အခန်း ၃၈၉
Vol. 39 Ch. 389
အခန်း ၃၈၉။ ပြန်လည်ဆုံစည်းခြင်း
မိုးပြာနဂါးချိုင့်ဝှမ်း၏ ဗဟိုတွင် နဂါးဂူတစ်ခုရှိသည်။ မူလက မည်သည့်နဂါးမှ ဤနေရာတွင် ဝင်ရောက်နေထိုင်ခွင့်မရှိသော်လည်း ယခုအခါ အစ်ကိုကြီးချန်သည် နောင်လာမည့် နဂါးဧကရာဇ်အဖြစ် ထင်ရှားနေသဖြင့် သူသည် တွေဝေမနေဘဲ သိမ်းပိုက်လိုက်၏။ သို့သော် သူသည် ဤနဂါးဂူကို သဘောမကျပေ။ ဆင့်ကျိ၊ ယီခုန်းနှင့် အခြားသူများ၏ရှေ့တွင်ပင် သူသည် ၎င်းကို ခမ်းနားထည်ဝါသော နန်းတော်တစ်ခုအဖြစ် ပြောင်ပြောင်တင်းတင်း ပြုပြင်မွမ်းမံလိုက်သည်။
ဤဘိုးဘေးနဂါးဂူ၏ အရေးပါမှုမှာ အလွန်ကြီးမား၏။ အတိတ်ကာလက မိုးပြာနဂါးမျိုးနွယ်စုမှ မျိုးဆက်များ ဤနေရာသို့လာသည့်အခါ တစ်ခုခုကို တိုက်မိခိုက်မိမည်စိုး၍ အမြဲတမ်း အလွန်အမင်း ဂရုစိုက်ခဲ့ကြရသည်။ သို့သော် ယခု ဤလူမှာမူ...
ဤကိစ္စနှင့်ပတ်သက်၍ နဂါးမျိုးနွယ်စု၏ အဆင့်မြင့်အရာရှိများမှာ မမြင်ချင်ယောင်ဆောင်ကာ မျက်စိမှိတ်ထားရုံသာ တတ်နိုင်ကြသည်။ မည်သို့မျှ မတတ်နိုင်ပေ... အစ်ကိုကြီးချန်မှာ သူတို့အတွက် အလွန်အရေးပါလွန်းနေ၏။
ထိုအချိန်တွင် မိုးပြာနဂါးတစ်ကောင်က အခြားသော နဂါးမျိုးနွယ်စုကြီးနှစ်ခုမှ ဂုဏ်ပြုရန်ရောက်ရှိလာကြောင်း အမြန်လာရောက်သတင်းပို့သည်။ သူတို့သည် မိုးပြာနဂါးချိုင့်ဝှမ်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြလေပြီ။
"ဘယ်သူတွေ ရောက်လာတာလဲ"
"ရွှေနဂါး၊ ဖယောင်းနဂါးနဲ့ မီးနဂါး မျိုးနွယ်စုတွေဆီက ဧကရာဇ်တစ်ပိုင်း တစ်ပါးစီနဲ့ နဂါးဘုရင်အချို့ ရောက်လာကြပါတယ်"
ဆင့်ကျိက ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ မျက်နှာသာပေးခြင်းနှင့် ထောက်ခံမှုကို ပြသခြင်းဟု ယူဆနိုင်၏။
"နဂါးပြာဖက်ကရော"
"နဂါးပြာဧကရာဇ်ရဲ့ သတ္တမမြောက်သားတော် ရွှမ်းကွမ်းရောက်လာပါတယ်"
"သတ္တမမင်းသားလား၊ သူက အခုထိ နဂါးအရှင်အဆင့်ပဲရှိသေးတာ မဟုတ်လား"
နဂါးပြာဧကရာဇ်မှာ အခြားသော နဂါးဧကရာဇ်နှစ်ပါးနှင့်မတူဘဲ သားသမီး တော်တော်များများရှိသည်။ နဂါးတစ်ကောင်တွင် သားကိုးယောက်ရှိပြီး တစ်ဦးနှင့်တစ်ဦး မတူညီကြ။ နဂါးပြာဧကရာဇ်၏ သားသမီးဦးရေမှာ သုံးဆယ်ကျော်ရှိ၏။ ဤသတ္တမမင်းသားမှာ ပါရမီနိမ့်ပါးသူတစ်ဦးဖြစ်ပြီး ယခုအချိန်အထိ နဂါးအရှင်အဆင့်သာ ရှိသေးသည်။ သို့သော်လည်း သူသည် နဂါးပြာမျိုးနွယ်စု၏ မင်းသားတစ်ပါးဖြစ်သဖြင့် သူ့အဆင့်အတန်းမှာ လုံလောက်မှုရှိသည်။
"ယင်နဂါးနဲ့ တိမ်နဂါး မျိုးနွယ်စုတွေကရော"
"သူတို့က အင်မော်တယ်ဘုရင်တစ်ပါးစီ စေလွှတ်လိုက်ပါတယ်"
"ဘာ"
ဆင့်ကျိသည် ချက်ချင်းပင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
"နဂါးပြာဧကရာဇ်က နဂါးသားတော်တစ်ပါး ဖွားမြင်တိုင်း ငါတို့က ဧကရာဇ်တစ်ပိုင်း တစ်ပါးကို ကိုယ်တိုင်သွားပြီး ဂုဏ်ပြုစေခဲ့တာ။ အခု ငါတို့မျိုးနွယ်စုရဲ့ ပုံစံကိုးမျိုး မိုးပြာနဂါး ပါရမီရှင် ပြန်လာတာကို သူတို့က ဘာလို့ ဒီလောက် ဝတ်ကျေတမ်းကျေ လုပ်ရတာလဲ"
ယီခုန်းကလည်း မကျေမနပ်ဖြင့်ပြောသည်။
"ဟုတ်ပါတယ်၊ ဒါက သူတို့အလေးမထားဘူးဆိုတာ ထင်ရှားနေတာပဲ"
မော့ယန်က သက်ပြင်းချလိုက်ပြီး
"ထားလိုက်ပါတော့။ အရင်က အောက်ရန် ရွှေနဂါးဘက်ကိုပြန်လာတုန်းက သူတို့က နဂါးဘုရင်တစ်ပါးပဲလွှတ်ပြီး ဂုဏ်ပြုခဲ့တာ။ ဒီတစ်ခေါက်တော့ အနည်းဆုံး နှစ်ပါးနဲ့ မင်းသားတစ်ပါးပါ ပါလာတာပဲ"
"နဂါးပြာမျိုးနွယ်စုဘက်မှာ ငါတို့ မျိုးနွယ်စုနှစ်ခုလုံးက တစ်တန်းတည်း ဖော်ပြခံရဖို့ မထိုက်တန်တော့ဘူးလို့ ယူဆနေကြတာ ကြာလှပြီ"
၎င်းမှာလည်း ရှောင်လွှဲ၍မရသော ကိစ္စဖြစ်သည်။ ရှေးခေတ်ကာလများ၏ ဆက်တိုက်ဖြစ်ပွားသော စစ်ပွဲကြီးများကို ကြုံတွေ့ခဲ့ရပြီးနောက် နဂါးမျိုးနွယ်စုကြီး သုံးခုစလုံးမှာ သိသိသာသာ ဆုတ်ယုတ်သွား၏။ သူတို့၏ အထွတ်အထိပ်ကာလတွင် နဂါးမျိုးနွယ်စုကြီး သုံးခုစလုံး၌ နဂါးဧကရာဇ်များ အုပ်ချုပ်နေကြပြီး ဧကရာဇ်တစ်ပိုင်း တစ်ရာနီးပါးစီ ရှိခဲ့ကြသည်။
ယခုမူ မိုးပြာနဂါးဖက်တွင် ဆင့်ကျိနှင့် ဆင့်ချုံးဟူသော ဧကရာဇ်တစ်ပိုင်း နှစ်ပါးသာ ရှိတော့သည်။ ရွှေနဂါးဘက်ကမူ အနည်းငယ် ပိုကောင်းသည်။ အောက်ရန်နှင့်ဆိုလျှင် သူတို့၌ လေးပါး ရှိသည်။ နဂါးပြာဘက်တွင်မူ နဂါးပြာ ဧကရာဇ်မှာ အသက်ရှင်လျက်ရှိနေဆဲ။ သူ့လက်အောက်တွင် နဂါးပြာမျိုးနွယ်စု တစ်ခုတည်း၌ပင် ဧကရာဇ်တစ်ပိုင်းရှစ်ပါး ရှိနေဆဲပင်။ သူတို့၏ အင်အားကို ဤသို့ နှိုင်းယှဉ်ကြည့်ပါက အုပ်စုသုံးခုမှာ တစ်ညီတည်းမဟုတ်ကြ။
လွန်ခဲ့သောနှစ်ပေါင်းဆယ်ဘီလီယံတစ်လျှောက်လုံး နဂါးပြာမျိုးနွယ်စုသည် သူတို့ကိုယ်သူတို့ နဂါးမျိုးနွယ်စု၏ ဦးဆောင်သူစစ်စစ်ဟု ကြွေးကြော်ခဲ့ကြပြီး၊ ကျန်သောအုပ်စုနှစ်ခုကို ဝန်ထုပ်ဝန်ပိုးများအဖြစ်သာယူဆကာ သူတို့ကသာ နဂါးမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေသည်ဟု ယုံကြည်ထားကြသည်။ ဤကဲ့သို့သော စိတ်နေစိတ်ထားဖြင့် ကျန်မျိုးနွယ်စုနှစ်ခုကို သူတို့က လေးစားမှုထားနိုင်မည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။
"ကောင်းပြီ၊ ငါတို့ အခု သူတို့ကို သွားတွေ့ကြရအောင်"
ဆင့်ကျိက ရိုးရိုးတန်းတန်းသာ ညည်းညူလိုက်ခြင်းဖြစ်သည်။ အမှန်စင်စစ် သူသည် ၎င်းကို ကျင့်သားရနေခဲ့သည်မှာ ကြာလေပြီ။
"ငါ မလာတော့ဘူး"
အစ်ကိုကြီးချန်မှာ အလုပ်ရှုပ်နေသည်။ သူ အခု ပိုလိုချင်နေသည်မှာ သူ့တပည့်များနှင့် အမြန်ဆုံးဆက်သွယ်ချင်နေခြင်းပင်။
အခြားသော နဂါးမျိုးနွယ်စုများနှင့်တွေ့ဆုံရန် လိုအပ်လို့လား...
သူတို့က နဂါးတစ်အုပ်ကြီးပဲလေ၊ မိန်းလှလေးတွေမှမဟုတ်...
သူက ဘာလို့ အားစိုက်ပြီး လူလုံးထွက်ပြနေရမှာလဲ
ထို့ပြင် နဂါးပြာမျိုးနွယ်စုက ဤဘက်ကို အထင်ကြီးပုံမရကြောင်း ခုလေးတင်ကြားလိုက်ရသဖြင့် သူသည် ပို၍ပင် စိတ်မဝင်စားတော့ပေ။
"အာ"
ဆင့်ကျိ၊ ယီခုန်း၊ မော့ယန်နှင့် အခြားသော အဆင့်မြင့်အရာရှိများမှာ ဆွံ့အသွားကြသည်။
"ဘာလို့ မလာတာလဲ"
"သွားရကျိုးနပ်တဲ့အရာမှမရှိတာ။ ခင်ဗျားတို့ပဲ ကျွန်တော့်ကိုယ်စား သူတို့ကိုသွားတွေ့လိုက်ကြပါ"
"ဘယ်လိုလုပ် အဲ့လို ဖြစ်နိုင်မှာလဲ"
ဆင့်ကျိသည် ဤဘိုးဘေးလေးကို စိတ်ရှည်လက်ရှည်ဖြင့်သာ ဖျောင်းဖျရတော့သည်
"သူတို့က မင်းကို အထူးတလည် ဂုဏ်ပြုဖို့ လာကြတာလေ"
"ခန့်ချောကြီး ချန်၊ အနည်းဆုံးတော့ သူတို့ကို မျက်နှာသာပေးသင့်တယ်..."
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ မင်းက ဒီနေ့ရဲ့ အဓိကဇာတ်လိုက်ပဲလေ"
"အကယ်၍ မင်းသာ ထွက်မလာဘူးဆိုရင် ဒီဂုဏ်ပြုပွဲတွေက အဓိပ္ပာယ်ရှိမှာ မဟုတ်တော့ဘူး"
သူတို့သည် အစ်ကိုကြီးချန်ကို အပြင်ထွက်ကာ ကိုယ်ထင်ပြစေချင်ကြဆဲဖြစ်ပြီး၊ ပုံစံကိုးမျိုး အမှတ်အသားကိုထုတ်ပြကာ အခြားသော မျိုးနွယ်စုကြီးနှစ်ခုကို ကောင်းကောင်းကြီး တုန်လှုပ်သွားစေချင်၏။ မည်သို့ပင်ဆိုစေ၊ မိုးပြာနဂါးမျိုးနွယ်စုသည် ဤနှစ်များအတွင်း အချိန်အတော်ကြာ ဆုတ်ယုတ်နေခဲ့သဖြင့် စိတ်ဓာတ်မြှင့်တင်ရန် ဤကဲ့သို့သော ပျော်ရွှင်စရာ အခမ်းအနားမျိုး လိုအပ်သည်။ နဂါးမျိုးနွယ်စုမှာ လူမြင်ကွင်းတွင် ဟန်ထုတ်ရသည်ကို တကယ်ပင် နှစ်သက်ကြသည်။
"မလာပါဘူး၊ လူမသိအောင် တိတ်တိတ်လေးနေရတာကို ပိုကြိုက်တယ်"
အစ်ကိုကြီးချန်က လက်ခါပြလိုက်သည်
"ငါ့ကို လျှို့ဝှက်လက်နက်တစ်ခုလိုပဲ သဘောထားလိုက်ပါ။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါ။ တခြားသူတွေ အမှန်တရားကိုမသိနိုင်တာက ပိုမကောင်းဘူးလား"
နဂါးအုပ်စုမှာ ဆွံ့အသွားကြသည်။
မင်းပြန်လာတဲ့သတင်းက ယောင်နယ်မြေတစ်ခုလုံးနဲ့ မျိုးနွယ်စုအားလုံးဆီကို ပျံ့နှံ့တော့မှာလေ...
လျှို့ဝှက်လက်နက် ဟုတ်လား...
လူမသိအောင်နေဖို့ဆိုတာ အခုချိန်မှာ မဖြစ်နိုင်တော့...
"ဒါပေမဲ့ ငါတို့ သူတို့ကိုထွက်မတွေ့ရင် ဧည့်သည်တွေကို မလေးစားရာ ကျလိမ့်မယ်"
"သူတို့က ဂုဏ်ပြုလက်ဆောင်တွေတောင် ယူလာကြသေးတယ်..."
"ဂုဏ်ပြုလက်ဆောင်တွေလား"
မူလက မသွားချင်သော အစ်ကိုကြီးချန်မှာ ရုတ်တရက် မျက်လုံးများတောက်ပလာသည်။
"အဟမ်း..."
"သူတို့က ဒီလောက်တောင် စိတ်ရင်းရှိနေမှတော့ သူတို့ကိုသွားတွေ့ဖို့ လိုအပ်တယ်လို့ထင်တယ်"
မင်းက တကယ်ကို လက်တွေ့ဆန်လွန်းတာပဲ မဟုတ်လား...
နဂါးအုပ်စုမှာ ဆွံ့အသွားကြပြန်သည်။ အကျိုးအမြတ်သာမရှိလျှင် ဤမိုးပြာနဂါးမျိုးနွယ်စု၏ ကြယ်ပွင့်အသစ်ကို လက်တစ်လုံးစာမျှပင် ရွေ့လျားအောင် လုပ်နိုင်မည်မဟုတ်ကြောင်း သူတို့ သဘောပေါက်သွားကြ၏။ ဆင့်ကျိသည် ဤမျိုးဆက်သစ်၏ ပညာပေးမှုကို အလေးအနက်ထားရမည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
အဆင့်မြင့်အရာရှိ အုပ်စုတစ်စုနှင့်အတူ အစ်ကိုကြီးချန်သည် သူ၏ မိုးပြာနဂါး အစစ်အမှန်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရင်း မိုးပြာနဂါးချိုင့်ဝှမ်း၏ ဧည့်ခန်းမသို့ ရောက်ရှိလာသည်။ ထို့နောက်တွင် သူသည် သူ၏ သူငယ်ချင်းဟောင်းသုံးဦးဖြစ်သော မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့ကို တွေ့လိုက်ရ၏။ ဧရာမအရွယ်အစားရှိသော ထိုနဂါးများ၏နောက်ကွယ်တွင် ရောနှောနေသော သူတို့သုံးဦးမှာ အလွန်သေးငယ်နေပုံရသော်လည်း သူတို့အတွက်နှင့် ဤနေရာသို့လာခဲ့ခြင်းဖြစ်ရာ သူတို့ကို မည်သို့ ရှာမတွေ့ဘဲ နေမည်နည်း။
သူတို့ကို မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ သူတို့၏ ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရသည့်အခါ သူ့နှလုံးသားလေးမှာ စိတ်လှုပ်ရှားမှုကြောင့် လှုပ်ခတ်သွားရသည်။ သူသည် ထိုနေရာတွင်တင် လူသားပုံစံသို့ ချက်ချင်းပြန်ပြောင်းကာ ပြန်လည်ဆုံစည်းခြင်း မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ချင်မိသည်။ သို့သော် သူတို့က သူ့ရှေ့မှာပင်ရှိနေသဖြင့် လောစရာမလိုကြောင်း ပြန်တွေးမိသည့်အပြင် သူက လက်ဆောင်များကို မသိမ်းရသေးပေ။
သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် မြင်ကွင်းမှာ ဆူညံသွားပြန်သည်။ မူလက ရွှေနဂါးနှင့် နဂါးပြာဖက်မှ လူများသည် ပုံစံကိုးမျိုး မိုးပြာနဂါး တကယ်ရှိသည်ဟု သိပ်မယုံကြည်ခဲ့ကြ။ ယခုမူ သူတို့ကိုယ်တိုင် မြင်တွေ့လိုက်ရပြီး လေးလံသော သွေးမျိုးဆက်ဖိအားကို ခံစားလိုက်ရသည့်အခါ မယုံချင်သော်လည်း ယုံကြည်လိုက်ရတော့သည်။ ရောက်ရှိနေသူတိုင်းသည် ရွှေနဂါး၊ ဖယောင်းနဂါး၊ မီးနဂါး သို့မဟုတ် အခြားသော မည်သည့်မျိုးနွယ်စုဖြစ်စေ လုံးဝတုန်လှုပ်သွားကြသည်။
ထို့နောက်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။
"ဒါက တကယ်ပဲ ပုံစံကိုးမျိုး မိုးပြာနဂါးပဲ"
"နဂါးဧကရာဇ်ဖြစ်မလာဘဲနဲ့ သူက သွေးမျိုးဆက်ပြီးပြည့်စုံမှုကို ဘယ်လိုရခဲ့တာလဲ"
"ဒါက တကယ်ကို အံ့ဖွယ်ပဲ"
"မိုးပြာနဂါးမျိုးနွယ်စုက တကယ်ပဲ ထွန်းကားတော့မယ် ထင်တယ်"
"ဒီပါရမီက နဂါးဧကရာဇ်သုံးပါးထက်တောင် ပိုပြီးကြောက်စရာကောင်းနေပြီ"
"ဟင်း..."
တုန်လှုပ်သံများကြားတွင် အစ်ကိုကြီးချန်မှာ တုန်လှုပ်ခြင်းတန်ဖိုး တော်တော်များများ ရရှိခဲ့သော်လည်း ထိုအချိန်တွင် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ နဂါးပြာသတ္တမမင်းသား ရွှမ်းကွမ်းက မထီမဲ့မြင်ပြုကာ
"သူက ဧကရာဇ် မဖြစ်သေးဘူးလေ။ အဲ့ဒီနေ့အထိ သူ အသက်ရှင်နိုင်ပါ့မလားဆိုတာ ပြောဖို့ခက်ပါသေးတယ်"
ဟု ပြောသည်ကို သူ ကြားလိုက်ရ၏။
"ပြီးတော့ သူက နဂါးဧကရာဇ်သုံးပါးထကပိုပြီး ကြောက်စရာကောင်းတယ်လို့ ပြောရအောင်၊ သူက တကယ်ပဲ အကြောက်အလန့်မရှိဘူးပဲ"
ဤစကားနှစ်ခွန်းကြောင့် တစ်နေရာလုံး၏ စိတ်အားထက်သန်သော အငွေ့အသက်မှာ ရုတ်တရက် အေးစက်သွားသည်။ အမှန်တကယ်ပင် အစ်ကိုကြီးချန်ကို နဂါးဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်ရန်မှာ စောလွန်းနေသေးသော်လည်း ဤစကားများမှာ အလွန်ရိုင်းစိုင်း၏။ တကယ်တမ်းတွင် သူ့ကို စောစောစီးစီး သေလိမ့်မည်ဟု ကျိန်ဆဲနေခြင်းပင်။ အခြားသူသာဖြစ်ခဲ့လျှင် ဆင့်ကျိသည် သူ့ကို လက်သည်းတစ်ချက်ဖြင့် ရိုက်ချလိုက်လေပြီ။ သို့သော် သူသည် နဂါးဧကရာဇ်၏ သားတော်ဖြစ်နေသဖြင့် မကြားချင်ယောင်ဆောင်နေရုံသာ တတ်နိုင်သည်။
အစ်ကိုကြီးချန်က ရွှမ်းကွမ်းကို စောင်းငဲ့ကြည့်လိုက်၏... သူက ချိုလေးချောင်းပါ နဂါးပြာအရှင်တစ်ပါးသာဖြစ်ပြီး သူ့သတ္တိအတွက် တကယ်ပင် ချီးကျူးထိုက်သည်။ ဤကဲ့သို့သော နဂါးမျိုးနွယ်စု၏ အပျော်အပါးမက်သူမှာ သူ့အတွက် မည်သည့်လှိုင်းတံပိုးမှ မဖန်တီးနိုင်တော့ပေ။ မကြာမီတွင် သူအမျှော်လင့်ဆုံးဖြစ်သော လက်ဆောင်ပေးသည့် အစီအစဉ်သို့ ရောက်ရှိလာသည်။
"ရွှေနဂါးမျိုးနွယ်စုက ပုံစံကိုးမျိုး မိုးပြာနဂါး ပြန်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေတစ်သန်း လက်ဆောင်ပေးအပ်ပါတယ်"
ဝုန်း...
အစ်ကိုကြီးချန်သည် သူ၏နဂါးထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ဘာလဲ...
သူကြားတာ မှန်ရဲ့လား...
ရွှေတစ်သန်း ဟုတ်လား...
အကယ်၍ ဤအရာမှာ သေမျိုးလောကတွင်သာဖြစ်ခဲ့လျှင် ၎င်းသည် အလွန်တရာ အံ့အားသင့်ဖွယ်ကောင်းသော ဓနဥစ္စာ ဖြစ်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ ကျင့်ကြံခြင်းလောက ဖြစ်နေခြင်းပင်။ ရွှေက ဘာအသုံးဝင်မှာလဲ...