အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း(၁၁၀)
နယ်စပ်တွင် မိစ္ဆာအတတ်များ ပါဝင်သော တိုက်ပွဲများ ရှိကြောင်း ကြားသိပြီးနောက် ၊ သူမသည် အမှန်တရားကို ရှာဖွေရန် တစ်ကိုယ်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
မြို့ထဲရှိ အရက်ဆိုင်တစ်ခုထဲသို့ ဝင်ရောက်သွားသောအခါ ဆူညံနေသော ပြောဆိုသံများက သူမ၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
“ကြားပြီးပြီလား ၊ ဟွမ်ဖုန်းခံတပ် က အောင်ပွဲရသွားပြီတဲ့ … အဲ့တာကလည်း အိမ်ရှေ့စံမင်းသားရဲ့ ဘုန်းတန်ခိုးကြောင့်ပဲတဲ့”
“ဒါပေမဲ့ အဲဒီအိမ်ရှေ့စံမင်းသား က အသုံးမကျတဲ့လူလေ ၊ နေ့တိုင်း စားဖို့သောက်ဖို့ပဲ သိတာ မဟုတ်ဘူးလား”
သတင်းအချက်အလက် စုံလင်သော ကုန်သည်တစ်ဦးက အသံကို နှိမ့်ကာ လျှို့ဝှက်စွာ ပြောလိုက်သည်။
“ ခင်ဗျားတို့ နားမလည်ပါဘူး ၊ ကျုပ်ဦးလေးရဲ့ သားရဲ့ အိမ်နီးချင်းက ခံတပ်ထဲမှာ အမှုထမ်းနေတာ…သူ ပြောတာကတော့ အိမ်ရှေ့စံမင်းသားဟာ တကယ်တော့ ဝက်အယောင်ဆောင်ပြီး ကျားကို စားနေတာတဲ့”
“ အပြင်ပန်းမှာတော့ အသုံးမကျသလို ဟန်ဆောင်နေပေမဲ့ တကယ်တော့ သူ့ရဲ့ အတွေးအခေါ်က အရမ်းနက်နဲတာ”
“စဉ်းစားကြည့်လေ၊ တိုက်ဆိုင်မှုတွေက ဒီလောက်တောင် များရသလား…အကြိမ်တိုင်း ကံကောင်းတာလေးတစ်ခုနဲ့တင် ဒီလောက်ထိ အံ့ဖွယ်အမှုတွေကို ပြုလုပ်နိုင်တာလား”
“ ဒါကို ကြည့်ရင် သူက လူတိုင်းကို သူ့လက်ခုပ်ထဲမှာ ထည့်ကစားနေတာဗျ”
“ဟာ... ခင်ဗျားပြောမှ ဟုတ်သလိုလိုပဲ၊ ဒီလိုလူမျိုးက အပြင်ပန်းမှာ လူဆိုးလို့ နေပြတဲ့သူတွေထက် ပိုကြောက်ဖို့ကောင်းတယ်”
ယဲ့လင်းရွှမ်းမှာ ထောင့်တစ်နေရာတွင် ထိုင်ရင်း တိတ်တဆိတ် နားထောင်နေကာ မျက်မှောင်ကြုတ်နေလေ၏။
သူမသည် ကိုယ်ကျိုးစီးပွားကိုသာ ရှာဖွေတတ်ပြီး ၊ အရည်အချင်းမပြည့်မီသော အရာရှိများကို အမုန်းဆုံးဖြစ်သည်။
သူမ အမြင်တွင် “ဝက်အယောင်ဆောင်ပြီး ကျားစားခြင်း” ဆိုသည်မှာ ကံကောင်းခြင်း သို့မဟုတ် လက်အောက်ငယ်သားများ၏ အောင်မြင်မှုကို လုယူကာ နန်းတွင်းစာရေးဆရာများဖြင့် ချီးမွမ်းခန်း ဖွင့်ခိုင်းခြင်းသာ ဖြစ်သည်။
တကယ့် သူရဲကောင်းဆိုသည်မှာ စစ်သူကြီးချင်ချန်းကဲ့သို့ စစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သူသာ ဖြစ်ပေသည်။
နောက်တန်းတွင် ပုန်းနေပြီး မသဲကွဲသော နည်းလမ်းများဖြင့် လက်အောက်ငယ်သားများ၏ ဂုဏ်သိက္ခာကို ခိုးယူနေသော အိမ်ရှေ့စံမင်းသားကဲ့သို့ မဟုတ်ပေ။
တစ်ခဏချင်းမှာပင် သူမသည် မတွေ့ဖူးသေးသော ဤအိမ်ရှေ့စံမင်းသားအပေါ် ရွံရှာမုန်းတီးစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
……
ရှောင်ရှန်းမှာတော့ ရူးတော့မည့်အလား ခံစားနေရသည်။
သူသည် စစ်စခန်းအတွင်းရှိ ထူးဆန်းလွန်းသော လေထုကို သည်းမခံနိုင်တော့သဖြင့် ကိုယ်ရံတော်များ တာဝန်လဲသည့် အချိန်ကို အခွင့်ကောင်းယူကာ အရပ်ဝတ်လဲ၍ စစ်စခန်းမှ ခိုးထွက်လာခဲ့သည်။
သူသည် ဖုန်းရှာမြို့ထဲတွင် လေညှင်းခံထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ပြသနာရှာကာ မိမိ၏ “ဘုန်းတန်ခိုးကြီးနေသော” ပုံရိပ်ကိုလည်း ဖျက်ဆီးပစ်ရန် ကြံစည်ထားသည်။
သူသည် လက်ကို နောက်ပစ်ကာ လူချမ်းသာ သခင်လေးတစ်ယောက်ကဲ့သို့ လမ်းပေါ်တွင် လျှောက်သွားနေပြီး၊ သီချင်းလေး တညည်းညည်းဖြင့် ရှိနေသည်။
စိတ်ထဲမှာတော့ “ပြည့်တန်ဆာရုံသွားပြီး သီချင်းနားထောင်ရင်း အတိုင်ခံရမလား” သို့မဟုတ် “လောင်းကစားရုံမှာ ပိုက်ဆံကုန်အောင် ကစားပြီး အသုံးမကျတဲ့လူလို့ အပြောခံရမလား” ဟု အကွက်ကျကျ စဉ်းစားနေလေ၏။
စဉ်းစားရင်းနှင့် လမ်းကွေ့တစ်ခုအရောက်တွင် သူသည် ရှေ့ကို မကြည့်မိဘဲ တိုက်မိသွားသည်။
မျက်နှာချင်းဆိုင်တွင် စိမ်းပြာရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးမှာလည်း အတွေးထဲ နစ်မြုပ်ရင်း လျှောက်လာခဲ့သည်။
“ဝုန်း”
နှစ်ယောက်သား အရှိန်ပြင်းပြင်း တိုက်မိကြသည်။
ကိုယိခံပညာ ကျွမ်းကျင်သော ယဲ့လင်းရွှမ်းမှာ အနည်းငယ်သာ ယိမ်းယိုင်သွားသော်လည်း၊ ရှောင်ရှန်းကတော့ အမြဲတမ်း ပျင်းပျင်းရိရိနေသူ ဖြစ်သောကြောင့် ခန္ဓာကိုယ်မှာ အားနည်းနေကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သား ကျသွားတော့သည်။
“အား”
ရှောင်ရှန်းမှာ ဖင်နာသွားသဖြင့် မျက်နှာရှုံ့မဲ့သွားကာ မူလက မကျေမနပ်သော ခံစားချက်တို့ဖြင့် ပေါင်းစပ်သွားပြီး အော်ဟစ်လိုက်သည်။
“ဘယ်သူလဲ မျက်လုံးမပါဘူးလား ငါ့ကို... ငါ့ကို တိုက်မိသွားပြီလေ”
ယဲ့လင်းရွှမ်းသည် မူလက တောင်းပန်ရန် စိတ်ကူးထားသော်လည်း ၊ တစ်ဖက်လူ၏ အပြောအဆိုကြောင့် သူမ၏ ဒေါသမှာလည်း ထောင်းခနဲ ထွက်လာတော့၏။
“သေချာမကြည့်ဘဲ လျှောက်လာတာ နင်လေ၊ သူများကို ပြန်အပြစ်တင်နေသေးတယ်”
သူမသည် သူ့ကို အထက်စီးမှ ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ထိုအချိန်မှာပင် နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဒါ အထင်လွဲတာပါ၊ နှစ်ယောက်လုံး စိတ်မဆိုးကြပါနဲ့”
စူးဝမ်ချင်သည် ဘယ်အချိန်က ရောက်လာသည်မသိ။
သူမသည် မြို့ထဲသို့ ဆေးဝါးများ ဝယ်ယူရန် ရောက်လာခဲ့ပြီး ဤမြငိကွင်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားခဲ့ခြင်း ဖြစ်သည်။
သူမသည် မြေပေါ်တွင် ထိုင်နေသူမှာ ရှောင်ရှန်းဖြစ်ကြောင်း သိလိုက်သလို၊ ယဲ့လင်းရွှမ်းမှာလည်း သိုင်းလောကသား ဖြစ်ပြီး လူဆိုးပုံမပေါက်သဖြင့် ကြားဝင် ဖြေရှင်းပေးရန် ရောကိလာခဲ့ခြငိး ဖြစ်သည်။
သူမသည် ရှောင်ရှန်းကို ထူရန် ပြင်လိုက်သော်လည်း၊ ရှောင်ရှန်းက သူဘာသာ ဖင်ကိုပုတ်ကာ ထရပ်လိုက်ပြီး ယဲ့လင်းရွှမ်းကို မကျေမနပ်ဖြင့် စိုက်ကြည့်လေသည်။
“အော်... အိမ်ရှေ့စံမင်းသားကိုး”
ယဲ့လင်းရွှမ်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးလေးတစ်ခု လှစ်ဟသွားသည်။
“ဂါရဝပြုပါတယ် အရှင့်သား၊ အရှင်က အရမ်း ‘နုနယ်’ တာပဲ… နည်းနည်းလေး တိုက်မိရုံနဲ့တင် ထလို့မရအောင် ဖြစ်သွားတာပဲ”
ရှောင်ရှန်းမှာ သူမ၏ ထေ့ငေါ့သော စကားကြောင့် အံ့သြသွားပြီး ပို၍ပင် ဒေါသထွက်သွားသည်။
“ငါက ဘယ်မှာ နုနယ်လို့လဲ ၊ မင်းက ငါ့ကို တိုက်မိတာလေ …မင်းက ဘယ်လို မိန်းကလေးလဲ၊ ဆင်ခြင်တုံတရား မရှိဘူးပဲ”
ယဲ့လင်းရွှမ်းမှာ နှာခေါင်းရှုံ့ကာ ပြန်ပြောရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် စောနက တိုက်မိလိုက်မှုကြောင့် သူမ၏ ရင်ဘက်ထဲမှ ပစ္စည်းတစ်ခုမှာ “တောက်” ခနဲ အသံနှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားသည်။
၎င်းမှာ အမည်းရောင် သံတံဆိပ်ပြားလေးတစ်ခု ဖြစ်သည်။
ရှောင်ရှန်းသည် မျက်စိလျင်သူဖြစ်သဖြင့် ချက်ချင်း မြင်သွားပြီး မသိစိတ်မှ ပြောလိုက်သည်။
“ အို... ဒီတံဆိပ်က တော်တော် ထူးခြားတာပဲ၊ ဘယ်မျက်လှည့်အဖွဲ့ကလဲ”
ထိုတံဆိပ်ပြားပေါ်တွင် တွန့်လိမ်နေသော မီးလျှံပုံသဏ္ဌာန် အမှတ်အသားတစ်ခု ရှိနေသည်။
ဤစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ယဲ့လင်းရွှမ်း၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သညိ။
သူမသည် တံဆိပ်ကို အမြန် ပြန်ကောက်ယူကာ လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
“အရှင့်သားနဲ့ မဆိုင်ဘူး”
သူမ စုံစမ်းနေသော မဖြေရှင်းရသေးသည့် အမှု နှင့် ဂိုဏ်းအကြီးအကဲ ပျောက်ဆုံးမသွားခင် ချန်ထားခဲ့သော ထိုမီးလျှံအမှတ်အသားအကြောင်းကို ပြန်စဉ်းစားလိုက်မိသည်။
ဤအမှတ်အသားကို သိုင်းလောကတွင် သိသူ အလွန်ရှားပါးသည်။
သို့သော် မျက်စိရှေ့က အသုံးမကျသော ဤအိမ်ရှေ့စံမင်းသားသည် မြင်မြင်ချင်းမှာပင် တစ်ခုခုကို သိနေသကဲ့သို့ ပြောဆိုနေသည်။
‘ မဟုတ်ဘူး... သူက သိနေတာ မဟုတ်ဘဲ အမှုမဲ့အမှတ်မဲ့ “နောက်ပြောင်” နေတာများလား’
‘ဒါဆိုရင်…’
‘ အသုံးမကျသလို ဟန်ဆောင်နေပြီး အတွေးအခေါ် နက်နဲတဲ့ ဒီအိမ်ရှေ့စံမင်းသား ဟာ သူမရဲ့ ဂိုဏ်းအကြီးအကဲကို သတ်ခဲ့တဲ့ အဲဒီ မိစ္ဆာအဖွဲ့အစည်းနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာလား…’