အခန်း ၃၈၂
Vol. 39 Ch. 382
အခန်း ၃၈၂။ မင်းတို့က သူလျှိုတွေလား
သူတို့ ပိုမိုမြင့်မားစွာ ပျံတက်လေလေ၊ အင်မော်တယ်အဆီအနှစ်စွမ်းအင်နှင့် နိယာမစွမ်းအားများ ပိုမိုသိပ်သည်းလာလေဖြစ်သည်။ သူတို့သည် အချိန်အတော်ကြာအောင် ပျံသန်းခဲ့သော်လည်း တောင်ထိပ်မှာ မည်သည့်နေရာတွင်ရှိနေသည်ကို မသိနိုင်သေးပေ။ ကျန်းချန်သည် သူတို့ တောင်ခြေတွင်သာရှိနေသေးသည်ဟုပင် သံသယဝင်လာ၏။ သို့သော် ဤနေရာရှိ အင်မော်တယ်စွမ်းအင် သိပ်သည်းမှုမှာ ဝူကျိဂူနန်းတော်၏ အပြင်ဘက်နှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။
"ဒီလူတွေ ဘာလို့ ဒီကို အလုအယက် လာနေကြတာလဲဆိုတာ မဆန်းတော့ဘူး"
"အင်မော်တယ်လောကရဲ့ ဒီအင်မော်တယ်ဧကရာဇ်တွေက တကယ်ကို စီစဉ်တတ်တာပဲ"
ကျီယွမ်၊ ဝူကျွယ်နှင့် အခြားသူများမှာလည်း ထိုအကြောင်းရင်းကို နားလည်သွားကြသည်။ အထက်အင်မော်တယ်လောကရှိ ဤနေရာများကို လူလုပ်၍ ပိုင်းခြားထားခြင်းဖြစ်ပြီး နယ်စပ်ဒေသများကို တမင်တကာ ထူးခြားအောင် ပြုလုပ်ထားခြင်းမှာ ရိုးရှင်းသော ရည်ရွယ်ချက်တစ်ခုသာရှိသည်။ ၎င်းမှာ အဆင့်နိမ့် အင်မော်တယ်များ ဤရှေ့တန်းစစ်မျက်နှာပြင်ကို ကူညီစောင့်ရှောက်ရန် ဆန္ဒအလျောက် ရောက်ရှိလာစေရန်ပင်။ သူတို့မှာ စည်းရုံးလှုံ့ဆော်ရန်ပင်မလိုဘဲ အင်မော်တယ်တိုင်းသည် သူတို့၏ တန်ဖိုးရှိလှသော ကျင့်ကြံရာနေရာကို ကာကွယ်ရန်အတွက် အခြားလောကများမှ ရန်သူများကို အသက်ပေး၍ တိုက်ခိုက်ကြမည်ဖြစ်သည်။
တောင်လယ်သို့ ရောက်သောအခါ သူတို့မှာ တားဆီးခံလိုက်ရသည်။
"ရပ်စမ်း"
"မင်းတို့က ဘယ်သူတွေလဲ"
"မင်းတို့မှာ အင်မော်တယ်မဟာမိတ်က ထုတ်ပေးတဲ့ ဝင်ခွင့်လက်မှတ်ရှိလား"
ဤနေရာမှာ အရေးကြီးသော ရှေ့တန်းနယ်မြေဖြစ်သည်။ တောင်ခြေတွင်မူ မည်သူမဆို သွားလာနိုင်သော်လည်း တောင်လယ်သို့ရောက်လာပါက မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် အဆင့်ဆင့်စစ်ဆေးမှုများကိုခံယူရမည်။ အင်မော်တယ်မဟာမိတ်ဆိုသည်မှာ အင်မော်တယ်လောကရှိ ထိပ်တန်းအင်အားစုအချို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်း၏ရုံးချုပ်မှာ အင်မော်တယ်လောက၏ ဗဟိုဒေသတွင် တည်ရှိသည်။ ၎င်းမှာ အမည်ခံအားဖြင့် အင်မော်တယ်လောကတွင် အမြင့်မြတ်ဆုံးသောအဖွဲ့အစည်းဟု သတ်မှတ်ထား၏။
ဝင်ခွင့်လက်မှတ်ဆိုပါလား...
အစ်ကိုကြီးချန်နှင့်အဖွဲ့တွင်မရှိသည်မှာ သေချာသည်။ သူသည် တိုက်ခိုက်လမ်းဖွင့်ရမည်လားဟု စဉ်းစားနေစဉ်၊ သူ၏အနေအထားကို မြင်လိုက်ရသော အခြားသူများမှာ ကြောက်လန့်တုန်ရင်သွားကြပြီး သူ့လမ်းကို အလျင်အမြန် ပိတ်လိုက်ကြသည်။
ဆရာကြီး... ကျေးဇူးပြုပြီး နောက်ထပ် ပြဿနာမရှာပါနဲ့ဦး၊ စွမ်းအားတွေကို ပြန်သိမ်းထားပေးပါ။ ဒီလမ်းမှာ စစ်ဆေးရေးဂိတ်တွေ ဘယ်လောက်တောင် ရှိနေဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ရှေ့တန်းမှာ အင်မော်တယ်ဧကရာဇ်တစ်ပါး တပ်စွဲထားတာ သေချာသလောက်ပဲလေ။
အင်မော်တယ်ဘုရင် ကျီယွမ်သည် သူ၏ လက်စွပ်ထဲမှ ဝူကျိဂူနန်းတော်၏ တံဆိပ်ပြားတစ်ခုကို အမြန်ထုတ်ယူလိုက်သည်။ ၎င်းမှာ ယခင်တိုက်ပွဲမှရရှိလာသော ပစ္စည်းတစ်ခုဖြစ်ပြီး မည်သည့်အင်မော်တယ်ဘုရင်၏ တံဆိပ်ပြားဖြစ်သည်ကိုမူ မသိပေ။
ထိုတံဆိပ်ပြားကို မြင်လိုက်ရသောအခါ လမ်းပိတ်ထားသော အင်မော်တယ်အရှင်သခင် အနည်းငယ်၏ မျက်နှာပေးများ ပြောင်းလဲသွား၏။ သူတို့၏ ခေါင်းဆောင်ဖြစ်သူမှာ အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် တောင်းပန်စကားဆိုလာသည်။
"ဪ... ဒါက ဝူကျိဂူနန်းတော်က စီနီယာသူရဲကောင်းကြီးတွေ ဖြစ်နေတာကိုး"
ဤတံဆိပ်ပြားမှာ အင်မော်တယ်မဟာမိတ်၏ ဝင်ခွင့်လက်မှတ်ထက်ပင် ပိုမိုအသုံးဝင်လှသည်။ ဝူကျိဂူနန်းတော်မှာ အင်မော်တယ်လောကတွင် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည့်အတွက်ကြောင့်ပင်။
"စီနီယာတို့ ဒီကို ဘာကိစ္စနဲ့ လာတာလဲဆိုတာ မေးလို့ရမလားခင်ဗျာ။ ကြီးမားတဲ့ တိုက်ခိုက်မှုတွေများ ရှိနေလို့လား"
အင်မော်တယ်အရှင်သခင် အနည်းငယ်မှာ ရိုသေစွာမေးမြန်းနေကြသော်လည်း ဇဝေဇဝါဖြစ်နေကြသည်။ ဤအုပ်စုတွင် အင်မော်တယ်ကျင့်ကြံသူအချို့ ပါဝင်သော်လည်း အချို့မှာမူ မိစ္ဆာကျင့်ကြံသူနှင့် သေခြင်းတရားကျင့်ကြံသူများ၏ အရှိန်အဝါများ ထွက်ပေါ်နေ၏။
"ဒါက မင်းတို့စပ်စုရမယ့်ကိစ္စလား"
အင်မော်တယ်ဘုရင် ကျီယွမ်သည် မေးစေ့ကိုအနည်းငယ်မြှောက်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မြန်မြန်ဖယ်ပေးစမ်း။ အရေးကြီးတဲ့ကိစ္စတွေ နှောင့်နှေးသွားရင် မင်းတို့တာဝန်ယူရမှာလား"
ထိုလူအနည်းငယ်မှာ ကြောက်ရွံ့တုန်ရင်သွားကြပြီး အမြန်ဖယ်ပေးလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့အားလုံးမှာ ရိုသေစွာဖြင့် နှုတ်ဆက်ကျန်ရစ်ခဲ့၏။ သူတို့အုပ်စုသည် တောင်လယ်စစ်ဆေးရေးဂိတ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ထပ် စစ်ဆေးရေးဂိတ်များစွာကိုလည်း ဝူကျိဂူနန်းတော်၏ တံဆိပ်ပြားကို အသုံးပြု၍ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ ဝူကျိဂူနန်းတော် ပျက်စီးသွားသော သတင်းမှာ ဤနေရာသို့ မရောက်ရှိသေးသဖြင့် မည်သို့မျှ မတတ်နိုင်ပေ။
ဤသူများ၏ အရည်အချင်းကို မြင်သောအခါ အစ်ကိုကြီးချန်မှာလည်း နောက်ထပ် သတ်ဖြတ်မှုများ မလုပ်ရသည့်အတွက် ဝမ်းသာနေမိသည်။ ထို့အပြင် ခရီးလမ်းမှာ အလွန်ရှည်လျားလှသဖြင့် အကယ်၍ တိုက်ခိုက်သွားရမည်ဆိုပါက တိုက်ပွဲပေါင်းမည်မျှရင်ဆိုင်ရမည်ကိုပင် မသိနိုင်ပေ။ တောင်ထိပ်သို့ နီးကပ်လာလေလေ စစ်ဆေးမှုများမှာ ပိုမိုတင်းကျပ်လာလေပင်။
"ဝင်ခွင့်လက်မှတ်မပါဘဲ ဘယ်သူ့ကိုမှ အထက်ကိုတက်ခွင့်မပြုဘူး"
ကျီယွမ်မှာ ဟန်မပျက်ဘဲ...
"မင်းတို့ ဝူကျိဂူနန်းတော်ရဲ့ မျက်နှာကို မထောက်တာလား"
"ဝူကျိဂူနန်းတော်... ဟုတ်လား"
စစ်ဆေးရေးတာဝန်ခံ အင်မော်တယ်အရှင်သခင်မှာ အံ့အားသင့်သွားပြီး ထိုအုပ်စုကို သေချာစွာကြည့်ရှုကာ တံဆိပ်ပြားကို စစ်ဆေးလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ
"တောင်ထိပ်နယ်မြေက အရေးကြီးတဲ့နေရာပါ။ ဘယ်ဂိုဏ်းပဲဖြစ်ဖြစ် တရားဝင်အမိန့်စာရှိရပါမယ်"
"စီနီယာတို့က အလျင်စလိုလာလို့ မေ့ကျန်ခဲ့တယ်ဆိုရင် ကျနော် အထက်လူကြီးဆီသွားပြီး ခွင့်ပြုချက် တောင်းပေးနိုင်ပါတယ်..."
ကျီယွမ်က တစ်ခုခုထပ်ပြောရန် ပြင်လိုက်သော်လည်း အစ်ကိုကြီးချန်က လက်ယမ်းကာ တားလိုက်သည်။
"ဒါဆိုရင်လည်း သွားမေးလိုက်လေ"
လိမ်လည်၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူသည် ဤတောင်ကိုကျော်ဖြတ်ကာ ယောင်လောကထဲသို့ ဝင်ရောက်ရမည်။ မည်သူမျှ သူ့ကိုတားဆီးနိုင်မည်မဟုတ်။ စောင့်ဆိုင်းနေစဉ်အတွင်း ရှောင်ကွန်း၊ ဝူကျွယ်နှင့် အခြားသူများမှာ လျှို့ဝှက်စွာဖြင့် အသံပို့လွှတ်ကာ တိုင်ပင်နေကြသည်။
"ဂိုဏ်းချုပ်ကျန်း၊ ကျုပ်တို့ ထုတ်ဖော်ခံလိုက်ရပြီထင်တယ်"
"သူတို့ရဲ့ မျက်လုံးတွေက မရိုးသားဘူး"
သူတို့မှာ အတွေ့အကြုံရင့်ကျက်သော သူများဖြစ်ကြသဖြင့် အခြေအနေအရပ်ရပ်ကို သိမြင်နိုင်ကြသည်။
"ကိစ္စမရှိပါဘူး..."
အစ်ကိုကြီးချန်က ပခုံးတွန့်ပြလိုက်သည်။ အားလုံးမှာလည်း ထိုသို့ပင် တွေးထား၏။ သူတို့ တောင်ထိပ်နှင့် နီးကပ်နေပြီဖြစ်သည့်အတွက် အဆိုးဆုံးမှာ တိုက်ပွဲတစ်ခုဆင်နွှဲပြီး အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ရန်ပင်ဖြစ်သည်။
ခဏအကြာတွင် ဧကရာဇ်တစ်ပိုင်း တစ်ပါး၊ အင်မော်တယ်ဘုရင် ဆယ်ဦးကျော်နှင့် အင်မော်တယ်အရှင်သခင် တစ်ထောင်ကျော်မှာ သူတို့ရှေ့တွင် ပေါ်လာသည်။ သူတို့ကို ဦးဆောင်လာသူမှာ ခွင့်ပြုချက်သွားတောင်းသော အင်မော်တယ်အရှင်သခင်ပင်။ ယခုတစ်ကြိမ်တွင်မူ သူသည် ယခင်ကဲ့သို့ တည်ငြိမ်မနေတော့ပေ။ သူသည် ကျီယွမ်နှင့် အခြားသူများကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်
"သူတို့ပဲ"
"သူတို့က ဝူကျိဂူနန်းတော်ရဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး မကောင်းတဲ့အကြံတွေ ကြံစည်နေကြတာ"
"ဧကရာဇ်တစ်ပိုင်း ယွမ်ရွှီ၊ ကျေးဇူးပြုပြီး သူတို့ကိုဖမ်းပေးပါ"
အစ်ကိုကြီးချန်မှာ မည်သို့ဖော်ထုတ်ခံလိုက်ရသည်ကို စိတ်ဝင်စားနေသည်။
"ငါတို့က အတုအယောင်တွေဆိုတာ မင်းဘယ်လိုသိတာလဲ"
ထိုအင်မော်တယ်အရှင်သခင်က အေးစက်စွာ ရယ်မောလိုက်သည်...
"ငါက ဘယ်သူလဲဆိုတာ မင်းသိလား။ ငါက ဝူကျိဂူနန်းတော်ရဲ့ တပည့်တစ်ယောက်ပဲ။ မင်း အခုလေးတင် သုံးလိုက်တဲ့ တံဆိပ်ပြားက ငါ့ရဲ့စီနီယာဦးလေး နီကွမ်ရဲ့ တံဆိပ်ပြားပဲ"
အားလုံးမှာ အနေခက်သွားကြသည်။ သူတို့၏ လိမ်လည်မှုမှာ ဂိုဏ်းသားအရင်းနှင့် တိုးမိသွားခြင်းပင်။
"သူ့ရဲ့ တံဆိပ်ပြားက မင်းတို့ဆီ ဘာလို့ရောက်နေတာလဲ... မြန်မြန်ဝန်ခံစမ်း"
ထိုသူ၏ စကားအဆုံးတွင် အနီးနားရှိ အင်မော်တယ်အစီအရင်များ နိုးထလာ၏။ အစ်ကိုကြီးချန်နှင့် သူ့အဖွဲ့သား ၁၃ ယောက်လုံး ပိတ်မိသွားသည်။ တစ်ဖက်မှ အင်မော်တယ်ဘုရင် ဆယ်ဦးကျော်မှာလည်း သူတို့၏ အင်မော်တယ်လက်နက်များကို ထုတ်ယူလိုက်၏။ သတ်ဖြတ်လိုသောအရှိန်အဝါများ ဟိန်းထွက်လာတော့သည်။ အစ်ကိုကြီးချန်၏အဖွဲ့တွင် မိစ္ဆာကျင့်ကြံသူများနှင့် အလောင်းဘုရင် သုံးပါး ပါဝင်နေသဖြင့် အစကတည်းကပင် သံသယဖြစ်ဖွယ်ကောင်းနေ၏။
တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်အချိန်မှာပင် တစ်ဖက်မှခေါင်းဆောင် ဧကရာဇ်တစ်ပိုင်း ယွမ်ရွှီသည် သူ၏ လက်ယာဘက်ကိုမြှောက်ကာ အားလုံးကို တားဆီးလိုက်သည်။ သူသည် ကျန်းချန်တို့ကို လျစ်လျူရှုကာ ဝူကျိဂူနန်းတော်မှ ထိုအင်မော်တယ်အရှင်သခင်ကို ကြည့်ကာ အေးစက်စွာ မေးလိုက်၏
"မင်းက ဒီနေရာရဲ့ တာဝန်ခံလား"
အင်မော်တယ်အရှင်သခင်မှာ အံ့အားသင့်သွားပြီး
"မဟုတ်ပါဘူး..."
ဧကရာဇ်တစ်ပိုင်း ယွမ်ရွှီ၏ မျက်နှာပေးမှာ အုံ့မှိုင်းသွားပြီး
"ဒါဆို မင်းက ငါ့ကိုအမိန့်ပေးနေတာလား"
ထိုသူမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး ဒူးထောက်ကာ အကြိမ်ကြိမ် ဦးချတော့သည်
"ကျနော် မရဲပါဘူး၊ သူတို့က ရန်သူတွေလို့ထင်လို့ပါ..."
"မင်း တော်တော်ရဲတင်းနေတာကို ငါမြင်နေရတယ်"
ယွမ်ရွှီ၏ အသံမှာ ရုတ်တရက် ကျယ်လောင်လာသည်
"ကိုယ့်သဘောနဲ့ကိုယ်လုပ်တယ်၊ အခွင့်အာဏာကို ကျော်လွန်ပြီး အမိန့်ပေးတယ်... မင်းက တော်တော် သတ္တိကောင်းနေတာပဲ"
"လူတိုင်းက မင်းလိုလုပ်နေကြရင် စည်းကမ်းတွေ ဘယ်ရှိတော့မလဲ"
ထိုသို့ ပြောပြီးနောက် သူသည် ထိုအင်မော်တယ်အရှင်သခင်အား တောင်းပန်ခွင့်ပင်မပေးဘဲ ရိုက်ချလိုက်သည်။ ဧကရာဇ်တစ်ပိုင်း တစ်ပါးအတွက် အင်မော်တယ်အရှင်သခင်တစ်ဦးကိုသတ်ရန် အလွန်လွယ်ကူ၏။ ထိုသူမှာ ချက်ချင်းအသက်ပျောက်သွားသည်။ ကျန်သော အင်မော်တယ်ဘုရင်များမှာမူ ၎င်းမှာ သဘာဝကျသည်ဟုယူဆကာ ဘာမှဝင်မပြောကြ။
သို့သော် သေဆုံးသွားသောသူမှာ ဝူကျိဂူနန်းတော်မှဖြစ်သဖြင့် နောက်ပိုင်းတွင် ပြဿနာအချို့ ရှိနိုင်သည်။ သူတို့သည် ကျန်းချန်တို့ကိုဝိုင်းရံကာ သုတ်သင်ရန် ပြင်ဆင်နေစဉ် ဧကရာဇ်တစ်ပိုင်း ယွမ်ရွှီက စကားဆိုလာပြန်သည်။
"ခဏစောင့်ဦး"
သူသည် အစ်ကိုကြီးချန်တို့ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး မေးခွန်းတစ်ခု မေးလိုက်သည်။
"မင်းတို့က တကယ်ပဲ ပြင်ပကလာတဲ့ သူလျှိုတွေလား"
ရှောင်ကွန်းသည် သူ၏ မိစ္ဆာဘုရင် အရှိန်အဝါကို ထုတ်ဖော်ကာ ရယ်မောလိုက်သည်
"ဟုတ်တယ်၊ ငါတို့က ရန်သူတွေပဲ။ မင်း ဘာလုပ်မလဲ"
မိစ္ဆာဘုရင် ရှာလီကလည်း
"ငါတို့က ရန်သူတွေပဲ... မြန်မြန် တိုက်ခိုက်စမ်း"
မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာသောအခါ ရှိနေသမျှသော အင်မော်တယ်များမှာ ပိုမို သတိထားလာကြသည်။ ထိုဧကရာဇ်တစ်ပိုင်း ယွမ်ရွှီကလည်း ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"တောက်... ဒီ ညစ်ပတ်စုတ်ပဲ့တဲ့ မိစ္ဆာကျင့်ကြံသူတွေ"