အခန်း ၃၉၀
Vol. 39 Ch. 390
အခန်း ၃၉၀။ ဒါကို ခမ်းနားတဲ့လက်ဆောင်လို့ ခေါ်တာလား
အင်မော်တယ်နယ်မြေမှ အင်မော်တယ်များကို အသာထားလို့ အောက်ကမ္ဘာမှ ကျင့်ကြံသူတစ်ဦးသည်ပင် ဝိညာဉ်စင်မြင့်အဆင့်သို့ ရောက်ရှိသွားပါက လောကီ ရွှေ၊ ငွေ၊ ရတနာများကို အထင်သေးကြပေလိမ့်မည်။ ထိုအရာများသည် သူတို့အတွက် မည်သည့်အဓိပ္ပာယ်မှ မရှိတော့ပေ။ ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူများသည်ပင် ပုံမှန်အားဖြင့် ဝိညာဉ်ကျောက်တုံးများဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြသည်။
"ဟားဟားဟား၊ ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်"
"အစ်ကိုကြီး အောက်ချန်က တကယ်ကို ယဉ်ကျေးလွန်းနေပါပြီ..."
အစ်ကိုကြီးချန် လှုပ်ရှားခြင်းမရှိသည်ကို မြင်သောအခါ ဆင့်ကျိသည် အလျင်အမြန် ရှေ့သို့တက်ကာ တောင်ပုံရာပုံရှိသော ရွှေတစ်သန်းကို ကိုယ်စားလက်ခံလိုက်သည်။ အစ်ကိုကြီးချန်သည် ဆင့်ကျိမှာ ယဉ်ကျေးပြနေခြင်းသာဖြစ်သည်ဟု ထင်မှတ်ထားသော်လည်း ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ အခြားနဂါးများ၏ မနာလိုတကြီးနှင့် အထင်ကြီးစွာ ရေရွတ်နေကြသံများကို ကြားလိုက်ရ၏။
"ရွှေနဂါးမျိုးနွယ်စုက တကယ်ကို ရက်ရောတာပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ရွှေတစ်သန်းတောင်ပေးမယ်လို့ ဘယ်သူထင်မှာလဲ"
"အရင်တစ်ခေါက် မိုးပြာနဂါး ဧကရာဇ်ရဲ့ ၃၇ ယောက်မြောက် သားတော် မွေးတုန်းက ရွှေနဂါးမျိုးနွယ်စုက ရွှေတစ်သိန်းပဲပေးခဲ့တာ"
"ဒီတစ်ခေါက်တော့ သူတို့ တကယ်ပဲ အကုန်အကျခံလိုက်တာပဲ"
"ပုံစံကိုးမျိုး မိုးပြာနဂါး ထွက်ပေါ်လာတာက ဒီလောက်တန်ဖိုးရှိတာကိုး"
"ရွှေနဂါးမျိုးနွယ်စုက ဒီကိစ္စအပေါ် အများကြီး အလေးထားပုံရတယ်..."
သူတို့၏ ဆွေးနွေးမှုများကို ကြားရသောအခါ အစ်ကိုကြီးချန်သည် သူ၏ဘဝကိုပင် သံသယဝင်လာ၏။ ဤလက်ဆောင်သည် တကယ်ပင် အလွန်တန်ဖိုးရှိသောအရာတစ်ခု ဖြစ်နေပုံရသည်။ သူ မှားယွင်း အကဲဖြတ်မိခြင်း ဖြစ်နိုင်မလား။ သူသည် ချက်ချင်းပင် အဆင့်မြင့် ထိုးထွင်းသိမြင်မှုကိုခေါ်ယူကာ ကြည့်လိုက်သည်။
စနစ်က ပြသသည်မှာ...
ရွှေတစ်သန်း၊ တန်ဖိုး- ကံကြမ္မာအမှတ် ၀။
၎င်းမှာ တကယ်ပင် သာမန်ရွှေများသာ ဖြစ်နေသလော...
အစ်ကိုကြီးချန်မှာ လုံးဝဆွံ့အသွားသည်။ သို့ဆိုလျှင် ၎င်း၏တန်ဖိုးမှာ အဘယ်နည်း...
၎င်းက ကျင့်ကြံခြင်းတွင် အထောက်အကူ ဖြစ်စေသလော...
အင်မော်တယ်တစ်ယောက်က ရွှေကို ဘာလုပ်ဖို့လိုသနည်း...
သူ၏ နားလည်မှုမှာ တစ်လျှောက်လုံး မှားယွင်းနေခဲ့သလော...
"မီးနဂါးမျိုးနွယ်စုက ပုံစံကိုးမျိုး မိုးပြာနဂါး ပြန်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ မီးဝိညာဉ်ပုလဲတစ်တောင်း လက်ဆောင်ပေးအပ်ပါတယ်"
ဤမီးဝိညာဉ်ပုလဲများအကြောင်း ကြားရသောအခါ အစ်ကိုကြီးချန် စိတ်ဝင်စားသွားသည်။ ၎င်းမှာ တစ်မျိုးမျိုးသော အံ့ဖွယ် ကောင်းကင်နှင့် မြေကြီး ရတနာများ ဖြစ်နေမလား။
သူသည် အလျင်အမြန်ပင် ခေါင်းပြူ၍ ကြည့်လိုက်သည်။ နောက်တစ်ကြိမ် ဆွံ့အသွားပြန်သည်။ အောက်ကျလိုက်တာ၊ ဤမီးဝိညာဉ်ပုလဲများသည် အင်မော်တယ်စွမ်းအားလုံးဝမရှိသော သာမန်ရတနာတစ်မျိုးသာ။ ၎င်း၏ တစ်ခုတည်းသောအာနိသင်မှာ အနည်းငယ်ပူနွေးပြီး အခန်းအပူပေးကိရိယာအဖြစ် သုံးနိုင်ခြင်းဖြစ်သည်။ အင်မော်တယ်တစ်ယောက်အတွက် ဤအရာက ဘာအဓိပ္ပာယ်ရှိသနည်း...
ပတ်ဝန်းကျင်ရှိ နဂါးများမှာ နောက်ထပ်တစ်ကြိမ် ချီးကျူးသံများနှင့် မနာလိုသံများ ထွက်ပေါ်လာပြန်သည်။
"ဝါး... မီးနဂါးမျိုးနွယ်စုက တကယ်ပဲ တစ်တောင်းလုံး ပေးလိုက်တာလား"
"ဒါက သူတို့ရဲ့ အမြင့်မြတ်ဆုံးရတနာပဲ"
"အတိအကျပဲ၊ အရင်တုန်းကဆိုရင် တစ်လုံးချင်းစီပဲ ပေးခဲ့တာ"
"ငါပြောသားပဲ၊ ပုံစံကိုးမျိုး မိုးပြာနဂါးက အဓိပ္ပာယ်ကွဲပြားတယ်၊ ဒါကြောင့် ဂုဏ်ပြုလက်ဆောင်တွေက အထူးခမ်းနားနေတာပေါ့..."
အစ်ကိုကြီးချန်သည် သူကိုယ်သူ အင်မော်တယ်နယ်မြေမှ လောကီလောကထဲသို့ ပြုတ်ကျသွားသည်ဟုပင် သံသယဝင်လာသည်။ နဂါးမျိုးနွယ်စုတွင် ဤတောက်ပသော ရွှေ၊ ငွေ၊ ရတနာများကို စုဆောင်းသည့် ဝါသနာရှိကြောင်း သူမသိခဲ့။ သူတို့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် လောကီဓနဥစ္စာများ၏အဓိပ္ပာယ်မှာ ကွဲပြားသည်။
သူတို့ကို ဤအနုပညာလက်ရာများ ပေးကမ်းခိုင်းခြင်းမှာ အမှန်တကယ်ပင် သူတို့၏အသဲနှလုံးကို လှီးထုတ်ခိုင်းသကဲ့သို့ပင်။ ထို့ကြောင့် ဤမျှလောက်များများပေးသည်မှာ သူတို့၏ စိတ်ရင်းမှန်မှုမှာ အလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။ ထို့ပြင် အောက်ကမ္ဘာတွင်ပေါများသော ရွှေနှင့်ငွေကဲ့သို့သော သတ္တုများသည် အဆင့်နိမ့်လွန်းသဖြင့် အင်မော်တယ်နယ်မြေတွင် အမှန်တကယ် မတည်ရှိပေ။ ရှားပါးမှုက အရာဝတ္ထုများကို တန်ဖိုးတက်စေသည်။ ယခုခေတ်တွင် နဂါးမျိုးနွယ်စုရှိ ရွှေ၊ ငွေ၊ ရတနာ အများစုမှာ အတိတ်က တက်လာခဲ့ကြသောနဂါးများ ယူဆောင်လာခဲ့ကြခြင်းသာ။
နောက်ပိုင်းတွင် ဖယောင်းနဂါးများနှင့် လီနဂါး၊ ပတ်ခွေနဂါး၊ ချိုမဲ့နဂါးနှင့် မြစ်နဂါး စသည့် အခြားနဂါးမျိုးနွယ်များကလည်း သူတို့၏ လက်ဆောင်များကို ဆက်သကြသည်။ ချွင်းချက်မရှိဘဲ ၎င်းတို့မှာ ပုလဲများနှင့် မြများ၊ သို့မဟုတ် ကျောက်မျက်ရတနာနှင့် ကျောက်စိမ်း၊ ရွှေနှင့် ငွေ အသုံးအဆောင်များသာ။ တလက်လက်တောက်ပနေသော ရတနာများသည် အစ်ကိုကြီးချန်၏ ၂၄ ကေ တိုက်တေနီယမ်အလွိုင်း ခွေးမျက်လုံးများကိုပင် ကန်းလုနီးပါးဖြစ်စေသည်။ ရတနာပုံထဲတွင် မြှုပ်နှံခံရခြင်းဟူသည် မည်သို့နည်းဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွား၏။
အနီးအနားရှိ နဂါးများမှာ မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေကြသည်။ ဤရွှေ၊ ငွေ၊ ရတနာများကိုကြည့်ရင်း သူတို့၏မျက်လုံးများမှာ တစ်ကောင်ပြီးတစ်ကောင် နီမြန်းပြီး စိမ်းဖန့်လာကြသည်။ ဤလက်ဆောင်များ၏ စံနှုန်းမှာ မကြုံစဖူးမြင့်မားပြီး တန်ဖိုးရှိကြောင်း သူတို့အားလုံးက ဖော်ပြနေ၏။
မျှော်လင့်ထားသည့်အတိုင်း ပုံစံကိုးမျိုး မိုးပြာနဂါးက အရှိန်အဝါ ရှိနေဆဲပင်... ထိုအတောအတွင်း အစ်ကိုကြီးချန်က စိတ်ထဲမှနေ၍ မင်းတို့တစ်မိသားစုလုံးကို ကျေးဇူးတင်ပါတယ်ဟု ပြောလိုက်သည်။ သူသည် အလုပ်များနေသည့်ကြားမှ ကြီးကျယ်ခမ်းနားသော လက်ဆောင်အမြောက်အမြားရရှိရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ လာခဲ့သော်လည်း ရလဒ်မှာဤမျှသာ။ အားလုံးပေါင်းလိုက်လျှင် ကံကြမ္မာအမှတ် ၁ မှတ်တောင် မတန်ပေ။
"နဂါးပြာမျိုးနွယ်စုက ဂုဏ်ပြုလက်ဆောင်အဖြစ် ငွေတစ်ထောင်"
"ယင်နဂါးမျိုးနွယ်စုက ဂုဏ်ပြုလက်ဆောင်အဖြစ် ငွေတစ်ထောင်"
"တိမ်နဂါးမျိုးနွယ်စုက ဂုဏ်ပြုလက်ဆောင်အဖြစ် ငွေတစ်ထောင်"
ကြေညာချက်သုံးခုနှင့်အတူ မူလက ချီးကျူးသံများဖြင့် ပြည့်နှက်နေသော ရင်ပြင်မှာ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။ နဂါးမျိုးနွယ်စုသည် ရွှေနှင့် ငွေကို တန်ဖိုးထားသော်လည်း တန်ဖိုးချင်းမှာ ကွာခြားနေဆဲ။
ငွေတစ်ထောင်ဆိုသည်မှာ ရွှေနဂါးမျိုးနွယ်စု၏ ရွှေတစ်သန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှသော ကွာခြားမှုမဟုတ်ပေ။ မည်သည့် အဆင့်နိမ့်နဂါး၏ စုဆောင်းမှုမဆို ဤပမာဏထက် အဆပေါင်းရာကျော် ပိုများပေလိမ့်မည်။ နဂါးအများအပြားသည် တစ်ဦးနှင့်တစ်ဦးအသံလွှင့်၍ အတင်းတုတ်ကြလေ၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ နဂါးပြာမျိုးနွယ်စုက အခုထိ ဒီလောက်စေးနှဲနေတုန်းပဲ"
"ဘာမှမတတ်နိုင်ဘူးလေ။ သူတို့က မိုးနဂါးတွေ၊ ရွှေနဂါးတွေနဲ့ တစ်တန်းတည်း အဆင့်သတ်မှတ်ခံရတာကို လုံးဝအထင်သေးတာ"
"ဒါက အမြဲတမ်း ဒီလိုပဲမဟုတ်လား... အရင်တစ်ခေါက် အောက်ရန်ပြန်လာတုန်းကလည်း မိုးနဂါးဘက်က ငွေတစ်ထောင်ပဲ ပေးခဲ့တာ"
"ဒါပေမဲ့ ဒီတစ်ခေါက်က ပုံစံကိုးမျိုး မိုးပြာနဂါးလေ"
"မိုးနဂါးဧကရာဇ်ကိုယ်တိုင်က ပုံစံကိုးမျိုး ဦးချိုပါတဲ့ ပြီးပြည့်စုံတဲ့ သွေးမျိုးဆက်ပိုင်ရှင်ပဲ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်တောင် မရောက်သေးတဲ့ မျိုးဆက်သစ်တစ်ယောက်ကို ဂရုစိုက်ဖို့ တကယ်မလိုတာ ဖြစ်မှာပါ"
"ဟင်း..."
"မင်းတို့ရဲ့ လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ်"
ဆင့်ကျိမှာ ဘာပြောရမှန်းမသိသဖြင့် အတင်းအကျပ်ပြုံးကာ ငွေသုံးထောင်ကို လက်ခံလိုက်၏။ လက်မခံဘဲနေခြင်းမှာ မိုးနဂါးဧကရာဇ်ကို မျက်နှာပျက်စေမည်။
အစ်ကိုကြီးချန်က စိတ်ထဲမှနေ၍ မဲ့လိုက်သည်။ ထိုနဂါးများ၏ အသံလွှင့်ပြောဆိုသံများကို သူမကြားရသော်လည်း ဤလက်ဆောင်မှာ လူကို လုံးဝအထင်သေးခြင်းဖြစ်ကြောင်း သူသိသည်။ သို့သော် သူ ဂရုမစိုက်ပေ... ရွှေဖြစ်စေ၊ ငွေဖြစ်စေ သူ၏မျက်လုံးထဲတွင် မည်သည့်တန်ဖိုးမှမရှိ။
သူသည် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည် မဟုတ်ပါလား...
လက်ဆောင်ပေးသည့် လုပ်ငန်းစဉ်မှာ အဆုံးသတ်သို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။ ဤအချိန်တွင် ဖေးရှန်ဂိုဏ်းမှ လူသုံးဦးသည် နောက်ဆုံးမှပေါ်ထွက်လာ၏။
"ဖေးရှန်ဂိုဏ်းက မိုးပြာနဂါးမျိုးနွယ်စုရဲ့ ပါရမီရှင် ပြန်လာခြင်းအတွက် ဂုဏ်ပြုပါတယ်... လက်ဆောင်အဖြစ် အဆင့်မြင့်အင်မော်တယ်ကျောက်တုံးတစ်သိန်း ပေးအပ်ပါတယ်"
ဤလက်ဆောင်အကြောင်း ကြားရသောအခါ အစ်ကိုကြီးချန် စိတ်လှုပ်ရှားသွားသည်။ သူ့ကိုနားလည်တာ သူ့တပည့်များသာရှိသည်။ သူတို့က သူ့ကိုမမှတ်မိသော်လည်း သူတို့ပေးသည့်အရာမှာ အနည်းဆုံးတော့ သူအသုံးပြုနိုင်သောအရာဖြစ်၏။
သူတို့မှာ အခု အတော်လေး ဆင်းရဲနေပုံရသည်။ အလယ်အင်မော်တယ်လောကတွင် မည်သည့် အင်မော်တယ်အရှင်မဆို အင်မော်တယ်ကျောက်တုံးတစ်သိန်းကို အလွယ်တကူထုတ်ပေးနိုင်၏။
မတတ်နိုင်ပေ... ယောင်မျိုးနွယ်စုများမှာ အသုံးမလိုသဖြင့် ယောင်နယ်မြေတွင် အင်မော်တယ်ကျောက်တုံးများမရှိ။ ဤနေရာ၌ နှစ်ပေါင်းသန်းငါးဆယ်တိုင်တိုင် အပြင်မထွက်ဘဲ နေထိုင်ခဲ့ကြသဖြင့် ကျိလင်းဟန်နှင့် အခြားသူများထံတွင် သဘာဝအတိုင်း အများကြီးကျန်တော့မည်မဟုတ်ပေ။ ရွှေ၊ ငွေ၊ ရတနာများနှင့် ပတ်သက်၍မူ သူတို့ ယခင်က မည်သည့်အခါမျှ စုဆောင်းခဲ့ခြင်းမရှိ။ သူတို့ယူဆောင်လာသော ရတနာအနည်းငယ်မှာလည်း ယခင် လက်ဆောင်ပေးပွဲများတွင် ပေးလိုက်ရ၍ ကုန်တာကြာပြီဖြစ်သည်။ သူတို့၏အမြင်အရ အင်မော်တယ်ကျောက်တုံးများသည် ရွှေ၊ ငွေ၊ ရတနာများကဲ့သို့ပင် တလက်လက်တောက်ပနေသဖြင့် ဤအတုမရှိပါရမီရှင်၏အကြိုက်နှင့် ကိုက်ညီလိမ့်မည်ဟု ထင်နေကြသည် မဟုတ်ပါလား။
အစ်ကိုကြီးချန်သည် ဤလက်ဆောင်ကို ကိုယ်တိုင်ယူရန်ပြင်နေစဉ်တွင် သတ္တမမင်းသား ရွှမ်းကွမ်း၏ လှောင်သံကိုကြားလိုက်ရသည်။
"ဟက်၊ အင်မော်တယ်ကျောက်တုံးတွေလား... ဒီလိုအမှိုက်တွေကို မင်းတို့က ဘယ်လိုတောင် ဆက်သရဲတာလဲ"
နဂါးမျိုးနွယ်စုအတွက် အင်မော်တယ်ကျောက်တုံးများသည် အမှန်တကယ်ပင်တန်ဖိုးမရှိပေ။ ၎င်းတို့မှာလည်း တောက်ပနေသော်လည်း ရှားပါးမှုကသာ တန်ဖိုးကိုဖြစ်စေသည်...
အင်မော်တယ်နယ်မြေနှင့် မိစ္ဆာနယ်မြေတို့တွင် အင်မော်တယ်ကျောက်တုံး မိုင်းတွင်းများကို နေရာတိုင်းတွေ့နိုင်သဖြင့် အဖိုးမတန်ပေ။ ထို့ပြင် ဤနဂါးများသည် ကျင့်ကြံရန်အတွက် အင်မော်တယ်ကျောက်တုံးများကို အသုံးမပြုကြ။ ထို့ကြောင့် သူတို့သည် ဤအရာများကို ရတနာဟု လုံးဝမသတ်မှတ်ကြသည့်အတွက် ယင်နဂါးနှင့် တိမ်နဂါးမျိုးနွယ်စုမှ နဂါးဘုရင်များကလည်း ဆွမ်းကြီးဝိုင်းလောင်းလေ၏။
"ဒီလူသား အင်းဆက်လေးတွေက တကယ်ပဲ အဆင့်ရှိတဲ့အရာ ဘာမှမဆက်သနိုင်ကြပါလား"
"မင်းတို့က မိုးပြာနဂါးတွေဆီက မျက်နှာသာရချင်တယ်ဆိုရင် အနည်းဆုံးတော့ စိတ်ရင်းမှန်ကြောင်း ပြသင့်တယ်"
"တကယ်ပဲ အရှက်ရအောင် လုပ်နေတာပဲ..."
စကားအနည်းငယ်ကြောင့် ဆင့်ကျိပင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။ ယနေ့သည် မိုးပြာနဂါးမျိုးနွယ်စုအတွက် အလွန်ဝမ်းမြောက်စရာကောင်းသော နေ့တစ်နေ့ဖြစ်၏။ အခြားသူတစ်ဦး၏လက်ဆောင်မှာ အဖိုးမတန်လျှင်ပင် ဤကဲ့သို့ အေးစက်စွာ လှောင်ပြောင်ရန်မလို။
အခြားတစ်ဖက်တွင် မိုချန်၊ ရှန်ထိုက်နှင့် ဝေမြောင်တို့၏ နှလုံးသားများမှာလည်း ထိတ်ခနဲဖြစ်သွား၏။ သူတို့သည် နဂါးများ၏အကြိုက်နှင့်ကိုက်ညီစေရန် အစွမ်းကုန် ကြိုးစားခဲ့ကြပြီးဖြစ်သည်... ဤအင်မော်တယ်ကျောက်တုံး တစ်သိန်းမှာ သူတို့၏ နောက်ဆုံးလက်ကျန်စုဆောင်းမှုပင်။ နောက်ဆုံးတွင်မူ ထိုပုံစံကိုးမျိုး မိုးပြာနဂါး၏ မျက်နှာသာပေးမှုကို သူတို့မရရှိခဲ့ကြသလိုထင်ရသည်။
ထိုအချိန်တွင် အထက်၌ထိုင်နေသော ပျင်းရိပုံရသည့် ပုံစံကိုးမျိုး မိုးပြာနဂါး ထွက်လာသည်ကို သူတို့မြင်လိုက်ရသည်။ လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် သူသည် အင်မော်တယ်ကျောက်တုံးတစ်သိန်းကို အလွန်တရာ ဂရုတစိုက်ဟန်ဖြင့် ကိုယ်တိုင်လက်ခံလိုက်၏။
"ဟားဟားဟား၊ မဆိုးဘူး၊ မဆိုးဘူး၊ အရမ်းကောင်းတယ်"
"ဒီလက်ဆောင်က အရမ်းကိုကောင်းပါတယ်"