အခန်း ၃၈၈
Vol. 39 Ch. 388
အခန်း ၃၈၈။ သွေးမျိုးဆက်၏ ထူးခြားဖြစ်စဉ်
နဂါးမျိုးနွယ်စုသည် ယောင်နယ်မြေရှိ ချိုင့်ဝှမ်းသုံးခုတွင် သီးခြားစီနေထိုင်ကြသည်။ ကြယ်စင်များစုံလင်လှသော ကြိုဆိုပွဲအခမ်းအနား ပြီးဆုံးသွားပြီးနောက် အစ်ကိုကြီးချန်ကို မိုးပြာနဂါးချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်သွား၏။ ဤမိုးပြာနဂါးချိုင့်ဝှမ်းသည် ရွှေနဂါးချိုင့်ဝှမ်းကဲ့သို့ပင် ကမ္ဘာငယ်တစ်ခုဖြစ်သည်။ အင်မော်တယ်အဆီအနှစ်စွမ်းအင် သိပ်သည်းဆဖြစ်စေ၊ အတွင်းရှိ နိယာမစွမ်းအား၏ အရှိန်အဝါဖြစ်စေ၊ ၎င်းမှာ ယောင်နယ်မြေ၏ ထိပ်တန်းအဆင့်တွင်ရှိသည်။
အတွင်းသို့ ပိုဝင်လေ ပို၍ မယုံနိုင်လောက်အောင် ကောင်းမွန်လာလေပင်။ လမ်းတစ်လျှောက်တွင် အခြားသော နဂါးမျိုးနွယ်စုဝင်များက ခမ်းနားစည်ကားသော စီတန်းလှည့်လည်မှုကြီးဖြင့် လိုက်ပါလာ၏။ လူတိုင်းက သူ့ကိုကြည့်သည့်အကြည့်မှာ အလွန်အမင်းစိတ်အားထက်သန်လှသည်။
အချို့သော နဂါးမလေးများမှာမူ သူတို့၏နှလုံးသားများပင် လှုပ်ခတ်သွားပြီး စိတ်ဝင်တစား ရှိနေကြသည်။ သူတို့၏မျက်လုံးထဲတွင် ပုံစံကိုးမျိုး မိုးပြာနဂါးသည် ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ရုပ်ရည်သွင်ပြင် နှစ်ခုစလုံးတွင် သူတို့၏အလှအပစံနှုန်းနှင့် အကိုက်ညီဆုံးဖြစ်၏။ သူသည် ကောင်းကင်ဘုံထက်ပင်ကျော်လွန်သော ခန့်ညားမှုရှိသည်...
သို့သော်လည်း မိုးပြာနဂါးချိုင့်ဝှမ်း၏ ဗဟိုဧရိယာသို့ ချဉ်းကပ်လာသောအခါ တောင်ပံပါနဂါးများနှင့် နဂါးနက်များအားလုံး ရပ်တန့်သွားကြသည်။ မိုးပြာနဂါးသုံးရာမှလွဲ၍ ယီခုန်းအပါအဝင် ဧကရာဇ်တစ်ပိုင်း ငါးပါးသာ ရှေ့ဆက်တိုးနိုင်၏။ ၎င်းမှာ အဆင့်အတန်းနှင့် အနေအထား ကွာခြားချက်ဖြစ်သည်... ရှေ့ဆက်သွားမည့်နေရာမှာ မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေဖြစ်ပြီး နန်းတော်ဧရိယာနှင့် ညီမျှသည်။
အစ်ကိုကြီးချန်သည် မူလက ရှောင်ကွန်း၊ ကျီယွမ်နှင့် အခြားသူများကို အတူတူခေါ်သွားရန် ရည်ရွယ်ခဲ့သော်လည်း သူတို့က ဆန္ဒအလျောက် လက်ကာပြကြသည်။
"ကျွန်တော်တို့ ဝင်လို့မရဘူး"
"အဲ့ဒီမှာ သဘာဝအတိုင်း တွန်းကန်တဲ့ အင်အားတစ်ခုရှိတယ်၊ အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းတယ်"
"ကျွန်တော်တို့သာ အတွင်းထဲကို ခြေလှမ်းလှမ်းလိုက်ရင်၊ ချက်ချင်းပဲ ဖိနှိပ်ခံရနိုင်တယ်"
မည်သို့ပင်ဆိုစေ၊ ၎င်းမှာ မိုးပြာနဂါးများ၏ ဘိုးဘေးနယ်မြေဖြစ်ရာ ခုခံကာကွယ်မှုများ မရှိဘဲနေမည်မဟုတ်။ အစ်ကိုကြီးချန်သည် သူတို့ကို ဦးစွာစီစဉ်ပေးလိုက်ရသည်။ ဘိုးဘေးနယ်မြေ၏ အစွန်အဖျားတွင် ဆင့်ကျိက သူတို့နေထိုင်ရန် လီသန်းတစ်ရာကျော်ရှိသော ဧရိယာတစ်ခုကို သတ်မှတ်ပေးလိုက်၏။
ဂိုဏ်းချုပ်ကျန်းသည် သူ၏လူသားပုံစံသို့ ပြန်ပြောင်းလိုက်ပြီး ရွှမ်ကျီရုပ်ပုံကိုဖွင့်ကာ အတွင်းရှိ ဂိုဏ်းသားအားလုံးကို လွှတ်ပေးလိုက်သည်။ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယွမ်ကျန်း၊ ယွမ်ရှန့်နှင့် အခြားသူများက အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
"နှစ်တွေအများကြီး ကြာသွားပြီ။ ငါတို့ ဘယ်ရောက်နေတာလဲ"
"ဒါ အထက်အင်မော်တယ်လောကဖြစ်ရမယ်။ အင်မော်တယ်စွမ်းအားနဲ့ နိယာမစွမ်းအားတွေက အရင်ကထက် ဆယ်ဆမက ပိုများနေတယ်"
"ဝါး... ငါတို့သာ ဒီမှာ အမြဲတမ်းကျင့်ကြံနိုင်ရင်..."
ဖေးရှန်ဂိုဏ်းသား ၁၄၀,၀၀၀ ဖြစ်စေ၊ ရှောင်ကွန်း၊ ကျီယွမ်နှင့် အခြားသူများ ခေါ်လာသော နောက်လိုက်များဖြစ်စေ လူတိုင်း အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။ သို့သော် ထို့နောက်တွင် ဆင့်ကျိနှင့် ယီခုန်းတို့ကဲ့သို့သော နဂါးမျိုးနွယ်စုဝင်များကို မြင်လိုက်ကြ၏။ ရုတ်တရက်ဆိုသလို သူတို့အားလုံးမှာ ကြောက်ရွံ့တုန်ရင်သွားကြပြီး အသံပင်မထွက်ရဲကြတော့ဘဲ ဘိုးဘေးကျန်းထံသို့သာ အကူအညီတောင်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ၎င်းမှာ ဆင့်ကျိ၊ ယီခုန်းနှင့် အခြားသူများက သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားသောကြောင့်သာ။ မဟုတ်ပါက၊ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိ နဂါးအရှိန်အဝါသာ ထွက်ပေါ်လာလျှင် ဤလူတစ်သိန်းကျော်မှာ ချက်ချင်းပင် အမှုန့်ဖြစ်သွားပေလိမ့်မည်။
သို့သော် ဤမျှလောက် လူအများအပြားခေါ်လာလိမ့်မည်ဟု နဂါးမျိုးနွယ်စုကလည်း မထင်ထားခဲ့ပေ။ သူတို့သည် အလွန်ဆုံး ရာဂဏန်းသာရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် နဂါးအိုကြီးကရယ်မောလိုက်သည်
"'ခန့်ချောကြီး ချန်၊ မင်းမှာ ဂိုဏ်းသားတွေ တော်တော်များတာပဲ"
"မင်း လူသားလောကမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့ပုံရတယ်..."
၎င်းမှာ မြှောက်ပင့်စကားမျှသာ... အစစ်အမှန်အင်မော်တယ်၊ မြင့်မြတ်အင်မော်တယ်စသည်တို့မှာ သူတို့၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်ပေလိမ့်မည်။
အစ်ကိုကြီးချန်က ခေါင်းညိတ်လိုက်ပြီး
"သူတို့အားလုံးက ငါ့ရဲ့နောက်လိုက်တွေပါ၊ အလယ်အင်မော်တယ်လောကကနေ အခုမှတက်လာကြတာ။ သူတို့က ဟိုက ရှေးဦးအင်မော်တယ်ဂိုဏ်းတွေ ဒါမှမဟုတ် မိစ္ဆာဂိုဏ်းတွေနဲ့ ဘာမှမပတ်သက်ပါဘူး"
ဟု ရှင်းပြလိုက်သည်။
သူတို့သည် အလယ်အင်မော်တယ်လောကမှလာခြင်းဖြစ်ပြီး အထက်အင်မော်တယ်လောကတွင် သူတို့တိုက်ခိုက်ခဲ့သော ရန်သူများမဟုတ်ကြောင်း ကြားလိုက်ရသောအခါ နဂါးမျိုးနွယ်စုမှ အဆင့်မြင့်အရာရှိများမှာ လုံးဝစိတ်အေးသွားကြသည်။ ယီခုန်းနှင့် နဂါးနက်မျိုးနွယ်စု ခေါင်းဆောင် မော့ယန်တို့သည် သူတို့၏ရင်ဘတ်ကိုပုတ်ကာဖြင့် နောင်တွင် သူတို့၏မျိုးနွယ်စုအတွင်းရှိ နဂါးများကို ထိန်းချုပ်သွားမည်ဖြစ်ပြီး၊ ဤလူသားကျင့်ကြံသူများကို မည်သည့်အခါမျှ နှောင့်ယှက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အာမခံကြ၏။
"ဘိုးဘေးကြီး၊ ဒါက ဘယ်နေရာလဲဟင်"
နဂါးကြီးများ၏ရှေ့တွင် ဖေးရှန်ဂိုဏ်းမှ အကြီးအကဲများမှာ စိတ်မအေးဖြစ်နေကြဆဲပင်။
"ဒါက ယောင်နယ်မြေထဲက နဂါးမျိုးနွယ်စုရဲ့ နယ်မြေပဲ။ ဖေးရှန်ဂိုဏ်းက အင်မော်တယ်နယ်မြေနဲ့ မိစ္ဆာနယ်မြေတွေမှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရလို့ မင်းတို့အားလုံးကို ငါပြောင်းရွှေ့ပေးလိုက်တာ"
"စိတ်မပူပါနဲ့၊ ဒီမှာက အရမ်းလုံခြုံပါတယ်"
"အဲ့လိုကိုး။ ဘိုးဘေးကြီးက တကယ်ကို ကြီးမားတဲ့ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတာပဲ"
သူသည် ဤနေရာတွင် သြဇာညောင်းသူဖြစ်ကြောင်း မြင်လိုက်ရသောအခါ အကြီးအကဲများက သူ့ကို အထင်ကြီးလေးစားသွားကြပြန်သည်။ ဘိုးဘေးကြီးက တကယ်ပဲအရှိန်အဝါရှိသည်... အထက်အင်မော်တယ်လောကမှ နဂါးများပင်လျှင် သူ့ကို ဤမျှအလေးထား၏။
"အခုကစပြီး မင်းတို့ ဒီမှာပဲ ကောင်းကောင်းကျင့်ကြံကြတော့"
"အရင်မျိုးဆက်တွေက ဘိုးဘေးကြီးတွေနဲ့လည်း အမြန်ဆုံးတွေ့ခွင့်ရအောင် ငါစီစဉ်ပေးမယ်"
အတိတ်မျိုးဆက်မှ ဘိုးဘေးဆရာကြီးများအကြောင်း ပြောလိုက်သောအခါ အကြီးအကဲများမှာ ဝမ်းသာအားရနှင့် မျှော်လင့်ချက်များ ရှိလာကြသည်။ ထို့နောက်တွင် အစ်ကိုကြီးချန်သည် ကံကြမ္မာအမှတ်အချို့ကို အသုံးပြုပြီး၊ ဤနေရာတွင် ဖေးရှန်ဂိုဏ်းတစ်ခုကို လေထဲမှ ဖန်တီးလိုက်သည်။ ရင်းနှီးပြီးသားဖြစ်သော တောင်တံခါးများ၊ နန်းတော်များ၊ မဏ္ဍပ်များ၊ စိမ့်စမ်းရေများနှင့် ရေတံခွန်များကို မြင်လိုက်ရသောအခါ ဖေးရှန်ဂိုဏ်းသားများသာမက နဂါးမျိုးနွယ်စုမှ အဆင့်မြင့်အရာရှိများပင်လျှင် မျက်လုံးပြူးသွား၏။
"'ခန့်ချောကြီး ချန်၊ ဒါက ဘယ်လိုနည်းလမ်းမျိုးလဲ"
နဂါးအိုကြီးက အံ့သြမဆုံးဖြစ်နေသည်။ နဂါးမျိုးနွယ်စုဝင်များသည် အနီးသို့ပျံလာပြီး ကိုယ်တိုင်ထိတွေ့ခံစားကြည့်ကြပြီးနောက် ၎င်းမှာ ပို၍ပင် မယုံနိုင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
"ဒါက အစစ်အမှန်ပဲ၊ ပုံရိပ်ယောင်မဟုတ်ဘူး"
"အရာဝတ္ထုတွေကို လေထဲကနေဖန်တီးတာ၊ ဒါက တကယ်အံ့ဖွယ်ပဲ"
မူလက သူတို့သည် အစ်ကိုကြီးချန်ကို ပုံစံကိုးမျိုး သွေးမျိုးဆက်ကြောင့်သာ လေးစားခဲ့ကြခြင်းဖြစ်သည်။ ယခုမူ သူတို့စိတ်ကူးထားသည်ထက်ပင် ပိုမိုထူးခြားဆန်းပြားကြောင်း သိရှိသွား၏။ ၎င်းက သူ့ကို ထောက်ခံအားပေးရန် သူတို့၏ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေသည်။ အနည်းငယ်ကြွားဝါပြပြီးနောက် အစ်ကိုကြီးချန် ကျေနပ်သွားပြီး နဂါးအုပ်စုနှင့်အတူ ဘိုးဘေးနယ်မြေဧရိယာအတွင်းသို့ ဝင်ရောက်လိုက်သည်။
ဤနေရာသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်မှာ တက်ကြွလာသည်ကို ခံစားလိုက်ရသည်။ သူ၏ နဂါးအရိုး အစိတ်အပိုင်းတိုင်းကလည်း ပွဲခံနေကြ၏။ သူ၏ကျောရိုးပေါ်ရှိ ပုံစံကိုးမျိုးမှာ ဟင်းလင်းပြင်ကိုဖောက်ထွက်ပြီး ထွက်ခွာတော့မည့်အလား တောက်ပစွာထွန်းလင်းနေသည်...
ငွေရောင်နှင့် အပြာနုရောင် အလင်းကွင်းများသည် အပြင်ဘက်သို့ ဂယက်ထသလို ပျံ့နှံ့သွားသည်။ ထိုအထဲတွင် မိုးပြာနဂါး သွေးမျိုးဆက်၏ အဆုံးမဲ့နက်နဲမှုများ ပါဝင်နေလေရာ အနီးအနားရှိ ဆင့်ကျိနှင့် ဆင့်ချုံးကဲ့သို့သော ဧကရာဇ်တစ်ပိုင်းများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး တညီတညွတ်တည်း ခေါင်းညိတ်ကာ သူတို့၏နှလုံးသားထဲတွင် မထိန်းချုပ်နိုင်သော ဝမ်းသာပီတိများကို ခံစားလိုက်ရ၏။ ယီခုန်း အပါအဝင် ဧကရာဇ်တစ်ပိုင်းငါးပါးနှင့် မိုးပြာနဂါးသုံးရာတို့မှာလည်း ထိုအလင်းကွင်းများအတွင်းကျင့်ကြံရင်း ဂရုတစိုက်ဆင်ခြင်သုံးသပ်နေကြသည်။
ထိုအလင်းကွင်းများသည် ဘိုးဘေးနယ်မြေအတွင်း၌သာ ဂယက်ထနေခြင်းမဟုတ်ဘဲ မကြာမီတွင် အဝေးသို့ပျံ့နှံ့သွားသည်။ မိုးပြာနဂါးချိုင့်ဝှမ်းတစ်ခုလုံးတွင် ငွေရောင်နှင့် အပြာရောင် အလင်းကွင်းဖျော့ဖျော့များ ပေါ်လာ၏။ ထိုအလင်းကွင်းများနှင့် ထိတွေ့ပြီးနောက် နဂါးနက်၊ တောင်ပံပါနဂါး သို့မဟုတ် အဆင့်နိမ့်သော လေနဂါးနှင့် လီနဂါးများအားလုံး တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းအခြေအနေသို့ ရောက်ရှိသွားကြပြီး ဤထူးခြားဖြစ်စဉ်သည် သုံးရက်နှင့် သုံးညတိုင်တိုင် ကြာမြင့်ပြီးမှ ပျောက်ကွယ်သွားလေသည်။
အစ်ကိုကြီးချန် ပြန်လည်နိုးထလာသောအခါ သူ့အရိုးများ၏ကြံ့ခိုင်မှုမှာ အနည်းဆုံးနှစ်ဆခန့်တိုးလာကြောင်း တွေ့ရှိလိုက်ရသည်...
ဘာတွေဖြစ်နေတာလဲ...
သူသည် ဆင့်ကျိကို မေးခွန်းထုတ်သောအကြည့်ဖြင့် ကြည့်လိုက်ရာ ထိုနဂါးအိုကြီးမှာ အံ့သြတုန်လှုပ်မှုနှင့် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။
"ဘိုးဘေးနယ်မြေဆိုတာ အင်မော်တယ်လောက စတင်ပွင့်လင်းစဉ် ကမ္ဘာမြေဖန်တီးမှုကနေ ဖြစ်ပေါ်လာတဲ့ သဘာဝလျှို့ဝှက်နယ်မြေတစ်ခုပဲ။ ငါတို့ရဲ့ မိုးပြာနဂါးဘိုးဘေးက ဒီမှာမွေးဖွားခဲ့တာ"
"ဒီကို ပထမဆုံးအကြိမ်ရောက်လာတဲ့ မိုးပြာနဂါးမျိုးဆက်တိုင်းက ဘိုးဘေးနယ်မြေနဲ့ တုံ့ပြန်လိမ့်မယ်၊ သူတို့ရဲ့အရိုးအဆင့်ကို မြှင့်တင်ပေးပြီး သွေးမျိုးဆက် ထူးခြားဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်"
"ဒီထူးခြားဖြစ်စဉ်က ငါတို့မျိုးနွယ်စု သွေးမျိုးဆက်ရဲ့ နက်နဲတဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးတယ်။ အဲ့ဒီထဲမှာကျင့်ကြံရတာက အကျိုးကျေးဇူးအရမ်းကြီးမားတယ်"
သူက ခေတ္တရပ်ပြီးနောက် မယုံနိုင်လောက်သောလေသံဖြင့် ဆက်ပြောသည်
"ငါတို့ ဒီကို ပထမဆုံးဝင်လာတုန်းက သွေးမျိုးဆက် ထူးခြားဖြစ်စဉ်က ၃ လီ ဒါမှမဟုတ် ၅ လီလောက်ပဲရှိပြီး နာရီဝက်လောက်ကြာတာက အဆင့်အမြင့်ဆုံးပဲ"
"ဒါပေမဲ့ မင်းရဲ့သွေးမျိုးဆက် ထူးခြားဖြစ်စဉ်က ဘိုးဘေးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သုံးရက်နဲ့ သုံးညတိတိ ကြာမြင့်ခဲ့တယ်..."
"ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီလဲ"
မော့ယန်၏ မျက်လုံးများတွင် နက်ရှိုင်းသော ကျေးဇူးတင်မှုနှင့် ကြည်ညိုလေးစားမှုများ ထင်ဟပ်နေသည်
"မင်းရဲ့ ထူးခြားဖြစ်စဉ်ကြောင့် ငါတို့မျိုးနွယ်စုက ပါရမီရှင်အများအပြားဟာ ဒီတစ်ခေါက်မှာ သူတို့ရဲ့အဆင့်ကို ဖောက်ထွက်နိုင်တော့မယ်"
ယီခုန်းကလည်း စိတ်လှုပ်ရှားစွာဖြင့်ပြောသည်။
"ငါ့ရဲ့ အဆင့်တောင် လှုပ်ခတ်လာပြီ၊ ငါ ဧကရာဇ်တစ်ပိုင်းအလယ်အဆင့်ကိုရောက်ဖို့ သိပ်မဝေးတော့ဘူးထင်တယ်"
အခြားသော ဧကရာဇ်တစ်ပိုင်း အနည်းငယ်မှာလည်း အလွန်အမင်း ဝမ်းသာနေကြသည်။ မူလက သူတို့သည် အစ်ကိုကြီးချန်ကို လေးစားရုံသာရှိခဲ့သော်လည်း၊ ယခုအခါ ကျေးဇူးတင်စိတ်တစ်ခု ထပ်တိုးလာ၏။
မိုးပြာနဂါးသုံးရာကျော်အနက်မှ နဂါးအရှင်နှင့် နဂါးဘုရင်အများအပြားမှာ နိုးလာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံခြင်းအခြေအနေသို့ ချက်ချင်းပြန်လည်ဝင်ရောက်သွားကြပြန်သည်။ သူတို့အနက် အချို့၏ကျောရိုးများတွင် ခရမ်းရောင်ပုံစံအသစ်ဖျော့ဖျော့လေးများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာနေသည်။ ၎င်းမှာ သူတို့၏ သွေးမျိုးဆက်အဆင့်မှာ ဖောက်ထွက်တော့မည့် လက္ခဏာပင်...
၎င်းကို မြင်လိုက်ရသောအခါ ဆင့်ကျိသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားရပါးရရယ်မောလိုက်သည် -
"ခန့်ချောကြီး ချန်၊ မင်းက တကယ်ပဲ ငါတို့မျိုးနွယ်စုကို ကယ်တင်ဖို့ ကောင်းကင်က စေလွှတ်လိုက်တာပဲ"
"မင်း ဒီကိုရောက်တဲ့ ပထမဆုံးနေ့မှာတင် တစ်မျိုးနွယ်လုံးရဲ့အင်အားကို မြှင့်တင်ပေးနိုင်ခဲ့တယ်"
ဆင့်ချုံးကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်
"နဂါးဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါပဲ"