← Chapters

အခန်း (၂၃၄-၂၃၅)

Vol. 14 Ch. 234-235

အခန်း (၂၃၄-၂၃၅)

Vol. 14 Ch. 234-235

အပိုင်း ၂၃၄ - အရာရာစွမ်းဆောင်နိုင်သော ဆရာတော် ဟွေ့ကျောက် ။

လူအားလုံးသည် သူ၏ ရုပ်ရည်သွင်ပြင်မှာ အမှန်တကယ်ပင် ကြည်ညိုဖွယ်ကောင်းလှသည်ကို မြင်ချိန်မှာတော့ ချက်ချင်းပင် လေးစားကြည်ညိုသွားကြတော့၏။

ဒါက တကယ့် ဆရာတော်အစစ်ပဲ။ သွင်ပြင်လက္ခဏာကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။ ဒါပေမဲ့... အဲဒီ ကြွေပုလင်းထဲက ဘာရတနာလဲ၊ တစ်ချက်လေး တို့လိုက်ရုံနဲ့ ဒီလောက်တောင် အပြောင်းအလဲ ကြီးသွားတာလား။

ဖန်ကျန်းရီက အလျင်အမြန် ရှင်းပြလိုက်သည်။ "ခုနက ဆရာတော် အသုံးပြုလိုက်တဲ့ ပစ္စည်းက အိန္ဒိယ နတ်ဆီ လို့ ခေါ်တယ်။

ဒီပစ္စည်းက ဆရာတော် ပုံမှန် တရားကျင့်ကြံတဲ့အခါ အသုံးပြုတဲ့ အထောက်အကူပြု ပစ္စည်းပဲ။ ဆရာတော်ရဲ့ တန်ခိုးစွမ်းအင်က နက်ရှိုင်းလှတယ်။ အိန္ဒိယမှာလည်း နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ ဆရာတော် ကူးယီး ဆီမှာ တပည့်ခံပြီး ကွမ်တမ် မှော်ပညာကို အထူးလေ့လာ ဆည်းပူးခဲ့တာ။

ဒီမြို့ဝန် ကျန်းကျန် ကို မလာခင်တုန်းက ဆရာတော်က ကျုပ်အတွက် ဗေဒင်တွက်ပေးခဲ့ဖူးတယ်။ အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ အခြေအနေပေါင်း တစ်သန်းနဲ့ လေးသိန်းကို သူ အကုန် ကြည့်ရှုခဲ့ပြီး လျိုရွှန်းကို ဖြုတ်ချနိုင်မယ့် နည်းလမ်းက တစ်နည်းတည်းပဲ ရှိတယ်တဲ့။"

ဒီမြို့ဝန်က ဆရာတော်ရဲ့ ညွှန်ကြားချက်အတိုင်း တစ်ဆင့်ချင်းစီ လုပ်ဆောင်ခဲ့လို့သာ အန္တရာယ်ကို ဘေးကင်းကင်း နဲ့ ကျော်လွှားနိုင်ခဲ့တာပါ။"

လူအားလုံးမှာ ထိုစကားကို ကြားသည်နှင့် မျက်လုံးများအားလုံး နီရဲသွားကြ၏။

ကောင်းကင်ဘုံ … ကွမ်တမ် မှော်ပညာ။ လုံးဝ နားမလည်ပေမဲ့ နားထောင်ရတာကိုက တကယ့်ကို အထင်ကြီးစရာပဲ။ ကောင်းကင်ဘုံကိုတောင် ထိုးဖောက်နိုင်မယ့် ခံစားချက်မျိုးပဲ။

ပြီးတော့ အနာဂတ်ရဲ့ ဖြစ်နိုင်ချေပေါင်း ၁၄ သန်းကိုတောင် မြင်နိုင်တယ်ဆိုတော့ … သောက်ကျိုးနည်း … နတ်ဘုရားတွေထက်တောင် ပိုမစွမ်းဘူးလား။

တကယ်ကို အံ့သြစရာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတော့တာပဲ။

ထိုနေရာရှိ လူအားလုံးမှာ တစ်ယောက်ပြီးတစ်ယောက် တံတွေးမြိုချလိုက်ကြကာ ဟွမ်ရှန်းရုံအား ပြင်းပြသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်၏။ "ဆရာတော် ဟွေ့ကျောက် က ကျုပ်တို့အတွက် တရားဟောပြီး ဆုတောင်းပေးနေတာပါ။ ဆရာတော် ပြောဖူးတာက ဒီတရားတော်ဟာ အိန္ဒိယရဲ့ အပြင်ကို မပေါက်ကြားစေရတဲ့ လျှို့ဝှက်ချက်ဖြစ်တဲ့ နဂါးနဲ့ဆင် ပညာပါရမီ ကျမ်းစာတဲ့။

ဒီကျမ်းစာကို အချိန်ကြာကြာ နားဆင်မယ်ဆိုရင် ရောဂါဘယ အကုန်ပျောက်ကင်းနိုင်ပြီး လူတွေရဲ့ ခွန်အားကိုလည်း နဂါးနဲ့ ကျားလိုမျိုး နှစ်ဆတိုးစေနိုင်တယ်တဲ့။ လောလောဆယ် ခန္ဓာကိုယ်ထဲမှာ အားတွေ တိုးပြီး ပူလာလိမ့်မယ်။ "

လန်းလွန်းတယ်။ တရားရွတ်ရုံနဲ့ လူတွေကို နဂါးနဲ့ ကျားလို စွမ်းအင်တွေ ပြည့်လာစေနိုင်တယ်ပေါ့။ ငါ ဘာလို့ ဒီလောက် ပူလာတာလဲလို့ တွေးနေတာ။

လူအများအပြားမှာ လက်ဖြင့် ယပ်ခတ်လာကြသည်။

ဖန်ကျန်းရီ၏ ထိုစကားကို ကြားပြီးနောက် လူအားလုံး၏ အကြည့်များမှာ ပြင်းပြမှုမှနေ၍ ပြင်းထန် တက်ကြွမှုသို့ ပြောင်းလဲသွားခဲ့၏။

သူတို့သည် လက်သီးဆုပ်၍ ဖန်ကျန်းရီအား အသီးသီး ပြောလိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန်။"

"ဆရာတော် ဟွေ့ကျောက် ကိုလည်း ကျေးဇူးတင်ပါတယ်။"

ဖန်ကျန်းရီသည် အနည်းငယ် ပြုံးလိုက်သည်။ "ကောင်းပြီ … ဒီမြို့ဝန် ပြောစရာက ဒီလောက်ပါပဲ။ အားလုံး စားသောက်တာကို အနှောင့်အယှက် မပေးတော့ဘူး။ ဟင်းတွေ ချပေးလိုက်တော့။"

ပြောပြီးသည်နှင့် စင်ပေါ်မှ ဆင်းလာကာ ရှဲ့ရှန်း၏ အနားသို့ လျှောက်သွားပြီး တီးတိုးပြောလိုက်၏။ "မီးဖိုကို မြန်မြန် သွားဖယ်လိုက်။ သောက်ကျိုးနည်း ကျုပ် ပူလွန်းလို့ သေတော့မယ်။

ပြီးတော့ ဝူရှန်းဆိုတဲ့ ခွေးကောင်ကြီး ဘယ်မှာလဲ။ သောက်ကျိုးနည်း .. သူ့ကို အနုပညာ တင်ဆက်မှုတွေကို သေချာ လုပ်ခိုင်းထားတာ ဘယ်လိုဖြစ်ရတာလဲ။ ဂီတပညာရှင်တွေကို ဘာလို့ ဒုတိယထပ်နဲ့ တတိယထပ်ကို ပို့ထားရတာလဲ။"

ရှဲ့ရှန်းသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သခင်လေး … ကျုပ် ဒီဘက်က စားသောက်ပွဲကို စီစဉ်လိုက်ပါ့မယ်။ ဝူရှန်းက အနောက်ဘက်က အစည်းအဝေးခန်းထဲမှာ ရှိပါတယ်။"

"ရပြီ။ မြန်မြန်သွား ပြင်ဆင်တော့။"

မှာကြားပြီးနောက် ဖန်ကျန်းရီသည် လူအားလုံးအား ပြောလိုက်၏။ "ဒီမြို့ဝန် … အရင် သန့်စင်ခန်း ခဏသွားလိုက်အုံးမယ်။ လူကြီးမင်းတို့ ဒီနေ့ အပြည့်အဝ ပျော်ပါးကြပါ။ မဟုတ်ရင်တော့ ကျုပ်ကို မျက်နှာသာ မပေးရာ ရောက်လိမ့်မယ်။"

ပြောပြီးသည်နှင့် ပထမထပ်ရှိ အစည်းအဝေးခန်းကို ရှာဖွေရန် လှည့်ထွက်သွားတော့သည်။

လမ်းတစ်ဝက်ခန့် လှည့်ပတ်ပြီးနောက် ရှာတွေ့သွား၏။ ဖုန်းဟွာစံအိမ်၏ အခြားသော ပုံစံများမှာ သူ၏ တောင်းဆိုချက်အတိုင်း ရှိနေသေးသည်က ကံကောင်း၏။

တံခါးပေါ်တွင် အစည်းအဝေးခန်း ဟူသော စာလုံးသုံးလုံးကို ရေးသားထားပြီး ဖန်ကျန်းရီသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။

ဝင်သွားသည်နှင့် ဝူရှန်းက သူ့အား ကျောပေးထားပြီး လေထဲတွင် တစ်စုံတစ်ရာကို ရေးဆွဲကာ ဘာလုပ်နေမှန်း မသိသည်ကို မြင်တွေ့လိုက်ရ၏။

ဖန်ကျန်းရီသည် မျက်မှောင်ကြုတ်သွားပြီး ရှေ့တိုးကာ သူ၏ ပခုံးကို ပုတ်လိုက်သည်။

ဝူရှန်းသည် နောက်လှည့်ကြည့်လိုက်ပြီး ချက်ချင်း အံ့အားသင့် ဝမ်းသာစွာ ပြောလိုက်၏။ "သခင်လေး …. ခဏနေရင် ဖျော်ဖြေပွဲ စတော့မှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ရောက်လာတာလဲ။"

ဖန်ကျန်းရီက ဒေါသတကြီး ပြောလိုက်သည်။ "ဘာဖြစ်တာလဲ။ ကျုပ် ပြောခဲ့တယ်လေ .. ပြီးပြည့်စုံအောင် လုပ်ရမယ်လို့။ ဒီနေ့ ဖွင့်ပွဲက အရမ်း အရေးကြီးတယ်။ ပုံမှန်အချိန်တွေဆိုရင် ခင်ဗျား ဘယ်လိုလုပ်ချင်လုပ်ချင် ကျုပ် လွှတ်ထားပေးတယ်။ ဒီနေ့ ဘာတွေ လာလုပ်ထားတာလဲ။ အခု ချက်ချင်း အပေါ်ထပ်က လူတွေကို စင်ပေါ် ပြန်ခေါ်လာခဲ့စမ်း။"

ဝူရှန်းသည် ဖန်ကျန်းရီ ဒေါသထွက်နေသည်ကို မြင်ချိန်မှာတော့ ချက်ချင်း မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာပြီးနောက် တည်ငြိမ်အောင် မျက်နှာကို အနည်းငယ် ပြန်လည် ထိန်းချုပ်ကာ ရှေ့တိုး၍ ရှင်းပြလိုက်၏။ "သခင်လေး... ဒါက ကျုပ် ပြင်ဆင်ထားတဲ့ လျှို့ဝှက်အစီအစဉ်ပါ။ နှစ်ရက်တောင် လေ့ကျင့်ထားတာ၊ အမှားအယွင်း မရှိနိုင်ပါဘူး။ ကျုပ်ကို စမ်းသပ်ခွင့် ပေးလိုက်ပါ။"

ဖန်ကျန်းရီမှာ ဒေါသထွက်လွန်းသဖြင့် မျက်ခုံးများပင် ပင့်တက်သွားသည်။ "စမ်းသပ်ရမယ်လား။ လူတွေကို ဒုတိယထပ်နဲ့ တတိယထပ်ကို ပို့ထားပြီးမှ ဖျော်ဖြေမှုက ကောင်းနိုင်ပါ့မလား။"

ဝူရှန်းသည် မုတ်ဆိတ်မွေးကို တစ်ချက်သပ်လိုက်ပြီး အလျင်စလို မရှိဘဲ ပြောလိုက်၏။ "သခင်လေး... ဒါက ကျုပ် အသစ်လေ့ကျင့်ထားတာပါ။ သခင်လေး လုံးဝ မကြားဖူးသေးဘူးလို့ အာမခံတယ်။ အရင်တုန်းက ဖျော်ဖြေပွဲတွေဆိုတာ တူရိယာ တစ်မျိုးတည်းကိုပဲ တီးခတ်တာ၊ ဒါမှမဟုတ် တူရိယာ နှစ်မျိုး သုံးမျိုး ပေါင်းစပ် တီးခတ်တာမျိုးပဲ ရှိတာ။

ကျွန်တော့်အမြင်မှာတော့ အရမ်း ရိုးရှင်းလွန်းတယ်၊ အရမ်း ပျင်းစရာကောင်းတယ်၊ ပြီးတော့ တီထွင်ဖန်တီးမှု အရမ်းနည်းလွန်းတယ်။"

ဒီတစ်ခေါက်ကတော့ မတူတော့ဘူး။ တူရိယာ အမျိုးအစား ဆယ်မျိုးကျော်တယ်။ ပြီးတော့ ကျုပ်က လူတွေကို အဖွဲ့တွေ ခွဲပြီး မတူညီတဲ့ ဦးတည်ရာတွေမှာ နေရာချထားတယ်။ ကျုပ်စင်ပေါ်တက်ပြီး ညွှန်ကြားတဲ့အခါ သူတို့က စည်းချက်ကျကျ ပူးပေါင်းပါဝင်လာလိမ့်မယ်။ သခင်လေးရဲ့ အကြားအာရုံနဲ့ အမြင်အာရုံကို သေချာပေါက် ဆန်းသစ်သွားစေရမယ်။ ဒါကို ကျုပ်က သံစုံတီးဝိုင်း လို့ ခေါ်တယ်။"

"အမ် ...."

ဖန်ကျန်းရီသည် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သူ့ကို တုန်လှုပ်သွားစေသည်မှာတော့ အမှန်ပင်။ ဒီဝူရှန်းက ဘယ်လိုဖြစ်နေတာလဲ။ သူ့ရဲ့ တွေးခေါ်ပုံက သာမန်လူတွေနဲ့ သိပ်မတူဘူးပဲ။ အနုပညာ ပါရမီရှင်များလား။

ဖန်ကျန်းရီသည် အနေရခက်စွာ ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ဝူရှန်း၏ ကော်လာကို အလျင်အမြန် ပြင်ပေးကာ တောင်းပန်သည့် မျက်နှာဖြင့် ပြောလိုက်သည်။ "ကျုပ် ဝန်ခံပါတယ်။ ခုနက ကျုပ် အသံ နည်းနည်း ကျယ်သွားတယ်။ ကျုပ် မှားသွားတယ်။

နောက်နောင် ခင်ဗျားရဲ့ အနုပညာ ဖန်တီးမှုတွေကို ကျုပ်ကို ပြောပြနေစရာ မလိုတော့ဘူး။ ကျုပ် လုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ဘူး... သခင်လေးဖြစ်တဲ့ ကျုပ်က ခင်ဗျားကို အပြည့်အဝ ထောက်ခံတယ်။ ပိုက်ဆံ ဘယ်လောက်လိုလို အကုန်ရတယ်။"

ပြောပြီးသည်နှင့် ကပျာကယာ ထွက်ခွာသွားတော့၏။

ဝူရှန်းသည် ဖန်ကျန်းရီ၏ ကပျာကယာ ကျောပြင်ကို ကြည့်ကာ ဂုဏ်ယူစွာဖြင့် မုတ်ဆိတ်မွေးကို တစ်ချက်သပ်လိုက်သည်။

ကျုပ်က သံစုံတီးဝိုင်းဆိုတဲ့ စကားလုံး သုံးလုံးကို ရိုးရိုးလေး ပြောလိုက်ရုံနဲ့ သခင်လေးက အဲဒီအထဲက အံ့ဖွယ်ကောင်းတဲ့ အရာတွေကို သိသာထင်ရှားစွာ ခံစားမိသွားပြီပဲ။

ဘဝမှာ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ မိတ်ဆွေတစ်ယောက် ရပြီဆိုမှတော့ သေရမယ်ဆိုရင်တောင် နောင်တ မရတော့ဘူး။

ဖန်ကျန်းရီသည် ဖုန်းဟွာစံအိမ် ခန်းမကြီးထဲသို့ ပြန်ရောက်လာချိန်တွင် တစ်ခဏတာမျှ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရပြီး စိတ်ထဲတွင် မနေနိုင်ဘဲ အနည်းငယ် ဝမ်းနည်းသွားမိ၏။

ကိုယ်တိုင်ရဲ့ အနုပညာ သဘောတရားအပေါ် နားလည်မှုက ဝူရှန်းလောက်တောင် မကောင်းဘူးလား။

ဒါက ငါ တီထွင်ရမယ့် အရာ မဟုတ်ဘူးလား။ ငါ ဖန်ကျန်းရီက အုတ်ရိုးစီတာကလွဲပြီး တခြား အနုပညာ ကျွမ်းကျင်မှု မရှိတော့ဘူးလား။

ဟုတ်သလိုပဲ... ရုပ်ချောနေတာ ကံကောင်းသွားတယ်။

စားပွဲသို့ ပြန်ရောက်ပြီးနောက် လီယွမ်ကျောက်သည် ဖန်ကျန်းရီ၏ အင်္ကျီလက်ကို ချက်ချင်း ဆွဲကာ တီးတိုး မေးလိုက်သည်။ "ခင်ဗျား လူတွေကို လိမ်အုံးမလို့လား။ ခဏနေရင် ကျုပ်တို့ ဘာစားကြမလဲ။ ကျုပ် ဗိုက်မဝသေးဘူး။"

ဖန်ကျန်းရီက တီးတိုး ပြန်ဖြေလိုက်၏။ "ကျုပ်က ဘယ်နေရာမှာ လိမ်လို့လဲ။ နစ်နာတဲ့သူ ရှိမှ လိမ်တယ်လို့ ခေါ်တာ။ ဒီနေရာမှာ နစ်နာတဲ့သူ ရှိရဲ့လား ဆိုတာ ကြည့်လိုက်။ လျှောက်မပြောနဲ့။

ဘာစားမလဲဆိုတာနဲ့ ပတ်သက်ပြီး သူတို့ အတိအကျ ဘာလုပ်မလဲဆိုတာကိုတော့ ကျုပ်လည်း မသိဘူး။ ဘာပဲဖြစ်ဖြစ် သေချာပေါက် တောင်ပေါ်ပင်လယ်စာ အကောင်းစားတွေချည်းပဲ ဖြစ်မှာပါ။ အိမ်ရှေ့စံမင်းသား စောင့်ကြည့်လိုက်ပါ။"

စကားပြောနေစဉ်မှာပင် အရသာရှိလှသော ဟင်းလျာအမျိုးမျိုးကို စားပွဲပေါ်သို့ တစ်ခွက်ပြီးတစ်ခွက် တင်လာကြသည်။

ပျံလွှားနဂါး စွပ်ပြုတ် ၊ ဝက်ဝံဖြူ အကင် ၊ ကျားလက်ဝါး ဆီပြန် ၊ ငှက်လျှာ အစပ်ကြော် ၊ ငါးမန်းတောင် နှပ်...

ဟင်းအမည်များကို တစ်ခွက်ပြီးတစ်ခွက် ကြေညာလိုက်တိုင်း လူအားလုံး၏ စိတ်ထဲတွင် လှုပ်ရှားသွားကြ၏။

လီယွမ်ကျောက်ပင်လျှင် ထိုနည်းတူ ဖြစ်သည်။

စားပွဲပေါ်ရှိ မျက်စိကျိန်းမတတ် များပြားလှသော ရှားပါးမျိုးစိတ်များကို ကြည့်ကာ တံတွေးများကို အားကုန် မြိုချလိုက်မိ၏။

တယ်ဟုတ်ပါလား... ဒီအရာတွေကို ခမည်းတော်တောင် စားဖူးမှာ မဟုတ်ဘူး။

ကျင်းဘုရင်သည် နှစ်ပေါင်းများစွာ စစ်တပ်ထဲတွင် နေထိုင်ခဲ့သောကြောင့် စားနပ်ရိက္ခာများနှင့် ပတ်သက်၍ အထူးတလည် တန်ဖိုးထားသည်။

နန်းတော်ထဲတွင် စားသောက်ရသည်မှာ အလွန်အမင်း ရိုးရှင်းလှပြီး သာမန် ထမင်းဟင်းများသာ ဖြစ်၏။

ဖန်ကျန်းရီသည် လိုက်ပါ၍ နှစ်ကြိမ်ခန့် စားဖူးပြီးနောက် ခံတွင်းမတွေ့ဟု ခံစားခဲ့ရသည်။ စားပွဲပေါ်ရှိ ဤရှားပါးထူးဆန်းသော သတ္တဝါများနှင့် ယှဉ်ကြည့်လျှင် ကျင်းဘုရင်သည် အမှန်တကယ်ပင် စားဖူးလိမ့်မည် မဟုတ်ချေ။

လူတိုင်း၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေကြသည်။

ဒီ ဖုန်းဟွာစံအိမ်ရဲ့ လက်ရာက တကယ်ကို အထင်ကြီးစရာပဲ။ ကောင်းကင်ကိုတောင် ပျံတက်တော့မယ်။

ဒါ့အပြင် ဒီနေ့ ဆရာတော် ဟွေ့ကျောက် လို အိန္ဒိယက ရဟန်းမြတ်ကိုပါ မြင်တွေ့ခဲ့ရတော့ တကယ်ကို မျက်စိပွင့်သွားခဲ့ပြီ။

လူတိုင်းသည် ဖန်ကျန်းရီ အရင် စတင်စားသောက်မည့် အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြ၏။

ဖန်ကျန်းရီသည် တူကိုမြှောက်ကာ တုံ့ဆိုင်းနေမိသည်။ ဘေးလူများ၏ အမြင်တွင် အရသာရှိသော အကောင်းစား ဟင်းလျာများ ဖြစ်သော်ငြား သူ၏ စိတ်ထဲတွင်တော့ တကယ်ကို ပျို့အန်ချင်နေသည်။

ဒါ... ဒီအရာတွေကို တကယ် စားလို့ရပါ့မလား။

အပိုင်း (၂၃၅) ဝူရှန်း၏ အံ့မခန်း ဖျော်ဖြေမှု။

လူအားလုံးမှာ ဖန်ကျန်းရီ စတင်၍ တူကိုင်မည့် အချိန်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။

လူချမ်းသာများ ဖြစ်ကြသော်လည်း စားပွဲပေါ်ရှိ အရာတိုင်းကို တစ်ခုချင်းစီ ခွဲထုတ်လိုက်လျှင် သူတို့ စားနိုင်ကောင်း စားနိုင်ပေလိမ့်မည်။

သို့သော်ငြားဤမျှများပြားသော ဟင်းလျာများကို တစ်စားပွဲတည်း စုစည်းထားခြင်းမှာ အလွန် ရှားပါးလှ၏။

ကျား၊ ဝက်ဝံဖြူ စသည်ဖြင့် ဤအရာများမှာ သားရဲတိရစ္ဆာန်များ ဖြစ်ကြရာ ငွေရှိလျှင်တောင်မှ လိုချင်တိုင်း ရနိုင်မည့် အရာများ မဟုတ်ချေ။ ပုံမှန်အားဖြင့် မည်သူကမှလည်း ဤအရာများကို စားသောက်ရန် အပင်ပန်းခံ ကြိုးစားကြမည် မဟုတ်ပေ။

ဖန်ကျန်းရီမှာ တုံ့ဆိုင်းနေဆဲ ဖြစ်၏။

မျက်စိရှေ့တွင် ကြီးမားလှသော ဝက်ဝံလက်ဝါး လေးခုကို ချိတ်ဆွဲထားပြီး မျက်နှာပြင်ပေါ်တွင် ပျားရည်သုတ်လိမ်းထားကာ ဆီများ တစီစီ ထွက်နေပြီး ကြည့်ရသည်မှာ အလွန် စွဲမက်ဖွယ် ကောင်းလှသည်။

အောက်ဘက်တွင် ကျောက်မီးသွေး မီးဖိုငယ်လေး တစ်ခုရှိပြီး အပူရှိန်ဖြင့် အဆက်မပြတ် ကင်နေ၏။ ဤဟင်းလျာ မှာ ဝက်ဝံဖြူအကင်ပင် ဖြစ်သည်။

ရုတ်တရက် ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး တူကိုစောင်းကာ ဘေးနားရှိ ငါးမန်းတောင်ကို ညှပ်ယူလိုက်သည်။

ထားလိုက်တော့။ … မြည်းစမ်းကြည့်ချင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကိုတော့ တကယ် မကျော်လွှားနိုင်ဘူး။ ဝိုင်းစက်ချစ်စရာကောင်းတဲ့ ကောင်လေးတွေကို ဘယ်သူက မကြိုက်ဘဲ နေမလဲ။ ဒါပေမဲ့ ကျက်အောင် ချက်လိုက်တော့ အနည်းငယ် ရွံစရာကောင်းသွားပြီ။

အခုက အရင်တုန်းကလို ထမင်းမစားရတဲ့ အချိန်မှ မဟုတ်တော့တာ။ တောကောင်သားတွေကို ငါ တကယ် စိတ်မဝင်စားဘူး။

လူအားလုံးသည် ဖန်ကျန်းရီ တူကိုင်လိုက်သည်ကို မြင်ချိန်မှာတော့ အားလုံး လွတ်လွတ်လပ်လပ်ဖြင့် အငမ်းမရ စတင်စားသောက်ကြတော့၏။

ဖန်ကျန်းရီသည် တစ်လုတ်ခန့် စားပြီးနောက် ဆက်မစားတော့ဘဲ လူများ၏ တုံ့ပြန်မှုကိုသာ တိတ်တဆိတ် အကဲခတ်နေလိုက်သည်။

ရှဲ့ရှန်းသည်လည်း သိပ်မစားဘဲ ဧည့်သည်များကို နေရာအနှံ့ လိုက်လံ နှုတ်ဆက်ကာ လူများနှင့် အဆက်မပြတ် အရက်ခွက်ချင်း တိုက်နေ၏။

ကျန်းပြောင်နှင့် လီယွမ်ကျောက်တို့ နှစ်ဦးမှာ အတူတူ ထိုင်နေကြပြီး နှစ်ယောက်သား ပါးစပ်ကို ဟကာ အငမ်းမရ စားသောက်နေကြသည်။

စားသောက်နေရင်း လီယွမ်ကျောက်သည် ဖန်ကျန်းရီအား သံသယဖြင့် ကြည့်ကာ တီးတိုးပြောလိုက်၏။ "စားလေ ဖန်ကြီး။ ဒါတွေက အရမ်းကောင်းတဲ့ အရာတွေပဲ။

ကျုပ် နန်းတော်ထဲက ကောင်းတဲ့ အရာတွေကို မစားရက်လို့ အကုန် မြေမြှုပ်ပစ်လိုက်တာ။ အရသာက ဒီလောက်ကောင်းမှန်း အစောကတည်းက သိခဲ့ရင်... ဟူး... နှမြောစရာပဲ။ ပြန်တူးထုတ်ရင် စားလို့ရအုံးမလား မသိဘူး။"

ပြောပြီးသည်နှင့် လီယွမ်ကျောက်သည် ခေါင်းငုံ့ကာ ဆက်လက် စားသောက်နေတော့သည်။

"ကျွတ်..." ဖန်ကျန်းရီသည် သူ့အား အထင်သေးဟန်ဖြင့် တစ်ချက် ကြည့်လိုက်၏။

ရုတ်တရက် ခေါင်းငုံ့ကြည့်လိုက်ရာ ရင်းနှီးနေသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ မစင်ရောင် ခလုတ်တစ်ခု...

ဖန်ကျန်းရီ၏ အကြည့်များ စူးရှသွား၏။

ဒီပစ္စည်းက ဟိုတယ် ကောင်တာနဲ့ စားသောက်ဆိုင်တွေမှာ သုံးတဲ့ ခေါင်းလောင်းလေး မဟုတ်လား။ ဘယ်က ရောက်လာတာလဲ။

အံ့သြနေစဉ်မှာပင် ရှဲ့ရှန်းကို အလျင်အမြန် ခေါ်လိုက်ပြီး တီးတိုးမေးလိုက်သည်။ "စားပွဲပေါ်က ဒီအရာက ဘယ်က ရောက်လာတာလဲ။"

ရှဲ့ရှန်းက ခေါင်းလောင်းကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။ "သခင်လေး... ဒါက လူခေါ်ဖို့ သုံးတာပါ။ ကျုပ်တို့ ဖုန်းဟွာစံအိမ်ကို အလှဆင်တဲ့အချိန်တုန်းက ပါးစပ်ကနေ အော်ခေါ်ရတာ သိပ်မသင့်တော်ဘူးလို့ ထင်လို့၊ လောင်ချီကို ဒီလိုခေါင်းလောင်းလေးတစ်ခု ဒီဇိုင်းဆွဲပေးဖို့ အကူအညီ တောင်းလိုက်တာပါ။

သခင်လေး အဲဒါကို တစ်ချက်ပုတ်လိုက်တာနဲ့ လူတစ်ယောက် လာပြီး ဝန်ဆောင်မှု ပေးပါလိမ့်မယ်။"

"အာ... သွား... ခင်ဗျားအလုပ် ခင်ဗျား သွားလုပ်တော့။"

ဖန်ကျန်းရီသည် ထိုင်ခုံပေါ်တွင် ငိုင်တိုင်တိုင် ထိုင်နေမိတော့သည်။

ငါ ဘာလို့ မစဉ်းစားမိခဲ့တာလဲ။ ငါ့ရဲ့ တီထွင်ဖန်တီးမှုကို ငါ့လူတွေက ကြိုတင်ပြီး ခိုးချသွားပြန်ပြီ။

ဧည့်သည်များအားလုံး အရက်သောက်ရင်း မြူးတူးနေချိန်မှာပဲ ဝူရှန်းသည် ယုံကြည်မှု အပြည့်ပါဝင်သော ခြေလှမ်းကျဲကြီးများဖြင့် လှမ်းကာ လျှောက်လာခဲ့ပြီး လက်ထဲတွင်လည်း သစ်သားတုတ်ငယ်လေး တစ်ချောင်းကိုလည်း ကိုင်ဆောင်ထား၏။

ဖန်ကျန်းရီ ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။ တယ်ဟုတ်ပါလား။

ဝူရှန်းသည် စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း လျှောက်သွား၏။

ပျော်ရွှင်စွာ စားသောက်နေကြသော ဧည့်သည်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့် လာကြသည်။

ဒုတိယထပ်နှင့် တတိယထပ်ရှိ ဦးတည်ရာအသီးသီးမှ ဂီတပညာရှင်များသည် လက်ထဲရှိ တူရိယာများကို ကိုင်ဆောင်လိုက်ကြပြီး အသင့်အနေအထား ပြင်ဆင်လိုက်ကြ၏။

လူအားလုံး၏ သံသယမျက်လုံးများအောက်တွင် ဝူရှန်း၏ လက်နှစ်ဖက်မှာ ဖြည်းညင်းစွာ မြင့်တက်လာခဲ့သည်။

ထို့နောက် အားပြင်းပြင်းဖြင့် အောက်သို့ ရိုက်ချလိုက်၏။

လေးဖက်လေးတန်မှ ဂီတသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။

ဝုန်းခနဲ မြည်သံနှင့်အတူ လူတိုင်း၏ စိတ်ထဲတွင် မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ကြရ၏။

လူအများအပြားမှာ စားနေရင်း လန့်ဖျပ်တုန်ယင်သွားကြပြီး ဝူရှန်းအား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ကြရာ၊ ပါးစပ်ထဲရှိ အစားအစာများမှာလည်း အလိုအလျောက် အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ဝူရှန်း၏ လက်နှစ်ဖက် အဆက်မပြတ် လှုပ်ရှားနေမှုနှင့်အတူ လေးဖက်လေးတန်ရှိ ဂီတသံများမှာ စည်းချက်ကျကျ ထွက်ပေါ်လာ၏။

တစ်ခါတစ်ရံတွင် တောအုပ်ထဲမှ လေပြည်လေညင်းလေး ဖြတ်သန်းသွားသကဲ့သို့ ဖြစ်ပြီး၊ တစ်ခါတစ်ရံတွင်တော့ ငွေပုလင်း ပေါက်ကွဲသွားသကဲ့သို့၊ ပြဒါးရည်များ မြေပေါ်သို့ ဖိတ်စင်သွားသကဲ့သို့ ဖြစ်နေသည်။

မနားတမ်း စားနေသော ကျန်းပြောင်နှင့် ကြီးမားသော အခမ်းအနားများကို မြင်ဖူးသည့် ဖန်ကျန်းရီတို့မှ လွဲလျှင် ကွင်းထဲရှိ လူတိုင်းမှာ အံ့အားသင့် မသွားသူဟူ၍ မရှိချေ။

ကျန်းပြောင်သည် ဤအရာများကို လုံးဝ ဂရုမစိုက်ပေ။

ဖန်ကျန်းရီကတော့ မတူချေ။ သူသည် အီလက်ထရောနစ် ဂီတကိုသာ နားထောင်လေ့ရှိပြီး ဤမျှလောက် အသံပမာဏမှာ သူ့အတွက် အမှိုက်မျှသာ ဖြစ်၏။ သို့ပေမည့် ဤသို့ဖြစ်နေလျှင်တောင်မှ ဖန်ကျန်းရီ၏ စိတ်ထဲတွင်တော့ လေးစားအားကျနေမိဆဲပင်။

ခုနက ဝူရှန်းနှင့် စကားပြောခဲ့စဉ်က သူ နှစ်ရက်သာ လေ့ကျင့်ခဲ့ရသည်ဟု ဆိုသည်။ သို့သော် ဤမျှ တုန်လှုပ်ဖွယ်ရာ ကောင်းသော တင်ဆက်မှု ရလဒ်မျိုး ရရှိနေသည်မှာ အံ့သြစရာပင်။ သာမန်လူ တစ်ယောက်ယောက် ဆိုလျှင် အနည်းဆုံး နှစ်နှစ်ခွဲလောက်တော့ အချိန်ယူ လေ့ကျင့်ရပေလိမ့်မည်။

တကယ်ကို အနုပညာနယ်ပယ်ရဲ့ ပါရမီရှင်ပဲ။

ဂီတသံမှာ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပြီး အလှလေးများမှာလည်း ဂီတသံနှင့်အတူ ယိမ်းနွဲ့ကခုန်နေကြ၏။

ကကွက်များမှာ ဆွဲဆောင်မှုရှိပြီး စွမ်းအင်များ အပြည့်အဝ ယိုဖိတ်နေသည်။ လောက၏ နတ်မိမယ်များ အပြိုင်အဆိုင် ကခုန်နေသကဲ့သို့ပင်။

သို့သော်ငြား ဧည့်သည်များထဲမှ မည်သူကမှ အရသာရှိသော အစားအစာများနှင့် အလှလေးများကို ဂရုမစိုက်အားတော့ဘဲ စိတ်အာရုံ အားလုံးမှာ ဂီတသံ၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။

ဂီတသံများ အဆက်မပြတ် ထွက်ပေါ်နေမှုနှင့်အတူ အထွတ်အထိပ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပြီး စောင်းသံ၊ ဗုံသံနှင့် ပုလွေသံများမှာ လေးဖက်လေးတန်မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ မြင်းသောင်းပေါင်းများစွာ ပြေးလွှားနေသည့်အဟုန်ဖြင့် ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွား၏။

လူတိုင်းသည် မိမိတို့၏ နှလုံးသားကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားပြီး စည်းချက်ကျကျ ညှစ်နေသကဲ့သို့ ခံစားလိုက်ကြရသည်။

ဖန်ကျန်းရီသည် ကွင်းထဲတွင် ကခုန်နေသော ဖြူဖွေးသည့် ပေါင်တံကြီးများကို ကြည့်ရင်း မျက်လုံးများပင် မလှုပ်ရှား နိုင်တော့ချေ။

ပတ်ဝန်းကျင် အခြေအနေမှာ အဆက်မပြတ် မြင့်တက်လာပြီး ဧည့်သည်အများအပြားမှာ မိမိတို့ကိုယ်တိုင် ပြန်လည် ပူနွေးလာသလို ခံစားလိုက်ရ၏။

ရင်ခုန်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်လိုက်မာန်ပါ ဖြစ်မှုများက နှလုံးသားထဲတွင် အဆက်မပြတ် လှုပ်ခတ်နေပြီး၊ ဂီတသံနှင့်အတူ မတ်တပ်ထရပ်ကာ လိုက်လံ ကခုန်ချင်သည့် အတွေးမျိုးပင် ဖြစ်ပေါ်လာကြသည်။

ကံကောင်းထောက်မစွာဖြင့် လူတိုင်းမှာ အတော်လေး ထိန်းချုပ်နိုင်စွမ်းရှိကြသဖြင့် မည်သူကမှ လက်တွေ့ လုပ်ဆောင်ခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း စားပွဲအောက်ရှိ ခြေထောက်များမှာတော့ ဂီတစည်းချက်နှင့်အတူ အရူးအမူး တုန်ခါနေကြ၏။

အခြေအနေက တဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ ဝူရှန်း၏ ညွှန်ကြားမှုမှာလည်း ရူးသွပ်နေသည့် ပုံစံမျိုး ဖြစ်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှာ လျှပ်စစ်ကြိုးကို နင်းမိသွားသည့်အလား သစ်သားတုတ်ငယ်လေးကို ကိုင်ဆောင်ကာ စင်မြင့်ပေါ်တွင် အရူးအမူး တုန်ခါနေသည်။

အဝတ်အစားများ ပြေလျော့သွားပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်ကုန်၏။

သို့ပေမည့် မည်သူကမှ သူ၏ သပ်ရပ်မှုမရှိသော ပုံစံကို ဂရုမစိုက်အားတော့ချေ။ အသံထွက်ကောင်းမွန်သော ဂီတ၏ ကြီးမားလှသည့် လွှမ်းမိုးနိုင်စွမ်းအောက်တွင် လူတိုင်းသည် သူ၏ ဤပုံစံအတွက် စိတ်လှုပ်ရှား ခံစားသွားကြရသည်။

ပုံမှန်မဟုတ်သော လူသားနှစ်ဦးမှ လွဲ၍ပေါ့။

ဒါက တကယ့် ဂီတပါရမီရှင်ပဲ။ အိမ်မှာ ဂီတပညာရှင်တွေ တီးခတ်တာကို နားထောင်ရတာနဲ့ ယှဉ်လိုက်ရင် အဲဒါတွေက ဘာအမှိုက်တွေလဲ။

ကြက်တောင် နားမထောင်ဘူး။

အချိန်အတော်ကြာပြီးနောက် ဂီတသံများ တဖြည်းဖြည်း အဆုံးသတ်သို့ ရောက်ရှိသွား၏။

ဝူရှန်းသည် မျက်လုံးကိုမှိတ်ကာ အလွန်အမင်း သာယာယစ်မူးနေသည့် မျက်နှာထားဖြင့် ညွှန်ကြားရေး တုတ်ငယ်ကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

ပြီးဆုံးပြီ။

ထိုနေရာရှိ ဂီတပညာရှင်များနှင့် နားဆင်သူများအားလုံးမှာ ချွေးများ ရွှဲနစ်နေကြပြီး အလွန်အမင်း လန်းဆန်း ကြည်နူးသွားကြ၏။

ဖန်ကျန်းရီသည် အကမယ်လေးများ၏ ပူဇော်ထိုက်သော ပေါင်တံများ လှပစွာ ထွက်သွားသည်ကို မြင်ချိန်မှာတော့ အလျင်အမြန် မတ်တပ်ထရပ်ကာ ဦးဆောင်၍ လက်ခုပ်တီးလိုက်သည်။

"ဖြန်း … ဖြန်း။"

"ဖြန်း ဖြန်း ဖြန်း ဖြန်း။"

ဆက်တိုက် ထွက်ပေါ်လာသော လက်ခုပ်သံများက စားပွဲတစ်ခွင်လုံး ပဲ့တင်ထပ်သွား၏။

တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒီလို နတ်ဘုရားဂီတသံကို နားဆင်ရပြီဆိုတော့ သေရမယ်ဆိုရင်တောင် နောင်တမရတော့ဘူး။"

"ဂီတသံစဉ်က သုံးရက်တိုင်တိုင် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။"

"ဒီဆရာကြီး နာမည် ဘယ်လိုခေါ်လဲ။"

ရှဲ့ရှန်းသည် အလျင်အမြန် ကျယ်လောင်စွာ ရှင်းပြလိုက်၏။ "လူကြီးမင်းတို့ .. ဒီပုဂ္ဂိုလ်က ကျုပ်တို့ ဖုန်းဟွာစံအိမ်က ဆရာဝူရှန်း ဖြစ်ပါတယ်။"

"ဆရာဝူရှန်းက ဂီတပညာရပ်မှာ ကျွမ်းကျင်ရုံသာမက ပြဇာတ်ပိုင်းမှာလည်း အရမ်းကို ကျွမ်းကျင်ပါတယ်။ ဒီ ဖုန်းဟွာစံအိမ်ကို တည်ဆောက်နိုင်ခဲ့တာ ဆရာဝူရှန်းရဲ့ ကျေးဇူးအများဆုံး ပါဝင်ပါတယ်။

ဒီဖျော်ဖြေပွဲအပြင်၊ ဒီ ဖုန်းဟွာစံအိမ်ထဲမှာ ဆရာဝူရှန်းရဲ့ တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ရာမြောက် ဖန်တီးမှုတွေလည်း အများကြီး ရှိနေပြီး လူတိုင်းကို စောင့်ကြိုနေပါတယ်။"

လူအားလုံးမှာ ထိုစကားကို ကြားပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ချီးကျူးလိုက်ကြပြီး ဝူရှန်းအား နှုတ်ဆက်ကာ အိမ်သို့ ဧည့်သည်အဖြစ် လာရောက်ရန် ငွေကြေးအမြောက်အမြားပေး၍ ဖိတ်ခေါ်သူများပင် ရှိနေကြသည်။

ဝူရှန်း၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေ၏။

ဒါကမှ ဘဝဆိုတာပဲ။ ဘဝရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို ရှာတွေ့သွားပြီ။

အစတုန်းက အရာရှိလုပ်စဉ်က အရှေ့ပြေး အနောက်လွှားနဲ့ ပင်ပန်းဆင်းရဲခဲ့ရတယ်။ လူအများအပြားက သူ့ကိုမြင်ရင် ခေါင်းညိတ် အရိုအသေပေးခဲ့ကြပေမဲ့ အဲဒါက သူ့ရဲ့ နေရာရာထူး အခြေအနေကို ကြည့်ပြီး အလိုလိုက် အကြိုက်ဆောင်ခဲ့ကြတာပဲ။

အခုမှသာ ဒီလူတွေက ငါ ဝူရှန်းရဲ့ ပါရမီကို လေးစားကြည်ညိုပြီး စိတ်နှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးကြတာပဲ။ ကောင်းတယ်။

သောက်ကျိုးနည်း ဘာရာထူးတွေလဲ … သွားစမ်း။

ထို့နောက် ဝူရှန်းသည် ဖန်ကျန်းရီအား လှမ်းကြည့်လိုက်ရာ သူက မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိဘဲ စားပွဲပေါ်ရှိ ဟင်းလျာများကို ရွေးချယ် စားသောက်နေသည်ကို မြင်တွေ့လိုက်ရ၏။

စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားကာ အရှက်လည်း ရသွားမိသည်။

သခင်လေးက သခင်လေးပါပဲ။ ငါ့ရဲ့ ဖျော်ဖြေမှုအတွက် နည်းနည်းလေးတောင် စိတ်လှုပ်ရှား မသွားဘူး... ကြည့်ရတာ ငါ အများကြီး လိုသေးတယ်။ ဆက်ကြိုးစားပြီး ပုံစံသစ်လေးတွေ ထပ်လုပ်နိုင်အောင် အားထုတ်ရအုံးမယ်။

ဝူရှန်း၏ စိတ်ထားမှာ ငြိမ်းချမ်းသွားခဲ့ပြီး လူအားလုံးအား ထပ်မံကြည့်လိုက်ကာ အဝတ်အစားကို အနည်းငယ် ပြင်ဆင်လိုက်ပြီး ခေါင်းလေးညွှတ်၍ ပြောလိုက်သည်။

"ဖုန်းဟွာကလပ်ကို ကြွရောက်လာကြတဲ့ ဧည့်သည်တော်ကြီးများအားလုံးကို ကြိုဆိုပါတယ်။ ဝူရှန်းက အရင်ဆုံး အနှောင့်အယှက် မပေးတော့ပါဘူး။"

ပြောပြီးသည်နှင့် တည်ငြိမ်စွာဖြင့် စင်ပေါ်မှ ဆင်းသွားတော့၏။

All Chapters