← Chapters

တိုးတတ်မှု

Vol. 6 Ch. 55

တိုးတတ်မှု

Vol. 6 Ch. 55

နောက်ဆုံးတွင် ကောင်းကင်ယံမှ မည်းမှောင်နေလိပ်တတ်နေသော တိမ်တိုက်များလည်း ကင်းစင်သွားသည်၊၊ ကြယ်အလင်းတန်းများ သက်ဆင်းလာသော်လည်း လီမိသားစုခြံဝန်းအတွင်းရှိ ထိန်ထိန်ညီးနေသော မီးရောင်များက ထိုအလင်းကို ပြန်လည်တွန်းလှန်ထားသည်၊၊ ဝမ်ရှန်း၏ စိတ်သက်သာရာရသွားသော အပြုံးကို ရဲများနှင့် ကျိုးရင်လောင်တို့ မြင်တွေ့လိုက်ကြရသည်၊၊

ကျယ်ဝန်းလှသော လီမိသားစုခြံဝန်းကြီးမှာ တိတ်ဆိတ်သွားသည်၊၊ ဝမ်ရှန်းသည် အိုးငယ်လေးကို မြေပြင်ပေါ်သို့ ချလိုက်ပြီး ချက်ချင်းပင် တုံ့ဆိုင်းခြင်းမရှိဘဲ နင်းခြေပစ်လိုက်သည်၊၊ ဂျွမ်းကနဲ အသံနှင့်အတူ ဝိညဉ်မွေးမြူသည့်အိုးမှာ အစအနများအဖြစ် ကြေမွသွားသည်၊၊

အိုးငယ်လေး ပျက်စီးသွားပြီးနောက် ဝမ်ရှန်းသည် သက်ပြင်းချလိုက်သည်၊၊ သူသည် စကားပြောရန် ရှေ့သို့ လှမ်းလိုက်သော်လည်း ကျိုးရင်လောင်ကိုကြည့်ကာ မချိပြုံးတစ်ခုသာ ပြုံးပြနိုင်တော့သည်၊၊ ထို့နောက် သူ၏ မျက်လုံးများမှာ အလိုလိုမှိတ်ကျသွားပြီး နောက်သို့ လဲကျသွားတော့သည်၊၊

“ဟေး… ညီလေးဝမ်”

“တာအိုဆရာ”

“မြန်မြန် သူရဲကောင်းကြီး လဲကျသွားပြီ”

ဝမ်ရှန်းသည် သူ၏ ဝိညာဉ်အသိစိတ်ကို ဖြောင့်မတ်ချီအဖြစ် ပြောင်းလဲခဲ့ပြီး နောက်ဆုံး တိုက်ကွက်ခုနှစ်ခုကို ထုတ်ဖော်ရန် သူ၏ အစစ်မှန်ချီအားလုံးကို သုံးစွဲခဲ့ခြင်းဖြစ်သည်၊၊ သူ၏ နောက်ဆုံးလှုပ်ရှားမှုမှာ စိတ်ဓာတ်ခိုင်မာမှုတစ်ခုတည်းဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊၊ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ တွက်ချက်မှုအတွင်း၌သာ ရှိသည်၊၊ အကယ်၍ သူသာ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိလျှင် ဤမျှလွယ်လွယ်ကူကူနှင့် အသက်ကို ရင်းလိမ့်မည်မဟုတ်ပေ၊၊

ကျိုးရင်လောင်သည် စိုးရိမ်တကြီးဖြင့် ရှေ့သို့ ပြေးဝင်သွားသည်၊၊ သူသည် အစစ်မှန်ချီကို အသုံးပြုကာ တတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားလိုက်သည်၊၊ သူသည် ဝမ်ရှန်း မြေပြင်ပေါ်သို့ မကျခင်မှာပင် ဖမ်းထိန်းလိုက်ကာ စိုးရိမ်တကြီးမေးလိုက်သည်၊၊

“ညီလေးဝမ်… အဆင်ပြေရဲ့လား ဘယ်နားဒဏ်ရာရသွားတာလဲ”

ဝမ်ရှန်းမှာ မျက်လုံးများ မှိတ်နေဆဲဖြစ်သော်လည်း ညာဖက်လက်မှာမူ အသူရာနားဆင် အနက်ရှိုင်းဆုံးနားစွင့်သူဓားကို မြဲမြံစွာဆုပ်ကိုင်ထားဆဲဖြစ်သည်၊၊ သူသည် အသံကြားရာဘက်သို့ လှည့်ကာ အားတင်းပြုံးပြလိုက်သည်၊၊ ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်၊၊

တကယ်လို့… စီနီယာအစ်မသာ ဒီမှာရှိရင် အနည်းဆုံးတော့ ငါ့ခေါင်းအောက်မှာ နူးညံ့တာလေးရှိနေမှာပဲ…။

ထိုအချိန်တွင် သူသည် သူ၏ ဆရာနှင့် ပို၍ပို၍ တူလာကြောင်း သိရှိသွားတော့သည်၊၊

ဖူအိုက်သည် သူ၏ သေနတ်ကို အမြန်သိမ်းလိုက်ပြီး အမိန့်များပေးလိုက်သည်၊၊

“ဘာကြောင်ကြည့်နေကြတာလဲ… တရားခံကို ဖမ်းပြီး လူနာတင်ကား ခေါ်လိုက်”

နောက်ဆုံးတွင် ရဲတပ်ဖွဲ့ဝင်များသည် သူတို့၏ လေ့ကျင့်ထားသော စည်းကမ်းအတိုင်း လဲကျနေသော လူနှစ်ဦးထံသို့ ပြေးဝင်သွားကြသည်၊၊ ပြုမူဆက်ဆံပုံမှာ သိသိသာသာ ကွာခြားလှသည်၊၊ သန်မာသော အမျိုးသားအချို့က ဝမ်ရှန်းကို အလွန်နူးညံ့သိမ်မွေ့စွာ မယူလိုက်ကြသည်၊၊ လီရှီရှန်းက သူတို့ကို အနားယူရန်အတွက် အနီးရှိ အိမ်အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားသည်၊၊ တစ်ဖက်တွင်မူ သွေးများစိုရွှဲနေပြီး အသက်ငင်နေသော မိစ္ဆာကျင့်ကြံသူ ကျန်းကို လူနှစ်ဦးက ဖိနှိပ်ထားသည်၊၊ ထို့နောက် လက်အိတ်များ ဝတ်ဆင်ကာ လျှပ်စစ်တုတ်ဖြင့် သူ၏ လည်ပင်းကို ထိကပ်၍ အပြင်းအထန် ရှော့ခ်တိုက်လိုက်ကြသည်၊၊ မကြာမီ ဝမ်ရှန်းကို ကုတင်လေးတစ်ခုပေါ်တွင် တင်ထားလိုက်ပြီး ကျိုးရင်လောင်ကလည်း အနီးကပ်စောင့်ရှောက်ပေးနေသည်၊၊ သူ၏ ဖြူဖျော့နေသော မျက်နှာမှာ တဖြည်းဖြည်း သွေးရောင်ပြန်လွှမ်းလာသည်၊၊

ထိုအချိန်တွင် ဖူအိုက်သည် ယခုအခြေအနေကို ရဲမင်းကြီးထံ အစီအရင်ခံထားပြီဖြစ်သည်၊၊

…

ထိုညတွင် ဖူအိုက်သည် ပုံမှန်ထက် ပို၍ စီးကရက်ကို သောက်နေမိသည်၊၊ သူသည် အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို တွေးတောရင်း ရှေ့နောက်လမ်းလျှောက်နေသည်၊၊ ကံကောင်းထောက်မစွာဖြင့် သူ အစောပိုင်းက ဆက်သွယ်ခဲ့သော အထက်လူကြီးက ထိုမိစ္ဆာကျင့်ကြံသူကို လောလောဆယ် သတိမရစေပဲ ထိန်းသိမ်းထားရန် ညွှန်ကြားခဲ့သည်၊၊ အငြိုးကြီးဝိညဉ်ကို တိုက်ခိုက်ခဲ့သော ဝူတန်းတပည့်ကိုလည်း စောင့်ကြည့်ရမည်ဖြစ်သည်၊၊ အရေးကြီးဆုံးအချက်မှာ ဤဖြစ်ရပ်တစ်ခုလုံးကို တင်းကြပ်စွာ လျှို့ဝှက်ထားရမည် ဖြစ်သည်၊၊

လီရှီရှန်းသည် အပြေးအလွှား ရောက်ရှိလာပြီး ဖူအိုက်၏ နားနားသို့ ကပ်၍ စကားအချို့ ပြောလိုက်ရာ ဖူအိုက်၏ မျက်နှာမှာ ခက်ခဲသွားသည်၊၊

“အဘိုးကြီးလီ၊၊ ဒါက လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး၊၊ ကျုပ်ကခင်ဗျားကို လေးစားပေမယ့် ဒီလိုမျိုးတော့...”

လီရှီရှန်းက သက်ပြင်းချလိုက်သည်၊၊

“ကျေးဇူးပြုပြီး ကူညီပါ အရာရှိကြီး… ကျွန်တော် ကျန်းလေးကို မေးချင်ရုံတင်ပါ၊၊ ကျွန်တော် သူ့အပေါ် ဘာတွေများ လုပ်မိလို့ သူက ကျွန်တော့်အပေါ် ဒီလောက်တောင် အငြိုးထားရတာလဲဆိုတာ သိချင်လို့ပါ၊၊ မဟုတ်ရင် ကျွန်တော် သေရင်တောင် အေးအေးချမ်းချမ်း သေရမှာ မဟုတ်ဘူး”

ဖူအိုက်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်၊၊

“ကောင်းပြီ၊၊ ဝူတန်းတာအိုဆရာ နိုးလာရင် ကျုပ်စီစဉ်ပေးနိုင်မလား ကြည့်ပေးမယ်၊၊ မဟုတ်လို့ အဲဒီလူက တစ်ခုခုထပ်လုပ်ရင် ကျုပ်တို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်”

“ကျွန်တော် နားလည်ပါတယ်… ခဗျားလည်း တာဝန်အတိုင်းလုပ်ပါ”

ကျန်းဆိုသူသည် ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာ တစ်ဒါဇင်ကျော်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရထားသည်၊၊ အရေးကြီးဆုံးမှာ လည်ပင်းမှ ဒဏ်ရာဖြစ်ပြီး ၎င်းသည် သွေးလွှတ်ကြောကို ဖြတ်တောက်မိရန် မီလီမီတာ အနည်းငယ်သာ လိုတော့သည်၊၊ ကျောက်စိမ်းရောင် အစစ်မှန်ချီအနည်းငယ်က ထိုဒဏ်ရာကို ပိတ်ဆို့ထားသည်၊၊ ဝမ်ရှန်းသည် ထိုလူ့အသက်ကို အနည်းငယ် ချန်ထားပေးခဲ့ခြင်း ဖြစ်သည်၊၊

ကျန်း၏ ဒဏ်ရာများကို အနည်းငယ်သာ ကုသပေးပြီးနောက် ၎င်းကို ခြေလက်များကို ထိန်းချုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ပေးကာ ကျည်ကာကားအတွင်းသို့ ပစ်ထည့်လိုက်သည်၊၊

သူ့၏ အရှိန်အဝါက အားနည်းနေသော်လည်း ရဲတပ်ဖွဲ့ဝင်များသည် လေ့ကျင့်ထားသည့်အတိုင်း သတိအပြည့်ဖြင့် စောင့်ကြပ်နေကြသည်၊၊ ၎င်းတို့၏ သေနတ်များကို ကျန်း၏ နဖူးဆီသို့ တည့်တည့် ချိန်ရွယ်ထားကြသည်၊၊

ထို့နောက် ဖူအိုက်က လီမိသားစုဝင်အားလုံးကို စုဝေးစေသည်၊၊ မိနစ်အနည်းငယ်အကြာတွင် စစ်ကူများရောက်ရှိလာကာ ဆူးကြိုးချပိတ်ဆို့လိုက်ကာ တောင်ပေါ်တောင်အောက် လမ်းများအားလုံးကိုလည်း ပိတ်ချထားလိုက်တော့သည်၊၊

…

ဝမ်ရှန်းသည် အသိစိတ်လွတ်နေသည်မှာ ကြာမြင့်ခြင်းမရှိပေ၊၊ သူသည် အားကုန်သွားရုံသာ ဖြစ်သည်၊၊ ထို့ကြောင့် တစ်နာရီ၊ နှစ်နာရီခန့် အနားယူပြီးနောက် သူ၏ ဝိညာဉ်အသိစိတ်နှင့် အစစ်မှန်ချီများသည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်သည်၊၊

သူသည် ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်သည်၊၊

“ဘယ်လိုနေသေးလဲ၊၊ တစ်နေရာရာက နာကျင်နေတာမျိုး ရှိလား”

ကျိုးရင်လောင်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်၊၊

သူ၏ စိုးရိမ်မှုမှာ ဂိုဏ်းတူညီလေးဖြစ်နေခြင်းကြောင့်သာမကပေ၊၊ အငြိုးကြီးဝိညဉ်ကို အတူတကွ တိုက်ခိုက်ခဲ့ကြသည့်အတွက် သူတို့ကြားတွင် ပူးပေါင်းဆောင်ရွက်သူထက် ပိုမိုနက်ရှိုင်းသော ရဲဘော်ရဲဘက်စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်၊၊

ဝမ်ရှန်းသည် သက်ပြင်းကို ခပ်ဖွဖွရှူထုတ်လိုက်ပြီး သူ့ကို ထူပေးရန်ပြင်နေသော ကျိုးရင်လောင်ကို လက်ကာပြလိုက်သည်၊၊ သူသည် ကုတင်ပေါ်တွင် အသာအယာထထိုင်လိုက်ပြီးနောက် တင်ပျဉ်ခွေကာ သူ၏ အခြေအနေကို စတင်စစ်ဆေးလိုက်သည်၊၊

မိနစ်အနည်းငယ်အကြာတွင် ဝမ်ရှန်းက မေးလိုက်သည်၊၊

“တရားခံကော ဘယ်လိုနေလဲ”

“အသက်ရှင်ပါသေးတယ်” ကျိုးရင်လောင်က ပြန်ဖြေသည်၊၊

“ဒါပေမဲ့ အသက်ငင်နေတဲ့ အခြေအနေပါပဲ၊၊ အခု လူနာတင်ကားပေါ်မှာ ဒဏ်ရာတွေကို ကုသပေးနေပေမဲ့ သူ့ခေါင်းကို သေနတ်တွေနဲ့ သေချာချိန်ထားကြတယ်၊၊ စိတ်မပူပါနဲ့၊ သူ လွတ်အောင် မပြေးနိုင်ပါဘူး”

“အသက်ရှင်သေးတာပဲလား... ငါ အားနည်းနည်း ပိုထည့်လိုက်သင့်တာ”

ဝမ်ရှန်းက တီးတိုးရေရွတ်လိုက်သည်၊၊ သူသည် မည်သည့်တိုက်ကွက်ကို ရည်ညွှန်းပြောဆိုနေသည်ကို ကျိုးရင်လောင်ပင် ခန့်မှန်းရခက်နေသည်၊၊

“စိတ်မပူပါနဲ့ ညီလေး၊၊ ဒီလို မိစ္ဆာကျင့်ကြံသူမျိုးကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ပါဘူး”

ကျိုးရင်လောင်က သူ့ကို စိတ်ချစေရန် ပြောသည်၊၊

“အခုတော့ သူ့မှာ ကြံရာပါတွေ ရှိသေးလားဆိုတာ သိရအောင် စစ်မေးဖို့ပဲ လိုတာပါ၊၊ ရဲတွေပါဝင်နေတာဆိုတော့ သူတို့က ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားမှာပါ”

ဝမ်ရှန်းက ခေါင်းကို အသာအယာ ခါလိုက်သည်၊၊

“မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာမှာကိုပဲ ကျွန်တော်စိုးရိမ်တာပါ”

ကျိုးရင်လောင်က ခေတ္တမျှ တွေးတောလိုက်သည်၊၊ ဝမ်ရှန်းက တစ်ခုခုကို နက်နက်နဲနဲ စဉ်းစားနေသည်ကို မြင်ရသဖြင့် သူသည် အပြင်သို့ ခေတ္တထွက်သွားသည်၊၊ မိနစ်အနည်းငယ်အကြာတွင် သူ ပြန်လည်ရောက်ရှိလာသည်၊၊

“ငါ အရာရှိဖူကို မေးကြည့်ခဲ့တယ်” ကျိုးရင်လောင်က ပြောသည်။

“အဲဒီလုံခြုံရေးဝန်ထမ်းက လူသတ်ဖို့ ကြိုးစားခဲ့တာကတော့ အသေအချာပဲ၊၊ အခုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ လာခေါ်တာကို စောင့်နေကြတယ်”

ဝမ်ရှန်းက မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

“သူ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုတဲ့ အကြောင်းရင်းကို သိရပြီလား”

“လုံခြုံရေးဝန်ထမ်းက အခုထိ သတိမရသေးဘူး၊၊ ဆရာဝန်တွေက သူ့ကို ခေါ်သွားပြီး ကုသပေးချင်ပေမဲ့ ရဲတွေက တားထားတယ်၊၊ ကံမကောင်းတာက သူ ဘာကြောင့် လီမိသားစုအပေါ် အငြိုးထားရလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊၊ လီမိသားစုကိုယ်တိုင်တောင် ဘာမှန်း စဉ်းစားမရဖြစ်နေကြတယ်”

ကျိုးရင်လောင်က လက်မောင်းများကို ဆန့်လိုက်သည်။

“ငါတို့ သိရသလောက်ကတော့ သူက ပြီးခဲ့တဲ့လကမှ အလုပ်ဝင်ခဲ့တာပဲ၊၊ နာမည်က ကျန်းကျုံးယိ၊ အသက်က ၂၆ နှစ်၊ နောက်ကြောင်းရာဇဝင်မှာလည်း သံသယဖြစ်စရာ ဘာမှမတွေ့ရဘူး”

ဝမ်ရှန်းက လေကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်၊၊ တည်ငြိမ်သော လေသံဖြင့် သူက ပြောသည်။

“အဲဒီအိုးငယ်လေးက သာမန်ပစ္စည်းတစ်ခု မဟုတ်ဘူး၊၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် အစောပိုင်းပဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက် အလွယ်တကူ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး၊၊ တခြား မိစ္ဆာကျင့်ကြံသူတွေလည်း ဒီကိစ္စမှာ ပါဝင်နေနိုင်တယ်”

ကျိုးရင်လောင်က ခေါင်းညိတ်လိုက်သည်၊၊

“ငါ ထပ်ပြီး စုံစမ်းကြည့်လိုက်ဦးမယ်၊၊ အခုတော့ မင်း အနားယူလိုက်ဦး၊၊ ဆရာဦးလေးလည်း ပြန်လာနေပြီ၊ မကြာခင် ရောက်တော့မှာပါ”

“ကောင်းပါပြီ”

ဝမ်ရှန်းက ပြန်ဖြေလိုက်သည်၊၊ ထို့နောက် သူက အသက်ကို ခပ်ဖွဖွ တစ်ချက်ထပ်ရှူလိုက်သည်၊၊

ယခုအခါ သူ၏ အစစ်မှန်ချီက လေးပုံတစ်ပုံခန့် ပြန်လည်ပြည့်ဝလာပြီဖြစ်ပြီး သူ၏ ဝိညာဉ်အသိစိတ်မှာလည်း မိုးရွာပြီးစ စမ်းရေတွင်းပမာ ပြန်လည်စီးဆင်းလာပြီဖြစ်သည်၊၊ သူ၏ မျက်နှာအမူအရာမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်၊၊

ပြတင်းပေါက်မှတစ်ဆင့် ခြံဝန်းအတွင်း လှုပ်ရှားသွားလာနေသူများကို သူ မြင်တွေ့နေရသည်၊၊ ရဲတပ်ဖွဲ့ဝင် မည်မျှရောက်ရှိနေသည်ကို ခန့်မှန်းရခက်သော်လည်း သူတို့သည် သက်သေအထောက်အထားများကို တက်ကြွစွာ ရှာဖွေနေကြသည်၊၊

ဝမ်ရှန်းသည် စိတ်ကို လွင့်ပျံ့မသွားစေဘဲ ချက်ချင်းပင် မျက်လုံးများကို ပိတ်ကာ တရားထိုင်လိုက်သည်၊၊ ကျိုးရင်လောင်သည် တံခါးကို အသာအယာပိတ်၍ အပြင်သို့ တိတ်တဆိတ် ထွက်သွားသည်၊၊

အငြိုးကြီးဝိညဉ်ကို နှိမ်နင်းရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်းမှာ ဝမ်ရှန်းအတွက် မမျှော်လင့်ထားသော အကျိုးကျေးဇူးအချို့ကို ရရှိစေခဲ့ရာ ဤခရီးမှာ ထိုက်တန်လှပေသည်၊၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် နောက်ဆုံးအဆင့်မှနေ၍ ယခုအခါ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်၊၊

ကောင်းကင်အနှစ်သာရကို ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းစေခြင်းဖြင့် တာအိုအမြုတေကို ပျိုးထောင်ပြီး ၎င်းမှတစ်ဆင့် တာအိုသန္ဓေသားအဖြစ် တဖြည်းဖြည်း ကြီးထွားလာစေသည်၊၊ ဤသည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်ပြီး အခြေခံကျင့်ကြံခြင်း အဆင့်သုံးဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သည်၊၊

တာအိုဂိုဏ်းများ၏ စံသတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းလမ်းများအရ ကျင့်ကြံသူတစ်ဦးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပါက အစာမစားဘဲ နေနိုင်ခြင်း၊ ရေအောက်တွင် အသက်ရှူမကျပ်ဘဲ နေနိုင်ခြင်းတို့အပြင် မိမိ၏ အသက်ဓာတ်၊ စွမ်းအင်နှင့် ဝိညာဉ်တို့ကို သဘာဝလောကကြီးနှင့် စတင်ပေါင်းစည်းနိုင်ပြီဖြစ်သည်၊၊ ဤသည်မှာ သူတို့၏ အလုံးစုံသော စွမ်းအားအတွက် ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်သည်၊၊

အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းပြီးနောက်တွင် ပုံရိပ်ယောင်အမြုတေကို စုစည်းနိုင်မည်ဖြစ်သည်၊၊ ထို့နောက်မှသာ ရွှေအမြုတေကို ဖွဲ့စည်းရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်၊၊

သို့သော် ထိုအရာများမှာ အနာဂတ်အတွက်သာဖြစ်သည်၊၊ ဝမ်ရှန်းအတွက်မူ သွားရမည့်လမ်းမှာ ရှည်လျားနေသေးပြီး ကံကောင်းသော အခွင့်အလမ်းများကိုလည်း အားကိုးရဦးမည်ဖြစ်သည်၊၊

“တာအိုအမြုတေကို ဘယ်လိုဖွဲ့စည်းရမလဲ”

ဝမ်ရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်၊၊ သူက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး မျက်လုံးများကို ပြန်ပိတ်ကာ ဆက်၍ တရားထိုင်နေသည်၊၊

သူသည် ပြင်ပမှ ဆူညံသံများကို ဂရုမစိုက်ဘဲ ဤနွေးထွေးသော အခန်းငယ်လေးအတွင်း၌ သူ၏ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားသည်၊၊ အနက်ရှိုင်းဆုံးနားစွင့်သူဓားက သူ့ဘေးတွင် ရှိနေသည်၊၊ သူသည် အိပ်ပျော်နေစဉ်မှာပင် ဓားကို လွှတ်မပေးခဲ့ပေ၊၊ သူသည် ဤဓားအပေါ်တွင် အလွန်အမင်း စွဲလမ်းနေခြင်းကြောင့် မဟုတ်ပေ၊၊ သို့သော် သူ၏ အလိုလိုသိစိတ်က ဓားကို ကိုင်ထားရန် တွန်းအားပေးနေခြင်း ဖြစ်သည်၊၊

ယခင်ဘဝတုန်းက သူသည် ဓားကို ကိုင်ဆောင်ရသည်မှာ ကြည့်ကောင်းသည်ဟု ထင်ခဲ့သောကြောင့်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်၊၊ ယခုအခါတွင်မူ ဓား၏လမ်းစဉ်၏ နက်နဲပြီး အတိုင်းအဆမရှိသော သဘောတရားများက သူ့ကို ဆွဲဆောင်ထားသဖြင့် ထိုဆွဲဆောင်မှုအတွင်းမှ ရုန်းမထွက်နိုင်အောင် ဖြစ်နေရသည်၊၊

သူ့ဆရာပြောသည်မှာ မှန်ကောင်းမှန်နိုင်ပေသည်၊၊ သူ၏ စိတ်အခံတွင် ဓားအပေါ် စွဲလမ်းမှုတစ်ခု ရှိနေပြီး ၎င်းမှာ ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည်၊၊ ထိုအရာက သူ၏ တာအိုကျင့်ကြံမှုကို မြှင့်တင်ပေးမလား (သို့မဟုတ်) သူ၏ စိတ်နှလုံးအတွက် အနှောင်အဖွဲ့ ဖြစ်သွားမလားဆိုသည်မှာ သူ မည်မျှ ထိန်းချုပ်နိုင်သည်အပေါ်တွင်သာ မူတည်ပေသည်၊၊

Telegram Channel- https://t.me/wanshang68

All Chapters