အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း။ ၁၃၅
နေလည်ခင်းတွင် ဝမ်ပင်းသည် ယွင်လန်တောင်ခြေသို့ ပြန်လာပြီး ကျင့်ကြံလိုသူများကို ဆက်လက်လမ်းညွှန်ပေးခဲ့သည်။
သို့သော် သားရဲအုပ်များ၏ ဝိုင်းရံပိတ်ဆို့မှုကြောင့် သိုင်းပညာနှီးနှောဖလှယ်ပွဲသို့ တက်ရောက်သူဦးရေမှာ ရုတ်တရက် ထိုးနှက်ချက်သဖွယ် လျော့နည်းသွားပြီး ဆယ်ပုံတစ်ပုံပင် မကျန်တော့ပေ။
လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသည်ကို မြင်သောအခါ ဝမ်ပင်းက ပွဲကို ခေတ္တရပ်နားလိုက်ပြီး အားလုံးကို အိမ်ပြန်ကြရန် ညွှန်ကြားလိုက်သည်။
အိမ်သည် အလုံခြုံဆုံးနေရာ မဟုတ်နိုင်သော်လည်း အနည်းဆုံးတော့ သူတို့၏စိတ်ကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှု ပေးနိုင်လိမ့်မည်ပင်။
နောက်ပိုင်းတွင် မသေမျိုးဂိုဏ်းတည်ရှိရာ အရပ်သည်သာ သားရဲများ၏ ရန်စသည့်အကြည့်များ ကင်းဝေးရာ တစ်ခုတည်းသော ဘေးကင်းဇုန် ဖြစ်နေသဖြင့် မြို့၏ တစ်ဝက်ကျော်သော လူဦးရေမှာ ဤနေရာသို့ စုပြုံရောက်ရှိလာကြတော့သည်။
"ပြည့်ပြီ... ပြည့်ပြီဗျ"
တည်းခိုခန်းပိုင်ရှင်သည် အဆက်မပြတ် ဝင်ရောက်လာနေသော လူအုပ်ကြီးကို ကြည့်ကာ ကုလားထိုင်ပေါ် တက်ရပ်၍ အော်ဟစ်နေရတော့သည်။
အထုပ်အပိုးများ သယ်လာသူများ၊ လက်တွန်းလှည်းများ တွန်းလာသူများဖြင့် လမ်းမများပေါ်တွင် ကျပ်ညပ်နေသည်။ အမျိုးအဆွေ ရှိသူများက ဝမ်းသာအားရ ဖြစ်နေကြသော်လည်း အားကိုးရာမရှိဘဲ တည်းခိုခန်းလည်း မရသူများမှာမူ သက်ပြင်းတရှိုက်ရှိုက်နှင့်သာ ကျန်ရစ်ခဲ့ကြသည်။
လူအုပ်ကြား တိုးဝှေ့လာသော အလတ်တန်းစား လူကြီးနှစ်ယောက်မှာ လမ်းလျှောက်ရင်း ညည်းညူနေကြ၏။
"ဆန်းဝူမြို့က တောင့်ခံနိုင်ပါ့မလား မသိဘူး"
"စိတ်မပူပါနဲ့ မြို့တော်ဝန်အိမ်တော်ကို ယုံလိုက်စမ်းပါ။ သူတို့ ငါတို့ကို အကာအကွယ်ပေးမှာပါ"
"ဒီမိစ္ဆာတွေနဲ့ သားရဲတွေ ရူးသွားတာလား မသိဘူး။ မြန်မြန် တည်းခိုဖို့နေရာ ရှာရအောင်။ မဟုတ်ရင် ဒီည လမ်းဘေးမှာ အိပ်ရလိမ့်မယ်"
...
ညမှောင်လာခဲ့ကာ ဆန်းဝူမြို့ရှိ မသေမျိုးဂိုဏ်းအနီးမှ တည်းခိုခန်းတစ်ခုတွင် လူများစွာ ခိုလှုံခွင့် တောင်းနေကြသော်လည်း ဤတည်းခိုခန်းတွင် လူတစ်ယောက်တည်းသာ တည်းခိုနေသည်။ မည်သူကပင် အခန်းလွတ်ရှိသလားဟု မေးပါစေ၊ တည်းခိုခန်းပိုင်ရှင်က အခန်းမရှိဘူးဟုသာ ပြန်ပြောနေ၏။
ဒုတိယထပ်ရှိ အခန်းတစ်ခန်းအတွင်း ဟန်ဝန်သည် စားပွဲဝိုင်းတွင် ထိုင်နေပြီး သူ၏မျက်နှာမှာ အတော်ပင် ကြည့်မကောင်း ဖြစ်နေသည်။
အခြေအနေများ ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ရွှေရောင်လွန်းအိမ်ရွက်ကို မိစ္ဆာကြီးတစ်ကောင် စောင့်ကြပ်နေနိုင်သည်ဟု သူ ထင်ထားခဲ့သော်လည်း ၎င်းမှာ မိစ္ဆာဘုရင်တစ်ပါး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့သလို ထိုအရာကို ပြန်ရရန် မိစ္ဆာဘုရင်က သားရဲအုပ်ကြီးကိုသုံးပြီး မြို့ကို ဝိုင်းရံပိတ်ဆို့လိမ့်မည်ဟုလည်း ပို၍ပင် မထင်ထားခဲ့ပေ။
သူ့အတွက် အခက်ဆုံးမှာ မှီခိုရာဂိုဏ်းမှ လွတ်မြောက်လာပြီးနောက် ဆန်းဝူမြို့တစ်ခုလုံးမှာ တောအုပ်များဖြင့် ဝန်းရံခံထားရခြင်းပင်။
မြို့မှ ထွက်ခွာရန်မှာ တောအုပ်ကို ဖြတ်ရမည်ဖြစ်ပြီး ၎င်းမှာ မိစ္ဆာဘုရင်၏ နယ်မြေထဲသို့ ပြန်ဝင်ခြင်းသာ ဖြစ်သည်။
"ဒီမိစ္ဆာဘုရင်က ရူးနေတာလား ဒါက ရွှေရောင်လွန်းအိမ်ရွက် တစ်ရွက်တည်းလေ။ အဲဒီအရာကို ပြန်ရဖို့အတွက်နဲ့တင် မှီခိုရာဂိုဏ်းတစ်ခုလုံးကို မြေလှန်ပစ်ခဲ့ပြီး မြို့ပြင်က လူပေါင်းများစွာကိုပါ သတ်ဖြတ်ခဲ့တယ်ပေါ့။ ဒီလုပ်ရပ်တစ်ခုတည်းနဲ့တင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ လက်စားချေတာကို ခံရတော့မှာ မဟုတ်ဘူးလား။
ဒီမိစ္ဆာဘုရင်က တကယ်ပဲ အသက်မရှင်ချင်တော့တာလား။ အရှေ့အိုင်မှာ အဲဒီ မျက်လုံးနီ ဧရာမမျောက်ဝံကြီးကို သတ်ပစ်နိုင်တဲ့သူတွေ အများကြီး ရှိနေတာကို"
ဂျောက်
တံခါး ရုတ်တရက် ပွင့်လာကာ သတ်လတ်ပိုင်းလူတစ်ယောက် ဝင်လာသဖြင့် ဟန်ဝန်က စကားမပြောမီမှာပင် "ဟေးမူ... သတင်းပို့ပြီးပြီလား" ဟု မေးလိုက်သည်။
ဟေးမူက ခေါင်းခါပြကာ "မြို့ပြင်က ကောင်းကင်ယံကို မျက်လုံးနီဧရာမမျောက်ဝံကြီးက ပိတ်ထားတယ် သခင်လေး။ မှီခိုရာဂိုဏ်းကနေ ပျံထွက်သွားတဲ့ သတင်းပေးငှက်က မြို့ရိုးကိုတောင် မကျော်နိုင်သေးဘူး။ အပြင်မှာ ဝဲနေတဲ့ ငှက်အုပ်တွေက ဖမ်းဆီးလိုက်ကြတယ်"
"ငါတို့ စောင့်နေဖို့ပဲ ရှိတော့တာပေါ့။ မြို့မကျခင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ စစ်ကူတွေ ရောက်လာဖို့ပဲ မျှော်လင့်ရတော့မယ်"
"ဒါနဲ့... ဟန်ကျိယု ဘယ်မှာလဲ။ ငါ ပြန်ရောက်နေတာတောင် သူက လာပြီး ဂါရဝမပြုသေးဘူးလား"
"သခင်လေး... စီနီယာဟန်က သေပါပြီ"
ဟန်ဝန်သည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဟေးမူကို အံ့အားတသင့် စိုက်ကြည့်ကာ "ဘယ်သူလုပ်တာလဲ"
ဟေးမူက ချက်ချင်း ပြန်ဖြေသည်။
"မသေမျိုးဂိုဏ်းက နက်နဲသောအဆင့်ပညာရှင်ပါ။ မှီခိုရာဂိုဏ်း ဂိုဏ်းချုပ်ဝမ်က ကျွန်တော့်ကို ပြောပြတာ သူ လိမ်မှာ မဟုတ်ပါဘူး"
ဟန်ဝန်က အံကြိတ်ရင်း "ငါ့ရဲ့ သစ်သားစီးဆင်းသဲကိုလည်း ယူတယ်။ ငါ့လူကိုလည်း သတ်တယ်ပေါ့... ကောင်းပြီလေ မသေမျိုးဂိုဏ်း"
ဟေးမူက ခေါင်းကို ငုံ့ထားရင်း သခင်လေး၏ အမူအရာကို အကဲခတ်နေသည်။
အမှန်တော့ သူသည် ဟန်ကျိယု သေဆုံးမှုထက် ယခုအချိန်တွင် သူကိုယ်တိုင် အသက်ရှင်နိုင်ပါ့မလားဆိုသည်ကိုသာ စိုးရိမ်နေခြင်းပင်။
သူက ဆက်မေးသည်။
"သခင်လေး... ကျွန်တော်တို့က မသေမျိုးဂိုဏ်းနဲ့ ဒီလောက်နီးတဲ့နေရာမှာ နေနေတာ။ မြို့ရိုးတောင် မရှိဘူး။ မျက်လုံးနီဧရာမမျောက်ဝံကြီးက မသေမျိုးဂိုဏ်းကို မြေလှန်ပြီး ကျွန်တော်တို့ကို လာရှာမှာ မကြောက်ဘူးလား"
ဟန်ဝန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဒေါသကို ထိန်းကာ ပြန်ဖြေသည်။
"မကြောက်ပါဘူး။ မသေမျိုးဂိုဏ်း ဂိုဏ်းချုပ်ကတော်မှာ ကြီးမားတဲ့ နောက်ခံရှိပေမဲ့ သာမန် နက်နဲသောအဆင့် တစ်ယောက်နဲ့ ဘာလို့ လက်ထပ်ခဲ့တာလဲ သိလား။ ဘာလို့လဲဆိုတော့ မသေမျိုးဂိုဏ်း ဂိုဏ်းချုပ်က ကြောက်တတ်တဲ့သူ မဟုတ်လို့ပဲ။ သူက မျက်လုံးနီဧရာမမျောက်ဝံကြီးနဲ့ ပထမဆုံး လူသားမိစ္ဆာ သွေးသစ္စာစာချုပ်ချုပ်ဆိုခဲ့တဲ့ လူသားပဲ။ အဲဒီစာချုပ်ထဲမှာ မသေမျိုးဂိုဏ်းကို ဘယ်တော့မှ မကျူးကျော်ရဘူးဆိုတဲ့ အချက်ပါပြီးသား။ မသေမျိုးဂိုဏ်းက တစ်ယောက်ယောက်က သူ့ကို အရင်မထိခိုက်သရွေ့ အဲဒီစာချုပ်ကို ဖောက်ဖျက်ရင် လူအသွင် ဘယ်တော့မှ မပြောင်းလဲနိုင်တော့တဲ့ ဒဏ်ကို ခံရလိမ့်မယ်။ မိစ္ဆာကြီးတစ်ကောင်အတွက် လူအသွင် မပြောင်းနိုင်တော့ဘူးဆိုတာ မျက်လုံးနီဧရာမမျောက်ဝံကြီး မခံစားနိုင်တဲ့ နာကျင်မှုပဲ"
"သခင်လေးက ဒါတွေအကုန် သိနေတာလား"
"သိတာပေါ့"
ဟန်ဝန်က မနက်ဖြန် နေထွက်မှာကို သိနေသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"မင်း အပြင်ထွက်ပြီး တည်းခိုခန်းကို စောင့်ကြည့်ထားလိုက်။ တည်းခိုခန်းပိုင်ရှင်က တစ်ယောက်ယောက်ကို အထဲပေးဝင်ရင် ချက်ချင်း သတ်ပစ်လိုက်"
"နားလည်ပါပြီ"
ဟေးမူက ခေါင်းငြိမ့်ကာ တံခါးကို ပိတ်ပြီး တိတ်ဆိတ်စွာ ပြန်ဆုတ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရေကြည်လမ်း၏ အဆုံး မြို့ရိုးအောက်ခြေတွင် မျက်လုံးနီနီနှင့် ထွားကျိုင်းသော အမျိုးသားတစ်ဦး လမ်းလျှောက်နေသည်။ သူ၏ ကျောပြင်မှာ သံမဏိပြားကဲ့သို့ တောင့်တင်းလှပြီး ခန္ဓာကိုယ်မှာလည်း ကျောက်ဆောင်ကဲ့သို့ ကြံ့ခိုင်လှသည်။ ထို့နောက် မှောင်မည်းနေသော ညအမှောင်အတွင်း သူသည် ရုတ်တရက် ခုန်တက်လိုက်ရာ တစ်စုံတစ်ယောက်က လွှင့်ပစ်လိုက်သည့်အလား ဆယ်လံခန့်မြင့်သော မြို့ရိုးကို အလွယ်တကူ ကျော်ဖြတ်သွားတော့သည်။
သူသည် မြို့ရိုးကို ကျော်ရုံတင်မကဘဲ ကင်းစောင့်စစ်သားတစ်ဦး၏ ခေါင်းကိုပါ သဘာဝကျကျနှင့် လွယ်လွယ်ကူကူ လိမ်ချိုးပစ်ခဲ့သည်။ သူ၏ လှုပ်ရှားမှုများမှာ တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိလှ၏။
ဘုန်း
စစ်သားလဲကျသွားသည်နှင့် တစ်ပြိုင်နက် မျက်လုံးနီနီနှင့် ထွားကျိုင်းသူသည်လည်း မြို့အတွင်းသို့ အသံမထွက်ဘဲ ဆင်းသက်လိုက်သည်။
အနီးနားရှိ အခြားစစ်သားများက အသံကြား၍ ပြေးလာကာ စစ်ဆေးကြည့်သောအခါ အသက်မရှိတော့သည်ကို တွေ့လိုက်ရသဖြင့် မျက်နှာများ ချက်ချင်း ပျက်သွားကြတော့သည်။
"သူ... သူ သေသွားပြီ"
စစ်သားသည် ထိတ်လန့်တကြား နောက်ဆုတ်လိုက်မိသော်လည်း ရန်သူ့တိုက်ခိုက်မှုဟု အတပ်မပြောနိုင်သေးသဖြင့် မြို့ရိုးပေါ်ရှိ မီးပုံကို မထွန်းရဲသေးပေ။
ထိုအချိန်တွင် မြို့ရိုးကို ကျော်ဖြတ်လာခဲ့သော မျက်လုံးနီနီဖြင့် ထွားကျိုင်းသူသည် ညအမှောင်ကို အကာအကွယ်ယူကာ ရေကြည်လမ်းဘက်သို့ ဦးတည်နေသည်။ သူသည် ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ မျက်စိမှိတ်၍ ခေတ္တရပ်လိုက်သည်။ ခဏအကြာတွင် သူ၏မျက်လုံးများ ပြန်ပွင့်လာပြီး အရောင်တစ်ချက် ဝင်းလက်သွား၏။
"ရွှေရောင်လွန်းအိမ်ရွက်က ဒီနားမှာပဲ"
သူသည် ယွင်လန်တောင်ခြေသို့ အေးအေးလူလူ လမ်းလျှောက်လာရင်း သူ၏ မျက်လုံးနီနီများဖြင့် ညအမှောင်ကို ဖောက်ထွင်းကြည့်ကာ တစ်ခုခုကို ရှာဖွေနေသည်။
ထို့နောက် သူ၏အကြည့်တို့သည် ထပ်ဆင့်မျှော်စင်ပေါ်တွင် ရပ်တန့်သွားတော့သည်။
သေချာကြည့်ပြီးနောက် သူသည် အံတင်းတင်းကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"သူပဲ တောင်ထိပ်ပေါ်မှာ ရပ်ပြီး အရိုးစုတွေကို စေခိုင်းပြီး ငါ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူက သူပဲ။ အခုတော့ သူ့ရဲ့ အရိပ်ကို မြင်ရုံရုံနဲ့တင် သူ ဘယ်သူလဲဆိုတာ ငါ ကောင်းကောင်းကြီး မှတ်မိနေပြီ"
"မင်းကို အရင်ဆုံး သတ်ပစ်ပြီးမှ ရွှေရောင်လွန်းအိမ်ရွက်ကို ငါ ရှာတော့မယ်"
ပြောပြောဆိုဆိုနှင့် မျက်လုံးနီဧရာမမျောက်ဝံကြီးသည် ထပ်ဆင့်မျှော်စင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဦးတည်လိုက်တော့သည်။
ထိုစဉ် ဝမ်ပင်းသည် ထပ်ဆင့်မျှော်စင်ပေါ်သို့ တက်နေစဉ် သူ၏နားထဲသို့ အသံတစ်သံ ရောက်လာသည်။
"မျက်လုံးနီမိစ္ဆာဘုရင် ကျူးကျော်ဝင်ရောက်လာပါပြီ"
ချက်ချင်းဆိုသလိုပင် မိစ္ဆာဝိညာဉ်ဓားသည် လေပြင်းမုန်တိုင်းကဲ့သို့ ပြေးထွက်လာသည်။
သို့သော် ဝမ်ပင်းက မိစ္ဆာဝိညာဉ်ဓားကို တိုက်ခိုက်ခွင့် မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲသာ ကြာရှည်သွားပါက ယွင်လန်တောင်ခြေရှိ လူများစွာ ထိခိုက်သေဆုံးနိုင်သောကြောင့်ပင်။
ဝမ်ပင်းသည် ထပ်ဆင့်မျှော်စင်ကို မော့ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"နောက်ထပ် တစ်ဝက်ပဲ ကျန်တော့တယ်။ ဒီတစ်ဝက်ကို တက်လို့ပြီးပြီး ထူးခြားသွေးကြောကို ရပြီဆိုမှ မင်းကို ရှင်းတော့မယ်"
မျက်လုံးနီမျောက်ဝံကြီးသည် ပထမထပ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပင်းသည် မြေကျုံ့အတတ်ကို ချက်ချင်း အသုံးပြုလိုက်တော့သည်။
မျက်လုံးနီမျောက်ဝံကြီးသည် ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ဝမ်ပင်းကို အမီလိုက်ရန် အစွမ်းကုန် ပြေးသော်လည်း ဝမ်ပင်းမှာ သူနှင့် ပို၍သာ ဝေးကွာသွားသည်ကို တွေ့လိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားတော့၏။
ခြေဖဝါးအောက်ကို ကြည့်လိုက်သောအခါ တစ်လှမ်းမျှပင် မရွေ့သေးသည်ကို တွေ့ရသည်။ သို့သော် သူ၏ အရှိန်ဖြင့်ဆိုလျှင် အနည်းဆုံး မီတာထောင်ချီ ခရီးပေါက်နေရမည်ပင်။
သူ၏ ဦးနှောက်ထဲတွင် စကားလုံးတစ်လုံး ချက်ချင်း ပေါ်လာသည်။
ထောင်ချောက်ပဲ။
"ငါ အလှည့်စားခံလိုက်ရပြီ ရွှေရောင်လွန်းအိမ်ရွက်ကို ဒီကောင်လေးရဲ့လူတွေက ခိုးပြီး သွေးသစ္စာစာချုပ်ကို တမင်ဖျက်ဆီးအောင် လုပ်ပြီး ငါ့ကို ဒီကို မြှူခေါ်တာပဲ..."
မျက်လုံးနီမျောက်ဝံကြီး၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်သွားသည်။
"ငါ့ရဲ့ ရွှေရောင်လွန်းအိမ်ရွက်ကို ယူတာက ဝဲဂယက်မြေပုံဖန်တီးဖို့ပဲ ဖြစ်ရမယ်။ ငါ့ကို ဒီအထိ မြှူခေါ်တာကရော ငါ့ကို ရည်ရွယ်တာလား"
မိစ္ဆာဘုရင်တစ်ပါးအနေနှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လူသားများအတွက် ရတနာပင်။
သူ၏ မျက်လုံးများကို ဝိညာဉ်ဟင်းလျာချက်ရန် သုံးနိုင်ကာ သူ၏ နှလုံးသားက လူသားများကို ဧရာမမျောက်ဝံကဲ့သို့ ကြံ့ခိုင်သော ခန္ဓာကိုယ် ပိုင်ဆိုင်စေနိုင်သည်။
သူ၏ ကျောက်ကပ်များက လူသားများကို အကန့်အသတ်မရှိသော အသက်စွမ်းအားကို ပေးနိုင်သည်။
ထို့နောက် သူသည် မီးတောက်နေသော အရိုးစုကြီးကို သတိရသွားသည်။ ၎င်းသည် လမ်းတွင် ရောက်နေလောက်ပြီဖြစ်ကာ ထိုသို့တွေးမိသည်နှင့် မျက်လုံးနီမျောက်ဝံကြီး၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပိုမိုကြီးထွားလာပြီး ထွက်ပြေးလိုစိတ်များ ပြင်းပြလာတော့သည်။
အခန်း။ ၁၃၆
ထပ်ဆင့်မျှော်စင်၏ အဆင့် ၉၉၀။
ဝမ်ပင်းသည် ထိုနေရာတွင် ရပ်နေရင်း မျက်လုံးများမှာ သွေးအလိမ်းလိမ်း နီမြန်းနေကာ ဤအဆင့်မှ ပေးစွမ်းသော ပြင်းထန်လှသည့် နာကျင်မှုကို အံကြိတ်အောင့်ခံရင်း အဆင့် ၉၉၁ ပေါ်သို့ လေးလံစွာ ခြေချလိုက်သည်။
ခြေချလိုက်သည်နှင့် သူ၏ရှေ့တွင် မြင်ကွင်းပေါင်းစုံက ရုတ်တရက် ပေါ်ပေါက်လာတော့သည်။
အစွမ်းသတ္တိများ၊ ခွန်အားများနှင့် မြင်ကွင်းပေါင်းစုံသည် သူ၏ ဦးနှောက်ထဲသို့ တိုးဝင်လာပြီး သူကိုယ်တိုင်မှာ ထိုမြင်ကွင်းများထဲမှ ဇာတ်လိုက်တစ်ဦး ဖြစ်လာသည်။
ဝမ်ပင်းသည် သူ၏ သတိကို အစွမ်းကုန် စုစည်းကာ ဤကမ္ဘာထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း သူ၏စိတ်ထဲမှ အသံတစ်ခုက ထိုနေရာမှာပင် ဆက်နေရန်၊ သူသည် အမြင့်ဆုံးအဆင့်ရှိသော ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ကြောင်း တဖွဖွ တိုက်တွန်းနေတော့သည်။
ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားပြီး နံနက်ခင်း အလင်းရောင် ရောက်ရှိလာချိန်တွင် ဝမ်ပင်းသည် သုံးနာရီကြာ အသည်းအသန် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် အဆင့် ၉၉၉ သို့ ရောက်ရှိသွားတော့သည်။
အမြင့်ဆုံးအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။
အဆင့် ၉၉၉ ၏ အာရုံလှည့်စားမှုထဲမှ လွတ်မြောက်လာသောအခါ ဝမ်ပင်းသည် လုံးဝ အင်အားချည့်နဲ့နေပြီး ကျောက်သားလှေကားထစ်များပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေမိသည်။ လက်တစ်ဖက်ကိုပင် မမြှောက်နိုင်တော့ပေ။
အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကြာအောင် လဲလျောင်းနေပြီးမှ ဝမ်ပင်းသည် သက်စောင့်
စီးကရက်ကို ထုတ်ယူရန် အားအင် ရှိလာတော့သည်။
သူသည် ချန်မိုကျင့်စဉ်ကို စတင်လည်ပတ်စေလိုက်ရာ သစ်သားဓာတ်နှင့် သက်စောင့်သစ်ပင်မှ အသက်ဓာတ်များသည် ဝမ်ပင်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာကြသည်။ စီးကရက် ကုန်ဆုံးသွားပြီး သစ်သားဓာတ်များအားလုံး စုပ်ယူပြီးသွားသောအခါ ဝမ်ပင်းသည် ဝမ်းမြောက်ဝမ်းသာဖြင့် မတ်တပ်ရပ်လိုက်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၁၃……
ထပ်ဆင့်မျှော်စင်၏ စိတ်ပိုင်းဆိုင်ရာ ဖိအားများသည် သူ၏ ကျင့်စဉ်အဆင့် အဟန့်အတားကို ချိုးဖျက်ရန် အမှန်တကယ်ပင် အထောက်အကူ ဖြစ်စေခဲ့သည်။
ဝမ်ပင်းသည် အားရှိပါးရှိဖြင့် အဆင့် ၁၀၀၀ ပေါ်သို့ တက်လှမ်းလိုက်သည်။ ခြေနှစ်ဖက်လုံးကို ခိုင်မြဲစွာ ချလိုက်သည်နှင့် တစ်ပြိုင်နက် ငရဲကျောက်ဆောင်ပေါ်တွင် တောက်လောင်နေသော မီးလျှံများက ဝမ်ပင်းဆီသို့ စီးဝင်လာတော့သည်။
"အားးး"
တစ်ကိုယ်လုံး အရည်ပျော်တော့မတတ် ပူလောင်လှသော ခံစားချက်ကြောင့် ဝမ်ပင်း၏ မျက်စိရှေ့တွင် အမှောင်ကျသွားပြီး အော်ဟစ်လိုက်မိသည်။
မီးလျှံများအားလုံး ဝမ်ပင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသောအခါ ထပ်ဆင့်မျှော်စင်မှာ ရုတ်တရက် တုန်ခါသွားပြီး ယွင်လန်တောင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ သိမ့်သိမ့်တုန်သွားတော့သည်။
မြေကျုံ့အတတ်မှာလည်း ရုတ်တရက် ပျက်ပြယ်သွားသဖြင့် မျက်လုံးနီဧရာမမျောက်ဝံကြီးသည် ထပ်ဆင့်မျှော်စင်ထဲမှ အရှိန်ဖြင့် လွင့်ထွက်သွားပြီး ယွင်လန်တောင်ခြေရှိ အိမ်ခြေ ခုနစ်လုံး၊ ရှစ်လုံးခန့်ကို ထိုးဖောက်ဝင်ရောက်ကာ တိုက်မိပြီးမှ ရပ်တန့်သွားတော့သည်။
မျောက်ဝံကြီးမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်သွားသော်လည်း ထောင်ချောက်ထဲမှ နောက်ဆုံးတွင် လွတ်မြောက်သွားသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူသည် အပျက်အစီးများကြားမှ ထရပ်ကာ "လွတ်ပြီဟေ့" ဟု အားရပါးရ အော်ဟစ်လိုက်သည်။
ထို့နောက် သူသည် အိမ်ထဲမှ လျင်မြန်စွာ ပြေးထွက်သွားပြီး လမ်းကြားထဲတွင် အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။
ဤအချိန်တွင် ဝမ်ပင်းမှာ မျက်လုံးနီမျောက်ဝံကြီးကို ဂရုစိုက်နိုင်စွမ်း မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တောက်လောင်နေသော မီးသွေးခဲတစ်ခဲကဲ့သို့ ဖြစ်နေပြီး အရေပြားတစ်ခုလုံး နီမြန်းနေသောကြောင့်ပင်။
ထိုခံစားချက်များ တဖြည်းဖြည်း လျော့ပါးသွားသောအခါ သူ၏ တစ်ကိုယ်လုံးမှာ အားအင်များ အကုန်အစင် ခမ်းခြောက်သွားသကဲ့သို့ ဖြစ်ကာ ဟန်ချက်ပျက်ပြီး ထပ်ဆင့်မျှော်စင်ပေါ်မှ လိမ့်ကျတော့မတတ် ဖြစ်သွားသည်။
"ဒါက..."
ဝမ်ပင်းသည် မြေကျုံ့အတတ်ကို ချက်ချင်း အသုံးပြုကာ ယွင်လန်တောင်ခြေသို့ တိုက်ရိုက် ဆင်းသက်လိုက်သဖြင့် လှေကားတစ်လျှောက် လိမ့်ကျမည့်ဘေးမှ ကင်းဝေးသွားသည်။
ထိုအချိန်တွင် ရေကြည်လမ်းမှ လူများက အပြင်သို့ ထွက်လာကြတော့သည်။
သူတို့မှာ မျက်လုံးနီမျောက်ဝံကြီး အိမ်နံရံများကို တိုက်မိသည့် အသံကို ကြားလိုက်ရခြင်းပင်။
"ငါ့အိမ် ဘာဖြစ်သွားတာလဲ"
"ဘယ်က အယုတ်တမာက ငါ့အိမ်ကို လာဖြိုတာလဲ"
ကျိန်ဆဲသံများနှင့်အတူ လူအုပ်ကြီးမှာ ပိုမိုစုရုံးလာကြသည်။
ဝမ်ပင်းသည် ထိုဆူညံမှုများကို သွားမကြည့်တော့ဘဲ စနစ်ကို တိုက်ရိုက် မေးလိုက်သည်။
"စနစ်... ဆုလာဘ်အဖြစ် ရတဲ့ ထူးခြားသွေးကြောက ဘာမျိုးလဲ"
"မီးဓာတ်ပါ"
"ငါးပါးဓာတ်ထဲက မီးလား"
"ဟုတ်ပါတယ် ဒါပေမဲ့ ဒါက သာမန်မီး မဟုတ်ဘူး။ ငရဲမီးပါ။ သူ့မှာ အပူချိန် မရှိပေမဲ့ မကောင်းဆိုးဝါးတွေကို လောင်မြိုက်နိုင်ပြီး ဝိညာဉ်တွေကို လောင်ကျွမ်းစေနိုင်သလို အရာအားလုံးကိုလည်း ပြာကျစေနိုင်ပါတယ်"
ဝိညာဉ်တွေကိုတောင် လောင်ကျွမ်းစေနိုင်တယ် ဟုတ်လား။
စနစ်၏ ရှင်းပြချက်ကို ကြားသောအခါ ဝမ်ပင်းမှာ ချက်ချင်းပင် ဝမ်းသာသွားသည်။
မည်သို့ပင်ဆိုစေ သူ နားလည်ထားသည်မှာ ဝိညာဉ်ကို လောင်မြိုက်ခြင်း၊ အရာအားလုံးကို ပြာကျစေခြင်းဆိုသည်မှာ မိစ္ဆာဝိညာဉ်ဓား၏ စွမ်းရည်ပင်။
စိတ်လှုပ်ရှားနေစဉ် ရေကြည်လမ်းမှ ဆူညံသံများ ပိုကျယ်လာသဖြင့် ဝမ်ပင်းသည် တောင်ပေါ်သို့ ပြန်တက်ရန် ပြင်လိုက်သည်။ သို့သော် သူ စတင်လှုပ်ရှားလိုက်သည်နှင့် သူ၏ခြေထောက်များမှာ အားမရှိသကဲ့သို့ ပျော့ခွေသွားပြီး တစ်ကိုယ်လုံး ယိုင်လဲကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။
ရင်ဘတ်ထဲတွင်လည်း ပူလောင်ကာ အသက်ရှူကျပ်သော ခံစားချက်ကြီး ပေါ်ပေါက်လာတော့သည်။
ဝမ်ပင်းက ချက်ချင်း မေးလိုက်သည်။
"စနစ်... ငါ ဘာဖြစ်နေတာလဲ"
စနစ်က ပြန်ဖြေသည်။
"ငရဲမီးနဲ့ အခုလေးတင် ပေါင်းစပ်လိုက်တာမို့ ခန္ဓာကိုယ်က အသားကျဖို့ လိုအပ်နေတာပါ။ အပြည့်အဝ ပြန်ကောင်းလာဖို့အတွက် နှစ်ပတ်ခန့်အနားယူဖို့ လိုအပ်ပါလိမ့်မယ်"
ဝမ်ပင်းသည် ဒူးတစ်ဖက်ထောက်လျက် အသက်ရှူရန်ပင် ခက်ခဲနေစဉ်မှာပင် ခြေသံများမှာ ရေကြည်လမ်းတစ်လျှောက် ဟိန်းထွက်လာတော့သည်။
မြင်းတစ်ကောင်၊ နှစ်ကောင်တည်း မဟုတ်ဘဲ ဆူညံလှသော မြင်းခွာသံများသည် လမ်းမပေါ်ရှိ လူများ၏ အသံများကိုပင် ဖုံးလွှမ်းသွားစေသည်။ လူအုပ်စုကြီး တစ်ခုလုံး ရောက်လာခြင်းဖြစ်ကြောင်း ဝမ်ပင်း သိလိုက်၏။
လူကို မမြင်ရသေးမီမှာပင် အော်ဟစ်သံများက အရင် ရောက်လာသည်။
"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ လာနေပြီ စည်းကမ်းမဲ့သူတွေကို ရှင်းလင်းမယ်... သက်ဆိုင်ခြင်းမရှိသူတွေ အမြန်ဖယ်ကြ"
ထိုဟိန်းထွက်လာသော အသံမှာ ရေကြည်လမ်း၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး လမ်းပေါ်ရှိ လူများကို လမ်းဘေးသို့ တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ယွင်လန်တောင်၏ တုန်ခါမှုကို သတိပြုမိကြသော ချင်ရှန်းနှင့် အခြားသူများသည်လည်း တောင်ခြေသို့ အပြေးအလွှား ဆင်းလာကြသည်။
လှေကားထစ်များပေါ်မှ ထိုအသံကို ကြားလိုက်ရသဖြင့် သူတို့၏ ခြေလှမ်းများကို ပိုမို အရှိန်မြှင့်လိုက်ကြ၏။
"ဂိုဏ်းချုပ်"
"ဂိုဏ်းချုပ်"
တောင်ခြေသို့ ရောက်သောအခါ ဝမ်ပင်းမှာ ဒူးတစ်ဖက်ထောက်လျက် အလွန်အမင်း အားနည်းနေသည်ကို မြင်လိုက်ရသဖြင့် သူတို့အားလုံး ဝိုင်းဝန်းကူညီ ဖေးမလိုက်ကြသည်။
ဘေးတွင် ရပ်နေသော ချင်ရှန်းမှာ မျက်နှာပျက်သွားပြီး "ဒါ... ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ ဥပဒေစိုးမိုးရေးအဖွဲ့ပဲ" ဟု ပြောလိုက်သည်။
ချင်မိုက "ဦးလေးချင်... ဥပဒေစိုးမိုးရေးအဖွဲ့ဆိုတာ ဘာလဲဟင်" ဟု မေးလိုက်သည်။
ချင်ရှန်းက "သခင်လေးကို ပြန်ပြောရရင်... အဲဒီအဖွဲ့က ဟွမ်လီမြို့မှာရှိတဲ့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ဌာနချုပ်ကနေ အထူးလေ့ကျင့်ပေးထားတဲ့အဖွဲ့ပဲ။ အဖွဲ့ဝင်မဟုတ်တဲ့ ကြယ်ပွင့်အဆင့်ဂိုဏ်းတွေကို ချေမှုန်းဖို့ သုံးတာ။ များသောအားဖြင့် ကြယ်နှစ်ပွင့်ဂိုဏ်းတွေကြားက ပဋိပက္ခတွေမှာပဲ ပါဝင်တတ်ပေမဲ့ သူတို့ တစ်ခါလှုပ်ရှားပြီဆိုရင် ရန်သူကို အပြတ်အသတ် ချေမှုန်းလေ့ရှိတယ်။ ကောလာဟလတွေအရတော့ အဖွဲ့ဝင်တိုင်းက အဆင့်နိမ့် နက်နဲသောအဆင့်မှာ နှစ်ရှည်လများ ကျင့်ကြံနေပြီး တိုက်ပွဲအတွေ့အကြုံ အရမ်းများတဲ့သူတွေပဲ။ အဆင့်တူချင်းဆိုရင် ယှဉ်နိုင်သူ မရှိသလောက်ပဲ" ဟု ပြန်ဖြေသည်။
ယွီမိုကလည်း "နက်နဲသောအဆင့် ကျင့်ကြံသူ ငါးယောက်တောင် တစ်ပြိုင်နက် လာတာလား တကယ့်ကို အကြီးအကျယ်ပဲ" ဟု ဖြည့်စွက်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရန်ရှီးမှာ မျက်နှာဖြူလျော်သွားပြီး ရန်လီလီ၏ လက်ကောက်ဝတ်ကို မသိစိတ်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိတော့သည်။
ထိုအချိန်တွင် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့သားများမှာ ရောက်ရှိလာခဲ့ကာ သူတို့သည် ကြီးမားသော အရှိန်အဟုန်ဖြင့် ဝမ်ပင်းတို့အဖွဲ့ရှေ့တွင် ရပ်တန့်လိုက်ကြသည်။
သို့သော် ဆွန်ဝူသည် ဝမ်ပင်းကို တိုက်ရိုက် မရင်ဆိုင်ဘဲ သူ၏လူများကို လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် တန်းစီခိုင်းလိုက်သည်။ ထို့နောက် လိုက်ပါလာသော လူအုပ်ကြီးကို ကြည့်ကာ ကြေညာလိုက်သည်။
"ငါတို့က... မဟာမိတ် ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်အရ ဆန်းဝူမြို့က မသေမျိုးဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့ ရောက်လာတာ သူတို့မှာ ခွင့်လွှတ်လို့မရတဲ့ အပြစ်ကြီး ၃ ခု ရှိတယ်။
ပထမဆုံး ရာဇဝတ်မှုကတော့... ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ မှီခိုရာဂိုဏ်းက အကြီးအကဲတွေ၊ စီမံခန့်ခွဲသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အပြစ်။
ဒုတိယအပြစ်ကတော့... မဟာမိတ် ဂိုဏ်းချုပ်ကြီးရဲ့ အရှိန်အဝါကို မလေးမစား စော်ကားမော်ကား လုပ်ခဲ့တဲ့အပြစ်။
နောက်ဆုံး တတိယအပြစ်ကတော့... တပည့်သစ် လက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေးအမြောက်အမြားကို လိမ်လည်တောင်းခံပြီး... ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ နာမည်နဲ့ ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့တဲ့ အပြစ်ပဲ။
ဟွမ်လီမြို့က လာတဲ့ နက်နဲသောအဆင့်ကျင့်ကြံသူ သုံးဦးရဲ့ သေချာ စုံစမ်းစစ်ဆေးချက်
အရ... ဒီပြစ်မှုတွေအားလုံးက မှန်ကန်ကြောင်း အတည်ပြုပြီးပြီ ဖြစ်လို့... ဒီနေ့ မသေမျိုးဂိုဏ်းကို အပြီးတိုင် ဖျက်ဆီးပစ်ရမယ်"
ဆွန်ဝူ၏ စကားအဆုံးတွင် လိုက်ပါလာသော လူထောင်ပေါင်းများစွာနှင့် မနေ့က ရေကြည်လမ်းတွင် ရှိနေခဲ့ကြသူများသည် ဆွန်ဝူ၏ ညာဘက်မှ လူသုံးဦးကို ကြည့်လိုက်ကြသည်။
ထိုသူ သုံးဦးစလုံးမှာ နက်နဲသောအဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိလိုက်ရသောအခါ လူအုပ်ကြီးမှာ တီးတိုး ဝေဖန်လာကြတော့သည်။
"မသေမျိုးဂိုဏ်းက တိုင်ကြားခံလိုက်ရတာကိုး"
"နက်နဲသောအဆင့် ကျင့်ကြံသူ သုံးယောက်တောင် စုံစမ်းစစ်ဆေးတာဆိုတော့ မသေမျိုးဂိုဏ်းက တကယ်ပဲ ကျင့်ကြံခြင်းလောကရဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာ နေမှာပါ"
"အံ့ဩစရာ မရှိပါဘူး။ စားသောက်ပြီး အပျော်အပါးပဲ မက်တဲ့သူက ဂိုဏ်းကို အုပ်ချုပ်နေတာဆိုတော့ ဒီလို ဖြစ်မှာပဲ"
...
ဆူညံသော ဝေဖန်သံများ ထွက်ပေါ်လာသည်။
မြောင်ယင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားပြီး "ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က ဘာလုပ်ချင်နေတာလဲ။ ဘာလို့ နက်နဲသောအဆင့် ငါးယောက်နဲ့ တိုက်ရိုက် မတိုက်တာလဲ" ဟု မေးလိုက်သည်။
ချင်ရှန်းက အေးစက်စွာ ပြန်ဖြေသည်။
"ဘာလို့လဲဆိုတော့ သူတို့က မသေမျိုးဂိုဏ်းကို သတ်ရုံတင် မဟုတ်ဘဲ နာမည်ပါ ဖျက်ဆီးချင်လို့ပဲ။ အခု ဒီလမ်းတွေပေါ်မှာ လူပေါင်းသောင်းနဲ့ချီ ရှိနေတယ်။ အဲဒီလူတွေရဲ့ နှုတ်ဓားတွေကို သူတို့ အသုံးချချင်နေတာ။ မြို့တစ်မြို့လုံးက ဝိုင်းပြီး ရှုတ်ချလာရင် သူတို့ ကိုယ်တိုင် လက်မပါရင်တောင် ဆန်းဝူမြို့သားတွေက မသေမျိုးဂိုဏ်းကို နှင်ထုတ်ကြလိမ့်မယ်။ ဒါဆိုရင် မသေမျိုးဂိုဏ်းအတွက် ခိုလှုံစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး။ ငါတို့ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ဒီလူထောင်ပေါင်းများစွာကို သတ်လို့ မရဘူးလေ။ ဒါဟာ ပြည်သူ့သဘောထားရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ"