အခန်း ၃၈၄
Vol. 39 Ch. 384
အခန်း ၃၈၄။ ပုံစံကိုးမျိုး မိုးပြာနဂါး
ယွမ်ရွှီသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို ရိုးနေလေပြီ။ ဧကရာဇ်တစ်ပိုင်း တစ်ပါး လူအုပ်ကိုဦးဆောင်လာသည်ကို မြင်သောအခါ အားလုံးက ဂါရဝပြုရန် အလျင်အမြန် ဆင်းသက်လာကြသည်။ တစ်ဖက်တွင်မူ ယောင်မျိုးနွယ်စုမှာလည်း ဖရိုဖရဲဖြစ်နေပြီး၊ ယောင်အရှင်သခင်များစွာမှာ အော်ဟစ်လျက် အနောက်သို့ အလျင်အမြန် ပျံသန်းသွား၏။
ယွမ်ရွှီက အသံလွှတ်၍ တိုးတိုးလေးရှင်းပြသည်
"ဒီနေရာမှာ တစ်နှစ်ပတ်လုံး ရင်ဆိုင်တိုက်ပွဲတွေရှိနေပေမဲ့၊ များသောအားဖြင့် အင်မော်တယ်အရှင်သခင်နဲ့ အင်မော်တယ်ဘုရင်အဆင့်တွေရဲ့ ပဋိပက္ခလေးတွေပဲ ရှိတတ်တာပါ။ တိုက်ပွဲအရှိန် မမြင့်တက်သွားအောင် နှစ်ဖက်စလုံးက ဧကရာဇ်တစ်ပိုင်းတွေမလွှတ်ဖို့ နားလည်မှုယူထားကြတယ်။ ဒါကြောင့် ငပေါ်လာတဲ့အခါ သူတို့ အထိတ်တလန့် ဖြစ်သွားကြတာ..."
ထိုစဉ် အနီးနားရှိ အင်မော်တယ်ဘုရင်တစ်ပါးက အလျင်အမြန်ရောက်လာပြီး မေးသည်
"စီနီယာယွမ်ရွှီ၊ ဘာလို့ ဒီကို ကြွလာတာလဲ"
"ငါ အခုလေးတင် သူလျှိုအချို့ကို ဖမ်းမိထားလို့ သူတို့ကို ဒီမှာပဲ ကွပ်မျက်ဖို့ စီစဉ်ထားတာ"
"အမ်... ဒီမှာပဲ ကွပ်မျက်မှာလား"
ယွမ်ရွှီက သူ၏မုတ်ဆိတ်ရှည်ကို ပွတ်သပ်လျက် ရဲရင့်သောလေသံဖြင့်ဆိုသည်
"မှန်တယ်၊ ဒါက တစ်ဖက်က ယောင်မျိုးနွယ်စုတွေကို ငါတို့ရဲ့အစွမ်းအစ ပြသဖို့ပဲ... သူတို့ရှေ့မှာတင် သတ်ပြလိုက်ရင် ငါတို့ အင်မော်တယ်မျိုးနွယ်စုကို အထင်မသေးရဲတော့ဘူး"
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အင်မော်တယ်များက ဝမ်းသာအားရ အော်ဟစ်ကြသည်။ ထို့နောက် ယွမ်ရွှီသည် အစ်ကိုကြီးချန်အပါအဝင် ၁၃ ယောက်လုံးကို အတားအဆီးတစ်ခုအတွင်း ပိတ်လှောင်လိုက်၏။ အတားအဆီးအတွင်းတွင် နိယာမသံကြိုးများဖြင့် သူတို့ကို ချည်နှောင်ထားပြီး၊ ကောင်းကင်ယံတွင် အင်မော်တယ်ဓား ၁၃ လက် ပေါ်ထွက်လာသည်။
ထိုဓားများ ကျဆင်းတော့မည့်ဆဲဆဲတွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏...
အစ်ကိုကြီးချန်ကို ချည်နှောင်ထားသော နိယာမသံကြိုးမှာ တစ်လက်မချင်းစီ ပြိုကွဲသွားပြီး၊ သူ၏ လူသားခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားကာ တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားလှသော နဂါးကြီးတစ်ကောင် လေထဲတွင် ပေါ်ထွက်လာသည်...
"ဟားဟားဟား... ဒါလေးနဲ့ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား"
၎င်းမှာ အစ်ကိုကြီးချန်၏ အစီအစဉ်ပင်။ သူ့တွင် မိုးပြာနဂါးသွေးမျိုးဆက်ရှိပြီး ၎င်းမှာ အမြင့်ဆုံးအဆင့်ရောက်နေပြီဖြစ်ရာ မိုးပြာနဂါးအဖြစ် အလွယ်တကူပြောင်းလဲနိုင်၏။ ရွှေနဂါးဘုရင်မှာ ကျင့်ကြံနေသဖြင့် မိတ်ဆက်ပေးမည့်သူမရှိပါက၊ သူကိုယ်တိုင်ပင် နဂါးမျိုးနွယ်စုဝင်အဖြစ် မိတ်ဆက်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မိုးပြာနဂါးကြီးပေါ်လာသည်နှင့် အတားအဆီးမှာ ပေါက်ကွဲပျက်စီးသွားသည်။ ပတ်ဝန်းကျင်ရှိ အင်မော်တယ်များနှင့် တစ်ဖက်မှ ယောင်မျိုးနွယ်စုများမှာ အလွန်အမင်းထိတ်လန့်သွား၏။ အစ်ကိုကြီးချန်၏ခန္ဓာကိုယ်မှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားပြီး၊ ငွေဖြူရောင်နှင့် ပြာလဲ့ရောင် အကြေးခွံများမှာ တောက်ပနေသည်။ တောင်တန်းကဲ့သို့ ကြီးမားသော ကျောပြင်ပေါ်တွင် ထင်ရှားလှသော ခရမ်းရောင်ပုံစံများကို တွေ့ရသည်။ သေချာရေတွက်ကြည့်လျှင် ပုံစံကိုးမျိုးရှိ၏။
ဧကရာဇ်တစ်ပိုင်း ယွမ်ရွှီပင် လန့်သွားသည်။ မိုးပြာနဂါးမျိုးနွယ်စုတွင် အင်မော်တယ်ဧကရာဇ်အဆင့်ရောက်မှသာ ပုံစံကိုးမျိုးရှိနိုင်၏။ ၎င်းမှာ ရွှေနဂါးမျိုးနွယ်စု၏ လက်သည်းကိုးခုပါသောနဂါးနှင့် အဆင့်တူပင်။
အစ်ကိုကြီးချန်မှာ အင်မော်တယ်အရှင်သခင် အဆင့်တွင်ရှိစဉ်ကပင် သူ၏ သွေးမျိုးဆက်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ထားပြီးဖြစ်ရာ သူသည် ယခင်ကတည်းက ပုံစံကိုးမျိုး မိုးပြာနဂါး ဖြစ်နေခဲ့ခြင်းဖြစ်သည်။
နဂါးဧကရာဇကိုယ်တိုင် ရောက်လာသည်ဟုထင်မှတ်ကာ အင်မော်တယ်များမှာ ထိတ်လန့်တကြား ထွက်ပြေးကြသည်။ ယွမ်ရွှီမှာမူ အစ်ကိုကြီးချန်နှင့် အတုအယောင် တိုက်ခိုက်ပြပြီးနောက် ရှုံးနိမ့်ဟန်ဆောင်ကာ ဆုတ်ခွာသွား၏။
တစ်ဖက်မှ ယောင်မျိုးနွယ်စုများမှာမူ နဂါးဧကရာဇ် ရောက်လာသည်ဟု ထင်ကာ စိတ်အားထက်သန်စွာဖြင့် ရှေ့တိုးလာကြသည်
"သတ်ကြ... မိုးပြာနဂါး ဧကရာဇ်နောက်ကိုလိုက်ကြ"
အစ်ကိုကြီးချန်မှာမူ ရှောင်ကွန်းနှင့် အခြား ၁၂ ယောက်ကို တင်ဆောင်လျက် အင်မော်တယ်-နတ်ဆိုးတောင်တန်းကို ဖြတ်ကျော်ကာ ယောင်နယ်မြေအတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။ သူသည် ယောင်နယ်မြေထဲသို့ ရောက်သွားသောအခါ ကြည့်မဝနိုင်အောင် ထူးဆန်းလှသော တိရစ္ဆာန်မျိုးစုံ (ဝံပုလွေ၊ ဝက်ဝံ၊ ကျား၊ သစ်ကျား၊ ငှက်၊ ငါးနှင့် ပိုးမွှားများ) ကို မြင်တွေ့ရ၏။
သူ၏အရှိန်အဝါကြောင့် မည်သည့်ယောင်မျိုးနွယ်စုဝင်မျှ လမ်းမပိတ်ရဲဘဲ အားလုံးက ဦးညွှတ်၍ လမ်းဖယ်ပေးကြသည်။ ခဏအကြာတွင် ယောင်မျိုးနွယ်စုမှ ဧကရာဇ်တစ်ပိုင်းနှစ်ပါးဖြစ်သော တောင်ပံပါနဂါးနှင့် ရွှေဝံပုလွေတို့ ရောက်ရှိလာ၏။ သူတို့သည် အစ်ကိုကြီးချန်အနီးသို့ ရောက်သောအခါ သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်လိုက်ကြသည်။
တောင်ပံပါနဂါး ဧကရာဇ်တစ်ပိုင်းက ဆင်းသက်ကာ တောင်ပံများကိုရုပ်သိမ်းလျက် သတိထားကာ မေးလိုက်သည်
"ကျေးဇူးပြုပြီး မေးပါရစေ၊ သင်က ဘယ်သူပါလဲ"