← Chapters

အာဏာပိုင်များ

Vol. 6 Ch. 57

အာဏာပိုင်များ

Vol. 6 Ch. 57

ထိုအမျိုးသား၏အမည်မှာ လီယန်ကွေ့ဖြစ်ပြီး အမျိုးသမီးမှာမူ မုရွှယ်ဖြစ်သည်၊၊ ၎င်းတို့နှစ်ဦးစလုံးသည် အထူးဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဟုခေါ်သော အဖွဲ့အစည်းတစ်ခုမှ ဖြစ်ကြသည်၊၊

ဟိုလိုဂရမ်ပုံရိပ်တွင်ပါရှိသော အချက်အလက်များမှာ ဤအသေးစိတ်အချက်အလက်များနှင့် ရုံးတံဆိပ်အချို့သာ ဖြစ်သည်၊၊

ဝမ်ရှန်း ခေါင်းငြိမ့်ပြပြီးနောက် ၎င်းတို့ ဆက်ပြောမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်၊၊

မုရွှယ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်၊၊ လီအိမ်တော်တွင် ယနေ့နံနက်ဖြစ်ပျက်ခဲ့သည့် အကျိုးဆက်များကြောင့် ရှုပ်ပွနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ အခြေအနေများ ပြန်လည်တည်ငြိမ်သွားကာ အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပုံရသည်၊၊

ဖူအိုက်နှင့် သူ၏လူများကို အစီရင်ခံရန် ပြန်လည်ခေါ်ယူပြီးဖြစ်သောကြောင့် ထပ်ခိုးအနီးတွင် ဝမ်ရှန်းနှင့် သူ့ရှေ့မှလူများသာ ရှိတော့သည်၊၊

မုရွှယ် ခဏမျှ ဝေခွဲမရဖြစ်နေသည်၊၊

“တာအိုဆရာဝမ်… ရုံးကိစ္စတွေမပြောခင် ကျွန်မတို့ ကိုယ်ရေးကိုယ်တာကိစ္စလေးကို အရင်ဆွေးနွေးလို့ရမလား”

ဝမ်ရှန်း မျက်မှောင်အနည်းငယ်ကြုတ်သွားသည်၊၊

“ရပါတယ်”

မုရွှယ် ပထမဦးစွာ သက်ပြင်းတစ်ချက်ကို ညင်သာစွာချလိုက်သည်၊၊ ထို့နောက် ဝမ်ရှန်းထံသို့ အပြေးအလွှား လျှောက်လှမ်းလာပြီး အံ့အားသင့်နေပုံဖြင့် ပါးစပ်ကို အုပ်လိုက်သည်၊၊

“ဒါက တကယ် အံ့သြဖို့ကောင်းတာပဲ၊၊ အပြင်မှာ ဓားနတ်ဘုရားကို တွေ့ရမယ်ဆိုတာကို မယုံနိုင်ဘူး၊၊ ဒီတာဝန်ပေးတဲ့အတွက် ကပ္ပတိန်ကို ကျေးဇူးအများကြီးတင်ပါတယ်၊၊ အမေရေ… စောစောမွေးပေးလို့ ကျေးဇူးတင်ပါတယ်… ဟားဟား”

“အိုင်ဒေါလ်ကြီး… ကျွန်မအတွက် လက်မှတ်လေး ထိုးပေးလို့ရမလား… ဓားကွက်တွေက တကယ်ကို လန်းတယ်၊၊ ဓာတ်ပုံတူတူရိုက်လို့ရမလား၊၊ နည်းနည်းလောက် ကပ်ရပ်နေလို့ရမလား… ကျွန်မပုခုံးပေါ် လက်တင်လို့ရမလား”

ဒီပုံစံကတော့ နည်းနည်း ရှက်ဖို့ကောင်းသလိုပဲ…။

ဝမ်ရှန်း၏ နဖူးပေါ်တွင် ချက်ချင်းပင် ချွေးစေးများ ထွက်လာသည်၊၊ သူ၏ဘေးတွင်မူ လီယန်ကွေ့က သူ၏လုပ်ဖော်ကိုင်ဖက်ကို မသိသလို ဟန်ဆောင်ကာ မျက်နှာကို လက်ဖြင့်သာ အုပ်ထားမိသည်၊၊

ရိုးရိုးသားသားပြောရလျှင် အထူးဖြစ်ရပ်များ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သြဇာအာဏာကို ဝမ်ရှန်းသာ မသိခဲ့ပါက သူသည် လှည့်ထွက်သွားပြီးဖြစ်လိမ့်မည်၊၊ သူမက ချစ်စရာကောင်းနေရုံမျှဖြင့် သူက လိုက်လျောနေမည်မဟုတ်ပေ၊၊

သို့သော်လည်း ဤကဲ့သို့သော အဖွဲ့အစည်းတစ်ခုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းက အကျိုးကျေးဇူးရှိပေသည်၊၊

ဓာတ်ပုံအချို့ရိုက်ပြီးနောက် ဝမ်ရှန်းက ရင်းနှီးစွာနေရန် တောင်းဆိုမှုများကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး စကားဝိုင်းကို အဓိကအကြောင်းအရာထံ ပြန်လှည့်လိုက်သည်၊၊

“ခင်ဗျားတို့နှစ်ယောက်က ကျွန်တော်နဲ့ ဓာတ်ပုံရိုက်ဖို့ပဲ လာကြတာလား”

မုရွှယ်က သူမ၏ ကလေးဆန်မှုများကို ထိန်းချုပ်ကာ တည်ငြိမ်ရင့်ကျက်သော အမူအရာကို ပြန်လည်ရယူပြီး အလုပ်သို့ လျင်မြန်စွာ ကူးပြောင်းလိုက်သည်၊၊ သူမက တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“တာအိုဆရာ ဝမ်ရှန်း… ကျွန်မတို့က မနေ့ညက အငြိုးကြီးဝိညာဉ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လာတာပါ၊၊ ရှင် ဝင်ရောက်ကူညီပေးခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်လို့ပါ”

“အထဲမှာပဲ စကားပြောရအောင်”

ဝမ်ရှန်းက ကြားဖြတ်ပြောလိုက်သည်၊၊

သူတို့သုံးဦးသည် ဝမ်ရှန်း ယာယီနေထိုင်ရာ ထပ်ခိုးသို့ ဝင်ခဲ့ကြသည်၊၊ အိမ်ရှင်အနေဖြင့် သူက ၎င်းတို့အား ထိုင်ရန် အမူအရာပြပြီးနောက် သစ်သားကုလားထိုင်တစ်ခုတွင် ထိုင်လိုက်သည်၊၊

“အဲဒီတော့ နှုတ်နဲ့ပဲ ချီးကျူးမှာလား”

မုရွှယ်က အနေခက်စွာ ပြုံးလိုက်သည်၊၊

“ဆုလာဘ်အစီအစဥ်တွေက အတည်မပြုရသေးလို့ပါ၊၊ ဒါပေမဲ့ ရှင်က လောကီရေးရာတွေကို ကျော်လွန်နေတဲ့ တာအိုဆရာတစ်ယောက်ပဲလေ၊၊ ကျွန်မတို့လို သာမန်လူတွေလို ဒီအရာတွေနဲ့ ပတ်သက်ပြီး သဘောထားသေးမှာ မဟုတ်ပါဘူး”

“ကောင်းပြီလေ… နှုတ်နဲ့ ကျေးဇူးတင်တာအပြင် တခြားကိစ္စ ရှိသေးလား”

“ရှိပါတယ်… တကယ်တော့ အကြောင်းအရာတွေ အများကြီးပါ”

မုရွှယ်က အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သော်လည်း သော့မဖွင့်ဘဲ ဝမ်ရှန်းကို သေချာကြည့်လိုက်သည်၊၊

“ဒါကို အထင်မလွဲပါနဲ့၊၊ ကျွန်မတို့က အလုပ်သဘောအရ လုပ်နေရတာပါ… ရှင့်ကို မေးရမယ့် မေးခွန်းအချို့ ရှိပါတယ်၊၊ ဒါပေမဲ့ ရှင် မဖြေချင်ရင် ငြင်းပယ်ပိုင်ခွင့် ရှိပါတယ်”

ဝမ်ရှန်း အာရုံစိုက်လိုက်သည်၊၊

“မေးပါ၊ ကျွန်တော် အဆင်ပြေသလို ဖြေပါ့မယ်”

“ပထမဆုံးအနေနဲ့ ကျင့်ကြံခြင်းလောကက လူ့အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်မှုတစ်ခုခု ဖြစ်စေတယ်လို့ ရှင်ထင်ပါသလား”

ဝမ်ရှန်းက မုရွှယ်ကို ခပ်ပြုံးပြုံး စိုက်ကြည့်လိုက်သည်၊၊

“ခင်ဗျားတို့ အထူးဖြစ်ရပ်စုံစမ်းစစ်ဆေးရေးအဖွဲ့က ကျင့်ကြံသူတွေကြားထဲမှာ စစ်တမ်းကောက်နေတာလား”

မုရွှယ်က မျက်တောင်ခတ်လိုက်ပြီးမှ ပြုံးလိုက်သည်၊၊

“စစ်တမ်းတစ်ခုလိုပါပဲ… နောက်ထပ် ဘာမေးရမလဲဆိုတာ မဆုံးဖြတ်ခင် ရှင့်ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို သိဖို့လိုလို့ပါ၊၊ ကျေးဇူးပြုပြီး လက်တွေ့ကျကျ ဖြေပေးပါ”

“ရပါတယ်၊ ကျင့်ကြံခြင်းလောကက လူ့အဖွဲ့အစည်းအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်စေတယ်လို့ ကျွန်တော် မထင်ပါဘူး”

ဝမ်ရှန်း ခဏမျှ ရပ်လိုက်သည်၊၊

“ယေဘုယျအားဖြင့် ပြောတာပါ၊၊ အပြင်မှာ ကျင့်ကြံသူတွေ အများကြီးရှိပါတယ်၊၊ အချို့က ကိုယ်ကျိုးအတ္တနောက်လိုက်ကြသလို အချို့ကတော့ တာအိုလမ်းစဉ်နောက်ကိုပဲ တစ်စိုက်မတ်မတ် လိုက်စားကြတယ်”

“ရှုထောင့်နဲ့ တန်ဖိုးထားမှုတွေ ကွဲပြားတာကြောင့် လုပ်ရပ်တွေလည်း ကွဲပြားသွားတယ်၊၊ အဲဒါကနေ သက်ရောက်မှုတွေလည်း ကွဲပြားကုန်တယ်၊၊ ဒါပေမဲ့ တာအိုကျင့်ကြံသူ အများစုကတော့ ကိုယ်ကျင့်တရားနဲ့ ကရုဏာတရားကို စောင့်ထိန်းကြပါတယ်၊၊ ခြုံငုံကြည့်ရင်တော့ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးပြုတာက ဆိုးကျိုးထက် ပိုများပါတယ်”

“ဒါက တကယ့်ကို ထိုးဖောက်တဲ့ သုံးသပ်ချက်ပါပဲ”

မုရွှယ်က ခပ်တိုးတိုး ပြန်ပြောသည်၊၊

သူမဘေးရှိ ဘူဒိုဇာဟု အမည်ပြောင်ရထားသော လီယန်ကွေ့က နှုတ်ခမ်းကို မဲ့လိုက်ပြီး ‘ဖားတတ်တဲ့သူတွေကတော့ ဘဝမှာ ဘာမှ ထူးထူးခြားခြား လုပ်စရာမရှိဘူး၊၊ ဖန်ဖြစ်ရတာက ဘဝမှာ အပင်ပန်းဆုံးပဲ’ ဟု စိတ်ထဲမှ ရေရွတ်နေပုံရသည်၊၊

ဝမ်ရှန်းက အနည်းငယ် ရယ်မောလိုက်ပြီး သူမ၏ နောက်မေးခွန်းကို စောင့်ဆိုင်းလိုက်သည်၊၊

“ဒုတိယမေးခွန်းကတော့ နည်းနည်း ပိုပြီး ထိရှလွယ်ပါတယ်၊၊ စောစောက ပြောသလိုပဲ ရှင်မဖြေဘဲ နေနိုင်ပါတယ်”

မုရွှယ်က အသံကို နှိမ့်ပြောသည်၊၊

“ကျင့်ကြံခြင်းလောကထဲမှာ ရှင့်ရဲ့ အစွမ်းက ဘယ်အဆင့်မှာ ရှိတယ်လို့ ရှင် ထင်သလား”

“အလယ်အလတ် တစ်နေရာရာမှာလို့ပဲ ထင်ပါတယ်”

ဝမ်ရှန်း နှိမ့်ချပြောဆိုနေခြင်း မဟုတ်ပေ၊၊ ယခုအချိန်တွင် တကယ့် အစွမ်းထက်သူများမှာ တောတောင်နက်ကြီးများထဲတွင် သီးသန့်နေထိုင်ကြသော တာအိုဆရာကြီးများသာ ဖြစ်သည်၊၊ သူ၏ ကိုယ်တိုင်သုံးသပ်ချက်မှာ မှန်ကန်သည်ဟု ဆိုနိုင်သည်၊၊

မုရွှယ်က မျက်တောင်ခတ်လိုက်သည်၊၊

“ဒါပေမဲ့ ကျွန်မတို့ ရှင့်ရဲ့ စွမ်းဆောင်ရည်ကို ခန့်မှန်းကြည့်ရသလောက်တော့ ရှင်က ထိပ်တန်းအယောက် ၅၀ ထဲမှာ ပါသင့်တယ်”

“အဲဒါ မဖြစ်နိုင်ပါဘူး… အစွန်အဖျားက တောင်တွေနဲ့ တောတွေထဲမှာ ကျွမ်းကျင်သူတွေ ဘယ်လောက်တောင် ပုန်းကွယ်နေသေးလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး”

ဝမ်ရှန်း လက်ကာပြလိုက်သည်၊၊

“ဒီမေးခွန်းကိုတော့ ကျွန်တော် မဖြေတော့ဘူး၊၊ နောက်တစ်ခုက ဘာလဲ”

“ကျန်းကျုံးယိရဲ့ ဒဏ်ရာတွေကို စစ်ဆေးကြည့်တော့ ရှင့်မှာ သူ့ကို တိုက်ရိုက်သတ်ပစ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ကျွန်မတို့ ယူဆတယ်၊၊ ဘာကြောင့်လဲ”

“ကျွန်တော်က ကျင့်ကြံသူတစ်ယောက်ပါပဲ၊၊ ဥပဒေကို အာဏာသုံးပြီး ကျင့်သုံးဖို့ ဒါမှမဟုတ် တခြားလူတစ်ယောက်ရဲ့ အသက်ကို ဆုံးဖြတ်ဖို့ အခွင့်အရေး ကျွန်တော့်မှာ မရှိဘူး”

ဝမ်ရှန်းက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်၊၊

“ခင်ဗျားတို့နှစ်ယောက်က ရဲအကယ်ဒမီကနေ အခုမှ ကျောင်းဆင်းလာတာနဲ့ တူတယ်၊၊ ဒီသဘောတရားတွေကို ခင်ဗျားတို့ နားလည်မှာပါ”

“ကျွန်မတို့ အခုမှ ကျောင်းဆင်းတာကို ရှင် ဘယ်လိုသိလဲ”

မုရွှယ်က အံ့သြစွာ မေးလိုက်သည်၊၊

ဝမ်ရှန်းက သူမ၏မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်၊၊

“ခင်ဗျားတို့က အရမ်းငယ်လွန်းသေးတယ်”

တကယ်တော့ ၎င်းတို့တွင် အတွေ့အကြုံနှင့် စဉ်းစားဆင်ခြင်ဉာဏ် အားနည်းနေသေးသောကြောင့် ဖြစ်သည်၊၊

ဤကဲ့သို့သော မှတ်ချက်မျိုးသည် အမျိုးသမီးငယ် အများစု၏ စိတ်ကျေနပ်မှုကို ရရှိစေနိုင်သည်၊၊ အထူးသဖြင့် သူမ၏ အိုင်ဒေါလ်နှင့် ယခုမှ ဆုံဖူးသော ဖန်တစ်ယောက်အတွက် ပို၍ ထိရောက်သည်၊၊

မုရွှယ်၏ မျက်နှာ ရဲတက်သွားသော်လည်း ပြင်းထန်သော လုပ်ငန်းခွင် လေ့ကျင့်မှုများကြောင့် သူမသည် ရယ်ချင်စိတ်ကို အောင့်ထားနိုင်ခဲ့သည်၊၊ ယင်းအစား သူမသည် ရယ်မောခြင်းကို ထိန်းချုပ်ရန် နှုတ်ခမ်းကို ကိုက်ထားလိုက်သည်၊၊

သူမဘေးရှိ ဘူဒိုဇာကတော့ လည်ချောင်းယားသွားသည်၊၊

“အဟမ်း”

“ဥပဒေအသိရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို တွေ့ရတာ ရှားတယ်”

မုရွှယ်က ချီးကျူးလိုက်သည်၊၊

ဘူဒိုဇာက မနေနိုင်ဘဲ မေးလိုက်သည်၊၊

“ဒါဆို နောက်ဆုံးတိုက်ချက်မှာ ဘာလို့ သူ့အသက်ကို နှုတ်ယူဖို့ ကြိုးစားခဲ့တာလဲ”

“သေခြင်ရှင်ခြင်းတိုက်ပွဲတွေမှာ ဘယ်လိုကရုဏာမျိုးကိုမှ မထားနိုင်ဘူး”

ဝမ်ရှန်းက ဖြေသည်၊၊

ဘူဒိုဇာက ခေါင်းကို အသာအယာ ညိတ်လိုက်သည်၊၊

သူက ဆက်မေးရန် ပြင်လိုက်စဉ်မှာပင် မုရွှယ်က မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်သည်၊၊

“ဘူဒိုဇာ… ဒီစစ်ဆင်ရေးကို ငါ တာဝန်ယူထားတာလေ… သူ့ကိုမေးချင်တာရှိရင် ငါ့ဆီကပဲ လာရမယ်”

“အာ… ရပါပြီ… မင်းသဘောအတိုင်း လုပ်ပါ”

ဘူဒိုဇာက စောင်းကြည့်လိုက်ပြီးနောက် ငြိမ်သက်စွာ ပြန်ထိုင်နေတော့သည်၊၊

“နောက်ဆုံးမေးခွန်းပါ”

မုရွှယ်က မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လေးနက်စွာ ပြောလိုက်သည်၊၊

“ကျင့်ကြံခြင်းလောကရဲ့ စနစ်တကျရှိမှုကို ကူညီထိန်းသိမ်းပေးဖို့အတွက် တရားဝင်အဖွဲ့အစည်းတစ်ခုမှာပါဝင်ဖို့ ရှင်စဉ်းစားပေးနိုင်မလား”

ဝမ်ရှန်း သိသိသာသာအံ့သြသွားသည်၊၊ သူသည် ဤကဲ့သို့ ဖြစ်လာနိုင်သည်ဟု အနည်းငယ် ခန့်မှန်းထားသော်လည်း တကယ်တမ်း ဖြစ်လာလိမ့်မည်ဟု မထင်ထားမိပေ၊၊

အထူးဖြစ်ရပ် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျင့်ကြံခြင်းလောကကို ကြီးကြပ်ရန် ဟွာသမ္မတနိုင်ငံမှ ဖွဲ့စည်းထားသော အထူးအာဏာပိုင်ဌာနများထဲမှ တစ်ခုဖြစ်သည်၊၊

သူ၏ ယခင်ဘဝတွင် ဤအဖွဲ့အစည်းသည် အလွန်တက်ကြွပြီး တာအိုဂိုဏ်းအစည်းအဝေးများကို မကြာခဏ ပြုလုပ်ပေးလေ့ရှိကာ တာအိုအစဉ်အလာအမျိုးမျိုးကြားက ပဋိပက္ခများကို ဖြေရှင်းပေးလေ့ရှိသည်၊၊

ဤကဲ့သို့သော အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခြင်းက အကျိုးကျေးဇူးများစွာရှိသည်၊၊ အနည်းဆုံးတော့ ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိရန်မှာ တောင်ပေါ်တွင် တစ်ကိုယ်တည်း ကျင့်ကြံနေခြင်းထက် ပို၍ လွယ်ကူပေလိမ့်မည်၊၊

သို့သော် အရာရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည်၊၊ အကယ်၍ သူသာ ပါဝင်ခဲ့လျှင် တာဝန်များဖြင့် မကြာခဏ သွားလာနေရမည်ဖြစ်ပြီး ကျင့်ကြံရန် အချိန်နည်းသွားပေလိမ့်မည်၊၊

ထို့ကြောင့် ဝမ်ရှန်းက ပါးနပ်စွာ ငြင်းပယ်လိုက်သည်၊၊

“ကျွန်တော့်ရဲ့ တာအိုလမ်းစဉ်ကို ကျွမ်းကျင်လာရင် ကမ္ဘာကြီးရဲ့ စနစ်တကျရှိမှုအတွက် ပါဝင်ကူညီချင်ပါတယ်၊၊ ဒါပေမဲ့ အခုချိန်မှာတော့ ကျွန်တော့်ရဲ့ တာအိုက အားနည်းနေသေးပြီး ကျွမ်းကျင်မှုတွေလည်း မရှိသေးဘူး၊၊ ကျွန်တော်က အများကြီး အထောက်အကူဖြစ်မှာမဟုတ်ဘူးလို့ စိုးရိမ်မိတယ်”

မုရွှယ်၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အရိပ်အချို့ ဖြတ်ပြေးသွားပြီး သက်ပြင်းအသာချလိုက်သည်၊၊

“ဒါလည်း ဟုတ်တာပါပဲ၊၊ ကျွန်မတို့ ဌာနကလည်း အခုထိ သြဇာအာဏာ သိပ်မရှိသေးဘူး၊၊ တကယ်လို့ စိတ်ပြောင်းသွားရင် ကျွန်မတို့ကို တိုက်ရိုက်ဆက်သွယ်လို့ရတယ်၊၊ အင်း… အဟမ်း”

ထို့နောက် သူမက ခပ်တိုးတိုး ပြောလိုက်သည်၊၊

“ကျွန်မတို့ အဖွဲ့က လူတိုင်းက ရှင့်ရဲ့ ဖန်တွေချည်းပဲ၊၊ ရှင် ဓားကို ကိုင်တွယ်ပုံက တကယ်မိုက်တယ်”

ဝမ်ရှန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်၊၊

“မော်ရှန်းတောင်မှာ ကျင်းပခဲ့တဲ့ တာအိုပညာနှီးနှောဖလှယ်ပွဲက ခင်ဗျားတို့အဖွဲ့က စီစဉ်တာလား”

Telegram Channel- https://t.me/wanshang68

All Chapters