ကျည်ဆန်များ လုံးဝအသုံးမဝင်ခြင်း
Vol. 6 Ch. 51
ကျိုးရင်လောင်သည် ရဲအရာရှိများကို အထဲသို့ဝင်၍ ကိုယ်တိုင်ကြည့်ရှုခွင့်ပေးရန် ဆုံးဖြတ်လိုက်၏။ ထိုသို့ပြုလုပ်မှသာ သူသည် လူလိမ်တစ်ယောက်မဟုတ်ကြောင်း သူတို့ ယုံကြည်သွားပေလိမ့်မည်။ နောက်ပိုင်းတွင် သူတို့ စိတ်ဒဏ်ရာရသွားမလားဆိုသည်မှာက သူနှင့် မဆိုင်တော့ပေ။
သူသည် စိတ်ထဲမှနေ၍ ၁မှ ၁၀အထိ တိတ်တဆိတ် ရေတွက်နေလိုက်သည်။ မကြာမီပင် ခြံဝင်းအတွင်းမှ အရူးအမူးအော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“ခေါင်းဆောင်ဖူ… အဲ့ဒါ ဘာကြီးလဲ”
“သောက်ကျိုးနည်း.. သရဲတကယ်ရှိတာပဲ”
တင်းမာသောမျက်နှာထားရှိသည့် အရာရှိဖူအိုက်ပင် အော်မိသွားသည်၊၊
“တည်ငြိမ်ကြစမ်း။ လေ့ကျင့်ထားတဲ့ အရေးပေါ်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြ။ အဖွဲ့အားလုံး ငါ့အမိန့်ရတာနဲ့ ပစ်ခတ်ဖို့ ပြင်ထားကြ”
“ခေါင်းဆောင်ဖူ.. ဒါကို ဒုတိယရဲမင်းကြီးကျိုးဆီ အရင်အစီရင်ခံသင့်တာ မဟုတ်ဘူးလား”
“ကိုယ်ပေါ်က ကင်မရာတွေ ရိုက်နေရဲ့လား။ ဒါကို သေချာမှတ်တမ်းတင်ထားကြစမ်း”
“စည်းကမ်းအတိုင်းနေကြစမ်း။ စိတ်မလှုပ်ရှားနဲ့ အခုမပစ်နဲ့ဦး။ ဟိုမှာ တာအိုဆရာတစ်ယောက် ရှိနေတယ်”
ခြံဝင်းတံခါးဝတွင် ကျိုးရင်လောင်သည် သူ့ရှေ့တွင် ရပ်ကာ သတိထား စောင့်ကြည့်နေသော လက်နက်ကိုင်ရဲနှစ်ဦးကို စိုက်ကြည့်လိုက်သည်။ သူသည် အင်အားအနည်းငယ်သုံး၍ သူတို့ကို တွန်းထုတ်လိုက်ပြီးနောက် သူ၏ ဓားကို ဆွဲထုတ်ကာ အိမ်တော်အတွင်းသို့ ပြေးဝင်သွားလိုက်သည်။
လက်နက်ကိုင်ရဲနှစ်ဦးမှာ ခဏတာတွေဝေသွားပြီးနောက် ကျိုးရင်လောင်ကို နောက်တစ်ကြိမ် လှဲသိပ်ဖမ်းဆီးရမလား မသေချာသဖြင့် နောက်မှ အမြန်လိုက်ပါသွားကြသည်။
တစ်ဖက်တွင်လည်း လီရှီရှန်းက ခေါင်းလှည့်ကာ အော်လိုက်သည်၊၊
“လီဝေ… လီဝူ… မင်းတို့ရဲ့ မိန်းမနဲ့ ကလေးတွေကို ဒီကနေ အမြန်ခေါ်သွားကြ… ငါသာ ဒီည မကျော်ဖြတ်နိုင်ခဲ့ရင်… ငါ့ပိုင်ဆိုင်မှုတွေကို သေတမ်းစာအတိုင်း ခွဲဝေကြပြီး လှူဒါန်းမှုတွေကိုလည်း စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြ”
ထိုလူအိုကြီးသည် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် သူ၏အိမ်ဆီသို့ အပြေးအလွှား ပြန်သွားလေ၏။ သူ၏ ဒုတိယသား လီဝေဝူက ရှေ့သို့ ပြေးတက်လာပြီး သူ့လက်မောင်းကို ဆွဲလိုက်သည်၊၊
“အဖေ.. ဘယ်ကို သွားမလို့လဲ”
“ငါ့ကိုလွှတ်စမ်း။ အဲ့ဒီ အငြိုးကြီးဝိညဉ်က ဒီည ငါ့ဆီလာတာပဲ။ သူ့ရဲ့ သောင်းကျန်းမှုကို ရပ်တန့်နိုင်မယ်ဆိုရင် ငါ့အသက်နဲ့ပဲ သူ့အာဃာတကို ငြိမ်းအေးပါစေတော့။ အပြစ်မဲ့တဲ့ လူတွေ အလကားသေကုန်တာထက်စာရင် ဒါက ပိုကောင်းပါတယ်”
“အဖေ”
လီရှီရှန်းသည် မျက်နှာတစ်ခုလုံး နီမြန်းကာ အကြောများ ထောင်ထနေပြီး သားဖြစ်သူ၏ လက်ကို အတင်းခါထုတ်လိုက်သည်။
“သွားကြစမ်း။ မင်းမိန်းမနဲ့ ကလေးတွေကို ဘေးလွတ်ရာခေါ်သွား… ငါ ဒီည သေသွားရင်တောင် မင်းတို့တစ်သက်စာ သုံးမကုန်တဲ့ ပိုက်ဆံတွေ ချန်ထားပေးခဲ့တယ်”
သူက အော်ပြောလိုက်သည်။ သူသည် ရင်ဘတ်ကို ဖိကာ လက်နက်ကိုင်ရဲများရှိရာသို့ ယိုင်တိယိုင်ထိုးလျှောက်သွားလေသည်။
ထိုအတောအတွင်း ငယ်ရွယ်သော ရဲတပ်ဖွဲ့ဝင်များသည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းအကျပ် ထိန်းထားကြရသည်။ သူတို့သည် ဝမ်ရှန်းနှင့် ထိုကြောက်မက်ဖွယ် အငြိုးကြီးဝိညာဉ်ရှိရာမှ မီတာ ၃၀ ကျော် ကွာဝေးနေသည်။ ထိုမျှ အကွာအဝေးတွင် သေနတ်များမှာ အသုံးမဝင်ပေ။ ထို့အပြင် သူတို့၏ အလိုအလျောက် ရိုင်ဖယ်များမှာ တိကျစွာ ပစ်ခတ်နိုင်သော်လည်း ချက်ချင်း အမိန့်ပေး၍ မပစ်နိုင်သေးပေ။ အကြောင်းမှာ ထိတ်လန့်ဖွယ် ဝိညာဉ်ကြောင့်သာမက ထိုအကောင်ကို ပတ်၍ အဆက်မပြတ်လှုပ်ရှား တိုက်ခိုက်နေသော ဝမ်ရှန်းကြောင့်လည်း ဖြစ်သည်။
“ခေါင်းဆောင်ဖူ… တာအိုဆရာတွေက တကယ်ပဲ သိုင်းပညာရှင်တွေလား”
လူငယ်အရာရှိတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
ဖူအိုက်က ခေါင်းခါပြလိုက်ပြီး သူ့လက်များမှာ အနည်းငယ် တုန်ရင်နေလျက် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ သူသည် ဤနယ်မြို့လေး၏ ရဲစခန်းတွင် ရာထူးတက်ရန် ဆယ်စုနှစ် နှစ်ခုကျော် အချိန်ပေးခဲ့ရသော်လည်း ဤကဲ့သို့ အခြေအနေမျိုးကို ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
တာအိုဆရာတစ်ဦးနှင့် အငြိုးကြီးဝိညာဉ်တိုက်ခိုက်ခြင်းမှာ ရုပ်ရှင်ထဲတွင်သာ ရှိတတ်သော်လည်း ယခုမူ သူ့မျက်စိရှေ့တွင် တကယ် ဖြစ်ပျက်နေပြီဖြစ်သည်။ ဒါက အတုအယောင်ဖြစ်နိုင်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကမ္ဘာကြီးတွင် သိမ်မွေ့သော ပြောင်းလဲမှုအချို့ ရှိနေသည်ကို သူ ခံစားမိသည်။ မွန်းစတားများ၊ တစ္ဆေခြောက်မှုများနှင့် အင်မော်တယ်များနှင့် ဆုံတွေ့မှုများအကြောင်း သတင်းများမှာ တောမီးကဲ့သို့ ပျံ့နှံ့နေသည်။ ဆိုက်ဘာလုံခြုံရေးမှ လုပ်ဖော်ကိုင်ဖက်များမှာပင် ထိုသတင်းများကို ထိန်းချုပ်ရန်နှင့် ပိတ်ဆို့ရန် တင်းကျပ်သော အမိန့်များကြောင့် အချိန်ပိုဆင်းကာ လုပ်ကိုင်နေကြရသည်။
ထို့အပြင် ဖူအိုက်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များမှာ ဤကဲ့သို့ ကောလာဟလပျံ့နှံ့စေသူများကို သွားရောက်ကိုင်တွယ်ကာ ရပ်တန့်ရန် ဖျောင်းဖျရသည့် အလုပ်များကို အမြဲတမ်း လုပ်ဆောင်နေရသည်။ သို့သော်လည်း လအနည်းငယ်အတွင်း ထိုကဲ့သို့သော သတင်းများမှာ ပိုမိုများပြားလာခဲ့သည်။ ဌာနအကြီးအကဲများမှာလည်း ပြည်နယ်အဆင့် အစည်းအဝေးများသို့ မကြာခဏ သွားရောက်နေကြရပြီး ညွှန်ကြားချက်အသစ်များမှာလည်း ယခင်နှစ်များကထက်ပင် ပိုမိုများပြားစွာ ထွက်ပေါ်လာနေသည်။
ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မည့်အတိုင်းပင်။ ရှောင်လွှဲ၍မရသော တစ်စုံတစ်ခု…။
မကြာမီပင် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအတွင်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဖူအိုက်ကဲ့သို့ ဝါရင့်အရာရှိများမှာ လုပ်ပိုင်ခွင့်များ ပိုမိုရရှိလာကြ၏။ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အကြိမ်ကြိမ် အလေးပေးလေ့ကျင့်ပေးလာပြီး ကြံ့ခိုင်မှု ပြန်လည်စစ်ဆေးခြင်းများကြောင့် ဖူအိုက်သည်လည်း ကိုယ်ခန္ဓာကို ပြန်လည်ထိန်းသိမ်းခဲ့ရသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ရှေ့တန်းစစ်မြေပြင်သို့ သွားရမည့် စစ်သားလူငယ် အမြောက်အမြားကို တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်ရဲတပ်ဖွဲ့များအတွင်းသို့ ပြောင်းရွှေ့ တာဝန်ပေးခဲ့သည်။ ထို့အပြင် တောင်တန်း သို့မဟုတ် မြစ်ချောင်းများနှင့် နီးစပ်သော မြို့တိုင်းတွင် လက်နက်ကိုင်ရဲအင်အားကို သိသိသာသာတိုးမြှင့်ထားကြောင်း သူ သိရှိခဲ့ရသည်။ တစ်နိုင်ငံလုံးရှိ သာမန်ရဲများ၊ ရပ်ကွက်လှည့်ကင်းအဖွဲ့များနှင့် ယာဉ်ထိန်းရဲများပင်လျှင် ကိုယ်ကာယလေ့ကျင့်ခန်းနှင့် တိုက်ခိုက်ရေးလေ့ကျင့်ခန်းများကို မဖြစ်မနေလုပ်ဆောင်ကြရသည်။ ကွဲပြားခြားနားသော ဌာနခွဲများအကြား ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဗဟိုထိန်းချုပ်မှုစနစ်အသစ်ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။
အစိုးရနှင့် စာချုပ်ချုပ်ထားသော သန့်ရှင်းရေးဝန်ထမ်းများကိုပင် အရေးပေါ်သတိပေးကိရိယာများ ထုတ်ပေးထားသည်။ ခလုတ်တစ်ချက် နှိပ်လိုက်ရုံဖြင့် လက်နက်ကိုင်အရာရှိများက အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာမည်ဖြစ်သည်။ ဤရဲတပ်ဖွဲ့အသစ်များအတွက် လေ့ကျင့်ခန်းမှာ ယခင် ဒေသခံရဲများ၏ လေ့ကျင့်ခန်းနှင့် သိသိသာသာ ကွဲပြားသည်။ လက်တွေ့ကမ္ဘာမှ တိုက်ခိုက်ရေး တုံ့ပြန်မှု၊ တိကျစွာ ပစ်ခတ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကို ပိုမို အလေးပေးထားသည်။
ထို့အပြင် စည်းမျဉ်းသစ်များစွာကိုလည်း မိတ်ဆက်ခဲ့သည်။ အရာရှိများသည် တာဝန်ထမ်းဆောင်စဉ်အတွင်း ကျည်အစစ်ပါသော သေနတ်များကို အမြဲတမ်းဆောင်ထားရမည်ဖြစ်သည်။ လမ်းပေါ်မှ သာမန်ရန်ပွဲလေးများအတွက် တစ်ကိုယ်တော် သူရဲကောင်းမလုပ်ဆောင်ဘဲ အကူအညီခေါ်ယူပြီးမှသာ ဝင်ရောက်ကိုင်တွယ်ရမည်ဖြစ်သည်။
ထူးဆန်းသည်မှာ အစိုးရ၏ ညွှန်ကြားချက်တစ်ခုတွင် ရှေးဟောင်းလက်နက်များ ကိုင်ဆောင်ထားသော လက်နက်ကိုင်သံသယရှိသူများ၊ သဘာဝလွန်သတ္တဝါများ သို့မဟုတ် ရှေးဟောင်းဝတ်စုံ ဝတ်ဆင်၍ ဓားကိုင်ဆောင်ထားသော လူပုဂ္ဂိုလ်များက ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်လာပါက နေရာတင်ပစ်သတ်ခွင့်ရှိသည်ဟု တိကျစွာဖော်ပြထားခြင်းပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကမူ သင့်တင့်သော အကြောင်းပြချက်မရှိဘဲ အရပ်သားတစ်ဦးကို သေနတ်ဖြင့် ချိန်ရုံမျှဖြင့်ပင် ကြီးလေးသောအမှားဟု သတ်မှတ်ကာ ပြင်းထန်သော အပြစ်ပေးမှုများ ခံရတတ်သည်။ ဒါက သာမန် ပြန်လည်သုံးသပ်ရုံဖြင့် ပြီးသွားမည့်အရာ မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ လက်နက်ကိုင်သံသယရှိသူကို ဟန့်တားရန် သေနတ်အသုံးမပြုခြင်းမှာ တာဝန်ပျက်ကွက်မှုအဖြစ် သတ်မှတ်ခံရပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုနှင့် ပြန်လည်လေ့ကျင့်မှုများ ခံယူရမည်ဖြစ်သည်။
ဖူအိုက်သည် ဤပြောင်းလဲမှုများနှင့် ပတ်သက်သော ကောလာဟလများကို အများကြီးကြားဖူးခဲ့သော်လည်း ယနေ့ည ကြောက်မက်ဖွယ် အငြိုးကြီးဝိညာဉ်နှင့် ၎င်းကို ရင်ဆိုင်တိုက်ခိုက်နေသော တာအိုဆရာ လူငယ်လေးကို တွေ့လိုက်ရသည့်အချိန်အထိ သူ မယုံကြည်ခဲ့ပေ။ ထိုအချိန်တွင် လွန်ခဲ့သော နှစ်နှစ်အတွင်း ပြောင်းလဲခဲ့သမျှ အရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားတော့သည်။
အရေးပေါ်ဖုန်းဝင်လာသောအခါ ဖူအိုက်က လူသတ်မှုတစ်ခုဟုသာ ထင်ခဲ့သည်။ ဤမြို့လေးတွင် သူ အလုပ်လုပ်လာခဲ့သော နှစ်များအတွင်း ကြီးလေးသော ရာဇဝတ်မှုအနည်းငယ်ကိုသာ သူ ကြုံတွေ့ခဲ့ရဖူးသည်။ သူသည် အနီးနားရှိ ရဲစခန်းတွင် တာဝန်ကျနေသဖြင့် အသစ်ပြောင်းလာသော အရာရှိ ၁၀ ဦးပါဝင်သည့် အဖွဲ့ကို ချက်ချင်းစုစည်းကာ အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူတို့ ရောက်ရှိလာပြီး ဓားကိုင်ထားသော ကျိုးရင်လောင်ကို မြင်လိုက်ရသည့်အခါ ဖူအိုက်၏ မသိစိတ်က ဤလူလိမ်သည် ချမ်းသာသော လီမိသားစုကို လုယက်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ချက်ချင်း တွေးမိခဲ့သည်။ သို့သော် ထိုလူငယ်က သူ၏ စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး ကောင်းစွာ လေ့ကျင့်ထားသော လက်နက်ကိုင်ရဲနှစ်ဦးကို အသာလေးလွင့်ထွက်သွားအောင် လုပ်လိုက်သည့်အခါတွင်မူ သူ့စိတ်ထဲ တုန်လှုပ်သွားတော့သည်။
ထို့နောက်တွင် သူတို့သည် မီးရောင်စုံလင်းနေသော လီအိမ်တော်၏ ခြံဝင်းအတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည့်အခါ သုံးမီတာခန့် မြင့်သော ဝိညာဉ်ကြီးကို တွေ့ရှိလိုက်ရသည်။ စက္ကန့်သုံးဆယ်အတွင်းမှာပင် လူငယ်အရာရှိများ၏ ကမ္ဘာကြီးအပေါ် အမြင်များ ပြိုလဲသွားရုံသာမက ဖူအိုက်၏ လက်တွေ့အရှိတရားအပေါ် ခံယူချက်မှာလည်း လုံးဝပျက်စီးသွားလေသည်။ သို့သော်လည်း သူ၏ အသက်အရွယ်နှင့် အတွေ့အကြုံကြောင့် သူသည် စိတ်ကို အမြန်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သူသည် သူ၏ သံသယများကို ဘေးဖယ်ထားကာ အခြေအနေကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာရန် မိမိကိုယ်ကိုယ် အမြန်တိုက်တွန်းလိုက်သည်။
သူ အံ့သြသွားသည်မှာ သူတို့၏ လေ့ကျင့်ခန်းတွင် အသစ်ထည့်သွင်းထားသော အချက်အလက်များမှာ ယခုအခါ များစွာ အသုံးဝင်နေခြင်းပင် ဖြစ်သည်။
“အဖွဲ့အားလုံး.. သတိရှိကြစမ်း။ အဲ့ဒီသတ္တဝါနဲ့ ဘေးကင်းတဲ့ အကွာအဝေးမှာ နေကြ။ သူ့ရဲ့ လှုပ်ရှားမှုနဲ့ တိုက်ခိုက်ပုံတွေကို ခွဲခြမ်းစိတ်ဖြာကြ”
“ခေါင်းဆောင်.. ဒါကြီးကို ဘယ်လို ခွဲခြမ်းစိတ်ဖြာရမှာလဲ”
ဖူအိုက်က စိတ်မရှည်စွာ လည်ပင်းကို ဆန့်ကာ အော်လိုက်သည်၊၊
“မင်းတို့ ဦးနှောက်ကို သုံးကြစမ်း။ ငါ ဟိုဘက်က တာအိုဆရာနဲ့ စကားပြောလိုက်မယ်။ ဒီအတိုင်းရပ်မနေကြနဲ့။ စပီကာ ယူလာခဲ့”
“ခေါင်းဆောင်ဖူ… ဒီမှာပါ”
ဖူအိုက်က အနီးနားရှိ ရဲတစ်ဦးပေးသော စပီကာကို လှမ်းယူလိုက်သည်။ ထို့နောက် သူ စကားပြောရန် ကြိုးစားသော်လည်း သူ၏ အသံကို တည်ငြိမ်အောင် မထိန်းနိုင်သေးပေ။ နောက်ဆုံးတွင် လီရှီရှန်းရောက်ရှိလာသောအခါမှ ဖူအိုက်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး တိုက်ပွဲမြေပြင်ဆီသို့ အော်ပြောလိုက်သည်၊၊
“တာအိုဆရာ.. ငါက ဒီလက်နက်ကိုင်ရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပါ။ ငါတို့ အဲ့ဒီသတ္တဝါကို ပစ်ခတ်ဖို့ ပြင်ဆင်နေပါတယ်။ မတော်တဆ ထိခိုက်မှုတွေ မရှိအောင် ခဗျားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံပါတယ်”
လွန်ခဲ့သော ခဏလေးကပင် ဖူအိုက်သည် ကျိုးရင်လောင်ကို တာအိုဆရာဟု သာမန်ကာလျှံကာခေါ်ဆိုခဲ့ပြီး လူလိမ်တစ်ယောက်ဟုပင် မှတ်ယူခဲ့သည်။ ယခု အငြိုးကြီးဝိညာဉ်ကို ကိုယ်တိုင် မြင်တွေ့နေရသည့်အခါတွင် သူ၏ အသံမှာ အလိုလို ပျော့ပျောင်းသွားတော့သည်။
“ကောင်းပြီ.. ကျွန်တော်အချက်ပြတာနဲ့ ပစ်ကြ”
ဝမ်ရှန်း၏ တုံ့ပြန်မှုမှာ တိုတောင်းပြီး ရှင်းလင်းလှသည်။ သူ၏ ပြတ်သားသော အသံမှာ လူတိုင်း၏ နားထဲသို့ အလွယ်တကူ ရောက်ရှိသွားသည်။
ထူးဆန်းသည်မှာ လူငယ်ရဲများမှာ စိုးရိမ်စိတ် အနည်းငယ် လျော့နည်းသွားကြသည်။ အရာရှိ အချို့မှာပင် သေနတ်ကို ကိုင်ထားသော တုန်ရင်နေသည့် လက်များကို တည်ငြိမ်အောင် ထိန်းနိုင်သွားကြသည်။
ဒါက ဘာလဲ။ အသံလွှင့်တဲ့ ပညာလား…။
ဖူအိုက်၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေသည်။ ယနေ့ည၏ ဖြစ်ရပ်များမှာ သူ၏ အလုပ်အကိုင်အပေါ် မည်သို့ သက်ရောက်မှု ရှိလာမည်ကိုလည်း သူ မတွေးဘဲ မနေနိုင်ပေ။
Telegram Channel- https://t.me/wanshang68