← Chapters

မိစ္ဆာနှိမ်နင်း ကြက်ဖသွေး (၂)

Vol. 6 Ch. 53

မိစ္ဆာနှိမ်နင်း ကြက်ဖသွေး (၂)

Vol. 6 Ch. 53

“သူ့ကို အနှောင့်အယှက် မပေးကြနဲ့.. အင့်..”

လက်နက်ကိုင်ရဲ တစ်ဒါဇင်ကျော်မှာ တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်ခွာသွားကြပြီး မီတာ ၂၀ ကျော် အကွာအဝေးသို့ ရောက်သွားကြသည်။ သူတို့သည် လီရှီရှန်းကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားကြသည်။ အနည်းဆုံးတော့ သူတို့၏ ဆုတ်ခွာမှုမှာ စနစ်တကျရှိလှသည်။ ကျိုးရင်လောင်သည် ဝမ်ရှန်းကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သူ၏ ညီလေးသည် အငြိုးကြီးဝိညာဉ်ကို ဓားကွက်အတွင်းသို့ နောက်တစ်ကြိမ် ထပ်မံ ပိတ်မိအောင် လုပ်နိုင်သွားသည်ကို မြင်လိုက်ရသည့်အခါမှသာ သူသည် သက်ပြင်းချနိုင်ပြီး နောက်သို့ ထပ်မံ ဆုတ်ခွာလိုက်သည်။

ရဲအရာရှိများသည် ကျိုးရင်လောင်ကို လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ လူငယ်အရာရှိ အနည်းငယ်မှာမူ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။ ထိုမိစ္ဆာ၏ တိုက်ခိုက်မှုကို တားဆီးရန် သူက ပထမဆုံးပြေးဝင်ခဲ့သည့် အချက်မှာပင် သူတို့၏ လေးစားမှုကို ရရှိရန် လုံလောက်အေသည်။ သို့သော်လည်း သူတို့သည် ကျိုးရင်လောင်ကို လေးစားသော အကြည့်ဖြင့် ကြည့်ကြသော်လည်း ဝမ်ရှန်းကိုမူ.. အံ့သြကြည်ညိုသော အကြည့်များဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။

ကျိုးရင်လောင် ပြန်ရောက်လာသည်ကို မြင်သောအခါ ဖူအိုက်သည် အကျင့်ပါနေသည့်အတိုင်း စီးကရက်တစ်လိပ်ကို ထုတ်ကာ

ကမ်းပေးလိုက်သည်။ သူ၏ အသံမှာ တုန်ရင်နေဆဲ ဖြစ်သည်၊၊

“တာအိုဆရာ... ခုနက ငါတို့ ရိုင်းပျမိတာကို တောင်းပန်ပါတယ်။ ဒီလိုမျိုးဖြစ်ရပ်ကို ငါတို့ ပထမဆုံးကြုံဖူးတာမို့ပါ။ ဒါက.. ဒါက အတိအကျပြောရရင် ဘာကြီးလဲ”

“ဒါက အငြိုးကြီးဝိညာဉ်ပဲ”

ကျိုးယင်လောင်က ဖြေလိုက်သည်။ သူကိုယ်တိုင်လည်း ဒါကို အကြမ်းဖျင်းသာ နားလည်သော်လည်း အတွေ့အကြုံရင့်ကျက်သော ပညာရှင်တစ်ယောက်၏ အသွင်ကို ဆောင်ထားလိုက်သည်။ ယခုအချိန်တွင် သူ ဘာပြောပြော သူတို့ ယုံကြည်ကြပေလိမ့်မည်။ ခဏတာ စဉ်းစားပြီးနောက် သူသည် တာအိုထုံးစံအတိုင်း လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး အကျဉ်းချုပ် ရှင်းပြလိုက်သည်။

“ကျုပ်နဲ့ ကျုပ်ညီလေးက ဝူတန်းတောင်က တာအိုကျင့်ကြံသူတွေပါ။ မနေ့က အလှူရှင်လီက ကျုပ်တို့ကို ဒီမှာ တစ္ဆေနှင်ဖို့ လာရောက်အကူအညီ တောင်းခဲ့တာပါ။ ဒီမှာ ပူဇော်ပွဲနေတုန်းမှာပဲ ဒီဝန်းကျင်မှာ လေလွင့်ဝိညာဉ်တွေ ပုံမှန်ထက် ပိုများနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က အလှူရှင်လီရဲ့ မိသားစုကို ဒုက္ခပေးဖို့ ဝိညာဉ်တွေကို တိတ်တဆိတ် မွေးမြူပြီး လွှတ်ထားတယ်လို့ ကျုပ်တို့ ယူဆခဲ့တယ်။ ဒါကြောင့် တရားခံကို ဖမ်းဖို့ အစီအစဉ်တစ်ခု ဆွဲခဲ့ကြတာပါ။ ကျုပ်တို့ရဲ့ ဆရာဦးလေးကတော့ စစ်ကူတောင်းဖို့ တောင်ပေါ်ကို ပြန်သွားတယ်။ ကျုပ်တို့ကတော့ အပြင်မှာ စောင့်ကြည့်နေခဲ့တယ်။ ကျုပ်တို့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က တရားခံကို တွေ့ခဲ့ရတယ် - သူက အလှူရှင်လီရဲ့ အိမ်က လုံခြုံရေးဝန်ထမ်းပဲ။ သူက အလှူရှင်လီကို သတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျုပ်တို့ တားဆီးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် အခုလို အခြေအနေတွေ ဖြစ်လာတာပါပဲ”

သူ့ဘေးတွင် ရှိနေသော လီရှီရှန်းကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်၊၊

“ဟုတ်ပါတယ်… တာအိုဆရာလေးကျိုး ပြောတာ အကုန်အမှန်တွေပါ”

ဖူအိုက်သည် သူ၏ မျက်နှာကို ခဏတာ ပွတ်သပ်လိုက်ပြီး အဝေးတွင် တိုက်ခိုက်နေဆဲ ဖြစ်သော ပြင်းထန်သည့် တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။ သူသည် သူ၏ အဖွဲ့ကို ခြံဝင်းတံခါးဝအထိ နောက်သို့ ထပ်မံ ဆုတ်ခွာရန် အချက်ပြလိုက်၏။ ထို့နောက် သူသည် ဖုန်းတစ်လုံး ဆက်လိုက်သည်။ အသံကို နှိမ့်၍ ခဏတာ စကားပြောပြီးနောက် ကျိုးရင်လောင်ဘက်သို့ ပြန်လှည့်လာသည်။

“ကျေးဇူးပြု၍ ခုနက ပြောခဲ့တာတွေကို နောက်တစ်ခေါက် ပြန်ပြောပေးပါဦး”

ကျိုးရင်လောင်က ထိုဇာတ်လမ်းကို ထပ်မံ ပြောပြလိုက်သည်။ လီရှီရှန်းကလည်း အမှန်ဖြစ်ကြောင်း ထပ်ခါတလဲလဲ အာမခံနေသည်။

“အကုန်လုံးကို ကျွန်တော် အတည်ပြုနိုင်ပါတယ်။ ဒါတွေက အမှန်တရားတွေပါ”

ဖုန်းထဲတွင် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မယုံကြည်နိုင်သော လေသံတစ်ခုကို ကြားလိုက်ရသည်။

“မင်းတို့အားလုံး မူးနေကြတာလား။ ဟေ့ကောင်.. မင်းက အရာရှိကြီး တစ်ယောက်ပဲ၊၊ စိတ်ကူးယဉ်မနေစမ်းနဲ့”

“ကျွန်တော်က ရဲမင်းကြီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”

ဖူအိုက်က ပြန်ပြောလိုက်သည်။

“ကျွန်တော် အခု လီရှီရှန်းရဲ့ အိမ်မှာ ရှိနေတာ - သူက ဒီက နာမည်ကြီး စီးပွားရေးသမားလေ။ ဒီမှာ တာအိုဆရာတွေက တကယ်ပဲ မိစ္ဆာနှိမ်နင်းနေကြတယ်။ ကျွန်တော် ပြောတာ တကယ်ပါ ရဲမင်းကြီး။ ကျွန်တော် အခု ပို့လိုက်မယ့် ဗီဒီယိုက အင်တာနက်ပေါ်က အတုတွေ မဟုတ်ဘူး။ ဗီဒီယိုကောခေါ်ပြီး ကိုယ်တိုင်ကြည့်လိုက်စမ်းပါ”

ဖူအိုက်သည် စိတ်မရှည်စွာဖြင့် သူ၏ ပစ္စတိုကို ကျည်ဖြည့်လိုက်ပြီး ဖုန်းကို မြှောက်ကာ အပြင်သို့ ပြေးထွက်သွားသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် ဂျာကင်ဝတ်ထားသော လူလတ်ပိုင်းတစ်ယောက် ပေါ်လာသည်။ မကြာမီပင် ဖူအိုက်က ကင်မရာကို ဝမ်ရှန်းနှင့် အငြိုးကြီးဝိညာဉ်တို့ တိုက်ခိုက်နေသည့် တိုက်ပွဲဆီသို့ ချိန်လိုက်သည်။ သို့သော်လည်း ရဲမင်းကြီးမှာ သိသိသာသာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဧည့်ခန်းအတွင်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ ပင်စင်ယူခါနီး ဖြစ်နေသော ဒုတိယရဲမင်းကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။

ဒါတွေက အစစ်အမှန်ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အထက်လူကြီးတွေက အစည်းအဝေးတွေမှာ ဒါတွေကို ဘာလို့ အလေးပေးပြောနေသလဲဆိုတာ အခုမှပဲ သိတော့တယ်။

အငြိုးကြီးဝိညာဉ်သည် ခေါင်းကို လှည့်ကာ ဖူအိုက်ကို စိုက်ကြည့်လိုက်သဖြင့် သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ ဝမ်ရှန်းသည် ပြင်းထန်သော တိုက်ကွက်များကို သုံးလိုက်ပြီး သူ၏ ဂါထာများကို ပို၍ ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။ သူသည် အငြိုးကြီးဝိညာဉ်၏ အာရုံကို ချက်ချင်း ပြန်လည် ရရှိစေရန် သူ၏ စိတ်ဝိညာဉ်အာရုံကို ပို၍ထုတ်ဖော်လိုက်သည်။

အရာရှိဖူက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်၊၊

“ဒုရဲမင်းကြီး.. ဒီလိုအရာတွေ ရှိနေတာကို ခဗျားကြိုသိနေတာလား”

ရဲမင်းကြီးက ပြန်မဖြေဘဲ အမိန့်များကိုသာ တိကျစွာ ထုတ်ပြန်လိုက်သည်။

“အခြေအနေကို ထိန်းချုပ်ထားပြီး ဒီသတင်းတွေ မပျံ့နှံ့အောင် သေချာလုပ်ထား။ ငါက သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီး ကိုယ်တိုင်လာခဲ့မယ်။ ပြီးတော့ အဲ့ဒီ တာအိုဆရာနှစ်ယောက်ကိုလည်း အစွမ်းကုန် ကူညီပေးကြ… ဒါပေမဲ့ အရေးကြီးဆုံးက ပြည်သူတွေ ထိတ်လန့်မှု မဖြစ်အောင် ထိန်းထားဖို့ပဲ။ ဒီအကြောင်းတွေ အပြင်ကို ပေါက်ကြားသွားရင်တော့ ငါ မင်းကို အရင်ဆုံး အပြစ်ပေးမှာနော်… နားလည်လား ဖူအိုက်”

“ကောင်းပါပြီ”

ဖူအိုက်က အခိုင်အမာပြန်ပြောလိုက်သည်။ ဖုန်းချပြီးနောက် သူ၏ မျက်ခုံးများမှာ တွန့်ချိုးသွားတော့သည်။ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပို၍များပြားလာသဖြင့် သူသည် နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိကာ ဝမ်ရှန်းနှင့် အငြိုးကြီးဝိညာဉ်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေလိုက်သည်။

ဒီလို အေးချမ်းပြီး စနစ်တကျ ရှိလှတဲ့ ခေတ်ကြီးမှာ ကမ္ဘာကြီးက ဘယ်လိုဖြစ်ပြီး မိစ္ဆာတွေနဲ့ ဝိညာဉ်တစ္ဆေတွေ ပြည့်နှက်လာရတာလဲ…။

ဖူအိုက်က သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး စီစဉ်စရာရှိသည်များကို စတင်လိုက်သည်။

“ရဲဘော်တို့.. မင်းတို့ရဲ့ လက်နက်တွေကို စစ်ဆေးပြီး သတိနဲ့ နေကြ။ ဘယ်သူမှ ဓာတ်ပုံ၊ ဗီဒီယို မရိုက်ရဘူး၊ ကိုယ်ပေါ်က ကင်မရာကလွဲလို့။ မင်းတို့ နှစ်ယောက်က လီမိသားစုကို ဒီမှာပဲ နေဖို့ သေချာလုပ်ထား။ စစ်ကူတွေ မကြာခင် ရောက်လာလိမ့်မယ်။ ကားတွေထဲမှာ အားပြင်းတဲ့ လက်နက်တွေ ပါသေးလား”

“စည်းကမ်းအတိုင်း သာမန်ထုတ်ပေးထားတဲ့ သေနတ်တွေပဲ ပါပါတယ် ဆရာ။ ကျည်ဆန်အပိုတွေတောင် အများကြီးမရှိတော့ဘူး”

ဖူအိုက် ဆွံ့အသွားသည်၊၊

သူတို့၏ ရိုင်ဖယ်များမှာ အငြိုးကြီးဝိညာဉ်ကို တိုက်ခိုက်ရာတွင် လုံးဝ အသုံးမဝင်ကြောင်း သိရှိထားပြီးဖြစ်သည်။ သူတို့က ဘယ်လိုမျိုး ကူညီပေးရမှာလဲ။

ထိုအချိန်တွင် ကျိုးရင်လောင်က ရုတ်တရက် မေးလိုက်သည်၊၊

“အားကောင်းတဲ့ ယန်စွမ်းအင်ရှိတဲ့ အရာတစ်ခုခုကို ရှာပေးနိုင်မလား”

“အတိအကျပြောရရင် ဘယ်လိုအရာမျိုးလဲ”

ဖူအိုက်က ချက်ချင်း မေးလိုက်သည်။ ကျိုးရင်လောင် မဖြေခင်မှာပင် လူငယ်ရဲအရာရှိတစ်ဦးက တွေဝေသော အမူယာဖြင့် “ခွေးနက်သွေး ဆိုရင်ရော ဖြစ်မလား”

ကျိုးရင်လောင်က ခေါင်းခါပြလိုက်သည်။

“ခွေးနက်သွေးက တစ္ဆေသရဲတွေကို နှိမ်နင်းနိုင်ပြီး မိစ္ဆာတွေကို မောင်းထုတ်နိုင်ပေမယ့် ဒါက ယင်စွမ်းအင်ဘက်ကို ပိုနွယ်တယ်။ ဒါက ငါ့ညီလေးကိုပါ သွားပြီး သက်ရောက်မှု ရှိနိုင်တယ်”

“ဒါဆို ဘာကို ရှာရမှာလဲ”

လီရှီရှန်းသည် ရှေးဟောင်းပုံပြင်အချို့ကို သတိရကာ အကြံပြုလိုက်သည်၊၊ -

“လူပျိုရဲ့ ဆီးဆိုရင်ရော”

ရဲလူငယ်များ၏ မျက်နှာများ ချက်ချင်း နီမြန်းသွားကြသော်လည်း တာဝန်သိစိတ်ဖြင့် မတ်တပ်ရပ်လိုက်ကြသည်။

“ကျွန်တော်တို့ဟာကို သုံးလိုက်ပါ ခေါင်းဆောင်ဖူ”

ဖူအိုက်နှင့် ကျိုးရင်လောင်တို့၏ နဖူးပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။

ဒီနေ့ခေတ် ရဲတွေက ရည်းစားရှာရတာ ဒီလောက်တောင် ခက်ခဲနေကြတာလား၊၊ ဒါက မဖြစ်သင့်ဘူးလေ…။

ကျိုးရင်လောင်က ချောင်းဟန့်လိုက်သည်၊၊

“အဟမ်း.. အဲ့ဒါက အသက် ၁၂ နှစ်အောက်၊၊ ဘာလိင်ကိစ္စမှ မလုပ်ဖူးသေးတဲ့ ကလေးဆီက ဖြစ်ရမယ်။ မင်းတို့ထဲမှာ ရည်းစားမရှိတဲ့သူတွေ ရှိရင်တောင်.. အနည်းဆုံးတော့.. ဟို.. ကိုယ့်ဘာသာကိုယ်တော့.. လုပ်ဖူးကြမှာပဲ မဟုတ်လား”

ရဲလူငယ်များ မျက်နှာပျက်သွားကြပြီး ကျိုးရင်လောင်ကို စိုက်ကြည့်လိုက်ကြသည်။

ကျိုးရင်လောင်သည် သူ၏ ဆရာသင်ပေးထားခဲ့သော မိစ္ဆာနှိမ်နင်းရေး နည်းလမ်းများကို ပြန်လည်စဉ်းစားကာ အခြား အစားထိုးစရာ ရှိမလားဟု တွေးနေသည်။ ထို့နောက် သူအကြံရသွားသည်၊၊

“ကြက်ဖသွေး သုံးမယ်၊ ဖြစ်နိုင်ရင် အရိုးမည်းကြက်သွေးဆိုရင် ပိုကောင်းမယ်”

အလုပ်တွင် ထိရောက်မှုကိုသာ အဓိကထားသော ဖူအိုက်သည် ချက်ချင်းပင် ကြက်ဖသွေးကို စတင်ရှာဖွေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လီမိသားစုတွင် အရှင်လတ်လတ်ရှိနေသော ကြက်ဖနှစ်ကောင် ရှိနေ၏။ ၎င်းက အိမ်တော်ထိန်းအဘွားအို၏ အကြံဉာဏ်ဖြစ်ပြီး ကြက်ဖသွေးက မိစ္ဆာများကို ကာကွယ်နိုင်သည်ဆိုသော ရိုးရာယုံကြည်ချက်ကြောင့် ဖြစ်သည်။ ဝူတန်းအဖွဲ့ မရောက်လာခင်က ကြက်ကို သတ်ရန် အခွင့်အရေး မရခဲ့သော်လည်း အနည်းဆုံးတော့ ထိုကြက်များမှာ အသုံးဝင်မည့်အချိန်အထိ အသက်ရှင်နေခဲ့ကြသည်။

လက်နက်ကိုင်ရဲများသည် မိစ္ဆာနှိမ်နင်းရေးတွင် မကျွမ်းကျင်ကြသော်လည်း ကြက်သတ်ရာတွင်မူ အလွန်ပင် ထိရောက်မြန်ဆန်လှသည်။

နှစ်မိနစ်ပင် မပြည့်မီမှာပင် ဗလတောင့်တောင့်ရဲနှစ်ဦးသည် လည်ပင်းကို ချက်ချင်း လှီးဖြတ်ထားသော ကြက်ဖတစ်ကောင်စီကို ကိုင်ကာ ပြန်ပြေးလာကြသည်။ သွေးများကို ပလတ်စတစ်အိတ်များအတွင်းသို့ ဂရုတစိုက် ခံယူထားပြီး တစ်စက်မျှပင် အချည်နှီးမဖြစ်စေခဲ့ပေ။

“နောက် ဘာဆက်လုပ်ရမလဲ” သူတို့အနက် တစ်ဦးက မေးလိုက်သည်။

ကျိုးရင်လောင်သည် ရှေ့နောက်လမ်းလျှောက်ကာ စဉ်းစားနေသည်။

ဝမ်ရှန်းသည် အငြိုးကြီးဝိညာဉ်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်။ ကျိုးရင်လောင်သည် စီနီယာဖြစ်သော်လည်း ထိပ်တိုက်တိုက်ခိုက်ရေးတွင် ကူညီပေးနိုင်လောက်အောင် မသန်မာပေ၊၊ ထို့ကြောင့် သူသည် အခြားနည်းလမ်းဖြင့် ကူညီပေးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ကျိုးရင်လောင် အစီအစဉ်တစ်ခုရရန် ရုန်းကန်နေစဉ်မှာပင် ရဲတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ အော်ပြောလိုက်သည်။

“ပူဖောင်းတွေ သုံးရအောင်။ ပူဖောင်းတွေထဲမှာ ကြက်ဖသွေးတွေ ထည့်ပြီး အငြိုးကြီးဝိညဉ်ဆီကို ပစ်ပေါက်ကြမယ်လေ”

“လူညံ့သုံးယောက်ပေါင်းရင် လူတော်တစ်ယောက်ရဲ့ ဉာဏ်ရည်ကို မှီတယ်” ဆိုသော စကားအတိုင်းပင်။

“ပူဖောင်းတွေ ရှာကြ။ မြန်မြန်” ဖူအိုက်က ချက်ချင်း အမိန့်ပေးလိုက်သည်။

“မတွေ့ရင် ပလတ်စတစ်အိတ်တွေ သုံးကြ”

မကြာမီမှာပင် ပလတ်စတစ်အိတ်များဖြင့် သေသေသပ်သပ် ထုပ်ပိုးထားသော ကြက်ဖသွေးထုပ်များမှာ အဆင်သင့်ဖြစ်သွားသည်။ သေနတ်များ ကိုင်ဆောင်ထားသော ရဲအရာရှိ ဆယ်ဦးကျော်သည် ကျိုးရင်လောင်၏ နောက်မှနေ၍ တိုက်ပွဲမြေပြင်ရှိရာသို့ အစွမ်းကုန် ပြေးဝင်သွားကြတော့သည်။

ဝမ်ရှန်းသည် တစ်စုံတစ်ခုကို စိုးရိမ်မကင်းဖြစ်လာသဖြင့် သူတို့ဆီသို့ ခဏခဏ လှမ်းကြည့်နေမိသည်။ သူတို့ အခု ဘာလုပ်ဖို့ ကြံနေကြပြန်တာလဲ…။

“ညီလေး.. ငါတို့ အဲ့ကောင်ကို ကြက်ဖသွေးတွေနဲ့ ပစ်တော့မယ်” ကျိုးရင်လောင်က အော်ပြောလိုက်သည်။

ဝမ်ရှန်း ပြောစရာမဲ့သွားလေသည်၊၊

Telegram Channel- https://t.me/wanshang68

All Chapters