အခန်း (၅၃၇-၅၃၈)
Vol. 50 Ch. 537-538
အပိုင်း (၅၃၇)
ထိုအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးသည် သူ၏ ကံဆိုးမှုကို ကျိန်ဆဲရင်း မဟာရှ၏ မြို့တော်ဆီသို့ အပြင်းအထန် အပြေး လာနေသည်။
သူ၏ သူတစ်ပါးအနှစ်သာရများကို ဝါးမျိုသည့် မိစ္ဆာကျင့်စဉ်မှာ လူသိရှင်ကြား ပေါက်ကြားသွားခဲ့ပြီဖြစ်ရာ ကောင်းကင်အဆင့် သိုင်းပညာရှင် အားလုံးမှာ ပုန်းအောင်းကုန်ကြသဖြင့် တစ်ယောက်ကိုပင် ရှာဖွေရန် ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသေးသည့် နိုင်ငံတစ်ခု ကျန်ရှိနေသေးရာ ၎င်းမှာ မဟာရှ အင်ပါယာပင် ဖြစ်သည်။
“မဟာရှမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် လေးယောက်ရှိတယ်။ ငါသာ သူတို့အားလုံးကို ဝါးမျိုနိုင်ရင် ငါ့ရဲ့အစွမ်းက အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းလောက် တိုးလာဦးမှာပဲ။ ဒါတင်မကသေးဘူး... မဟာရှမှာ နတ်လက်နက်တွေ၊ နတ်ဆေးလုံးတွေနဲ့ နတ်ဘုရားအဆင့် ကျင့်စဉ်တွေ အများကြီးရှိသေးတယ်။ ငါ အဲဒါတွေကို လုယူပြီး ဝတ်ရုံစိမ်းမျှော်စင်ကို တစ်ဖန်ပြန်လည် တည်ထောင်ရမယ်”
ထိုသို့ တွေးတောရင်း သူသည် အရှိန်ကို မြှင့်လိုက်သည်။ ထိုခဏ၌ပင် အဝေးမှ အနက်ရောင်အလင်းတန်းတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။ ထိုအနက်ရောင် အလင်းတန်းတွင် ပြင်းထန်လှသော ဓားချီများ ပါဝင်နေပြီး သူ၏ ‘နတ်ဘုရားခန္ဓာ’ ကိုပင် ထိုးဖောက်သွားနိုင်သည့် အန္တရာယ်အငွေ့အသက်ကိုပင် ခံစားလိုက်ရလေသည်။
ထို့ကြောင့် သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အင်အား ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သုံး၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
“ဘုန်း...”
အနက်ရောင် အလင်းတန်းမှာ အတားအဆီးနှင့် ကြုံသွားကာ နောက်သို့ ပြန်ကန်ထွက်သွားသည်။ ထိုအခါမှသာ ထိုအလင်းတန်းမှာ ဘယ်သို့သော အရာဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
“ဒါ... ဒါက မဟာရှနိုင်ငံတော်ရဲ့ အစောင့်အရှောက် ‘ရွှမ်ရှောင်’ နတ်ဓားပဲ”
မဟာရှ၏ ရွှမ်ရှောင်နတ်ဓားသည် စိတ်ဝိညာဥ်ရှိသော ဓားအဖြစ် နာမည်ကျော်ကြားလှသည်။ ၎င်းသည် ဖျက်ဆီး၍မရနိုင်ဘဲ မီးကိုလည်း ထိန်းချုပ်နိုင်ရုံမျှမက သူ့အလိုလို ရန်သူကို တိုက်ခိုက်နိုင်စွမ်းရှိပြီး အစွမ်းမှာလည်း ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သည်။
သို့သော် ယခုတွေ့မြင်နေရသော နတ်ဓားမှာ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးထက်ပင် ပို၍ အန္တရာယ်များလှသည်ဟု ထင်ရသည်။ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်တိုင် သူသည် ဤဓားကို လျှော့မတွက်ရဲပေ။
“ကောင်းတယ်... တကယ်ကို နတ်ဓားကောင်းပဲ။ ဒီလိုဓားမျိုးမှ ငါနဲ့ ထိုက်တန်တာ”
ခေါင်းဆောင်ကြီးသည် ရှေ့မှ နတ်ဓားကို ကြည့်ကာ ချီးကျူးလိုက်ပြီး ၎င်းကို မိမိပိုင်ပစ္စည်းအဖြစ် သတ်မှတ်လိုက်တော့သည်။ ထိုစကားကို ကြားသောအခါ ရွှမ်ရှောင်နတ်ဓားမှာ ဒေါသထွက်သွားဟန်ဖြင့် သူ၏ဓားသိုင်းများကို ထုတ်ဖော်ကာ တိုက်ခိုက်လေတော့သည်။ ၎င်းအပြင် ပြိုင်ဘက်ကို လောင်ကျွမ်းစေရန် ပြင်းထန်သော မီးတောက်များကိုပါ မှုတ်ထုတ်လိုက်သေးသည်။
ခေါင်းဆောင်ကြီးမှာ စိုးရိမ်ခြင်းမရှိဘဲ ပို၍ပင် သဘောကျသွားကာ “ကိုယ်ပိုင်စရိုက်ရှိတဲ့ ဓားပဲ... ငါ ပိုကြိုက်သွားပြီ။ လာစမ်း... ငါ့ဆီကိုလာ” ဟု အော်ဟစ်လိုက်သည်။
လူနှင့် ဓားမှာ အပြင်းအထန် စတင်တိုက်ခိုက်ကြတော့သည်။ ရွှမ်ရှောင်နတ်ဓားသည် ခေါင်းဆောင်ကြီး၏ အစွမ်းကို မယှဉ်နိုင်သဖြင့် ထပ်ခါတလဲလဲ နောက်သို့ လွင့်စဉ်သွားရသည်။ သို့သော် ၎င်းသည် ဖျက်ဆီး၍မရသော လက်နက်ဖြစ်သဖြင့် မည်မျှပင် တိုက်ခိုက်စေကာမူ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်း မရှိပေ။ ထို့ကြောင့် လူနှင့် ဓားမှာ အကြိတ်အနယ် ဖြစ်နေတော့သည်။
အမှောင်ထဲမှ တိတ်တဆိတ် ကြည့်နေသော လင်းပိုင်ဖန်မှာ ရွှမ်ရှောင်နတ်ဓား၏ စွမ်းအားကို အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ၎င်း၏အဆင့်မှာ ‘ကောင်းကင်အဆင့်’ ခန့်သာ ရှိသော်လည်း နတ်လက်နက်၏ ထူးခြားချက်များကြောင့် ‘မဟာကောင်းကင်အဆင့်’ စွမ်းအားများကို ပြသနိုင်ခြင်း ဖြစ်သည်။
“ငါ့ရဲ့ နတ်ဓားပီသပေတယ်”
လင်းပိုင်ဖန်သည် အလွန်ပင် ကျေနပ်သွားပြီး သူ၏အစွမ်းအချို့ကို ရွှမ်ရှောင်နတ်ဓားထံသို့ လွှဲပြောင်းပေးလိုက်သည်။ ထိုအခါ ရွှမ်ရှောင်နတ်ဓားမှာ ‘ချွင်’ ခနဲ မြည်ဟည်းသွားပြီး ၎င်း၏အရှိန်အဝါမှာ တရှိန်ထိုး မြင့်တက်လာတော့သည်။
ခေါင်းဆောင်ကြီးမှာ အံကြိတ်ကာ ကျိန်ဆဲမိလိုက်သည်။ “ဒီဓားက ဘယ်လိုဖြစ်ပြီး ပိုသန်မာလာတာလဲ။ လူတွေလိုပဲ တိုက်ပွဲထဲမှာ အစွမ်းတွေ တိုးတက်လာနိုင်တာလား။ မဖြစ်နိုင်တာ... ဒါက သဘာဝတရားကို ဆန့်ကျင်နေပြီ”
ထိုခဏချင်းအတွင်းမှာပင် ရွှမ်ရှောင်နတ်ဓား၏ ခွန်အားမှာ သုံးဆထက်မက တိုးလာခဲ့သည်။ ၎င်း၏ အရှိန်အဝါမှာ ခေါင်းဆောင်ကြီးထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့သည်။
“ချွင်...”
ရွှမ်ရှောင်နတ်ဓားသည် သူ၏ဓားသိုင်းကို တစ်ဖန် ပြန်လည် ထုတ်ဖော်လိုက်သည်။ ကောင်းကင်ဘုံမှ ကျဆင်းလာသော ဓားကဲ့သို့ အတောင် ၅၀၀ ခန့် ရှည်လျားသော ဓားအရိပ်ကြီးမှာ ဝေဟင်ထက်မှ ကျဆင်းလာပြီး ခေါင်းဆောင်ကြီးဆီသို့ လျင်မြန်စွာ ခုတ်ပိုင်းလိုက်သည်။
ခေါင်းဆောင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားကာ သေဘေးနှင့် ကြုံနေရကြောင်းကို သိလိုက်ရလေသည်။ သူသည် သူ၏ အစွမ်းထက်ဆုံး ကာကွယ်ရေးစွမ်းရည်ကို သုံး၍ ချက်ချင်းပင် ပြန်လည်ခုခံလိုက်သည်။
“ဘုန်း...”
မြေကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ခေါင်းဆောင်ကြီး၏ ခုခံမှုမှာ ပျက်စီးသွားပြီး ရွှမ်ရှောင်နတ်ဓား၏ ဓားချီများကြောင့် ဒဏ်ရာရရှိကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရတော့သည်။ သူသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေ၏။ သူ့လို လူမျိုးက လက်နက်တစ်ခုကြောင့် ဒဏ်ရာရသွားရသည်မှာ လောကတွင် မကြားစဖူးသော အဓိပ္ပာယ်မရှိသည့် ကိစ္စပင် ဖြစ်ချေသည်။
သူသည် ထိုနေရာ၌ ဆက်မနေတော့ဘဲ သူ၏ အလျင်မြန်ဆုံးသော ကိုယ်ဖော့သိုင်းကို သုံး၍ ထွက်ပြေးလေတော့သည်။ မနိုင်လျှင် ပြေးခြင်းမှာ သူ၏ အခြေခံမူပင် ဖြစ်သည်။ အင်အားပြန်လည်ပြည့်ဝလာမှသာ ဤစာရင်းကို ပြန်ရှင်းရန် သူ ဆုံးဖြတ်လိုက်သည်။
သို့သော် ရွှမ်ရှောင်နတ်ဓားမှာ သူ့နောက်သို့ မဆုတ်မနစ် လိုက်လံတိုက်ခိုက်နေလေသည်။ ခေါင်းဆောင်ကြီးမှာ မြန်သော်လည်း နတ်ဓားက ပို၍ မြန်နေသည်။ မျက်တောင်နှစ်ခါခတ်အတွင်းမှာပင် ၎င်းသည် ခေါင်းဆောင်ကြီးကို မှီသွားပြီး ဓားသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။
ဓားမှာ တစ်လက်မှ နှစ်လက်၊ နှစ်လက်မှ လေးလက်၊ လေးလက်မှ ရှစ်လက်... အချိန်တိုအတွင်း ဝေဟင်တစ်ခုလုံးတွင် ‘ချွင်’ ခနဲ အော်မြည်နေသော နတ်ဓားများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းမှာ လင်းပိုင်ဖန်၏ ‘ဓားတစ်သောင်း ပြန်လာခြင်း’ သိုင်းကွက်ဖြစ်ပြီး နတ်ဓားမှာ ၎င်းကို သင်ယူထားကာ ရန်သူကို သတ်ဖြတ်ရန် အသုံးပြုနေခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ခေါင်းဆောင်ကြီးမှာ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားလေတော့သည်။ ဓားတွေ... ဓားတွေ အများကြီးပဲ... သူကတော့ ပျားအုံကို တုတ်နဲ့ ထိုးလိုက်မိပြီ ထင်ပါရဲ့။
ကောင်းကင်ယံရှိ ဓားအစုအဝေးကြီးမှာ သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ ခေါင်းဆောင်ကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်သည် - “မင်းက ဒီလို ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ငါ တကယ်ကို ဒေါသထွက်တော့မှာနော်”
နတ်ဓားသည် လှောင်ပြောင်သည့်အလား အသံတစ်ချက် ထွက်ပေါ်လာပြီး သူ့ကို ရန်စလိုက်ဟန် ရှိသည်။
“အတော်ကို မိုက်ရိုင်းတာပဲ” ခေါင်းဆောင်ကြီးသည် အလွန်အမင်း ဒေါသထွက်ကာ ချက်ချင်း နောက်လှည့်ပြီး ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏မျက်နှာမှာ ပို၍ပင် ပြာနှမ်းသွားတော့သည်။ အကြောင်းမှာ ထိုဓားပုံရိပ် တစ်လက်ချင်းစီတွင် မူလနတ်ဓား၏ စွမ်းအားများ ကိန်းအောင်းနေသည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
နတ်ဓားတစ်လက်ကို ခုခံရန်ပင် ခဲယဉ်းနေချိန်တွင် ထောင်ပေါင်းများစွာသော ဓားများကို သူ မည်သို့ ခုခံနိုင်မည်နည်း။ ထိုတိုက်ခိုက်မှုတွင် သူသည် ထပ်မံ၍ သွေးတစ်လုတ် အန်လိုက်ရပြန်သည်။ ထို့နောက် သူသည် ဆက်လက် ထွက်ပြေးရပြန်တော့သည်။
နတ်ဓားမှာမူ ဆိုးသွမ်းသော ကလေးငယ်တစ်ဦးကဲ့သို့ သူ၏နောက်မှ လိုက်လံ၍ ဓားချီများနှင့် မီးတောက်များကို မှုတ်ထုတ်ကာ လိုက်လံ စနောက်နေတော့သည်။ ခေါင်းဆောင်ကြီးမှာမူ ဘာမှမတတ်နိုင်ဘဲ အံကြိတ်ရင်း ဒေါသတကြီးဖြင့်သာ အတင်းအဓမ္မ ထွက်ပြေးနေရရှာတော့သည်။
အပိုင်း (၅၃၈)
ထိုထူးခြားဆန်းပြားသော မြင်ကွင်းကို သိုင်းပညာရှင် အများအပြား မြင်တွေ့လိုက်ကြရသည်။
“ဟေ့... ဟိုမှာကြည့်စမ်း၊ အဲဒါ ဘာကြီးလဲ”
“ဓားတစ်လက်နဲ့ လူတစ်ယောက်ပါလား... ကြည့်ရတာ အဲဒီလူက ဓားရဲ့ လိုက်လံတိုက်ခိုက်တာကို ခံနေရတာနဲ့တူတယ်”
“နေပါဦး….အဲဒီဓားက ရင်းနှီးနေသလိုပဲ.....၊ ဒါ.. ဒါက…. မဟာရှရဲ့ ရွှမ်ရှောင်နတ်ဓားပဲ မဟုတ်လား”
“အဲဒီလူကလည်း ရင်းနှီးနေတယ်၊ ငါ... ငါ မှတ်မိပြီ။ သူက ဝတ်ရုံစိမ်းမျှော်စင်ရဲ့ ခေါင်းဆောင်ကြီးပဲ။ ကောင်းကင်အဆင့် သိုင်းပညာရှင်ပေါင်း ၂၀ ကျော်ကို သတ်ခဲ့ပြီး ဆရာတော်ကြီး လျောင်ချန်းကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ မိစ္ဆာကောင်ပဲ”
“နေဦး... အဲဒီမိစ္ဆာကြီးက နတ်ဓားရဲ့ လိုက်လံနှိပ်စက်တာကို ခံနေရတာလား”
“ဘုရားရေ... ဒါ တကယ်ကို ထိတ်လန့်စရာ သတင်းပဲ၊ တစ်လောကလုံးက ဘာမှမတတ်နိုင်ခဲ့တဲ့ မိစ္ဆာကြီးက မဟာရှရဲ့ ရွှမ်ရှောင်နတ်ဓားကြောင့် အသည်းအသန် ထွက်ပြေးနေရပါလား”
လူတိုင်းမှာ အံ့အားသင့်သွားကြပြီး ဤသတင်းမှာ တစ်ခဏချင်း ပျံ့နှံ့သွားတော့သည်။
နောက်ဆုံးတွင် ခေါင်းဆောင်ကြီးသည် မဟာရှနယ်မြေအတွင်းမှ လွတ်မြောက်သွားပြီးမှသာ နတ်ဓား၏ ရန်မှ သီသီလေး လွတ်မြောက်ခဲ့တော့သည်။ သို့သော် သူ၏ “ဂုဏ်သတင်းကျော်စောမှု” များမှာမူ တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့လေပြီ။
“သိပြီးပြီလား... ဟိုမိစ္ဆာကြီးက မဟာရှရဲ့ နတ်ဓားကြောင့် လန့်ဖျန့်ပြီး ထွက်ပြေးသွားခဲ့ရတာတဲ့။ မဟာရှနယ်မြေထဲက လွတ်တဲ့အထိ မိုင်ပေါင်းထောင်ချီအောင် အလိုက်ခံလိုက်ရတာတဲ့ကွ”
“ဟား... သူတို့ရဲ့ နတ်ဓားက အဲဒီလောက်တောင် စွမ်းတာလား”
“မင်း ထင်တာထက်တောင် ပိုစွမ်းသေးတယ်၊ ပြောကြတာတော့ အဲဒီမိစ္ဆာကြီးမှာ ထွက်ပြေးရင်း သွေးတွေ အန်လိုက်တာ ဝတ်ရုံတစ်ခုလုံး ရဲရဲနီနေတာပဲတဲ့။ နတ်ဓားက သူ့ခေါင်းကို ဖြတ်သွားမှာ ကြောက်လို့ နောက်ကိုတောင် လှည့်မကြည့်ရဲဘူးတဲ့ကွ”
“ဘာ... ဘယ်သူမှ မယှဉ်နိုင်ဘူး ထင်နေတာ၊ အခုတော့ ဓားတစ်လက်အောက်မှာ ရှုံးသွားရတာပေါ့။ ဒါဟာ ဝဋ်လည်တာပဲ... ဟားဟား...”
“ဟုတ်တယ်... နောင်ကို သူ ဘယ်လောက်အထိ ထောင်လွှားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”
လောကအနှံ့ရှိ လူအပေါင်းမှာ ထိုအကြောင်းကို အားရပါးရ ဆွေးနွေးနေကြတော့သည်။
ခေါင်းဆောင်ကြီးသည် ထိုသတင်းများကို ကြားသောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။ သူ၏ ဂုဏ်သိက္ခာများမှာ ထိုနတ်ဓားကြောင့် ပျက်စီးသွားခဲ့ပြီဟု သူ ခံစားလိုက်ရသည်။
သူသည် အံကို ကြိတ်ကာ “ဒီအငြိုးကို ငါ တစ်နေ့ ပြန်ဆပ်မယ်” ဟု ဆိုလိုက်သော်လည်း လတ်တလောတွင်မူ လိပ်တစ်ကောင်ကဲ့သို့ အောင့်အီးကာ ငြိမ်ကုပ်နေလိုက်တော့သည်။
ဤဖြစ်ရပ်ကြောင့် မဟာရှအတွက် သိသာသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။ သူတို့၏ ဂုဏ်သတင်းမှာ အရှိန်အဝါ မြင့်တက်လာခဲ့လေပြီ ဖြစ်သည်။
တစ်လောကလုံး ထိုမိစ္ဆာကြီး၏ အရိပ်မည်းအောက်တွင် စိုးရိမ်ထိတ်လန့်နေရချိန်၌ မဟာရှအင်ပါယာ တစ်ခုတည်းကသာ ထိုမိစ္ဆာကို နတ်ဓားဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သဖြင့် ပုန်းအောင်းနေကြသော ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ မျှော်လင့်ချက် ရရှိသွားကြသည်။ တစ်သက်လုံး ပုန်းအောင်းနေမည့်အစား မဟာရှသို့ သွားရောက် ခိုလှုံကြရန် ဆုံးဖြတ်လိုက်ကြသည်။ အနည်းဆုံးတော့ လူလိုသူလို နေထိုင်နိုင်မည် မဟုတ်ပါလား။
ထိုအချိန်တွင် လင်းပိုင်ဖန်မှာ ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးနှင့် တွေ့ဆုံနေလေသည်။
ထိုသူနှစ်ဦးမှာ တင်ရှန်းနှင့် တင်ဟယ်ဟု အမည်ရသော ညီအစ်ကိုနှစ်ဦး ဖြစ်သည်။ သူတို့သည် အတူတူရှိတာ ကြာပြီဖြစ်သဖြင့် အပေးအယူ အလွန်မျှကာ ပူးပေါင်းတိုက်ကွက်များတွင် ကျွမ်းကျင်ကြသည်။ သာမန် ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ သူတို့၏ ပြိုင်ဘက် မဟုတ်ပေ။
မူလက သူတို့၏ ခွန်အားဖြင့် မည်သည့်နေရာသို့သွားသည်ဖြစ်စေ လိုချင်တာကို ရနိုင်စွမ်း ရှိကြသည်။ သို့သော် ဝတ်ရုံစိမ်းမျှော်စင်၏ ဖြစ်ရပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လင်းပိုင်ဖန်ထံသို့ လာရောက် ပူးပေါင်းကြခြင်း ဖြစ်သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ညီအစ်ကိုနှစ်ယောက်ဟာ မူလကတော့ ငှက်သဖွယ် လွတ်လပ်စွာ နေခဲ့ကြတာပါ။ အာဏာနဲ့ စည်းစိမ်ကို မမက်မောဘဲ အေးဆေးစွာ နေထိုင်ခဲ့ကြပေမဲ့ အဲဒီမိစ္ဆာကြီးက သိပ်ကို ရက်စက်လွန်းလှပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ရန်ရှာနေတာကြောင့် အရှင်မင်းကြီးဆီမှာ လာရောက် ခိုလှုံရတာပါ... ကျွန်တော်မျိုးတို့ကို လက်ခံပေးပါ” ဟု အစ်ကိုဖြစ်သူ တင်ရှန်းက တည်ငြိမ်စွာ ဆိုလိုက်ရာ ညီဖြစ်သူ တင်ဟယ်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
ဘေးကင်းလုံခြုံရေးအတွက် လာရောက်ခြင်း ဖြစ်သော်လည်း မဟာရှ၏ တိုးတက်မှုမှာ အင်ပါယာကြီး လေးခုကိုပင် မီတော့မည့် အခြေအနေ ဖြစ်သည်။ လူအင်အား လိုအပ်နေချိန်တွင် လာရောက် ပူးပေါင်းထားမှသာ နောင်တစ်ချိန်တွင် နေရာကောင်း ရနိုင်မည်ကိုလည်း သူတို့ တွေးထားကြသည်။
လင်းပိုင်ဖန်က ရယ်မောကာ “အကြောင်းပြချက် တစ်ခုခုကြောင့် ဖြစ်ပေမဲ့လည်း သင်တို့ ညီအစ်ကိုနှစ်ယောက် ငါကိုယ်တော်အတွက် အမှုထမ်းပေးမယ်ဆိုတာကို အလွန် ဝမ်းမြောက်မိပါတယ်။ ဒီနေ့ကစပြီး သင်တို့နှစ်ယောက်ဟာ ငါ့ရဲ့ အရာရှိတွေပဲ” ဟု ဆိုလိုက်သည်။
ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးမှာ ဝမ်းသာအားရဖြင့် “အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်” ဟု ပြိုင်တူ ဆိုလိုက်ကြသည်။
“ဒင်!... ကစားသမား၏ နိုင်ငံတော်အင်အား မြင့်တက်လာခြင်းကြောင့် သင်၏ ခွန်အားများလည်း လိုက်ပါ မြင့်တက်လာပြီး ဆုလာဘ်အဖြစ် ‘ခရမ်းရောင် နတ်မျက်စိ’ကို ရရှိခဲ့သည်”
‘ခရမ်းရောင် နတ်မျက်စိ’ သည် မျက်လုံးကျင့်စဉ် ဖြစ်ပြီး ‘ကျယ်ပြန့်စွာ ကြည့်မြင်ခြင်း’၊ ‘အသေးစိတ် ကြည့်မြင်ခြင်း’၊ ‘မုန်ညင်းစေ့ကို မြင်နိုင်ခြင်း’ နှင့် ‘စကြာဝဠာ တစ်ခုလုံးကို သိမြင်ခြင်း’ ဟူ၍ အဆင့် လေးဆင့် ရှိသည်။ ၎င်းသည် အဝေးက အရာများကို မြင်နိုင်စွမ်း၊ အသေးငယ်ဆုံးအရာများကို စစ်ဆေးနိုင်စွမ်းနှင့် ရန်သူကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်စွမ်းကို ပေးစွမ်းနိုင်သည်။
လင်းပိုင်ဖန်သည် ထိုအစွမ်းကို လျင်မြန်စွာ သင်ယူလိုက်ရာ ချက်ချင်းပင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။
ယခုဆိုလျှင် သူ၏ မျက်လုံးများမှာ ဒဏ္ဍာရီထဲမှ နတ်ဘုရားမျက်စိများကဲ့သို့ ထူးခြားသော အစွမ်းများ ရှိလာခဲ့ပြီ ဖြစ်သည်။ မိုင်ပေါင်း ထောင်ချီကို မြင်နိုင်ရုံသာမက အနုကြည့်မှန်ပြောင်းကဲ့သို့လည်း သုံးနိုင်သည်။ ထို့ပြင် ရန်သူကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများလည်း ပေးနိုင်စွမ်း ရှိလာသည်။
“ဒီစွမ်းရည်က မဆိုးဘူးပဲ” လင်းပိုင်ဖန်မှာ အလွန်ပင် ကျေနပ်သွားသည်။
မိမိကို ဤကဲ့သို့ အစွမ်းထက်သော စွမ်းရည်ရအောင် ဖော်ဆောင်ပေးခဲ့သည့် ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးကို ကြည့်ရင်း သူသည် လက်ခုပ်တစ်ချက် တီးလိုက်ရာ တစ်စုံတစ်ယောက်က ပစ္စည်းအချို့ကို ယူဆောင်လာသည်။
ထိုကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးမှာ အသိအမြင်ကြွယ်ဝသူများ ဖြစ်ကြသော်လည်း ရှေ့မှ ပစ္စည်းများကို မြင်သောအခါ အံ့ဩသွားကြသည်။
“ဒါ... ဒါက လူတစ်ယောက်ကို အသက်ပြန်ရှင်စေနိုင်တဲ့ ‘မသေမျိုးဆေးလုံး’ ပါလား”
“ဒါကတော့ ကျင့်စဉ်ဖောက်ပြန်ပြီး ရူးသွပ်တာကို ကာကွယ်ပေးတဲ့ ‘တည်ငြိမ်နှလုံးသားဆေးလုံး’ ပဲ”
“ဒါက နှစ်ပေါင်းတစ်ထောင် အအေးဓာတ်ရှိတဲ့ ‘အေးခဲသံ’ ပဲ... ဒါကို လက်နက်ထဲ ထည့်သွင်းလိုက်ရင် ပိုပြီး ခိုင်ခံ့သွားမှာ သေချာတယ်”
လင်းပိုင်ဖန်က ရယ်မောလျက် “ဒါတွေက ပထမဆုံး တွေ့ဆုံခြင်းအတွက် ငါကိုယ်တော်ရဲ့ လက်ဆောင်တွေပါ။ မငြင်းဘဲ လက်ခံပေးကြပါ”
“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့က ဘယ်လိုလုပ် ငြင်းဝံ့ပါ့မလဲ။ သိပ်ကို ဝမ်းသာလှပါတယ်” ညီအစ်ကိုနှစ်ဦးမှာ ပါးစပ်ကို မစိနိုင်အောင်ပင် ပျော်ရွှင်သွားကြတော့သည်။
သူတို့၏ စိတ်ထဲတွင်လည်း ‘မဟာရှကို လာခဲ့တာ တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ’ ဟု တွေးတောနေကြသည်။