← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း(၁၀၁)- သမ်းဝေလိုက်ရုံနှင့် မိစ္ဆာအတတ် ဖယ်ရှားပေးကာ သူရဲကောင်းဖြစ်ရပြန်ခြင်း

ဤသို့ဖြင့် ကျွေ့ရှန်းအဆောင်၏ ခရီးစဉ်သည် ဟာသတစ်ခုလိုသာ အဆုံးသတ်သွားခဲ့သည်။

ရှောင်ရှန်းသည် အရက်သောက်ထားသည့် အရှိန်ကို အကြောင်းပြကာ အမျိုးသားဝတ်စုံဝတ်ထားသည့် စူးဝမ်ချင်နှင့်အတူ မိမိ၏ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ရန် ကြံစည်ခဲ့သော်လည်း၊ ဟင်းအစုံတောင် မချရသေးခင် စားပွဲထိုးအဖြစ် အယောင်ဆောင်ထားသော လူရိုင်းမျိုးနွယ်စုမှ ကင်းထောက်တစ်ဦးသည် “အထူးစီမံထားသည့်” အဆိပ်အရက်အိုးကို ကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် ရောက်ရှိလာခဲ့သည်။

သူ့ခမျာ ဘာမှမလုပ်ရသေးမီ ၊ ရှောင်ရှန်းသည် မျက်မှောင်ကြုတ်ကာ အရက်အိုးကို လက်ဖြင့် ယပ်ခတ်ကြည့်ပြီး ဆိုလိုက်သည်။

“ဒါ ဘာအနံ့ကြီးလဲ …အရမ်း ပြင်းတာပဲ ၊ ငါကိုယ်တော် အနံ့ရတာနဲ့ ခေါင်းကိုက်လာပြီ၊ ပြန်ယူသွားစမ်း… ဈေးအကြီးဆုံး ‘မိန်းမပျိုနီ’ အရက်နဲ့ လဲခဲ့၊ မရှိရင် အခုချက်ချင်း သွားဝယ်ပေး”

ထိုကင်းထောက်မှာ နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားတော့သည်။ အဆိပ်အရက်ကို တိုက်ရမလို၊ ပြန်ယူသွားရမလိုနှင့် ဖြစ်နေစဉ်မှာပင် ၊ ချင်ချန်းလွှတ်ထားသော ကိုယ်ရံတော်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

စစ်ဆေးမေးမြန်းကြည့်ရာ ၊ လူရိုင်းမျိုးနွယ်စု၏ နတ်ဆရာက ရှောင်ရှန်း၏ အခြေအနေကို စမ်းသပ်ရန်အတွက် ကျိန်စာအဆိပ်တစ်မျိုးကို သုံးရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

ဤအဖြစ်အပျက်ပြီးနောက် “အိမ်ရှေ့စံမင်းသားသည် အနံ့အာရုံခံ အလွန်ထက်မြက်ပြီး မိစ္ဆာအငွေ့အသက်ကို ခွဲခြားနိုင်သော မွေးရာပါ စွမ်းရည်ရှိသည် ” ဆိုသော ကောလာဟလကြီးသည် စစ်တပ်အတွင်း နောက်ထပ် ဗားရှင်းတစ်ခုအနေဖြင့် ထွက်ပေါ်လာပြန်သည်။

ဤအချက်က လူရိုင်းမျိုးနွယ်စု စခန်းရှိ နတ်ဆရာကို လုံးဝ ဒေါသထွက်စေခဲ့သည်။

စမ်းသပ်မှု ကျရှုံးရုံတင်မက နှစ်ပေါင်းများစွာ မြှုပ်နှံထားသည့် သူလျှိုတစ်ဦးကိုပါ ဆုံးရှုံးလိုက်ရခြင်းသည် သူ့အတွက် အတော်လေး ရှက်စရာကောင်းပေးသည်။

သူသည် ယခုကဲ့သို့ သေးငယ်သော လှည့်ကွက်များကို မသုံးတော့ဘဲ အရက်စက်ဆုံး နှင့် အန္တရာယ်အရှိဆုံး မိစ္ဆာအတတ်ဖြစ်သည့် “နှလုံးသားတိုက်စားခြင်း နတ်ဆိုးအသံ” ကို တိုက်ရိုက် သုံးရန် ဆုံးဖြတ်လိုက်တော့သည်။

ဤအတတ်ကို သုံးရန်အတွက် ထူးခြားစွာ စီမံထားသော လူအရိုးခရာများကို တစ်ပြိုင်နက် တီးမှုတ်ရန် တပည့်များစွာ လိုအပ်သည်။ ၎င်းမှ ထွက်ပေါ်လာသော အသံလှိုင်းတို့သည် ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ကြမည် ဖြစ်၏။

သာမန်လူများအဖို့ ဤအသံကိုကြားသည်နှင့် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ စိတ်ဖောက်ခြင်း ၊ နောက်ဆုံး ရူးသွပ်သွားသည်အထိ ဖြစ်နိုင်ကာ ၊ အဆိုးဆုံးအခြေအနေတွင် စိတ်ဝိညာဉ် ပျက်စီးကာ ခန္ဓာကိုယ်၏ ဒွါရအပေါက် ခုနစ်ပေါက်မှ သွေးထွက်၍ သေဆုံးသွားနိုင်သည်။

ဤမှော်အတတ်သည် အလွန် ယုတ်မာသော အဖွဲ့လိုက်သတ်ဖြတ်သည့် မှော်အတတ် ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

...

နောက်တစ်နေ့တွင် စစ်ဗုံသံများက မြေပြင်တစ်ခုလုံး တုန်ဟည်းသွားမတတ် ထွက်ပေါ်လာပြန်သည်။

လူရိုင်းမျိုးနွယ်စု တပ်ကြီး ရောက်လာသော်လည်း ထုံးစံအတိုင်း မြို့ကို အလျင်စလို မတိုက်ခိုက်ခဲ့ပေ။

ရှေ့တန်းတွင် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော နတ်ဆရာ၏ တပည့် ဆယ်ယောက်ကျော်သည် တန်းစီကာ ရပ်နေကြပြီး ၊ ၎င်းတို့၏ရင်ဘတ်ထဲမှ ဖြူဖျော့ဖျော့ အရိုးခရာများကို ထုတ်ယူလိုက်ကာ ပါးစပ်တွင် တေ့လိုက်ကြသည်။

“ဝူး—— ဝူး—”

တက်ကြွသော တိုက်ပွဲဝင် ခရာသံမျိုး မဟုတ်ဘဲ ငရဲပြည်မှ လာသကဲ့သို့ ထူးဆန်းပြီး နားကွဲမတတ် စူးရှသော နတ်ဆိုးအသံများသည် မမြင်ရသော ဒီရေလှိုင်းများကဲ့သို့ ဟွမ်ဖုန်း ခံတပ်မြို့ရိုးတစ်ခုလုံးကို တစ်ခဏချင်း လွှမ်းမိုးသွားခဲ့၏။

ထိုအသံမှာ မကျွတ်မလွတ်သော ဝိညာဉ်များ၏ ငိုယိုသံ ၊ သံချေးတက်နေသော သံပြားကို လက်သည်းနှင့် ကုတ်ခြစ်နေသကဲ့သို့ ခံစားရစေပြီး သံစဉ်တိုင်းက လူကို ရူးသွပ်စေကာ ဦးနှောက်ထဲသို့ အတင်း တိုးဝင်လာကြသည်။

“အား… ငါ့ခေါင်း”

“ဆူညံလွန်းတယ်... မမှုတ်နဲ့တော့ မမှုတ်နဲ့တော့”

မြို့ရိုးပေါ်တွင် တိုက်ပွဲအတွက် အသင့်ပြင်ထားသော သာရှ စစ်သည်များမှာ တစ်ခဏချင်း ဖရိုဖရဲ ဖြစ်ကုန်ကြသည်။

သူတို့သည် နာကျင်လွန်းသဖြင့် လက်နက်များကို ပစ်ချကာ ခေါင်းကို အတင်းဖိထားကြသော်လည်း ထိုအသံသည် မိမိတို့၏ ဦးနှောက်တစ်ခုလုံးကို မွှေနှောက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။

စစ်သည်များ၏ မျက်လုံးများမှာ နီမြန်းလာကြပြီး တိုက်ခိုက်နိုင်စွမ်းမှာ သုညအထိ ကျဆင်းသွားသည်။ ပိုဆိုးသည်မှာ စိတ်ဆန္ဒအားနည်းသော စစ်သည်အချို့မှာ စိတ်ဖောက်လာကြပြီး ဘေးနားရှိ ရဲဘော်ရဲဘက်များကို ပြန်လည် တိုက်ခိုက်လာကြခြင်း ဖြစ်သည်။

“စိတ်ငြိမ်ငြိမ်ထားကြ ၊ အားလုံး စိတ်ကို ထိန်းထားကြ”

ချင်ချန်းသည် မြို့ရိုးပေါ်တွင် ရပ်နေရင်း မျက်နှာမှာ ဖြူဖျော့နေသည်။

သူ၏ အတွင်းအားမှာ နက်နဲသဖြင့် အနည်းငယ် ခံနိုင်ရည်ရှိသော်လည်း စိတ်အာရုံမှာ မငြိမ်မသတ်ဖြစ်နေပြီး နားထင်သွေးကြောများမှာလည်း တဒိတ်ဒိတ် ခုန်နေကာ အော့အန်ချင်စိတ်များပင် ဖြစ်ပေါ်နေသည်။

သူ၏ အတွင်းအားဖြင့် ဟိန်းဟောက်လိုက်သော အသံမှာလည်း ထိုနတ်ဆိုးအသံလှိုင်းများကြားတွင် ပျောက်ကွယ်သွားရသည်။

သူ၏ ဂုဏ်ယူရသော တပ်မတော်ကြီးသည် ဤထူးဆန်းသော နတ်ဆိုးသံအောက်တွင် အားနည်းချည့်နဲ့ကာ ပြိုလဲတော့မည်ကို သူ ရင်နာစွာဖြင့် ကြည့်နေရသည်။

ဤစစ်ပွဲကို မည်သို့ ဆက်တိုက်နိုင်မည်နည်း။

တစ်ချိန်တည်းမှာပင် ၊ မြို့ရိုးနောက်ဘက်ရှိ မထင်ရှားသော ထောင့်တစ်နေရာတွင် ဤတိုက်ပွဲ၏ “အဓိက ပုဂ္ဂိုလ်ကြီး” ဖြစ်သော ရှောင်ရှန်းမှာ ခွေခွေလေးအိပ်ကာ အိပ်မောကျနေလေး၏။

မနေ့ညက “လုပ်ကြံခံရမှု” အပြီးတွင် နယ်စပ်မှာ အရမ်း “အန္တရာယ်များ” ကြောင်း သူ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

ထို့ကြောင့် သူ၏ “ထိတ်လန့်မှု” နှင့် “မကျေနပ်မှု” ကို ဖော်ပြရန်အတွက် ယနေ့မနက်တွင် သူသည် “ရင်တုန်မောပန်းနေသဖြင့် အနားယူရန် လိုအပ်သည်” ဟု ကြေညာကာ ဤနေရာတွင် လာပုန်းနေခြင်း ဖြစ်သည်။

သူသည် ရှေ့တန်းက ဆူညံသံများနှင့် ဝေးဝေးနေပြီး အေးအေးလူလူ အိပ်ချင်ရုံမျှသာဖြစ်သည်။

သို့သော် ထိုစူးရှလှသော နှလုံးသားတိုက်စားခြင်း နတ်ဆိုးအသံသည် သူ၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ဝင်ရောက်လာခဲ့သည်။

သို့သော် သူ၏ စိတ်အေးလက်အေးနှင့် စိုးရိမ်ပူပန်မှုကင်းသော “အသုံးမဝင်သူ” ဆိုသည့် စိတ်အခြေအနေအောက်တွင်၊ သိုင်းပညာရှင်များကိုပင် စိတ်ဖောက်သွားစေနိုင်သည့် ထိုနတ်ဆိုးအသံမှာ သိမ်မွေ့သော အရာအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းမှာ လူကို အသက်အန္တရာယ် ပေးနိုင်သော မိစ္ဆာအတတ် မဟုတ်တော့ဘဲ ၊ ဘေးအိမ်က လင်မယားရန်ဖြစ်သံ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ ပုစဉ်းရင်ကွဲ အော်သံနှင့် ပိုတူနေသည်။

အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသော်လည်း ကြာကြာနားထောင်လိုက်လျှင် လူကို အိပ်ပျော်စေသည့် အာနိသင်လေးတောင် ရှိနေသလိုပင်။

ရှောင်ရှန်းတစ်ယောက် သရေတမြမြ ဖြင့် တစ်ဖက်သို့ လှည့်ကာ လက်မောင်းပေါ် ခေါင်းတင်၍ ဆက်အိပ်နေတော့သည်။

All Chapters