← Chapters

အခန်း (၅၃၉-၅၄၀)

Vol. 50 Ch. 539-540

အခန်း (၅၃၉-၅၄၀)

Vol. 50 Ch. 539-540

အပိုင်း (၅၃၉)

ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးသာမက ချီဖွဲ့တည်ခြင်းအဆင့် တစ်ဒါဇင်ကျော်မှာလည်း မဟာရှသို့ လာရောက်ပူးပေါင်းခဲ့ကြရာ မဟာရှ အင်ပါယာ၏ အင်အားမှာ ပိုမိုတောင့်တင်းလာခဲ့သည်။

လင်းပိုင်ဖန်မှာ စိတ်ထဲတွင် တိတ်တဆိတ် ကျေနပ်မိသွားသည်။

"ဒီအကွက်က တကယ်ကို မှန်သွားတာပဲ"

‌‌ဘေးဒုက္ခ ဆိုက်ရောက်ချိန်မှသာ ထိုအစွမ်းထက်သူများကို လက်အောက်ခံဖြစ်လာအောင် ဖိအားပေးနိုင်ပြီး မဟာရှအတွက်လည်း အရှိန်အဝါ မြင့်တက်လာမည့် အခွင့်အရေး ရရှိမည် မဟုတ်ပါလား။

ထိုအချိန်တွင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာ ဆယ်ရက်ကျော်ကြာ ဆေးကုသပြီးနောက် ဒဏ်ရာများ သက်သာလာကာ လောကအလယ်သို့ တစ်ကျော့ပြန် ထွက်ပေါ်လာတော့သည်။

သူသည် မဟာရှနယ်မြေသို့ ထပ်မံမလာဝံ့တော့သော်လည်း အခြားနေရာများသို့မူ သွားရောက်နိုင်စွမ်း ရှိနေသေးသည်။

ယခုအခါတွင် ကောင်းကင်အဆင့် သိုင်းပညာရှင် အများစုမှာ ပုန်းအောင်းနေကြလေပြီ ဖြစ်သည်။ မဟာရှမှ သိုင်းပညာရှင်များအပြင် လူမြင်ကွင်းသို့ ထွက်ဝံ့သူများမှာ ထိပ်တန်းအင်အားကြီး အဖွဲ့အစည်း ခုနစ်ခုမှ သိုင်းပညာရှင်များသာ ရှိတော့သည်။ သို့သော် သူတို့မှာလည်း မိမိတို့၏ နယ်မြေအတွင်းသာ နေဝံ့ကြပြီး အပြင်သို့ မထွက်ရဲကြပေ။

ထို့ကြောင့် ခေါင်းဆောင်ကြီးအနေဖြင့် ပိုမိုအစွမ်းထက်လာစေရန်အတွက် ထိုသူများကိုသာ ပစ်မှတ်ထားရတော့မည် ဖြစ်သည်။

ထိုနေ့တွင် သူသည် မဟာဝူအင်ပါယာကို တိုက်ခိုက်ခဲ့သည်။ မဟာဝူအင်ပါယာ၏ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်မှာ အစွမ်းကုန် ခုခံခဲ့သော်လည်း ခေါင်းဆောင်ကြီးကို မယှဉ်နိုင်ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ သူသည် မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးမည့် နည်းလမ်းကို သုံးကာ အတင်းအကျပ် ခုခံခဲ့သဖြင့်သာ ခေါင်းဆောင်ကြီး ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုဖြစ်ရပ်ကြောင့် မဟာဝူအင်ပါယာ၏ မြို့တော်တစ်ခုလုံး နီးပါး ပျက်စီးသွားပြီး လူအမြောက်အမြား သေကျေပျက်စီးကာ နိုင်ငံတော်အင်အားလည်း အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့သည်။

မဟာဝူအင်ပါယာပြီးနောက် ခေါင်းဆောင်ကြီးသည် အခြား ထိပ်တန်းအင်ပါယာတစ်ခုဖြစ်သည့် မဟာဟန်အင်ပါယာကို ဆက်လက်တိုက်ခိုက်ပြန်သည်။ မဟာဟန်၏ သိုင်းပညာရှင်ကြီးမှာလည်း အစွမ်းကုန် ခုခံခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ကာ မိမိကိုယ်ကို ဖောက်ခွဲမည့် နည်းလမ်းဖြင့်ပင် ခေါင်းဆောင်ကြီးကို ခြောက်လှန့် မောင်းထုတ်ခဲ့ရသည်။ ဤဘေးဒုက္ခကြောင့် မဟာဟန်အင်ပါယာမှာလည်း ဆုံးရှုံးမှု ကြီးမားခဲ့ပြီး အင်အားချည့်နဲ့သွားခဲ့သည်။

ထို့နောက်တွင် မဟာယွမ်နှင့် မဟာချင်း အင်ပါယာများမှာလည်း ခေါင်းဆောင်ကြီး၏ လက်အောက်တွင် အရှုံးပေးခဲ့ရပြီး ကြီးမားသော ပေးဆပ်မှုများဖြင့်သာ အသက်ဆက်ခဲ့ရသည်။

ဆက်လက်၍ တာအိုဂိုဏ်း၏ အလှည့် ရောက်လာလေသည်။ တာအိုဂိုဏ်း၏ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်မှာ အတော်အတန် အစွမ်းထက်သူ ဖြစ်သည်။ သူသည် နတ်လက်နက်ကို ကိုင်စွဲကာ ခေါင်းဆောင်ကြီးနှင့် တစ်နေ့တစ်ညတိုင် တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် နတ်လက်နက် နှစ်ခုကို စတေးလိုက်ရမှသာ ခေါင်းဆောင်ကြီးကို မောင်းထုတ်နိုင်ခဲ့သည်။

တစ်လမပြည့်မီအချိန်အတွင်းမှာပင် ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးသည် အင်အားကြီး အဖွဲ့အစည်း ငါးခုကို တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သည်။ ထိပ်တန်းအင်ပါယာ လေးခုမှာ အခြေအနေမပျက်အောင် အသည်းအသန် ကြိုးစားခဲ့ရပြီး တာအိုဂိုဏ်းမှာလည်း အထိနာခဲ့ရသည်။ ယခင်က ဗုဒ္ဓဂိုဏ်းမှာလည်း... ဆိုဖွယ်ရာ မရှိတော့ပေ။

တစ်လောကလုံးမှာ ကြောက်စိတ်များဖြင့် ထုံထိုင်းနေကြတော့သည်။

“သူက ထိပ်တန်းအင်အားကြီး ခြောက်ခုလုံးကို တိုက်ခိုက်ပြီး အနိုင်ယူခဲ့တာပဲ။ ဒီလောကမှာ ဘယ်သူကများ ဒီမိစ္ဆာကြီးကို ယှဉ်နိုင်ဦးမှာလဲ”

“မကြောက်ပါနဲ့... မဟာရှ ရှိသေးတာပဲလေ။ မဟာရှရဲ့ နိုင်ငံစောင့်နတ်ဓား ရှိသေးတယ်”

“နတ်ဓားက ဘယ်လောက်ပဲ စွမ်းစွမ်း လက်နက်တစ်ခုပဲလေ။ မိစ္ဆာကြီးရဲ့ ခွန်အားက ဆက်တိုက် တိုးတက်နေတာ၊ ဓားကရော တိုးတက်နိုင်လို့လား”

“အဲဒီဓားရဲ့ ကန့်သတ်ချက်တွေက သိပ်ကြီးတယ်။ မဟာရှဧကရာဇ် တစ်ဦးတည်းရဲ့ အမိန့်ကိုပဲ နားထောင်ပြီး တခြားသူ ဘယ်သူမှ ကိုင်လို့မရဘူးလို့ ပြောကြတယ်။ ဓားက အသိဉာဏ်ရှိတယ် ဆိုပေမဲ့ လူမှမဟုတ်တာ၊ ကောက်ကျစ်တဲ့ မိစ္ဆာကြီးကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ မိစ္ဆာကို နှိမ်နင်းဖို့ဆိုရင် လူသားရဲ့ ခွန်အားကိုပဲ အားကိုးရလိမ့်မယ်”

“အခုဆိုရင် မိစ္ဆာဂိုဏ်းတစ်ခုပဲ ကျန်တော့တယ်။ သူတို့ကော တောင့်ခံနိုင်ပါ့မလား မသိဘူး”

ထိုအချိန်တွင် မိစ္ဆာဂိုဏ်း၏ ဌာနချုပ်၌ -

မိစ္ဆာဂိုဏ်းဝင်အားလုံး စိုးရိမ်တကြီးဖြင့် စုဝေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝတ်ရုံစိမ်းမျှော်စင်မှ ခေါင်းဆောင်ကြီးသည် ထိပ်တန်းအင်အားကြီး အဖွဲ့အစည်း ခြောက်ခုကို အနိုင်ယူခဲ့သည်ကို သူတို့ သိထားသောကြောင့် ဖြစ်သည်။

ယခုအခါတွင် မိစ္ဆာဂိုဏ်းတစ်ခုသာ ကျန်ရှိတော့သဖြင့် ပိုမိုအစွမ်းထက်လိုသော ထိုသူသည် ဧကန်အမှန် ရောက်လာမည်မှာ သေချာနေသည်။ ထို့ကြောင့် သူတို့သည် အချိန်မရွေး တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။

မိစ္ဆာဂိုဏ်း၏ မဟာကောင်းကင်အဆင့် ပညာရှင်ကြီး လီထျန်းချန်းသည် ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး ဂိုဏ်းချုပ် ဇီလျိုလီ၏ အစီရင်ခံစာများကို နားထောင်နေသည်။

“ဆရာ... ကျွန်မတို့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်အားလုံးကို ပြန်ခေါ်ထားပါတယ်။ အကယ်၍ တစ်ခုခုဖြစ်လာရင် သူတို့တွေ ချက်ချင်း လူစုခွဲနိုင်မှာဖြစ်လို့ မိစ္ဆာကြီးက အခွင့်အရေး ရမှာမဟုတ်ပါဘူး။ ဒီနည်းနဲ့ ကျွန်မတို့ မိစ္ဆာဂိုဏ်းရဲ့ အမွေအနှစ်ကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်”

“အဆင့်မြင့်သိုင်းသမားတွေနဲ့ တခြားသိုင်းပညာရှင်တွေကိုတော့ ဌာနခွဲအသီးသီးမှာ ပုန်းအောင်းခိုင်းထားပါတယ်။ မဟာရှမှာ ပုံမှန်လည်ပတ်နေတာတွေကလွဲရင် တခြားလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားပါတယ်။ ဒီမုန်တိုင်း ပြီးသွားမှပဲ ပုံမှန်အတိုင်း ပြန်လုပ်ပါတော့မယ်”

လီထျန်းချန်းက ခေါင်းညိတ်ကာ “ကောင်းပြီ” ဟု ဆိုလိုက်သည်။

ခေတ္တစဉ်းစားပြီးနောက် သူက မေးလိုက်သည် - “ယောင်ယောင်ကော ဘယ်မှာလဲ”

“ယောင်ယောင်က အခု မဟာရှမှာ ရှိနေပါတယ် ဆရာ”

လီထျန်းချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ မိစ္ဆာဂိုဏ်း တစ်ခုခုဖြစ်ခဲ့လျှင်ပင် ယောင်ယောင် ရှိနေသေးသရွေ့ မိစ္ဆာဂိုဏ်း၏ အမွေအနှစ်မှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

အရာအားလုံး ပြင်ဆင်ပြီးသောအခါ အားလုံးမှာ အသက်ရှူသံပင် မထွက်ရဲဘဲ စောင့်ဆိုင်းနေကြသည်။ လီထျန်းချန်းသည် ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။

မိစ္ဆာဂိုဏ်း၏ အထူးချွန်ဆုံး သိုင်းပညာရှင်များ ဝိုင်းရံထားသော်လည်း သူသည် စိတ်ထဲတွင် မအေးမချမ်း ဖြစ်နေဆဲပင်။ သူ၏ လက်ထဲရှိ ဓားမြှောင်တစ်လက်နှင့် တူသော ဓားတိုလေးကသာ သူ့ကို လုံခြုံမှု အနည်းငယ် ပေးနိုင်သည်။

ယခင်က ရွှမ်ရှောင်နတ်ဓားသည် ခေါင်းဆောင်ကြီးကို အနိုင်ယူခဲ့သည်ဟု သူ ကြားသိထားလေသည်။ ထိုလုပ်ရပ်မှာ နတ်ဓားအလိုအလျောက် လှုပ်ရှားခြင်း မဟုတ်ဘဲ နောက်ကွယ်မှ စီနီယာတစ်ဦးက နတ်ဓားကို ထိန်းချုပ်ကာ အနိုင်ယူခဲ့ခြင်းဖြစ်မည်ဟု သူ သံသယရှိနေသည်။

အကယ်၍ ထိုစီနီယာကသာ ထိုမိစ္ဆာကို အနိုင်ယူနိုင်ပါက သူတို့နှစ်ဦး၏ အစွမ်းကို ပေါင်းစပ်လိုက်လျှင် မိစ္ဆာဂိုဏ်းကို ကာကွယ်ရန် အခွင့်အရေး ရှိနိုင်ပေမည်။

သူသည် မျက်လုံးမှိတ်ကာ အနားယူနေစဉ် အချိန်အတန်ကြာသော် မျက်လုံးများကို ဖွင့်လိုက်ပြီး - “သူ ရောက်လာပြီ”

လီထျန်းချန်းသည် ဂိုဏ်းသားများကို ဦးဆောင်ကာ နန်းတော်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ဝတ်ရုံနက်ကို ဝတ်ဆင်ကာ တစ္ဆေမျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦးသည် လှေကားထစ်များအတိုင်း တစ်လှမ်းချင်း တက်လာနေသည်။

သူသည် တစ်ကိုယ်တည်း ဖြစ်သော်လည်း ကမ္ဘာတစ်ခုလုံးကို ပခုံးပေါ်တွင် ထမ်းထားသကဲ့သို့ ပြင်းထန်သော အရှိန်အဝါများဖြင့် တိုးဝင်လာနေသည်။

မိစ္ဆာဂိုဏ်းသားများမှာ ထိုအရှိန်အဝါကြောင့် ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။ ၎င်းမှာ အင်အားကြီး အဖွဲ့အစည်း ခြောက်ခုကို အနိုင်ယူပြီးနောက် ရရှိလာသော “ပြိုင်ဘက်ကင်း အရှိန်အဝါ” ပင် ဖြစ်ချေသည်။ ထိုအရှိန်အဝါအောက်တွင် သူ၏ ခွန်အားမှာ သုံးပုံတစ်ပုံခန့် ပိုမိုမြင့်တက်နေလေသည်။

အပိုင်း (၅၄၀)

“မင်း ရောက်လာပြီပေါ့” လီထျန်းချန်းက ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“ဟုတ်တယ်၊ ငါ ရောက်လာပြီ”

ခေါင်းဆောင်ကြီးသည် လီထျန်းချန်း၏ ရှေ့ ပေ ၅၀ အကွာတွင် ရပ်တန့်လိုက်ပြီး -

“မူလကတော့ ငါမလာချင်ခဲ့ဘူး။ ငါတို့က မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေကြသူတွေဖြစ်လို့ သစ်ပင်တစ်ပင်တည်းက ဆင်းသက်လာတဲ့ သစ်ကိုင်းတွေလိုပဲ တစ်ဦးကိုတစ်ဦး ကူညီရမှာ၊ အချင်းချင်း တိုက်ခိုက်နေရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကံကြမ္မာက ငါတို့ကို ကျီစယ်နေခဲ့တယ်... ဘာပဲဖြစ်ဖြစ် မင်းတို့က ငါ့ဆီမှာ ဒူးထောက်အညံ့ခံမယ်ဆိုရင်တော့ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါ အသင့်ရှိနေတယ်”

“ဟန်ဆောင်ပြီး ကြင်နာပြမနေနဲ့”

လီထျန်းချန်းက နှာခေါင်းရှုံ့လိုက်ပြီး “မင်းက တခြားသူတွေရဲ့ စွမ်းအားကို စုပ်ယူပြီး အစွမ်းထက်လာတဲ့ မိစ္ဆာပဲ။ ငါတို့ကို ဘယ်လိုလုပ် အသက်ချမ်းသာပေးမှာလဲ။ ငါတို့ကြားမှာ ပြန်လည်သင့်မြတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

“ငါ အမှန်အတိုင်း ပြောနေတာပါ”

ခေါင်းဆောင်ကြီးသည် ဝေးကွာသော တောင်ထိပ်ဆီသို့ မျှော်ကြည့်ရင်း အထီးကျန်ဆန်သော လေသံဖြင့် ဆိုလိုက်သည်။ “စကားပုံတစ်ခု ရှိတယ်မဟုတ်လား... ‘အထွတါအထိပ်မှာ ရှိနေရတာ အထီးကျန်လှတယ်’ တဲ့။ ငါက အခုဆိုရင် ပြိုင်ဘက်ကင်းတဲ့ နယ်ပယ်ကို ရောက်နေပြီ။ မဟာကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ်ဆိုတာတောင် ငါ့လက်တစ်ကမ်းမှာပဲ ရှိတော့တယ်”

“ဒါပေမဲ့ အဲဒီထက်ပိုတဲ့ ငါ့ရဲ့ နောက်ထပ်ဆန္ဒတစ်ခုက ‘ဝတ်ရုံစိမ်းမျှော်စင်’ ကို ပြန်လည်တည်ထောင်ဖို့ပဲ။ မိစ္ဆာဂိုဏ်းကသာ ငါ့ရဲ့ ဝတ်ရုံစိမ်းမျှော်စင်အောက်မှာ အညံ့ခံပြီး ငါ့အတွက် အလုပ်အကျွေးပြုမယ်ဆိုရင် မင်းတို့ အသက်ရှင်ခွင့် ရလိမ့်မယ်”

“ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းတို့လည်း ပိုမြင့်တဲ့ အဆင့်တွေကို တက်လှမ်းနိုင်မယ်၊ ပိုကျယ်ပြန့်တဲ့ လောကကြီးကို မြင်တွေ့ရမယ်၊ တစ်ကမ္ဘာလုံးကိုတောင် စိုးမိုးခွင့်ရဦးမယ်။ မင်း၊ လီထျန်းချန်းကတော့ ငါ့ရဲ့ ဝတ်ရုံစိမ်းမျှော်စင်မှာ ငါပြီးရင် အာဏာအရှိဆုံး ‘ဒုတိယခေါင်းဆောင်’ ဖြစ်လာမှာပဲ။ ဒါက မကောင်းဘူးလား”

“မဖြစ်နိုင်တာ”

လီထျန်းချန်းက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။ “မိစ္ဆာဂိုဏ်းက နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိခဲ့တာ။ အတက်အကျ အမျိုးမျိုး ကြုံခဲ့ရပေမဲ့ ရှေ့က စီနီယာတွေရဲ့ ကြိုးပမ်းမှုကြောင့် ဘယ်တော့မှ မပြိုလဲခဲ့ဘူး။ ငါ့လက်ထက်ရောက်မှတော့ အဆုံးသတ်သွားမှာ မဟုတ်ဘူး”

“မင်းက တကယ်ကို ခေါင်းမာပြီး မပြောင်းလဲနိုင်တဲ့သူပဲ၊ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ” ဟု ခေါင်းဆောင်ကြီးက မထီမဲ့မြင် ဆိုလိုက်သည်။

“ဒါက ယုံကြည်ချက်လို့ ခေါ်တယ်။ မင်းလို လူယုတ်မာမျိုး ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ နောက်ပြီးတော့...”

လီထျန်းချန်းက ခနဲ့တဲ့တဲ့ အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။ “မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ် ဟုတ်လား။ အဲဒါဆိုရင် ဘယ်သူများလဲ... ဓားတစ်လက်နောက်ကနေ လိုက်လို့ ပြေးခဲ့ရတာ။ ငါ မင်းကို ပြန်သတိပေးဖို့ လိုဦးမလား”

“ဟုတ်ပ၊ ဘယ်သူပါလိမ့်... ဓားတစ်လက် လိုက်လို့ ပြေးခဲ့ရတာ”

“ငါကြားတာတော့ တစ်ယောက်ယောက်က မိုင်ပေါင်း ထောင်ချီအောင် ပြေးရလို့ သွေးတွေတောင် အန်နေတယ်ဆိုပဲ။ တကယ်ကို ရယ်ရတယ်”

“ဒီအကြောင်းကို ငါ တစ်သက်လုံး ပြောပြီး ရယ်နေရတော့မယ်”

မိစ္ဆာဂိုဏ်းသားများက ဝိုင်းဝန်းရယ်မောကြတော့သည်။

ခေါင်းဆောင်ကြီး၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့သည်။

၎င်းမှာ သူ ဘယ်သောအခါမှ ပြန်မတွေးချင်သော အရှက်ရဖွယ် အမှတ်တရဖြစ်ပြီး ယခုမူ သူ့မျက်မှောက်၌ပင် လှောင်ပြောင်ခြင်း ခံနေရသည်။

“ပါးစပ်ပိတ်ထားကြစမ်း။ မင်းတို့က ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့” ခေါင်းဆောင်ကြီးသည် ဟိန်းဟောက်လိုက်ပြီး ပြင်းထန်သော အရှိန်အဝါများဖြင့် ရှေ့သို့ တိုးဝင်လာလေသည်။

“မင်းတို့အားလုံး နောက်ဆုတ်နေကြ။ ဒီနေ့တော့ ဒီမိစ္ဆာကို ကောင်းကင်ဘုံကိုယ်စား ငါကိုယ်တိုင် နှိမ်နင်းပြမယ်” လီထျန်းချန်းသည်လည်း ထိပ်တိုက်ရင်ဆိုင်ရန် ရှေ့သို့ တက်လာခဲ့သည်။

သူတို့နှစ်ဦးသည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အကွက်ပေါင်း ရာချီအောင် အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

မြေပြင်များ တုန်ခါကာ တောင်တန်းများ ပြိုကျကုန်ပြီး မိစ္ဆာဂိုဏ်း ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခဏချင်းအတွင်း ပြောင်းလဲသွားခဲ့သည်။

တိုက်ခိုက်ရင်းနှင့် လီထျန်းချန်း သဘောပေါက်လာသည်မှာ ဤမိစ္ဆာသည် တကယ်ပင် အစွမ်းထက်လှပြီး သူသည် မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိပေ။

အကွက်ပေါင်း ၂၀၀၀ ခန့်အကြာတွင် သူသည် အထိနာတော့မည် ဖြစ်သည်။

ထို့ကြောင့် သူသည် ဝေခွဲမနေတော့ဘဲ မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာရှိ ‘လင်းပိုင်ဖန်’ ထံသို့ ‘ရွှမ်ရှောင်ဓား’ မှတစ်ဆင့် ချက်ချင်း ဆက်သွယ်လိုက်လေသည်။

မဟာရှ အင်ပါယာ၏ နန်းတော်အတွင်း၌ -

လင်းပိုင်ဖန်သည် မိမိဘေးနားရှိ အနည်းငယ် တုန်ခါနေသော ရွှမ်ရှောင်နတ်ဓားကို ကြည့်ကာ “အင်း... မိစ္ဆာကြီးက မိစ္ဆာဂိုဏ်းကို စပြီး တိုက်ခိုက်နေပြီ ထင်တယ်” ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူက လက်ကို ဝေ့ယမ်းလိုက်ရာ နတ်ဓားသည် သူ၏ လက်ထဲသို့ ကျရောက်လာသည်။

ထို့နောက် သူ၏ စွမ်းအားများကို နတ်ဓားမှတစ်ဆင့် လီထျန်းချန်းထံသို့ ပို့လွှတ်လိုက်တော့သည်။

“ဒီစွမ်းအားက... တကယ်ကို ကြီးမားတာပဲ”

လီထျန်းချန်းသည် ရွှမ်ရှောင်ဓားမြှောင်မှ စီးဆင်းလာသော စွမ်းအားကို ခံစားလိုက်ရပြီး အတိုင်းမသိ ဝမ်းသာသွားသည်။

ဤစွမ်းအားသည် သူ၏ ကိုယ်ပိုင်စွမ်းအားထက် နှစ်ဆမက ပိုမိုကြီးမားသည်။

ဤစွမ်းအားနှင့် သူ၏ ကိုယ်ပိုင်စွမ်းအားကို ပေါင်းစပ်လိုက်လျှင် ရှေ့က မိစ္ဆာကို အနိုင်ယူနိုင်မည်ဟု သူ အပြည့်အဝ ယုံကြည်သွားသည်။

“မိစ္ဆာကြီး... မင်းရဲ့ နောက်ဆုံးအချိန် ရောက်ပြီ” လီထျန်းချန်းသည် ရွှမ်ရှောင်ဓားမြှောင်ကို မြှောက်ကာ အစွမ်းကုန် လွှဲယမ်းလိုက်သည်။

အတောင် ပေ ၈၀၀ ခန့် ရှည်လျားသော ‘ဓားချီ’တန်းကြီးသည် လေထုကို ဖြတ်သန်းကာ ထွက်ပေါ်လာတော့သည်။

“သောက်ချီး….” ခေါင်းဆောင်ကြီးမှာ ဆွံ့အသွားခဲ့သည်။

ခုနကလေးတင်ကမှ သူ့အောက်မှာ ဖိနှိပ်ခံနေရတဲ့ လီထျန်းချန်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် ခွန်အားကြီးသွားရတာလဲ။

သူ ဆေးများ မှားသောက်ထားတာများလား။

စဉ်းစားနေဖို့ အချိန်မရှိသဖြင့် ၎င်းဓားချီတန်းကို အမြန်ပင် ရှောင်တိမ်းလိုက်ရသည်။

“ဝုန်း...!!”

သူ့နောက်က တောင်တစ်လုံးမှာ ချက်ချင်းပင် မြေပြန့်ဖြစ်သွားတော့သည်။

ခေါင်းဆောင်ကြီး၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ အကယ်၍ ထိုဓားချက်သာ သူ့ကို ထိမှန်သွားခဲ့လျှင် သူသည် သေလျှင်သေ၊ မသေလျှင်လည်း ဒုက္ခိတ ဖြစ်သွားမှာ သေချာနေသည်။

ပထမဓားချက်က မထိမှန်ခဲ့သော်လည်း လီထျန်းချန်းမှာ စိတ်လှုပ်ရှားနေသည်။ ဤဓားချက်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ သူကိုယ်တိုင် ပြန်ရင်ဆိုင်ရမည်ဆိုလျှင်တောင် ဒူးထောက်သွားရမည့် အခြေအနေပင် ဖြစ်သည်။

“မိစ္ဆာကြီး... ငါ့ရဲ့ နောက်ထပ် ဓားတစ်ချက်ကို ခံစားကြည့်စမ်း” လီထျန်းချန်းသည် နောက်ထပ် ကြောက်မက်ဖွယ် ဓားချီတန်းတစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။

“ငါလခွီး... နောက်တစ်ခါလား” ခေါင်းဆောင်ကြီးမှာ ထိတ်လန့်တကြား အမြန်ရှောင်လိုက်ရပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင် သူ၏ တုံ့ပြန်မှုမှာ အနည်းငယ် နောက်ကျသွားသဖြင့် ဓားချီတန်းသည် သူ၏ ဦးခေါင်းမှ ဆံပင်များကို ရိတ်ဖြတ်သွားခဲ့သည်။

အကယ်၍ သူသာ အနည်းငယ်မျှ ထပ်နှေးခဲ့လျှင် သူ့ခေါင်း ပြတ်သွားမှာ သေချာပေသည်။

ခေါင်းဆောင်ကြီးသည် ပြောင်သွားသော သူ၏ ဦးရေပြားကို စမ်းကြည့်ရင်း ချက်ချင်းပင် နောက်သို့ ခုန်ဆုတ်သွားတော့သည်။

လီထျန်းချန်းကမူ စိတ်လှုပ်ရှားစွာဖြင့် နောက်က လိုက်လံတိုက်ခိုက်ရင်း - “မိစ္ဆာကြီး... ဘယ်ကို ပြေးနေတာလဲ။ မိစ္ဆာဂိုဏ်းကို သိမ်းပိုက်ချင်တယ် ဆိုနေပြီးတော့၊ အခု အခွင့်အရေးက မင်းရှေ့မှာပဲလေ၊ ဘာလို့ ပြေးနေတာလဲ။ ပြန်လာခဲ့စမ်း၊ အကွက် ၃၀၀ လောက် ထပ်တိုက်ကြရအောင်”

ပြောပြောဆိုဆိုနှင့်ပင် သူက နောက်ထပ် ဓားတစ်ချက်ကို လွှဲယမ်းလိုက်ပြန်သည်။

“တောက်... နောက်တစ်ခါလား။ မင်း... ဒီကောင်စုတ်” ခေါင်းဆောင်ကြီးသည် ဆဲဆိုရင်းနှင့်ပင် အတင်း ထွက်ပြေးရလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြရာ မိစ္ဆာဂိုဏ်းသားအားလုံးမှာ ကြောင်တောင်တောင်ဖြင့်သာ ကျန်ရစ်ခဲ့ကြလေတော့သည်။

All Chapters