← Chapters

အခန်း (၂၄၀-၂၄၁)

Vol. 14 Ch. 240-241

အခန်း (၂၄၀-၂၄၁)

Vol. 14 Ch. 240-241

အပိုင်း (၂၄၀) အွန်လိုင်းစီးပွားရေး ကျွမ်းကျင်သူ ဖန်ကျန်းရီ။

စင်မြင့်ပေါ်တွင် မူလက ဂီတပညာရှင်များနှင့် ကချေသည်များသာ ရှိပြီး နောက်ခံနံရံ တစ်ခုလည်း ရှိနေ၏။

မူလက နောက်ခံနံရံမှာ ရှုခင်းပန်းချီကား တစ်ချပ် ဖြစ်သော်ငြား ယခုအခါ မည်သည့်အချိန်ကတည်းက ဖုံးအုပ်ထားမှန်း မသိသော ကြီးမားသည့် အနီရောင် ပိတ်စကြီး တစ်ခု ရှိနေသည်။

လူတိုင်းက အစောကြီးကတည်းက သတိထားမိကြသော်လည်း ဂရုမစိုက်ခဲ့ကြဘဲ ဤညအတွက် အစီအစဉ်သစ် တစ်ခုခုဟုသာ ထင်မှတ်ထားခဲ့ကြ၏။

ဒါက မြို့ဝန်ဖန်ရဲ့ လက်ရာ ဖြစ်နေလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

လူအားလုံးမှာ စင်မြင့်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

အစေခံမိန်းကလေးများက တုတ်ရှည်များကို ကိုင်ဆောင်ကာ ဘေးနှစ်ဖက်မှ ကုလားကာများကို ဖြည်းညင်းစွာ လှန်တင်လိုက်ရာ အနောက်ဘက်ရှိ အရာများ ပေါ်ထွက်လာ၏။

လူအားလုံးမှာ လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိကြသည်။

တကယ့်ကို အသက်ဝင်လှတဲ့ ပန်းချီကားပဲ။

မူလက ရှုခင်းပန်းချီကား နေရာ၏ အလယ်ဗဟိုတွင် ကြီးမားသော ပန်းချီကားချပ်ကြီး တစ်ခု နေရာယူထားသည်ကို မြင်တွေ့လိုက်ရ၏။

ပန်းချီကားချပ်ပေါ်ရှိ လူမှာ ဖန်ကျန်းရီပင် ဖြစ်ပြီး အရာရှိဝတ်စုံကို ဝတ်ဆင်ထားကာ ကိုယ်ကိုစောင်း၍ လက်နှစ်ဖက်ကို ပိုက်ထားပြီး မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။

ခေါင်းပေါ်တွင် စာလုံးကြီး အချို့ကို ရေးသားထား၏။

[ထိပ်တန်း သူဌေးဖြစ် လက်တွေ့သင်တန်း]

အောက်ဘက်တွင် အကြီးအသေး အရွယ်အစားစုံလင်သော စာလုံးလေးများ အများအပြား ရှိနေသေးသည်။

စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရာတွင် အောင်မြင်နိုင်ခြေကို ဘက်စုံ မြှင့်တင်ပေးမည်။

အခြေခံနေရာကနေ အမှတ်တံဆိပ်ဖြစ်လာတဲ့အထိ။ အဖွဲ့အစည်းကနေ ယဉ်ကျေးမှုအထိ အကုန်လုံးကို မြှင့်တင်ပေးမယ်။

ပထမဆုံး အစိုးရ အမိန့်ပြန်တမ်း သတင်းအချက်အလက်တွေကို သိရှိနိုင်အောင် ကူညီပေးမယ်။ အဆင့်လေး အရာရှိဟောင်း ကိုယ်တိုင် ကျွမ်းကျင်စွာ ရှင်းပြပေးမယ်။

အစကတည်းက အနိုင်ရအောင် ကူညီပေးမယ်။ နိုင်ငံရေးနဲ့ စီးပွားရေး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်အောင် ကူညီပေးမယ်။

ပင်မနည်းပြ - ဖန်ကျန်းရီ။

ဖန်ကျန်းရီ ဟူသော စာလုံးသုံးလုံးမှာ အလွန် ကြီးမားလှ၏။

အောက်ဘက်တွင်တော့ ဂုဏ်ပုဒ်အမျိုးမျိုးကို ရေးသားထားသည်။

အသက်ဆယ့်ငါးနှစ်တွင် ကျင်းရှီ အောင်မြင်ခဲ့သူ၊ တောက်ယွမ်ခရိုင်၊ ဘုရင်မင်းမြတ် ချီးမြှင့်သော ရွှေတံဆိပ်ဆုရ ခရိုင်ဝန်၊ ယခင် မြို့တော် ချန်ရှီရုံးတော်၏ ချန်ရှီ အရာရှိဟောင်း။

ထိပ်တန်း မဲလက်မှတ်ကို တီထွင်သူ၊ ဧကရာဇ်ပေးသနားသော ဓားကို ကိုင်ဆောင်သူ၊ ပန်းရှန်း သတင်းစာတိုက်၏ အစုရှယ်ယာရှင်နှင့် တည်ထောင်သူ။

စီးပွားရေး အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူ။

အောက်ဆုံးစာကြောင်းမှာတော့ ထင်ရှားသော ဈေးနှုန်း ဂဏန်းများ ဖြစ်ပြီး ပထမဆုံး ဂဏန်းစာကြောင်းပေါ်တွင် သွေးရောင် အနီရောင် ကြက်ခြေခတ်ကြီး တစ်ခုကို ရေးဆွဲထား၏။

သင်တန်းကြေး - မူလတန်ဖိုး - ငွေတစ်သောင်းလေးထောင့်ကိုးရာ့ကိုးဆယ့်ကိုးကျပ်။

အထူးဈေးနှုန်း - ငွေလေးထောင့်ကိုးရာ့ကိုးဆယ့်ကိုးကျပ်။

(ပထမဆုံး စာရင်းသွင်းသူ သုံးဦးသည် မိသားစုမှကလေးများအတွက် ကျူရှင်သင်တန်း သုံးချိန်ကို အခမဲ့ ရရှိမည့် အခွင့်အရေး ရှိသည်။)

ဖန်ကျန်းရီသည် ကြီးမားသော ပန်းချီကားချပ်ကြီးကို ကြည့်ကာ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်၏။

ကိုယ့်လက်အောက်ငယ်သားတွေထက်တော့ အောက်ကျလို့ မဖြစ်ဘူး။ ငါ ဖန်ကျန်းရီက အရင်ဘဝတုန်းကလည်း နေရာစုံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လူငယ်တစ်ယောက်ပဲ။

အွန်လိုင်းမှာ ဈေးရောင်းတာ၊ အစားအသောက် ပို့တာ၊ ဘိလပ်မြေ ဖျော်တာ၊ တံခါးစောင့်တာ၊ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရတာတွေ အကုန်လုံး လုပ်ခဲ့ဖူးတယ်။

အခုအချိန်မှာတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်သုံးပြီး ဒီရှေးခေတ်က တောသားတွေကို ခြိမ်းခြောက်ပြဖို့ အချိန်တန်ပြီ။

ထိုနေရာရှိ လူအားလုံးမှာ တိတ်ဆိတ်သွားကြ၏။

ဤပန်းချီကားချပ်ပေါ်က အကြောင်းအရာတွေက အလွန့်ကို အံ့အားသင့်စရာ ကောင်းလွန်းနေသည်။ အပေါ်က အကြောင်းအရာတွေက အတုလို့ ဘယ်သူမှ မယုံကြည်ကြပေ။

သို့သော်ငြား လိမ်လည်လှည့်စား ခံရတော့မည့် ခံစားချက်မျိုး အလိုလိုနေရင်း ဖြစ်ပေါ်နေသည်။

နန်းတော်က လူတွေ... ဒီလိုလုပ်တာ သင့်တော်ရဲ့လား။

ပြီးတော့ ငွေလေးထောင့်ကိုးရာ့ကိုးဆယ့်ကိုးကျပ်ဆိုတာက ခင်ဗျား လူပုံအလယ်မှာ လာဘ်တောင်းနေတာ မဟုတ်ဘူးလား။

မြေခွေးအမြီးက နောက်ဆုံးတော့ ပေါ်လာပြီပေါ့။

လူများ၏ ထူးဆန်းသော အကြည့်များကို ရင်ဆိုင်ရချိန်မှာတော့ တကယ်တမ်းတွင် ဖန်ကျန်းရီသည် အနည်းငယ် ရှက်ရွံ့နေမိသည်။

ယခုကဲ့သို့သော လုပ်ရပ်မျိုးသည် မိမိ၏တန်ဖိုးကို မိမိကိုယ်တိုင် လျှော့ချလိုက်သကဲ့သို့ ဖြစ်နေသော်ငြား စင်စစ်အားဖြင့် မိမိတွင်လည်း ဝင့်ကြွားပြသလောက်သည့် ဂုဏ်သိက္ခာဟူ၍ ကြီးကြီးမားမား ရှိမနေခဲ့ချေ။

ဤလူများကိုသာ စနစ်တကျ စုစည်းလျက် ခမ်းနားကြီးကျယ်လှသော စီမံကိန်းကြီးများကို အကောင်အထည်ဖော် ဖန်တီးနိုင်မည်ဆိုလျှင်ပင် လုံလောက်ပြီ ဖြစ်၏။

ထို့ပြင် ဒုက္ခသည်တို့၏ အခက်အခဲပြဿနာများကိုသာ အမှန်တကယ် ဖြေရှင်းပေးနိုင်ခဲ့မည် ဆိုပါက ကျန်သည့်အရာအားလုံးသည် အရေးပါတော့မည် မဟုတ်ချေ။ အဆုံးသတ် ထွက်ပေါ်လာမည့် ရလဒ်သည်သာလျှင် အဓိကအကျဆုံး ဖြစ်ပေသည်။

ဖန်ကျန်းရီသည် လူများ၏ အကြည့်များအောက်တွင် ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်၏။

အပြည့်အဝ မတ်တပ်မရပ်နိုင်သေးခင်မှာပင် လူအုပ်ကြီးထဲမှ စွန်းကျားချန်က တိုက်ရိုက် လက်မြှောက်လိုက်သည်။

"ကျုပ် စာရင်းသွင်းမယ်။ မြို့ဝန်ဖန် …. ကျေးဇူးပြုပြီး ကျုပ်ကို ပထမဆုံးလို့ သတ်မှတ်ပေးပါ။"

"ကျုပ်လည်း စာရင်းသွင်းမယ်။ ကျုပ် ဒုတိယ။"

ဝမ်မိသားစု အိမ်ထောင်ဦးစီး ဝမ်ချီရွှင်သည် စွန်းကျားချန်၏ လှုပ်ရှားမှုကို မြင်ချိန်မှာတော့ တုံ့ဆိုင်းမနေဘဲ အလျင်အမြန် လိုက်ပါ လုပ်ဆောင်လိုက်၏။

ငါ့ရဲ့ အသက်ကို ဖန်ကျန်းရီက ဆုပ်ကိုင်ထားတာလေ။ သူ ချီးရောင်းရင်တောင် ငါ ဝယ်ရမှာပဲ။

ထိုနေရာရှိ လူအားလုံးမှာ အံ့အားသင့်သွားကြသည်။

ဤသခင်ကြီးနှစ်ဦးသည် မြို့တွင်း၌ နာမည်ကျော်ကြားလှသော သူဌေးကြီးများ ဖြစ်ကြသည်။

သူတို့အားလုံးမှာ ဉာဏ်ရည်ပါးနပ်လှသည့် ကုန်သည်ကြီးများချည်းသာ ဖြစ်ကြ၏။ ယခုကဲ့သို့ တက်တက်ကြွကြွ ရှိနေကြသည်ဆိုလျှင် သေချာပေါက် အကျိုးအမြတ် တစ်စုံတစ်ရာ ရှိနေသောကြောင့်ပင် ဖြစ်ရပေမည်။

ချက်ချင်းပင် လူတိုင်း၏ ဦးနှောက်ထဲတွင် ချိန်ဆမှုများ ဖြစ်ပေါ်လာပြီး တတိယနေရာအတွက် အလျင်အမြန် လက်မြှောက် စာရင်းသွင်းကြတော့၏။

"ကျုပ်လည်း စာရင်းသွင်းမယ်။"

"ကျုပ်ကိုလည်း ထည့်ပေးပါ။"

"မြို့ဝန်ဖန် … ကျုပ်လည်း စာရင်းသွင်းမယ်။"

လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် စာရင်းသွင်းလာကြပြီး ကိုယ်မရလိုက်မည်ကို အလွန်အမင်း စိုးရိမ်နေကြသည်။

သိပ်မကြာလိုက်ခင်မှာပင် လူတိုင်းက လက်မြှောက်ကာ {ထိပ်တန်း သူဌေးဖြစ် လက်တွေ့သင်တန်း] ကို တက်ရောက်လိုကြောင်း ပြသလာကြ၏။

ဖန်ကျန်းရီသည် မူလနေရာတွင် မတ်တပ်ရပ်လျက် အလိုလိုနေရင်း အနေရခက်သလို ခံစားလိုက်ရသည်။

ကျုပ် ဘာမှတောင် မပြောရသေးဘူး၊ ခင်ဗျားတို့က အလုအယက် ဖြေနေကြပြီလား။

ဒါက ငွေငါးထောင်နော်။ ဒီနေရာမှာ ရှိတဲ့သူတွေ အားလုံးက သူဌေးတွေ ဆိုပေမဲ့ ကျုပ် စုံစမ်းထားသလောက်ဆိုလျှင် သူတို့ထဲက အဆင်းရဲဆုံး လူအနည်းငယ်အတွက် ငွေငါးထောင် ထုတ်ဖို့ဆိုတာ တော်တော်လေး စဉ်းစားရမယ့် ကိစ္စပဲ။

အများနဲ့ လိုက်လုပ်တတ်တဲ့ စိတ်ဓာတ်ကြောင့် စာရင်းသွင်းချင်စိတ် ဒီလောက်တောင် မြင့်တက်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

သို့သော်ငြား ဤမြင်ကွင်းက သူ့ကို ရင်ထဲတွင် အလွန် ပျော်ရွှင်သွားစေခဲ့သည်။ မူလက လူတစ်ဝက်လောက် တက်ရောက်လျှင်ပင် တော်လှပြီဟု တွေးထားခဲ့သော်လည်း ယခုတော့ ထိုနေရာတွင် ရှိနေသော လူနှစ်ဆယ့်ခုနစ်ယောက်လုံး စာရင်းသွင်းကြသဖြင့် စုစုပေါင်း ငွေတစ်သိန်းသုံးသောင်းငါးထောင်ကျော် ရရှိမည် ဖြစ်၏။

လျိုရွှန်းဆိုသည့် ထိုခွေးယုတ်မာသည် မသေဆုံးမီက ဘဏ္ဍာတိုက်တစ်ခုလုံးကို ပြောင်သလင်းခါအောင် ရှင်းလင်းသွားခဲ့လေရာ ယခုအခါ သုံးစွဲရန် ငွေကြေးဟူ၍ အလျဉ်းမရှိတော့ချေ။

နန်းတော်ထံသို့ ငွေကြေး တောင်းခံမည် ဆိုလျှင်လည်း မည်သည့်အချိန်မှ ခွင့်ပြုချက် ကျလာမည်ကို မသိနိုင်ပေ။ အနည်းဆုံး ရက်အနည်းငယ်ခန့်တော့ အချိန်ဆွဲနေကြဦးမည်သာ ဖြစ်၏။ ထို့ပြင် အဆုံးသတ်၌ ငွေမည်မျှ ရရှိမည်ဆိုသည်မှာလည်း ရေရာသေချာမှု မရှိလှချေ။

ထိုသို့ အပြန်အလှန် အချိန်များ ကြန့်ကြာနေပြီး ကျန်းကျန်မြို့သို့ ငွေကြေးများ ရောက်ရှိလာမည့် အချိန်တွင်တော့ ဒုက္ခသည်များအားလုံး အသားခြောက်များသဖွယ် သေဆုံးကုန်နေလောက်ပေပြီ။

ဒေသခံ သူဌေးကြီးများမှာမူ အမှန်တကယ်ပင် ချမ်းသာကြွယ်ဝလှပေသည်။ ဤငွေများကိုသာ ရရှိခဲ့မည်ဆိုလျှင် ဒေသတွင်းအတွက် ရန်ပုံငွေများ ချထားပေးနိုင်တော့မည်။

ဖန်ကျန်းရီသည် ပြုံးလျက် လက်နှစ်ဖက်ကို အောက်သို့ ဖိချလိုက်၏။

"အားလုံး မလောကြပါနဲ့။ လူတိုင်းအတွက် အခွင့်အရေး ရှိပါတယ်။ အောက်မှာ ကျုပ်က သင်တန်းရဲ့ တန်ဖိုးကို အရင် ရှင်းပြပေးပါ့မယ်။ ဒါမှ လူကြီးမင်းတို့က ပိုက်ဆံ အလကား ကုန်သွားတယ်လို့ မထင်ရမှာပါ။"

ပြောရင်းနှင့် ဖန်ကျန်းရီသည် စင်ပေါ်သို့ လျှောက်သွားရာ ကြိုတင် စီစဉ်ထားသော အစေခံမိန်းကလေးက အသံချဲ့စက်ကို အလျင်အမြန် လှမ်းပေးလိုက်သည်။

"ဟူး။ ဟလို … ဟလို …

ကျုပ် အားလုံးကို ကြိုပြောထားချင်တာက ဒီသင်တန်းကို ကျုပ် အတင်းအကျပ် စာရင်းသွင်းခိုင်းတာ မဟုတ်ပါဘူး။ အားလုံး မိမိသဘောဆန္ဒ အလျောက် တက်ရောက်ရမှာပါ။

မဟုတ်ရင် ဒီမြို့ဝန်က အာဏာကို အသုံးချပြီး လာဘ်စားသလို ဖြစ်သွားလိမ့်မယ်။

ဒုတိယအချက်က ဝင်ငွေ အားလုံးကို အိမ်ထောင်စု အသီးသီးရဲ့ နာမည်နဲ့ ဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသတွေကို ကူညီထောက်ပံ့ရာမှာ အသုံးပြုသွားမှာပါ။ ဒီမြို့ဝန်က ငွေတစ်ပြားမှ ပိုမယူပါဘူး။ ဒါကြောင့် သင်တန်းကိစ္စကိုလည်း အားလုံး လျှို့ဝှက်ထားပေးပါ။ အပြင်မှာ ကောလာဟလတွေ ထွက်လာမှာ စိုးလို့ပါ။

နောက်ဆုံးအနေနဲ့ ကျုပ်က သင်တန်းရဲ့ တန်ဖိုးကို ရှင်းပြပါ့မယ်။ စိတ်ဝင်စားတဲ့ သူတွေ စာရင်းသွင်းလို့ ရပါတယ်။"

လူအားလုံးသည် နားဖြင့် နားထောင်ရင်း ဦးနှောက်ထဲတွင် သေချာ စဉ်းစားနေကြ၏။

ဒီသင်တန်းကို မဖြစ်မနေ ဝယ်ရမယ်။ ဒီအခန်းထဲမှာ ဒီလောက် လူတွေပဲ ရှိတာ၊ တခြားလူတွေ ဝယ်ပြီး ကျုပ် မဝယ်ရင် နောင်ကျရင် ခင်ဗျား ကျုပ်ကို ဒုက္ခပေးမှာပေါ့။

ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အားလုံး စိတ်မဝင်စားကြချေ။ မြို့ဝန်ဖန် ကျန်းကျန်မှာ ရှိနေသရွေ့ ဒီငွေကုန်ရတာ တန်တယ်။

ဖန်ကျန်းရီက ဆက်လက် ပြောဆိုနေ၏။ "ဒီမြို့ဝန် တာဝန်ထမ်းဆောင်စဉ်မှာ လောကမှာ ပြိုင်ဘက်ကင်းတယ်လို့ မဆိုလိုပေမဲ့ ရလဒ်တွေကတော့ ထင်ရှားပါတယ်။

ဘုရင်မင်းမြတ် ကိုယ်တိုင် မြင်တွေ့ခဲ့ရင်တောင် ချီးကျူးရလောက်အောင်ပါပဲ။

ဒီအဓိက အချက်ကတော့ စီးပွားရေး လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုပဲ။ ဒါကြောင့် ဒီမြို့ဝန်က ကုန်သည်တွေကို အထူး အလေးထားပါတယ်။

ဒါပေမဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာ စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေက အရေးအကြီးဆုံးပဲ။ ဒီမြို့ဝန် တခြားအရာတွေကို မတတ်ပေမဲ့ လက်ထဲမှာ ပုဆိန် သုံးပေါက်ပဲ ရှိတယ်။ အဲဒါကို ကောင်းကောင်း အသုံးချနိုင်ရင် ခင်ဗျားတို့ လက်အောက်က လူတွေကို အုပ်ချုပ်ရာမှာ ထိရောက်မှု နှစ်ဆ တိုးလာစေရမယ်။

အဲဒီ ပုဆိန် သုံးပေါက်ကတော့ ကျွေးမွေးမယ်၊ ခေါင်းဖြတ်မယ်၊ ခွေးအဖြစ် မွေးမယ်။

လူကြီးမင်းတို့ သင်တန်းကို စာရင်းသွင်းပြီး တက်ရောက်နိုင်ပါတယ်။ အသေးစိတ် လုပ်ဆောင်ပုံတွေကို ကျုပ် ရှင်းပြပေးပါ့မယ်။"

စင်အောက်ရှိ လူအများအပြားမှာ ထိုစကားကို ကြားချိန်တွင် မျက်နှာများ ပျက်ယွင်းသွားကြ၏။

ခင်ဗျား ခုနကတင် ကျုပ်တို့ကို ထမင်းကျွေးပြီးတာ မဟုတ်ဘူးလား။ နောက်တစ်ဆင့်က ခေါင်းဖြတ်တော့မှာလား။ ပြီးရင် ကျုပ်တို့ကို ခွေးအဖြစ် မွေးချင်သေးတာလား။

ဖန်ကျန်းရီသည် လူများ၏ တုံ့ပြန်မှုကို မြင်ချိန်မှာတော့ မျက်နှာ ရှုံ့မဲ့သွားသည်။

သောက်ကျိုးနည်း .. အရက်မူးပြီး စကားမှားသွားပြီ။

"ဟမ်း... သေချာတာပေါ့။ ဒီ ပုဆိန် သုံးပေါက်က အောက်ခြေဝန်ထမ်းတွေကို သုံးတဲ့နည်းပါ။ နောက်ထပ် အဆင့်မြင့်ချင်ရင်တော့ တခြားနည်းလမ်းတွေ သုံးဖို့ လိုအပ်တယ်။

ဒါတွေကို အရင် မပြောသေးဘူး။ နောက်ထပ် အကြောင်းအရာ တစ်ခုကို ဆက်သွားမယ်။

ဖန်ကျန်းရီသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ဆက်ပြောလိုက်၏။ "အားလုံး သိတဲ့အတိုင်းပဲ ကျုပ်က ကျန်းကျန်ရဲ့ အဆင့်မြင့် အရာရှိပါ။ ပုံမှန်အားဖြင့်ဆိုရင် အထက်အရာရှိ ရှိရမှာပါ။

ဒါပေမဲ့ အထက်အရာရှိတွေက တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားကြပြီ။ နန်းတော်ကနေလည်း ဒေသခံတွေအတွက် အမိန့်အသစ်တွေ ထုတ်ပြန်ထားတာ မရှိသေးဘူး။

ဒါကြောင့် ကျန်းကျန်မြို့ကို လောလောဆယ် ဒီမြို့ဝန်ကပဲ ယာယီ တာဝန်ယူရမှာပါ။ အောက်ခြေကို ချမှတ်မယ့် အမိန့်ပြန်တမ်း တချို့ကလည်း ဒီမြို့ဝန်ရဲ့ လက်ကနေပဲ ဖြတ်သွားရမှာပါ။

ဒီသင်တန်းရဲ့ အကြီးမားဆုံး တန်ဖိုးကလည်း အဲဒီအချက်မှာပဲ ရှိတယ်။ ဒီမြို့ဝန် ဖုံးကွယ်မထားပါဘူး။ ဒီနေရာမှာ ရှိတဲ့သူတွေထဲက သင်တန်းကို တက်ရောက်တဲ့ သူတိုင်းဟာ ကိုယ့်လူတွေလို့ သတ်မှတ်ပါတယ်။

ပထမဆုံး ရရှိမယ့် အမိန့်ပြန်တမ်း အချက်အလက်တွေ၊ အမိန့်ပြန်တမ်း ရှင်းလင်းချက်တွေကို လူကြီးမင်းတို့ကို ပေးအပ်သွားမှာပါ။

ပြီးတော့ မြို့ထဲမှာ အပြင်ကို ကန်ထရိုက်ပေးမယ့် စီမံကိန်းတချို့ ရှိနေတယ်။ ရွှေတစ်သောင်းတန်တဲ့ စီမံကိန်းတွေပဲ။

ကျုပ် အာမခံရဲတယ်။ ဘယ်မိသားစုက ဒီစီမံကိန်းကို ရသွားမလဲ၊ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ လှဲနေရင်းနဲ့ကို ပိုက်ဆံဝင်လာစေရမယ်။"

အပိုင်း (၂၄၁) ခင်ဗျားကလည်း လူကောင်းမဟုတ်ဘူးပဲ။

ဖန်ကျန်းရီ၏ စကားကို ကြားပြီးချိန်မှာတော့ လူအများစုမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ အစိုးရရုံးတော်မှ စီမံကိန်းများကို ပြင်ပသို့ လေလံချထားပေးခြင်းမျိုး မရှိခဲ့သည်တော့ မဟုတ်ပေ။ လူတိုင်းကလည်း ကြားဖူးကြသည်။

သို့ပေမည့် ထိုစီမံကိန်းအများစုမှာ မြို့တော် သို့မဟုတ် နန်းတော်၌သာ ပြုလုပ်ခြင်းဖြစ်သည်။ ဒေသန္တရအဆင့်တွင် လေလံဆွဲခြင်းများသည် များသောအားဖြင့် ဆိုင်ခန်းငယ်များနှင့် ကုန်ပစ္စည်းဝယ်ယူခြင်းများလောက်သာ ရှိ၏။

ရွှေတစ်သောင်းတန် စီမံကိန်းဆိုသည်မှာ အတိုင်းအတာ သေးငယ်မည်မဟုတ်ချေ။ ကျန်းကျန်မြို့၌ ဤကဲ့သို့သော လုပ်ထုံးလုပ်နည်းမျိုး ခေတ်မစားသေးသောကြောင့် လူတိုင်းမှာ စိတ်မချနိုင်ဘဲ ဖြစ်နေကြသည်။

ကျုပ် ခင်ဗျားအတွက် စီမံကိန်း လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အရည်အသွေး မပြည့်မီဘူး၊ ဟိုနေရာက မကောင်းဘူး၊ ဒီနေရာက မကောင်းဘူးဆိုပြီး ပါးစပ်ကနေ အလွယ်တကူ ပြောလိုက်လို့ နောက်ဆုံးငွေ မရှင်းပေးရင် ဘယ်လိုလုပ်မလဲ။ အဲဒီလို စီမံကိန်းမျိုးကို ဘယ်သူက လုပ်ရဲမှာလဲ။

ထို့အပြင် လူတိုင်းတွင် ဤနယ်ပယ်၌ သီးသန့်လုပ်ကိုင်နေသူများ မဟုတ်ကြဘဲ အထည်အလိပ်နှင့် ဆေးဘက်ဝင် အပင်များကဲ့သို့သော အချောထည်များကိုသာ ရောင်းချသူများ ဖြစ်ကြ၏။ ဤခေတ်၌ ဆောက်လုပ်ရေး လုပ်ငန်းသည် အလွန်ခက်ခဲလှသည် မဟုတ်သော်လည်း လုံလောက်သော လူအင်အားကို စုဆောင်းနိုင်မှသာ လုပ်ငန်းစတင်နိုင်ပေမည်။

ထိုသို့ဆိုလျှင်ပင် အန္တရာယ်များ ရှိနေသေးသည်မဟုတ်ပါလား။ အဘယ့်ကြောင့် ကြီးမားသော အန္တရာယ်တွေကို ရင်ဆိုင်နေမည်နည်း။

အကျိုးအမြတ်က အလွန်များပြားနေမှသာ၊ ဥပမာ ရွှေတစ်သောင်းတိတိ ပေးမည်ဆိုလျှင်တော့ စွန့်စားကြည့်ရန် မဆိုးလှပေ။

ဖန်ကျန်းရီသည် လူတိုင်း၏ တုံ့ပြန်မှုများကို သေချာစွာ စောင့်ကြည့်နေခဲ့ပြီး ဖြစ်လာနိုင်သော အခြေအနေများ အတွက် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။

သူက ပြုံးလျက် ပြောလိုက်သည်။ "လူတိုင်းရဲ့ ရင်ထဲမှာ သံသယတွေ အများကြီးရှိနေနိုင်တယ်ဆိုတာ ကျုပ်သိပါတယ်။ ငွေရှာဖို့ ထွက်လာတဲ့အခါမှာ သတိထားတာက အမှားမဟုတ်ပါဘူး။ ဘယ်သူ့ရဲ့ ပိုက်ဆံကမှ လေထဲကနေ လွင့်လာတာ မဟုတ်ဘူးလေ။

ဒါကြောင့် ကျုပ်က ခင်ဗျားတို့ကို အသေးစိတ် ရှင်းပြပါ့မယ်။

ပထမဆုံး ကုန်ကျစရိတ်ကို ပြောရရင် အခုအချိန်က အလုပ်သမားခေါ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ခင်ဗျားတို့ အိမ်တွေမှာ စားနပ်ရိက္ခာတွေ အများကြီး သိုလှောင်ထားကြတယ် မဟုတ်လား။ မြို့ပြင်က ဒုက္ခသည်အများစုက ထမင်းတစ်နပ်လောက် ကျွေးရုံနဲ့ အလုပ်လုပ်ပေးကြလိမ့်မယ်။

ခင်ဗျားတို့ လက်ထဲက စားနပ်ရိက္ခာတွေကို ရတနာတစ်ခုလို သဘောထားနေတုန်းပဲလား။ မြို့တော်မှာ တစ်ဧကကို ပေါင်ထောင်ချီ ထွက်တဲ့ ခေတ်သစ် ကန်စွန်းဥ အကြောင်း ခင်ဗျားတို့ ကြားဖူးကြမှာပါ။ အခု ကျုပ်လာတော့ မျိုးစေ့အဖြစ် ထားဖို့ ခေတ်သစ် ကန်စွန်းဥ တင်းတစ်ရာ ယူလာခဲ့တယ်။

ဒါ့အပြင် မြို့တော်ကနေ ကျန်းကျန်မြို့ကို နောက်ထပ် ရိက္ခာတစ်သုတ် မကြာခင် ပို့ဆောင်ပေးတော့မှာမို့ ရက်အနည်းငယ်အတွင်းမှာပဲ ဆန်စပါးဈေးက ကျိန်းသေပေါက် ကျဆင်းသွားပါလိမ့်မယ်။

ပြီးတော့ နောက်ထပ် နှစ်နှစ်မတိုင်ခင်မှာ ခေတ်သစ်ကန်စွန်းဥ စိုက်ပျိုးမှုက အပြည့်အဝ ကျယ်ပြန့်သွားမှာဖြစ်ပြီး စားနပ်ရိက္ခာ ဈေးနှုန်းကို သမိုင်းတစ်လျှောက် အနိမ့်ဆုံးဈေးအထိ ရောက်သွားစေလိမ့်မယ်။

"ဒါကြောင့် ခင်ဗျားတို့ လက်ထဲမှာရှိတဲ့ စားနပ်ရိက္ခာတွေက မကြာခင်မှာ တန်ဖိုးမရှိတော့ဘူးလို့ ကျုပ်ပြောတာပါ။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် အောက်ဘက်တွင် တီးတိုးပြောဆိုနေကြသူများကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ သူတို့ ဆွေးနွေးမှု ပြီးဆုံးလုနီးပါး ချိန်မှာတော့ သူက ဆက်ပြောလိုက်သည်။ "နောက်ဆုံး ငွေပေးချေမှုအတွက်လည်း ခင်ဗျားတို့ စိုးရိမ်စရာ မလိုပါဘူး။

တခြားနေရာတွေမှာ ငွေကြွေးလိမ်လည်တာတွေ ရှိနိုင်ပေမဲ့ ကျုပ်ဆီမှာတော့ အဲဒီလိုကိစ္စ လုံးဝမဖြစ်စေရဘူး။"

အောက်ဘက်တွင် ထိုင်နေသော ရှဲ့ရှန်းသည် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေ၏။ မှန်ပေသည်။ သခင်လေး အလုပ်လုပ်ရာတွင် အကြွေးဆိုသည်မှာ လုံးဝမရှိသောကြောင့် လိမ်လည်စရာ အကြောင်းလည်း မရှိချေ။ ကျောက်တုံးထဲမှပင် ဆီထွက်အောင် ညှစ်ယူနိုင်သူ ဖြစ်သည်။ ရိုးသားမှုဆိုသည်မှာ တောက်ယွမ်ခရိုင်မှ လူတစ်ယောက်၏ အခြေခံ အရည်အသွေးတစ်ခုပင် ဖြစ်၏။

"ဒီကိစ္စကို တစ်မြို့လုံးသိအောင် ကျုပ် လူသိရှင်ကြား ကြေညာသွားမယ်။ အဲဒီနောက်မှ ခင်ဗျားတို့နဲ့ စာချုပ်ချုပ်မယ်။

အစိုးရရုံးတော်ရဲ့ ဂုဏ်သိက္ခာက ငွေကြေးတွေထက် အများကြီး ပိုတန်ဖိုးရှိပါတယ်။ နောက်ဆုံး စီမံကိန်းရလဒ်ကိုလည်း ပြည်သူတွေက အကဲဖြတ်ပေးလိမ့်မယ်။ ဒါဆိုရင် ခင်ဗျားတို့ စိတ်ချနိုင်ပြီ မဟုတ်လား။"

အောက်ဘက်ရှိ လူများသည် တစ်ဖန် တီးတိုးပြောဆိုနေကြပြန်၏။ ခေတ္တမျှ တိုင်ပင်ပြီးနောက် လူတစ်ဦးက လက်ထောင်ကာ မေးလိုက်သည်။ "ဒါဆို မြို့ဝန်မင်းဖန်ဆီမှာ ဘယ်လို စီမံကိန်းမျိုး ရှိနေတာလဲ။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "လောလောဆယ်တော့ လျှို့ဝှက်ထားပါရစေ။

ဒါပေမဲ့ ဒီတစ်ကြိမ် လေလံဆွဲခွင့် အရေအတွက်က သိပ်မများဘူး။ အားလုံးက ဒီသင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားကြတယ်ဆိုရင် ဒီလေလံပွဲကို တံခါးပိတ်ပြီး ကျုပ်တို့ဘာသာပဲ လုပ်ကြတာပေါ့။

ဒီကိစ္စကို ဆုံးဖြတ်ပိုင်ခွင့်က ကျုပ်လက်ထဲမှာ ရှိတယ်။ လူဦးရေ ပြည့်မီတယ်ဆိုရင် မနက်ဖြန် စတင်လို့ရပြီ။

ဒီမှာရှိနေတဲ့ သူတွေအားလုံးက အင်အားအရှိဆုံးသူတွေချည်းပါပဲ။ အပြင်က သာမန်လူတွေဆိုရင် ဒီလောက်ကြီးမားတဲ့ အမြတ်အစွန်းကို ရယူနိုင်စွမ်း ရှိမှာမဟုတ်ဘူး။

အားလုံး ဘာမေးစရာ ရှိသေးလဲ။"

အောက်ဘက်မှ လူတစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "လေလံဆွဲမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ လေလံပွဲ ဖြစ်သွားရတာလဲ။"

(လေလံဆွဲခြင်း = ငါဘယ်လောက်အကောင်းဆုံး လုပ်ပေးနိုင်တယ်။ ဘယ်လောက်နဲ့ဈေးသက်သာအောင် လုပ်ပေးနိုင်ပါတယ် ဆိုပြီး ကမ်းလှမ်းတာ။

လေလံပွဲ - ဘယ်သူ အများဆုံး ပေးလဲ ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာမျိုး)

သို့ပေမည့် ထိုစကားမှာ ဖန်ကျန်းရီ နှုတ်မှားသွားခြင်းသာ ဖြစ်မည်ဟု လူတိုင်းက ထင်မှတ်ထားကြသဖြင့် မည်သူမှ ဂရုမစိုက်ကြချေ။

စွန်းကျားချန်သည် ဖန်ကျန်းရီကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေ၏။ လေလံဆွဲခြင်း မည်သည့်အရာကိုမှ သူ စိတ်မဝင်စားချေ။ ငွေရှာရန်လည်း မမျှော်လင့်ထားပေ။ ဖန်ကျန်းရီ မည်သည့်အရာလုပ်လုပ် သူက နောက်မှလိုက်၍ ပူးပေါင်းဆောင်ရွက်ရန်သာ ရှိသည်။ သူ၏ အသက်ကို ကယ်တင်နိုင်မည်လား ဆိုသည်က အရေးကြီးဆုံး ဖြစ်၏။

သို့သော်ငြား ကြော်ငြာစာရွက်၏ နောက်ဆုံးစာကြောင်းက သူ့ကို ရင်ခုန်စေခဲ့သည်။ ပထမဆုံး စာရင်းပေးသွင်းသူ သုံးဦးသည် ယခင် အိမ်ရှေ့မင်းသားနန်းတော်မှ ချန်ရှီ၏ ကလေးကျူရှင်သင်တန်း သုံးချိန် တက်ရောက်ခွင့်ပင်။

သူ့အိမ်တွင် ဉာဏ်ရည်ထက်မြက်သော သားငယ်တစ်ယောက် ရှိသည်။ အကယ်၍ ဖန်ကျန်းရီကို အိမ်သို့ ဖိတ်ခေါ်နိုင်ပြီး ရင်းနှီးမှု ရယူနိုင်မည်ဆိုလျှင် သူ၏ ဘေးကင်းလုံခြုံမှုမှာ သိသိသာသာ တိုးတက်လာနိုင်မည် ဖြစ်သည်။

ဘေးပတ်ဝန်းကျင်မှ လူများ ဆွေးနွေးနေဆဲဖြစ်သည်ကို မြင်သောအခါ စွန်းကျားချန်သည် ချက်ချင်း လက်ထောင်လိုက်၏။ "မြို့ဝန်မင်းဖန် … ကျုပ် ဆုံးဖြတ်ပြီးပြီ။ ကျုပ် ပထမဆုံး စာရင်းပေးမယ်။"

ဝမ်ချီရွှင်၏ မျက်နှာမှာ မည်းမှောင်သွား၏။ ခင်ဗျားက ပထမဆုံးပဲလား။ ကျုပ်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ထင်သွားအောင် လုပ်နေတာလား။

"ကျုပ် ဝမ်မိသားစုက ဒုတိယပဲ။"

ထိုသူနှစ်ဦး အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်လူများလည်း အလုအယက် အော်ဟစ်လာကြတော့သည်။ မကြာမီတွင် လူတိုင်း လက်ထောင်လိုက်ကြ၏။

ဖန်ကျန်းရီက အောက်ဘက်သို့ ပြုံးရွှင်စွာ ကြည့်လိုက်သည်။ "ကောင်းပြီ။ အားလုံး စာရင်းပေးကြတယ်ဆိုတော့ ဆိုင်ရှင်ရှဲ့။ ကျေးဇူးပြုပြီး အစဉ်လိုက် မှတ်သားပေးပါ။"

စွန်းကျားချန်သည် မတ်တတ်ရပ်၍ အရိုအသေပေးကာ မေးလိုက်၏။ "မြို့ဝန်မင်းဖန် …. ပထမဆုံး စာရင်းပေးသူ သုံးယောက်အတွက် ကျူရှင်သင်တန်း အခွင့်အရေးဆိုတာက တကယ်ပဲလား။"

"တကယ်ပေါ့။ သေချာပေါက် တကယ်ပါ။ ဒါပေမဲ့ အဲဒီအပေါ်မှာ ရေးထားတာက အခွင့်အရေးရှိတယ်လို့ ဆိုလိုတာပါ။ ကျုပ်က အစိုးရတာဝန်တွေ များနေတော့ အချိန်တိုင်း အိမ်ကိုလာပြီး စာသင်ပေးနိုင်ဖို့ အာမမခံရဲဘူး။ ဒါပေမဲ့ ကျုပ် အားတဲ့အချိန်ဆိုရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"

စွန်းကျားချန်၏ မျက်လုံးများ အရောင်လက်သွားပြီး ကျေးဇူးတင်စကား ပြောကာ ပြန်ထိုင်လိုက်၏။

ဖန်ကျန်းရီက ဆက်ပြောသည်။ "ကောင်းပြီ … လူတိုင်း စာရင်းပေးပြီးပြီဆိုတော့ ဒီကိစ္စ ပြီးဆုံးသွားပြီ။ ဒါ့အပြင် ကျုပ်မှာ အကူအညီတောင်းစရာ တစ်ခုရှိသေးတယ်။

ခင်ဗျားတို့အားလုံးက ကျန်းကျန်မြို့မှာ မျက်နှာပန်းလှတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေပါပဲ။ ဒီလို ဘေးဒုက္ခကြီး ကြုံတွေ့နေရချိန်မှာ ငွေရှိတဲ့သူက ငွေအား၊ ခွန်အားရှိတဲ့သူက ခွန်အားနဲ့ ကူညီကြဖို့ မျှော်လင့်ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ဖို့အတွက် ကယ်ဆယ်ရေးရန်ပုံငွေ တစ်ရပ်ကို မျက်နှာပြောင်တိုက်ပြီး အလှူခံချင်ပါတယ်။"

အောက်ဘက်ရှိ သူဌေးများ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။ ခင်ဗျား အခုလေးတင် ငွေငါးထောင် ကောက်ထားသေးတယ်။ အခု ဒုက္ခသည်တွေ နာမည်နဲ့ ငွေထပ်တောင်းချင်ပြန်ပြီလား။ လောကကြီးမှာ အလကားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာ သေချာသွားပြီ။

"အနည်းအများကတော့ ခင်ဗျားတို့ရဲ့ စေတနာအလျောက်ပါပဲ။ ကျုပ် အရင်ဆုံး ဦးဆောင်ပြီး လှူပါ့မယ်။ ကျုပ် လှူမယ့်ငွေကတော့..."

ဖန်ကျန်းရီသည် လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ လူတိုင်းက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြ၏။

"ငွေ တစ်ရာပါ။"

"..."

ငွေတစ်ရာတည်းလား။ တော်သေးတာပေါ့။

လူတိုင်း၏ စိုးရိမ်စိတ်များ လျော့ကျသွား၏။ ငွေငါးထောင်တောင် သုံးခဲ့ပြီးပြီမို့ ဤမျှလောက်လေးက ဘာမှမဟုတ်တော့ပေ။ သို့ပေမည့် ဖန်ကျန်းရီက တော်တော်လေး ကပ်စေးနည်းလို့နေသည်။ ထမင်း တနပ် ထွက်စားလျှင်တောင် ယခုထက်မက ကုန်ကျပေလိမ့်မည်။

စွန်းကျားချန်က ထပ်မံ၍ ပထမဆုံး မတ်တတ်ရပ်ကာ အော်လိုက်ပြန်၏။ "ကျုပ် ငွေငါးရာ လှူမယ်။"

"ဒါဆို ကျုပ်လည်း ငါးရာ လှူမယ်။" ဝမ်ချီရွှင်က စွန်းကျားချန်ကို စိတ်မကျေမနပ်ဖြင့် ကြည့်လိုက်၏။ ခင်ဗျားက ကျုပ်ထက် မြန်နေပြန်ပြီလား။ မျက်နှာပြောင်တိုက်လွန်းတဲ့ အဘိုးကြီး။

"ကျုပ် သုံးရာ လှူမယ်။"

"တစ်ရာပါ။"

"..."

ဖန်ကျန်းရီ၏ စိုးရိမ်နေသော စိတ်မှာလည်း အေးချမ်းသွား၏။ ကိစ္စရပ်များမှာ ချောမွေ့စွာ အဆင်ပြေနေပြီး အရာအားလုံးသည် သူ၏ အစီအစဉ်အတိုင်းပင် ဖြစ်သည်။ ငွေငါးထောင် ကုန်ကျထားပြီးဖြစ်၍ နောက်ထပ် ငွေရာဂဏန်း အနည်းငယ် သုံးစွဲရခြင်းက များပြားသည်ဟု မခံစားရတော့ပေ။

သေချာသည်မှာ ဤအခြေအနေတွင် စွန်းနှင့် ဝမ် မိသားစုနှစ်ခု၏ အကြီးအကဲများက အများဆုံး အကျိုးဆောင် ပေးခဲ့ခြင်း ဖြစ်၏။ သူတို့ကို လွှတ်ပေးခဲ့ခြင်းက အမှန်တကယ် ပညာရှိသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း သက်သေပြနေသည်။

ဒေသန္တရ ဘေးအန္တရာယ်များမှာ လက်လှမ်းမမီနိုင်လောက်အောင် ကျယ်ပြန့်နေပြီး သူလုပ်နိုင်သည်မှာ ငွေကြေးရှာဖွေပေးရန်သာ ဖြစ်သည်။ ငွေကြေးများများ ရှာနိုင်လေ ပိုကောင်းလေဖြစ်သည်။ အခြားအသေးစား ရငွေများနှင့် ပေါင်းလိုက်ပါက ငွေ တစ်သိန်းလေးသောင်းခန့် စုဆောင်းမိနိုင်၏။

ငွေကြေးမှာ မနည်းလှသော်လည်း မလုံလောက်သေးပေ။ ဆက်လက် ကြိုးစားရဦးမည်။

လူတိုင်း ငွေပမာဏကို ပြောဆိုပြီးသွားချိန်မှာတော့ ဖန်ကျန်းရီက လက်အုပ်ချီကာ ပြောလိုက်၏။ "ဒါဆို ကျန်းကျန်မြို့သူ မြို့သားတွေကိုယ်စား ခင်ဗျားတို့ရဲ့ ကျေးဇူးကို အများကြီး ကျေးဇူးတင်ပါတယ်။"

ထို့နောက် ရှဲ့ရှန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဒီငွေတွေကို ဆိုင်ရှင်ရှဲ့ဆီ ပို့ပေးဖို့ အားလုံးကို အကူအညီ တောင်းပါတယ်။ ကျုပ်လူလွှတ်ပြီး လာယူခိုင်းပါ့မယ်။"

တကယ့် လာဘ်စားတဲ့ အရာရှိကြီးပါလား။ ဘေးအန္တရာယ် ကယ်ဆယ်ရေး နာမည်နဲ့ ငွေရှာနေတာ။ လျိုရွှန်း နဲ့ သိပ်မကွာပါဘူး။ တကယ်တော့ သူ့လောဘက လျိုရွှန်းထက်တောင် အများကြီး ပိုကြီးပုံရတယ်။

အရာရှိနဲ့ ကုန်သည်တွေ ပူးပေါင်းကြံစည်တာ ဒီလိုမျိုးကိုး။

လူတိုင်းသည် ဖန်ကျန်းရီအား စိတ်ထဲမှနေ၍ တညီတညွတ်တည်း ရှုတ်ချလိုက်ကြ၏။

All Chapters