အကြောင်းရင်း
Vol. 6 Ch. 59
ဝါးရုံတောအနီးတွင် စောင့်နေကြသော ကျိုးရင်လောင်နှင့် လီရှီဝူတို့ကို မြင်လိုက်ရသောအခါ ဝမ်ရှန်းလည်း သူ၏စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီး အနည်းငယ် ပြုံးပြကာ ၎င်းတို့ထံ လျှောက်သွားလိုက်သည်၊၊
လီရှီဝူလည်း ဝမ်ရှန်းကို မြင်သည်နှင့် စိတ်လှုပ်ရှားသွားသည်၊၊ သူက သူ၏ဝတ်စုံအောက်နားကို ဆွဲပြီး ပြေးလာသည်၊၊ ခဏမျှ တွေဝေနေပြီးမှ ဝမ်ရှန်း၏ ပုခုံးကို လေးလံသောအမူယာဖြင့် ပုတ်လိုက်သည်၊၊
“ဖေးယွီ။ ငါ့အစ်ကိုကြီးရဲ့ မိသားစုတစ်ခုလုံးက မင်းကို အသက်ကြွေးတင်သွားပြီ၊၊ မင်းကို ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး၊၊ မင်းမှာ တောင်းဆိုစရာရှိရင် ပြောသာပြော… ငါသေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”
“ဆရာဦးလေးကလည်း ဒါတွေ မလိုပါဘူး… ကျွန်တော် လုပ်သင့်တာကို လုပ်ခဲ့တာပါ၊၊ စီနီယာအစ်ကိုကျိုးလည်း ကျွန်တော်နဲ့အတူ တိုက်ခိုက်ခဲ့တာပါ”
ဝမ်ရှန်းက လီရှီဝူ၏ လက်ထဲမှ ဖြည်းညှင်းစွာ ရုန်းထွက်ရင်း နှိမ့်ချစွာ ပြန်ပြောလိုက်သည်၊၊
သူတို့နောက်တွင် မုရွှယ်နှင့် ဘူဒိုဇာတို့က တီးတိုးစကားပြောနေကြသည်၊၊ ဘူဒိုဇာက လှည့်ထွက်သွားပြီး လီအိမ်တော်၏ ဂိတ်တံခါးဘက်သို့ ပြေးသွားသည်၊၊ မုရွှယ်ကမူ ဒေါက်မြင့်ဖိနပ်ကို စီးကာ ဝူတန်းကျင့်ကြံသူ သုံးဦးထံသို့ သတိထားကာ လျှောက်လာသည်၊၊
လီရှီဝူက ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်သည်၊၊
“သူတို့က ဘယ်သူတွေလဲ”
“သူတို့က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လူတွေပါ၊၊ မနေ့ညက အငြိုးကြီးဝိညာဉ်ကိစ္စကို စုံစမ်းဖို့ လာတာပါ”
ဝမ်ရှန်းက ဆရာကတော်အကြောင်းကို ချန်လှပ်၍ အကျဉ်းချုံး ရှင်းပြလိုက်သည်၊၊
တစ်ညလုံး အလုပ်လုပ်ထားသဖြင့် ကျိုးရင်လောင်သည် မုရွှယ်၏ နောက်ခံကို သိရှိထားပြီးဖြစ်သည်၊၊ သူမနှင့် ဘူဒိုဇာက အစောပိုင်းကပင် သူ့ကို မေးမြန်းထားပြီးဖြစ်သည်၊၊
ကျိုးရင်လောင်က လီရှီဝူ၏ နားနားသို့ ကပ်၍ စကားအချို့ ပြောလိုက်ရာ အခြေအနေကို လျင်မြန်စွာ နားလည်သွားသည်၊၊ မုရွှယ်အပေါ် သူ၏အကြည့်က ပို၍ သတိကြီးလာသည်၊၊
မုရွှယ်က လီရှီဝူနှင့် ကျိုးရင်လောင်တို့ကို ယဉ်ကျေးစွာ ပြုံးပြပြီးမှ ဝမ်ရှန်းဘက်သို့ လှည့်လိုက်သည်၊၊
“တာအိုဆရာ ဝမ်ရှန်း… ကျွန်မတို့ ဘယ်အချိန်ထွက်ကြမလဲ”
သူမက ခပ်တိုးတိုး မေးလိုက်သည်၊၊
“အချိန်က အရမ်းအရေးကြီးတယ်၊၊ အခုပဲ ဝူတန်းတောင် ကို သွားပြီး ကျွန်တော့်စီနီယာအစ်မနဲ့ တွေ့ရအောင်”
ဝမ်ရှန်းက ပြန်ဖြေသည်၊၊
လီရှီဝူက မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဘာလို့ ဒီလောက်လောနေရတာလဲ၊၊ နေ့လယ်ကျမှ ပြန်လည်း ရတာပဲ… ငါ့အစ်ကိုကြီးက မင်းကို ကျေးဇူးတင်စကား သေချာပြောချင်သေးတယ်”
“ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိလို့ပါ”
ဝမ်ရှန်းက ပြောသည်၊၊
“စီနီယာအစ်ကိုကျိုး… ကျွန်တော့်ရဲ့ ခရီးဆောင်အိတ်တွေကို ဟိုတယ်ကနေ တောင်ပေါ်ကို ပြန်ယူသွားပေးလို့ ရမလား၊၊ နောက်မှ ကျွန်တော် လာယူပါ့မယ်”
“ရတာပေါ့” ကျိုးရင်လောင်က လက်ယမ်းပြရင်း ပြောသည်၊၊
“ဒါပေမဲ့ ဘာကိစ္စအရေးကြီးလို့ ဒီလောက် လောနေရတာလဲ၊၊ တကယ်လို့ ဂျူနီယာညီမလေး ပုယွီကို သွားခေါ်မှာဆိုရင် ငါလည်း လိုက်ခဲ့မယ်”
ဝမ်ရှန်း မျက်တောင်ခတ်လိုက်သည်၊၊ ကျိုးရင်လောင်လည်း မနေ့ညက သူ၏ စွမ်းဆောင်ရည်ကို ပြန်သတိရသွားသဖြင့် မျက်နှာရဲတက်သွားသည်၊၊
ကျိုးရင်လောင်က အနေခက်စွာ ရယ်လိုက်သည်၊၊
“အနည်းဆုံးတော့ မင်းရဲ့ ပစ္စည်းတွေကို ကူသယ်ပေးလို့ ရတာပေါ့၊၊ နောက်ပြီးတော့ ကြက်ဖသွေးသုံးဖို့ စိတ်ကူးတာကလည်း ငါပဲလေ”
ထိုအချိန်တွင် ဥယျာဉ်လမ်း၏ အဆုံးမှ လီရှီရှန်းက ၎င်းတို့ထံ အပြေးအလွှား လာနေသည်၊၊ အခြားလီမိသားစုဝင်များကလည်း နောက်မှ ကပ်လျက် ပါလာကြသည်၊၊
ဝမ်ရှန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်၊၊
“ဦးလေး ကျန်းကျုံးယိနဲ့ လီမိသားစုကြားမှာ ဘယ်လိုရန်ငြိုးမျိုး ရှိခဲ့တာလဲ”
လီရှီဝူ အံ့သြသွားပြီး သူ၏ အမူအရာမှာ တည်ကြည်လေးလံသွားသည်၊၊ သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ဘယ်ကနေ စပြောရမှန်းမသိသလို ဖြစ်နေသည်၊၊
ဘေးမှ မုရွှယ်က သူမ၏ ဆံပင်စလေးကို အသာအယာသပ်လိုက်သည်၊၊ သူမက အရာရှိလေသံဖြင့် ပြောလိုက်သည်၊၊
“ကျွန်မတို့ ရထားတဲ့ အချက်အလက်တွေအရ အဲဒီမေးခွန်းကို ကျွန်မ ဖြေပေးနိုင်ပါတယ်၊၊ ရှင်းပြပေးရမလား”
“အမ်… ရရင်တော့ ရှင်းပြပေးပါ”
ဝမ်ရှန်းက သိလိုစိတ်ဖြင့် ပြန်ဖြေသည်၊၊
လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်လောက်က ဒီဒေသမှာ ကြီးမားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်၊၊ အလုပ်သမားတွေရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုကြောင့် လူ ၂၄ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့တဲ့ မိုင်းတွင်း မတော်တဆမှုပါ၊၊ အဲဒီမိုင်းတွင်းကုမ္ပဏီက လီမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်”
“လက်ဗွေ၊ သွေးအမျိုးအစားနဲ့ မျိုးရိုးဗီဇ စစ်ဆေးချက်တွေအရ ကျန်းကျုံးယိဆိုတဲ့ အမည်ဝှက်ကို သုံးထားတဲ့ မိစ္ဆာကျင့်ကြံသူဟာ တကယ်တော့ လီချီယန် ဖြစ်တယ်၊၊ သူ့အဖေနဲ့ အစ်ကိုကြီးက အဲဒီ မိုင်းတွင်းမတော်တဆမှုမှာ သေဆုံးခဲ့တယ်”
“အဲဒီအချိန်တုန်းက သူက အသက်ရှစ်နှစ်ပဲ ရှိသေးတယ်၊၊ သူ့အမေက လီမိသားစုက ပေးတဲ့ လျော်ကြေးငွေအမြောက်အမြားကို ယူပြီး ဝေးလံတဲ့ အရပ်ကို ထွက်သွားခဲ့တယ်၊၊ သူ့ကိုတော့ အဘိုးအဘွားတွေဆီမှာ ထားခဲ့တယ်”
“လွန်ခဲ့တဲ့ တစ်လကျော်လောက်က သူက လီအိမ်တော်ထဲကို လေလွင့်ဝိညာဉ်အချို့ လွှတ်လိုက်ပြီး မိသားစုကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့တယ်၊၊ နောက်တော့ သူတို့ရဲ့ လုံခြုံရေးတိုးမြှင့်တာကို အခွင့်ကောင်းယူပြီး အိမ်ထဲကို ဝင်ရောက်လာခဲ့တယ်၊၊ သူ့အဖေနဲ့ အစ်ကိုအတွက် လက်စားချေဖို့ လီမိသားစုတစ်ခုလုံးကို သတ်ပစ်ဖို့ သူ မျှော်လင့်ခဲ့တယ်”
မုရွှယ် ခဏမျှ ရပ်လိုက်သည်၊၊ ရဲတပ်ဖွဲ့၏ ကင်မရာမှတ်တမ်းတွင် သူမ မြင်တွေ့ခဲ့ရသော အငြိုးကြီးဝိညာဉ်၏ ပုံရိပ်က စိတ်ထဲပြန်ပေါ်လာသဖြင့် မျက်နှာအနည်းငယ် ဖြူဖျော့သွားသည်၊၊
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အရာအားလုံးကို ဤမျှမြန်ဆန်စွာ စုံစမ်းနိုင်ခဲ့သည်၊၊ သူတို့၏ စွမ်းဆောင်ရည်၊ အရင်းအမြစ်နှင့် အာဏာမှာ တကယ်ကို အံ့အားသင့်စရာပင် ဖြစ်သည်၊၊
ဝမ်ရှန်းလည်း ပို၍ပင် ဖြူဖျော့သွားသော လီရှီဝူဘက်သို့ လှည့်ကြည့်လိုက်သည်၊၊
လီရှီဝူ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်၊၊ သူ၏ မျက်နှာက ရုတ်တရက် အိုမင်းသွားပြီး သူက ခေါင်းကို မော့ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းရှည်ကြီး ချလိုက်သည်၊၊
“ဒီလိုကိုး သူက လီမိသားစုရဲ့ ဒုတိယသားပေါ့၊၊ ငါ ဘာလို့ သူ့ကို မမှတ်မိခဲ့တာလဲ”
ကျိုးရင်လောင် မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဆရာဦးလေး… အဲဒီ မိုင်းတွင်းမတော်တဆမှုက ဆရာဦးလေးတို့ မိသားစုကြောင့် ဖြစ်ခဲ့တာလား”
လီရှီဝူ ချက်ချင်းပင် ခေါင်းခါလိုက်သော်လည်း သူ၏မျက်နှာတွင် နာကျင်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်၊၊
မုရွှယ်က အနည်းငယ် ပြုံးလိုက်သော်လည်း ဘာမှမပြောဘဲ နေလိုက်သည်၊၊
သူတို့အုပ်စုထံသို့ နောက်ဆုံးတွင် ရောက်ရှိလာသော လီရှီရှန်းက ဘေးမှ သက်ပြင်းချလိုက်သည်၊၊
“အဲဒီ မတော်တဆမှုအတွက် ငါတို့မှာ တာဝန်ရှိပါတယ်၊၊ တာဝန်ကို မရှောင်လွှဲသင့်ပါဘူး”
သူ၏ သားနှစ်ယောက် ချွေးမများနှင့် မြေးနှစ်ယောက်မှာလည်း မုရွှယ်၏ ရှင်းပြချက်ကို ကြားရရန် အချိန်မီရောက်လာကြသည်၊၊ လူငယ်များက သိသိသာသာ အံ့အားသင့်နေကြသည်၊၊
“အဲဒီအချိန်က မိုင်းတွင်းကို ငါ စီမံခန့်ခွဲနေတာ ငါ့အစ်ကိုကြီးနဲ့ ဘာမှမဆိုင်ဘူး”
လီရှီဝူ တုန်ယင်နေသောအသံဖြင့် ဝန်ခံလိုက်သည်၊၊
“မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကြောင့် ဖြစ်ခဲ့တာဆိုပေမဲ့ ဘေးအန္တရာယ်တွေကို အချိန်မီမရှာဖွေနိုင်ခဲ့တဲ့အတွက် ငါ့မှာ တာဝန်ရှိတယ်”
“အဲဒီနောက်ပိုင်းမှာ ငါ့ကို တာဝန်ရှိသူအဖြစ် သတ်မှတ်ခြင်းမခံရပေမဲ့ ငါ့အစ်ကိုကြီးက ငါ့ကိုယ်စားတာဝန်ယူပေးခဲ့တယ်၊၊ အဲဒီကတည်းက ငါ့ကိုယ်ငါ အပြစ်မကင်းသလို ခံစားရလို့ ဝူတန်းတောင်ကို သွားပြီး တရားအားထုတ်နေခဲ့တာပဲ”
ကျိုးရင်လောင်နှင့် ဝမ်ရှန်းတို့ အချင်းချင်းကြည့်လိုက်မိကြသည်၊၊ ကျိုးရင်လောင်က ဤကိစ္စများကို ဝူတန်းတောင်တွင် မဖြန့်ဝေသင့်ကြောင်း အမူအရာပြလိုက်ရာ ဝမ်ရှန်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်၊၊
ဝမ်ရှန်းက မုရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊
“ကျန်းကျုံးယိက ဘယ်မှာလဲ”
“ကျွန်မတို့ သူ့ကို လွှဲပြောင်းပေးလိုက်ပြီ”
မုရွှယ်က လေသံတိုးတိုးဖြင့် ဖြေသည်၊၊
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အလားတူဖြစ်ရပ်တွေမှာ ကျွန်မတို့ သုံးခဲ့တဲ့ နည်းလမ်းတွေအရဆိုရင် အများပြည်သူတွေက သူ့အကြောင်းကို ထပ်ကြားရတော့မှာ မဟုတ်ဘူး၊၊ သူက အရပ်သားတွေကို ပြင်းပြင်းထန်ထန် ဘေးဒုက္ခပေးခဲ့ပြီး ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုကို ကျူးလွန်ခဲ့တယ်၊၊ သူ့ရဲ့ ရာဇ၀တ်မှုတွေက ဥပဒေအရ ပြင်းထန်တဲ့ အပြစ်ပေးမှုကို ခံရမှာပါ”
“ဒါ့အပြင် သူက မနေ့ညက အငြိုးကြီးဝိညာဉ်ကို သူ့ကိုယ်ထဲ ဝင်ခိုင်းခဲ့တာကြောင့် သူ့ရဲ့ ဝိညာဉ်ပေါင်းစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံမှုကို လုံးဝ ပျက်စီးသွားစေတယ်၊၊ သူ မသေခင်မှာ နောက်ထပ် နှိပ်စက်မှုတွေကို ခံစားရနိုင်တယ်၊၊ သူက မိစ္ဆာကျင့်ကြံသူတွေရဲ့ အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်နေသလားဆိုတာကို ကျွန်မတို့ သေချာအောင် စစ်ဆေးရဦးမယ်”
နှိပ်စက်မှု ဟုတ်လား…၊၊ သူ မသေခင်မှာလား…၊၊
လီမိသားစုဝင်များ တိတ်ဆိတ်သွားကြပြီး သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်၊၊ ကျိုးရင်လောင်နှင့် လီရှီဝူတို့လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသည်၊၊
ဝမ်ရှန်းကတော့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အလုပ်လုပ်သည့်အပေါ် မှားသည်ဟု မမြင်မိပေ၊၊ သူတို့၏ နည်းလမ်းမှာ ကမ္ဘာကြီး၏ အခြေအနေနှင့် ကိုက်ညီနေသည် မဟုတ်ပါလား၊၊
“တာအိုဆရာ ဝမ်ရှန်း… ကပ္ပတိန်က ကျွန်မတို့ကို ထွက်ဖို့ အလျင်လိုနေပြီ”
မုရွှယ်က တိုက်တွန်းလိုက်သည်၊၊
“ဘယ်အချိန် စထွက်ချင်လဲ”
“ကျွန်တော်လည်း အခုပဲ နှုတ်ဆက်ပြီး ထွက်တော့မလို့ပါ”
ဝမ်ရှန်းက ပြန်ဖြေသည်၊၊
လီရှီရှန်း စိုးရိမ်တကြီး ဖြစ်သွားပြီး သူ၏ အမူအရာတွင် ပူပန်မှုများ ပြည့်နှက်နေသည်၊၊ သူက ပုံမှန်အကျင့်အတိုင်း ဖျော့တော့စွာပြုံးလိုက်သော်လည်း ခါးသီးမှုအချို့ ပါဝင်နေသည်၊၊
“ချက်ချင်း ပြန်တော့မလို့လား စောပါသေးတယ်… အနည်းဆုံးတော့ နောက်တစ်ရက် နှစ်ရက်လောက် ထပ်နေပါဦးလား၊၊ ငါတို့ မိသားစုကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်ဖို့ နည်းလမ်းတစ်ခုခု ရှာရဦးမယ်”
“စိတ်မကောင်းပါဘူး အလှူရှင်လီ… ကျွန်တော့်မှာ အရေးကြီးကိစ္စပေါ်လာလို့ပါ”
ဝမ်ရှန်းက လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်၊၊
“ဒါက ကျွန်တော့်ဆရာနဲ့ ပတ်သက်နေပါတယ်၊၊ တပည့်တစ်ယောက်အနေနဲ့ ခဏလေးတောင် နှောင့်နှေးလို့ မဖြစ်တာကြောင့် ကျွန်တော့်ကို ခွင့်ပြုပါဦး”
“ဒါဆိုလည်း… ဝေဝမ်၊၊ ငါတို့ ပြင်ထားတာကို သွားယူလိုက်ပါ မြန်မြန်လေး”
လီရှီရှန်း၏ သားကြီးဖြစ်သူ… ဝတ်စုံအပြည့်နှင့် နက်ကတိုင် ဝတ်ထားသော လူလတ်ပိုင်းအမျိုးသားက ချက်ချင်းပင် လှည့်ပြေးသွားသည်၊၊
ဝမ်ရှန်းက ၎င်းတို့ကို ဂရုမစိုက်ဘဲ အားနာစကားအချို့ ပြောဆိုပြီးနောက် မုရွှယ်နှင့်အတူ ဂိတ်တံခါးဘက်သို့ လျှောက်သွားသည်၊၊ လီရှီရှန်းကလည်း နောက်မှ အပြေးလိုက်ကာ ခဏစောင့်ရန် တောင်းဆိုနေသည်၊၊
မကြာမီ လီဝေဝမ်သည် အနီရောင်အဝတ်စအုပ်ထားသော လင်ဗန်းတစ်ခုကို ကိုင်ဆောင်ကာ ပြေးလာသည်၊၊ သူ လျင်မြန်စွာ ပြေးလာခဲ့သဖြင့် အဝတ်စက လွင့်ထွက်သွားပြီး အောက်ရှိ ငွေစက္ကူအထပ်အသစ်စက်စက်များကို မြင်တွေ့လိုက်ရသည်၊၊
လီရှီရှန်းက သက်ပြင်းချလိုက်သည်၊၊
“တာအိုဆရာလေးဝမ်… ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ခံပေးပါ၊၊ ဒါက မင်းရဲ့ အသက်ကယ်ပေးတဲ့ ကျေးဇူးနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး၊၊ တကယ်လို့ ဒါက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ငါ့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ၊၊ ငါက ဘာမှနားမလည်တဲ့ သာမန်လူတစ်ယောက်မို့ပါ၊ တာအိုဆရာလေးကျိုး အတွက်လည်း ငါတို့က အိမ်ထဲမှာ လက်ဆောင် ပြင်ထားပါတယ်၊၊ ဘာပဲဖြစ်ဖြစ်… ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ”
ဝမ်ရှန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သောအခါ လီရှီဝူက ဘေးမှ ဝင်ပြောပေးသည်၊၊
“ဖေးယွီ… ဒါကို လက်ခံလိုက်ပါ၊၊ မင်းရဲ့ တစ္ဆေနှင်ခလို့ပဲ သဘောထားလိုက်ပါ”
တာအိုလမ်းစဉ်၏ သွန်သင်ချက်များတွင် နည်းလမ်း၊ အရင်းအမြစ်၊ အဖော်နှင့် နေရာတို့ကို အလေးထားသည်၊၊ သို့သော်လည်း ထိုအချိန်တွင် လုံခြုံရေးဝန်ထမ်း၏ နီရဲနေသော မျက်လုံးများက ဝမ်ရှန်း၏ စိတ်ထဲတွင် ဖြတ်ခနဲ ပေါ်လာသည်၊၊
လူ ၂၄ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့တဲ့ မိုင်းတွင်း မတော်တဆမှု…
ငါ သူတို့အတွက် လက်စားချေရမယ်၊၊ ငါ့အဖေနဲ့ အစ်ကိုအတွက် လက်စားချေရမယ်…
မင်းကို ငါ သတ်မယ်၊၊ မင်းတို့အားလုံး သေရမယ်…
“ဟင့်အင်း ရပါတယ်”
ဝမ်ရှန်းက ပြန်ဖြေသည်၊၊
“ကျွန်တော် ရသင့်ရထိုက်တာကို ရထားပြီးပါပြီ၊၊ ဒါကိုတော့ လက်မခံနိုင်ပါဘူး၊ နှုတ်ဆက်ပါတယ်”
ဝမ်ရှန်းက နောက်တစ်ကြိမ် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်၊၊ ထို့နောက် သူ့ကို စောင့်နေသော ကားဆီသို့ လျှောက်လှမ်းသွားလေသည်၊၊
ဘူဒိုဇာက ဒရိုင်ဘာနေရာတွင် ထိုင်နှင့်နေပြီဖြစ်သည်၊၊ မုရွှယ်ကမူ ဝမ်ရှန်း နောက်သို့ လိုက်မလာစေရန် လီမိသားစုဝင်များကို သူမ၏ လက်တံရှည်များဖြင့် တားဆီးထားခဲ့သည်၊၊
Telegram Channel- https://t.me/wanshang68