← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း။ ၁၃၇

"တကယ့်ကို ယုတ်မာလွန်းတာပဲ"

မြောင်ယင်းက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထိုစဉ် ဆွန်ဝူ၏ စကားများကြောင့် ဆန်းဝူမြို့၏ လမ်းမများပေါ်မှလည်းကောင်း လမ်းဘေးတည်းခိုခန်း ပြတင်းပေါက်များမှလည်းကောင်း ကျိန်ဆဲသံများ ထွက်ပေါ်လာတော့သည်။

"မသေမျိုးဂိုဏ်း... ဆန်းဝူမြို့ကနေ ထွက်သွား"

"မင်းတို့လို အရှက်မရှိတဲ့ဂိုဏ်းမျိုး တစ်ခါမှမမြင်ဖူးဘူး"

"ဂိုဏ်းတစ်ခုက အသုံးမကျရင်နေမယ်။ ငါတို့ကို မကူညီရင်လည်းနေမယ်။ ဒါပေမဲ့ ဘာလို့ လူတွေကို လိမ်ညာရတာလဲ။ နာမည်ကြီးချင်တဲ့ လူယုတ်မာတွေ"

...

ကျိန်ဆဲသံများက ပို၍ကျယ်လောင်လာပြီး အချို့မှာ ပစ္စည်းများဖြင့်ပင် စတင်ပေါက်ကြတော့သည်။ ဆန်းဝူမြို့၏ မူလနေထိုင်သူများက ဝမ်ပင်းအတွက် ပြန်လည်ရှင်းပြပေးလိုသော်လည်း သူတို့၏အသံများမှာ ခြင်ကိုက်သံလောက်သာရှိသဖြင့် မည်သူမျှ သတိမထားမိကြပေ။

ချင်ရှန်းမှာ နက်နဲသောအဆင့်ရှိသော်လည်း သာမန်လူများစွာ ပစ်ပေါက်နေသည့် ပစ္စည်းများကို ရှောင်ရှားရုံမှလွဲ၍ ဘာမျှမတတ်နိုင်သလို ပြန်လည်တုံ့ပြန်ရန်လည်း နည်းလမ်းမရှိပေ။

"ဒါဆို... ဒီလူတွေ အားလုံးကို ငါတို့က သတ်ပစ်ရမှာလား။

ဘယ်သူကမှ ထိုမျှအထိ မရက်စက်နိုင်သလို... တကယ်လို့သာ ငါတို့ဘက်က ပြန်ပြီး ခုခံတိုက်ခိုက်မိရင်လည်း သူတို့ရဲ့ စွပ်စွဲချက်တွေက အမှန်တကယ်ပဲ ဖြစ်နေသလိုမျိုး... အပြင်လူတွေ ထင်မှတ်သွားစေလိမ့်မယ်"

အခြေအနေကို ကြည့်ရင်း မြောင်ယင်းက ဝမ်ပင်းထံ အမြန်အကူအညီတောင်းလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... အခု ကျွန်မတို့ ဘာလုပ်ကြမလဲ"

ဝမ်ပင်းသည် သူ့ကို တွဲထားသောလက်ကို ဖယ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ သူ၏ဘေးနားသို့ စာအုပ်များနှင့် လက်ဖက်ရည်ခွက်များ လွင့်စင်ကျလာသော်လည်း သူက ဂရုမစိုက်ဘဲ ဆွန်ဝူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"တစ်စုံတစ်ယောက်ကို အကွက်ဆင်ပြီး စွပ်စွဲချင်တယ်ဆိုရင် အကြောင်းပြချက်တွေ ရှာနေဖို့ လိုသေးလို့လား။ အကယ်၍ ကျွန်တော်က တကယ်ပဲ အပြစ်ရှိတယ်ဆိုရင် သက်သေပြစမ်းပါ။ သိတယ်လို့ ပြောနေတဲ့ လူတစ်ယောက်ရဲ့ သတင်းပေးချက်က သက်သေဖြစ်နိုင်လို့လား"

ဝမ်ပင်း၏ စကားကို ကြားသောအခါ ဆွန်ဝူ၏ ညာဘက်တွင် ရပ်နေသော လူလတ်ပိုင်းအမျိုးသားက သူ၏နောက်မှ လူများ၏ အော်ဟစ်ကျိန်ဆဲသံများကို ရပ်တန့်ရန် လက်မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။

"ငါက ဟွမ်လီမြို့က စူးပုပိုင်ပါ။ ငါ့ဘေးက နှစ်ယောက်ကလည်း ဟွမ်လီမြို့ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ စီမံခန့်ခွဲသူတွေပဲ။ နှစ်ယောက်လုံးက နက်နဲသောအဆင့်တွေပဲ။ အကယ်၍ ဒီနေရာက လူတိုင်းက ငါတို့လို နက်နဲသောအဆင့် ရှိတဲ့သူ သုံးယောက်ဟာ ကြယ်ပွင့်အဆင့်တောင်မရှိတဲ့ ဂိုဏ်းတစ်ခုက လူတစ်ယောက်ကို အကွက်ဆင်ဖို့ ဆန်းဝူမြို့အထိ အချိန်ကုန်ခံ လာကြလိမ့်မယ်လို့ ထင်နေရင်တော့ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ"

ပြောပြီးနောက် စူးပုပိုင်သည် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။

ဝမ်ပင်းက ဘာမှရှင်းပြမနေဘဲ လူငယ်သဘာဝ စိတ်လိုက်မာန်ပါ တိုက်ခိုက်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းပင်။

သို့သော် ဝမ်ပင်း၏ တုံ့ပြန်မှုက သူ့ကို ပို၍ပင် ကျေနပ်စေသည်။ ဝမ်ပင်းတွင် အစီအစဉ်လည်းမရှိ၊ တိုက်ရိုက်ခုခံရဲသည့် သတ္တိလည်းမရှိသဖြင့် သူခေါ်လာသော နက်နဲသောအဆင့် ကျင့်ကြံသူ နှစ်ယောက်၏ အရှိန်အဝါကို ဝမ်ပင်း အလဟဿ ဖြစ်စေခဲ့သည်။

စူးပုပိုင်၏ စကားအဆုံးတွင် လူအုပ်ကြီးက ထပ်မံ ကျိန်ဆဲကြပြန်သည်။

စူးပုပိုင်က ဆူညံသံများကို တစ်ဖန်ပြန်လည် တားမြစ်လိုက်သောအခါ ဝမ်ပင်းက ပြောလိုက်

သည်။

"ခင်ဗျား ပြောချင်တာက... ခင်ဗျားတို့ရဲ့ အဆင့်အတန်းကပဲ သက်သေဖြစ်တယ်လို့ ဆိုလိုတာလား"

စူးပုပိုင်က ပြုံးရင်း ပြန်ဖြေသည်။

"ဒါပေါ့"

"ကောင်းပြီလေ"

ဝမ်ပင်းက လက်ခုပ်တီးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ သူ၏နောက်က လူများကို လှမ်းအော်လိုက်သည်။

"ဟွမ်ယီ... ထွက်ခဲ့စမ်း ပြီးတော့ လူတိုင်းကို မင်း ဘယ်သူလဲဆိုတာ ပြောပြလိုက်"

ဝမ်ပင်း၏ ဤစကားကြောင့် ဆွန်ဝူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

ဟွမ်ယီဆိုသည့် နာမည်ကို ကြားသည်နှင့် သူသည် စူးပုပိုင်၏ နားနားသို့ ကပ်ကာ အလျင်အမြန် သတိပေးရန် ကြိုးစားသော်လည်း စူးပုပိုင်က လျစ်လျူရှုထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ထိုနာမည်ကို ဟွမ်ခုန်းနှင့် မဆက်စပ်မိသောကြောင့်ပင်။

ဟွမ်ယီသည် ဝမ်ပင်း၏ နောက်သို့ လျှောက်လာသောအခါ ဆန်းဝူမြို့ လမ်းမပေါ်ရှိ လူအားလုံး၏ အကြည့်မှာ သူမထံသို့ ရောက်ရှိလာကြသည်။

"ဒီကောင်မလေးက ဘယ်သူလဲ"

"ဟန်ပြ ခေါ်ထားတာ နေမှာပါ"

...

ဟွမ်ယီက စပြောလိုက်သည်။

"ကျွန်မနာမည် ဟွမ်ယီပါ။ ကျွန်မအဖေက မိစ္ဆာစားဖိုမှူး ဟွမ်ခုန်း ဖြစ်ပါတယ်။ ကျွန်မမှာ မွေးစားအဖေ နှစ်ယောက် ရှိတယ်။ ပထမတစ်ယောက်ကတော့... ဟွမ်လီမြို့တော်ဝန်၊ အလယ်အလတ် နက်နဲသောအဆင့် ကျင့်ကြံသူ လော့ဟဲပါ။ ဒုတိယတစ်ယောက်ကတော့... ချင်းခုန်းတောင်ရဲ့ ဂိုဏ်းချုပ်၊ အလယ်အလတ် နက်နဲသောအဆင့် ကျင့်ကြံသူ ဝမ်လီချင်းပါပဲ ကျွန်မရဲ့ အဆင့်အတန်းကတော့ သိပ်မမြင့်ပါဘူး။ အဖေနဲ့အတူ ဟိုဟိုဒီဒီ လျှောက်သွားနေတဲ့သူ တစ်ယောက်ပါပဲ"

ဟွမ်လီမြို့တော်ဝန်အကြောင်းကို လူတိုင်းသိကြသော်လည်း သာမန်လူများသည် ချင်းခုန်းတောင်အကြောင်းကို သိသူ နည်းပါးသည်။ သို့သော် ကျင့်ကြံခြင်းလောကတွင်မူ ၎င်းမှာ ပျံသန်းနေသောငါးကျွန်း၊ အစွန်းရောက်တောင် တို့နှင့်အတူ အရှေ့အိုင်၏ ထိပ်သီးအင်အားစုကြီး ၃ ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။

ဟွမ်ယီ၏ စကားအဆုံးတွင် စူးပုပိုင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။

လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ဝမ်ပင်းက ဆက်ပြောလိုက်သည်။

"လူကြီးမင်းတို့... ကျွန်တော်က ဒီလိုမိန်းကလေးမျိုးဆီကနေ ငွေတွေကို လိမ်ယူရဲတယ်လို့ ခင်ဗျားတို့ တကယ်ပဲ ထင်နေကြတာလား။ အကယ်၍ ခင်ဗျားတို့က သူမရဲ့ အထောက်အထားက အတုပါလို့ ပြောချင်သေးရင်လည်း ဆက်ပြောနိုင်ပါတယ်။ မိစ္ဆာစားဖိုမှူး ဟွမ်ခုန်းက အခု ဆန်းဝူမြို့ထဲမှာပဲ ရှိနေတယ်။ ဒီကိုလည်း လာနေလောက်ပြီ... ခင်ဗျားတို့ သူ့နာမည်ကိုတော့ ကြားဖူးကြမှာပါ..."

စူးပုပိုင်မှာ ဆွံ့အသွားတော့သည်။

စူးပုပိုင်တစ်ယောက် ဆွံ့အသွားသည်ကို မြင်သောအခါ ကြည့်ရှုနေကြသူများမှာ အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"တကယ်ပဲလား ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ နက်နဲသောအဆင့် စီမံခန့်ခွဲသူရဲ့ အမူအရာကိုကြည့်ရတာ... ဒီမိန်းကလေးက တကယ်ပဲ မိစ္ဆာစားဖိုမှူး ဟွမ်ခုန်းရဲ့ သမီးလားမသိဘူး"

"ဒါသာ အမှန်ဆိုရင်တော့ မသေမျိုးဂိုဏ်းက ရွှေဒင်္ဂါးတစ်ထောင်လောက် လိမ်ဖို့အတွက်နဲ့ သူတို့ကိုယ်သူတို့ အသေခံမယ့်အထိ မိုက်မဲမှာမဟုတ်ဘူး မဟုတ်လား"

"မဖြစ်နိုင်တာပဲ သူမရဲ့ မွေးစားအဖေတွေက ဘယ်လောက်တောင် အစွမ်းထက်လဲ ခင်ဗျားတို့ ကြားလိုက်တယ်မလား။ အခုတော့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က သူတို့ရဲ့ အဆင့်အတန်းနဲ့ အမှန်တရားကို လိမ်ညာဖို့ ကြိုးစားခဲ့ရာကနေ အရှက်ကွဲရတော့မယ့် အခြေအနေပဲ"

သူ၏နောက်ကွယ်မှ တိုးတိုးဖော်ဖော် ပြောသံများကြောင့် စူးပုပိုင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သို့သော် သူသည် ဤအစီအစဉ်ကို ဆက်လက်တွန်းအားပေးရမည်ပင် မဟုတ်ပါက တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

စူးပုပိုင်က ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဒါတော့ ဒါပေါ့ ဒီဘက်ခေတ်မှာ သူခိုးတွေက ရွှေဒင်္ဂါးတစ်ပြားအတွက်တောင် လူသတ်နေကြတာပဲ။ တစ်ချို့ဆိုရင် ငွေအတွက် ဒီထက်မကတာတွေတောင် လုပ်ရဲကြမှာပဲ"

ဝမ်ပင်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ခေါ်လိုက်သည်။

"ချင်မို... ဒီမှာရှိနေတဲ့ လူအားလုံးကို မင်းက ဘယ်သူလဲဆိုတာ ပြောပြလိုက်စမ်း"

ချင်မိုသည် သူ၏အလှည့်ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်နှင့် အထင်ကြီးစရာဖြစ်အောင် ဝမ်ပင်း၏ဘေးမှနေ၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရှေ့သို့ ခုန်ထွက်လိုက်ပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ဝင်များရှေ့တွင် အေးအေးလူလူ လမ်းလျှောက်ပြလိုက်သည်။

နောက်ဆုံးတွင် သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ငါက ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား"

"မင်း ဘယ်သူလဲဆိုတာ ငါတို့ ဂရုမစိုက်ဘူး"

စူးပုပိုင်က စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်ပြီး သူ၏ဘေးမှ လမ်းလျှောက်နေသော ချင်မိုကို ကြည့်ကာ "မသေမျိုးဂိုဏ်းအပေါ် စွပ်စွဲချက်တွေက အမှန်ပဲ။ အချိန်မရှိတော့ဘူး... အားလုံး ငါနဲ့အတူလိုက်ခဲ့ကြ။ ဒီကျင့်ကြံခြင်းလောကရဲ့ အဖျက်အမှောင့်တွေကို ဆန်းဝူမြို့ကနေ အရှေ့အိုင်ကနေ ဖယ်ရှားပြီး သန့်စင်တဲ့ လောကတစ်ခုကို ပြန်လည် တည်ဆောက်ကြစို့"

ဝူး

ချင်မိုက သူ၏လက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး ရွှေရောင်အမိန့်တော်ပြားတစ်ခုကို ထုတ်ပြလိုက်သည်။

၎င်းပေါ်တွင် ရေးထွင်းထားသည်မှာ ပျံသန်းနေသောငါးကျွန်းပင်။

ရိုးရှင်းသော စာလုံးသုံးလုံးမျှသာ ဖြစ်သော်လည်း ထိုရွှေရောင်တံဆိပ်ကြောင့် စူးပုပိုင်နှင့် အခြားသူများမှာ ထိတ်လန့်တကြား နောက်ဆုတ်သွားကြပြီး ချင်မိုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြတော့သည်။

ပျံသန်းနေသောငါးကျွန်းတွင် နက်နဲသောအဆင့် ကျင့်ကြံသူများသည် အနက်ရောင်အမိန့်တော်ပြားကို အသုံးပြုကြသော်လည်း ကျွန်းပိုင်ရှင်သာလျှင် ရွှေရောင်အမိန့်တော်ပြားကို အသုံးပြုခွင့်ရှိသည်။

သို့သော် ချွင်းချက်တစ်ခုတော့ ရှိကာ အနာဂတ်တွင် ကျွန်းပိုင်ရှင်ဖြစ်လာမည့်သူသည်လည်း ရွှေရောင်အမိန့်တော်ပြားကို အသုံးပြုနိုင်သည်။

"မဖြစ်နိုင်တာ"

"ဒါ... ဒါ ဘယ်လိုလုပ်ပြီး..."

ဆွန်ဝူနှင့် စူးပုပိုင်တို့မှာ မသိစိတ်မှ ရေရွတ်လိုက်မိကြသည်။

ဆန်းဝူမြို့ လမ်းမပေါ်ရှိ လူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွေးနွေးမှုလှိုင်းသစ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ လူတိုင်းက ချင်မိုကို သံသယများစွာဖြင့် စိုက်ကြည့်နေကြ၏။

"သူက ဘယ်သူလဲ"

"ခင်ဗျား သိလား"

"သူက ဟွမ်ခုန်းရဲ့ ဒုတိယသားလား"

ဆွေးနွေးငြင်းခုံမှုများနှင့် ခန့်မှန်းချက်များကြားတွင် ချင်မိုသည် ဇာတ်ညွှန်းအတိုင်း ဖြစ်နေပြီဟု ခံစားလိုက်ရသဖြင့် ပြုံးရင်း ပြောလိုက်သည်။

"ငါက ပျံသန်းနေသောငါးကျွန်း ကျွန်းပိုင်ရှင်ရဲ့ သားအကြီးဆုံး ချင်မိုပဲ။ ချင်မျိုးနွယ်စုရဲ့ ဆက်ခံသူပေါ့။ ငါ့ရဲ့ အဆင့်အတန်းက မသေမျိုးဂိုဏ်းရဲ့ နာမည်ကို သန့်ရှင်းစေဖို့ လုံလောက်ရဲ့လား ဒါမှမဟုတ် အဆင့်နိမ့် နက်နဲသောအဆင့်က ခင်ဗျားတို့ ငါးယောက်က ငါ့ထက် အဆင့်မြင့်တယ်လို့ ပြောချင်တာလား"

ချင်မို၏ စကားအဆုံးတွင် စူးပုပိုင် ပြန်မပြောနိုင်သေးမီ လမ်းမပေါ်မှ အသံများ သူ၏နားထဲသို့ ရောက်လာပြန်သည်။

"ပျံသန်းနေသောငါးကျွန်း ကျွန်းပိုင်ရှင်ရဲ့ သားပဲ"

"ဘုရားရေ... ဒီလိုလူမျိုးက မသေမျိုးဂိုဏ်းထဲကို ဝင်ထားတာလား"

"ဒီလောက် ဩဇာကြီးတဲ့သူ ရှိနေမယ်လို့ မထင်ထားဘူး..."

"ဒါကိုကြည့်ရင် မသေမျိုးဂိုဏ်းက လိမ်ညာနေတယ်ဆိုတာ ငါ ဘယ်လိုယုံနိုင်တော့မှာလဲ။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တောင် ကျွန်းပိုင်ရှင်ရဲ့ သားကို လိမ်ရဲမှာ မဟုတ်ဘူး"

ထိုစကားများကို ကြားသောအခါ ဝမ်ပင်းက ပြုံးလိုက်ပြီး ချင်မိုကို ပြောလိုက်သည်။

"ချင်မို... ပြန်လာခဲ့တော့"

"ဟုတ်ကဲ့ ဂိုဏ်းချုပ်"

ပိုပြီး အထင်ကြီးစရာကောင်းအောင် ချင်မိုက ခေါင်းငြိမ့်ပြပြီး နာခံမှုရှိရှိဖြင့် ပြန်ဆုတ်လာခဲ့သည်။ သူ၏စိတ်ထဲတွင် မီးတောက်သိုင်းကွက်ကိုသာ အခုပြလိုက်ရင် ပိုပြီး လန်းသွားမလားဟု တွေးနေမိသည်။

ချင်မို၏ နာခံမှုရှိသော အပြုအမူကို လူအုပ်ကြီးက မြင်လိုက်ရသောအခါ စူးပုပိုင်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော်သွားပြီး ဘေးမှကြည့်နေသူများမှာလည်း ဇဝေဇဝါဖြင့် ဆွံ့အကုန်ကြသည်။

"ပျံသန်းနေသောငါးကျွန်း ကျွန်းပိုင်ရှင်ရဲ့ သားက တကယ့်ကို တပည့်လေးတစ်ယောက်လိုပဲ... ဝမ်ပင်း ခေါ်လိုက်တဲ့အတိုင်း အပြေးအလွှား ရောက်လာပြီး ခိုင်းတဲ့အတိုင်း ငြိမ်ငြိမ်လေး ပြန်သွားခဲ့တာ။

ဒါက... ဟွမ်လီမြို့က ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ အဆင့်မြင့်စီမံခန့်ခွဲသူ သုံးယောက်

တောင်မှ လုံးဝ မလုပ်နိုင်တဲ့အရာ မဟုတ်ဘူးလား"

အံ့အားသင့်နေကြစဉ်မှာပင် ဝမ်ပင်းသည် စူးပုပိုင်အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ပြောလိုက်သည်။

"အဆင့်အတန်းက သက်သေဖြစ်နိုင်တယ်ဆိုရင်... ကျွန်တော့်တပည့်နှစ်ယောက်ရဲ့ အဆင့်အတန်းက လုံလောက်ပြီ မဟုတ်လား"

စူးပုပိုင်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

သူ့နောက်ကွယ်မှ အသံများမှာ မသေမျိုးဂိုဏ်းဘက်သို့ ယိမ်းနေသည်ကို ကြားလိုက်ရသဖြင့် သူ စတင် ထိတ်လန့်လာတော့သည်။

"ဟွမ်ယီနဲ့ ချင်မိုတို့ မသေမျိုးဂိုဏ်းထဲ ဝင်ထားမှန်းသာ ငါကြိုသိခဲ့ရင်... ဒီအစီအစဉ်ကို ဘယ်လိုမှ လုပ်ခဲ့မှာ မဟုတ်ဘူး။ အခုတော့... တကယ်ကို ကိုယ့်တွင်းကိုယ်ပြန်တူးမိသလို ဖြစ်သွားပြီ။

အခုအချိန်မှာ ငါ့အတွက် နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘဲ အင်အားသုံးပြီး အသေအလဲ တိုက်ခိုက်ဖို့ လမ်းတစ်လမ်းပဲ ကျန်တော့တယ်။ လူတိုင်းက မသေမျိုးဂိုဏ်းမှာ အပြစ်မရှိဘူးဆိုတာကို လုံးဝ မယုံကြည်သွားခင် ငါ ဘာပဲဖြစ်ဖြစ် တစ်ခုခုကို အမြန်ဆုံး လုပ်မှဖြစ်တော့မယ်"

အခန်း။ ၁၃၈

ဝမ်ပင်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တာဝန်သတ်မှတ်ချက်ဘောင်မှာ ရုတ်တရက် ပေါ်လာသည်။ ဝမ်ပင်း တစ်ချက်ကြည့်လိုက်ရာ လူဦးရေဂဏန်းများမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်ကို တွေ့လိုက်ရ၏။

နောက်ဆုံးတွင် ၁၉၃၂၂/၁၀၀၀၀၀ ဟူသော ဂဏန်းတွင် ရပ်တန့်သွားသည်။

စကားအနည်းငယ် ပြောလိုက်ရုံမျှဖြင့် လူကိုးထောင်ခန့် တိုးလာခြင်းပင်။

လူတစ်သိန်းပြည့်ရန် အဝေးကြီး လိုနေသေးသော်လည်း ဤပြဇာတ်မှာ ယခုမှ စတင်ရုံသာ ရှိသေးသည်။

ထိုအချိန်မှာပင် ဝမ်ပင်းသည် ရင်ဘတ်ထဲမှ စူးအောင့်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ငရဲမီးများသည် သူ၏ နှလုံးသားကို ဝါးမြိုပြီး ပြောင်းလဲပစ်နေသကဲ့သို့ ခံစားနေရ၏။ နာကျင်မှုနှင့်အတူ ပူနွေးသော သွေးတစ်လုတ်မှာလည်း ပါးစပ်ထဲသို့ ဆန်တက်လာတော့သည်။

ဝမ်ပင်းသည် ချက်ချင်း နောက်လှည့်လိုက်ပြီး ထိုသွေးများကို အတင်းအကြပ် ပြန်မျိုချလိုက်သော်လည်း သွေးအချို့မှာ သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာခဲ့သည်။

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား"

ရန်လီလီနှင့် အခြားသူများမှာ ဝမ်ပင်းကို ကူညီဖေးမရန် အပြေးအလွှား ရောက်လာကြသည်။

ဝမ်ပင်းက ခေါင်းခါပြကာ ဖြူလျော်သော အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း "ငါ အဆင်ပြေပါတယ်။ လီလီ... မင်းတို့အားလုံး ယွင်လန်တောင်ပေါ်ကို အမြန်ပြန်တက်ကြတော့" ဟု ပြောလိုက်သည်။

ရန်လီလီက ချက်ချင်းပင် "ဘာလို့လဲ ဂိုဏ်းချုပ်" ဟု မေးမိသည်။

"မင်းတို့ရဲ့ ခွန်အားက နက်နဲသောအဆင့်ရှေ့မှာဆိုရင် ဘာမှမဟုတ်ဘူး။ ဒီလူတွေက မိန်းကလေးငယ်လေးတွေကိုတောင် ပြန်ပေးဆွဲရဲတဲ့သူတွေ သူတို့ မလုပ်ရဲတာ ဘာမှမရှိဘူး"

ရန်လီလီက ခေါင်းငြိမ့်ကာ ဝမ်ပင်း၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် ကျောက်ချင်းနှင့် အခြားသူများကို စုစည်းကာ တောင်ပေါ်သို့ အမြန်ပြေးတက်သွားကြတော့သည်။

ယွီမိုက ဘေးမှရပ်ကာ "ကောင်လေး... ဒီမှာ သာမန်လူတွေ အများကြီး ရှိနေတာနော်။ ငါတို့ နက်နဲသောအဆင့် ပညာရှင် ခုနစ်ယောက်သာ တိုက်ပွဲစလိုက်ရင် ဖြစ်လာမယ့် ပျက်စီးဆုံးရှုံးမှုက မြို့ပြင်မှာ သားရဲတွေ နင်းခြေတာထက် မနည်းဘူး ဖြစ်သွားလိမ့်မယ်" ဟု သတိပေးလိုက်သည်။

"မင်းတို့ လှုပ်ရှားဖို့ မလိုပါဘူး ငါ အချိန်မဖြုန်းချင်တော့ဘူး"

ထိုသို့ပြောလိုက်စဉ်မှာပင် နောက်ထပ် ပူနွေးသော သွေးတစ်လုတ်မှာ သူ၏ပါးစပ်ထဲသို့ ထပ်မံ ဆန်တက်လာပြန်သည်။ ဝမ်ပင်းက အလျင်အမြန် ပြန်မျိုချသော်လည်း မရဘဲ နှုတ်ခမ်းထောင့်မှ စီးကျလာမြဲ ဖြစ်သည်။

၎င်းကို မြင်သောအခါ ယွီမိုနှင့် အခြားသူများက ဝမ်ပင်းကို ကူညီရန် လာသော်လည်း ဝမ်ပင်းက ငြင်းပယ်လိုက်ပြီး မိစ္ဆာဝိညာဉ်ဓားကို အမိန့်ပေးလိုက်သည်။

"အဲဒီ နက်နဲသောအဆင့် ငါးယောက်လုံးကို သတ်ပစ်……"

ဤစကားကို ကြားသောအခါ စူးပုပိုင်မှာ မသိမသာ ကျေနပ်သွားသည်။ အခြေအနေကို ဖြေရှင်းရန် နည်းလမ်းရှာနေစဉ်မှာပင် မသေမျိုးဂိုဏ်း ဂိုဏ်းချုပ်က သူ့အတွက် လမ်းဖွင့်ပေးလိုက်ခြင်းပင်။

စူးပုပိုင်က ချက်ချင်းပင် အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဒီမှာ သာမန်လူတွေ အများကြီးရှိနေတာကို ခင်ဗျားက နက်နဲသောအဆင့် တိုက်ပွဲကို စချင်တာလား။ သူတို့ကို အသက်မရှင်စေချင်တော့ဘူးလား။ ဒါမှမဟုတ် ခင်ဗျားမှာ ထူးကဲတဲ့ ဆေးပညာရှိပါလျက်နဲ့ ဆန်းဝူမြို့က အကြီးအကဲ မိုယွီကို ကယ်ဖို့ ငြင်းဆန်ခဲ့တုန်းကလိုပဲ ဆန်းဝူမြို့သားတွေကို သေစေချင်နေတာလား"

"ခင်ဗျားသာ ရက်စက်မနေခဲ့ရင် ဆရာကြီး မိုယွီ သေမှာမဟုတ်ဘူး။ ဆရာကြီး မိုယွီသာ ရှိနေရင် မြို့ပြင်က သားရဲအုပ်ကြီးက ဘယ်လိုလုပ်ပြီး ရုတ်တရက် ဝိုင်းရံနိုင်မှာလဲ။ ဆရာကြီး မိုယွီသာ ရှိနေရင် သူတစ်ယောက်တည်းနဲ့တင် သားရဲအုပ်ကို ဟန့်တားနိုင်မှာမို့လို့ မြို့ပြင်က လူတွေ တစ်ညတည်းနဲ့ သားရဲတွေရဲ့ အစာဖြစ်သွားရမှာ မဟုတ်ဘူး"

ဆွန်ဝူက ချက်ချင်း ဝင်ထောက်လိုက်သည်။

စီကုန်းပိုင်ကလည်း ဆက်ပြောသည်။

"အခုလည်း သာမန်လူတွေ ဒီလောက်ရှိနေတဲ့ရှေ့မှာ နက်နဲသောအဆင့် တိုက်ပွဲကို စချင်နေပြန်ပြီ။ ဒီမှာ လူသောင်းနဲ့ချီ ရှိနေတာ တိုက်ပွဲသာဖြစ်ရင် အနည်းဆုံး တစ်ဝက်လောက် သေကုန်ကြလိမ့်မယ်။ ခင်ဗျား ဘာကို ရည်ရွယ်နေတာလဲ"

သူတို့သုံးယောက်က တစ်ယောက်တစ်လှည့် ပြောဆိုလိုက်သောအခါ ကြည့်ရှုနေသူများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။

"မိုယွီက ဆန်းဝူမြို့မှာ တကယ်ပဲ သေသွားတာလား"

"ဒါ... ဒါဆိုရင် မိုယွီသာ ရှိနေရင် ဒီဘေးဒုက္ခကနေ လွတ်နိုင်တာပေါ့"

"မသေမျိုးဂိုဏ်းက လူလိမ်တွေ မဟုတ်ရင်တောင် သူတို့ရဲ့ စိတ်ထားက အရမ်းရက်စက်လွန်းတာပဲ။ ကယ်နိုင်ပါလျက်နဲ့ မကယ်ခဲ့ဘူးဆိုတော့..."

ဆူညံသံများကြားတွင် ဝမ်ပင်းသည် ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့၏ လှုံ့ဆော်မှုများကို ဂရုမစိုက်တော့ဘဲ မျက်စိမှိတ်ကာ မိစ္ဆာဝိညာဉ်ဓားကို ထပ်မံ အမိန့်ပေးလိုက်သည်။

"တစ်ယောက်မှ အလွတ်မပေးနဲ့"

ဝုတ်..ဝုတ်….

မိစ္ဆာဝိညာဉ်ဓား၏ ရယ်မောသံမှာ ဟိန်းထွက်သွားသည်။

ထပ်ဆင့်မျှော်စင်ပေါ်တွင် အစောပိုင်းက ဝပ်နေသော တောင်စောင့်ခွေးသည် မတ်တပ်ထရပ်လိုက်ရာ တစ်ကိုယ်လုံးတွင် မီးလျှံများ တောက်လောင်လာတော့သည်။

၎င်းက ရှေ့သို့ တိုးလာသည်နှင့်အမျှ ၎င်း၏နောက်ကွယ်တွင် အပြာရောင်မီးလျှံများ စုစည်းလာပြီး အပြာရောင်မီးလျှံများ ဝန်းရံထားသည့် အရိုးဖြူလက်တစ်ဖက် ပေါ်ထွက်လာသည်။ ထို့နောက် မျက်လုံးမရှိသော်လည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည့် ဦးခေါင်းခွံကြီး တစ်ခု ပေါ်လာတော့သည်။

ရေကြည်လမ်းတစ်ခုလုံး ဆူညံသွား၏။

"အရိုးစု သရဲတစ္ဆေကြီးပါလား"

"နက်နဲသောအဆင့်တိုက်ပွဲ စပြီဟေ့... အမြန်ပြေးကြ"

"ဂိုဏ်းချုပ်ဝမ်က ငါတို့အသက်တွေကို တကယ်ပဲ ဂရုမစိုက်ဘဲ နက်နဲသောအဆင့် တိုက်ပွဲကို တိုက်ရိုက်စလိုက်လိမ့်မယ်လို့ မထင်ထားဘူး"

ကြည့်ရှုနေသူများမှာ တစ်ပြိုင်နက်တည်း အော်ဟစ်ကာ လူအုပ်ကြီးမှာ ပရမ်းပတာ ထွက်ပြေးကြတော့သည်။

ဆွန်ဝူသည် မိစ္ဆာဝိညာဉ်ဓား၏ လက်ထဲမှ သံခြေချင်းကို မြင်လိုက်ရသောအခါ ၎င်းမှာ ထိုနေ့က သူ့ကို ယွင်လန်တောင်ပေါ်မှ လွှင့်ပစ်ခဲ့သည့် အရာဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။ သူ၏ မျက်နှာမှာ ပျက်သွားပြီး "အဲဒီ သံကြိုးကို သတိထားကြ အဲဒါက ထူးခြားတဲ့ အရာပဲ။ အဖမ်းမခံစေနဲ့... အဆင့်နိမ့် နက်နဲသောအဆင့်ရဲ့ ခွန်အားနဲ့တောင် ရုန်းထွက်လို့ မရဘူး" ဟု သတိပေးလိုက်သည်။

"ဒီလို ရတနာမျိုး ရှိနေတာလား"

စူးပုပိုင်သည် သူ၏ သွေးကြောတံခါးကို ချက်ချင်း ဖွင့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်

လိုက်သည်။

"အဲဒီအရာကို ငါ လိုချင်တယ်"

ရှူး

အနီရောင် သံကြိုးမှာ လေကိုခွဲကာ တိုက်ရိုက် ဝေ့ယမ်းလာသည်။

၎င်းကို မြင်သောအခါ စူးပုပိုင်သည် နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မပြုပေ။ သူ၏ သွေးကြောတံခါးမှာ တုန်ခါသွားပြီး လက်စွပ်အတွင်းမှ ပျံလွှားဓားမြှောင်တစ်လက်မှာ သူ၏လက်ထဲသို့ ရောက်ရှိလာကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

ဤ ပျံလွှားဓားမြှောင်၁၀ လက်ကို အရှေ့အိုင်ပြင်ပမှ လက်နက်သွန်းလုပ်ရေး ဆရာကြီးတစ်ဦးက သာမန်မီးလျှံများဖြင့် မသွန်းလုပ်နိုင်သော ထူးခြားသည့် ပစ္စည်းများကို အသုံးပြု၍ ပြုလုပ်ထားခြင်းပင်။

သူသည် ၎င်းတို့ကို ထုတ်သုံးရန် ဝန်လေးနေလေ့ရှိသော်လည်း ယခု နက်နဲသောအဆင့်နှင့် ရင်ဆိုင်ရချိန်တွင်မှ ထုတ်ပြလိုက်ခြင်းပင်။

၎င်းကို မြင်သောအခါ ဆွန်ဝူက သက်ပြင်းချကာ "ညီအစ်ကို စူးကတော့ တကယ်ပဲ အစွမ်းကုန် ထုတ်သုံးတော့မှာပဲ။ စီးဆင်းပျံလွှားဓားမြှောင်ဆယ်လက်လုံးကို တကယ်ပဲ ထုတ်လိုက်တာကိုး" ဟု ပြောလိုက်သည်။

"ငါလည်း အစကတော့ မထုတ်ချင်ပါဘူး။ ဒါပေမဲ့ မင်းက အဲဒီသံကြိုးကို အဆင့်နိမ့် နက်နဲသောအဆင့်နဲ့တောင် မချိုးဖျက်နိုင်ဘူးလို့ ပြောနေတာကိုး။ ငါ အဲဒါကို တကယ်လိုချင်တယ်။ အဲဒါကိုသုံးပြီး ပျံလွှားဓားမြှောင်အသစ်တွေ ထပ်သွန်းလုပ်ရင်..."

စူးပုပိုင်၏ မျက်နှာတွင် မျှော်လင့်ချက်အပြည့်ဖြင့် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် စူးပုပိုင်က "မင်းတို့က ဘေးကနေ နှောင့်ယှက်ပေး ငါကတော့ ထိပ်တိုက်ရင်ဆိုင်မယ်" ဟု ပြောလိုက်သည်။

"ကောင်းပြီ"

ကျန်လေးယောက်က တစ်ပြိုင်နက် ပြန်ဖြေသည်။

စူးပုပိုင်သည် ချက်ချင်းပင် လက်ကိုမြှောက်ကာ တုန်ခါသံများနှင့်အတူ ပျံလွှားဓားမြှောင်ကို ပစ်လွှတ်လိုက်သည်။

ငွေရောင် ပျံလွှားဓားမြှောင်များသည် လွင့်ထွက်သွားပြီး လက်မှ ပေဝက်ခန့်အကွာသို့ ရောက်သောအခါ ၎င်းတို့ပတ်လည်တွင် အပြာရောင် သွေးကြောချီများစွာ ဝန်းရံလာတော့သည်။

“လေပြင်းတိုက်ခိုက်မှု”

ထိုစကားအဆုံးတွင် ပျံလွှားဓားမြှောင် ၁၀ လက်မှာ ရုတ်တရက် ပြန့်ကားသွားပြီး အပေါ်၊ အလယ်၊ အောက် လမ်းကြောင်းသုံးခုလုံးမှ မိစ္ဆာဝိညာဉ်ဓားထံသို့ မုန်တိုင်းအလား ပြင်းထန်စွာ တိုးဝင်သွားတော့သည်။ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် အဟုန်နှင့်ပင်။

နောက်တစ်စက္ကန့်တွင် ပျံလွှားဓားမြှောင်များသည် သံကြိုးနှင့် ထိပ်တိုက်တိုးမိကြသည်။

ထိုအချိန်မှာပင် စူးပုပိုင်၏ အပြုံးမှာ ရုတ်တရက် အေးခဲသွားတော့သည်။

စီးဆင်းပျံလွှားဓားမြှောင် ၁၀ လက်မှာ ကလေးကစားစရာ မြားများကဲ့သို့ပင် သံကြိုးနှင့် ထိတွေ့မိသည်နှင့် အားအင်များ ကုန်ဆုံးကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားတော့သည်။ သူတို့၏ အရှိန်အဝါများမှာလည်း လေထဲတွင် ပျောက်ကွယ်သွား၏။

ဘုန်း…

အနီရောင် သံကြိုးမှာ အရှိန်ဖြင့် ရိုက်ချလိုက်သည်။

စူးပုပိုင်သည် ဘေးသို့ ချက်ချင်း ဒိုင်ဗင်ထိုးကာ ရှောင်လိုက်သဖြင့် ထိုရိုက်ချက်မှာ လွဲသွားသော်လည်း မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော နက်ရှိုင်းသည့် ကျင်းကြီးကို မြင်သောအခါ သူ၏စိတ်ထဲတွင် ထိတ်လန့်သွားမိသည်။

ယခုအခါ စူးပုပိုင်သည် ထိုသံကြိုးမှာ သူ တစ်ခါမှ မမြင်ဖူးသော ထူးခြားသည့် လက်နက်တစ်ခု ဖြစ်ကြောင်း ကောင်းစွာ သိသွားသည်။

"ညီအစ်ကိုစူး... သတိထား"

ရုတ်တရက် အော်ဟစ်သံ ကြားလိုက်ရသဖြင့် စူးပုပိုင်က သူ့ကို သတိပေးနေသော ဆွန်ဝူကို လှမ်းကြည့်လိုက်သည်။ သို့သော် လှည့်ကြည့်လိုက်သည့် ခဏမှာပင် သူ ထိတ်လန့်သွားတော့၏။

သံကြိုးသည် မြေပြင်ကို ရိုက်မိပြီးနောက် သူရှိရာဘက်သို့ ဝေ့ယမ်းလာနေခြင်းပင်။ စူးပုပိုင်သည် သွေးကြောတံခါးကို တုန်ခါစေကာ လွတ်မြောက်ရန် ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သံကြိုးမှာ သူ၏နောက်သို့ လိုက်ပါလာခဲ့သည်။

တောက်

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စူးပုပိုင်သည် အခြေအနေ မကောင်းတော့သည်ကို သိလိုက်သည်။

ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ခြင်းမှာ အမှန်တကယ်ပင် မိုက်မဲသော ဆုံးဖြတ်ချက် ဖြစ်သွားခဲ့သည်။

သူသည် သွေးကြောတံခါးကို အစွမ်းကုန် တုန်ခါစေကာ ပိုမြင့်အောင် ခုန်တက်ပါက ဘေးကင်းလိမ့်မည်ဟု တွေးတောကာ အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ပျံသန်းလာသော သံကြိုးမှာ သူ့ကို ဖမ်းမိသွားပြီး ပိုမြင့်အောင် ခုန်တက်ရန် ကြိုးစားမှုမှာလည်း အချည်းနှီး ဖြစ်သွားတော့သည်။

ရှူး

အနီရောင် သံကြိုးမှာ ပြန်လည်ရုန်းထွက်သွားပြီး စူးပုပိုင်၏ ခန္ဓာကိုယ်မှာမူ မီးသွေးခဲပုံကြီးသဖွယ် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဒါ... ဒါက"

ဆွန်ဝူနှင့် အခြားသူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများ ချက်ချင်း ဖြူလျော်သွားကြတော့သည်။

နက်နဲသောအဆင့် တစ်ဦးဖြစ်သည့် စူးပုပိုင်မှာ ဤမျှလွယ်လွယ်နှင့် သေသွားရသလား။

ပြန်လည်တိုက်ခိုက်ရန်ပင် အချိန်မရခဲ့သလို အလောင်းပင် မကျန်ခဲ့ပေ။

စီကုန်းပိုင်က ချက်ချင်း အော်ဟစ်လိုက်သည်။

"အားလုံးပဲ... လက်မနှေးကြနဲ့တော့ ဒီမိစ္ဆာရဲ့ လက်ထဲက သံကြိုးက အရမ်းကြောက်စရာကောင်းတယ်"

All Chapters