ချင်ယန်ဇီ၏ ရွှေအမြုတေဖွဲ့စည်းခြင်း
Vol. 6 Ch. 56
နာရီဝက်မပြည့်မီမှာပင် ကျိုးရင်လောင်သည် အလောတကြီး ပြန်လည်ရောက်ရှိလာသည်၊၊ သူက ဝမ်ရှန်းကို လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း အခန်းထဲသို့ ဝင်လိုက်သည်နှင့် စကားလုံးများမှာ လည်ပင်းတွင် တစ်ဆို့သွားသည်၊၊
ဝမ်ရှန်းသည် ကုတင်အစွန်းတွင် ထိုင်နေပြီး သူ၏ ဘေးပတ်လည်တွင် ကမ္ဘာဦးချီများက စီးဆင်းနေကြသည်၊၊ သူ၏ မျက်ခုံးများမှာ တစ်ခါတစ်ရံ ပြေလျော့သွားပြီး တစ်ခါတစ်ရံ မျက်မှောင်ကြုတ်သွားသည်မှာ သူသည် တစ်စုံတစ်ခုကို နက်နဲစွာ ဆင်ခြင်သုံးသပ်နေသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ထင်ရှားလှသည်၊၊ ကျိုးရင်လောင်သည် နှာခေါင်းကို ပွတ်လိုက်ပြီး သူ့ကို မနှောင့်ယှက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း နားလည်လိုက်သည်၊၊
သူ၏ ဂျူနီယာညီလေးသည် တစ်စုံတစ်ရာကို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခြင်း ဖြစ်နိုင်ပေသည်၊၊ ထိုကဲ့သို့သော အခွင့်အလမ်းမျိုးမှာ ရှားပါးလှပြီး အတင်းအကျပ်လုပ်ယူ၍ မရနိုင်ပေ၊၊ ထို့ကြောင့် ကျိုးရင်လောင်သည် ထိုအရာ၏ အရေးကြီးပုံကို သဘာဝအတိုင်း နားလည်ပေသည်၊၊ ဝမ်ရှန်းကို ကြည့်ရင်း ကျိုးရင်လောင်၏ စိတ်ထဲတွင် မနာလိုစိတ် အနည်းငယ် ပေါ်ပေါက်လာသော်လည်း သူက ခေါင်းကို ချက်ချင်းခါလိုက်ပြီး သူ၏ တာအိုနှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်၊၊
မည်သို့ပင်ဖြစ်စေ သူသည် မြင့်မြတ်သော တောင်တန်းကြီး၏ တာအိုအမွေအနှစ်ကို ကျင့်ကြံနေသည့် တပည့်တစ်ဦး ဖြစ်သည်၊၊ သူ၏ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာ ခိုင်မာလှသဖြင့် သူ၏ စိတ်မတည်ငြိမ်မှုကို လျင်မြန်စွာ သိမြင်ပြီး ပြုပြင်နိုင်ခဲ့သည်၊၊
သို့သော်လည်း သူသည် အဘယ်ကြောင့် မနာလိုမဖြစ်ဘဲ နေနိုင်မည်နည်း၊၊ ဝမ်ရှန်းသည် ဂိုဏ်းထဲသို့ သူထက် အများကြီး နောက်ကျမှ ဝင်ရောက်လာသူဖြစ်ပြီး အသက်အရွယ်အရလည်း သူထက် နှစ်အနည်းငယ် ငယ်ရွယ်သူဖြစ်သည်၊၊ သို့သော် ယခုအခါ ဝမ်ရှန်း၏ စွမ်းအားနှင့် ကျင့်ကြံမှုမှာ ကျိုးရင်လောင် လိုက်မမီနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်၊၊ တာအိုကို ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်မှာ အသာစီးရရန် ယှဉ်ပြိုင်ခြင်း မဟုတ်သော်လည်း ပိုမိုအားကောင်းသော စွမ်းရည်ရှိခြင်းမှာ ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိရန် ပိုမိုလွယ်ကူစေပြီး လေးစားကြည်ညိုမှုကို ရရှိစေကာ အနာဂတ်လမ်းခရီးကို ပိုမိုချောမွေ့စေသည်၊၊
တစ်ကြိမ်သာ ရှေ့သို့ ရောက်သွားပါက အမြဲတမ်း ရှေ့တွင်သာ ရှိနေတော့မည် ဖြစ်သည်၊၊ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ကျိုးရင်လောင်သည် ဝူတန်းတောင်မှ အကြီးအကဲအချို့၏ ဆွေးနွေးမှုကို နားထောင်ခဲ့ရသည်၊၊ ထိုအကြီးအကဲများက အသက်ကြီးသူများမှာ အခွင့်အရေးများစွာကို လက်လွတ်ခဲ့ရပြီဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်၊၊ သူတို့၏ နှစ်ပေါင်းများစွာ ကျင့်ကြံမှုများကြောင့် ယခုအချိန်တွင် ရှေ့မှ ရှိနေသေးသော်လည်း နောက်ထပ် ဆယ်စုနှစ်တစ်ခု၊ နှစ်ခုအတွင်းတွင် မျိုးဆက်သစ်လူငယ်များက သူတို့ကို ကျော်တက်သွားကြမည်မှာ မလွဲဧကန်ပင် ဖြစ်သည်၊၊
ထိုအချိန်ကျလျှင် သူ၏ ဂျူနီယာညီလေးသည် ဤမဟာမြင့်မြတ်နယ်မြေတစ်ခွင်တွင် ကျော်ကြားလာမည်မှာ သေချာပေသည်၊၊
ကျိုးရင်လောင် တီးတိုးသက်ပြင်းချလိုက်သည်၊၊ ထို့နောက် သူသည် တံခါးကို ပြန်ပိတ်ကာ သတင်းအချက်အလက်များ ထပ်မံရရှိရန် အနီးရှိ ရဲအရာရှိများထံသို့ လမ်းလျှောက်သွားလိုက်သည်၊၊ လီမိသားစုခြံဝန်းအတွင်းနှင့် အပြင်ဘက်မှ ဆူညံသံများနှင့် လှုပ်ရှားမှုများသည် ညအမှောင်ထုအတွင်း တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အထဲတွင် တရားထိုင်နေသည့် ကျင့်ကြံသူများအတွက်မူ ထိုအရာများမှာ ဘာမှမဟုတ်တော့ပေ၊၊
…
မိုးသောက်ချိန် ရောက်သောအခါ ဝမ်ရှန်း၏ ဖုန်းသံမြည်လာသဖြင့် သူသည် နက်နဲသော တာအိုနယ်ပယ်အတွင်းမှ နိုးထလာခဲ့သည်၊၊ သူ၏ စီနီယာအစ်မက ဗီဒီယိုကောလ် ခေါ်ဆိုနေခြင်း ဖြစ်သည်၊၊
သူက ခေါင်းကို အနည်းငယ် ခါလိုက်ပြီး နောင်တရစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်၊၊ သူသည် နောက်ထပ် ကျင့်ကြံခြင်းအဆင့်၏ တံခါးကို တစ်ဝက်ခန့် ဖွင့်ထားနိုင်ခဲ့ပြီး ခြေတစ်ဖက်ကိုလည်း တံခါးဝပေါ်သို့ တင်ထားနိုင်ခဲ့ပြီဖြစ်သည်၊၊ ယခုအချိန်တွင် သူသည် အလောတကြီး လုပ်ဆောင်ရန် အကြောင်းမရှိပေ၊၊ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ ထူးခြားဆန်းကြယ်မှုများကို အချိန်ယူ၍ ခံစားလိုပြီး သူ၏ ဆရာကို မေးမြန်းကာ စီနီယာအစ်မနှင့်လည်း ဆွေးနွေး၍ သူ၏ စိတ်ထဲတွင် ရှိနေသော သံသယများကို ရှင်းလင်းလိုသည်၊၊ ထိုသို့ ပြုလုပ်ပြီးမှသာ သူသည် အဆင့်တက်လှမ်းရန် စဉ်းစားမည်ဖြစ်သည်၊၊
ဖုန်းမျက်နှာပြင်ပေါ်တွင် မုဝမ်ရွှမ်းသည် လက်ဖြင့် မေးထောက်ကာ စိတ်ကောက်နေသည့် ပုံစံမျိုးဖြင့် ပေါ်လာသည်၊၊ ဝမ်ရှန်းသည် ထိုင်နေရာမှ ထလိုက်ပြီး အကြောဆန့်ကာ ဖုန်းကိုကြည့်လျက် ပြုံးလိုက်သည်။
“ဘာဖြစ်လို့လဲ… ဘယ်သူက စီနီယာအစ်မကို စိတ်ဆိုးအောင် လုပ်လို့လဲ”
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ထိုင်ခုံတစ်ခုကို ရွှေ့လိုက်သည့် အသံမျိုးကို သူ ကြားလိုက်ရသည်၊၊
ဝမ်ရှန်းသည် သူ၏ ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ အပြင်ဘက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်ကို တွေ့ရသည်၊၊ သူတို့၏ အရှိန်အဝါများမှာ သူနှင့် ရင်းနှီးခြင်းမရှိပေ၊၊
သူသည် ထိုသူများကို ဂရုမစိုက်ဘဲ လှပပြီး နူးညံ့သိမ်မွေ့သော သူ၏ စီနီယာအစ်မကိုသာ အာရုံစိုက်လိုက်သည်၊၊
မကြာမီ သူမက စာတိုတစ်စောင်နှင့် စိတ်ဆိုးနေသည့် meme တစ်ခုကို ပေးပို့လာသည်၊၊
မုဝမ်ရွှမ်း - ‘ဆရာက မနေ့က စာတစ်စောင် ချန်ထားခဲ့ပြီး ထွက်ပြေးသွားပြီ၊၊ သူက ဘာမှလည်း မပြောဘူး… နင်ပြန်လာတာကိုတောင် မစောင့်ဘူး’
ထွက်ပြေးသွားတာလား…
ဝမ်ရှန်းက မျက်တောင်ခတ်လိုက်သည်၊၊ ဗီဒီယိုထဲတွင် သူ၏ စီနီယာအစ်မက စာရွက်တစ်ရွက်ကို ဝှေ့ယမ်းပြနေသည်၊၊
“ဆရာ ဘယ်သွားတာလဲ”
မုဝမ်ရွှမ်း - ‘ငါ ပြမယ်’
သူမသည် ဗီဒီယိုကောလ်ကို ပိတ်လိုက်ပြီး စာစောင်၏ ဓာတ်ပုံကို ပို့လာသည်၊၊ ၎င်းမှာ စုတ်တံဖြင့် ဒေါင်လိုက် ရေးသားထားခြင်း ဖြစ်သည်၊၊
-ငါ၏ တပည့်များဖြစ်သော ရှန်းနှင့် ရွှမ်းသို့
-မနေ့ညက ငါတစ်စုံတစ်ခုကို ဉာဏ်အလင်းပွင့်ပြီး ရွှေအမြုတေအဆင့်သို့ တက်လှမ်းဖို့ ခြေလှမ်းဝက်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သိခဲ့ရတယ်၊၊ ဒါပေမယ့် ငါ အပြည့်အဝ နားမလည်သေးတဲ့ အရာတွေ ရှိနေသေးတယ်၊၊ ဒါကြောင့် ငါ ကျုံးနန်တောင်က မိတ်ဆွေဟောင်းတစ်ဦးဆီ သွားပြီး တာအိုကျမ်းစာတွေကို ဆွေးနွေးပြီး ကျင့်ကြံခြင်းရဲ့ နောက်ဆုံး အတားအဆီးကို ကျော်လွှားဖို့ ရည်ရွယ်ထားတယ်၊၊
-ဒီခရီးက သုံးလက ငါးလအထိ ကြာနိုင်တယ်၊၊ ငါ မရှိတုန်း မင်းတို့နှစ်ယောက်လုံး တောင်ပေါ်မှာပဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကြ၊၊ စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့… ပြဿနာတွေလည်း မရှာထားကြနဲ့နော်၊၊
-ရွှမ်းအာ၊ မင်း၏ တာအိုလမ်းစဉ်မှာ တည်ငြိမ်တယ်၊၊ ရှန်းလေး၊ မင်းရဲ့ ဓားလမ်းစဉ်က မရေရာသေးဘူး၊၊ အကယ်၍ မင်းက ဒီလမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်ထားရင် ဓားကြောင့် ကိုယ့်ကိုယ်ကို မထိခိုက်မိအောင် ပြင်ဆင်ထားရမယ်၊၊ တင်းမာလွန်းရင် ကျိုးပြတ်တတ်တာကိုလည်း နားလည်ထားရမယ်၊၊ တာအိုက ရရှိတဲ့ အောင်မြင်မှုတွေကိုပဲ မင်းရဲ့ ကျင့်ကြံခြင်းအတွက် အခြေခံအဖြစ် အသုံးပြုပါ၊၊
-ငါ ပြန်လာမှ မင်းတို့နှစ်ယောက်ကို ကမ္ဘာအနှံ့ ခေါ်ဆောင်သွားပြီး ကောင်းကင်အောက်၌ ဂုဏ်ယူစွာဖြင့် ရယ်မောကြမယ်။
-(စတာပါ၊ သိပ်အလေးအနက် မထားနဲ့ဦး)
မင်းတို့ရဲ့ဆရာ ချင်ယန်ဇီ… ညအချိန်တွင် ရေးသားသည်။
ဝမ်ရှန်းသည် တောင်ပေါ်မှ မဆင်းမီကတည်းက ဆရာဖြစ်သူ အဆင့်တက်တော့မည်ကို ရိပ်မိခဲ့သော်လည်း ဆရာ၏ တိုးတက်မှုနှုန်းမှာ သူ့ကို အံ့အားသင့်စေသည်၊၊ ရွှေအမြုတေအဆင့်ကိုတောင် ရောက်တော့မှာလား… မြင့်မြတ်တောင်တန်းတွေပေါ်က တာအိုအကြီးအကဲတွေထဲမှာ ဒီလောက်မြန်မြန် တိုးတက်နိုင်သူ ဘယ်နှစ်ယောက်ရှိလို့လဲ…
ဝမ်ရှန်း အံ့အားသင့်စွာ သက်ပြင်းချလိုက်ပြီး သူ၏ စီနီယာအစ်မနှင့် ဗီဒီယိုကောလ်ဖြင့် ခေတ္တမျှ စကားပြောလိုက်သည်၊၊ ထို့နောက် နောက်ထပ် နာရီအနည်းငယ်သာ စောင့်ရန်နှင့် သူ ပြန်လာတော့မည်ဖြစ်ကြောင်း ပြောလိုက်သည်၊၊ မုဝမ်ရွှမ်းက အမှန်တကယ် စိတ်ဆိုးနေခြင်းမဟုတ်ပေ၊၊ ဆရာဖြစ်သူ အဆင့်တက်လှမ်းတော့မည်ဖြစ်၍ သူမမှာ သဘာဝအတိုင်း ဝမ်းသာနေသည်၊၊ သူမမှာ ဂျူနီယာမောင်လေးဖြစ်သူက ခရီးထွက်နေပြီး ဆရာကလည်း ကျုံးနန်တောင်သို့ သွားရောက်ကျင့်ကြံနေသဖြင့် အနည်းငယ် အထီးကျန်နေရုံသာ ဖြစ်သည်၊၊
ဝမ်ရှန်းက အမြန်ပြန်လာမည်ဟု ပြောသည်ကို သိလိုက်ရသဖြင့် မုဝမ်ရွှမ်းက ချက်ချင်း စာပြန်ပို့သည်၊၊
မုဝမ်ရွှမ်း - ‘နင့်ရဲ့ တာဝန်ကိုပဲ အာရုံစိုက်ပါ၊၊ အလောတကြီး ပြန်လာဖို့ မလိုပါဘူး’
“ကျွန်တော် ဒီမှာ အလုပ်တွေ ပြီးသွားပါပြီ”
ဝမ်ရှန်းက ရယ်မောလျက် ပြောသည်၊၊ သူသည် မိမိရင်ဆိုင်ခဲ့ရသည့် ပြင်းထန်သော တိုက်ပွဲအကြောင်းကို မပြောဘဲ တောင်ပေါ်သို့ မကြာမီ ပြန်လာမည်ဖြစ်ကြောင်းသာ ပြောလိုက်သည်၊၊ မုဝမ်ရွှမ်းသည် ဝမ်ရှန်းကိုသာ အရေးမကြီးဟု ပြောသော်လည်း ဖုန်းချလိုက်ချိန်တွင် သူမ သိသိသာသာ ပျော်ရွှင်သွားသည်၊၊ သူမသည် သီချင်းတိုးတိုးလေး ညည်းဆိုရင်း သူမ၏ ကျောက်စိမ်းပလွေကို ယူကာ ပုံမှန်ကျင့်ကြံနေကျ နေရာသို့ သွားလိုက်သည်၊၊
ထိုအချိန်တွင် ဝမ်ရှန်းသည် ဖုန်းကို သိမ်းလိုက်ပြီး အပြင်ဘက်မှ လူများကို အာရုံစိုက်လိုက်သည်၊၊ သစ်သားတံခါးမှတစ်ဆင့် အပြင်ဘက်တွင် အနည်းငယ် စိုးရိမ်နေသည့် လူနှစ်ဦးကို သူ၏ ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်၊၊ သူ၏ ဝိညာဉ်အသိစိတ်သည် သူတို့ကို အလင်းတန်း နှစ်ခုအဖြစ်သာ ဝေဝါးစွာ မြင်တွေ့ရသည်၊၊ သူတို့၏ မရင်းနှီးသော အရှိန်အဝါများအရ သူတို့သည် သူ တစ်ခါမှ မတွေ့ဖူးသည့် သာမန်လူများဖြစ်ကြောင်း သိနိုင်သည်၊၊
သူတို့သည် သူ၏ ထွက်ဆိုချက်ကို ရယူရန် ရောက်ရှိလာသည့် ရဲအရာရှိများ ဖြစ်နိုင်ပေသည်၊၊ သူ၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ဘဲ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်မှာ သူတို့သည် အတော်လေးနားလည်မှုရှိကြပုံရသည်၊၊ ဝမ်ရှန်းသည် သူ၏ တာအိုဝတ်စုံကို ပြုပြင်လိုက်ပြီးနောက် တံခါးထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားသည်၊၊
ကျွီ
သစ်သားတံခါးကို အတွင်းမှ ဆွဲဖွင့်လိုက်သည်၊၊ အပြင်ဘက်တွင် ရပ်နေသော လူနှစ်ဦးမှာ သိသိသာသာ လန့်သွားကြသော်လည်း သူတို့၏ ကိုယ်နေဟန်ထားကို ချက်ချင်း ပြန်လည်ပြင်ဆင်လိုက်ကြသည်၊၊ ဝမ်ရှန်း၏ ဘယ်ဖက်တွင် အမျိုးသမီးငယ်တစ်ဦး ရှိနေပြီး သူမက သူ့ကို စိုးရိမ်တကြီး ပြုံးပြလိုက်ရာ ပါးချိုင့်လေးများ ပေါ်လာသည်၊၊ သူ၏ ညာဖက်တွင်မူ ထွားကျိုင်းသော အမျိုးသားတစ်ဦး ရှိနေသည်၊၊ ဝမ်ရှန်းကိုယ်တိုင်လည်း အတော်လေး အရပ်ရှည်သော်လည်း ထိုလူမှာ သူ့ထက် ခေါင်းတစ်လုံးစာခန့် ပိုမြင့်နေသည်၊၊
သူတို့နှစ်ဦးလုံးမှာ တူညီဝတ်စုံများ ဝတ်ဆင်ထားကြသည်၊၊ အမျိုးသမီးငယ်မှာ အဖြူရောင် အင်္ကျီလက်ရှည်နှင့် စကတ်ကို ဝတ်ဆင်ထားသဖြင့် သေသပ်ပြီး စတိုင်ကျေ၌သည်၊၊ ထွားကျိုင်းသော အမျိုးသား၏ ဝတ်စုံမှာမူ သူ၏ ကြီးမားသော ခန္ဓာကိုယ်အတွက် ဆိုဒ်တစ်ခု ပိုကြီးနေပြီး ပွယောင်းနေသည်၊၊ သူသည် သိုင်းပညာရှင်တစ်ဦး ဖြစ်ပုံရသည်၊၊
“ကျွန်တော် ဘာကူညီပေးရမလဲ” ဝမ်ရှန်းက တည်ငြိမ်စွာ မေးလိုက်သည်၊၊
အမျိုးသမီးငယ်က ပြန်ဖြေသည်၊၊
“တာအိုဆရာ ဝမ်ရှန်း… ကျွန်မတို့က မကောင်းဆိုးဝါးဝိညဉ် တိုက်ခိုက်မှုဖြစ်စဉ်ကို ကိုင်တွယ်ဖို့ ရောက်လာတဲ့ အထူးဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကပါ၊၊ ကျွန်မရဲ့ ID ကို ပြပါရစေ၊၊ ဘူဒိုဇာ… နင်လည်း ပြလိုက်ဦး”
“အော်... အင်း”
သူတို့နှစ်ဦးသည် မှတ်ပုံတင်ကတ်များကို အမြန်ထုတ်၍ ဝမ်ရှန်းကို ပြလိုက်ကြသည်၊၊ သူက ကတ်များကို ယူရန် ပြင်လိုက်စဉ်မှာပင် ထိုမှတ်ပုံတင်ကတ်များမှာ ရုတ်တရက် လင်းထိန်သွားပြီး ကတ်များ၏ အထက်တွင် ဆယ်စင်တီမီတာခန့် မြင့်သော ဟိုလိုဂရမ်ပုံရိပ်များ ထွက်ပေါ်လာသည်၊၊
ဒီခေတ်မှာ မှတ်ပုံတင်တွေက ဒီလောက်အဆင့်မြင့်တဲ့ နည်းပညာတွေ သုံးနေပြီလား…
ဝမ်ရှန်း မှတ်မိသလောက်ဆိုလျှင် ဟိုလိုဂရမ်နည်းပညာများမှာ နောက်ထပ် နှစ်နှစ်ခန့်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်သေးပေ၊၊ ဤလူနှစ်ဦးမှာ သူ ယခင်ဘဝတုန်းက ကြားဖူးရုံသာ ရှိပြီး တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့သည့် အထူးအာဏာပိုင်ဌာနဟု ခေါ်သောနေရာမှ ဖြစ်နိုင်ပေသည်၊၊
Telegram Channel- https://t.me/wanshang68