အခန်း (၂၄၆-၂၄၇)
Vol. 14 Ch. 246-247
အပိုင်း (၂၄၆) ဖန်လေး မရှိတဲ့ နေ့ရက်တွေ သိပ်ခက်ခဲတာပဲ။
မြို့တော်၊ နံနက်ခင်း ညီလာခံ။
ကျင်းဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် မျက်နှာထား တင်းမာစွာဖြင့် ထိုင်နေ၏။
ဟန်လင်ပညာရှိအမတ် ယန်ရင်းချိုက်မှာမူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်။ အောက်ဘက်ရှိ အမတ်ကြီးများမှာလည်း မျက်နှာသေများဖြင့် တစ်ခွန်းမှ မဟဘဲ ငြိမ်သက်နေကြ၏။
ကျန်းကျန်မြို့နှင့် အခြားပြည်နယ်နှစ်ခုမှ သတင်းများ နောက်ဆုံးတွင် မြို့တော်သို့ ရောက်ရှိလာခဲ့ရာ မရေမတွက်နိုင်သော အမတ်များမှာ အံ့အားသင့်ကာ မျက်နှာများ ပျက်ယွင်းသွားခဲ့ကြသည်။
ဤမျှကြီးမားသော ကိစ္စရပ်ကို ဧကရာဇ်မင်းမြတ်သည် အမတ်များနှင့် မတိုင်ပင်ဘဲ ကိုယ်တိုင် အမိန့်ထုတ်ပြန်လိုက်သည်လား။
ယုတ္တိမရှိလိုက်တာ။ ဒီအတိုင်းသာ ဆက်သွားနေရင် အစိုးရရုံးတော်က ဧကရာဇ်မင်းမြတ် တစ်ဦးတည်းရဲ့ အသံပဲ ဖြစ်မသွားပေဘူးလား။
ထိုသို့ဆိုလျှင် အမတ်တွေကို ဘာအတွက် ထား,ထားသနည်း။ အလှပြရန်လား။
ထို့ကြောင့် ဒုတိယနေ့ နံနက်ခင်း ညီလာခံသို့ ရောက်သည်နှင့် ဟန်လင်အကယ်ဒမီမှ ပထမဆုံး အမြောက် စတင် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
စားနပ်ရိက္ခာ ရှားပါးနေချိန်တွင် ဘေးသင့်ဒေသများ၌ အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် ဧကရာဇ်မင်းမြတ် အမိန့်ထုတ်ပြန်လိုက်ခြင်းမှာ လူတိုင်းကို အမှန်တကယ်ပင် စိတ်ပျက်သွားစေခဲ့၏။
ဤသည်မှာ တရားမျှတသော မင်းကောင်းမင်းမြတ်တစ်ပါး၏ လမ်းစဉ်မဟုတ်ပေ။ လေးမျက်နှာ အရပ်ရပ်ကို အုပ်စိုးလာသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဤမျှလောက်အထိ အတ္တကြီးလာပြီလား။
ဤအပြုအမူမှာ မိုက်မဲသော အုပ်ချုပ်သူတို့၏ လက္ခဏာရပ်ပင် ဖြစ်ချေသည်။ ဧကရာဇ်မင်းမြတ်အနေဖြင့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့်အရေးကို အမှုမထားတော့ပြီလောဟု သံသယဖြစ်ဖွယ် ရှိနေတော့သည်။
ယန်ရင်းချိုက်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် အဆက်မပြတ် ပြောဆိုနေ၏။
"ကျွန်တော်မျိုး ရဲဝံ့စွာ လျှောက်ထားပါရစေ။ မင်းကြီးရဲ့ ဒီအမိန့်တော်က ဝန်ကြီးအဖွဲ့ကို မဖြတ်သန်းဘဲ အရမ်း အလောသုံးဆယ် ထုတ်ပြန်လိုက်တာပါ။ မင်းကြီးရဲ့ အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။ တိုင်းသူပြည်သားတွေ စိတ်ပျက်သွားမှာကို စိုးရိမ်လို့ပါ။"
ကျင်းဧကရာဇ်၏ ရင်ထဲတွင်လည်း မတတ်သာမှုများဖြင့် ပြည့်နှက်နေ၏။ သားလုပ်သူ ကျူးလွန်ခဲ့သော အမှားကို အဖေဖြစ်သူက တာဝန်ယူဖြေရှင်းပေးနေရသည်။ ဤကိစ္စကို အိမ်ရှေ့မင်းသား လုပ်ခဲ့သည်ဟု သူ ဘယ်လိုလုပ် ပြောထွက်နိုင်မည်နည်း။
သို့သော် သူ၏ မျက်နှာကိုလည်း အပျက်ခံ၍ မရပေ။
ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေပင်။ ထိုခွေးကောင်လေး ပြန်ရောက်လာလျှင် သေအောင် ရိုက်ပစ်ရမည်။
ကျင်းဧကရာဇ်သည် အောက်ဘက်ရှိ အမတ်များကို ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ "အမိန့်တော်ကို ကိုယ်တော် ကိုယ်တိုင် ထုတ်ပြန်ခဲ့တာပဲ။ ဝန်ကြီးအဖွဲ့ကိုလည်း မဖြတ်သန်းခဲ့ဘူး။ ဘာလဲ။ ကိုယ်တော်ရဲ့ အမိန့်တော်က ဝန်ကြီးအဖွဲ့ကို မဖြတ်သန်းရင် အတည်မဖြစ်ဘူးလား။"
ယန်ရင်းချိုက်သည် ခေါင်းမော့ကာ ကျယ်လောင်စွာ လျှောက်တင်လိုက်သည်။ "မင်းကြီး… ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကို အမတ်တွေနဲ့ မတိုင်ပင်သင့်ဘူးလား။
ပြည်သူတွေက ဒုက္ခပင်လယ်ထဲမှာ ရောက်နေကြရတာ။ အခုလို အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်လိုက်ရင် ပြည်သူတွေ ပိုပြီး ပင်ပန်းဆင်းရဲသွားမှာ မဟုတ်ဘူးလား။
တကယ်လို့ ဒေသခံ အရာရှိဆိုးတွေက ပြည်သူတွေကို အလုပ်လုပ်ဖို့ အတင်းအကျပ် ခိုင်းစေပြီး စားနပ်ရိက္ခာ လည်း မပေးဘူးဆိုရင် ဒါက အစိုးရက ပြည်သူတွေကို ပုန်ကန်အောင် တွန်းပို့နေတာပါပဲ။
မင်းကြီးရဲ့ အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။"
ထိုအခါ ညီလာခံ ခန်းမဆောင်အတွင်းရှိ ဟန်လင်ပညာရှိ အမြောက်အမြား ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချ လိုက်ကြပြီး အခြားသော အမတ်များမှာမူ တိတ်ဆိတ်လျက် ရှိနေကြဆဲ ဖြစ်၏။
ကျင်းဧကရာဇ်သည် ချက်ချင်း ဒေါသထွက်သွားပြီး မတ်တတ်ရပ်ကာ အော်ဟစ်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။ ယန်ရင်းချိုက် … မင်းက သိပ်ရဲတင်းနေပါလား။"
"မင်းက ကိုယ်တော်ကို ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူတွေကို နှိပ်စက်နေတယ်လို့ ပြောချင်တာလား။"
ယန်ရင်းချိုက်သည် လည်ပင်းကို မော့ကာ ပြန်လည် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး မရဲဝံ့ပါဘူး... ဒါပေမဲ့ ပြည်သူတွေက ကျိန်းသေပေါက် ဒုက္ခတွင်းထဲကို ကျရောက်သွားမှာပါ။ အစိုးရက စျေးနှုန်းတွေ ထိန်းချုပ်ဖို့နဲ့ စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးဖို့ အမိန့်ထုတ်ထားပြီးပြီပဲ။
ဘာဖြစ်လို့ ဒီလောက် အလုပ်ရှုပ်ခံနေအုံးမှာလဲ။"
ကျင်းဧကရာဇ်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွား၏။
ခေတ္တမျှ မည်သို့ပြန်လည်ချေပရမည်ကို မသိတော့ဘဲ ဒေါသတကြီး ပြန်ထိုင်လိုက်သည်။ သူက မျက်လုံးမှိတ်ကာ ခေတ္တမျှ အနားယူပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "အားလုံး ထကြတော့။"
"ကျန်းရှီ … ကိုယ်တော် မင်းကို မေးမယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဂိုဒေါင်ထဲမှာ ငွေဘယ်လောက် ကျန်သေးလဲ။"
ကျန်းရှီသည် လူအုပ်ထဲမှ ထွက်လာပြီး စိုးရိမ်တကြီး လျှောက်တင်လိုက်သည်။ "ငွေ ငါးသိန်း... တော့ ရှိပါသေးတယ်။"
ကျင်းဧကရာဇ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ "ပြည်နယ်သုံးခုက အစိုးရဆီကနေ ငွေတောင်းတာ အကြိမ်ကြိမ် ရှိနေပြီ။ ငွေ ငါးသိန်းက လောက်ပါ့မလား။ ဘယ်လောက်တောင် ထုတ်ပေးပြီးပြီလဲ။"
ကျန်းရှီ၏ ခေါင်းတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရပြီး ပြဿနာက သူ၏ဘက်သို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ငွေ ငါးသိန်းက... မလောက်ပါဘူး။ တစ်နိုင်ငံလုံးက ဒေသခံ အစိုးရတွေမှာ ငွေလိုနေတာ အများကြီးပါ။ တကယ်လို့ အကုန်လုံးကို ခွင့်ပြုပေးလိုက်ရင်... အခြေအနေ တစ်ခုလုံးကို ထိခိုက်သွားနိုင်ပါတယ်။"
"ဟားဟား .. ဟုတ်သားပဲ။ မင်းတို့က ကိုယ်တော့်ဆီကနေ ငွေတောင်းဖို့လောက်ပဲ သိကြတာကိုး။ ကိုယ်တော့်ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်လည်း ပြောင်သလင်းခါနေပြီ။ ထုတ်ပေးစရာ ငွေတစ်ပြားမှ မရှိတော့ဘူး။
ဒီရက်ပိုင်းအတွင်း ဒေသအသီးသီးက စုဆောင်းရရှိတဲ့ စားနပ်ရိက္ခာတွေ ဘယ်လောက်ရပြီလဲ။ မြို့တော်ထဲမှာ ဖန်ကျန်းရီ တစ်ရက်တည်း စုဆောင်းခဲ့တဲ့ ပမာဏလောက်တောင် မရှိလောက်ဘူး မဟုတ်လား။" ကျင်းဘုရင်၏ မျက်နှာပေါ်တွင် ဒေါသများ အထင်းသား ပေါ်လွင်နေ၏။
ထီလက်မှတ်နှင့် လက်ဖက်ခြောက် အရောင်းအဝယ်များလည်း ကျဆင်းသွားခဲ့ပြီး စိတ်သက်သာရာရစေသော အစီရင်ခံစာများ လည်း မရှိတော့ပေ။ ဖန်အမတ် မရှိသော နေ့ရက်များက တကယ်ကို ခက်ခဲလှသည်။
ကျန်ရှိနေသော ဤလူများက နေ့တိုင်း ပြဿနာရှာရန် သို့မဟုတ် ငွေတောင်းရန်သာ သိကြ၏။
ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ငွေမရှိလျှင် ဧကရာဇ်မင်းမြတ်ထံမှ လာတောင်းကြသည်။ နေ့ရက်များ ကုန်လွန်သွားသည်နှင့်အမျှ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲတွင် ခဲယဉ်းစွာ စုဆောင်းထားသော ငွေများမှာလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့ပေမည့် ဘာတတ်နိုင်မည်နည်း။ တိုင်းပြည်ကြီးတစ်ခုလုံး ပျက်စီးသွားအောင် ဤအတိုင်း လွှတ်ထားရမည်လား။
အမတ်ကြီးများမှာလည်း မျက်နှာများ ပျက်ယွင်းသွားကြ၏။ ဖန်ကျန်းရီအကြောင်းကို ဘာကြောင့် ထပ်ပြောနေရပြန်သနည်း။
ထိုခွေးကောင် ထွက်သွားမှသာ အားလုံးက စိတ်အေးချမ်းသာစွာ နေခွင့်ရခဲ့ကြသည် မဟုတ်ပါလား။
သူ စားနပ်ရိက္ခာ စုဆောင်းတာ မြန်ပေမဲ့ ကျုပ်တို့ရဲ့ အရေခွံကို ဆုတ်ခွာပြီး လုပ်ခဲ့တာလေ။
"ကိုယ်တော်က ဘာဖြစ်လို့ ပြည်နယ်သုံးခုကို ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်ခိုင်းရတာလဲ။ ငွေနဲ့ စားနပ်ရိက္ခာ မရှိလို့ပဲလေ။
ငွေနဲ့ စားနပ်ရိက္ခာ ပြည့်စုံတယ် ဆိုရင်တောင်မှ ပစ္စည်းတွေ ပို့ဆောင်ဖို့ အချိန်အများကြီး ယူရအုံးမယ်။ မင်းတို့က စောင့်နိုင်ပေမဲ့ ဒုက္ခသည်တွေက စောင့်နိုင်ပါ့မလား။
ဒေသခံ အရာရှိတွေ၊ ပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ နည်းလမ်းရှာတာကမှ အမှန်ကန်ဆုံး လမ်းစဉ်ပဲ။
အစိုးရရုံးတော်နဲ့ သူဌေးတွေရဲ့ အကူအညီကို ယူပြီး အလုပ်လုပ်ခိုင်းတဲ့စနစ်နဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်တာက အခုအချိန်မှာ အကောင်းဆုံး နည်းလမ်းပဲ။ ဒါက မတတ်သာလို့ လုပ်ရတာပဲ။ ကိုယ်တော်လည်း ဒီလို အမိန့်မျိုး မထုတ်ချင်ပါဘူး။ ဒါပေမဲ့... အသုံးမကျတဲ့ကောင်တွေချည်းပဲလေ။ ဟူး..."
ကျင်းဧကရာဇ်သည် အနောက်သို့ မှီချလိုက်ပြီး ကောင်းကင်သို့ မော့ကာ သက်ပြင်းချလိုက်၏။
အား... ဒါက...
အမတ်ကြီးများအားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ဘယ်လိုလုပ်ပြီး အခြေအနေက ရုတ်တရက် ပြောင်းသွားရတာလဲ။ အပြစ်တွေ အားလုံးက ကျုပ်တို့ခေါင်းပေါ် ရောက်လာတာလား။ မင်းကြီးက ဘယ်အချိန်ကတည်းက ဒီလို ပြောင်းလဲသွားတာလဲ။
"မင်းကြီး … အလုပ်လုပ်ခိုင်းတဲ့စနစ်နဲ့ ကယ်ဆယ်ရေး လုပ်တာကို အားလုံး သိကြပါတယ်။ ဒါပေမဲ့ ပြဿနာ မဖြစ်ဘူး ဆိုတာကို ဘယ်သူက အာမခံနိုင်မလဲ။
တကယ်လို့ ကျရှုံးသွားခဲ့ရင် ပြည်သူတွေရဲ့ မကျေနပ်မှုတွေကို ဘယ်သူက တာဝန်ယူမှာလဲ။ နောက်ဆုံးတော့ ဒုက္ခရောက်မှာက သာမန်ပြည်သူတွေပဲ မဟုတ်လား။
ဒီလုပ်ရပ်က ကောင်းကင်ဘုံရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်နေပါတယ်။ မင်းကြီး စဉ်းစားဆင်ခြင်ပြီး အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။"
ကျင်းဧကရာဇ်၏ ပါးစပ်ထဲတွင် ခါးသက်သက် အရသာကို ခံစားလိုက်ရ၏။
မှန်တယ်။ မင်းပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တော် ဘာလုပ်နိုင်မှာလဲ။ အခုကိစ္စတွေက ဒီလိုဖြစ်နေပြီဆိုတော့ တစ်ခုတည်းသော မျှော်လင့်ချက်က ဒေသခံတွေဘက်ကနေ ရလဒ်ကောင်းတွေ ထွက်လာဖို့ပဲ။
အကယ်၍ ကျရှုံးသွားခဲ့လျှင်တော့ နောင်လာနောက်သားတွေရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရတော့မည်သာ။
ကျင်းဧကရာဇ်သည် ဝတ်ရုံလက်ကို ခါယမ်းကာ ဒေါသတကြီး အော်လိုက်၏။ "ကောင်းကင်ဘုံရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်နေတယ်လား။ ကိုယ်တော်က ကောင်းကင်ဘုံပဲ။ ဒီကိစ္စကို စောင့်ကြည့်အုံးမယ်။ ထပ်ပြီး ဆွေးနွေးစရာ မလိုတော့ဘူး။"
"…..." အမတ်များအားလုံး တိတ်ဆိတ်သွားကြသည်။
မင်းကြီးက ကောင်းကင်ဘုံလား။ မှန်တာပေါ့... မင်းကြီးက ကောင်းကင်ဘုံရဲ့ သားတော်လေ။
မင်းကြီးက ဒီလိုပြောလာမှတော့ အားလုံးက ပြောစရာ စကားမရှိတော့ပါဘူး။
လီယန်စုန်၏ အကြည့်များက ယခင် အိမ်ရှေ့စံမင်းသား၏ နေရာသို့ မကြာခဏ ရောက်သွား၏။
သူသည် ကျင်းဧကရာဇ်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ပြီး ဧကရာဇ်၏ လုပ်ဟန်ကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။
မင်းကြီးအနေဖြင့် ဤသို့သော လုပ်ရပ်မျိုးကို လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။
အိမ်ရှေ့စံမင်းသား ညီလာခံသို့ မလာရောက်သည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ပြီး လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။
အမတ်ကြီးများအားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု ခပ်ရေးရေး ပေါ်လာကြ၏။
အိမ်ရှေ့မင်းသား၏ စိတ်နေသဘောထားက မူလတည်းက အရိုင်းဆန်ပြီး ဖန်ကျန်းရီ၏ သြဇာလွှမ်းမိုးမှုကြောင့် ပို၍ပင် အရိုင်းဆန်လာခဲ့သည်။ ထို့အပြင် အလုပ်လုပ်ခိုင်းသည့်စနစ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအကြောင်းကို အိမ်ရှေ့စံမင်းသားက အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူးသည်။
ယခု အိမ်ရှေ့မင်းသား ပျောက်ဆုံးနေသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်ပြီး မင်းကြီး၏ အပြုအမူကလည်း ပုံမှန်မဟုတ်ဖြစ်နေရာ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။ အိမ်ရှေ့စံမင်းသားက အမိန့်တော်ကို အတုအယောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်မည်။
သို့ပေမည့် မည်သူကမျှ ထုတ်ဖော်မပြောရဲကြချေ။ အကယ်၍ ထုတ်ပြောလိုက်ပါက အလွန်ကြီးလေးသော ပြစ်မှုဖြစ်ပြီး လူတိုင်းကို အံ့အားသင့်စေလိမ့်မည်။
ထို့ကြောင့် ဤကိစ္စကို ဆွေးနွေးရာတွင် အားလုံးက တိတ်ဆိတ်နေရန် သဘောတူညီထားသကဲ့သို့ ရှိနေကြ၏။
ယန်ရင်းချိုက် ထွက်လာစဉ်ကလည်း ဝန်ကြီးအဖွဲ့ကို မဖြတ်သန်းခဲ့ကြောင်းကိုသာ လျှောက်တင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အခြေအနေမှာ တင်းမာနေပြီး ဟန်လင်ပညာရှိများ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြသကဲ့သို့ မင်းကြီးကလည်း ဗိုလ်ကျစပြုလာ၏။
လီယန်စုန်အနေဖြင့် ဝန်ကြီးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆက်လက်၍ ပွဲကြည့်ပရိသတ်အဖြစ် နေ၍မရတော့ဘဲ မတတ်သာစွာဖြင့် ထွက်လာပြီး လျှောက်တင်လိုက်ရသည်။ "မင်းကြီး မိန့်ကြားတာ မှန်ကန်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။"
ကျင်းဘုရင်၏ မျက်လုံးများ အရောင်လင်းသွားပြီး ရေနစ်နေသူက သစ်တုံးကို ဆွဲကိုင်မိသကဲ့သို့ ပြောလိုက်၏။ "ဆရာလီက နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သူပဲ .. ပြောပါအုံး။"
"ကျေးဇူးတင်ပါတယ် မင်းကြီး။ လက်ရှိ ကယ်ဆယ်ရေး နည်းလမ်းတွေက အရင်နည်းလမ်းဟောင်းတွေကိုပဲ အသုံးပြုနေတာပါ။
ရှေးယခင်ကတည်းက ဒီလိုပဲ လုပ်ခဲ့ကြတာပါ။ ငွေမရှိရင် ငွေပေးတယ်၊ ရိက္ခာမရှိရင် ရိက္ခာပေးတယ်။ အကျိုးသက်ရောက်မှု အနည်းငယ် ရှိတယ်ဆိုပေမဲ့ အစိုးရအနေနဲ့လည်း တကယ်ကို မတတ်နိုင်တော့တာ အမှန်ပါပဲ။
အလုပ်လုပ်ခိုင်းတဲ့စနစ်နဲ့ ကယ်ဆယ်ရေးလုပ်တာကလည်း အရင်ကတည်းက မှတ်တမ်းတွေ ရှိခဲ့ပြီး အကျိုးသက်ရောက်မှု အလွန်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အကြီးအကျယ်တော့ အသုံးမပြုခဲ့ကြပါဘူး။
ဒါပေမဲ့ ယုတ္တိတန်တန် စဉ်းစားကြည့်ရင် ဒီလို ဘေးဒုက္ခကြီး ကြုံတွေ့နေရချိန်မှာ အလုပ်သမားခက အနည်းဆုံးဖြစ်ပြီး အစိုးရအနေနဲ့ အနည်းဆုံး ငွေကြေးနဲ့ အများဆုံး အလုပ်လုပ်နိုင်ပါတယ်။ ပြည်သူတွေရဲ့ လုပ်အားကို အသုံးပြုရတာ အရမ်းလွယ်ကူတဲ့အတွက် အခုအချိန်က ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။
ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ဒေသခံ အစိုးရတွေရဲ့ အသုံးစရိတ်ကလည်း မလွယ်ကူလှပါဘူး။ ဘေးဒုက္ခ ပြီးဆုံးသွားလို့ ပြန်လည်တည်ဆောက်ရေး လုပ်ချင်ရင်တောင် တကယ်ကို ခက်ခဲပါလိမ့်မယ်။
ဒါကြောင့် အစိုးရက ဆောက်လုပ်ရေး လုပ်ငန်းတွေကို အားပေးတာက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုလို့ ကျွန်တော်မျိုး ထင်ပါတယ်။"
အပိုင်း (၂၄၇) ဖန်ကျန်းရီ၏ စာ။
လီယန်စုန်၏ စကားတိုင်းက ယုတ္တိတန်သည်ကို ကြားသောအခါ ကျင်းဘုရင်၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်သွား၏။
"ဆရာလီ ပြောတာ တကယ်ကို မှန်ကန်ပါတယ်။" သူက ချီးကျူးစကား ဆိုလိုက်သည်။
ယန်ရင်းချိုက်ကမူ လီယန်စုန်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွား၏။
ပုံမှန်အားဖြင့် လီအမတ်ကြီးနှင့် အခြားအမတ်များကြားတွင် နားလည်မှု တစ်ခုခု ရှိထားသင့်သည်။
အလုပ်လုပ်ခိုင်းသည့်စနစ်ဖြင့် ကယ်ဆယ်ရေးလုပ်ခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့ပေမည့် ဤမျှ ကြီးမားသော အတိုင်းအတာဖြင့် လုပ်ဆောင်ပါက အန္တရာယ် မည်မျှကြီးမားသည်ကို ရင်ထဲတွင် မသိပေဘူးလား။
ဆရာလီလို အသက်အရွယ်မျိုး ရောက်နေပြီဖြစ်သူက နာမည်ကောင်းကိုတောင် ဂရုမစိုက်တော့ဘူးလား။
ယန်ရင်းချိုက်သည် အံကြိတ်ကာ ကြမ်းပြင်ကို ခေါင်းနှင့် အားကုန်ဆောင့်၍ လျှောက်တင်လိုက်၏။ "မင်းကြီး… အမတ်ကြီးလီရဲ့ စကားတွေက သိပ်ပြီး စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။
ဒေသခံတွေမှာ ငွေလည်းမရှိ၊ ရိက္ခာလည်း မရှိပါဘူး။ အခု အမိန့်တော် ကျသွားရင် ဒေသခံ အရာရှိတွေက ရည်မှန်းချက် ပြည့်မီအောင် နည်းမျိုးစုံ သုံးကြပါလိမ့်မယ်။
ဒါပေမဲ့ တကယ့်ကို စားနပ်ရိက္ခာ မရှိတာပါ။ အစိုးရက ဒေသခံ သူဌေးတွေကို သူတို့ရဲ့ ငွေနဲ့ ရိက္ခာတွေ အတင်းအကျပ် ထုတ်ပေးခိုင်းရမှာလား။
ဒါက အစိုးရက ပြည်သူတွေကို ပုန်ကန်အောင် တွန်းပို့နေတာပါပဲ။ ပြီးတော့ ပုန်ကန်မယ့်သူတွေက ဒေသခံ သူဌေးတွေ ဖြစ်နေမှာပါ။ ဒီလိုဆက်ဖြစ်နေရင် နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေပါလိမ့်မယ်။
ဒေသခံ သူဌေးတွေက သူတို့ရဲ့ ငွေတွေကို သဘောတူညီစွာနဲ့ အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ထုတ်ပေးလိမ့်မယ်လို့ မင်းကြီးက ထင်နေတာလား။ ဒါက လုံးဝကို စိတ်ကူးယဉ်သက်သက် ပါပဲ။
ဒါကြောင့် မင်းကြီးရဲ့ အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ နောက်ထပ် အမိန့်တော်တစ်ခု ထုတ်ပြန်တာကမှ အကောင်းဆုံး နည်းလမ်းပါ။
မင်းကြီးရဲ့ အမိန့်တော်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။" အရာရှိတစ်စုက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် တစ်ဖန် အော်ဟစ်လိုက်ကြပြန်၏။
ယခုလေးတင် ပေါ်လာသော စိတ်အခြေအနေကောင်းများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဟင်း … ကိုယ်တော့်ရဲ့ အမိန့်တော်ကို မင်းတို့က ပြောချင်တိုင်း ပြောပြီး ပြင်ချင်တိုင်း ပြင်လို့ရမလား။
ဒီနေ့ ပြင်ခိုင်းတယ်၊ မနက်ဖြန်ကျရင် ကိုယ်တော့်ကို အပြစ်ဝန်ခံတဲ့ ကြေညာချက် ထုတ်ခိုင်းအုံးမလား။
အမိန့်တော်တွေ ခဏခဏ ပြောင်းလဲနေရင် တိုင်းသူပြည်သားတွေက ကိုယ်တော့်ကို ဘယ်လို မြင်ကြမလဲ။ တော်ဝင်မိသားစုရဲ့ မျက်နှာက ဘယ်မှာသွားထားရမလဲ။
ညီလာခံ ခန်းမဆောင်အတွင်း ခေတ္တမျှ တိတ်ဆိတ်သွား၏။
ထိုစဉ် မိန်းမစိုးလေးတစ်ဦးက ကော်ထျန်းယန်ထံ ပြေးလာပြီး နား,နားကပ်ကာ တစ်စုံတစ်ရာ ပြောလိုက်သည်။
ကော်ထျန်းယန်၏ ခန္ဓာကိုယ် တစ်ချက် တုန်လှုပ်သွားပြီး ကျင်းဘုရင်ထံသို့ အမြန်သွားကာ ဦးညွှတ်လိုက်၏။
ကျင်းဘုရင်သည် နားထောင်ပြီးနောက် အံ့အားသင့်သွားပြီး လက်ဝှေ့ယမ်းလိုက်ရာ ကော်ထျန်းယန်သည် ဘေးဘက်မှနေ၍ တိတ်တဆိတ် ထွက်ခွာသွားသည်။
သူသည် ခန်းမဆောင် အပြင်ဘက်သို့ ပြေးထွက်သွားရာ ဖုန်တလူးလူး ဖြစ်နေသော လျိုကျင်းကို ချက်ချင်း မြင်လိုက်ရ၏။
သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒီခွေးကောင်လေး … ပြန်လာဖို့ကို သိသေးတယ်ပေါ့။ ဘာလို့ အပြင်မှာ သေမသွားတာလဲ။"
လျိုကျင်းက အင်္ကျီလက်ထဲမှ စာအိတ်တစ်အိတ်ကို အမြန်ထုတ်ယူကာ သနားစရာ အသံဖြင့် ပြောလိုက်၏။ "အဖေ... ဒါက ဖန်အမတ်ကြီးက အဖေ့ကို ပေးခိုင်းလိုက်တဲ့စာပါ။ အရမ်းအရေးကြီးတဲ့ ကိစ္စမို့ မြင်တာနဲ့ အဖေ နားလည်ပါလိမ့်မယ်တဲ့။"
ကော်ထျန်းယန်သည် ထိုစာအိတ်ကို အမြန်လုယူကာ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ စာရွက်တစ်ရွက် ပါရှိနေသည်။ သူက ဖြန့်၍ သေချာစွာ ဖတ်ကြည့်လိုက်၏။
ဖတ်ရင်းဖတ်ရင်း ချွေးအေးများ ထွက်လာတော့သည်။ ဤအထဲက အကြောင်းအရာတွေက တစ်ရွက်ထက် တစ်ရွက် ပိုပြီး ရင်တုန်စရာ ကောင်းနေသည်။
ခွေးကောင် ဖန်ကျန်းရီက တကယ်ကို ဘယ်နေရာရောက်ရောက် ငြိမ်ငြိမ်မနေဘူးပဲ။
အမြန်... မင်းကြီးဆီ အမြန် ပို့ပေးရမယ်။
ကော်ထျန်းယန်သည် လျိုကျင်းကို မော့ကြည့်လိုက်ရာ မျက်လုံးများ နီရဲနေပြီး အလောတကြီး ပြောလိုက်၏။ "မင်း ပြန်သွားတော့။ ငါ အလုပ်များသေးတယ်။ တခြားသူတွေ ဘာလာမေးမေး ပါးစပ်မဟနဲ့။"
ပြောပြီးသည်နှင့် ညီလာခံ ခန်းမဆောင်အတွင်းသို့ အမြန်ပြေးဝင်သွားတော့သည်။
သူသည် ကျင်းဘုရင်အနားသို့ ရောက်သောအခါ စာရွက်ကို စားပွဲပေါ် တင်လိုက်ပြီး တိုးတိုးလေး လျှောက်တင်လိုက်၏။ "မင်းကြီး … ဖန်ကျန်းရီရဲ့ စာပါ။ အရေးကြီးတဲ့ ကိစ္စပါ။"
ကျင်းဘုရင်၏ ခန္ဓာကိုယ် တစ်ချက် တုန်လှုပ်သွားပြီး စာရွက်ကို ယူကာ ဖတ်ကြည့်လိုက်သည်။
ပထမစာရွက်ကို ဖတ်လိုက်သောအခါ သူ၏ မျက်မှောင်များ ရုတ်တရက် ပြေကျသွားပြီးနောက် ဒုတိယစာရွက်သို့ အမြန်လှန်လိုက်၏။
ထိုစာရွက်ကို ဖတ်လိုက်သည်နှင့် ကျင်းဘုရင်၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး ရင်ထဲတွင် ဒေါသများ စတင်ဖြစ်ပေါ်လာတော့သည်။
နှစ်ခေါက်ခန့် သေချာစွာ ဖတ်ပြီးနောက် တတိယစာရွက်သို့ လှန်လိုက်၏။
တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ခွန်အားကုန်ခမ်းသွားသကဲ့သို့ နဂါးပလ္လင်ပေါ်သို့ မှီချလိုက်သည်။
သူက သက်ပြင်းချကာ ပြောလိုက်၏။ "ကော်ထျန်းယန် … ဒီစာထဲက အကြောင်းအရာတွေကို ကိုယ်တော့်ရဲ့ ယုံကြည်ရတဲ့ အမတ်တွေကို ဖတ်ပြလိုက်စမ်း။
ကိုယ်တော့်ရဲ့ ကျင်းတိုင်းပြည်က အရာရှိတွေ ဘယ်လောက်တောင် အရည်အချင်းရှိနေပြီလဲဆိုတာ ကြည့်ရအောင်။ ဒါက ဖန်ကျန်းရီဆီကနေ ကျန်းကျန်မြို့က ပို့လိုက်တဲ့စာပဲ။ မင်းတို့အားလုံး... သေချာ နားထောင်ကြစမ်း။ သေချာ နားထောင်။"
အမတ်ကြီးများအားလုံး မျက်နှာပျက်သွားကြပြီး ကျင်းဘုရင်ကို အသီးသီး ကြည့်လိုက်ကြ၏။
လူတိုင်း၏ ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေသည်။
ကျန်းကျန်မြို့မှာ ပြဿနာကြီး ဖြစ်နေပြီ။
ကော်ထျန်းယန်၏ စိတ်မှာလည်း ဂယောက်ဂယက် ဖြစ်နေပြီး ရင်ထဲတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။
လျိုကျင်း ပြန်ရောက်လာပြီဆိုတော့ သူ အိမ်ရှေ့စံမင်းသားနဲ့ ပူးပေါင်းခဲ့တဲ့ ကိစ္စတွေ ပေါ်သွားမှာလား။ မင်းကြီးသာ သိသွားရင် သူတော့ သေချာပေါက် သေရတော့မှာပဲ။
ကျင်းဘုရင်၏ စကားကို ကြားသောအခါ စိတ်လွင့်နေသလို ဖြစ်နေရာမှ စာရွက်ကို ယူ၍ သေချာ စီစဉ်လိုက်ပြီးနောက် စတင် ဖတ်ပြလိုက်သည်။
"ချစ်ခင်လေးစားရပါသော မင်းကြီး …. မတွေ့ရတာ ကြာပြီနော်။ ဒီရက်ပိုင်းအတွင်း မင်းကြီး အစားအသောက်တွေရော ကောင်းကောင်း စားနိုင်ရဲ့လား။ ကျွန်တော်မျိုးကတော့ နေလို့မကောင်းပါဘူး။ မင်းကြီးကို မတွေ့ရတော့ နေ့တိုင်း ထမင်းမစားနိုင်၊ ရေမသောက်နိုင် ဖြစ်နေရပါတယ်။ အရင်တုန်းက ကျွန်တော်မျိုးရှေ့မှာ မင်းကြီးနဲ့ အမတ်တစ်ယောက်ကြားက ရိုးသားဖြူစင်တဲ့ သံယောဇဉ်တစ်ခု ရှိခဲ့ပေမဲ့ ကျွန်တော်မျိုးက တန်ဖိုးမထားခဲ့မိပါဘူး။ အခု ကျန်းကျန်မြို့ကို ရောက်နေချိန်ကျမှ နောင်တရနေမိပါပြီ။
တကယ်လို့များ မင်းကြီးအနားမှာ သစ္စာစောင့်သိခွင့် ထပ်ရမယ်ဆိုရင် ကျွန်တော်မျိုး အသက်ကိုတောင် စတေးရဲပါတယ်။ တကယ်လို့ ဒီတာဝန်အတွက် အချိန်ကာလ တစ်ခု သတ်မှတ်ရမယ်ဆိုရင် ကျွန်တော်မျိုးကတော့ နှစ်ပေါင်း တစ်သောင်းလောက် ဖြစ်ဖို့ မျှော်လင့်ပါတယ်။"
မင်း ဘာသောက်စကားတွေ ပြောနေတာလဲ။
အောက်ဘက်ရှိ အမတ်ကြီးများ၏ ခေါင်းထဲတွင် အူခနဲ ဖြစ်သွားပြီးနောက် လူတိုင်း မျက်နှာများ မည်းမှောင် သွားကြတော့၏။
ခွေးကောင် ဖန်ကျန်းရီ။ တကယ်ပါပဲ။ အဝေးကြီး ရောက်နေတာတောင် လူတွေကို ရွံအောင် လုပ်နိုင်သေးတယ်။ ဘာလို့ သွားမသေတာလဲ။
ပြီးတော့ ကော်ထျန်းယန် .. ခင်ဗျား အသက်ကြီးပြီဆိုတာ သတိမေ့နေပြီလား။ ညီလာခံမှာ ဒီလိုစကားတွေ ပြောဖို့ သင့်တော်ရဲ့လား။
ကျင်းဘုရင်သည် မျက်လုံးမှိတ်၍ နဂါးပလ္လင်ပေါ် မှီထားကာ လျိုရွှန်း၏ လာဘ်စားမှု အမှုကိစ္စကို ခေါင်းထဲတွင် အကြိမ်ကြိမ် စဉ်းစားနေရင်း ခေါင်းကိုက်နေ၏။
သတိဝင်လာချိန်မှာတော့ ကော်ထျန်းယန် ဖတ်နေသည်မှာ ပထမစာမျက်နှာ ဖြစ်နေကြောင်း ကြားလိုက်ရသည်။
ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ပါးစပ်ပိတ်ထားစမ်း …. ကော်ထျန်းယန်။ မင်းကို ဘာဖတ်ခိုင်းနေတာလဲ။"
ကော်ထျန်းယန်၏ ခေါင်းထဲတွင်လည်း ဒိုင်းခနဲ ဖြစ်သွားပြီး သတိဝင်လာကာ မျက်လုံးထဲရှိ စာရွက်ကို ကြည့်ရင်း မျက်ရည်များပင် ကျလာမတတ် ဖြစ်သွား၏။
သောက်ကျိုးနည်း။ ဘယ်လိုလုပ် ဒီလို အောက်ခြေအဆင့် အမှားမျိုး လုပ်မိသွားရတာလဲ။ အားလုံးက အဲဒီ ခွေးကောင် ဖန်ကျန်းရီ ကြောင့်ပဲ။
ဒုက္ခပါပဲ ဒုက္ခပါပဲ။ ခဏနေရင် မင်းကြီးက ကိုယ့်ကို ဘယ်လို အပြစ်ပေးမလဲ မသိဘူး။
ကော်ထျန်းယန်သည် နာကျင်မှုကို ကြိတ်မှိတ်ခံကာ လျှာဖျားကို ကိုက်၍ သတိပြန်သွင်းလိုက်ပြီး နောက်တစ်မျက်နှာ သို့ အမြန်လှန်လိုက်၏။
"ကျွန်တော်မျိုး ကျန်းကျန်မြို့ကို ရောက်ရောက်ချင်း မြင်တွေ့ခဲ့ရတဲ့ ကိစ္စတွေက တကယ်ကို ရင်လေးစရာပါပဲ။ ကျန်းကျန်မြို့ဝန် လျိုရွှန်းက ဥပဒေကို ဖောက်ဖျက်ပြီး လာဘ်စားတယ်။ ဘေးဒုက္ခကို အကြောင်းပြပြီး ငွေရှာတယ်။ စိတ်သဘောထား ယုတ်မာတယ်။ လမ်းမှားကို ရောက်နေတယ်။ တာဝန်ပေါ့လျော့ပြီး တာဝန်မဲ့တယ်။
သူ့မှာ တာဝန်ရှိတာ သေချာပါတယ်။ ဆုံးဖြတ်ချက်တွေ မှားယွင်းတယ်။ ဖြေရှင်းပုံတွေ မှားယွင်းတယ်။ တုံ့ပြန်မှုတွေ မှားယွင်းတယ်။ အပြစ်တွေကို သူများဆီ လွှဲချတယ်။ ရန်ပွဲတွေ ဖန်တီးတယ်။ ရိက္ခာပစ္စည်းတွေကို လုယက်တယ်။ မျောက်က သရဖူဆောင်းထားသလိုပဲ။ လူရော နတ်ပါ ဒေါသထွက်စရာပဲ။ တစ္ဆေပူးနေသလိုပဲ။
ကောလာဟလတွေ ဖြန့်ပြီး နာမည်ဖျက်တယ်။ နှုတ်ခမ်းရွဲ့ပြီး မီးခွက်မှုတ်သလိုပဲ။ မကောင်းဆိုးဝါး စိတ်ဓာတ်တွေ အပြည့်ပါပဲ။ သက်သေအထောက်အထားတွေ အခိုင်အလုံ ရှိပါတယ်။"
အမတ်ကြီးများအားလုံး သက်ပြင်းချလိုက်ကြ၏။
မင်းက ဖားတတ်ရုံတင်မကဘူး။ အဓိပ္ပာယ်မရှိတဲ့ စကားတွေကလည်း အများကြီးပဲ။
"ဒီလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ဒေါသက ကောင်းကင်အထိ ရောက်နေပါပြီ။ ကျွန်တော်မျိုးက ဒီသူပုန်နှစ်ယောက်ကို ပြည်သူတွေရဲ့ရှေ့မှာ ခေါင်းဖြတ်သတ်ပြီး ပြည်သူတွေရဲ့ ဒေါသကို ဖြေဖျောက်ပေးလိုက်ပါပြီ။"
ဤနေရာသို့ ရောက်ချိန်မှာတော့ လူအများအပြား၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။ ဒါ ကျန်းကျန်မြို့ဝန်ကို ဖန်ကျန်းရီက တိုက်ရိုက် ခေါင်းဖြတ်သတ်လိုက်တာလား။
လုပ်ငန်းစဉ်တွေကိုတောင် ကျော်ဖြတ်လိုက်တာလား။ အစိုးရဆီကိုတောင် အစီရင်ခံစာ မတင်ဘူးလား။
နယ်ကိုရောက်တော့ ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်ပေါ့။ မင်းရဲ့ ဦးလေးက လီအမတ်ကြီး ဖြစ်နေရင်တောင် ဒီလိုမျိုး လုပ်လို့ မရဘူးလေ။
ဖန်ကျန်းရီ။ မင်းက တကယ့် လူဆိုးကြီးပဲ။
"နောက်ပြီးတော့ ကျန်းကျန်မြို့က စားနပ်ရိက္ခာ ရှားပါးမှု ကိစ္စပါ။ အစိုးရက အကြိမ်ကြိမ် အမိန့်ထုတ်ထားတယ်။ အရပ်ဘက်မှာ စားနပ်ရိက္ခာ စျေးနှုန်းတွေ မတက်ရဘူးလို့။
ဒါပေမဲ့ စားနပ်ရိက္ခာ စျေးနှုန်းတွေ ထိုးတက်နေတာက ငြင်းလို့မရတဲ့ အမှန်တရား တစ်ခု ဖြစ်နေပါပြီ။ အထက်မှာ မူဝါဒ ရှိရင် အောက်မှာလည်း ဖြေရှင်းနည်း ရှိပါတယ်။
ဆန်ဆိုင်တွေက ဆန်ရောင်းတဲ့အခါ ပုံမှန်စျေးနှုန်းနဲ့ပဲ ရောင်းတယ်ဆိုပေမဲ့ ဆိုင်အများစုက အိမ်တိုင်ရာရောက် ပို့ပေးကြပါတယ်။ ပြီးတော့ ဆန်ပို့ပေးတဲ့ အခွင့်အရေးကို ယူပြီး ဖိနပ်ပျက်စီးမှုလို့ အကြောင်းပြကာ ဖိနပ်ပျက်စီးကြေး ဆိုပြီး ထပ်တောင်းကြပါတယ်။ ပြည်သူတွေကတော့ အဲဒါကို ဆန်စျေးနှုန်း အရှုံးပေါ်တာကို ကာကွယ်ဖို့ ဖိနပ်ကြေး လို့ ခေါ်ကြပါတယ်။
နောက်ပြီးတော့ တချို့ ဆန်ဆိုင်တွေက ဆန်ဆေးပေးတယ်ဆိုတဲ့ နာမည်နဲ့ ဆန်ရောင်းကြပြီး ဆန်ဆေးကြေး ဆိုပြီး သီးသန့် ထပ်တောင်းကြပါတယ်။ တကယ်လို့ ဆန်မဆေးဘူးဆိုရင် ဆန်မရောင်းပါဘူး။
ဒီလိုမျိုး ကိစ္စတွေ အများကြီးပါပဲ။ အစိုးရရဲ့ စားနပ်ရိက္ခာ စျေးနှုန်း ထိန်းချုပ်ရေး မူဝါဒကို အရပ်ဘက်က ရင်ဆိုင်ဖြေရှင်းတဲ့ နည်းလမ်းတွေက အများကြီးမို့ ကာကွယ်လို့ မရနိုင်ပါဘူး။
ကျွန်တော်မျိုးရဲ့ အမြင်အရတော့ စားနပ်ရိက္ခာ စျေးနှုန်း အတက်အကျမှာ သူ့ရဲ့ ကိုယ်ပိုင် သဘောသဘာဝ ရှိပြီး အဲဒီ သဘောသဘာဝကို ဆန့်ကျင်လို့ မရပါဘူး။"
အစိုးရရဲ့ အမိန့်တော်က စက္ကူအလွတ် တစ်ရွက်လို ဖြစ်နေပါပြီ။ ညီလာခံက အမတ်ကြီးတွေအနေနဲ့ တခြား နည်းလမ်း ရှာဖွေကြဖို့ မျှော်လင့်ပါတယ်။"