မိစ္ဆာနှိမ်နင်း ကြက်ဖသွေး (၁)
Vol. 6 Ch. 52
ထိုအတောအတွင်း ဝမ်ရှန်း၏ ဓားကွက်မှာ ရုတ်တရက် ပြောင်းလဲသွား၏။ လျင်မြန်သော ခြေလှမ်းအနည်းငယ်ဖြင့် သူသည် အငြိုးကြီးဝိညာဉ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ ၎င်း၏ နောက်ကျောဘက်သို့ ရောက်သွားသည်။ ထို့နောက် သူသည် ၎င်း၏ နောက်စေ့ကို အားပြင်းသော ကန်ချက်ဖြင့် ကန်လိုက်သည်။ အငြိုးကြီးဝိညာဉ်၏ တုံ့ပြန်မှုမှာလည်း သိသိသာသာ လျင်မြန်လှသည်။ ၎င်းသည် ကိုယ်အပေါ်ပိုင်းကို လှည့်ကာ ၎င်း၏ ကြီးမားသော လက်မောင်းဖြင့် ဝမ်ရှန်း၏ ခြေထောက်ကို ကြားဖြတ်တားဆီးလိုက်သည်။
ဝမ်ရှန်းသည် ချွန်ထက်သော အရိုးဆူးချွန်နှစ်ခုကြားရှိ သွေးနီရောင် မာကျောသော အရေပြားပေါ်သို့ အသာလေးနင်းလိုက်သည်။ ထိုထိတွေ့မှုမှ ရရှိသော အားကို အသုံးပြု၍ သူသည် လေထဲသို့ မြောက်တက်သွားသည်။ သူသည် သူ၏ ဓားရှည်ကို လှည့်လိုက်ပြီး အငြိုးကြီးဝိညာဉ်၏ နဖူးဆီသို့ မမြင်ရသော ဓားစွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဓားစွမ်းအင်သည် ညလေထုကို လေတိုးသံတစ်ချက်ဖြင့် ဖြတ်သန်းသွားစဉ် ဖူအိုက်နှင့် ဝမ်ရှန်းတို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
“ပစ်ကြ..”
“အခု ပစ်ကြတော့။ အဲ့ဒီသတ္တဝါရဲ့ ဝမ်းဗိုက်အလယ်ကို ပစ်ကြ”
ဖူအိုက်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ရင်နေသော်လည်း ဝမ်ရှန်းမှာမူ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ သူသည် လက်နက်ကိုင်ရဲများကို အထိရောက်ဆုံး ပစ်မှတ်နေရာကိုပင် ပြောပြပေးလိုက်သေးသည်။
ဒိုင်း
ဒိုင်း.. ဒိုင်း.. ဒိုင်း
ရိုင်ဖယ်သေနတ် တစ်ဒါဇင်ခန့်သည် တပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး နားကွဲလုမတတ် သေနတ်သံများမှာ ညဥ့်အမှောင်ယံအတွင်း ပဲ့တင်ထပ်သွားတော့သည်။ ကျည်ခွံများမှာ မြေပြင်ပေါ်သို့ တချွင်ချွင်ကျလာပြီး ကျောက်ခင်းလမ်းပေါ်တွင် နေရာအနှံ့ ခုန်ထွက်ကုန်ကြသည်။ ၎င်းသည် ရုပ်ရှင်များထဲကလို ခမ်းနားကြီးကျယ်မှုမျိုး မရှိသော်လည်း ကျိုးရင်လောင်၏ သွေးများကို စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်စေရန် လုံလောက်လှသည်။ လူငယ်ရဲများမှာ အလွန်ကောင်းမွန်သော ပစ်ခတ်မှုစွမ်းရည်ကို ပြသကြပြီး အငြိုးကြီးဝိညာဉ်၏ ကြီးမားလှသော အရွယ်အစားကြောင့်လည်း ပစ်ချက်တိုင်းနီးပါး ထိမှန်နေသည်။
ကျည်ဆန်များ တစ်ခုပြီးတစ်ခု ထိုသတ္တဝါကို ထိမှန်သွားပြီး ၎င်းကို နောက်သို့ အကြိမ်ကြိမ် ယိုင်လဲသွားစေသည်။ ၎င်း၏ ဒဏ်ရာများမှ ထူထပ်သော အနက်ရောင် ရောယှက်နေသည့် အစိမ်းရောင်မီးခိုးများ ထွက်ပေါ်လာသည်။ ဝမ်ရှန်းသည် ဘေးဘက်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူသည် အငြိုးကြီးဝိညာဉ်ကို မျက်တောင်မခတ် စိုက်ကြည့်လျက် အပြည့်အဝ သတိထားနေသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ရိုင်ဖယ်ကျည်ဆန်များမှာ ၎င်းကို အမှန်တကယ် မဖောက်ထွင်းနိုင်ပေ။ အငြိုးကြီးဝိညာဉ်သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို အဆင့်မြင့်မားစွာ ခုခံနိုင်စွမ်းရှိသည်။ သို့သော်လည်း သဏ္ဌာန်မဲ့ဖြစ်သွားနိုင်သော လေလွင့်ဝိညာဉ်များနှင့် မတူဘဲ ဤအကောင်၏ အတွင်းထဲတွင် ပိတ်မိနေသော လူတစ်ယောက်ရှိနေသည်။ ထို့ကြောင့်လည်း ဝမ်ရှန်းက ရဲများကို ၎င်း၏ ဝမ်းဗိုက်ကို ပစ်မှတ်ထားခိုင်းခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ၎င်း၏ ဝမ်းဗိုက်အလယ်ကို စုပြုံပစ်ခတ်နိုင်ပါက ၎င်းကို သတ်ပစ်နိုင်မည့် အခွင့်အရေး အစစ်အမှန် ရှိပေလိမ့်မည်။
သေနတ်သံများမှာ အတော်ကြာအောင် ဆက်တိုက်ထွက်ပေါ်နေသည်။ အငြိုးကြီးဝိညာဉ် ဒူးတစ်ဖက် ထောက်ကျသွားသည့်အခါ ဖူအိုက်က လက်ကို မြှောက်ကာ အပစ်ရပ်ရန် အမိန့်ပေးလိုက်သည်။ ကျည်ဆန်များကြောင့် လွင့်စင်သွားသော ထူထပ်သည့် အစိမ်းပုပ်ရောင် မီးခိုးများမှာ ယခုအခါ ၎င်း၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ ပြန်လည် စုစည်းလာပြန်သည်။
ကလောက်
ကျည်ဆန်တစ်တောင့်က ကြေမွနေသော ကျောက်ခင်းလမ်းပေါ်သို့ ကျလာသည်။
ကလောက်.. ကလောက်
ကျည်ဆန်များမှာ တစ်ခုပြီးတစ်ခု ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပြန်လည် ထွက်ကျလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။ အငြိုးကြီးဝိညဉ်သည် ၎င်း၏ ဦးခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး ပြန့်ကျဲနေသော မီးခိုးများမှာလည်း ၎င်း၏ ကိုယ္အတွင်းသို့ ပြန်လည် စီးဝင်သွားတော့သည်။ ကြေးခေါင်းလောင်းများကဲ့သို့ ကြီးမားလှသော ၎င်း၏ သွေးနီရောင် မျက်လုံးကြီးများမှာမူ ကြောက်မက်ဖွယ် အစိမ်းရောင် မီးတောက်များဖြင့် တောက်လောင်နေသည်။
ရဲများ တောင့်တင်းသွားကြသည်။
“သေကြစမ်း.. အားလုံး သေကြစမ်း”
အငြိုးကြီးဝိညဉ်သည် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ပြီး ပေါက်ကွဲထွက်လာသော အရှိန်အဟုန်ဖြင့် ရှေ့သို့ ခုန်ဝင်လာတော့သည်။ ၎င်းသည် ဆယ်မီတာကျော်ကို ခုန်ကျော်ကာ သူတို့ဆီသို့ အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ လျင်မြန်စွာ ပြေးဝင်လာသည်။
“နောက်ဆုတ်ကြ”
ဖူအိုက်က အော်လိုက်ပြီး သူ၏သေနတ်ဖြင့် ချက်ချင်း ပစ်ခတ်လိုက်သည်။ ရဲအဖွဲ့ဝင်များလည်း မျက်နှာပျက်သွားကြပြီး ပုံစံမပျက်စေရန် အတင်းအကျပ် ထိန်းချုပ်လျက် အလျင်အမြန် နောက်ဆုတ်လိုက်ကြရသည်။
“အပစ်ရပ်ကြ။ အခုချက်ချင်း ဒီကနေ ထွက်သွားကြတော့”
ဝမ်ရှန်းက ထပ်မံ အမိန့်ပေးလိုက်ပြီး သူ၏ အသံမှာ လူတိုင်း၏ နားထဲတွင် နောက်တစ်ကြိမ် ရှင်းလင်းစွာ မြည်ဟိန်းသွားသည်။
“သူ့ရဲ့ အာရုံကို ထပ်ပြီး မဆွဲဆောင်ကြနဲ့တော့”
ဝမ်ရှန်းသည် ခေါင်းကို မော့လိုက်ပြီး ဆေးလုံးနှစ်လုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူသည် ခဏမျှ ဝါးလိုက်ပြီးနောက် ၎င်းတို့ကို တစ်ခါတည်း မျိုချလိုက်သည်။ သူသည် အားအင်အနည်းငယ် ချွေတာရန် မျှော်လင့်ခဲ့သော်လည်း လက်နက်ကိုင်ရဲများမှာ ရေစင်လက်နက်များ တပ်ဆင်ထားခြင်း မရှိသေးပုံရသည်။ သာမန်သေနတ်များမှာ ဤအဆင့်ရှိသော ဝိညာဉ်ဆိုးကို တိုက်ခိုက်ရန် လုံးဝ ထိရောက်မှု မရှိပေ။
လည်ချောင်းထဲတွင် ဆေးလုံးကွဲသွားခြင်းကြောင့် ဝမ်ရှန်းသည် အသက်ရှူပင် ကျပ်သွားသည်။ သို့သော် သူ၏ အစစ်မှန်ချီများက ဆေးလုံးကို လွှမ်းခြုံလိုက်သည်နှင့် တစ်ပြိုင်နက် ဆေးလုံးမှာ ချက်ချင်း အရည်ပျော်သွားပြီး ချိုမြိန်အေးမြသော အရည်အဖြစ်သို့ ပြောင်းလဲကာ အစာပြွန်တစ်လျှောက် စီးဆင်းသွားတော့သည်။
ဝမ်ရှန်း၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်း ပွင့်သွားသကဲ့သို့ ခံစားရပြီး စွမ်းအားများ ပြန်ပြည့်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် ဆေးလုံးကို ပထမဆုံးအကြိမ် အသုံးပြုသည့် အရသာကို ခံစားနေရန် အချိန်မရှိပေ။ ဓားကို တင်းတင်းဆုပ်ကိုင်ကာ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ပြီး လမင်းနောက်သို့ လိုက်နေသော ကြယ်ပျံတစ်စင်းကဲ့သို့ အငြိုးကြီးဝိညာဉ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
အငြိုးကြီးဝိညာဉ်သည် နောက်တစ်ကြိမ် ထပ်မံခုန်ပျံလိုက်ရာ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များရှိရာသို့ နီးကပ်သွားပြီ ဖြစ်သည်။ ၎င်းသည် ဆူးချွန်များဖြင့် ဖုံးလွှမ်းနေသည့် ၎င်း၏ ကြီးမားသော လက်မောင်းနှစ်ဖက်ကို ဖြန့်လိုက်ပြီး နောက်ဆုံးတွင် ရှိနေသည့် ရဲအရာရှိနှစ်ဦးထံသို့ ရိုက်ချလိုက်သည်။
“လူစုခွဲကြ.. လူစုခွဲကြစမ်း”
ဖူအိုက်က အစွမ်းကုန် အော်ဟစ်လိုက်သည်။ သူသည် ရဲအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အန္တရာယ်ရှိသော အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ မိမိကိုယ်ကိုယ် ဘာမှမတတ်နိုင်ဟု ခံစားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
စိတ်လှုပ်ရှားနေသော လူငယ်ရဲအရာရှိများသည် ထိုမိစ္ဆာကောင်ကို ပစ်ခတ်ရန် အလိုလျောက်ရပ်လိုက်ကြသော်လည်း ကြောင်အမ်း၍ ရပ်နေကြဆဲဖြစ်သည်၊၊ ဖူအိုက်က သူတို့၏ ကော်လာများမှ ဆွဲကာ အတင်းနောက်သို့ ဆွဲထုတ်လိုက်သည်။
“ငါ နောက်ဆုတ်လို့ ပြောနေတယ်လေ”
ရဲအရာရှိများသည် စနစ်တကျ စစ်ရေးလေ့ကျင့်မှုများ ခံယူထားကြပြီး သာမန်လူများထက် စိတ်ဓာတ်ကြံ့ခိုင်မှု ပိုရှိကြသော်လည်း အငြိုးကြီးဝိညာဉ်ကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အချို့မှာ ထိတ်လန့်ခြောက်ခြားကာ အာရုံထွေပြားကုန်ကြသည်။ သူတို့သည် ဘေးဘက်များသို့ မသိစိတ်ဖြင့် ခွဲထွက်သွားကြပြီး အချို့မှာမူ မနေနိုင်ဘဲ ထပ်မံ ပစ်ခတ်ကြလိုက်ပြန်သည်။ သို့သော်လည်း နီးကပ်လာသော ခြိမ်းခြောက်မှုကြီးရှေ့တွင် သူတို့၏ သေနတ်များမှာ လုံးဝ အားကိုးရာမရသကဲ့သို့ ဖြစ်နေလေ၏။
ကံကောင်းသည်မှာ ဝမ်ရှန်းသည် အငြိုးကြီးဝိညာဉ် အမြင့်ဆုံးသို့ ခုန်တက်သွားချိန်ကို စောင့်ဆိုင်းပြီးမှ ဘေးဘက်မှနေ၍ ဝင်ရောက်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက လွင့်စင်လာသော ကျည်ဆန်များက သူ့ကို ထိမှန်သွားနိုင်ပေသည်။ ဝမ်ရှန်း ဘေးဘက်မှ ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ ဖူအိုက် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ချလိုက်သည်။ ယခုအချိန်တွင် သူတို့ မရောက်လာခင်ကတည်းက ထိုမိစ္ဆာကို တိုက်ခိုက်နေသော တာအိုဆရာ လူငယ်လေးကို ယုံကြည်လိုက်ရန်မှတစ်ပါး အခြားမရှိတော့ပေ။
“အပစ်ရပ်ကြ။ အဲ့ဒီမိစ္ဆာရဲ့ အာရုံကို ထပ်မဆွဲဆောင်နဲ့တော့။ အခုချက်ချင်း နောက်ဆုတ်ကြ”
ထို့နောက်တွင် လူတစ်ယောက်သည် ဖူအိုက်၏ ဘေးမှ ဖြတ်ကျော်ကာ အငြိုးကြီးဝိညာဉ်ရှိရာသို့ တည့်တည့် ပြေးဝင်သွားသည်။ အစောပိုင်းကမှ ရဲများက သေနတ်ဖြင့် ချိန်ထားခဲ့သော ကျိုးရင်လောင်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူသည် ရဲအရာရှိနှစ်ဦး၏ ရှေ့တွင် ရပ်ကာ ပြေးဝင်လာသော အငြိုးကြီးဝိညာဉ်ကို ရင်ဆိုင်လိုက်သည်။
စစ်မှန်သော သိုင်းစွမ်းအားဖြင့် မိစ္ဆာများကို နှိမ်နင်းစမ်း...
အကြမ်းဖက် ရာဇဝတ်ကောင်များကို ရင်ဆိုင်ရသည့်အခါ ပြည်သူများကို ကာကွယ်ရန် ရှေ့သို့ ထွက်ရပ်ခြင်းမှာ ရဲအရာရှိတိုင်း ကျိန်ဆိုထားသော တာဝန်ဖြစ်သည်။ ထို့အတူပင် ရန်လိုသော သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးဝိညာဉ်များကို ရင်ဆိုင်ရသည့်အခါ ကျင့်ကြံသူများသည် ခုခံနိုင်စွမ်းမရှိသူများ၏ ရှေ့တွင် မားမားမတ်မတ် ရပ်တည်ပေးရမည်ဖြစ်သည်။ ၎င်းသည် တာအိုဂိုဏ်းများက လက်ဆင့်ကမ်းခဲ့သော ကျင့်ဝတ်ပင် ဖြစ်သည်။
ကျိုးရင်လောင်သည် အငြိုးကြီးဝိညာဉ်၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ရန် သူ၏ အစစ်မှန်ချီအားလုံးကို စုစည်းလိုက်သည်။ သူသည် စိတ်ကို တင်းထားပြီး ဝိညာဉ်ဆိုးက သူ့ဆီသို့ လှမ်းတိုက်ခိုက်လိုက်သည့်အချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို အော်ပြောလိုက်သည်၊၊
“ဒီသတ္တဝါအပေါ်မှာ ကျည်ဆန်တွေက အသုံးမဝင်ဘူး။ နယ်မြေကို လုံခြုံအောင်လုပ်ပြီး အရပ်သားတွေကို အဝေးမှာ နေခိုင်းလိုက်ကြ”
ထို့နောက်တွင် ထိုမိစ္ဆာ၏ ချွန်ထက်ပြီး သေစေနိုင်သော လက်သည်းကြီးများမှာ သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာပြန်သည်။ သူ၏ အစစ်မှန်ချီအားလုံးကို ဓားရှည်အတွင်းသို့ စီးဆင်းစေလိုက်ရာ ဓားမှာ တုန်ခါသွားသည်။ ထို့နောက် သူ၏ အားရှိသမျှကို အသုံးပြု၍ ဓားကို အပေါ်သို့ စောင်းကာ လွှဲယမ်းလိုက်သည်။
ကောင်းကင်ဘုံတံခါး ကွဲအက်ခြင်း။
အငြိုးကြီးဝိညာဉ်၏ ဓားကဲ့သို့ ထက်ရှသော လက်သည်းများက လေကို ခွင်းလာသည့်အခါ အေးစိမ့်ပြီး မိစ္ဆာစွမ်းအင်လှိုင်းကြီးတစ်ခုမှာ ကျိုရင်လောင်ဆီသို့ တိုးဝင်လာသည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် အငြိုးကြီးဝိညာဉ်၏ ပုံသဏ္ဌာန်အတွင်း၌ ပုန်းကွယ်နေသော လူရိပ်တစ်ခုကို သူ ဝေဝါးစွာမြင်လိုက်ရသည်။ သူ၏ ရိုးတွင်းခြင်ဆီအတွင်းမှ အလိုလျောက်ကြောက်ရွံ့မှုများ တိုးထွက်လာသည်ကို သူ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်းမှာ ဘေးဘက်မှ အချိန်မီ ရောက်ရှိလာခဲ့သည်။
ကျိုးရင်လောင်၏ ဓားရှည်နှင့် အငြိုးကြီးဝိညာဉ်၏ လက်မောင်းတို့ ထိတွေ့သွားသည့်အချိန်တွင် တောက်ပသော ဓားအလင်းတန်းတစ်ခုက အငြိုးကြီးဝိညာဉ်၏ မျက်နှာကို တည့်တည့်ထိမှန်သွားသည်။ ဝမ်ရှန်းသည် သူ၏ အနက်ရှိုင်းဆုံးနားစွင့်သူဓားထဲသို့ အစစ်မှန်များကို အစွမ်းကုန် ထည့်သွင်းထားခဲ့သဖြင့် ဤတိုက်ကွက်တစ်ခုတည်းမှာပင် သူ၏ အစစ်မှန်ချီအမြောက်အမြား ကုန်ဆုံးသွားခဲ့သည်။
ကြီးမားသော အငြိုးကြီးဝိညာဉ်က ဘေးဘက်သို့ အနည်းငယ်ယိမ်းယိုင်သွားခြင်းကြောင့် ကျိုးရင်လောင်သည် တိုက်ခိုက်မှုဒဏ်ကို အပြည့်အဝမခံလိုက်ရပေ။ သို့သော်လည်း ပြင်းထန်သော ရိုက်ခတ်မှုနှင့် ဓားမှတစ်ဆင့် စီးဝင်လာသော ထူးဆန်းသည့် စွမ်းအင်များကို သူ ခံစားလိုက်ရဆဲ ဖြစ်သည်။ သူ၏ ခြေထောက်များ ခွေယိုင်သွားပြီး လည်ချောင်းထဲတွင် သွေးနံ့များ လှိုင်တက်လာသော်လည်း သူသည် အံကြိတ်ကာ တောင့်ခံထားလိုက်သည်။ ဒူးထောက်မကျသွားစေရန် ထိန်းချုပ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ခြင်းဖြင့် ရိုက်ခတ်မှုအရှိန်ကို လျှော့ချလိုက်သည်။
ဝမ်ရှန်းသည် နောက်ထပ် တစ္ဆေနှင်ဂါထာတစ်ခုကို ရွတ်ဆိုကာ ဓားအတွင်းသို့ သန့်စင်သော အစစ်မှန်ချီများကို ထည့်သွင်းလိုက်သည်။ ထို့နောက် သူသည် အငြိုးကြီးဝိညာဉ်၏ မာကျောသော အရေပြားကို ခုတ်ဖြတ်လိုက်ရာ ထိုသတ္တဝါသည် သူ၏ အာရုံအားလုံးကို ပြောင်းလဲလိုက်ပြီး ဝမ်ရှန်းကိုသာ အဆက်မပြတ်တိုက်ခိုက်လာသည်။
ကျိုးရင်လောင် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်သည်။
“နောက်ဆုတ်ကြပါ။ ဒါကို ဂျုနီယာညီလေးကိုပဲ လွှတ်ထားလိုက်”
သူက အပြေးအလွှား အော်ပြောလိုက်သည်။ သွေးစိမ်းများမှာ သူ၏ သွားများတွင် စွန်းထင်နေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ထိတ်လန့်စရာ ကောင်းနေသည်။
Telegram Channel- https://t.me/wanshang68