← Chapters

အခန်း (၂၃၆-၂၃၇)

Vol. 14 Ch. 236-237

အခန်း (၂၃၆-၂၃၇)

Vol. 14 Ch. 236-237

အပိုင်း (၂၃၆) ထိပ်တန်းအသင်းဝင်မှသာ သုညဖျက်ခွင့်ရှိသည်။

ဝူရှန်း ထွက်သွားချိန်မှာတော့ လူအားလုံး၏ စိတ်ထဲတွင် အလိုလိုနေရင်း ဟာတာတာ ဖြစ်သွားကြ၏။

သို့သော်ငြား ချက်ချင်းပဲ ပြန်လည် အကောင်းမြင်လာကြသည်။

ဒီ ဖုန်းဟွာကလပ်က ကျန်းကျန်မှာ အခြေချနေပြီပဲ။ နောက်နောင် ဒီလို နတ်ဘုရားဂီတသံကို အမြဲတမ်း နားဆင်ခွင့် ရနိုင်ပြီ မဟုတ်လား။ ဆရာဝူရှန်းက တခြားနေရာကို ထွက်သွားနိုင်သေးလို့လား။ ထွက်သွားချင်တယ် ဆိုရင်တောင်မှ ငွေကြေး အမြောက်အမြား ပေးပြီး သူ့ကို ပြန်ခေါ်လာလို့ ရတာပဲ။

ဒီလောက် လှပပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှတဲ့ ဂီတသံကို နန်းတော်ထဲမှာသာ နားဆင်ခွင့် ရနိုင်မှာ။

ဒီနေ့ ဒီလို ဂီတသံကို နားဆင်ခဲ့ရပြီး ဒီလို ဖျော်ဖြေမှုမျိုးကို ကြည့်ရှုခဲ့ရတဲ့အပြင် ဒီလောက် ဇိမ်ကျကျ စားသောက်ဖွယ်ရာတွေကိုပါ အခမဲ့ စားသောက်ခဲ့ရတာ တကယ်ကို အမြတ်ကြီး ထွက်သွားခဲ့တာပဲ။

ဒီ ဖုန်းဟွာစံအိမ်က နေရာတိုင်းမှာ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတယ်။

ကြည့်ရဆိုးလှသော အပြင်အဆင်တွေကပင် လူတိုင်း၏ မျက်စိထဲတွင် မြင့်မြတ်ပြီး အနုပညာဆန်လာသလို ခံစားလိုက်ကြရ၏။

အချိန်သိပ်မကြာလိုက်ခင်မှာပဲ ထမင်းစားပွဲပေါ်တွင် အရက်ခွက်ချင်းတိုက်သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြပြန်သည်။

ယခင်က အကြောင်းအရာအမျိုးမျိုးကို ပြောဆိုနေကြရာမှ ခုနက ကခုန်တီးခတ်မှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများဆီသို့ ပြောင်းလဲသွားပြီး အများစုမှာတော့ ဆရာဝူရှန်းအား ချီးကျူးမြှောက်ပင့်နေကြခြင်း ဖြစ်၏။

လူအုပ်ကြီးထဲတွင် ဝမ်မိသားစုနှင့် စွန်းမိသားစု၏ အိမ်ထောင်ဦးစီး နှစ်ယောက်မှာ အချိန်အများစုကို ဖန်ကျန်းရီ ထံသို့သာ အာရုံစိုက်ထားကြသည်။

ဖန်ကျန်းရီက သူတို့ကို အိမ်ပြန်ခွင့် ပြုလိုက်တည်းက သူတို့နှစ်ယောက်သည် စပါးကျီထဲမှ စပါးများကို ချက်ချင်း ပြန်လည် ပေးအပ်ခဲ့ကြ၏။

သို့သော်လည်း ဤရက်ပိုင်းအတွင်း အတော်လေး ခက်ခဲကြမ်းတမ်းခဲ့သည်။ စပါးတွေ ကုန်သွားတာက အမြတ်နည်းနည်း လျော့သွားရုံသာ ဖြစ်ပြီး အရှုံးပေါ်သွားတာမျိုး မဟုတ်ချေ။

သို့ပေမည့် ဓားက လည်ပင်းပေါ် ရောက်နေပြီ ဖြစ်ရာ နေ့ရက်တိုင်းကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဖြတ်သန်း နေကြရပြီး ဖန်ကျန်းရီ စိတ်မကြည်သည့် တစ်နေ့နေ့တွင် စစ်သားများခေါ်ကာ အိမ်ပေါ်အထိ တက်လာမည်ကို အလွန်အမင်း စိုးရိမ်နေကြသည်။

ကံကောင်းထောက်မစွာဖြင့် သူက ကတိတည်သူ ဖြစ်ပြီး သူတို့ကို ပြဿနာလာမရှာခဲ့ချေ။

ယခုအချိန်အထိ သူတို့ကို ပေးခဲ့သော တစ်ခုတည်းသော အမိန့်မှာ ဖုန်းဟွာကလပ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ရန်သာ ဖြစ်၏။

သို့ပေမည့် ဖန်ကျန်းရီအကြောင်းကို သူတို့ ကောင်းကောင်း သိထားကြသည်။ သူတို့ မျက်စိရှေ့ရှိ ဤသခင်လေး သည် ယခုအချိန်တွင် ရင်းနှီးဖော်ရွေဟန် ပြနေသော်လည်း တကယ်တမ်းကျလျှင် မျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်ရဲသည့် လူကြမ်းကြီး တစ်ယောက် ဖြစ်သည်။

သူပြောသည့် စကားများကို တစ်ဝက်လောက် ယုံကြည်နိုင်လျှင်ပင် တော်လှပြီ ဖြစ်ရာ ဤဖုန်းဟွာစံအိမ်ထဲတွင် မည်သည့် လှည့်ကွက်များ ပုန်းကွယ်နေမည်ကို မည်သူမှ မသိနိုင်ချေ။

သတိထားရမည်။ အထူး သတိထားရပေမည်။

ခမ်းနားကြီးကျယ်လှသော စားသောက်ပွဲကြီး ပြီးဆုံးသွားချိန်တွင် ဧည့်သည်များအားလုံး ကျေနပ်အားရစွာ စားသောက်ခဲ့ကြ၏။

လူအများအပြားအတွက် ဤထမင်းတစ်နပ်သည် ဘဝတွင် အကောင်းဆုံးသော ထမင်းတစ်နပ်ဟုပင် ခေါ်ဆိုနိုင်ပြီး အမြင်အာရုံ၊ အကြားအာရုံ၊ အရသာခံအာရုံ အားလုံးကို အပြည့်အဝ ကျေနပ်မှု ပေးစွမ်းနိုင်ခဲ့သည်။

ဖုန်းဟွာကလပ်က တကယ်ကို ထူးခြားဆန်းကြယ်လှကြောင်း လူတိုင်းက ရင်ထဲမှနေ၍ အကြိမ်ကြိမ် ချီးကျူးလိုက်ကြရသည်။

စားသောက်ပွဲ ပြီးဆုံးလုနီးချိန်တွင် ပါးလွှာသော ပိုးသားအဝတ်အစားကို ဝတ်ဆင်ထားသည့် အစေခံမိန်းကလေး တစ်ယောက်သည် ဖန်ကျန်းရီ၏ အနားသို့ လျင်မြန်စွာ လျှောက်လာပြီး ချိုသာသော အသံဖြင့် ပြောလိုက်၏။ "မြို့ဝန်ဖန် … ဒါက ဒီနေ့ စားသောက်စရိတ် ကုန်ကျငွေစာရွက်ပါ။ ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါ။"

လူအများအပြားမှာ ရှဲ့ရှန်းကို ထူးဆန်းသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။

ဒီ ဆိုင်ရှင်ရှဲ့က အစအဆုံး အကုန်လုံးကို ပြီးပြည့်စုံအောင် စီစဉ်နိုင်ခဲ့ပေမဲ့ ဘာလို့ နောက်ဆုံးကျမှ အမှားလုပ်ရတာလဲ။

ကျန်းကျန်ကို အုပ်ချုပ်နေတဲ့သူကို ငွေရှင်းခိုင်းတာက ထားလိုက်ပါတော့၊ ကျသင့်ငွေစာရွက်ကို မျက်နှာချင်းဆိုင် သွားပေးရတယ်လို့။

အောက်တန်းကျလိုက်တာ။ ဒီလို အောက်တန်းကျတဲ့ အမှားမျိုးကို ဘယ်လိုလုပ် ကျူးလွန်ရတာလဲ။

ဖန်ကျန်းရီသည် လူများ၏ တုံ့ပြန်မှုကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်၏။

အရာအားလုံးက ကြိုတင် စီစဉ်ထားခြင်း ဖြစ်သည်။ နောက်နောင် မည်သူမဆို ကျသင့်ငွေကို တစ်ခါတည်း ရှင်းရပေမည်။

ဖန်ကျန်းရီသည် စာရွက်ကို ယူလိုက်ပြီး ခပ်ဟဟ ရယ်မောလိုက်သည်။ "အို... ဒီစားသောက်စရိတ်က တော်တော်လေး များတာပဲ။ ငွေလေးရာ့ကိုးတေလ်းတောင် ကျတယ်ပေါ့။"

သူ ထိုသို့ ပြောလိုက်သည်ကို ကြားချိန်မှာတော့ လူအများအပြား စိတ်ထဲတွင် လန့်ဖျပ်သွားကြပြီး ပိုက်ဆံအိတ်ကို အလိုအလျောက် စမ်းကြည့်လိုက်ကြ၏။

ဒီလောက်တောင် များတာလား။ ထမင်းတစ်နပ်ကို ငွေလေးရာကျော်တောင် ကျတယ်ပေါ့။

သို့ပေမည့် စားပွဲအပြည့်ရှိနေသော ရှားပါးသားကောင်များကို တွေးကြည့်လိုက်လျှင်လည်း နားလည်နိုင်သည်။ မြို့ဝန်ဖန် ဒေါသထွက်တော့မည်လား။

လူအားလုံးသည် ရှဲ့ရှန်းကို မနေနိုင်ဘဲ ကြည့်လိုက်ကြသည်။ ရှဲ့ရှန်းမှာတော့ ဖန်ကျန်းရီအား တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေ၏။

ချီးတဲ့မှ …. ဒီ ရှဲ့ရှန်းရဲ့ နောက်ခံက သာမန် မဟုတ်လောက်ဘူး။ နောက်နောင် သူ့ကိုလည်း ဖားထားမှ ရမယ်။

အစေခံမိန်းကလေးသည် မာနမကြီး၊ နှိမ့်ချမှုမရှိဘဲ ရှင်းပြလိုက်သည်။ "သခင်လေးကို တင်ပြပါတယ်။ ဒီနေ့က ဖွင့်ပွဲ အခမ်းအနား ဖြစ်တဲ့အတွက် အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက လက်ရှိ ရှာတွေ့နိုင်သမျှထဲမှာ အဖိုးတန်ဆုံး ပါဝင်ပစ္စည်းတွေချည်းပါပဲ။

ဒီပါဝင်ပစ္စည်းတွေကို ဖမ်းဆီးဖို့အတွက် လူအတော်များများ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ကြပါတယ်‌။ ဒါ့အပြင် ဟင်းချက်တဲ့ စားဖိုမှူးကလည်း ထိပ်တန်း စားဖိုမှူး ဖြစ်တဲ့အတွက် နည်းနည်း ပိုဈေးကြီးသွားတာပါ။"

ဖန်ကျန်းရီသည် ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလိုက်၏။ "ယုတ္တိရှိတာပဲ။"

ထို့နောက် ရင်ခွင်ထဲမှ သတ္တုကတ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။

အဓိက ကိုယ်ထည်မှာ အမည်းရောင်ဖြစ်ပြီး လေးဘက်လေးတန်တွင် ရွှေရောင် တိမ်တိုက်ပုံစံများ ကွပ်ထားကာ ကတ်ပြားပေါ်တွင် ဖန်ကျန်းရီ ဟူသော ရွှေရောင်စာလုံးများကို မပီဝိုးတဝါး မြင်တွေ့နေရ၏။

ညာဘက် အပေါ်ထောင့်တွင် တောက်ပနေသော ကျောက်မျက်ရတနာ တစ်ပွင့်ကို မြှုပ်နှံထားပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် တလက်လက် တောက်ပနေပေသည်။

"ဆိုင်ရှင်ရှဲ့က ပြောဖူးတယ်။ ဖုန်းဟွာကလပ်က အသင်းဝင်စနစ်နဲ့ သွားတာတဲ့။ ပြီးတော့ သူက ကျုပ်ကို ဒီ အမြင့်ဆုံးအဆင့်လို့ ခေါ်တဲ့ အသင်းဝင်ကတ်ကို လက်ဆောင် ပေးထားတယ်။ ဒီကတ်က လျှော့ဈေးရတယ်လို့ ကြားတယ် … ဟုတ်လား။"

ရှဲ့ရှန်းသည် ဘေးတွင် ပြုံးလျက် မတ်တပ်ရပ်နေဆဲ ဖြစ်ပြီး ဘာမှ မရှင်းပြချေ။

အစေခံမိန်းကလေးသည် ကတ်ပြားကို လှမ်းယူလိုက်ပြီး ချက်ချင်းပင် ဒူးကွေးကာ အရိုအသေ ပေးလိုက်၏။

ဖန်ကျန်းရီ၏ မျက်လုံးများ အောက်သို့ ရောက်သွားချိန်တွင် မိန်းကလေး၏ ရင်ဘတ်မှ နွေဦးအလှတရားများကို မတော်တဆ မြင်တွေ့လိုက်ရသည်။

အစေခံမိန်းကလေးသည် မတ်တပ်ထရပ်ကာ ချိုသာစွာ ပြုံးလျက် ပြောလိုက်၏။ "မြို့ဝန်ဖန်ရဲ့ ဒီကတ်က ဖုန်းဟွာစံအိမ်ရဲ့ ထိပ်တန်း စိန်ကတ် ဖြစ်ပါတယ်။ စားသောက်စရိတ်ကို လျှော့ဈေး ရနိုင်သလို၊ သုညကို ဖယ်ခွင့်လည်း ရှိပါတယ်။"

"ဒီစားသောက်စရိတ်မှာ သုညကို ဖယ်လိုက်တဲ့အတွက် ငွေလေးဆယ့်ကိုးတေလ်း ကျသင့်ပါတယ်။"

လူအားလုံးမှာ တစ်ခဏမျှ တိတ်ဆိတ်သွားကြပြီးနောက် အားလုံး၏ စိတ်ထဲတွင် သောက်ကျိုးနည်း ဟူသော စကားလုံးက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။

သုညကို ဖယ်တာက အလယ်က သုညကို ဖယ်တာလည်း ရှိသေးတာလား။

ဒီ စိန်ကတ်က အရမ်းကို အထင်ကြီးစရာ ကောင်းလွန်းနေပြီ။

"မြို့ဝန်ဖန်အနေနဲ့ ကတ်ထဲကို ငွေဖြည့်သွင်းဖို့လည်း ရွေးချယ်နိုင်ပါတယ်။ သီးသန့် ဝန်ထမ်းတစ်ယောက်က မှတ်တမ်း တင်ပေးပါလိမ့်မယ်။ ပထမဆုံးအကြိမ် ငွေတစ်ထောင် ဖြည့်ရင် ငွေတစ်ရာ အပိုလက်ဆောင် ရပါမယ်။"

လူအားလုံးမှာ လေအေးတစ်ချက်ကို ပြိုင်တူ ရှူသွင်းလိုက်ကြပြီး ရှဲ့ရှန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဒီလိုမျိုးလည်း ကစားလို့ ရသေးတာလား။ ဒါ လူပုံအလယ်မှာ လာဘ်ထိုးနေတာပဲ။

"အင်း... မဆိုးဘူး။ လောလောဆယ် ငွေငါးထောင် ထည့်လိုက်မယ်။"

လူအားလုံးမှာ ထပ်မံ၍ လေအေးတစ်ချက်ကို ရှူသွင်းလိုက်ကြပြီး ဖန်ကျန်းရီအား ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။

ချီးတဲ့မှ … သူ တကယ် လက်ခံလိုက်တာပဲ။ ပြီးတော့ ငွေငါးထောင်တောင် ဖြည့်လိုက်သေးတယ်။ ဒီလူကလည်း ရိုးသားဖြောင့်မတ်တဲ့ အရာရှိတော့ မဟုတ်ဘူးပဲ။

ဖန်ကျန်းရီသည် ရင်ခွင်ထဲမှ ငွေငါးထောင်တန် ငွေစက္ကူကို ထုတ်ယူကာ အစေခံမိန်းကလေးအား ပေးလိုက်ပြီးနောက် အသင်းဝင်ကတ်ကို ပြန်ယူကာ လက်ထဲတွင် နှစ်ချက်ခန့် ပစ်ကစားလိုက်သည်။ ပြီးနောက် ခပ်ပေါ့ပေါ့ ပြောလိုက်၏။ "ဆိုင်ရှင်ရှဲ့ … ခင်ဗျားရဲ့ ဒီကတ်ကို ကျုပ် လက်ခံလိုက်ပါ့မယ်။ ဒါပေမဲ့ ခင်ဗျားတို့က အားလုံးကို မျက်နှာမလိုက်ဘဲ တန်းတူ ဆက်ဆံရမယ်နော်။ ဒီ စိန်ကတ်ကို ကျုပ် တစ်ယောက်တည်း ရထားတယ်ဆိုရင် လာဘ်စားသလို ဖြစ်နေလိမ့်မယ်။"

ရှဲ့ရှန်းက အလျင်အမြန် ပြောလိုက်သည်။ "စိတ်ချပါ မြို့ဝန်ဖန် .. အားလုံး တူတူပါပဲ။ ဒီနေ့ မြို့ဝန်ဖန်က မျက်နှာပေးပြီး ဖုန်းဟွာကလပ်ကို ဖဲကြိုးဖြတ်ပေးတဲ့အတွက် ပထမဆုံး စိန်ကတ်ကို အထူး လက်ဆောင် ပေးလိုက်တာပါ။ နောက်ပိုင်းမှာတော့ ဖုန်းဟွာကလပ်မှာ ငွေငါးထောင်ကျော် သုံးတဲ့သူတိုင်းကို ဒီစိန်အသင်းဝင်ကတ် အလကား ပေးသွားမှာပါ။

လူကြီးမင်းတို့ … တခြားအကြောင်းတွေကို မပြောဘဲ ထားလိုက်အုံး …. ဒီကတ်ရဲ့ ကိုယ်ပိုင် တန်ဖိုးကတင် ငွေတစ်ရာကျော် တန်နေပါပြီ။"

လူအားလုံးသည် ဖန်ကျန်းရီ လက်ထဲရှိ ကတ်ပြားကို ကြည့်ကာ အလွန်အမင်း မက်မောနေကြ၏။

ငွေငါးထောင်ဖိုး စားသောက်ပြီးမှ ကတ်တစ်ကတ် ပြန်ရမည်လား။ သို့သော်ငြား အကျိုးအမြတ်ကလည်း အလွန် ကြီးမားလှသည်။ အလယ်က သုညကို ဖယ်ပေးမည်ဆိုလျှင် တခြားလူတွေကို ထမင်းလိုက်ကျွေးတာနဲ့တင် အရင်းပြန်ကျေနေသည်။

ထို့ပြင် ဤကတ်ပြား၏ ကိုယ်ပိုင်တန်ကြေးသည်ပင် ငွေတုံးတစ်ရာကျော် တန်ဖိုးရှိနေပေရာ အကဲမခတ်တတ်သူပင်လျှင် ထိုကတ်ပြားထက်၌ စီခြယ်မြှုပ်နှံထားသော ကျောက်မျက်များသည် မြို့တော်တွင် ရေပန်းစားနေသည့် ဒဏ္ဍာရီလာ စိန်ရတနာများဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ဖုန်းဟွာကလပ်သာ ပြိုကွဲပျက်စီးခြင်း မရှိခဲ့ပါလျှင် ဤကတ်ပြားအား မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းရမည့် အဖိုးတန်အမွေအနှစ်အဖြစ်ပင် သိမ်းဆည်းထားနိုင်ပေလိမ့်မည်။

ဖန်ကျန်းရီသည် လူများ၏ မျက်နှာထားများကို အကဲခတ်ရင်း အသင်းဝင်ကတ်ကို အင်္ကျီလက်ထဲသို့ ဖြည်းညင်းစွာ ပြန်လည် သိမ်းဆည်းလိုက်ကာ ပြောလိုက်သည်။ "ဆိုင်ရှင်ရှဲ့ … ဒီနေ့ ထမင်းတစ်နပ်တည်း စားပြီး ပြန်ရမှာတော့ မဟုတ်ဘူးမလား။

ကျုပ်တို့ အခု ထမင်းစားလို့လည်း ပြီးပြီ။ ခုနက ခင်ဗျား ပြောတဲ့ ဆရာဝူရှန်း ပြင်ဆင်ထားတဲ့ လျှို့ဝှက်အစီအစဉ် ဆိုတာ ရှိသေးတယ် မဟုတ်လား။

အခု မိုးလည်း ချုပ်နေပြီဆိုတော့ လျှို့ဝှက်အစီအစဉ်ကို မြန်မြန် ထုတ်ပြပါတော့။ ကျုပ်အပါအဝင် လူတိုင်းက မစောင့်နိုင်တော့ဘူး။ ဟဲဟဲ။"

လူတိုင်း၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးများ အလိုအလျောက် ပေါ်လာကြ၏။

ယောက်ျားအချင်းချင်းတွေပဲ၊ ဘာတွေ ဟန်ဆောင်နေစရာ လိုလို့လဲ။ ဒီအချိန်တောင် ရောက်နေပြီကို။ ဘာလျှို့ဝှက်အစီအစဉ် ရှိအုံးမှာလဲ။

မြို့ဝန်ဖန်ကလည်း ဒီလမ်းကြောင်းထဲက လူတစ်ယောက် ဖြစ်နေတာကို မထင်မှတ်ထားခဲ့ဘူး။ ကောင်းတယ်၊ အရမ်းကောင်းတယ်။

ဖုန်းဟွာကလပ်၏ ထိပ်တန်း ဝန်ဆောင်မှုနှင့် ဆရာဝူရှန်း၏ ဖန်တီးမှုတို့ကို တွေးမိလိုက်ချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ လှုပ်ရှားမှုများ ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

လူအများအပြားမှာ စိတ်လှုပ်ရှားလွန်း၍ ခါးများပင် ကိုင်းညွတ်သွားကြ၏။

ဆရာဝူရှန်း၏ အခြားသော ဖန်တီးမှုလက်ရာများကို မျက်ဝါးထင်ထင် မတွေ့မြင်ဖူးသေးသော်ငြားလည်း တေးသီချင်းတစ်ပုဒ်အား နားဆင်လိုက်ရရုံမျှဖြင့်ပင် ရင်တွင်း၌ သွေးများဆူပွက်လာစေသည်ဖြစ်ရာ ကျန်ရှိနေသေးသော အခြားလက်ရာများဆိုလျှင် ကောင်းကင်ဘုံသို့ပင် လွင့်ပျံသွားစေနိုင်လောက်သည်။

သောက်ကျိုးနည်း… မြန်မြန်လုပ်ကြစမ်းပါ။

အပိုင်း (၂၃၇) ကြောက်မက်ဖွယ်ရာ အပြင်အဆင်။

ဖန်ကျန်းရီ၏ တိုက်တွန်းသံကို ကြားချိန်မှာတော့ ရှဲ့ရှန်းသည် ရုတ်တရက် အခက်တွေ့သွားသည့် မျက်နှာထား ဖြစ်သွား၏။

သူ၏ ရှေ့သို့ လျှောက်သွားကာ တီးတိုးပြောလိုက်သည်။ "သခင်လေး …. သခင်လေး ခေါ်လာတဲ့ ဒီလူတွေကို ဘယ်လိုလုပ်မလဲ။"

ထိုအခါမှ ဖန်ကျန်းရီ သဘောပေါက်သွားတော့သည်။

မေ့သွားတယ်။ အထူးအစီအစဉ် အခန်းတွေ အကုန်လုံးက ကြိုတင် စီစဉ်ထားပြီးသားလေ။ တစ်ယောက်ကို တစ်ခန်းပဲ ရမှာ။

ဒီနေ့ အိမ်ရှေ့စံမင်းသားနဲ့ သတင်းထောက်အဖွဲ့ကို ခေါ်လာတာဆိုတော့ သူတို့အတွက် နေရာ စီစဉ်ပေးစရာ မရှိဘူး။

ထို့ကြောင့် မတ်တပ်ထရပ်ကာ ရှဲ့ရှန်းအား လက်သီးဆုပက်၍ ပြောလိုက်၏။ "ဒီမြို့ဝန် ပေါ့ဆသွားတယ်။ ဖုန်းဟွာစံအိမ်က ဧည့်သည်တွေကို ဖိတ်ကြားတဲ့ စနစ်နဲ့ သွားတာကိုး။

ဒီနေ့ ဒီမြို့ဝန်က သူငယ်ချင်း အများကြီးကို အသိမပေးဘဲ ခေါ်လာခဲ့မိလို့ အနှောင့်အယှက် ဖြစ်သွားရင် ဆိုင်ရှင်ရှဲ့ နားလည်ခွင့်လွှတ်ပေးပါ။"

လူအများအပြားမှာ ဖန်ကျန်းရီ၏ ဤကဲ့သို့ လွယ်လွယ်ကူကူ ပြောဆိုနိုင်သော ပုံစံကို ကြည့်ပြီးနောက် စိတ်ထဲတွင် လုံးဝ စိတ်အေးသွားကြသည်။

ဒီ အရာရှိအသစ်က မဆိုးဘူးပဲ။ ထင်ထားသလောက် သိပ်ပြီး တင်းမာခက်ထန်နေတာ မဟုတ်ဘူး။ စကားပြောရ လွယ်သလို ကစားတတ်တဲ့ ပုံစံလည်း ရှိတယ်။

"ကျန်းပြောင်။ ကျန်တဲ့လူတွေကို ခေါ်ပြီး ထွက်သွားတော့။"

ကျန်းပြောင်သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း မတ်တပ်ထရပ်ကာ သတင်းထောက်များကို ခေါ်ဆောင်၍ ထွက်သွားရန် ပြင်လိုက်ပြီး သတင်းထောက်များကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ် ထရပ်လိုက်ကြ၏။

လီယွမ်ကျောက် တစ်ယောက်တည်းသာ မူလနေရာတွင် ထိုင်နေဆဲဖြစ်ပြီး ဖန်ကျန်းရီအား သံသယဖြင့် ကြည့်နေသည်။

ကျုပ်တို့ကို ပျော်ပျော်ရွှင်ရွှင် ကစားဖို့ ခေါ်လာတာ ဆိုပြီးတော့ … ထမင်းစားပြီးတာနဲ့ နှင်ထုတ်နေပြီလား။

ဖန်ကျန်းရီသည် လီယွမ်ကျောက်အား ခပ်ပေါ့ပေါ့ တစ်ချက် ကြည့်လိုက်၏။

နောက်နောင် ကစားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ နောက်တစ်ခါမှပေါ့။

စိတ်ထဲတွင် အပြန်အလှန် ဆက်သွယ်ပြီးနောက် နားလည်မှု ရသွားကြသည်။

လီယွမ်ကျောက်သည် တိတ်ဆိတ်စွာ မတ်တပ်ထရပ်ပြီး ကျန်းပြောင်၏ နောက်မှ လိုက်ပါသွား၏။

ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ ကျောပြင်ကို ကြည့်ကာ မတတ်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်သည်။

ကာတွန်းရုပ်ရှင် ကြည့်တဲ့ အရွယ်က အထူးအစီအစဉ် အခန်းတွေမှာ ကစားချင်နေသေးတယ်။

ဒီအရွယ်ဆိုတာ ပင်ပန်းတယ်ဆိုတာ ဘာမှန်း မသိဘဲ ကိုယ့်ကိုယ်ကိုယ် သေတဲ့အထိ ကစားတတ်တဲ့ အရွယ်မျိုး။ ဒါမျိူး မထိတွေ့စေတာက အကောင်းဆုံးပဲ။

ဒီကောင်လေးမှာ သားသမီးလည်း မရှိသေးဘူး။ ခန္ဓာကိုယ် ထိခိုက်သွားရင် ဘုရင်မင်းမြတ်ကို ငါ ဘယ်လို မျက်နှာပြရမလဲ။

လူများ ထွက်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ရှဲ့ရှန်းအား ပြောလိုက်၏။ "ကဲ... အခု သက်ဆိုင်ခြင်းမရှိတဲ့ လူတွေ အကုန် ထွက်သွားပြီဆိုတော့ ဆိုင်ရှင်ရှဲ့က စီစဉ်လို့ရပါပြီ။"

ရှဲ့ရှန်းက ချက်ချင်း ကျယ်လောင်စွာ ပြောလိုက်သည်။ "လူကြီးမင်းတို့ … ဒီညအတွက် ဆရာဝူရှန်းက အထူးအစီအစဉ်တွေ ပြင်ဆင်ထားပါတယ်။ လူတိုင်းအတွက် မတူညီတဲ့ အစီအစဉ်တွေပါ။

ခဏနေရင် အခန်းထဲကို ဝင်သွားတဲ့အခါ ဘာပဲတွေ့တွေ့ တခြားသူတွေကို အနှောင့်အယှက် မဖြစ်အောင် အသံမထွက်ကြပါနဲ့။"

ထိုစကားကို ကြားသည်နှင့် လူတိုင်း၏ မျက်လုံးများ စိမ်းသွားတော့၏။

အားလုံးက လောကဓံကို အတွေ့အကြုံများစွာ ဖြတ်သန်းခဲ့ဖူးသူတွေချည်းပဲ။ ခင်ဗျား ဒီလိုပြောလာမှတော့ ကျုပ် အိပ်ငိုက်မနေတော့ဘူးနော်။

အသံတောင် မထွက်ရဘူးလား။ ဒီအရွယ်ရောက်တဲ့အထိ ဘာတွေ မမြင်ဖူး မတွေ့ဖူးလို့လဲ။ ကျုပ်ကို အသံထွက်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ချင်သေးတယ်။

ရှဲ့ရှန်းသည် လက်နှစ်ဖက်ကို မြှောက်ကာ ပြောလိုက်၏။ "အားလုံး မူလနေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပေးပါ။ ခင်ဗျားတို့ကို သက်ဆိုင်ရာ အခန်းတွေဆီ ပို့ပေးဖို့ လူတွေ လာပါလိမ့်မယ်။ အားလုံး ပျော်ရွှင်ကြပါစေ။"

ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို အောက်သို့ ဝှေ့ယမ်းလိုက်ရာ ဘေးဘက်မှ အစေခံမိန်းကလေး ဆယ်ယောက်ကျော်ခန့် ပြေးထွက်လာကြပြီး လူတိုင်း၏ လက်ထဲတွင် အမည်းရောင် ပိတ်စတစ်စစီ ကိုင်ဆောင်ထားကြသည်။

လူများ၏ ရှေ့သို့ လျှောက်သွားကာ မျက်လုံးများကို အမည်းရောင် ပိတ်စဖြင့် စည်းနှောင်လိုက်ပြီးနောက် မျက်လုံးစည်းခံထားရသူများ၏ လက်ကိုဆွဲကာ အပေါ်ထပ်သို့ တည့်တည့် လျှောက်သွားကြ၏။

စွန်းမိသားစုနှင့် ဝမ်မိသားစု၏ အိမ်ထောင်ဦးစီးတို့မှာ အလွန်အမင်း ရင်တုန်နေကြပြီး၊ အစေခံမိန်းကလေးက သူတို့၏ မျက်လုံးကို စည်းရန် ပြင်ချိန်တွင် လက်ဖြင့် ကာကွယ်ရန် အလျင်အမြန် ကြိုးစားလိုက်ကြသည်။

သို့ပေမည့် အစေခံမိန်းကလေး၏ လှုပ်ရှားမှုက အလွန် မြန်ဆန်လွန်းရာ ဝမ်မိသားစု အိမ်ထောင်ဦးစီး ဝမ်ချီရွှင်မှာ မျက်လုံးစည်းခံလိုက်ရပြီး လက်ဆွဲကာ ခေါ်ဆောင်သွားခြင်း ခံလိုက်ရချေပြီ။

ကံကောင်းထောက်မစွာဖြင့် စွန်းမိသားစု အိမ်ထောင်ဦးစီး စွန်းကျားချန်၏ လှုပ်ရှားမှုက အနည်းငယ် ပိုမြန်နေသဖြင့် အမည်းရောင် ပိတ်စကို ဖမ်းဆုပ်ထားနိုင်ခဲ့ပြီး ဖန်ကျန်းရီအား အသနားခံသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။

ရှဲ့ရှန်းသည် ထိုအခြေအနေကို မြင်ချိန်မှာတော့ အလျင်အမြန် လက်ဝှေ့ယမ်းကာ လှုပ်ရှားမှုကို ရပ်တန့်စေသည်။

ကျန်သူများ အားလုံးမှာ မျက်လုံးစည်းခံရပြီး အခန်းထဲသို့ ခေါ်ဆောင်သွားခြင်း ခံရကာ ယခုအချိန်တွင် ခန်းမကြီးထဲ၌ ရှဲ့ရှန်း၊ ဖန်ကျန်းရီ၊ စွန်းကျားချန်နှင့် အစေခံမိန်းကလေး အနည်းငယ်သာ ကျန်ရစ်ခဲ့တော့၏။

ဖန်ကျန်းရီသည် စွန်းကျားချန်ထံသို့ လျှောက်သွားကာ သူ၏ မျက်လုံးများကို စိုက်ကြည့်လျက် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ဘယ်လိုလဲ... အိမ်ထောင်ဦးစီးစွန်း… အပေါ်ထပ်ကို မတက်ချင်ဘူးလား။ မတက်ချင်ရင်လည်း ပြန်လို့ရတယ်။"

စွန်းကျားချန်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ "တက်... တက်ချင်ပါတယ်။ မြို့ဝန်ဖန်၊ ဘာ... ဘာအန္တရာယ်မှ မရှိဘူး မဟုတ်လား။"

"ဟမ့် .. ကျုပ် ခင်ဗျားကို သတ်ချင်တယ်ဆိုရင် ဒီလောက် အရှုပ်အထွေးတွေ လုပ်နေစရာ လိုသေးလို့လား။ စိတ်အေးအေးထားပြီး တက်သွားလိုက်ပါ။ ဘာမှ စိုးရိမ်စရာ မလိုဘူး။"

ပြောပြီးသည်နှင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အစေခံမိန်းကလေး တစ်ယောက်က ရှေ့တိုးလာပြီး စွန်းကျားချန်အား မျက်လုံးစည်းကာ အပေါ်ထပ်သို့ ခေါ်ဆောင်သွားသည်။

လူအားလုံး အပေါ်ထပ်သို့ တက်သွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီက ရှဲ့ရှန်းအား မေးလိုက်၏။ "ဘယ်လိုလဲ … အခန်းတွေ အကုန် အဆင်သင့် ဖြစ်ပြီလား။"

ရှဲ့ရှန်းက ပြုံးလျက် ဖြေသည်။ "ကျုပ် အကုန်စီစဉ်ထားပါတယ် သခင်လေး။ ဝန်ထမ်းတွေကိုလည်း ကြိုပြီး သင်တန်းပေးထားသလို၊ လက်ဖက်ရည်ထဲမှာလည်း ဆေးခတ်ထားပါတယ်။"

"ဘာဆေးလဲ။ ဘေးထွက်ဆိုးကျိုးကြောင့်လူတွေ သေမသွားစေနဲ့နော်။"

ဘေးထွက်ဆိုးကျိုး။ ရှဲ့ရှန်းသည် ထိုစကားလုံးကို တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်း သဘောပေါက်သွား၏။

"သေချာပေါက် ပြဿနာ မရှိနိုင်ပါဘူး။ အဲဒီဆေးက ကျုပ်တို့ ခရိုင်ထဲက မြည်းတွေ မျိုးစပ်တဲ့နေရာမှာ သုံးတဲ့ဆေးပါ။ တော်တော်လေး အသုံးတည့်ပါတယ်။ နှစ်ပေါင်းများစွာ သုံးလာခဲ့တာ၊ ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး။

ပြီးတော့ ရေရောပြီး အပျော့စား လုပ်ထားတာပါ။ ပမာဏ ဘယ်လောက်ထည့်ရမလဲ ဆိုတာကိုလည်း ကျုပ်တို့ လူတွေ ကိုယ်တိုင် စမ်းသပ်ကြည့်ပြီးပါပြီ။"

"ဒါဆိုလည်း တော်သေးတာပေါ့..."

...

စွန်းကျားချန်၏ မျက်လုံးများကို စည်းနှောင်ထား၏။

ဖန်ကျန်းရီ ပြောသည့်စကားမှာ အလွန် ယုတ္တိရှိပြီး သူ့ကိုသတ်ရန် ဤမျှ ရှုပ်ထွေးအောင် လုပ်စရာမလိုကြောင်း သိသော်ငြား သူ၏ စိတ်ထဲတွင်တော့ လန့်ဖျပ်နေဆဲ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အစေခံမိန်းကလေး၏ နူးညံ့သော လက်ကလေးက သူ၏ လက်ကို အဆက်မပြတ် ဆုပ်ကိုင်ထားသဖြင့် အကြောက်တရားများ အနည်းငယ် လျော့ကျသွားခဲေသည်။

စွန်းကျားချန်သည် စိတ်ထဲမှ ခြေလှမ်းများကို ရေတွက်ကာ ဦးတည်ရာကို မှတ်သားထားလိုက်၏။

သိပ်မကြာလိုက်ခင်မှာပင် အပေါ် တစ်ထပ်ခန့်သာ တက်ရသေးသော်လည်း ရပ်တန့်သွားခဲ့သည်။

အစေခံမိန်းကလေး၏ ချိုသာသော အသံကို နားထဲတွင် ကြားလိုက်ရ၏။ "ခဏနေရင် ရှင် မျက်လုံးစည်း ထားတာကို ကျွန်မ ဖြေပေးပါ့မယ်။ အခန်းထဲ ဝင်သွားရင် အလန့်တကြား အသံ မထွက်မိစေဖို့ သတိပြုပါ။"

ပြောပြီးသည်နှင့် သူမက စွန်းကျားချန်ကို ရှေ့သို့ ဖြည်းညင်းစွာ တွန်းလိုက်ရာ ခြေတစ်လှမ်း အလှမ်းတွင် တံခါးခုံကို တိုက်မိပြီး လဲကျလုနီးပါး ဖြစ်သွားသော်ငြား အစေခံမိန်းကလေးက တွဲထားသဖြင့် တော်သေးသည်။

စွန်းကျားချန်၏ နှလုံးသားမှာ ထပ်မံ၍ တဒိတ်ဒိတ် ခုန်လာပြန်၏။

ထို့နောက် ခေါင်းနောက်ဘက်ရှိ အထုံးကို တစ်စုံတစ်ယောက်က ဖြေပေးနေသည်ဟု ခံစားလိုက်ရပြီး၊ ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် စွန်းကျားချန်သည် ချက်ချင်း နောက်လှည့်ကြည့်လိုက်သည်။

သို့ပေမည့် သူ၏ မျက်နှာရှေ့သို့ ရောက်လာသည်က တံခါးရွက်ကြီး နှစ်ခုပင်။

တံခါးမှာ ဒိုင်း"ခနဲ ပိတ်သွားပြီး တံခါးအပြင်ဘက်မှ သော့ခတ်လိုက်သည့် အသံကို ကြားလိုက်ရ၏။

စွန်းကျားချန်သည် တံတွေးတစ်ချက် မြိုချလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

ဤသို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ပြဿနာ မသေးတော့ချေ။ မျက်စိရှေ့ရှိ မြင်ကွင်းက သူ့ကို သေလုမတတ် လန့်ဖျပ်သွားစေ၏။

မှောင်မည်းနေသော အခန်းထဲတွင် ဖယောင်းတိုင် အနည်းငယ်သာ ထွန်းထားပြီး ထိုမီးအိမ်များကို အစိမ်းရောင် စက္ကူများဖြင့် ဖုံးအုပ်ထားသည်။

ထို့ကြောင့် အခန်းထဲရှိ အလင်းရောင်မှာ အလွန်အမင်း ထူးဆန်းခြောက်ခြားဖွယ် ကောင်းနေ၏။

သူ၏ မျက်စိရှေ့တွင် ရှိနေသည်က အသုဘ အခမ်းအနားတစ်ခုပင်။

အမွှေးတိုင်များ၊ ဖယောင်းတိုင်များနှင့် သရဲပိုက်ဆံများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး၊ ခေါင်းတလားကို အခန်း၏ အလယ်ဗဟိုတွင် တည့်မတ်စွာ ချထားကာ ခေါင်းတလားရှေ့တွင် သေးသွယ်သော ခန္ဓာကိုယ်လေးနှင့် အမျိုးသမီးတစ်ယောက် ဒူးထောက်နေသည်။

အခန်း၏ အဆုံးတွင် ကန်တော့ပွဲ ဟူသည့် ကြီးမားသော စာလုံးကြီးကို ရေးသားထားပြီး အဖြူရောင် ပန်းပွင့်များနှင့် ကုလားကာများ အစုံအလင် ရှိနေ၏။

သူ့ကို အကြောက်ဆုံး ဖြစ်စေသည်က ထို ကန်တော့ပွဲ စာလုံးအောက်တွင် တောက်ပစွာ ချိတ်ဆွဲထားသော ပန်းချီကားဘောင် တစ်ခုပင်။

ထိုပန်းချီကားဘောင်ထဲတွင် လူတစ်ယောက်၏ အပေါ်ပိုင်းကို အသက်ဝင်စွာ ရေးဆွဲထားသော်လည်း ထိုလူတွင် မျက်နှာ အစိတ်အပိုင်းများ မရှိချေ။

မျက်နှာမပါသော လူတစ်ယောက်။

စွန်းကျားချန်မှာ ဤမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း ထိတ်လန့်သွားကာ အသက်ရှူပင် ကျပ်လာတော့၏။ သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး နှုတ်ခမ်းများမှာလည်း အဆက်မပြတ် တုန်ယင်နေသည်။

"ဒါ... ဒါက ဘာတွေလဲ။ လူလာကြပါအုံး။ လူလာကြပါအုံး။ ကျုပ် အပြင်ထွက်မယ်။"

"သရဲ။ သရဲ။ အား …"

စွန်းကျားချန်သည် အော်ဟစ်လိုက်ပြီး ချက်ချင်း နောက်လှည့်ကာ အခန်းတံခါးကို အရူးအမူး ထုရိုက်တော့၏။

လက်သီးဖြင့် ထု၍ မပွင့်သဖြင့် လက်ရော ခြေပါ သုံးကာ ထုရိုက်ရာ တံခါးကြီးမှာ ဒိုင်းဒိုင်းမြည်နေသည်။

ချီးတဲ့မှ။ ငတုံး။

ခေါင်းတလားရှေ့ရှိ အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားပြီးနောက် အားတင်းပြုံးကာ စွန်းကျားချန်၏ ခန္ဓာကိုယ် ကို သူမ ဘက်သို့ အသာ လှည့်လိုက်သည်။ ပြီးနောက် ကြေကွဲဖွယ် အသံဖြင့် ပြောလိုက်၏။ "ရှင်... တံခါးကို မထုပါနဲ့တော့။"

စွန်းကျားချန်သည် ထိုစကားကို ကြားချိန်မှာတော့ တောင့်တင်းနေသော ခန္ဓာကိုယ်ဖြင့် အမျိုးသမီးအား လှည့်ကြည့်လိုက်ရာ အမျိုးသမီး၏ မျက်နှာမှာ လှပချောမောသော်ငြား ငိုလုမတတ် ဖြစ်နေသော မျက်နှာထားမျိုး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။

"ကျွန်မက... သရဲ မဟုတ်ပါဘူး။"

"ရှင်က ခင်ပွန်းသည်ကို ကန်တော့ဖို့ လာတာလား။ အဲဒီလိုဆိုရင် လက်ဖက်ရည် သောက်ပြီး အမွှေးတိုင် သုံးတိုင် ထွန်းပေးပြီးရင် ပြန်လို့ရပါပြီ။ ရှင့်ကို ခင်ပွန်းသည် ကိုယ်စား ကျွန်မ ကျေးဇူးတင်ပါတယ်။"

လက်ဖက်ရည်သောက်မယ်၊ အမွှေးတိုင် ထွန်းမယ်၊ ပြီးရင် ပြန်လို့ရပြီလား။

စွန်းကျားချန်၏ လည်စလုပ်မှာ အထက်အောက် တစ်ချက် လှုပ်ရှားသွားပြီး၊ အမျိုးသမီးနှင့် အနည်းငယ် ကွာဝေးသော နေရာသို့ တောင့်တင်းစွာ လျှောက်သွား၍ ဒူးထောက်လိုက်၏။

ပြီးနောက် တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ "ဟုတ်... ကျုပ်က အမွှေးတိုင် လာထွန်းတာပါ။ အမွှေးတိုင် ထွန်းပြီးရင် အပြင်ထွက်လို့ ရပြီလား။"

"အင်း။"

အမျိုးသမီးက နူးညံ့သိမ်မွေ့စွာ ဖြေကြားလိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးကို ကိုင်ကာ ခွက်ထဲသို့ ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်၏။

All Chapters