရတယ်။ သတင်းထောက်တွေ ပင်ပန်းပြီး သေသွားတာက ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ ကျုပ်က သူတို့ကို ပင်ပန်းပြီး သေခိုင်းတာမှ မဟုတ်တာ။"

လီယွမ်ကျောက် "….."

အိမ်ရှေ့စံမင်းသား၏ နုနယ်လှသော နှလုံးသားလေးမှာ အဆင့်မြင့် ယဉ်ကျေးမှုများ၏ ရိုက်ခတ်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက မနေနိုင်ဘဲ နှစ်သိမ့်ပေးလိုက်၏။

“ဟူး... ဒါတွေက ခဏတာပါပဲ။

လူကြီးဖြစ်လာတယ်ဆိုတာ ဒီလိုပါပဲ။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် စဉ်းစားကြည့်လေ။ နန်းတော်ထဲက အမတ်ကြီးတွေက ခင်ဗျားကို စာသင်ခိုင်းတဲ့အခါ ဒီလိုမျိုးပဲ ဆက်ဆံခဲ့ကြတာ မဟုတ်လား။"

လီယွမ်ကျောက်သည် သေချာ စဉ်းစားကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "ဟုတ်သလိုပဲ..."

"ဒါဆို ဘုရင်မင်းမြတ်က ခင်ဗျားကို ဒုက္ခပေးလိမ့်မယ်လို့ ထင်သလား။"

"မပေးပါဘူး..."

"ဒါဆိုလည်း ပြီးတာပါပဲ။"

ဖန်ကျန်းရီသည် တစ်ကိုယ်လုံး ဖြောင့်မတ်မှန်ကန်သော အငွေ့အသက်များ ယိုဖိတ်နေကာ ပြောလိုက်၏။ "ဘုရင်မင်းမြတ်က သေချာပေါက် ခင်ဗျားအတွက် ကောင်းစေချင်လို့ပဲ။ ဒီသဘောတရားအတိုင်းပဲ၊ ကျုပ်ကလည်း အောက်ခြေက သတင်းထောက်တွေအတွက် ကောင်းစေချင်လို့ပါပဲ။

ကျုပ်တို့က သူတို့ကို အလုပ်အကိုင်၊ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ ပေးရုံသာမက လစဉ်လတိုင်း ပိုက်ဆံတွေပါ ပေးနေတာလေ။ဒါဆို ကျုပ်က သူတို့ကို ညှဉ်းပန်းနှိပ်စက်နေတာလို့ ခင်ဗျား ထင်နေတုန်းပဲလား။"

"ချီးတဲ့မှ ... ခင်ဗျားပြောတာ မှန်တာပဲ။"

အပိုင်း (၂၃၃) ဖုန်းဟွာကလပ် ဖွင့်ပွဲ။

တစ်နည်းအားဖြင့် ဆိုရလျှင် ရင်းမြစ်များကို အရူးအမူး ညှစ်ထုတ်အမြတ်ထုတ်တတ်သည့် ကိစ္စမှာ ဖန်ကျန်းရီ၏ အကျင့်ဟောင်းတစ်ခုဟုပင် ဆိုရပေမည်။

လူမှစ၍ ပစ္စည်းအထိ၊ တောက်ယွမ်ခရိုင်မှာ ဘာမှမရှိဘဲ ဆင်းရဲမွဲတေနေချိန်တွင် အသုံးပြု၍ရနိုင်သမျှ အရာအားလုံးကို သူ အသုံးပြုခဲ့သည်။

ဤသတင်းထောက်အဖွဲ့အတွက်လည်း ထိုနည်းတူပင် ဖြစ်၏။ သတင်းစာတိုက် တည်ထောင်ရန် ပထမဆုံး ရင်းနှီးမြှုပ်နှံငွေမှာ ဖန်ကျန်းရီ ထုတ်ပေးထားသော ငွေများ ဖြစ်သော်လည်း၊ ယခုအချိန်အထိ ပုံမှန်လည်ပတ်နေပြီ ဖြစ်သော်လည်း အမြတ်ငွေ မထွက်လာသေးသည့်အပြင် အနည်းငယ် အရှုံးပေါ်နေဆဲ ဖြစ်သည်။

နောက်ပိုင်း ကြော်ငြာများ ထည့်သွင်းလာခဲ့လျှင်တောင်မှ အကျိုးသက်ရောက်မှု မည်သို့ရှိမည်၊ ငွေမည်မျှ ရနိုင်မည်ကို မသိနိုင်ချေ။

ဖန်ကျန်းရီအနေဖြင့် ကာလတိုအတွင်း သူတို့အတွက် ထပ်မံ၍ ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးရန် မဖြစ်နိုင်တော့ပေ။

လက်ထဲတွင်ရှိသော ငွေမှာ အကန့်အသတ်ရှိသည် ဖြစ်ရာ ဤနေရာတွင် ငွေတစ်ပြား ပိုသုံးလိုက်ပါက အခြားပို၍ တန်ဖိုးရှိသော နေရာများတွင် ငွေတစ်ပြား လျော့သုံးရလိမ့်မည်။

အမြတ်ငွေ မဖန်တီးနိုင်သေးပါက ချွေတာရေးလုပ်ပြီး ကြီးထွားလာမည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းရတော့မည်

အကယ်၍ ကြီးထွားမလာနိုင်ပါက၊ သတင်းစာ လုပ်ငန်းစဉ်သည် ပေါ်ပေါက်လာသင့်သည့် အချိန်အခါသို့ မရောက်သေးကြောင်းသာ ညွှန်းဆိုပြနေခြင်း ဖြစ်ပေလိမ့်မည်။

ဈေးကွက်၏ သဘာဝအတိုင်း ဖယ်ရှားခံရမည် ဆိုသည်မှာလည်း ယုတ္တိတန်လှသည်။

ယခုလက်ရှိ တာဝန်မှာ ဤလူတစ်စုကို အသက်သွေးကြွေး ပေးဆပ်ကာ ကြိုးစားလာအောင် လုပ်ရန်ပင်။

ရာခိုင်နှုန်းပြည့်ထက် ပိုသော အားအင်များကို အသုံးပြုပြီး သတင်းစာတိုက်ကို ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိသည့် အခြေအနေရောက်အောင် လုပ်ဆောင်ရမည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း သက်သေပြနိုင်မှသာလျှင် ထိုအချိန်ရောက်မှ ဖန်ကျန်းရီသည် မည်သည့်စိုးရိမ်ပူပန်မှုမှမရှိဘဲ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်နိုင်မည်။

ပထမအသုတ် သတင်းထောက်များအနေဖြင့် အဆင့်အတန်းအရဖြစ်စေ၊ ဝင်ငွေအဆင့်အတန်းအရဖြစ်စေ ထိုအချိန်ရောက်လျှင် သေချာပေါက် မြင့်တက်လာပေလိမ့်မည်။

အကယ်၍ အောင်မြင်မှု မရရှိခဲ့လျှင်တောင်မှ ဖန်ကျန်းရီသည် သတင်းထောက်များအတွက် ထွက်ပေါက်တစ်ခု စီစဉ်ပေးရန် နည်းလမ်းရှာပေးပေမည်။

သူတို့နှစ်ဦး စကားပြောဆိုပြီးသွားချိန်တွင် ဖန်ကျန်းရီက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ယံမှာ အနည်းငယ် မှောင်မည်းလာပြီ ဖြစ်သည်။

သူသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ "ညီအစ်ကိုတို့ …. ဆက်မစားကြနဲ့တော့။ ဗိုက်မဝသေးရင်လည်း ရပ်လိုက်ကြတော့။ ဒီည ခင်ဗျားတို့ကို ပျော်ပါးဖို့ ခေါ်သွားမယ်။"

...

ဖန်ကျန်းရီသည် သတင်းထောက်တစ်စုနှင့် သင်္ဘောပေါ်ရှိ အခြားသူများကို ခေါ်ဆောင်ကာ ဖုန်းဟွာကလပ်ဆီသို့ တခမ်းတနား ထွက်ခွာသွားကြသည်။

ယခုအချိန်တွင် ဖုန်းဟွာစံအိမ် တည်ရှိရာ လမ်းမကြီးပေါ်၌ မီးပုံးများ ချိတ်ဆွဲကာ အလှဆင်ထားပြီး နှစ်သစ်ကူးပွဲတော် အငွေ့အသက်များ လွှမ်းခြုံနေ၏။

လီယွမ်ကျောက်နှင့် အခြားသူများမှာ ကြည့်ရှုရင်း ငေးမောသွားကြသည်။

မြို့တော်မှ ကျန်းကျန်သို့ တစ်လျှောက်လုံး ဆင်းလာရာတွင် ရွာများနှင့် မြို့ငယ်လေးများစွာကို ဖြတ်သန်းခဲ့ရပြီး ဒေသအသီးသီး၏ ထူးခြားချက်များကိုလည်း မြင်တွေ့ခဲ့ရပြီး ဖြစ်၏။

ထို့ကြောင့် လီယွမ်ကျောက်သည် ဆင်းရဲနွမ်းပါးမှုနှင့် ပတ်သက်၍ အတော်လေး နက်နက်ရှိုင်းရှိုင်း ခံစားမိနေပြီ ဖြစ်သည်။

သို့သော်ငြား ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ နက်နဲသော ကွဲလွဲနေမှု ခံစားချက်ကြီးကိုသာ ခံစားလိုက်ကြရ၏။

လမ်းသွားလမ်းလာများအားလုံး၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်ငြား၊ လမ်းမပေါ်ရှိ မြင်ကွင်းမှာတော့ ပွဲတော်တစ်ခုခုကို ကျင်းပနေသည့်အလား ထင်မှတ်ရသည်။

လီယွမ်ကျောက်သည် ကြည့်နေရင်း မနေနိုင်ဘဲ ဒေါသထွက်လာကာ ဖန်ကျန်းရီအား တီးတိုးမေးလိုက်၏။ "ဖန်ကြီး… ခင်ဗျား ဒါ ဘာလုပ်နေတာလဲ။ ဒါ ပိုက်ဆံတွေကို အလဟဿ ဖြုန်းတီးနေတာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက ပြုံးပြုံးလေး ပြောလိုက်သည်။ "စိတ်ချပါ၊ အိမ်ရှေ့စံမင်းသား။ ကျုပ်မှာ အစောကြီးတည်းက စီစဉ်ထားတာ ရှိပါတယ်။ အဲဒီရောက်ရင် လိုက်စားရုံပဲ။"

ဖုန်းဟွာစံအိမ်ဘက်တွင် သူသည် ရှဲ့ရှန်း၊ ဝူရှန်းနှင့် အခြားသူများကို အစောကြီးကတည်းက စီစဉ်ထားရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။

ကိုယ်တိုင် သွားရောက် မကြည့်ရှုခဲ့ရသော်လည်း နေ့စဉ်နေ့တိုင်း ရှဲ့ရှန်း၏ အစီရင်ခံစာများကို ကြားသိနေရ၏။

သူသည် မြို့ထဲတွင် လူချစ်လူခင် အလွန်ပေါများသောကြောင့် ဖုန်းဟွာစံအိမ် ပိုင်ရှင်ဟူသော ဂုဏ်ပုဒ်ကို ရှဲ့ရှန်း၏ ခေါင်းပေါ်သို့ တိုက်ရိုက် တင်ပေးထားခဲ့သည်။

ယခုအချိန်တွင် ဖုန်းဟွာစံအိမ်၏ တံခါးမကြီးကို တင်းကျပ်စွာ ပိတ်ထားပြီး ဆိုင်းဘုတ်ပေါ်တွင် အနီရောင် ပိတ်စကြီးဖြင့် ဖုံးအုပ်ထား၏။

ရှဲ့ရှန်းသည် မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး တံခါးပေါက်တွင် စုရုံးနေကြသော သူဌေးကုန်သည်များနှင့် စကားစမြည် ပြောဆိုနေသည်။

ဖန်ကျန်းရီ လူတစ်စုကို ခေါ်ဆောင်လာသည်ကို မြင်ချိန်မှာတော့ အလျင်အမြန် ရှေ့တိုးလာကာ အရိုအသေပေးပြီး ကျယ်လောင်စွာ ပြောလိုက်၏။ "မြို့ဝန်ဖန် ရောက်လာပြီပဲ။ သာမန်ပြည်သူ ရှဲ့ရှန်းက မြို့ဝန်ဖန်ကို အရိုအသေ ပေးပါတယ်။ ကြိုဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

ထိုနေရာတွင်ရှိသော ကုန်သည်သူဌေး အများအပြားမှာ ဖန်ကျန်းရီဖြစ်ကြောင်း ကြားသည်နှင့် တစ်ပြိုင်နက် စိတ်ထဲတွင် လန့်ဖျပ်သွားကြပြီး သူ့အား ကြည့်ကာ အလျင်အမြန် ဒူးထောက်၍ အရိုအသေ ပေးလိုက်ကြသည်။

"မြို့ဝန်ဖန်ကို အရိုအသေ ပေးပါတယ်။"

ဖန်ကျန်းရီသည် မျက်နှာပေါ်တွင် နွေဦးလေပြည်ကဲ့သို့ ကြည်နူးမှုများ ပြည့်နှက်နေကာ လက်ကိုမြှောက်၍ ပြောလိုက်၏။ "လူကြီးမင်းတို့ …. ဒီမြို့ဝန်နဲ့ ဆိုင်ရှင်ရှဲ့က အရမ်းခင်မင်ရတဲ့ မိတ်ဆွေကောင်းတွေပါ။ ဒီနေ့ ဖုန်းဟွာကလပ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖို့ အထူး ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။

ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ လူကြီးမင်းတွေအားလုံးက မိတ်ဆွေတွေပါပဲ။ ဖုန်းဟွာစံအိမ်ထဲမှာ အထက်အောက် အဆင့်အတန်း ခွဲခြားမှု မရှိပါဘူး။ လူကြီးမင်းတို့ အမြန်ဆုံး ထကြပါ။"

လူအားလုံး ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်ကြသော်ငြား လူအများအပြားမှာ ဖန်ကျန်းရီအား ကြည့်ရာတွင် အနည်းငယ် ရှောင်ဖယ်ရှောင်ဖယ် ဖြစ်နေကြဆဲပင်။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်ချိန်မှာတော့ ချက်ချင်း ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီမြို့ဝန်က ကျန်းကျန်ကို အစပိုင်းရောက်ရောက်ချင်း ဒီလိုပုံစံမျိုးနဲ့ ပေါ်လာရတာ တကယ်ပဲ ရှက်ဖို့ကောင်းပါတယ်။

ဒါပေမဲ့ အားလုံး စိတ်ချကြပါ။ ကျုပ် ဖန်ကျန်းရီက အမြဲတမ်း လူတွေအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်ပြီး ရက်ရောစွာ လှူဒါန်းတတ်သူပါ။ ဒီတစ်ခေါက် ကျန်းကျန်ကို လာရတဲ့ အဓိက ရည်ရွယ်ချက်က အဂတိလိုက်စားတဲ့ အရာရှိတွေကို စုံစမ်းထောက်လှမ်းဖို့ပါ။ အခုတော့ ကိစ္စရပ်အားလုံး လုံးဝ ပြီးပြတ်သွားပါပြီ။

ဒီမြို့ဝန်က ပညာအရည်အချင်း နည်းပါးပါတယ်။ မြို့ဝန်အသစ် မရောက်လာခင် အချိန်အတွင်းမှာတော့ ဘာမှ သိပ်လုပ်ဖြစ်မှာ မဟုတ်ပါဘူး။"

သူ ထိုသို့ ပြောလိုက်သည်ကို ကြားချိန်မှာတော့ ကုန်သည်သူဌေးများ၏ စိတ်ထဲရှိ တင်းမာမှုများ အနည်းငယ် လျော့ကျသွားခဲ့၏။

တစ်ယောက်တစ်ပေါက် မြှောက်ပင့်ပြောဆိုကြသည်။ "တရားမျှတတဲ့ မြို့ဝန်ဖန်က ကျန်းကျန်ကို ရောက်လာတာဟာ ကျန်းကျန်ရဲ့ ကံကောင်းမှု၊ ပြည်သူပြည်သားတွေရဲ့ ကံကောင်းမှုပါပဲ။"

"မြို့ဝန်ဖန်က တကယ်ကို အရာရှိတွေရဲ့ စံပြပါပဲ။"

မြှောက်ပင့်စကား အမြောက်အမြား ပျံသန်းလာရာ ဖန်ကျန်းရီမှာ အလွန်အမင်း ကျေနပ်အားရနေတော့၏။

သို့နှင့် ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီ။ ဒါဆိုလည်း ဆက်လုပ်ကြတာပေါ့။ သူဌေးရှဲ့ … စပါတော့။"

သူဌေးရှဲ့။ ရှဲ့ရှန်းသည် ခံစားကြည့်လိုက်ပြီး နားထောင်ရသည်မှာ အနည်းငယ် အဆင်မပြေသလို ခံစားလိုက် ရ၏။

"ကောင်းပါပြီ။ အခု ဖဲကြိုးဖြတ် အခမ်းအနားကို စတင်ပါမယ်။ မြို့ဝန်ဖန်က ဖုန်းဟွာစံအိမ်အတွက် ဖဲကြိုးဖြတ်ပေးပါ။"

စကားသံအဆုံးတွင် ဘေးနှစ်ဖက်မှ ရုပ်ရည်ချောမောကာ ပါးလွှာသော အဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းမပျိုလေးများက အနီရောင်ပိုးဖဲကြိုးများကို ကိုင်ဆောင်ကာ လျှောက်လာကြ၏။

ဖန်ကျန်းရီသည်လည်း အချိန်ဆွဲမနေချင်တော့ဘဲ တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဆိုင်းဘုတ်ပေါ်ရှိ အနီရောင်ပိုးစကြီးကိုလည်း ဆွဲချွတ်လိုက်ရာ အောက်ဘက်ရှိ စာလုံးကြီး လေးလုံး ပေါ်ထွက်လာခဲ့၏။

ဖုန်းဟွာ ကလပ်။

လူအားလုံးမှာ ၎င်း၏ အဓိပ္ပာယ်ကို နားမလည်ကြဘဲ ခေါင်းငုံ့ကာ တီးတိုး ဆွေးနွေးလာကြသည်။

ရှဲ့ရှန်းသည်လည်း ရှင်းပြမနေတော့ဘဲ တံခါးမကြီးကို တွန်းဖွင့်လိုက်ကာ ဖန်ကျန်းရီအား ပြောလိုက်၏။ "မြို့ဝန်ဖန် အရင် ကြွပါ။"

ဖန်ကျန်းရီသည် အရာရှိဝတ်စုံကို ပင့်မကာ အဆောက်အအုံထဲသို့ လျှောက်ဝင်သွားပြီး လူအားလုံးကလည်း သူ၏နောက်မှ ဖြည်းညင်းစွာ လိုက်ပါဝင်ရောက်သွားကြသည်။

အဆောက်အအုံထဲသို့ ရောက်ရှိသွားချိန်တွင် မျက်စိရှေ့၌ ကျယ်ဝန်းလင်းလက်သွားပြီး အလယ်ဗဟို၌ ဟင်းလင်းပြင် ခန်းမကြီးတစ်ခု ရှိနေ၏။ မျက်စိရှေ့တွင် ကြီးမားသော စင်မြင့်ကြီးတစ်ခု ရှိသော်ငြား ထိုစင်မြင့်ကြီးမှာ ကြီးမားသော ရေကန်ကြီးတစ်ခုထဲတွင် ရှိနေပြီး ရေကန်ထဲ၌ ရွှေငါးများစွာ ကူးခတ်နေကြသည်။

စင်မြင့်ပေါ်တွင် ဂီတပညာရှင်များ၊ ကချေသည်များ အစုံအလင် ရှိနေပြီး ဒုတိယထပ်နှင့် တတိယထပ် စင်္ကြန်များတွင်လည်း တူရိယာမျိုးစုံကို ကိုင်ဆောင်ထားသော ဂီတပညာရှင်များ မတ်တပ်ရပ်လျက် ရှိနေ၏။

လေးဖက်လေးတန်ရှိ အထပ်တိုင်း၏ လက်ရန်းအားလုံးတွင် ပန်းပုများ ထုဆစ်ထားပြီး ရုပ်ပုံများ ရေးဆွဲထားကာ အချို့နေရာများတွင် ရွှေရောင်ဆေးများပင် သုတ်လိမ်းထားသေးသည်။

အထင်ရှားဆုံးမှာ စင်မြင့်နောက်ကွယ်တွင် တည့်မတ်စွာ ရပ်တည်နေသော ရောမတိုင်ကြီး နှစ်တိုင်ဖြစ်ပြီး ကြည့်ရသည်မှာ အတော်လေး ထူးဆန်းနေ၏။

ထောင့်စွန်း နေရာများအားလုံးတွင်လည်း လိုက်ဖက်ညီမှု မရှိသော အရာများနှင့် ပြည့်နှက်နေသည်။

ဖန်ကျန်းရီ၏ မျက်နှာမှာ မနေနိုင်ဘဲ ရှုံ့မဲ့သွားတော့၏။

ဘာတွေလဲဟ။ ငါ့စိတ်ထဲက တွေးထားတာနဲ့ လုံးဝ မတူဘူး။ ဘာမှန်းကို မသိတာ။

ပြီးတော့ ဒုတိယထပ်နဲ့ တတိယထပ်မှာ တူရိယာတီးခတ်တဲ့သူတွေ ဒီလောက်အများကြီး ထားထားတာ ဘာလုပ်ဖို့လဲ။ ဒီလိုမှန်းသိရင် ငါကိုယ်တိုင် အရင်လာကြည့်ခဲ့သင့်တာ။

ပုံစံကြမ်းတွေတောင် ဆွဲပေးထားတာကို ငါ့ကို ဒီလိုကြီး လုပ်ပေးထားတယ်ပေါ့လေ။

သို့သော်ငြား ကံကောင်းထောက်မစွာဖြင့် ဧည့်သည်များ၏ တုံ့ပြန်မှုမှာ အဆင်ပြေနေဆဲ ဖြစ်၏။ ထူးဆန်းနေသော်ငြား လူများကို အမြင်သစ်တစ်ခု ရစေသည်မှာ သိသာထင်ရှားလှ၏။

လူအများအပြားမှာ အံ့သြချီးကျူးသံများ ထွက်ပေါ်လာကြသည်။

ထိုနေရာတွင် လူအရေအတွက် သိပ်မများလှချေ။ ထိုကုန်သည်သူဌေးများနှင့် ဖန်ကျန်းရီ ခေါ်ဆောင်လာသော လီယွမ်ကျောက်၊ ကျန်းပြောင် အစရှိသည့် လူများကိုပါ ပေါင်းလိုက်လျှင် စုစုပေါင်း လူဒါဇင်အနည်းငယ်ခန့်သာ ရှိ၏။

အဘယ်ကြောင့်ဆိုသော် ဖုန်းဟွာစံအိမ်သည် အသင်းဝင် ဖိတ်ကြားသည့်စနစ်ကို လုံးဝ အသုံးပြုထားသောကြောင့် ဖြစ်သည်။ သတ်မှတ်ထားသော ဧည့်သည်များမှလွဲ၍ သာမန်ဧည့်သည်များကို လက်မခံချေ။

လူအားလုံး နေရာယူပြီးနောက် ရှဲ့ရှန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီနေ့ မြို့ဝန်ဖန် ရောက်လာပြီဆိုမှတော့ ကျုပ်တို့ကို စကားနည်းနည်းလောက် ပြောပြဖို့ ဖိတ်ခေါ်ပါတယ်။"

ဖန်ကျန်းရီသည် မတ်တပ်ထရပ်ကာ စင်မြင့်ပေါ်သို့ လျှောက်သွားပြီး ပြုံးလျက် ပြောလိုက်၏။ "ဒီနေ့ဆိုင်ရှင်ရှဲ့က လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားခဲ့ပါတယ်။"

"ဒီမြို့ဝန်ကလည်း ဘာလက်ဆောင်မှ မယူလာခဲ့ရလို့ တကယ် ရှက်မိပါတယ်။ ဒီည ကုန်ကျစရိတ် အားလုံးကို ဒီမြို့ဝန်က တာဝန်ယူပါမယ်။ အားလုံး လွတ်လွတ်လပ်လပ် စားကြ၊ လွတ်လွတ်လပ်လပ် ပျော်ပါးကြပါ။

ဒါ့အပြင် … ဒီမြို့ဝန်က ဒီတစ်ခေါက် လာရင်းနဲ့ လူတိုင်းကို မိတ်ဆက်ပေးချင်တဲ့ အထူးပုဂ္ဂိုလ်တစ်ယောက်ကိုပါ ခေါ်လာခဲ့တယ်။"

ပြောပြီးသည်နှင့် လက်တစ်ဖက်ဖြင့် စင်အောက်ရှိ ဟွမ်ရှန်းရုံအား ညွှန်ပြလိုက်၏။

ဟွမ်ရှန်းရုံသည် မျက်လုံးကိုမှိတ်ကာ ခေါင်းငုံ့ထားပြီး မတ်တပ်ထရပ်လျက် လူအားလုံးကို ရည်ရွယ်ကာ ဂုဏ်တော် တစ်ပိုဒ်ကို ရွတ်ဆိုလိုက်သည်။

"ဒီပုဂ္ဂိုလ်ကတော့ အိန္ဒိယကနေ တရားကျင့်ကြံပြီး ောက်လာတဲ့ ဆရာတော် ဟွေ့ကျောက်ပဲ ဖြစ်ပါတယ်။"

လူအားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ အိန္ဒိယ … ဘယ်နေရာလဲ။ မကြားဖူးဘူး။ ဒါပေမဲ့ ကြည့်ရတာ အရမ်းစွမ်းမယ့် ပုံစံပဲ။

"ဒီမြို့ဝန်က အမြဲတမ်း ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူပါ။ ဒီတစ်ခေါက် လျိုရွှန်းဆိုတဲ့ လောဘကြီးလွန်းတဲ့ လူ ကို ဖြုတ်ချဖို့အတွက် အန္တရာယ်တွေ ဝန်းရံနေခဲ့တယ်လို့တောင် ပြောလို့ရတယ်။ ဆရာတော် ဟွေ့ကျောက် က ဒီမြို့ဝန်အတွက် ဆုတောင်းပေးပြီး တန်ခိုးတော်တွေနဲ့ အကာအကွယ်ပေးခဲ့လို့သာ အန္တရာယ်တွေကို အကြိမ်ကြိမ် ကျော်လွှားနိုင်ခဲ့တာပါ။"

လူအားလုံးက ဟွမ်ရှန်းရုံအား အံ့သြတကြီး ကြည့်လိုက်ကြချိန်တွင် သူသည် အလျင်စလို မရှိဘဲ ရင်ခွင်ထဲမှ ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး လက်ချောင်းထည့်ကာ တစ်စုံတစ်ရာကို တို့ယူ၍ နဖူးပေါ်တွင် တို့သုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွား၏။

တည်ငြိမ်အေးချမ်းပြီး... နက်နဲသွားသည်။

All Chapters