← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း။ ၁၃၃

မိုလင်းသည် သူ၏ ရင်ထဲမှ ဒေါသများကို အစွမ်းကုန် ထိန်းချုပ်နေသော်လည်း အော်ဟစ်လိုက်

မိသည်။

"တော်စမ်း မင်းလို မိန်းမမျိုးနဲ့ ငါ စကားမများချင်ဘူး။ မင်းရဲ့ အကွက်ချ စီစဉ်မှုတွေက တကယ်ကို အသုံးမကျတာပဲ။ ဘာလို့ ရပ်နေသေးတာလဲ။ မင်းရဲ့ မှီခိုရာဂိုဏ်းကို ပြန်တော့လေ"

"သွားကြစို့"

ရှန့်ယီက မိုလင်းကို အေးစက်စွာ တစ်ချက်ကြည့်ကာ မြေပြင်တွင် ဒူးထောက်နေသော မှီခိုရာဂိုဏ်းသားများကို လက်ယပ်ခေါ်ပြီး တိန်းထျန်းမျှော်စင်ပေါ်မှ ထွက်ခွာသွားတော့သည်။

ရှန့်ယီ ထွက်သွားပြီးနောက် မိုလင်းလည်း ဆက်နေလိုစိတ် မရှိတော့ပေ။

ဖခင်ဖြစ်သူ သေဆုံးသွားမှုကြောင့် စိတ်မကောင်းဖြစ်ရသော်လည်း ဒေါသက ပို၍ လွှမ်းမိုးနေသည်။ ထို့ကြောင့် သူလည်း မျှော်စင်ပေါ်မှ ဆင်းလာခဲ့တော့၏။

မျှော်စင်ပေါ်မှ ဆင်းလာပြီးနောက် သူသည် ဥက္ကဋ္ဌဝတ်စုံကို ချွတ်ကာ သာမန်အဝတ်အစားများ လဲလှယ်လိုက်သည်။ ထို့နောက် လေဟုန်စီးမြင်းကို စီးကာ ချင်ရွှေလမ်း အပြင်ဘက်သို့ တိုက်ရိုက် မောင်းနှင်လာခဲ့သည်။

သူ အခြေအနေကို ကြည့်ရန် အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် လူငယ်အချို့ သူ့ဘေးမှ စကားပြောရင်း ပြေးလွှားသွားကြသည်ကို တွေ့လိုက်ရသည်။

"ငါ့ဦးလေး ပြောတာတော့... သူ အခုလေးတင် ဟောပြောပွဲက ပြန်လာတာတဲ့။ အဲဒီဟောပြောပွဲက အလိမ်အညာ မဟုတ်သလို ဝမ်ပင်းကလည်း လူလိမ်မဟုတ်ဘူးတဲ့။ သူက အရမ်းသတ္တိရှိပြီး ဖြောင့်မတ်တယ်။ သာမန်လူတွေကိုတောင် ကယ်တင်ပေးတယ်လို့ ကြားတယ်။ စဉ်းစားကြည့်လေ... မြို့တော်ဝန်အိမ်တော်ကလွဲရင် အခုခေတ်မှာ ဘယ်ကျင့်ကြံသူက သာမန်လူတွေရဲ့ အသက်ကို ဂရုစိုက်လို့လဲ။ ပြီးတော့ ယွင်လန်တောင်ခြေမှာ အဆင့် ၁၃ ကျင့်ကြံသူ အတော်များများက အခမဲ့ လမ်းညွှန်ပြသပေးနေကြတာတဲ့"

"ဒါဆို မြန်မြန်သွားရအောင် ဒီနေ့ နောက်ကျရင် ငါတို့အလှည့် လွတ်သွားလိမ့်မယ်"

"မစိုးရိမ်ပါနဲ့ ငါတို့ လမ်းသုံးလမ်းက လူတွေပဲ သွားနေကြတာ။ တခြားလမ်းက လူတွေကတော့ လာတောင်မလာကြဘူး။ သူတို့ကတော့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ အလိမ်အညာမိပြီး ငါ့ကိုတောင် လာတားနေသေးတယ် ငါ့ကို အရူးတဲ့"

"ဟားဟား... ငါ့အမြင်တော့ မင်းက တကယ့်အရူးပဲ။ မင်းက ပြန်ပြောလိုက်ရမှာပေါ့... မှီခိုရာဂိုဏ်းသားတွေက အသက်လုပြေးရင်း ကလေးမလေးရဲ့ အသက်နဲ့ မသေမျိုးဂိုဏ်းသားတွေကို ခြိမ်းခြောက်ခဲ့တယ်လို့လေ။ ဒါဆိုရင် သူတို့ မှီခိုရာဂိုဏ်းနဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို ဘယ်ယုံတော့မလဲ"

...

ထိုလူငယ်များသည် တစ်ယောက်နှင့်တစ်ယောက် စကားပြောရင်း အရှိန်အဟုန်ဖြင့် ပြေးသွားကြသည်။

မိုလင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး တုန်ရီနေတော့သည်။

အောင်မြင်မှုရော ကျရှုံးမှုရောက မှီခိုရာဂိုဏ်းကြောင့် ဖြစ်ခဲ့ရကာ သူသည် မြင်းဇက်ကြိုးကို ဆွဲလှည့်ကာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရုံးဆီသို့ ဦးတည်လိုက်သည်။

အိမ်ပြန်ရောက်သောအခါ သူသည် စကားတစ်ခွန်းမျှ မပြောဘဲနေသဖြင့် အခြားသူများလည်း သူ၏ မှိုင်တွေနေသော မျက်နှာကို ကြည့်ကာ ဘာမှ မမေးရဲကြပေ။

မိုလင်းသည် ဟိုဟိုဒီဒီ လျှောက်သွားပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့သည်။

သူသည် လမ်းလျှောက်ရင်း စိတ်ထဲတွင် ကျိတ်၍ ဒေါသထွက်နေမိသည်။

သူ တကယ်ကို သည်းမခံနိုင်တော့ပေ။ မသေမျိုးဂိုဏ်းက ဘာဆုံးရှုံးမှုမှ မရှိဘဲ သူ၏ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကသာ အဆင့် ၁၃ ကျင့်ကြံသူအားလုံး ဆုံးရှုံးခဲ့ရပြီး မသေမျိုးဂိုဏ်း၏ ဟောပြောပွဲမှာလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

"တောက်... အလကားကောင်တွေ"

ဘုန်း…

မိုလင်းသည် လက်လှေကား လက်ရန်းကို လက်သီးဖြင့် အားရပါးရ ထိုးလိုက်သဖြင့် သူ၏ နောက်ကွယ်မှ ကျန်းယွဲ့ယဲ့မှာ လန့်ဖျပ်သွားတော့သည်။

"ဥက္ကဋ္ဌ... အဆင်ပြေရဲ့လား"

"ငါ့ကို အောက်ထပ်မှာ စောင့်နေ"

"ဟုတ်ကဲ့ပါ"

ကျန်းယွဲ့ယဲ့က ခေါင်းငြိမ့်ပြသည်။

မိုလင်းသည် စကားပြောပြီးနောက် စင်္ကြံလမ်းအတိုင်း လျှောက်သွားပြီး အဆုံးရှိ အခန်းတစ်ခန်း၏ ရှေ့တွင် ရပ်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်…

သူသည် တံခါးကို သုံးချက် ဆင့်ခေါက်လိုက်သည်။

"ဝင်ခဲ့"

ဆွန်ဝူ၏ အေးစက်စက် အသံက အခန်းအတွင်းမှ ထွက်ပေါ်လာသည်။

မိုလင်းသည် သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ တံခါးကို တွန်းဖွင့်၍ ဝင်လိုက်သည်။ ဆွန်ဝူသည် ပြတင်းပေါက်နားတွင် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်၍ တရားထိုင်နေသည်ကို တွေ့ရသည်။

သူက "သခင်ကြီးတို့... ဂိုဏ်းချုပ်ကြီး ဆန်းလုံဆီက ဘာသတင်းများ ရသလဲခင်ဗျာ" ဟု မေးလိုက်သည်။

ဆွန်ဝူက မျက်လုံးများကို ဖွင့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"ဒုက္ခနဲ့ တိုးလာတာလား"

"နည်းနည်းပါ"

"နည်းနည်း ဟုတ်လား။ မင်းနဲ့ မင်းရဲ့လူတွေကို ယွင်လန်တောင်နား မကပ်နဲ့လို့ ငါ မပြောခဲ့ဘူးလား။ ငါ့စကားကို အလကားလို့ မှတ်နေတာလား"

ဆွန်ဝူက စိတ်ထဲတွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မိုလင်းကို စိတ်မရှည်သလို ကြည့်လိုက်သည်။

ယွင်လန်တောင်ပေါ်တွင် ဘာရှိနေသည်ကို သူက အားလုံးထက် ပိုသိသည်။ ယခုအခါ သူနှင့် စီကုန်းပိုင်တို့ပင် ထိုနေရာသို့ မသွားရဲကြဘဲ ချင်ရွှေလမ်း အပြင်ဘက်တွင်သာ တစ်ခုခုလုပ်ရန် မိုလင်းကို သတိပေးခဲ့ခြင်းပင်။

မိုလင်း၏ မျက်နှာအမူအရာနှင့် ဆန်းလုံဆီမှ သတင်းရမရကို အသည်းအသန် မေးမြန်းနေပုံကို ကြည့်ခြင်းအားဖြင့် မိုလင်း တစ်ခုခု ဆုံးရှုံးသွားပြီဆိုသည်မှာ ငတုံးတစ်ယောက်ပင် မြင်နိုင်သည်။

မိုလင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

"သခင်ကြီး... ကျွန်တော်လည်း ဒါမျိုး မဖြစ်စေချင်ပါဘူး။ အခြေအနေတွေက လက်လွန်သွားလို့ပါ"

ဆွန်ဝူက ပြောလိုက်သည်။

"တော်ပြီ... ငါ့ကို ရှင်းပြမနေနဲ့။ မင်းလူတွေ သေတာ မသေတာ ငါနဲ့မဆိုင်ဘူး။ ဂိုဏ်းချုပ်ကြီး ဆန်းလုံကတော့ ပြန်ပြောလာပြီ။ နက်နဲသောအဆင့်ကျင့်ကြံသူ သုံးယောက် လမ်းမှာ ရောက်နေပြီ။ ဒီည ရောက်လာလိမ့်မယ်"

ဤစကားကို ကြားလိုက်ရသောအခါ မိုလင်း၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားတော့သည်။

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမို ပြင်းထန်လာ၏။

မှီခိုရာဂိုဏ်းက အသုံးမကျသူများကို အားကိုးရန် သူ စိတ်ကူးမရှိတော့သည်မှာ ကြာပြီဖြစ်သည်။

"အခုတော့ အရာအားလုံးက အံဝင်ခွင်ကျသွားပြီ။ နက်နဲသောအဆင့်ကျင့်ကြံသူ သုံးယောက်ရယ်၊ ဆွန်ဝူတို့ နှစ်ယောက်ရယ် ပေါင်းလိုက်ရင် စုစုပေါင်း ငါးယောက်တောင် ဖြစ်သွားပြီ။

ဒီလောက် အင်အားတောင့်တင်းတဲ့အဖွဲ့ဆိုရင် ကြယ်နှစ်ပွင့်အဆင့်အင်အားစုတစ်ခုကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့ တောင် လုံလောက်နေပြီ။ ရှေးဟောင်းအဆင့်မြင့် နက်နဲသောအဆင့် ကျင့်ကြံသူတွေ ရှိတဲ့ အစွန်းရောက်တောင်တို့လိုဂိုဏ်းကြီးတွေကလွဲလို့... ဘယ်လို ကြယ်နှစ်ပွင့် အင်အားစုမျိုးမှ နက်နဲသောအဆင့် ငါးယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

မိုလင်းက လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး "ကောင်းပါပြီ သခင်ကြီး... ဒါဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး"

"သွားတော့"

ဆွန်ဝူက ပြောပြီးနောက် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

...

ဖုန်းအန်းတောအုပ်….

သားရဲရေခွံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တောအုပ်အတွင်း၌ အသည်းအသန် ပြေးလွှားနေသည်။ သူသည် အစွန်းရောက်တောင်၏ သခင်လေး ဟန်ဝန်ဖြစ်ပြီး သူ၏ နောက်ကွယ်တွင် လူသုံးယောက် ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။

သူတို့အားလုံး သွေးအလိမ်းလိမ်း ဖြစ်နေကြပြီး တစ်ယောက်မှာမူ သူ၏ လက်တစ်ဖက်ကို သားရဲတစ်ကောင် ကိုက်ဖြတ်စားသောက်ခြင်း ခံထားရပုံပင်။

ထိုလေးယောက်မှာ နောက်ကွယ်မှ သရဲတစ္ဆေများ လိုက်နေသကဲ့သို့ အသည်းအသန် ပြေးနေကြရခြင်းပင်။

ရှေ့ဆုံးမှ လူငယ်သည် ရက်ကန်းလွန်းအိမ်ပုံစံ သစ်ရွက်တစ်ရွက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး နောက်ကွယ်မှ လူများကို အဆက်မပြတ် အော်ပြောနေသည်။

"အဖိုးကြီး... အဲဒီသတ္တဝါတွေ နားကပ်လာရင် မင်းရဲ့အသက်နဲ့ တားထားပေး မင်းရဲ့ မိသားစုကို ငါ စောင့်ရှောက်ပေးမယ်လို့ ကတိပေးတယ်"

"သခင်လေး... စိတ်မပူပါနဲ့။ ကျွန်တော့်အသက် ဆုံးရှုံးရင်တောင် သခင်လေးအတွက် အချိန်ဆွဲပေးပါ့မယ်"

လက်တစ်ဖက် ဆုံးရှုံးထားသော အဘိုးအိုက တည်ငြိမ်စွာ ပြန်ဖြေသည်။

ဘုန်း…

ဘုန်း…

သားရဲအုပ်ကြီး ချီတက်လာသကဲ့သို့ အသံကြီးများက ကောင်းကင်ယံအထိ ဟိန်းထွက်နေတော့သည်။

"အဖိုးကြီး"

"သခင်လေး... မကြောက်ပါနဲ့"

ဟန်ဝန် အော်လိုက်ပြီးနောက် အဘိုးအိုက ရပ်တန့်လိုက်သည်။

ဝုန်း

အပြာရောင် သွေးကြောတံခါးမှာ ချက်ချင်း ပွင့်ထွက်သွားကာ သူသည် လက်တစ်ဖက်ဖြင့် ဘေးနားရှိ ပန်းကန်လုံးခန့်အရွယ် သစ်ပင်တစ်ပင်ကို ဆွဲနုတ်ကာ ခုန်တက်လိုက်သည်။

ထို့နောက် ထိုသစ်ပင်ကြီးကို လွှဲယမ်းကာ အားရပါးရ ရိုက်ချလိုက်တော့သည်။

လိုက်လာသော သားရဲရိုင်းများမှာ ချက်ချင်းပင် အသားစိုင်များအဖြစ် ပြောင်းလဲသွားတော့၏။

ရှူး...

ထိုစဉ်မှာပင် ကြီးမားသော လက်မောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအဘိုးအိုကို ဖမ်းဆုပ်ကာ အစွမ်းကုန် ညှစ်ခြေပစ်လိုက်သည်။

သို့သော် သူလိုက်ဖမ်းနေသူမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ၎င်းက လူစကားဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ကောင်လေး... ငါဘုရင်ရဲ့ ရွှေရောင်လွန်းအိမ်ရွက်ကို ခိုးသွားရဲတယ်ပေါ့။ ဒီတောအုပ်ထဲကနေ မင်း ဘယ်လို လွတ်အောင်ပြေးမလဲ ကြည့်ကြသေးတာပေါ့"

...

ညမှောင်လာခဲ့ကာ အမည်းရောင် ဝတ်ဆင်ထားသူ သုံးဦးသည် လေဟုန်စီးမြင်းများကို စီးကာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရုံးဆီသို့ တိုက်ရိုက် ရောက်ရှိလာကြသည်။ မိုလင်းနှင့် ဆွန်ဝူတို့မှာ သူတို့ကို ချက်ချင်းပင် ထွက်ကြိုကြသည်။

"သခင်ကြီးတို့... ကျွန်တော်တို့ စောင့်နေတာ ကြာပါပြီ"

မိုလင်းက ထိုသုံးယောက်ကို ဦးညွှတ်လိုက်ပြီး ဖိတ်ခေါ်ဟန် ပြလိုက်သည်။

"သခင်ကြီးတို့အတွက် ပိုင်ဖုန်းမျှော်စင်မှာ စားဖိုမှူးကြီး ဟွမ်ခုန်းကိုယ်တိုင် ချက်ထားတဲ့ ဟင်းလျာတွေကို ပြင်ဆင်ခိုင်းထားပါတယ်"

"ဧည့်ခံပွဲအတွက် မလောပါနဲ့ဦး"

"ဒီမှာ လူဒီလောက်ပဲ ကျန်တော့တာလား"

"ကျွန်တော်တို့ သုံးယောက် မြို့အပြင်က လာတဲ့လမ်းမှာ မိစ္ဆာတွေ သောင်းကျန်းနေတာကို တွေ့ခဲ့တယ်။ တစ်ခုခု ဖြစ်မှာ စိုးရိမ်မိတယ်"

ထိုသုံးယောက်၏ စကားကို ကြားသောအခါ ဆွန်ဝူက ထွက်ကြိုနေသူများကို ကြည့်လိုက်သည်။ မိုလင်းမှလွဲ၍ ကျန်သူများထဲတွင် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၁၃ ရောက်နေသူ တစ်ယောက်မျှ မရှိပေ။

သူသည် မတတ်သာသလို ခေါင်းခါလိုက်ပြီး "ဒါတွေက ပြောရရင် ရှည်တယ်ဗျာ။ အဲဒီမိစ္ဆာတွေ သောင်းကျန်းချင်သလောက် သောင်းကျန်းပါစေ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က မသေမျိုးဂိုဏ်းကို အမြစ်ဖြတ်ဖို့ပဲ။ အဲဒါကြောင့်လည်း ဂိုဏ်းချုပ်ကြီး ဆန်းလုံကို ပြောပြီး ခင်ဗျားတို့ကို ဒီကို လွှတ်ခိုင်းလိုက်တာ" ဟု ပြောလိုက်သည်။

ထိုသုံးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းငြိမ့်ကာ ဆွန်ဝူနောက်မှ အထဲသို့ ဝင်သွားကြတော့သည်။

...

အလုပ်ရှုပ်ခဲ့သော နေ့လယ်ခင်း ကုန်ဆုံးသွားပြီးနောက် လူတိုင်းသည် အဆောင်ဧရိယာ၌ စုဝေးကာ ကျင့်ကြံခြင်းဖြင့် တစ်နေ့တာကို အဆုံးသတ်ပြီး နောက်တစ်နေ့ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။

ထိုအချိန်တွင် ရေကန်ဘေး၌ ခြေဆေးနေသော ဝမ်ပင်း၏ နားထဲ၌ စနစ်၏ အသံကို ကြားလိုက်ရသည်။

"သခင်... အလယ်အလတ် နက်နဲသောအဆင့်ရှိတဲ့ မိစ္ဆာကြီးတစ်ကောင် ချူးရောက်တောင်ဆီကို ချဉ်းကပ်လာနေပါပြီ"

"သွားကြစို့"

ဝမ်ပင်းသည် လက်ကို ချက်ချင်း ဝှေ့ယမ်းကာ မိစ္ဆာဝိညာဉ်ဓားနှင့်အတူ ချူးရောက်တောင်ဆီသို့ အမြန်သွားတော့သည်။

ယွီမိုနှင့် ချင်ရှန်းတို့လည်း ထိုအငွေ့အသက်ကို ခံစားလိုက်ရသဖြင့် အဆောင်ထဲမှ ပြေးထွက်လာကာ ဝမ်ပင်း၏ နောက်သို့ လိုက်ပါလာကြသည်။

ချူးရောက်တောင် ထိပ်တွင် ရပ်နေရင်း ထိုသုံးယောက်မှာ သူတို့၏ နောက်ကွယ်ရှိ ကျယ်ပြောလှသော တောအုပ်ကြီးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

လဲကျနေသော သစ်ပင်တန်းကြီးများကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် တည်တင်းသွားတော့သည်။

အခန်း။ ၁၃၄

ထိုစဉ်မှာပင် တောအုပ်အတွင်းရှိ မျက်လုံးနီနီဖြင့် ဧရာမမျောက်ဝံကြီးသည် ချူးရောက်တောင်နှင့် မီတာတစ်ထောင်အကွာတွင် ရပ်တန့်လိုက်ပြီး သူ၏နားနား၌ လင်းယုန်ငှက်လေး သတင်းပေးပို့နေသည်ကို ငြိမ်သက်စွာ နားထောင်နေသည်။

သတင်းကို နားထောင်ပြီးနောက် ၎င်းသည် အားရပါးရ ရယ်မောလိုက်ပြီး "ဖုန်းအန်းတောအုပ်ကနေ ဆန်းဝူမြို့ထဲကို ဝင်သွားတာပေါ့။ ကောင်းပြီ ငါ့ရဲ့ ရွှေရောင်လွန်းအိမ်ရွက်ကို ခိုးသွားရဲမှတော့ မင်း ဆန်းဝူမြို့ကနေ ဘယ်လိုပြန်ထွက်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ချက်ချင်းဆိုသလိုပင် မျက်လုံးနီဧရာမမျောက်ဝံကြီးသည် သူ၏ဘေးနားရှိ မိစ္ဆာကြီးများကို အမိန့်ပေးလိုက်သည်။

"မင်းတို့ သွားချေ... သားရဲအုပ်တွေကို ဦးဆောင်ပြီး ဆန်းဝူမြို့ကို ကျန်တဲ့ဘက်သုံးဘက်ကနေ တိုက်ခိုက်ကြ။ တစ်ယောက်မှ အလွတ်မပေးနဲ့။ အတိုချုပ်ပြောရရင် အဲဒီကောင်လေးကို ငါ့ရှေ့မှာ ဒူးထောက်ပြီး ရွှေရောင်လွန်းအိမ်ရွက်ကို ပြန်ပေးလာအောင်အထိ သေမတတ် ကြောက်လန့်သွားစေရမယ်"

ဝုန်း….

အဖြူရောင်ကျားကြီးသည် ဒေါသတကြီး ဟိန်းဟောက်ကာ ဧရာမမျောက်ဝံကြီး၏ နောက်ကွယ်မှ အခြားမိစ္ဆာများနှင့်အတူ ထွက်ခွာသွားတော့သည်။

မိစ္ဆာကြီးများ ထွက်ခွာသွားပြီးနောက် မျက်လုံးနီဧရာမမျောက်ဝံကြီးသည်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။

ဝုန်း….

ထိုသို့ ဟိန်းဟောက်ပြီးနောက် မျက်လုံးနီဧရာမမျောက်ဝံကြီးသည် မသေမျိုးဂိုဏ်း၏ ချူးရောက်တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

သူသည် ပြေးလွှားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဝမ်ယန်... ထွက်ခဲ့စမ်း အဲဒီသူခိုးကို မင်း လက်မအပ်နိုင်ဘူးဆိုရင် ငါက ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်သိမ်းရုံတင်မကဘဲ မင်းရဲ့ မသေမျိုးဂိုဏ်းကိုပါ အမြစ်ပြတ် ချေမှုန်းပစ်မယ်"

မိစ္ဆာဘုရင်၏ စကားကို ကြားသောအခါ ဝမ်ပင်း ခေတ္တမျှ မှင်တက်သွားသည်။

ဝမ်ယန်ဆိုသည်မှာ သူ၏ ဖခင်ဖြစ်သည်။

ဤမိစ္ဆာကြီးက သူ၏ ဖခင်ကို အမှန်တကယ် သိနေခဲ့ခြင်းပင်။ ၎င်း၏ စကားအရ သူ၏ ဖခင်

သည် တစ်ချိန်က ငြိမ်းချမ်းရေးစာချုပ်တစ်ခုခုကိုပင် လက်မှတ်ရေးထိုးခဲ့ပုံပင်။

သို့သော် ၎င်း၏ အသံနေအသံထားအရ ထိုစာချုပ်မှာ ယခုအခါ စုတ်ပြဲကာ ပျက်စီးသွားပြီ ဖြစ်သည်။

ပြီးတော့... သူခိုးကို လက်အပ်ပေးရမယ် ဟုတ်လား။

မင်းတို့ မိစ္ဆာတွေကပဲ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေတာလား ဒါမှမဟုတ် လူသားတွေကပဲ ဓားမကိုင်တတ်တော့တာလား။

မသေမျိုးဂိုဏ်းဆီ လာပြီး သူခိုးကို တောင်းရဲတယ်ပေါ့။

ဆယ်မီတာခန့် မြင့်သော မျက်လုံးနီဧရာမမျောက်ဝံကြီး နီးကပ်လာသောအခါ ဝမ်ပင်းသည် မိစ္ဆာဝိညာဉ်ဓားဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

"သွား... သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်"

ဝမ်ပင်း၏ စကားကြောင့် ချင်ရှန်းနှင့် အခြားသူများမှာ ခေါင်းကို ရမ်းခါနေကြတော့သည်။

"ဂိုဏ်းချုပ်ဝမ်... ဒီဧရာမမျောက်ဝံကြီးကို ကျွန်တော်တို့ မယှဉ်နိုင်ဘူးခင်ဗျ"

နောက်ပြောင်နေတာလား။

တစ်ချက်ကြည့်ရုံနဲ့တင် ဒါက မိစ္ဆာဘုရင်ဆိုတာ သိသာနေတာပဲ။

သူတို့နှစ်ယောက်စလုံးက တစ်ယောက်က အဆင့်နိမ့် နက်နဲသောအဆင့်နဲ့ နောက်တစ်ယောက်က မိစ္ဆာကြီး အဆင့်ပဲ ရှိတာ ဘယ်လိုလုပ် တိုက်နိုင်မှာလဲ။

ဝမ်ပင်းက တည်ငြိမ်စွာပင် "ငါက ခင်ဗျားတို့ကို ပြောနေတာ မဟုတ်ဘူး"

ဝုတ်…ဝုတ်….

ခြောက်ခြားဖွယ်ရာ ရယ်သံတစ်ခု ထွက်ပေါ်လာသောအခါမှ ဝမ်ပင်းသည် ထိုခွေးကြီးကို ပြောနေခြင်းဖြစ်ကြောင်း ချင်ရှန်း သဘောပေါက်သွားတော့သည်။

ဘုန်း

မီးလျှံများ တောက်လောင်သံ ထွက်ပေါ်လာသည်။

ယခုအကြိမ်တွင် မိစ္ဆာဝိညာဉ်ဓားသည် သူ၏ စစ်မှန်သော ပုံရိပ်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည် မီးတောက်များ ဝန်းရံနေသည့် အရိုးစုဖြူဖြူကြီးသည် သွေးရောင်သံကြိုးကြီးကို ကိုင်ဆောင်ကာ မျက်လုံးနီဧရာမမျောက်ဝံကြီးဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

"ဝုန်း"

မျက်လုံးနီဧရာမမျောက်ဝံကြီးက ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏ လက်မောင်းကြီးဖြင့် ရိုက်ချလိုက်သည်။

သွေးရောင်သံကြိုးကြီးသည် ဧရာမမျောက်ဝံကြီးကို ရစ်ပတ်သွားပြီး သူတို့နှစ်ဦးမှာ အပြန်အလှန် လုံးထွေးသွားကြတော့သည်။

ဝမ်ပင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ၎င်းမှာ မိစ္ဆာဝိညာဉ်ဓား ပထမဆုံးအကြိမ် တိုက်ပွဲတွင် အချိန်ဆွဲနေရခြင်းပင်။

မိစ္ဆာဝိညာဉ်ဓားက အဆင့်မြင့် နက်နဲသောအဆင့်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီးသား မဟုတ်ဘူးလား။

သူ စဉ်းစားနေစဉ်မှာပင် မျက်လုံးနီဧရာမမျောက်ဝံကြီးမှာ ဒေါသတကြီး ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။ ၎င်း၏ ကျောပြင်မှာ မိစ္ဆာဝိညာဉ်ဓား၏ သံကြိုးဖြင့် ရိုက်နှက်ခြင်း ခံလိုက်ရပြီး အမည်းရောင် အမွှေးအမျှင်များမှာ ပေါက်ထွက်ကုန်ကာ အသားစိုင်များ လွင့်ထွက်လျက် သွေးချင်းချင်း နီသွားတော့သည်။

"လူသား... ငါ မင်းကို မှတ်ထားမယ်"

ဧရာမမျောက်ဝံကြီးသည် တောင်ထိပ်ပေါ်မှ ဝမ်ပင်းကို ဒေါသတကြီး စိုက်ကြည့်ကာ တိုက်ခိုက်ရင်းနှင့်ပင် နောက်သို့ ဆုတ်ခွာသွားတော့သည်။

မိစ္ဆာဝိညာဉ်ဓားက လိုက်လံတိုက်ခိုက်ရန် ကြိုးစားသော်လည်း သူစီးနင်းထားသော တောင်ပေါ်ခွေးကြီး၏ အရှိန်မှာ မျက်လုံးနီဧရာမမျောက်ဝံကြီးကို မမီပေ။

မီတာတစ်ထောင်ခန့် လိုက်ပြီးနောက် မမီနိုင်တော့သည်ကို သိလိုက်ရသဖြင့် ပြန်လှည့်လာခဲ့ရတော့သည်။

ချင်ရှန်းနှင့် အခြားသူများမှာ ဤကြောက်မက်ဖွယ်ရာမြင်ကွင်းကို ကြည့်ရင်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်မိကြသည်။

ဒီမိစ္ဆာဘုရင်ကြီးက ဒီလိုပဲ ထွက်ပြေးသွားတာလား။

ဝမ်ပင်းဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူက အေးအေးဆေးဆေးပင် "ပြန်အိပ်ကြတော့" ဟု ပြောကာ ချူးရောက်တောင်ပေါ်မှ ဆင်းသွားတော့သည်။

သို့သော် ဝမ်ပင်းသည် မိစ္ဆာဝိညာဉ်ဓားကိုမူ ကင်းစောင့်ရန် ချန်ထားခဲ့သည်။ သူ၏ စိတ်ထဲတွင်တော့ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရဆဲပင်။

မျက်လုံးနီဧရာမမျောက်ဝံကြီး ထွက်ခွာသွားပြီးနောက် မရေမတွက်နိုင်သော သားရဲရိုင်းများနှင့် မိစ္ဆာအုပ်ကြီးများသည် ဆန်းဝူမြို့၏ ဘက်သုံးဘက်တွင် စုရုံးလာကြပြီး မြို့ဆီသို့ အလုံးအရင်းနှင့် တိုးဝင်လာကြတော့သည်ကို သူ မသိသေးပေ။

မှီခိုရာဂိုဏ်းမှာ ထိုဒဏ်ကို ပထမဆုံး ရင်ဆိုင်ရမည့်သူ ဖြစ်နေတော့သည်။

နောက်တစ်နေ့ နံနက်ခင်း၌ ဝမ်ပင်းသည် မျှော်လင့်ထားသည့်အတိုင်း ယွင်လန်တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ဆွဲဆောင်မှုအာနိသင် ပေါက်ကွဲထွက်သွားမှုနှင့်အတူ လီယွဲ့၏ ပြန်ပေးဆွဲရန် ကြိုးပမ်းမှုကိစ္စများမှာ ပျံ့နှံ့သွားခဲ့သဖြင့် ယွင်လန်တောင်ခြေရှိ လူအုပ်ကြီးမှာ ပိုမိုများပြားလာသည်ကို သူ မြင်လိုက်ရသည်။

မနေ့က လူရာဂဏန်းသာ ရှိခဲ့သော်လည်း ယနေ့တွင် လူတစ်ထောင်ကျော်သွားပြီ ဖြစ်သည်။

နောက်ဆုံးတွင် အဓိကတာဝန် ပြီးမြောက်ရန် အခြေအနေမှာ လူတစ်ထောင်မှသည် တစ်သောင်းနီးပါးအထိ မြင့်တက်သွားတော့သည်။

ဝမ်ပင်း တစ်ဖက်က အလုပ်ရှုပ်နေစဉ်မှာပင် ဟွမ်းရှန်း ရောက်ရှိလာသည်။

ထူးခြားသည်မှာ ယနေ့တွင် ဟွမ်းရှန်းသည် စစ်ဦးထုပ်ကို ဆောင်းထားခြင်းပင်။ သူသည် လေဟုန်စီးမြင်းပေါ်မှ ဆင်းလိုက်ပြီး လူအုပ်ကြီးကို တိုးဝှေ့ကာ ဝင်လာခဲ့သည်။

"ဝမ်ပင်း"

ဟွမ်းရှန်းကို မြင်သည်နှင့် ဝမ်ပင်းက သူ ပြင်ဆင်ထားသည့်အတိုင်း "ဂိုဏ်းထဲဝင်ချင်ရင် ရွှေဒင်္ဂါး တစ်ထောင်ပေးရမယ်။ ဒါပေမဲ့ မင်းရဲ့ ပါရမီက နိမ့်လွန်းလို့ အမည်ခံတပည့်ပဲ လုပ်လို့ရမယ်" ဟု ပြောလိုက်သည်။

ဟွမ်းရှန်းက တည်ကြည်စွာဖြင့် "ငါက ဂိုဏ်းထဲဝင်ဖို့ လာတာမဟုတ်ဘူး။ မင်းကို နှုတ်ဆက်ဖို့ လာတာ"

"နှုတ်ဆက်ဖို့ ဟုတ်လား"

ဝမ်ပင်းသည် မတ်တပ်ရပ်ကာ ယွင်လန်တောင်ဘက်သို့ လျှောက်သွားရာ ဟွမ်းရှန်းကလည်း နောက်မှ လိုက်လာသည်။

တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်သောအခါ ဝမ်ပင်းက ဆက်မေးသည်။

"နှုတ်ဆက်ဖို့ ဆိုတာက ဘာလဲ"

ဟွမ်းရှန်းက အလေးအနက်ထား၍ ပြောသည်။

"ဟုတ်တယ် မနေ့က သန်းခေါင်ယံမှာ မိစ္ဆာအုပ်တွေနဲ့ သားရဲအုပ်တွေက ဆန်းဝူမြို့ရဲ့ တံခါးသုံးပေါက်ကို ဆက်တိုက် တိုက်ခိုက်ခဲ့ကြတယ်။ မြို့အပြင်ဘက်က မှီခိုရာဂိုဏ်းဆိုရင် တစ်ညတည်းနဲ့ အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ။ ငါ့အဖေရဲ့ သူလျှိုတွေပြောတာတော့ မှီခိုရာဂိုဏ်းရဲ့ အဆောက်အအုံတွေအားလုံး မြေပြင်နဲ့ တစ်သားတည်းဖြစ်အောင် နင်းခြေပြီး ဖျက်ဆီးခံလိုက်ရပြီတဲ့"

"မှီခိုရာဂိုဏ်းက တစ်ညတည်းနဲ့ ပျောက်ကွယ်သွားပြီ ဟုတ်လား"

"ဟုတ်တယ်။ အဖေက မင်းလည်း ဒီသတင်းကို သိသင့်တယ်လို့ ထင်လို့ ငါ့ကို လာပြောခိုင်းတာ။ ကဲ... ငါ သွားရတော့မယ်။ မနေ့ညက မြို့ပြင်မှာရှိတဲ့ သာမန်လူသောင်းနဲ့ချီ သေဆုံးခဲ့ရတယ်။ အခုတော့ သူတို့က ထပ်မတိုက်သေးဘဲ မြို့အပြင် မိုင်အနည်းငယ်အကွာမှာ တပ်စွဲထားကြတယ်။ ဒီမနက်မှာ သူတို့ ထပ်တိုက်လာနိုင်လို့ ငါ မြို့ကို သွားကာကွယ်ရမယ်"

"ဘာလို့ မိစ္ဆာတွေနဲ့ သားရဲတွေက မြို့ကို ရုတ်တရက်ကြီး လာတိုက်ရတာလဲ"

"အကြောင်းရင်းကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ မင်းတော့ စိတ်ပူစရာမလိုပါဘူး။ မင်းအဖေနဲ့ တောအုပ်ထဲက မိစ္ဆာဘုရင်ကြားမှာ စာချုပ်တစ်ခု ရှိထားတယ်လို့ ငါ့အဖေက ပြောတယ်။ ဒါကြောင့် သူတို့က မသေမျိုးဂိုဏ်းဘက်ကနေ တိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကိုတော့ သတိထားဦး။ သူတို့ မနေ့ညက နက်နဲသောအဆင့် ပညာရှင် သုံးယောက်ကို ခေါ်ထားတယ်"

ဝမ်ပင်းက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို ဂရုမစိုက်ဘဲ "မိစ္ဆာဘုရင် ဟုတ်လား" ဟု ရေရွတ်လိုက်မိသည်။

သူသည် မနေ့ညက မျက်လုံးနီဧရာမမျောက်ဝံကြီးကို ချက်ချင်း သတိရသွားသည်။

ယခုမူ သူ ထိုအကြောင်းကို အကြာကြီး စဉ်းစားမနေတော့ဘဲ အိတ်ထဲမှ သက်စောင့်စီးကရက်သုံးလိပ်ကို ထုတ်ကာ ဟွမ်းရှန်းကို ပေးလိုက်ရင်း "ဒါကို ယူသွား။ အန္တရာယ်ရှိရင် ဒါကို မီးညှိပြီး ပါးစပ်ထဲမှာ ငုံထားလိုက်။ အဲဒါက မင်းကို ကုန်ဆုံးနိုင်စွမ်းမရှိတဲ့ ခွန်အားတွေ ပေးစွမ်းနိုင်တဲ့အပြင် ဒဏ်ရာတွေကိုလည်း မြန်မြန်သက်သာစေလိမ့်မယ်။ အရေးကြုံရင် သုံးဖို့ မမေ့နဲ့နော်။ ဒါပေမဲ့ ဒါကို မင်း သုံးစရာ မလိုပါစေနဲ့လို့ ငါ ဆုတောင်းပါတယ်"

ဝမ်ပင်းသည် ဟွမ်းရှန်း၏ ပုခုံးကို ပုတ်ကာ တွေးတောနေပြန်သည်။

မနေ့က မိစ္ဆာဘုရင် ပြောသွားသည်မှာ ဆန်းဝူမြို့ထဲတွင် သူခိုးတစ်ယောက် ရှိနေပြီး သူ့အဖေကို ထိုသူကို လက်အပ်ရန် တောင်းဆိုခဲ့သည်။

သူ အကြာကြီး မစဉ်းစားဘဲ အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်သည်။ မိစ္ဆာဘုရင်အတွက် အလွန်အရေးကြီးသည့် အရာတစ်ခု ခိုးယူခံလိုက်ရပြီး ထိုသူခိုးမှာ ဆန်းဝူမြို့ထဲတွင် ပုန်းနေခြင်းပင်။

ဟွမ်းရှန်းသည် ဝမ်ပင်းက သူ့ကို ဂရုစိုက်နေဆဲဖြစ်သည်ကို မြင်သောအခါ ခေါင်းခါပြသော်လည်း စီးကရက်ကိုတော့ သိမ်းထားလိုက်သည်။

ထို့နောက် "ငါ့အတွက် မစိုးရိမ်ပါနဲ့။ ငါက သားရဲတွေကြားမှာ ကြီးပြင်းလာတာ။ မင်းသာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ကို သတိထားပါ။ သူတို့က ဆန်းဝူမြို့က လူတွေရဲ့ အသက်ကို ဂရုမစိုက်တဲ့အပြင် ငါ့အဖေရဲ့ အကူအညီတောင်းတာကိုလည်း ငြင်းပယ်ထားတယ်။ သူတို့ မသေမျိုးဂိုဏ်းကို လာတိုက်ရင် တိုက်လိမ့်မယ်"

"ငါ နားလည်ပါပြီ"

"မင်း မကြောက်ဘူးလား ကောင်လေး"

"မင်းတောင် သားရဲတွေကို မကြောက်ဘဲ စစ်တလင်းထဲ သွားရဲသေးတာ ငါက ဘာကို ကြောက်ရမှာလဲ"

"ကောင်းပြီ ဒါဆို ငါ သွားပြီ တစ်နေ့နေ့မှာ ပြန်ဆုံကြတာပေါ့"

ဟွမ်းရှန်းက ရယ်မောရင်း တောင်ခြေသို့ ပြန်ဆင်းသွားတော့သည်။

ဟွမ်းရှန်းကို ပို့ပြီးနောက် ဝမ်ပင်း မသေမျိုးဂိုဏ်းသို့ ပြန်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် မှီခိုရာဂိုဏ်း တစ်ညတည်းနှင့် ပျက်စီးသွားသည့် မြင်ကွင်းက စွဲထင်နေ၏။ ထိုဂိုဏ်း ပျက်စီးသွားရန် သူ အမြဲ မျှော်လင့်ခဲ့သော်လည်း ဤနည်းနှင့် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မှီခိုရာဂိုဏ်းကို သားရဲအုပ်ကြီးက နင်းခြေဖျက်ဆီးသွားသည့် မြင်ကွင်းကို ဝမ်ပင်း ခန့်မှန်းကြည့်နိုင်သည်။

သန်းခေါင်ယံ ဟုတ်လား။ အဲဒီအချိန်က မျက်လုံးနီဧရာမမျောက်ဝံကြီး ရောက်လာတဲ့ အချိန် မဟုတ်ဘူးလား။

ဝမ်ပင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"အော်... ဒီလိုကိုး"

"အော်... မျက်လုံးနီ ဧရာမမျောက်ဝံကြီးက ဘာဖြစ်လို့ အဲဒီအချိန်ကျမှ ကွက်တိ ရောက်လာရတာလဲဆိုတာ... အခုမှပဲ ငါ အကုန်သဘောပေါက်သွားတော့တယ်။

တကယ်ပဲ ငါ့အဖေဆီကနေ သူခိုးကို လာတောင်းတာတဲ့လား။ လုံးဝ မဟုတ်ဘူး။

အဲဒီကောင် ရောက်လာတာက မသေမျိုးဂိုဏ်းကို ဟန့်တားထားဖို့ပဲ။ ငါ့အဖေအနေနဲ့ မြို့ကိုကာကွယ်ဖို့ လူလွှတ်တာမျိုးဖြစ်ဖြစ် ကိုယ်တိုင်သွားတာမျိုးဖြစ်ဖြစ် ဘာမှ လုပ်လို့မရအောင် လာပြီး ခြေချုပ်မိအောင် တားထားတာ"

ဤသို့ တွေးလိုက်မိသောအခါ ဝမ်ပင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"အတွင်းမှာက ရန်သူ အပြင်မှာက မိစ္ဆာ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ငါ့ရဲ့ တာဝန်ပြီးမြောက်အောင် ဘယ်အချိန်မှာ လာကူညီပေးမလဲဆိုတာပဲ စောင့်ကြည့်ရတော့မှာပဲ"

All Chapters