အခန်း (၅၄၅-၅၄၆)
Vol. 50 Ch. 545-546
အပိုင်း (၅၄၅)
"မင်းတို့က မဟာရှမှာ နေထိုင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် မဟာရှရဲ့ ဥပဒေတွေကို လိုက်နာရမယ်။ အပြစ်မဲ့သူတွေကို သတ်ဖြတ်တာ၊ အားနည်းသူတွေကို နှိပ်စက်တာမျိုး လုံးဝ မလုပ်ရဘူး။ တကယ်လို့ ဒါကို ဖောက်ဖျက်တာကို သိရှိခဲ့ရင် ငါကိုယ်တော်က ခွင့်လွှတ်ပေးခဲ့ရင်တောင် ဒီ 'ရွမ်ရှောင်နတ်ဓား' ကတော့ မင်းတို့ကို ချန်ထားမှာ မဟုတ်ဘူး... နားလည်လား"
လင်းပိုင်ဖန်သည် ပြောဆိုရင်း သူ၏ဦးခေါင်းထက်တွင် ဝဲပျံနေသော ရွမ်ရှောင်နတ်ဓားကို လက်ညှိုးညွှန်ပြလိုက်သည်။
ရွမ်ရှောင်နတ်ဓားထံမှ ချွင်ခနဲ အသံ ထွက်ပေါ်လာပြီး မည်သူမျှ ရမ်းကားခြင်း မပြုရန်နှင့် ပြုလုပ်ခဲ့ပါက ညှာတာမည်မဟုတ်ကြောင်း သတိပေးလိုက်လေသည်။
မဟာကောင်းကင်အဆင့် သိုင်းပညာရှင်များကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိသော ရွမ်ရှောင်နတ်ဓားကို ကြည့်ပြီး ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များမှာ တုန်တုန်ရင်ရင်ဖြင့် "အမိန့်တော်အတိုင်း လိုက်နာပါ့မယ် အရှင်မင်းကြီး" ဟု ပြိုင်တူ ဖြေကြားလိုက်ကြသည်။
ပြင်ပလောကတွင်မူ မိစ္ဆာဘုရင်၏ ရမ်းကားမှုကြောင့် အင်အားစုအသီးသီးမှာ ပြိုကွဲပျက်စီးနေသော်လည်း မဟာရှအင်ပါယာမှာမူ အေးချမ်းသာယာလျက် ရှိနေသည်။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ ပုန်းအောင်းနေကြသလို၊ အချို့မှာမူ မဟာရှသို့ သို့မဟုတ် အခြားသော ထိပ်တန်းအင်အားစုများထံသို့ သွားရောက်ခိုလှုံကြသည်။ ဤနှစ်သစ်သည် လူတိုင်းအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အချိန်များသာ ဖြစ်ခဲ့ရသည်။
သို့သော်လည်း ဝတ်ရုံစိမ်းမျှော်စင်၏ ခေါင်းဆောင်ကြီးမှာမူ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ထောင်ပေါင်းများစွာကို ဝါးမျိုခဲ့ပြီးနောက် သူ၏ ခွန်အားမှာ ပိုမိုတိုးတက်လာခဲ့သည်။
"အခုဆိုရင် ငါ့ရဲ့ ခွန်အားက မဟာကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေလောက်ပြီ" ခေါင်းဆောင်ကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ မဟာကောင်းကင် အဆင့်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ဝက်ပင် မပြည့်သေးသော်လည်း ယခုအခါ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခြင်းမှာ နှစ်ပေါင်းရာချီသော ကျင့်ကြံချိန်ကို သက်သာစေခဲ့ခြင်း ဖြစ်သည်။
သူ၏ လက်ချောင်းများနှင့် အရေပြားများကို ကြည့်လိုက်သောအခါ လူငယ်တစ်ဦးကဲ့သို့ပင် ချောမွေ့ နုပျိုနေသည်ကို တွေ့လိုက်ရသည်။ စွမ်းအားအဆီအနှစ်များစွာကို ဝါးမျိုခဲ့သဖြင့် သူ၏ သွေးသားနှင့် ဇီဝစွမ်းအားများ ပြန်လည် နိုးထလာကာ ငယ်ရွယ်နုပျိုသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကိုယ်ခန္ဓာ အခြေအနေဖြင့်ဆိုလျှင် နောက်ထပ် အသက် ၂၀၀ ခန့် ထပ်မံနေထိုင်ရန်မှာ ပြဿနာ မဟုတ်တော့ပေ။
" 'ကောင်းကင်ဝါးမျို မိစ္ဆာကျမ်း' က တကယ်ကို ငါ့အတွက် ကံကောင်းခြင်း လက်ဆောင်ပဲ"
သူ၏အတွင်း၌ စီးဆင်းနေသော ပြင်းထန်လှသည့် စွမ်းအားများကို ခံစားရင်း ခေါင်းဆောင်ကြီးသည် ဗုဒ္ဓဂိုဏ်းဝင်များနှင့် စာရင်းဟောင်း ပြန်ရှင်းနိုင်ပြီဟု တွေးတောမိလိုက်သည်။ ရှောင်လင်ကျောင်းတော်မှ ထိုကတုံးအဖိုးကြီးက သူနှင့်အတူ အသေခံတိုက်ခိုက်သည့် နည်းလမ်းကို သုံးလျှင်တောင် သူကတော့ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။
သို့သော် သူ ရှောင်လင်ကျောင်းတော်သို့ တစ်ကျော့ပြန် တိုက်ခိုက်သောအခါ တစ်ကျောင်းလုံးမှာ လူသူကင်းမဲ့ကာ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ခေါင်းဆောင်ကြီးမှာ ဒေါသထွက်သွားပြီး "တောက်... အကုန်လုံး ထွက်ပြေးသွားကြပြီပဲ" ဟု အော်ဟစ်လိုက်သည်။ သူသည် ဒေါသအဟုန်ဖြင့် ရှောင်လင်ကျောင်းတော် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
ဗုဒ္ဓဂိုဏ်းမှာ မရှိတော့သဖြင့် သူသည် တာအိုဂိုဏ်းသို့ ဦးတည်လိုက်ပြန်သည်။ ထိုနေရာတွင်လည်း တစ်ယောက်မျှ မရှိဘဲ စွန့်ပစ်ခံထားရသော နေရာဟောင်းကြီးကိုသာ တွေ့ခဲ့ရသည်။ ထို့နောက် သူသည် မဟာဝူအင်ပါယာ၊ မဟာဟန်အင်ပါယာ၊ မဟာယွမ်အင်ပါယာနှင့် မဟာချင်အင်ပါယာများသို့ ဆက်တိုက် သွားရောက်ခဲ့သော်လည်း အရာရှိကြီးများနှင့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များအားလုံး ထွက်ပြေးကုန်ကြပြီး တိုင်းပြည်၏ ယန္တရားကို အနိုင်နိုင် လည်ပတ်နေရသည်များကိုသာ တွေ့ရှိခဲ့ရသည်။
ဒေါသထွက်လာသော ခေါင်းဆောင်ကြီးသည် ထိုနိုင်ငံများ၏ မြို့တော်များနှင့် ဌာနချုပ်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်ရာ နိုင်ငံများမှာလည်း ချက်ချင်းပင် ပျက်စီးသွားရတော့သည်။ ယခုအခါ မဟာရှအင်ပါယာနှင့် မိစ္ဆာဂိုဏ်းတို့သာ ကျန်ရှိတော့သည်။
သို့သော် ခေါင်းဆောင်ကြီးမှာ ထိုအင်အားစုများကိုတော့ သတိထားနေပြီး ရမ်းရမ်းကားကား မလုပ်ရဲသေးပေ။ "ငါ့ရဲ့ ကျင့်စဉ်က အထွတ်အထိပ်ကို ရောက်တဲ့နေ့မှ မင်းတို့နဲ့ အပြတ် စာရင်းရှင်းမယ်" ဟု ကြုံးဝါးလိုက်သည်။ လောလောဆယ်တွင် သူသည် တိတ်တဆိတ်သာ နေထိုင်ပြီး ပြန့်ကျဲနေသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကို လိုက်လံဖမ်းဆီးကာ စွမ်းအားများကို ဝါးမျိုရန်သာ အာရုံစိုက်လိုက်သည်။
ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ ထိပ်တန်းအင်အားစုကြီး ၇ ခုမှ လူများသည် မဟာရှအင်ပါယာသို့ တိတ်တဆိတ် ရောက်ရှိလာကြသည်။ အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ လူစုံတက်စုံ စုမိသွားကြပြီးနောက် သူတို့၏ ဆင်းရဲဒုက္ခများကို ရင်ဖွင့်ကြလေတော့သည်။
"တစ်ချိန်က အမြင့်ဆုံးမှာ နေခဲ့ရတဲ့ ငါတို့တွေက အခုတော့ လမ်းဖြတ်ကူးနေရတဲ့ ကြွက်တွေလို ဖြစ်နေရပြီလို့ ဘယ်သူ ထင်မှာလဲ။ အခုရက်ပိုင်း ငါ ဘယ်လို နေနေရတယ်ဆိုတာ မင်းတို့ သိမှာ မဟုတ်ဘူး။ အပြင်ထွက်တိုင်း သူခိုးတစ်ယောက်လို ဘေးဘယ်ညာကို ကြည့်ပြီး အမြဲ သတိထားနေရတယ်၊ အဲဒီမိစ္ဆာက ငါ့ကို ပစ်မှတ်ထားမှာကို သေမင်းလို ကြောက်နေရတာ" ဟု မဟာဟန်အင်ပါယာမှ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးက ညည်းတွားလိုက်သည်။
“ဟုတ်ပကွာ။ အရင်ကဆို အပြင်ထွက်တာနဲ့ အားလုံးက ဝိုင်းဝန်းလေးစားခဲ့ကြတာ။ အခုတော့ ဘယ်သူမှ မသိအောင် မျက်နှာကိုတောင် အဝတ်နဲ့ စည်းထားချင်တယ်" ဟု မဟာချင်အင်ပါယာမှ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကလည်း သက်ပြင်းချရင်း ဆိုလိုက်သည်။
"ငါ အမှန်အတိုင်း ပြောမယ်... ပြီးခဲ့တဲ့ နှစ်လလုံးလုံး ငါ ကောင်းကောင်း အိပ်မရခဲ့ဘူး။ ညဘက် အသံလေး နည်းနည်းကြားတာနဲ့ လန့်နိုးနေတာ။ တကယ်လို့ မဟာရှမှာသာ လာမခိုလှုံရရင် ငါ့မိသားစုကို ခေါ်ပြီး တောထဲမှာ သွားပုန်းနေမိမှာ"
"ဒီမိစ္ဆာ ရှိနေသရွေ့ ငါတို့ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး။ ဒီဘေးဒုက္ခကိုသာ မဖယ်ရှားနိုင်ရင် ကမ္ဘာကြီးက ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး" ဟု အားလုံးက မိစ္ဆာဘုရင်၏ လုပ်ရပ်များကို ပြိုင်တူ ရှုတ်ချကြလေသည်။
ထိုနေရာရှိ လူများထဲတွင် မိစ္ဆာဂိုဏ်းနှင့် မဟာရှမှ သိုင်းပညာရှင်များသာ အေးအေးဆေးဆေး ရှိနေကြပြီး အခြားသူများ ညည်းတွားနေသည်ကို ကြည့်ကာ သာသာယာယာ ဖြစ်နေကြသည်။
ထိုစဉ် ဗုဒ္ဓဂိုဏ်းမှ ဆရာတော် ကျဲချန်က ထရပ်ကာ လက်အုပ်ချီလျက် မဟာရှနှင့် မိစ္ဆာဂိုဏ်းမှ ကိုယ်စားလှယ်များကို ကြည့်ကာ “အောမီထောဖော... မိစ္ဆာဘုရင်က တစ်လောကလုံးကို ဒုက္ခပေးနေတာပါ။ မဟာရှနဲ့ မိစ္ဆာဂိုဏ်းအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးလို့ ထင်ပါတယ်"
မဟာရှ၏ ကိုယ်စားလှယ်ဖြစ်သူ 'ဓားအဘိုးအို' က လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ကာ "ငါတို့က ဘာလုပ်နိုင်မှာလဲ။ အင်အားကြီးတဲ့ မင်းတို့ ဂိုဏ်းတွေတောင် မခံနိုင်တာပဲ။ မဟာရှဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပေါ်လာခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာတောင် တော်လှပြီ" ဟု ပြောလိုက်သည်။
"ဟုတ်တယ်... ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ တတ်နိုင်တယ်။ မိစ္ဆာတွေကို နှိမ်နင်းပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့က မင်းတို့လို တရားမျှတတဲ့ ဂိုဏ်းကြီးတွေရဲ့ တာဝန်ပဲလေ။ ငါတို့ မိစ္ဆာဂိုဏ်းကတော့ ဘာမှ သိပ်မလုပ်နိုင်ပါဘူး" ဟု မိစ္ဆာဂိုဏ်းမှ ကောင်းကင်အဆင့် သိုင်းပညာရှင်ကလည်း ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ဒါကတော့ ဟုတ်ပါပြီ... ဒါပေမဲ့ မင်းတို့ကရော ထာဝရ ဘေးကင်းနိုင်ပါ့မလား" ဟု ဆရာတော် ကျဲချန်က မေးခွန်းထုတ်လိုက်သည်။ "ဒီမိစ္ဆာက ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ထောင်ပေါင်းများစွာကို ဝါးမျိုထားတာ။ သူ့ရဲ့ ခွန်အားက အခုဆိုရင် မဟာကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေလောက်ပြီ။ နောက်ထပ် တစ်လှမ်းသာ ထပ်တက်ပြီဆိုရင် သူက ပြိုင်ဘက်ကင်းအဆင့်ကို ရောက်သွားတော့မယ်။ အဲဒီအချိန်ကျရင် ဘယ်သူက သူ့ကို တားနိုင်မှာလဲ။ မဟာရှလား... ဒါမှမဟုတ် မိစ္ဆာဂိုဏ်းလား"
"အဲဒီမိစ္ဆာက ရက်စက်လွန်းတယ်။ သူသာ ပိုသန်မာလာရင် မဟာရှနဲ့ မိစ္ဆာဂိုဏ်းကိုလည်း ချန်ထားမှာ မဟုတ်ဘူး။ သူ အင်အား မကြီးထွားခင်မှာ အမြစ်ပြတ် မချေမှုန်းနိုင်ရင် နောင်တရဖို့တောင် အချိန်ရှိမှာ မမဟုတ်ဘူး။ ငါတို့ရဲ့ ဒီနေ့ဟာ မင်းတို့ရဲ့ မနက်ဖြန် ဖြစ်လာလိမ့်မယ်"
ဆရာတော်၏ စကားကြောင့် ဓားအဘိုးအိုနှင့် မိစ္ဆာဂိုဏ်းမှ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တို့မှာ ခေါင်းငုံ့ကာ စဉ်းစားခန်း ဝင်သွားကြတော့သည်။
အပိုင်း (၅၄၆)
ဆရာတော် ကျဲချန်သည် အခွင့်အရေးကို မြင်သည်နှင့် ဆက်လက်၍ ဖျောင်းဖျလိုက်သည်။
“အကောင်းဆုံးနည်းလမ်းကတော့ မဟာရှအင်ပါယာရဲ့ မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးက ရွမ်ရှောင်နတ်ဓားကို ကိုင်စွဲပြီး အဲဒီမိစ္ဆာကို သတ်ပစ်ဖို့ပါပဲ။ သူ သေမှသာ လောကကြီး ငြိမ်းချမ်းနိုင်ပါလိမ့်မယ်... အောမီထောဖော”
“ဟုတ်ပါတယ်... မဟာရှနဲ့ မိစ္ဆာဂိုဏ်းတို့ အရေးယူပေးကြပါ။ ငါတို့လည်း ဒီမိစ္ဆာကောင်ရဲ့ ဒဏ်ကို မခံနိုင်တော့ဘူး” ဟု အခြားသူများကလည်း ဝိုင်းဝန်း တောင်းဆိုကြလေသည်။
“သူသာ မသေရင် ငါတို့အတွက် ထွက်ပေါက် မရှိတော့ဘူး”
“မင်းတို့သာ ကူညီမယ်ဆိုရင် ငါတို့ဘက်က ထိုက်တန်တဲ့ အဖိုးအခကို ပေးဖို့ အသင့်ပါပဲ” ဟု အင်အားစုအသီးသီးက ကတိကဝတ်များ ပေးကြပြန်သည်။
ဓားအဘိုးအိုနှင့် မိစ္ဆာဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ ဓားအဘိုးအိုက သက်ပြင်းချလျက် -
“ငါတို့က မကူညီချင်တာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီမိစ္ဆာက မြေခွေးလို အလွန်ပါးနပ်တယ်။ ငါတို့ လှုပ်ရှားမယ်ဆိုတာ သိတာနဲ့ သူက ပုန်းရှောင်သွားမှာပဲ။ သူ့ကို ရှာမတွေ့ရင် ငါတို့လည်း ဘာမှမတတ်နိုင်ဘူး။ နောက်ပြီး ဒီနတ်ဓားသာ မဟာရှကနေ ထွက်သွားရင် ရန်သူတွေက အခွင့်ကောင်းယူ တိုက်ခိုက်လာခဲ့ရင် ငါတို့လည်း ဒုက္ခရောက်ကုန်မှာပေါ့”
“ငါတို့မှာလည်း အဲဒီလို စိုးရိမ်စိတ်မျိုးတွေ ရှိတယ်” ဟု မိစ္ဆာဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးကလည်း ထောက်ခံလိုက်သည်။ အားလုံးက ဘာမှမတတ်နိုင်တော့ဘဲ သက်ပြင်းချနေကြစဉ်မှာပင် -
လင်းပိုင်ဖန်သည် သူတို့ထံ လျှောက်လှမ်းလာပြီး ပြုံးလျက် “တကယ်တော့ ငါ့မှာ အကြံကောင်း တစ်ခု ရှိပတယ်” ဟု ဆိုလိုက်သည်။
“အရှင်မင်းကြီး... ဘယ်လို အကြံမျိုးပါလဲ” ဟု တစ်စုံတစ်ယောက်က ချက်ချင်း မေးမြန်းလိုက်သည်။
လင်းပိုင်ဖန်က လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး “ဒီကိစ္စက အလွန်အရေးကြီးတဲ့အတွက် ဂိုဏ်းအသီးသီးက မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးတွေ ဒါမှမဟုတ် ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေပဲ သိခွင့်ရှိမယ်” ဟု ဆိုလိုက်ရာ အားလုံးက နားမလည်နိုင်သလို ကြည့်နေကြတော့သည်။
သုံးရက်အကြာတွင် ထိပ်တန်းအင်အားစုကြီး ခုနစ်ခုမှ ကိုယ်စားလှယ်များ ရောက်ရှိလာကြသည်။ မထင်မှတ်ထားဘဲ မဟာကောင်းကင်အဆင့် ပုဂ္ဂိုလ်ကြီးများအားလုံး ကိုယ်တိုင် ရောက်လာကြခြင်း ဖြစ်သည်။ ဤသည်မှာ ဤလောကတွင် ပထမဆုံးအကြိမ် ကျင်းပသည့် အမြင့်ဆုံးအဆင့် အစည်းအဝေးကြီးပင် ဖြစ်တော့သည်။
လင်းပိုင်ဖန်သည် ပုဂ္ဂိုလ်ကြီးများကို နှုတ်ဆက်ပြီးနောက် အစည်းအဝေးစားပွဲ၏ ထိပ်ဆုံးနေရာတွင် ရဲရဲဝံ့ဝံ့ ထိုင်လိုက်ပြီး အခြားသူများမှာမူ အစဉ်လိုက် ထိုင်ကြလေသည်။ လင်းပိုင်ဖန်မှာ ထိုနေရာရှိ လူများထဲတွင် ခွန်အား အနည်းဆုံး ဖြစ်သော်လည်း မည်သူမျှ သူ့ကို လျစ်လျူမရှုရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင် ရွမ်ရှောင်နတ်ဓား ရှိနေသောကြောင့် ဖြစ်သည်။ သူနှင့် ဆန့်ကျင်ဘက် လုပ်မိပါက ထိုဓား၏ တစ်ချက်တည်းသော ခုတ်ချက်ကပင် လုံလောက်လှပေသည်။
အားလုံး နေရာယူပြီးသည်နှင့် မဟာဟန်အင်ပါယာမှ သိုင်းပညာရှင်က မအောင့်နိုင်တော့ဘဲ “အရှင်မင်းကြီး... ဘယ်လိုနည်းလမ်းလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။ ကျွန်တော်တို့လည်း ပြန်ဖို့ အချိန်သိပ်မရှိဘူး” ဟု မေးလိုက်သည်။
အားလုံး၏ အကြည့်များက လင်းပိုင်ဖန်ထံသို့ ကျရောက်လာသည်။ သူသည် သိုင်းပညာရှင်ကြီး ခုနစ်ဦး၏ စူးစိုက်မှုကို ခံနေရသော်လည်း တည်ငြိမ်စွာဖြင့်ပင် “လူကြီးမင်းတို့... 'ကောင်းကင်နဲ့မြေပြင်ရဲ့ မြင့်မြတ်တဲ့ သားရဲကြီး လေးပါး' အကြောင်း ကြားဖူးကြပါသလား” ဟု မေးလိုက်သည်။
“မြင့်မြတ်တဲ့ သားရဲကြီး လေးပါး ဟုတ်လား” အချို့မှာ အံ့အားသင့်သွားကြပြီး အချို့မှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။
တာအိုဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်းမှ သိုင်းပညာရှင်များမှာ အံ့အားသင့်နေကြသော်လည်း အင်ပါယာလေးခုမှ ပုဂ္ဂိုလ်ကြီးများမှာမူ နားမလည်နိုင်ဘဲ ရှိနေကြသည်ကို လင်းပိုင်ဖန် သတိထားမိလိုက်သည်။ ၎င်းမှာ မဆန်းပေ။ ဗုဒ္ဓဂိုဏ်း၊ တာအိုဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့မှာ သမိုင်းကြောင်း ကြာမြင့်သဖြင့် ထိုသားရဲကြီး လေးပါးအကြောင်းကို ပိုမို သိရှိထားကြသော်လည်း အင်ပါယာလေးခုမှာမူ တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း နှစ်ရာ၊ သုံးရာခန့်သာ ရှိသေးသဖြင့် မသိကြခြင်းမှာ သဘာဝပင် ဖြစ်သည်။
ထိုစဉ် တာအိုဂိုဏ်းမှ သိုင်းပညာရှင်က သူ၏ပြိုင်ဘက်ဟောင်းဖြစ်သူ လီထျန်းချန်းကို ကြည့်ကာ “လီထျန်းချန်း... မင်း သူ့ကို ဒါတွေ ပြောပြထားတာလား” ဟု မေးလိုက်သည်။
လီထျန်းချန်းက လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြုံးလျက် “အရှင်မင်းကြီးက သူ့ဘာသာသူ သိသွားတာပါ။ နောက်တော့ မိစ္ဆာဂိုဏ်းကို လာမေးတဲ့အခါမှာ ငါက အကုန်လုံးကို ပြောပြလိုက်တာ။ အရှင်မင်းကြီးရဲ့ ဂုဏ်ဒြပ်နဲ့ အဆင့်အတန်းအရ ဒါကို သိပိုင်ခွင့်ရှိတယ်လေ”
လင်းပိုင်ဖန်၏ လက်ထဲရှိ နတ်ဓားကို ကြည့်ပြီး တာအိုဂိုဏ်းမှ သိုင်းပညာရှင်မှာ တိတ်တဆိတ်သာ နေလိုက်တော့သည်။ ဗုဒ္ဓဂိုဏ်းမှ ဆရာတော် လျောင်ချန်းကလည်း “အောမီထောဖော..” ဟုသာ ရွတ်ဆိုလိုက်ပြီး တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိပေ။
“ဒီ မြင့်မြတ်တဲ့ သားရဲ လေးပါးဆိုတာ ဘာလဲဆိုတာ အရင်ဆုံး ရှင်းပြပေးလို့ ရမလား” ဟု မဟာချင်အင်ပါယာမှ သိုင်းပညာရှင်က မေးလိုက်ရာ ကျန်သုံးဦးကလည်း အာရုံစိုက်ကာ နားထောင်လိုက်ကြသည်။
“ဒါပေါ့... ဘာလို့လဲဆိုတော့ ဒီကိစ္စက မင်းတို့အားလုံးနဲ့လည်း တိုက်ရိုက် ပတ်သက်နေလို့ပဲ” လင်းပိုင်ဖန်သည် ထိုလေးဦးကို သားရဲ လေးပါးအကြောင်း ရှင်းပြလိုက်သည်။
လောကကြီးတွင် အထွတ်အထိပ် သိုင်းပညာရှင်များကို လိုက်လံ သတ်ဖြတ်နေသည့် ထိုကဲ့သို့ စွမ်းအားကြီးမားသော သားရဲကြီးများ ရှိနေသည်ကို သိလိုက်ရသောအခါ သူတို့အားလုံး တုန်လှုပ်သွားကြသည်။
မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်များ ပေါ်ထွက်လာပြီးနောက် မကြာမီမှာပင် အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်းဆိုသည်ကို ယခုမှ နားလည်သွားကြတော့သည်။ ထိုသူများသည် နောက်ထပ်အဆင့်သို့ တက်လှမ်းရန် နည်းလမ်းရှာဖွေရင်း ပျောက်ကွယ်သွားသည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း အမှန်စင်စစ်တွင် ထိုသားရဲကြီးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရခြင်း ဖြစ်နေသည်။ ၎င်းမှာ မိမိတို့၏ ဦးခေါင်းထက်တွင် မည်သည့်အချိန်၌ ပြုတ်ကျလာမည်မှန်းမသိသော ဓားတစ်စင်း ရှိနေသကဲ့သို့ အလွန် ထိတ်လန့်စရာ ကောင်းလှပေသည်။
“ကဲ... အခုတော့ လူကြီးမင်းတို့ စိုးရိမ်စရာ မလိုတော့ပါဘူး” လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းကာ ပြုံးလျက် ဆိုလိုက်သည်။
“မင်းတို့သာ အထွတ်အထိပ်အဆင့်ကို မတက်လှမ်းသရွေ့တော့ အဲဒီသားရဲကြီးတွေက လာမှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် မင်းတို့က ဒီခေတ်ရဲ့ ထိပ်တန်း သိုင်းပညာရှင်တွေ ဖြစ်ပေမဲ့ အဲဒီသားရဲကြီးတွေရဲ့ မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်သေးပါဘူး။ ကဲ... မူလအကြောင်းအရာဖြစ်တဲ့ မိစ္ဆာကောင်ကို ဘယ်လို နှိမ်နင်းမလဲဆိုတာ ပြန်ဆွေးနွေးရအောင်။ ငါပြောတဲ့ နည်းလမ်းက အဲဒီ သားရဲ လေးပါးနဲ့ ပတ်သက်နေတယ်”
လီထျန်းချန်း၏ မျက်လုံးများ ဝင်းလက်သွားပြီး “အရှင်မင်းကြီး... ဆိုလိုတာက...”
လင်းပိုင်ဖန်က လက်ခုပ်တစ်ချက် တီးလိုက်ပြီး “မှန်တာပေါ့... အဲဒါက ငါ့ရဲ့ နည်းဗျူဟာပဲ” ဟု ကြွေးကြော်လိုက်လေသည်။