← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇)- သာမန်လူသား ခန္ဓာကိုယ်ဖြစ်သော်လည်း နတ်ဘုရားနှင့်ပင် အဆင့်တူညီတယ် (အတုအယောင်)

“ဝေါင်း”

မမြင်နိုင်သော ဟိန်းဟောက်သံတစ်ခုက သံတူကြီးတစ်လက် အလား မြို့ရိုးပေါ်ရှိ လူတိုင်း၏ စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာသို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် အသံထက် ပို၍ ကြောက်စရာကောင်းလှသည်။

ယခုတစ်ကြိမ်တွင် ဖိအားကြီးသည် တစ်မြို့လုံးကို လွှမ်းခြုံထားသော ပိုက်ကွန်ကြီး တစ်ခု မဟုတ်တော့ဘဲ အဆိပ်လူးထားသော အပ်သန်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ စိတ်ဝိညာဉ်ကို တည့်တည့်မတ်မတ် ထိုးနှက်ပစ်ခဲ့လေသည်။

“ အား——”

ယခုလေးတင်မှ အသက်ရှုချောင်ခွင့် ရရှိခဲ့သော စစ်သည်များမှာ တစ်ခဏချင်းမှာပင် အကြီးအကျယ် ထိုးနှက်ခံလိုက်ရသည်။

သူတို့အားလုံး မျက်ဖြူစိုက်ကာ ၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး မြေပြင်ပေါ်သို့ အစုလိုက်အပြုံလိုက် လဲကျသွားခဲ့သည်။ အချို့စစ်သည်များမှာ ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ကာ သတိလစ် မေ့မြောသွားကြသည်။

တစ်ခါမှ မကြုံဖူးသော မျှော်လင့်ချက်မဲ့မှုသည် အေးစက်သော ဒီရေလှိုင်းအလား ဟွမ်ဖုန်းခံတပ်ကို တစ်ခဏချင်း ဝါးမြိုသွားလေ၏။

“ သွားပြီ...”

ချင်ချန်း၏ မျက်လုံးများမှာ နီမြန်းနေပြီး သူ၏ ဓားကို အားပြုကာ ဒူးမထောက်မိအောင် အစွမ်းကုန် ကြိုးစားနေရသည်။

သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများမှာ သူ၏ မုတ်ဆိတ်များကို နီရဲသွားစေသည်။ သူသည် တိုင်းပြည်အတွက် အသက်ပေးရန် အသင့်ပြင်ထားပြီး ဖြစ်သည်။

စူးဝမ်ချင်၏ မျက်နှာမှာလည်း စက္ကူကဲ့သို့ ဖြူဖျော့နေကာ ၊ သူမ၏ ရင်ဘက်ထဲမှ တောက်ပသော ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းပေါ်တွင် ရှုပ်ထွေးသော စာလုံးများ ထွင်းထုထားပြီး ၊ နောက်ဆုံးအချိန်တွင် သူမ၏ နောက်ဆုံးဝှက်ဖဲကို သုံးရန် ပြင်ဆင်ထားသည်။

ဤမိစ္ဆာနတ်ဘုရားအရိပ်သည် အစွမ်းကုန် တိုက်ခိုက်လာသည်နှင့် ၊ ဤမြို့တွင် အသက်ရှင်သူ ရှိတော့မည် မဟုတ်ကြောင်း သူမ ကောင်းကောင်း သိသည်။

ဤစိတ်ဝိညာဉ် မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသော ရှောင်ရှန်းမှာ ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

သို့သော် သူ၏ ခံစားချက်မှာ ရပ်ကွက်က စီစီတီဗီ ‌အဒေါ်ကြီးများ အော်ကြီးဟစ်ကျယ် သောက်တင်းထိုင်တုတ်နေသလိုပင်။

ဤခံစားချက်မှာ ကြောက်လန့်သည်ထက် စိတ်အနှောင့်အယှက်ဖြစ်ရသည့် ခံစားချက်သာပင်။

“ဆူညံလိုက်တာ”

ရှောင်ရှန်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ လက်သန်းလေးထုတ်ကာ ယဉ်ကျေးမှု မရှိသော ပုံစံဖြင့် နားကို ကုတ်လိုက်ရင်း ငေါက်ငမ်းလေတော့၏။

“ဝိညာဉ်ခေါ်နေတာလား ၊ လူကို အေးအေးဆေးဆေး နေခွင့်မပေးနိုင်ဘူးလား”

နှလုံးသားထဲမှ ထွက်လာသော ဤမကျေနပ်ချက်သည် ယမ်းကြိုးကို မီးရှို့လိုက်သကဲ့သို့ပင်။

“ဒီအလုပ်တွေကို စောစော အဆုံးသတ်ပြီး မြန်မြန်ထမင်းစားချင်တယ်” ဆိုသည့် သူ၏ ပြင်းပြသော ဆန္ဒကြောင့် သူ၏ အလိုအလျောက် စွမ်းရည်ဖြစ်သော “ လူ့ငပျင်းတစ်ကောင်၏ ကံကြမ္မာ အကာအကွယ်” မှာ အဆုံးစွန်ထိ ပေါက်ကွဲထွက်လာတော့သည်။

ဝုန်း——

သာမန်မျက်စိဖြင့် မမြင်နိုင်သော မှိန်ဖျော့ဖျော့ အလင်းသည် ရှောင်ရှန်းကို ဗဟိုပြု၍ အဆပေါင်းများစွာ ပိုမို လင်းလက်လာသည်။

ဤအလင်းမှာ မျက်စိကျိန်းလောက်သည်အထိ မဟုတ်သော်လည်း ၊ “ဝိညာဉ်စွမ်းအား” အဆင့်တွင်မူ မှောင်မိုက်သော ပင်လယ်နက်ကြီးထဲ၌ ရုတ်တရက် လင်းထိန်လာသော မီးပြတိုက်ကြီးတစ်ခုကဲ့သို့ အံ့သြစရာကောင်းလောက်အောင် တောက်ပနေသည်။

တစ်ချိန်တည်းမှာပင် ၊ သူ၏ စိတ်အနက်ရှိုင်းဆုံးနေရာတွင် ငြိမ်သက်နေခဲ့သော မှော်သင်္ကေတများသည် တစ်စုံတစ်ခု၏ ဆင့်ခေါ်မှုကို ခံလိုက်ရပုံပေါ်ပြီး ၊ ဤပေါက်ကွဲထွက်လာသော ကံတရားနှင့် ပြင်းထန်စွာ ပဲ့တင်ထပ်သွားသည်။

သေးငယ်လှသော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် မှိန်ဖျော့ဖျော့ ဝိညာဉ်အမှတ်အသားတစ်ခုသည် သူ၏ မျက်ခုံးနှစ်ခုကြားတွင် လက်ခနဲ ဝင်းလက်သွားသည်။

ဤအပြောင်းအလဲအားလုံးကို ရှောင်ရှန်းကိုယ်တိုင်ပင် သတိမထားမိပေ။ သူ၏ အာရုံအားလုံးမှာ “ဆူညံသံကြောင့် အနှောင့်အယှက်ဖြစ်ရခြင်း” အပေါ်မှာသာ ရှိနေသည်။

သူသည် အပေါ်ကို မော့ကြည့်လိုက်ပြီး၊ မိုးကောင်းကင်ထက်မှ ရုပ်ဆိုးလှသည့် ထိုအရိပ်မည်းကြီးကို ရွံရှာသော အကြည့်ဖြင့် တစ်ဖန် စိုက်ကြည့်ရင်း အော်ဟစ်လိုက်ပြန်သည်။

“မြန်မြန် လစ်တော့၊ ရုပ်ဆိုးကြီး ငါကိုယ်တော်ရဲ့... အင်း... တိုင်းပြည်ရဲ့ အရေးကိစ္စတွေ စဉ်းစားနေတာကို အနှောင့်အယှက် ဖြစ်တယ်”

သူသည် “ ငါကိုယ်တော် ထမင်းစားမလို့ အနှောင့်အယှက်ဖြစ်တယ်’ ဟု ပြောမည့်အစား သူ၏ အသက်ရှင်လိုသော ဗီဇအရ ၊ စကားလုံးကို အမြန်ပြောင်းကာ နားထောင်ကောင်းမည့် စကားလုံးကိုသာ သုံးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ ထိုပေါက်ကရ ပြောလိုက်သော စကားများသည် စကြဝဠာကြီးထဲတွင် အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေခဲ့ပုံရသည်။

သူ၏ စကားသံအဆုံးတွင် ၊ မမြင်ရသော နေရာမှ သန့်စင်မြင့်မြတ်သော စွမ်းအားများသည် အင်အားတစ်ခု၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသကဲ့သို့ မိုးနှင့်မြေကြား စုစည်းရောက်ရှိလာပြီး၊

ရှောင်ရှန်းကို ဝန်းရံထားသည့် မမြင်ရသော “ကံတရား စွမ်းအင်စက်ကွင်း” အပေါ်သို့ ထပ်လောင်း အားဖြည့်ပေးလိုက်သည်။

တခဏချင်းမှာပင် မိစ္ဆာအပေါင်းကို နှိမ်နင်းနိုင်သော ကျိုးကြောင်းဆင်ခြင်စရာ မလိုသည့် သဘာဝဆိုင်ရာ စွမ်းအင်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော မိစ္ဆာအရိပ်ကြီးမှာ နောက်ဆုံး တိုက်ကွက်ကို ထုတ်သုံးရန် ပြင်နေစဉ်မှာပင် ၊ မမြင်ရသော တံတိုင်းကြီးတစ်ခုနှင့် တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။

‘ မဟုတ်ဘူး... ဒါက တံတိုင်း မဟုတ်ဘူး’

‘ ဒါက... ပူပြင်းတဲ့ နေရောင်အောက်က နှင်းခဲတွေနဲ့ ပိုတူတယ်…’

“ အမ်—— အား——”

မကျေနပ်မှုနှင့် ထိတ်လန့်မှုများ ရောယှက်နေသော အော်ဟစ်သံကြီးသည် လူတိုင်း၏ စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်သွားပြန်သည်။

သွေးညှီနံ့နှင့် အငြိုးအတေးများဖြင့် ဖွဲ့စည်းထားသော ထိုဧရာမ ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ပေါ်ထွက်လာသော ဖိနှိပ်စွမ်းအား စက်ကွင်းရှေ့တွင် ပြင်းထန်စွာ တုန်ခါသွားပြီး အ‌ဆုံးတွင် တစ်စစီ အရည်ပျော်ကျကာ ပျောက်ကွယ်သွားလေတော့သည်။

All Chapters