အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉) - အထင်လွဲမှုများစွာနှင့် စတင်လာသော ပြဿနာများ
စစ်သည်တော် တစ်ယောက်၏ ဗီဇသည် စိတ်ခံစားချက်အားလုံးကို လွှမ်းမိုးသွားပြီးနောက် ချင်ချန်းမှာ လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့သည်။
သူသည် ရန်သူ့စခန်းဘက်သို့ စိုက်ကြည့်ရင်း၊ ထိုအခိုက်အတန့်တွင် ထွက်ပေါ်လာသော သတ်ဖြတ်လိုသော အရှိန်အဝါမှာ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် ပြင်းထန်လွန်းသည်။
“ဒါဟာ ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ”
သူသည် ဓားကို ဆွဲထုတ်ကာ အောက်ဘက်သို့ ချိန်ရွယ်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“တပ်သားအားလုံး အမိန့်ကို နာခံကြ ၊ စစ်ဗုံတီးကြ …မြို့တံခါးဖွင့် ၊ ငါနဲ့အတူ... လူရိုင်းမျိုးနွယ်စုတွေကို လိုက်လံချေမှုန်းကြစမ်း”
သေဘေးမှ လွတ်လာကာစ စစ်သည်များမှာ အခိုက်အတန့်မျှ ကြောင်အမ်းသွားသော်လည်း၊ မကြာမီမှာပင် စစ်သူကြီး၏ တက်ကြွမှုကြောင့် သူတို့၏ ရင်ထဲတွင် သူရဲကောင်းစိတ်ဓာတ်များ တဟုန်းဟုန်း တောက်လာတော့၏။
“တိုက်ကြဟေ့”
“ ငါတို့ ညီအစ်ကိုတွေအတွက် လက်စားချေကြမယ်”
ဖိနှိပ်ထားသော ကြောက်ရွံ့မှုနှင့် နာကျင်မှုများမှာ ဤအခိုက်အတန့်တွင် ကောင်းကင်အထိ လွှမ်းမိုးသော ဒေါသနှင့် ရဲစွမ်းသတ္တိများအဖြစ် ပြောင်းလဲသွားခဲ့သည်။
မြို့တံခါးကြီး ပွင့်သွားသည်နှင့်၊ ချင်ချန်းသည် လှောင်အိမ်ထဲမှ ထွက်လာသော ကျားသစ်တစ်ကောင်ကဲ့သို့ မြင်းတပ်သားများကို ဦးဆောင်ကာ စိတ်ဓာတ်ပျက်ပြားနေပြီ ဖြစ်သော လူရိုင်းမျိုးနွယ်စုတပ်များဆီသို့ ချီတတ် တိုက်ခိုက်လေသည်။
ခမ်းနားထည်ဝါလှသော အောင်ပွဲကြီးမှာ ဤသို့ဖြင့် စတင်ခဲ့သည်။
ဤအရာအားလုံး၏ တရားခံဖြစ်သူ ရှောင်ရှန်းမှာမူ ကိုယ်ရံတော်များ၏ ဝန်းရံမှုအောက်တွင် ရှိနေပြီး ၊ ချင်ချန်း၏ လက်ထောက်စစ်သူကြီးထံမှ နောက်ကျနေသော နေ့လယ်စာကို ရရန် ကြိုးစားနေတော့သည်။
လက်ထောက်စစ်သူကြီးမှာ သူ့ကို ကြည့်ရင်း နှုတ်ခမ်းများ တဆက်ဆက် တုန်ရီနေကာ ၊ နောက်ဆုံးတွင် “ဝုန်း” ခနဲ ဒူးတစ်ဖက် ထောက်ချလိုက်ပြီး မျက်ရည်များဖြင့် ဆိုလေသည်။
“ အရှင့်သား ၊ ကျွန်တော်မျိုးရဲ့ ဂါရဝပြုမှုကို ခံယူပါ … အရှင့်သား ရဲ့ ဘုန်းတန်ခိုးကြောင့်သာ မဟုတိရင် ကျွန်တော်မျိုးတို့ အားလုံး အရိုးစုတွေ ဖြစ်ကုန်လောက်ပြီ”
“ အရှင့်သား ရဲ့ ဂုဏ်ကျေးဇူးဟာ နှစ်ပေါင်း ထောင်ချီတိုင်အောင် တည်တံ့နေမှာပါ”
ရှောင်ရှန်း - “......”
‘ငါက ထမင်းပဲ စားချင်တာပါဆို…’’
…..
ဤသို့ဖြင့် နယ်စပ်အကျပ်အတည်းကို ဒဏ္ဍာရီဆန်ဆန်နည်းလမ်းဖြင့် ယာယီ ရှောင်ရှားနိုင်ခဲ့သည်။
ချင်ချန်းသည် တပ်သားများကို ဦးဆောင်ကာ ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ပြီး၊ လူရိုင်းမျိုးနွယ်စု တပ်သားများမှာ ဖရိုဖရဲ ထွက်ပြေးသွားကြကာ အချိန်တိုအတွင်း တောင်ဘက်သို့ ပြန်လည် ချီတတ်လာနိုင်မည် မဟုတ်ပေ။
ဟွမ်ဖုန်းခံတပ် တစ်ခုလုံးမှာ အောင်ပွဲခံသည့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ဤပျော်ရွှင်မှုများ၏ ဇာတ်ဆောင်ကြီးမှာ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သည့် ချင်ချန်းနှင့် သူ၏ စစ်သည်များ မဟုတ်ဘဲ၊ အစမှအဆုံးအထိ “ အိပ်လိုက်” ၊ “ဗြစ်တောက်ဗြစ်တောက် ပြောလိုက်” ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည့် အိမ်ရှေ့စံမင်းသားကြီးပင် ဖြစ်သည်။
“စကားတစ်ခွန်းတည်းနှင့် မိစ္ဆာနတ်ဘုရားကို နှင်ထုတ်ခြင်း” ဆိုသည့် အကြောင်းအရာမှာ စစ်တပ်အတွင်းရှိ အပိုပြောတတ်သော ဝါဒဖြန့်သူများ၏ လက်ချက်ဖြင့် လက်တွေ့နှင့် လုံးလုံးလျားလျား သွေဖယ်သွားခဲ့လေသည်။
ဗားရှင်း ၁ - “ အိမ်ရှေ့စံမင်းသားက သာရှတိုင်းပြည်ကြီးရဲ့ နဂါးအရှိန်အဝါကို ပိုင်ဆိုင်ထားတဲ့ နဂါးမင်းသား ဝင်စားတာ ဖြစ်လို့ မိစ္ဆာအရိပ်ကြီးက နေရောင်အောက်က နှင်းခဲသဖွယ် အလိုအလျောက် အရည်ပျော်သွားတာတဲ့”
ဗားရှင်း ၂ - “ အိမ်ရှေ့စံမင်းသားက တကယ်တော့ လူ့လောကသို့ ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါး တဲ့”
“အဲ့နေ့က သူက အိပ်နေတာ မဟုတ်ဘဲ သူ့ရဲ့ စိတ်ဝိညာဉ်ကနေ ကိုယ်ပွားခွဲထွက်သွားပြီး ကောင်းကင်ယံထက်က မိစ္ဆာနတ်ဘုရားနဲ့ အကြိမ် ၃၀၀ တိုင်အောင် တိုက်ခိုက်နေခဲ့တာဆိုပဲ”
“ နောက်ဆုံးမှာတော့ နတ်ဘုရားတစ်ပါးရဲ့ အမိန့်တော်ကို ထုတ်သုံးပြီး စကားတစ်ခွန်းတည်းနဲ့ မိစ္ဆာကြီးကို ချေမှုန်းလိုက်တာတဲ့”
ဗားရှင်း ၃ ( အတော်လေး ပေါက်ကရနိုင်သည့် ဗားရှင်း ) -
“ ကြားပြီးပြီလား ၊ အိမ်ရှေ့စံမင်းသားက အဲဒီမိစ္ဆာကြီးကို တစ်ချက်ပဲ စိုက်ကြည့်လိုက်တာ မိစ္ဆာကြီးက ကြောက်ပြီး ကျုံ့ဝင်သွားတယ်ဆိုပဲ”
“အဲ့နောက် တစ်ချက် ဟောက်လိုက်ရုံနဲ့ မိစ္ဆာကြီးက ပျောက်ကွယ်သွားရောတဲ့ ၊ နောက်ဆုံးမှာ မင်းသားက ထမင်းစားတော့မယ်လို့ ပြောလိုက်ရုံ ရှိသေးတယ် ဘုရားသခင်ကတောင် ကြောက်လန့်ပြီး ကောင်းကင်ကြီးကို တန်းပြီး သန့်ရှင်းပေးခဲ့တာတဲ့”
ရှောင်ရှန်းခမျာ သူ၏ စစ်တဲထဲတွင် လဲလျောင်းရင်း အပြင်ဘက်မှ ထွက်ပေါ်နေသော ချီးမွမ်းခန်းများကို ကြားပြီးနောက် ခေါင်းနားပန်းကြီးနေတော့သည်။
သွားပြီ…
အားလုံး ပြီးသွားပြီ…
သူသည် “နန်းချခံရရေး” နှင့် ဝေးသွားရုံတင်မကဘဲ “သက်ရှိနတ်ဘုရားအဖြစ် တင်မြှောက်ခံရရေး” ဆိုသည့် ပန်းတိုင်ကြီးကိုပင် ရရှိသွားပုံရသည်။
ယခုအခါ သူ သွားလေရာနေရာတိုင်း ၊ စစ်သည်များမှာ အလိုအလျောက် ဒူးထောက်ကာ “ အရှင့်သား ရဲ့ ဘုန်းတန်ခိုး ကြီးမားလှပါတယ်” ဟု အော်ဟစ်လေတော့၏။
သူသည် အနားယူရန် နေရာတစ်ခု ရှာရုံသာရှိသေးသည် ၊ ကိုယ်ရံတော်များ ဝိုင်းလာကြပြီး “ အရှင့်သား ရဲ့ နတ်ခန္ဓာကို အညစ်အကြေးတွေ မထိအောင် ကာကွယ်ပေးတာပါ” ဟု ဆိုကာ လူတံတိုင်းကြီးများကို တည်ဆောက်ပြန်၏။
ရှောင်ရှန်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့်သာ အိပ်ရာပေါ်တွင် လူးလိမ့်နေတော့သည်။
“ငါ နတ်ဘုရား မဖြစ်ချင်ဘူး ၊ ငါက ပျော်ပျော်ရွှင်ရွှင်နဲ့ အသုံးမကျတဲ့သူ တစ်ယောက်ပဲ ဖြစ်ချင်တာပါဆို…”
……
တစ်ချိန်တည်းမှာပင် ၊ ဟွမ်ဖုန်းခံတပ် မှ မိုင်ပေါင်းများစွာ ဝေးကွာသော နယ်စပ်မြို့လေးဖြစ်သည့် ဖုန်းရှာမြို့လေးတွင်။
မြင်းတစ်ကောင်သည် ဖုန်တလုံးလုံးဖြင့် မြို့တံခါးဝသို့ ရောက်ရှိလာသည်။ မြင်းပေါ်က လူသည် လျင်မြန်ဖြတ်လတ်စွာဖြင့် ခုန်ဆင်းလိုက်သည်။
ထိုသူမှာ အသက် ၂၀ ခန့်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို ပေါ်လွင်စေသည့် စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သွယ်လျလှပသော ခန္ဓာကိုယ် ရှိသည်။
သူမ၏ ဆံနွယ်များကို မြင့်မြင့်စည်းထားပြီး မျက်နှာမှာ လှပသော်လည်း ရဲရင့်သည့် အငွေ့အသက်များ ရှိကာ မျက်လုံးများမှာ ကြယ်တာရာများအလား တောက်ပနေသည်။
ကျောဘက်တွင် ရှေးဟောင်းဓားတစ်လက်ကို လွယ်ထားပြီး ၊ သိုင်းလောကသား တစ်ဦး၏ အရှိန်အဝါကို ပေးစွမ်းနေသည်။
သူမ၏ အမည်မှာ ယဲ့လင်းရွှမ်း ဖြစ်ပြီး၊ သိုင်းလောကတွင် နာမည်အနည်းငယ်ရှိသော အမျိုးသမီး သူရဲကောင်းတစ်ဦး ဖြစ်ကာ “လေပြေဓားသိုင်း” ဖြင့် လူဆိုးများစွာကို ဆုံးမခဲ့ဖူးသည်။
သူမသည် ဤနယ်စပ်သို့ ရောက်ရှိလာရခြင်းမှာ ထူးဆန်းသော အမှုတစ်ခုကြောင့် ဖြစ်သည်။
လွန်ခဲ့သော လအနည်းငယ်က သူမ၏ ဂိုဏ်းမှ အကြီးအကဲတစ်ဦးမှာ ထူးဆန်းစွာဖြင့် ပျောက်ဆုံးသွားခဲ့ပြီး၊ နောက်ဆုံး သဲလွန်စမှာ လူရိုင်းမျိုးနွယ်စုများနှင့် ပူးပေါင်းနေသော “မိစ္ဆာ” ဆီသို့ ညွှန်ပြနေသည်။